← Chapters

အခန်း ၃၀၀၆

Vol. 241 Ch. 3006

အခန်း ၃၀၀၆

Vol. 241 Ch. 3006

အခန်း (၃၀၀၆)

"အနက်ရောင် သံချပ်ဝတ် မိစ္ဆာရဲ့ဓားကို လက်ဗလာနဲ့ ဖမ်းဆုပ်ထားတဲ့ အနက်ရောင်ဝတ်စုံဝတ် လူငယ်က ဘယ်သူလဲ.. ငါတို့ အင်မော်တယ်လောကမှာ ဒီလို ထိပ်သီးပုဂ္ဂိုလ်မျိုး ဘယ်တုန်းက မွေးဖွားလာခဲ့တာလဲ"

မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ် မြို့တော် အတွင်းမှ မရေမတွက်နိုင်သော လူများသည် မှင်တက်ရာကနေ အချိန်အတော်ကြာသည်အထိ သတိပြန်မဝင်နိုင် ဖြစ်နေခဲ့ကြသည်။

"သူ့နာမည်က ကျန်းချန်တဲ့.. သူက မကြာသေးခင်ကမှ မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ်မြို့တော်မှာ ပေါ်လာတဲ့ ဒဏ္ဍာရီလာ ပုဂ္ဂိုလ် တစ်ယောက်ပဲ"

"သူက မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ်ဘုရင်ကို ကူညီပြီး ကောင်းကင်မိစ္ဆာတောင်က မိစ္ဆာဘုရင်တွေကို အကြိမ်ကြိမ် နှိမ်နင်းပေးခဲ့လို့သာ မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ်မြို့တော် က အခုချိန်ထိ ဘေးကင်းကင်းနဲ့ တောင့်ခံနိုင်ခဲ့တာပဲ"

မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ်နန်းတော်မှ တပည့်တစ်ဦးက စိတ်လှုပ်ရှား တက်ကြွနေသည့် မျက်နှာအမူအရာဖြင့် ပြောလိုက်သည်။

ထိုပုဂ္ဂိုလ် ပေါ်ထွက်လာမှုသည် သူတို့ကို သံသယဖြစ်စရာမရှိ မျှော်လင့်ချက် အပြည့်အဝ ပေးစွမ်းလိုက်သည်မှာ အမှန်ပင်။

မရေမတွက်နိုင်သည့် ထိတ်လန့် တုန်လှုပ်နေသော အကြည့်များအောက်မှာပင် အနက်ရောင် မိစ္ဆာဓားကို ဖမ်းဆုပ်ထားသည့် ကျန်းချန်သည် လက်ဖဝါးကို အနည်းငယ် အားထည့်လိုက်ရာ အနက်ရောင် မိစ္ဆာဓားက တစ်စစီ ကြေမွ ပျက်စီးသွားခဲ့သည်။

သူက ကောင်းကင်ယံရှိ အနက်ရောင် သံချပ်ဝတ် မိစ္ဆာဘုရင်နှစ်ပါးကို ကြည့်ကာ တည်ငြိမ် အေးဆေးစွာ ပြောလိုက်သည်။

"ငါ တံခါးပိတ် ကျင့်ကြံနေတဲ့ ရက်ပိုင်းအတွင်းမှာ မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ်မြို့တော်ရဲ့ အခြေအနေက ဒီအခြေအနေထိ ရောက်သွားလိမ့်မယ်လို့ မထင်မှတ်ထားမိဘူး"

"ကောင်လေး.. မင်း ဘယ်သူလဲ"

မိစ္ဆာဓားကို ကိုင်ဆောင်ထားသည့် အနက်ရောင် သံချပ်ဝတ် မိစ္ဆာဘုရင်သည် ကျန်းချန်ကို စိုက်ကြည့်ကာ မေးလိုက်သည်။

သူ၏ မျက်ဝန်းများထဲတွင် အံ့အားသင့်သော အရိပ်အယောင်တစ်ခု ဖျတ်ကနဲ လက်သွားခဲ့၏။

သူကိုယ်တိုင်လည်း ဤအခြေအနေမျိုး ဖြစ်လာလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။

အင်မော်တယ်လောကရှိ အင်မော်တယ်ဘုရင် အများအပြားသည် သူတို့ ကောင်းကင်မိစ္ဆာတောင်၏ လက်ချက်ဖြင့် ရှုံးနိမ့်ရတော့မည့် အချိန်တွင် မိစ္ဆာနှိမ်နင်းခြင်း မြို့တော်ထဲ၌ သူ၏ ဓားချက်ကို လက်ဗလာဖြင့် တားဆီးနိုင်သည့် လူငယ်တစ်ဦး ရှိနေလိမ့်မည်ဟု ဘယ်တုန်းကမှ မထင်ထားခဲ့ချေ။

ဆိုလိုသည်မှာ သူ့ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် အနည်းဆုံး အင်မော်တယ်ဘုရင်အဆင့်ကို ရောက်ရှိနေသည့် ကျင့်ကြံသူ တစ်ဦး ဖြစ်နေခြင်းပင်။

"ငါက မင်းတို့ကို သတ်ဖို့ လာတဲ့သူပဲ.. အင်မော်တယ်လောကကို ကျူးကျော်တဲ့သူ မှန်သမျှ သေစမ်း"

'သေစမ်း' ဟူသော စကားလုံး ထွက်ပေါ်လာသည်နှင့်အမျှ ကျန်းချန်၏ မျက်လုံးထဲကနေ စူးရှတောက်ပသော ဓားအလင်းတန်း နှစ်ခု ပေါက်ကွဲ ထွက်လာခဲ့သည်။

ကြောက်မက်ဖွယ်ကောင်းသော ဓားလမ်းစဉ် ဥပဒေများသည် ကမ္ဘာကြီးကို ထိုးဖောက် ဖျက်ဆီးပစ်လိုက်သည့် အလား အနက်ရောင် သံချပ်ဝတ် မိစ္ဆာဘုရင် နှစ်ပါး ထံသို့ တိုက်ရိုက်ပင် လွှမ်းခြုံသွားခဲ့သည်။

ထိုအခိုက်အတန့်တွင် အနက်ရောင် သံချပ်ဝတ် မိစ္ဆာဘုရင်နှစ်ပါး ပင်လျှင် ကျန်းချန်၏ ကြောက်မက်ဖွယ်ရာကောင်းသော ဓားလမ်းစဉ် ဥပဒေများ၏ သက်ရောက်မှုအောက်တွင် တခဏမျှ မိန်းမော တွေဝေသွားခဲ့ရ၏။

သူတို့ သတိပြန်ဝင်လာသည့် အချိန်တွင်မူ ဓားအလင်းတန်း တစ်ခုသည် သူတို့၏ ခန္ဓာကိုယ်များကို ထိုးဖောက် ဖြတ်သန်းသွားခဲ့ချေပြီ။

နောက်ထပ် အခိုက်အတန့်တွင် သူတို့နှစ်ဦး ကိုယ်ပေါ်ရှိ ကောင်းကင်ယံအနှံ့ လွှမ်းမိုးနေသော မိစ္ဆာစွမ်းအင်များသည် ရုတ်တရက် ပြိုလဲ ပျက်စီးသွားခဲ့ပြီး သူတို့၏ ခန္ဓာကိုယ်အတွင်းမှ မိစ္ဆာဘုရင် အဆင့် စွမ်းအားများသည် ကြောက်မက်ဖွယ်ရာ ကောင်းသော အရှိန်အဟုန်ဖြင့် လျော့ကျသွားခဲ့သည်။

"အပြာရောင်ဧကရာဇ် ဓားသိုင်းပါလား.. ဒီကောင်လေးက ဧကရာဇ် ရှချင်းရဲ့ ဆက်ခံသူ ဖြစ်နေတာပဲ"

သူတို့၏ ခန္ဓာကိုယ် အတွင်းရှိ စွမ်းအားများ အဆက်မပြတ် စိမ့်ထွက် ကုန်ဆုံးနေသည်ကို ခံစားမိလိုက်ကြပြီးနောက်တွင် အနက်ရောင် သံချပ်ဝတ် မိစ္ဆာဘုရင် နှစ်ပါးသည် တစ်ခဏအတွင်းမှာပင် တစ်စုံတစ်ရာကို တွေးမိသွားခဲ့ကြပြီး ချက်ချင်းဆိုသလို ထိတ်လန့် တုန်လှုပ်သွားကြသည်။

ဧကရာဇ် ရှချင်း ဆိုသည်မှာ အင်မော်တယ်လောက၏ တတိယ ခေတ်ကာလတွင် အင်မော်တယ်လောကကို အုပ်စိုးခဲ့သည့် အင်မော်တယ်ဧကရာဇ် တစ်ပါး ဖြစ်ပြီး အင်မော်တယ်လောက၏ အသန်မာဆုံး အင်မော်တယ် ဧကရာဇ်လည်း ဖြစ်သည်။

ဆိုရလျှင် ရှေးဟောင်းမိစ္ဆာနန်းတော်က အင်မော်တယ်လောကကို အောင်မြင်စွာ ကျူးကျော်ဝင်ရောက်နိုင်ခြင်း မရှိခဲ့သည့် အဓိက အကျဆုံး အကြောင်းရင်းမှာ အင်မော်တယ်လောကတွင် ဧကရာဇ် ရှချင်း ဦးဆောင်သည့် အစွမ်းထက် အင်မော်တယ်ဧကရာဇ် အနည်းငယ် ရှိနေခဲ့ခြင်းကြောင့်ပင်။

ထိုစဉ်က ဧကရာဇ် ရှချင်းသည် မိုင်ပေါင်းသန်းချီ၍ ဖြန့်ကျက်သော ဓားစွမ်းအင် တစ်ခုတည်းဖြင့် ရှေးဟောင်းမိစ္ဆာ နန်းတော်မှ မိစ္ဆာဧကရာဇ် တစ်ပါး ဦးဆောင်လာသည့် စစ်သည် တစ်သိန်းပါ မိစ္ဆာစစ်တပ်ကြီးကို သာမန်မိစ္ဆာများ အဖြစ်သို့ ပြောင်းလဲပစ်ခဲ့ဖူးသည်။

အနက်ရောင် သံချပ်ဝတ် မိစ္ဆာဘုရင်နှစ်ပါးသည် ဧကရာဇ် ရှချင်း၏ ဆက်ခံသူ နှင့် တိုက်တိုက်ဆိုင်ဆိုင် ထိပ်တိုက် တိုးလိမ့်မည်ဟု ဘယ်တုန်းကမှ မထင်မှတ်ထားခဲ့ကြပေ။

ရိုးရိုးရှင်းရှင်း ထုတ်ဖော်လိုက်သည့် ဓားချက် တစ်ချက်ကပင် သူတို့ကို မိစ္ဆာဘုရင် အဆင့်ကနေ ဟန်ယွင်မိစ္ဆာ အဆင့်သို့ လျှောကျသွားစေခဲ့ပြီ ဖြစ်သည်။

"ထွက်ပြေးကြစို့"

သူတို့နှစ်ဦးက တစ်ခဏအတွင်း အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားကြသည်။

ဤကောင်လေးသည် အင်မော်တယ်ဘုရင် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည့်အပြင် ဧကရာဇ် ရှချင်း၏ ဆက်ခံသူလည်း ဖြစ်၍ ဧကရာဇ် ရှချင်း၏ အနှိုင်းမဲ့ ဆန်းကြယ်သော နည်းစနစ်များကို ပိုင်ဆိုင်ထားသည်။

သူတို့၏ အဆင့်က ဟန်ယွင်မိစ္ဆာ အဖြစ်သို့ လျှောကျသွားသည့် အခြေအနေကို အသာထား၊ သူတို့၏ အထွတ်အထိပ် အခြေအနေတွင် ရှိနေဦးမည် ဆိုလျှင်ပင် ထိုကောင်လေး၏ ပြိုင်ဘက် ဖြစ်လာရန် များစွာ လိုအပ်ဦးမည် ဖြစ်၏။

"မင်းတို့ ထွက်ပြေးလို့လွတ်မယ် ထင်နေလား"

ကျန်းချန်၏ မျက်နှာအမူအရာက တည်ငြိမ်အေးဆေးနေခဲ့သည်။

သူက လက်တစ်ဖက်ကို ချက်ချင်း မြှောက်၍ ဝှေ့ယမ်းလိုက်ရာ အနက်ရောင် သံချပ်ဝတ် မိစ္ဆာဘုရင် နှစ်ပါး တည်ရှိနေသည့် ဟင်းလင်းပြင်သည် တစ်ခဏအတွင်းမှာပင် ဓားစွမ်းအင်များဖြင့် ပြည့်နှက်နေသည့် ဓားကမ္ဘာတစ်ခု အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

မိစ္ဆာဘုရင်နှစ်ပါး၏ လက်ရှိ အခြေအနေဖြင့် ဤဓားစွမ်းအင်များ၏ ရှေ့မှောက်တွင် မည်သည့် ခုခံနိုင်စွမ်းမျှ ရှိမနေတော့ပေ။

ထို့ကြောင့် မျက်တောင်တစ်ခတ် အတွင်းမှာပင် မိစ္ဆာဘုရင်နှစ်ပါးလုံးသည် ဓားကမ္ဘာ အတွင်းရှိ ဒေါင်လိုက်နှင့် အလျားလိုက် ဖြတ်သန်းနေသော ဓားစွမ်းအင်များ၏ ခုတ်ပိုင်း ခြေမှုန်းခြင်းကို ခံလိုက်ရပြီး လုံးဝ ဖျက်ဆီးခြင်း ခံလိုက်ရသည်။

ကျန်းချန် နောက်ဆုံးအကြိမ်က တံခါးပိတ် ကျင့်ကြံခဲ့သည်မှာ ယခုဆိုလျှင် တစ်နှစ် ကျော်သွားခဲ့ပြီ ဖြစ်သည်။

ပြင်ပကမ္ဘာတွင် တစ်နှစ်ကျော် အချိန်ကုန်လွန်သွားခဲ့သော်လည်း အချိန်မျှော်စင်၏ ဒုတိယထပ်တွင်မူ နှစ်ပေါင်း တစ်ရာကျော် အချိန်ကုန်လွန်သွားခဲ့၏။

ဤနှစ်ပေါင်း တစ်ရာကျော် အတွင်း အချိန်မျှော်စင်၏ ဆဋ္ဌမမြောက်ထပ်ရှိ ကောင်းကင်ဧကရာဇ်၏ မူလအသက်ဓာတ် အပိုင်းအစ ထက်ဝက်နီးပါးကို ကျန်းချန် စုပ်ယူနိုင်ခဲ့သည်။

ကောင်းကင်ဧကရာဇ်၏ မူလအသက်ဓာတ်များ အကူအညီဖြင့် ကျန်းချန်သည် အင်မော်တယ်ဘုရင် အဆင့် ဥပဒေသကို အောင်မြင်စွာ နားလည် တတ်မြောက်သွားခဲ့ပြီး အင်မော်တယ်ဘုရင်အဆင့် စွမ်းအားကို ပျိုးထောင်နိုင်ခဲ့ကာ အင်မော်တယ်ဘုရင်အဆင့်ကို တက်လှမ်းနိုင်ခဲ့သည်။

သူက အင်မော်တယ်ဘုရင် အဆင့်သို့ ယခုမှ ထိုးဖောက်ကာစသာ ဖြစ်သော်လည်း သူ၏ တိုက်ခိုက်ရေးစွမ်းရည်သည် သာမန် အင်မော်တယ်ဘုရင်များ မည်သို့မှ မယှဥ်သာအောင် အစွမ်းထက်နေခဲ့သည်။

သူ၏ လက်ရှိ ခွန်အားဖြင့် ဆိုလျှင် ပြင်ပစွမ်းအားကို အသုံးမပြုသည့်တိုင် မိစ္ဆာဘုရင် အစောပိုင်း အဆင့်တွင် ရှိနေသည့် အနက်ရောင် သံချပ်ဝတ် မိစ္ဆာဘုရင် နှစ်ပါးကို အားစိုက်ထုတ်စရာမလိုဘဲ သတ်ဖြတ်ရန်မှာ ပြဿနာ မရှိချေ။

"မိစ္ဆာဘုရင်နှစ်ပါးက ဒီလိုပဲ ကျဆုံးသွားခဲ့ပြီလား"

မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ် မြို့တော်အတွင်းမှ မရေမတွက်နိုင်သော လူများသည် သူတို့ရှေ့မှ မြင်ကွင်းကို မှင်တက်စွာ စိုက်ကြည့်နေခဲ့ကြပြီး အချိန်အတော်ကြာသည်အထိ သတိပြန်မဝင်နိုင် ဖြစ်နေခဲ့ကြသည်။

ထိုနှစ်ဦးသည် မိစ္ဆာမျိုးနွယ်စု၏ မိစ္ဆာဘုရင် နှစ်ပါး ဖြစ်ကြပြီး တစ်ပါးချင်းစီသည် အင်မော်တယ်လောက၏ အင်မော်တယ်ဘုရင်နှင့် ယှဉ်နိုင်သည့် တည်ရှိမှုများ ဖြစ်ကြသည်။

သို့သော်လည်း အသက်ရှူကြိမ် အနည်းငယ် အတွင်းမှာပင် အနက်ရောင် သံချပ်ဝတ် မိစ္ဆာဘုရင် နှစ်ပါးသည် ကျန်းချန်၏ လက်ချက်ဖြင့် ကျဆုံးသွားလိမ့်မည်ဟု သူတို့ မထင်မှတ်ထားခဲ့ကြပေ။

အနက်ရောင်ဝတ်စုံဝတ် ကောင်လေးအတွက်မူ မိစ္ဆာဘုရင်ကို သတ်ရသည်မှာ ကြက်တစ်ကောင်ကို သတ်နေသကဲ့သို့ပင်။

ဆိုရလျှင် အနက်ရောင် ဝတ်စုံဝတ် လူငယ်၏ ခွန်အားက မယုံကြည်နိုင်စရာ ကောင်းနေခဲ့သည်။

မည်သို့ပင်ဖြစ်စေကာမူ သူတို့၏ မျက်နှာထက်တွင် အလွန်အမင်း ဝမ်းသာသည့် အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့၏။

ဤကြောက်မက်ဖွယ် အစွမ်းထက်သော အနက်ရောင် ဝတ်စုံဝတ် လူငယ်ဖြင့် ဆိုလျှင် မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ်မြို့တော်၏ သေရေးရှင်ရေး အကျပ်အတည်းကို ဖြေရှင်းနိုင်ကောင်း ဖြေရှင်းနိုင်ပေလိမ့်မည် မဟုတ်ပါလား။

ကျန်းချန်က မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ်မြို့တော် အတွင်းရှိ မရေမတွက်နိုင်သော ထိတ်လန့် တုန်လှုပ်နေသည့် အကြည့်များကို ဂရုမစိုက်ဘဲ ဓားအလင်းတန်း တစ်ခုအဖြစ်သို့ ပြောင်းလဲကာ မိုင်ပေါင်းတစ်သိန်း အကွာအဝေးရှိ ဟင်းလင်းပြင် ဆီသို့ ပျံသန်းသွားခဲ့သည်။

ဤအခိုက်အတန့်တွင် အင်မော်တယ်လောကရှိ အင်မော်တယ်ဘုရင်များ ဖြစ်စေ၊ မိစ္ဆာမျိုးနွယ်စု၏ မိစ္ဆာဘုရင်များ ဖြစ်စေ၊ အားလုံးသည် အောက်ဘက်ရှိ အနက်ရောင် သံချပ်ဝတ် မိစ္ဆာဘုရင်နှစ်ပါး ကျဆုံးသွားခြင်းကြောင့် တုန်လှုပ်ခြောက်ခြားသွားခဲ့ကြသည်။

လူတိုင်း၏ အကြည့်သည် ကောင်းကင်ယံသို့ ပျံတက်လာသော ကျန်းချန် ဆီသို့ တစ်ပြိုင်နက်ထဲ ကျရောက်သွားခဲ့သည်။

"ဟားဟား မိတ်ဆွေလေး ကျန်းချန်က တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာခဲ့ပြီ.. မိစ္ဆာဘုရင်နှစ်ပါး ကျဆုံးသွားတာက မင်းနဲ့ ပတ်သက်နေလိမ့်မယ် ဆိုတာ ငါထင်သားပဲ"

မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ်ဘုရင်က ကျန်းချန် ပေါ်လာသည်ကို မြင်လိုက်ရလျှင် အားရပါးရ ရယ်မော၍ ပြောလိုက်သည်။

"မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ်ဘုရင်.. ဒီပုဂ္ဂိုလ်က..."

အင်မော်တယ်ဘုရင် ကျိချုံးနှင့် အခြားသူများသည် ကျန်းချန်ကို ကြည့်ကာ ထိတ်လန့် တုန်လှုပ်နေခဲ့ကြသည်။

ထိုကောင်လေးသည် ငယ်ငယ်ရွယ်ရွယ်ဖြင့်ပင် အင်မော်တယ်ဘုရင် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

ဤကဲ့သို့ မွန်းစတား ဆန်လွန်းသည့် ပါရမီရှင်မျိုးကို သူတို့ အင်မော်တယ်ဘုရင်အဆင့် ပုဂ္ဂိုလ်များသည် လုံးဝ မမြင်ဖူး မကြားဖူးကြပေ။

သိထားရမည့်အချက်မှာ ခရမ်းရောင်မီးလျှံ အင်မော်တယ်နန်းတော်တွင်ပင် ဤမျှ ငယ်ရွယ်သော အင်မော်တယ်ဘုရင်အဆင့် ပါရမီရှင်မျိုး တစ်ခါမျှ မွေးဖွားလာခဲ့ဖူးခြင်း မရှိချေ။

"သူက မိတ်ဆွေလေး ကျန်းချန်ပဲ.. မင်းတို့ မိစ္ဆာနှိမ်နင်းခြင်းအင်မော်တယ်မြို့တော်ကို မလာခင်တုန်းက မိစ္ဆာနှိမ်နင်းခြင်းအင်မော်တယ်မြို့တော်က အကြိမ်ကြိမ် အကျပ်အတည်း ကြုံခဲ့ရတယ်.. အဲဒီအကျပ်အတည်းတွေကို မိတ်ဆွေလေး ကျန်းချန်ကပဲ ကူညီ ဖြေရှင်းပေးခဲ့တယ်"

မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ်ဘုရင်က ယုံကြည်မှုအပြည့်ဖြင့် ပြုံးကာ ပြောလိုက်သည်။

"မိတ်ဆွေလေး ကျန်းချန် ဒီမှာ ရှိနေမှတော့ ကောင်းကင်မိစ္ဆာတောင်က ဒီနေ့ သေချာပေါက် ရှုံးနိမ့်သွားရလိမ့်မယ်"

"မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ်ဘုရင်.. မင်းသူ့ကို အထင်ကြီးလွန်း မနေဘူးလား"

သုန်မှုန်သော မျက်နှာအမူအရာ ရှိသည့် အနက်ရောင်ဝတ်စုံဝတ် အင်မော်တယ်ဘုရင်တစ်ပါးက နှာခေါင်းရှုံ့ကာ အေးစက်စက် ပြောလိုက်သည်။

"ကောင်းကင်မိစ္ဆာတောင်ရဲ့ မိစ္ဆာဘုရင်တွေက ဒီမှာရှိနေတဲ့ ငါတို့ အင်မော်တယ်ဘုရင်တွေထက် အရေအတွက် ပိုများတယ်.. ဒီကောင်လေး ရှိနေရင်တောင်မှ ငါတို့ဘက်က အရေအတွက် နည်းနေတာ ဆိုတော့ ရှုံးနိမ့်ဖို့ ရာခိုင်နှုန်း ပိုများနေတုန်းပဲ"

အခန်း(၃၀၀၆) ပြီး၏

All Chapters