အခန်း ၃၀၀၇
Vol. 241 Ch. 3007
အခန်း (၃၀၀၇)
"ဒီတစ်ကြိမ် မိစ္ဆာတွေရဲ့ ကျူးကျော်မှုက အတော်လေး အားကောင်းလာခဲ့ပြီ.. ငါတို့ဘက်က အားနည်းချက် ရှိနေပြီ"
"အစောပိုင်းက တိုက်ပွဲမှာ သူတို့ဘက်က မိစ္ဆာဘုရင် နှစ်ပါး ဆုံးရှုံးခဲ့ပေမဲ့ ကောင်းကင်မိစ္ဆာတောင်မှာရှိတဲ့ မိစ္ဆာဘုရင် အရေအတွက်က ငါတို့ အင်မော်တယ်ဘုရင်တွေထက် သုံး၊ လေးပါးမက ပိုများနေတယ်"
"ဒီကောင်လေးက ပါရမီ ထူးချွန်လွန်းပြီး မိစ္ဆာဘုရင်နှစ်ပါးကို တစ်ယောက်တည်း ရင်ဆိုင်နိုင်ရင်တောင် ငါတို့ဘက်က အားနည်းတဲ့ အခြေအနေမှာပဲ ရှိနေသေးတယ်"
"ဟားဟား.. မင်းက မိတ်ဆွေလေး ကျန်းချန်ကို အထင်သေးနေတာပဲ...မိတ်ဆွေလေး ကျန်းချန်ရဲ့ စွမ်းဆောင်ရည်ကို သာမန် အင်မော်တယ်ဘုရင် တစ်ပါး၊ နှစ်ပါးလောက်နဲ့ သွားနှိုင်းယှဉ်လို့ မရဘူး"
မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ်ဘုရင်က ထိုအင်မော်တယ်ဘုရင်ကို ခပ်ပေါ့ပေါ့ပင် တစ်ချက် ကြည့်လိုက်ပြီး ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။
ကျန်းချန်နှင့် ပတ်သက်၍ မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ်ဘုရင်သည် ဤနေရာရှိ မည်သူ့ထက်မဆို ပိုမို သိရှိထားပြီး သူ့ရှေ့မှ ကျန်းချန်သည် မည်မျှအထိ ကြောက်မက်ဖွယ်ကောင်းကြောင်းကို သိထားခဲ့သည်။
ကျန်းချန်သည် ဟန်ယွင့်အဆင့်တွင် ရှိနေစဉ်ကပင် ဧကရာဇ်အဆင့် ရတနာ ဖြစ်သည့် 'ကောင်းကင်ချိတ်ပိတ် အင်မော်တယ်စာအုပ်'ကို အသုံးပြုပြီး ရှေးဟောင်းသားရဲကြီး သုံးကောင်ကို ဆင့်ခေါ်ကာ သူ၏ ခွန်အားထက် မနိမ့်ကျသည့် မိစ္ဆာဘုရင်ကို အလွယ်တကူ သတ်ဖြတ်ခဲ့ဖူးသည်။
ယခု ကျန်းချန်၏ ကျင့်ကြံခြင်း အဆင့်က အင်မော်တယ်ဘုရင် အဆင့်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်ရာ သူ၏ မှော်ဆန်လွန်းသော ပါရမီဖြင့် ဆိုလျှင် အင်မော်တယ်ဘုရင်အဆင့် အတွင်း၌ ပြိုင်ဘက်ဟူ၍ အလွန်တရာ ရှားပါးသွားလိမ့်မည် ဖြစ်သည်။
ယင်းအပြင် ကျန်းချန်ထံတွင် ဧကရာဇ်အဆင့် ရတနာ ဖြစ်သည့် 'ကောင်းကင်ချိတ်ပိတ် အင်မော်တယ်စာအုပ်'လည်း ရှိနေသေးသည်။
ကျန်းချန်၏ လက်ရှိခွန်အားဖြင့် ဆိုလျှင် ကောင်းကင်ချိတ်ပိတ် အင်မော်တယ် စာအုပ်ကို အသုံးပြုကာ ကူညီတိုက်ခိုက်ရန်အတွက် ရှေးဟောင်း သားရဲကြီးများကို ပိုမို ဆင့်ခေါ်နိုင်လိမ့်မည် ဖြစ်ရာ ကောင်းကင်မိစ္ဆာတောင်တွင် သူတို့ထက် မိစ္ဆာဘုရင် သုံး၊ လေးပါး ပိုများနေလျှင်ပင် အရေးစိုက်စရာ မလိုပေ။
"မိစ္ဆာစစ်သူကြီး... မျက်နှာချင်းဆိုင်က ကောင်လေးက ဒီအသက်အရွယ်နဲ့တင် အင်မော်တယ်ဘုရင် အဆင့်ကို ရောက်နေခဲ့ပြီ.. ရှေးခေတ်ကာလမှာတောင် ဒီလို အနှိုင်းမဲ့ပါရမီရှင်မျိုးက အင်မော်တယ်လောကမှာ တစ်ယောက်ပဲ ရှိလိမ့်မယ်"
မိစ္ဆာဘုရင်တစ်ပါးက အနက်ရောင် နဂါးဂျိုများ ရှိသည့် မိစ္ဆာစစ်သူကြီးကို လေးနက်စွာ ပြောလိုက်သည်။
မိစ္ဆာစစ်သူကြီးက ခေါင်းညိတ်လိုက်သည်။
သူ၏ မျက်ဝန်းထဲတွင် အေးစက်သော အလင်းတန်းတစ်ခု ဖျတ်ကနဲ လက်သွားခဲ့သည်။
"ဒီကောင်က ရှချင်းရဲ့ ဆက်ခံသူပဲ.. အင်မော်တယ်လောကရဲ့ အင်မော်တယ်ဘုရင်တွေကို ငါတို့ တစ်ယောက်ချင်းစီ ထိန်းထားမယ်.. ကျန်တဲ့သူတွေက အဲဒီကောင်လေးကို သတ်ပစ်ကြ"
ရှေးခေတ် အင်မော်တယ်လောက၏ အင်မော်တယ်ဧကရာဇ် ဖြစ်သော ရှချင်းသည် အင်မော်တယ်လောက၏ ခေါင်းဆောင်လည်း ဖြစ်သည်။
ရှေးဟောင်းမိစ္ဆာနန်းတော် ဦးဆောင်သည့် မိစ္ဆာမျိုးနွယ်စုများ ရှုံးနိမ့်ခဲ့ရသည့် အကြောင်းရင်းမှာ ဧကရာဇ် ရှချင်းနှင့် ခွဲခြား၍ မရနိုင်ပေ။
ဧကရာဇ် ရှချင်းသည် သူ့ရှေ့မှ အနက်ရောင် ဝတ်စုံဝတ် လူငယ်ကို ဆက်ခံသူ အဖြစ် ရွေးချယ်ခဲ့၍ ထိုလူငယ်သည် ဘယ်လိုမှ သာမန် မဟုတ်နိုင်ချေ။
အကယ်၍ ထိုလူငယ်ကိုသာ ကြီးထွားခွင့် ပေးလိုက်မည်ဆိုလျှင် ဒုတိယမြောက် ရှချင်း ဖြစ်လာရန် အလွန်ပင် နီးစပ်နေခဲ့သည်။
ထိုသို့သာဖြစ်ခဲ့လျှင် သူတို့ မိစ္ဆာမျိုးနွယ်စုများကို ပျက်စီးခြင်းသို့ ဦးတည်သွားစေပေလိမ့်မည် မဟုတ်ပါလား။
"အချိန်မဖြုန်းကြနဲ့.. တိုက်ကြ"
မိစ္ဆာစစ်သူကြီးက အမိန့်ပေးပြီးသည်နှင့် အင်မော်တယ်ဘုရင် ကျိချုံးကို တိုက်ခိုက်ရန် ဦးတည်လိုက်သည်။
အခြားသော မိစ္ဆာဘုရင်များကလည် အင်မော်တယ်ဘုရင် ဆယ်ပါးကျော်ကို အသီးသီး တာဝန်ယူလိုက်ကြ၏။
ကျန်ရှိသော မိစ္ဆာဘုရင် လေးပါးကမူ တုံ့ဆိုင်းမနေဘဲ ကျန်းချန်ကို သတ်ဖြတ်ရန် ဦးတည်လိုက်ကြသည်။
မိစ္ဆာဘုရင် လေးပါးသည် မိစ္ဆာစစ်သူကြီး၏ အမိန့်ကို နာခံပြီး ကျန်းချန်ကို ဘယ်လို အဖိုးအခမျိုးပဲ ပေးရပေးရ သတ်ပစ်ရန် စီစဉ်ထားသည်မှာ ထင်ရှားနေခဲ့၏။
"မင်းတို့က ငါ့ကို ရှင်းပစ်ချင်တယ်လား.. ဒါပေမယ့် စိတ်မကောင်းစရာပဲ.. မိစ္ဆာဘုရင် လေးပါးတည်းနဲ့တော့ မလုံလောက်မှာ ငါစိုးရိမ်မိတယ်"
ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်ပြီး ရှေ့သို့ တိုက်ရိုက် ခြေလှမ်းလိုက်ကာ မိစ္ဆာဘုရင် လေးပါး ထံသို့ တိုးဝင်သွားခဲ့သည်။
"မိတ်ဆွေလေး ကျန်းချန်.. သတိထားပါ"
ဤမြင်ကွင်းကို မြင်လိုက်ရလျှင် အင်မော်တယ်ဘုရင် ကျိချုံး၏ မျက်နှာအမူအရာက အနည်းငယ် ပြောင်းလဲသွားခဲ့သည်။
"ငါတို့အားလုံး အတူတူ လှုပ်ရှားပြီး ဒီမိတ်ဆွေလေးကို ကူညီကြရအောင်"
ထိုကောင်လေးသည် အနှိုင်းမဲ့ ပါရမီရှင် ဖြစ်ပြီး အင်မော်တယ်လောက တစ်ခုလုံးတွင်ပင် ထိုကောင်လေး နှင့် နှိုင်းယှဉ်နိုင်မည့် ဒုတိယမြောက်လူကို ရှာဖွေရန် မဖြစ်နိုင်ပေ။
အင်မော်တယ်ဘုရင် ကျိချုံးသည် အနက်ရောင် ဝတ်စုံဝတ် လူငယ်က ဤခေတ်ကာလတွင် မွေးဖွားလာခဲ့သည့် ကံကြမ္မာ၏ အဓိကဇာတ်ကောင် ဖြစ်နိုင်သည်ဟုပင် တွေးထင်မိခဲ့သည်။
အင်မော်တယ်လောက အနေဖြင့် ယခုတစ်ကြိမ် အကျပ်အတည်းကို ကျော်လွှားနိုင်မနိုင် ဆိုသည်မှာ သူ့ရှေ့မှ လူငယ်အပေါ်တွင် မူတည်နေဖို့များ၏။
ရှေးဟောင်းမိစ္ဆာနန်းတော်မှ မိစ္ဆာဘုရင်များသည် ဤအချက်ကို ကောင်းစွာ သိရှိထားသောကြောင့် ကျန်းချန်ကို ဘယ်လိုအဖိုးအခမျိုး ပေးရပေးရ ရှင်းပစ်ရန် လုပ်ဆောင်ကြခြင်း ဖြစ်သည်။
မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ်ဘုရင်က တည်ငြိမ်စွာ ပြုံး၍ ပြောလိုက်သည်။
"အင်မော်တယ်ဘုရင် ကျိချုံး.. စိတ်မပူပါနဲ့.. မိတ်ဆွေလေး ကျန်းချန် ဘာမှဖြစ်မှာ မဟုတ်ပါဘူး"
လက်ရှိတွင် ကျန်းချန်သည် အင်မော်တယ်ဘုရင် အဆင့်ကို ထိုးဖောက်နိုင်ခဲ့ပြီး ကျန်းချန် ဆင့်ခေါ်ဖူးသည့် ရှေးဟောင်းသားရဲကြီး သုံးကောင်သည် မျက်နှာချင်းဆိုင်မှ မိစ္ဆာဘုရင် လေးပါးထက် မနိမ့်ကျပေ။
ထို့အပြင် ကျန်းချန်၏ လက်ရှိ ကျင့်ကြံခြင်း အဆင့်ဖြင့် ဆိုလျှင် ဧကရာဇ်အဆင့် ရတနာ ဖြစ်သည့် 'ကောင်းကင်ချိတ်ပိတ် အင်မော်တယ်စာအုပ်'၏ အကူအညီဖြင့် ရှေးဟောင်းသားရဲကြီးများကို ပိုမို ဆင့်ခေါ်နိုင်မည် ဖြစ်ရာ သာမန် မိစ္ဆာဘုရင် လေးပါးသည် ကျန်းချန်ကို မည်ကဲ့သို့ ခြိမ်းခြောက်မှုပေးနိုင်ပါမည်နည်း။
အင်မော်တယ်ဘုရင် ကျိချုံးက ထိုစကားကို ကြားလိုက်ရလျှင် တခဏမျှ ဝေခွဲမရ ဖြစ်သွားခဲ့သည်။
မည်သို့ပင်ဆိုစေကာမူ သူတို့သည် ယခုအခါတွင် မိစ္ဆာဘုရင်များ၏ ပိတ်ဆို့ခြင်းကို ခံထားရသည်။
ယင်းကြောင့် အချိန်တိုအတွင်း ကျန်းချန်ကို မည်သည့်အကူအညီမျှ ပေးနိုင်လိမ့်မည် မဟုတ်ပေ။
အင်မော်တယ်ဘုရင် ကျိချုံးသည်လည်း အင်မော်တယ်ဘုရင်အဆင့် အနှိုင်းမဲ့ပါရမီရှင်တွင် မည်ကဲ့သို့သော နည်းလမ်းမျိုး ရှိနေသည်ကို မြင်တွေ့လိုနေခဲ့၏။
အကြောင်းရင်းမှာ မိစ္ဆာဘုရင် လေးပါး၏ ဝိုင်းရံပိတ်ဆို့မှုကို ရင်ဆိုင်နေရသည့် တိုင်အောင် မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ်ဘုရင်က ထိုကောင်လေး အပေါ်တွင် လုံးဝ ယုံကြည်မှုရှိနေသောကြောင့်ပင်။
ကျန်းချန် ရှေ့တက်လာပြီး မကြာခင်မှာပင် မိစ္ဆာဘုရင် လေးပါး၏ ဝိုင်းရံခြင်းကို ခံလိုက်ရသည်။
မိစ္ဆာဘုရင်များထဲမှ တစ်ပါးက ကျန်းချန်ကို လှောင်ပြုံးဖြင့် စိုက်ကြည့်ကာ ပြောလိုက်သည်။
"ကောင်လေး... ငါတို့ လေးယောက်ကို ရင်ဆိုင်ဖို့ တစ်ယောက်တည်း လာရဲတဲ့ မင်းရဲ့သတ္တိကိုတော့ ဒီဘုရင် ချီးကျူးတယ်.. မင်း ဒီနေ့ ဒီကို ရောက်လာကတည်းက ကျဆုံးမှာ သေချာသလောက် ရှိနေပြီ"
ကျန်းချန်က ထိုမိစ္ဆာဘုရင်ကို တစ်ချက် ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
"မင်းတို့ လေးယောက်တည်းနဲ့လား...မင်းတို့မှာ ငါ့ကိုသတ်ဖို့ အရည်အချင်း မပြည့်မီသေးဘူး"
မိစ္ဆာဘုရင်က ကောက်ကျစ်စွာ ပြုံးလိုက်ပြီး နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။
"သေခါနီးအချိန် ရောက်နေတာတောင် မင်းက စကားကြီး စကားကျယ် ပြောရဲသေးတယ်"
သူတို့လေးယောက်၏ ခွန်အားက အရမ်းကြီး မသန်မာသော်လည်း ကျန်းချန် သတ်ပစ်လိုက်သည့် အနက်ရောင် သံချပ်ဝတ် မိစ္ဆာဘုရင် နှစ်ပါးထက်မူ ပိုမို သာလွန်သည်။
သူတို့လေးယောက် လက်တွဲလိုက်လျှင် အင်မော်တယ်ဘုရင် အထွတ်အထိပ်အဆင့် ဖြစ်နေလျှင်ပင် သူတို့ကို အလွယ်တကူ အနိုင်ယူနိုင်လိမ့်မည် မဟုတ်ပေ။
သူတို့ ရှေ့မှ အနက်ရောင် ဝတ်စုံဝတ် လူငယ်သည် အလွန်တရာ အစွမ်းထက်၏။
အကယ်၍ တစ်ယောက်ချင်းစီ တိုက်ခိုက်မည်ဆိုလျှင် သူတို့သည် အနက်ရောင်ဝတ်စုံဝတ် လူငယ်၏ ပြိုင်ဘက် မဟုတ်နိုင်သော်လည်း ထိုလူငယ် အနေဖြင့် လေးယောက် တစ်ယောက် ရင်ဆိုင် တိုက်ခိုက်ရန်မှာမူ မဖြစ်နိုင်သလောက်ပင်။
"ဘာလို့ အပိုစကားတွေ ပြောနေတာလဲ.. အချိန်မဖြုန်းဘဲ အမြန်ဆုံး ရှင်းပစ်လိုက်ကြစို့"
ထိုအခိုက်အတန့်တွင် မျက်လုံးသုံးလုံးနှင့် မိစ္ဆာဘုရင် တစ်ပါးက နှာခေါင်းရှုံ့ကာ အေးစက်စက် ကြုံးဝါးလိုက်ပြီး သူ၏ တတိယမြောက် မျက်လုံးကနေ တောက်ပသော မိစ္ဆာအလင်းတန်းဖြင့် ကျန်းချန်ကို တိုက်ရိုက် ပစ်ခတ်လိုက်သည်။
ကျန်းချန်က လက်ချောင်းကို အသာအယာ တောက်ထုတ်လိုက်ရုံဖြင့်ပင် မျက်လုံးသုံးလုံး မိစ္ဆာဘုရင်၏ တိုက်ခိုက်မှုက တစ်ခဏအတွင်း ချေဖျက်ခံလိုက်ရ၏။
"အတူတူ တိုက်ကြစို့"
မျက်လုံးသုံးလုံး မိစ္ဆာဘုရင်၏ မျက်နှာ အမူအရာက ပြောင်းလဲသွားပြီး ကျန်းချန်ကို အတူတူ သတ်ဖြတ်ရန် အတွက် အခြား မိစ္ဆာဘုရင် သုံးပါးကို လှုံ့ဆော်လိုက်သည်။
တစ်ခဏအတွင်းမှာပင် မိစ္ဆာဘုရင် လေးပါး၏ ကောင်းကင်ယံအနှံ့ လွှမ်းမိုးနေသော အရှိန်အဝါများသည် ကျန်းချန်ကို တစ်ချိန်တည်းနီးပါး လွှမ်းခြုံသွားခဲ့ပြီး ကျန်းချန်၏ ဦးခေါင်း အထက်ရှိ ဟင်းလင်းပြင် မိုင်ပေါင်းသောင်းချီ ဧရိယာသည် အနက်ရောင်တွင်းပေါက်ကြီး တစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
"မင်းတို့က တစ်ယောက်ချင်း မတိုက်နိုင်လို့ အုပ်စုလိုက် တိုက်ဖို့ စီစဉ်နေတာလား.. စိတ်မကောင်းစရာပဲ.. မင်းတို့တွေ အုပ်စုလိုက် အနိုင်ကျင့်ချင်ရင်တောင်မှ မင်းတို့ လေးယောက်တည်းနဲ့တော့ မလုံလောက်သေးဘူး"
စကားဆုံးသည်နှင့် 'ကောင်းကင်ချိတ်ပိတ် အင်မော်တယ်စာအုပ်'သည် သူ၏ ဦးခေါင်း အထက်တွင် တိုက်ရိုက် ထွက်ပေါ်လာခဲ့သည်။
နောက်ထပ် အခိုက်အတန့်တွင် ရှေးဟောင်း အရှိန်အဝါများကို ထုတ်လွှတ်နေသည့် ပုံရိပ်များသည် ကောင်းကင်ချိတ်ပိတ် အင်မော်တယ်စာအုပ်ထဲကနေ လှမ်းထွက်လာခဲ့ကြသည်။
မိုးကြိုးနွား၊ ယုန်ပုံသဏ္ဌာန်သားရဲ နှင့် ကျိုးရင် တို့ကို ကျန်းချန်က ဆက်တိုက် ဆင့်ခေါ်လိုက်သည်။
သားရဲကြီး သုံးကောင် ထံမှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ် အရှိန်အဝါများသည် သူ့ကို လွှမ်းခြုံနေသည့် မိစ္ဆာဘုရင် လေးပါး၏ အရှိန်အဝါ စွမ်းအားများကို ချက်ချင်းပင် ဖျက်ဆီးပစ်လိုက်ရာ မိစ္ဆာဘုရင် လေးပါးသည် တုန်လှုပ်ခြောက်ခြားသွားခဲ့သည်။
အခန်း(၃၀၀၇) ပြီး၏