← Chapters

အခန်း ၃၀၀၈

Vol. 241 Ch. 3008

အခန်း ၃၀၀၈

Vol. 241 Ch. 3008

အခန်း (၃၀၀၈)

"ဒါ.. ဒါက ဘာကြီးလဲဟ"

ကျန်းချန်ကို ဝိုင်းရံသတ်ဖြတ်ရန် ပြင်ဆင်နေကြသည့် မိစ္ဆာဘုရင် လေးပါးသည် သူတို့ရှေ့မှောက်တွင် ရုတ်တရက်ဖြစ်ပေါ်လာသော အပြောင်းအလဲကို ကြည့်ပြီး ထိတ်လန့်တုန်လှုပ်သွားကြသည်။

ကျန်းချန်အနေဖြင့် ဤမျှလောက်အထိ ကြောက်မက်ဖွယ်ကောင်းသော ရှေးဟောင်းသားရဲကြီး သုံးကောင်ကို ဆင့်ခေါ်နိုင်လိမ့်မည်ဟု သူတို့ လုံးဝ မျှော်လင့်မထားခဲ့ကြပေ။

ဤသားရဲကြီး သုံးကောင်ထဲမှ တစ်ကောင်ချင်းစီ၏ ခွန်အားသည်ပင် သူတို့ထက် အဆပေါင်းများစွာ သာလွန်နေခဲ့၏။

သားရဲကြီး သုံးကောင်၏ ရှေ့မှောက်တွင်မူ သူတို့သည် ကျန်းချန်ကို သတ်ရန် နေနေသာသာ ကိုယ့်ကိုယ်ကိုယ်ပင် မနည်း ကာကွယ်ရလိမ့်မည် ဖြစ်သည်။

"ရှေးဟောင်း သားရဲကြီးတွေကို ဆင့်ခေါ်နိုင်တယ် ဆိုတော့ ကျန်းချန် ထုတ်ဖော်လိုက်တဲ့ စာအုပ်က ဒဏ္ဍာရီလာ ဧကရာဇ်အဆင့်ရတနာ 'ကောင်းကင်ချိတ်ပိတ် အင်မော်တယ်စာအုပ်' များလား"

သူ့ရှေ့မှ အခြေအနေကို ကြည့်ကာ တစ်စုံတစ်ရာကို အလျင်အမြန် တွေးတောမိပြီး အင်မော်တယ်ဘုရင် ကျိချုံး၏ မျက်ဝန်းထဲတွင် မယုံကြည်နိုင်လောက်အောင် အံ့ဩတုန်လှုပ်သော အမူအရာများ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ်ဘုရင်က ခပ်ယဲ့ယဲ့ ပြုံး၍ ပြောလိုက်သည်။

"ဟုတ်တယ်.. ဒါက ဒဏ္ဍာရီလာ ဧကရာဇ်အဆင့် ရတနာ ဖြစ်တဲ့ ကောင်းကင်ချိတ်ပိတ် အင်မော်တယ်စာအုပ်ပဲ"

ထိုစကားကိုကြားလျှင် အင်မော်တယ်ဘုရင်များသည် အသက်ရှူရန်ပင် မေ့မတတ် ဖြစ်သွားခဲ့ကြသည်။

ဒဏ္ဍာရီလာ ဧကရာဇ်အဆင့် ရတနာ ဖြစ်သည့် 'ကောင်းကင်ချိတ်ပိတ် အင်မော်တယ်စာအုပ်'သည် ရှေးဟောင်းသားရဲကြီး ဆယ်ကောင်ကို ဆင့်ခေါ်နိုင်ပြီး ထိုသားရဲ တစ်ကောင်ချင်းစီသည် အင်မော်တယ်ဘုရင်များထက် မနိမ့်ကျသော ခွန်အားများကို ပိုင်ဆိုင်ထားကြသည်။

မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ်ဘုရင် အနေဖြင့် ကျန်းချန်အပေါ် အဘယ်ကြောင့် လုံးဝ ယုံကြည်မှု ရှိနေရသလဲ ဆိုသည်ကို အဆုံးသတ်တွင် သူတို့ နားလည်သွားခဲ့ကြပြီ ဖြစ်သည်။

ယင်းမှာ ထိုကောင်လေး၏ လက်ထဲတွင် ဤကဲ့သို့ ဧကရာဇ်အဆင့် ရတနာမျိုး အမှန်တကယ် ရှိနေသောကြောင့်ပင်။

အင်မော်တယ်ဘုရင်များ မှင်တက်နေကြစဉ်မှာပင် ဟင်းလင်းပြင်ထဲရှိ ရှေးဟောင်းသားရဲကြီး သုံးကောင်သည် စတင် လှုပ်ရှားလိုက်ကြသည်။

ရှေးဟောင်းသားရဲကြီး မိုးကြိုးနွားသည် လျှပ်စီးအလင်းတန်းများနှင့်အတူ ခန္ဓာကိုယ် ကြီးထွားလာပြီးနောက်တွင် ၎င်း၏ ပါးစပ်ကို ဖွင့်၍ မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော ဟိန်းဟောက်သံ ထုတ်လွှတ်လိုက်ရာ ကြောက်မက်ဖွယ် မိုးကြိုး အသံလှိုင်း အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး မိစ္ဆာဘုရင် တစ်ပါး ထံသို့ တိုးဝင်သွားခဲ့သည်။

ထိုမိစ္ဆာဘုရင်က တုံ့ပြန်ရန်ပင် အချိန်မရလိုက်ပေ။

သူ၏ ခန္ဓာကိုယ်က မိုးကြိုး အသံလှိုင်း၏ ထိုးဖောက်ခြင်းကို ခံလိုက်ရသည်။

ချက်ချင်းပင် ထိုမိစ္ဆာဘုရင်သည် မိုးကြိုး အကြိမ်ကြိမ် အပစ်ခံထားရသည့် မီးကျွမ်းနေသော အလောင်းကဲ့သို့ ဖြစ်သွားခဲ့ပြီး မည်သည့် အသက်အရှိန်အဝါမှ ရှိမနေတော့ပေ။

မီးလောင်ကျွမ်းနေသည့် အနံ့အသက် တစ်ခုသည် ဟင်းလင်းပြင် တစ်ခုလုံးတွင် တစ်ခဏအတွင်း ပျံ့နှံ့သွားခဲ့သည်။

တစ်ချိန်တည်းမှာပင် ယုန်ပုံသဏ္ဌာန် သားရဲ၏ ပုံရိပ်သည်လည်း ဟင်းလင်းပြင်ကို ထိုးဖောက်ကာ ပြေးထွက်လာခဲ့ပြီး မိစ္ဆာဘုရင်များထဲမှ တစ်ပါး၏ ရင်ဘတ်ကို ပြင်းထန်စွာ ဆောင့်ကန်လိုက်ရာ ထိုမိစ္ဆာဘုရင်၏ ခန္ဓာကိုယ်သည် ပေါက်ကွဲသွားခဲ့ပြီး သွေးမြူများ အဖြစ် ပြောင်းလဲသွားခဲ့သည်။

အခြားတစ်ဖက်တွင်မူ ကြောက်မက်ဖွယ် ရွှေရောင်မီးတောက်များ ဝန်းရံနေသည့် ကျိုးရင်၏ ကြီးမားသော ခန္ဓာကိုယ်ကြီးသည် ရွှေရောင်နေမင်းကြီး တစ်စင်းနှယ် တိုက်ရိုက်ပင် ပြောင်းလဲသွားခဲ့ပြီး မိစ္ဆာဘုရင် တစ်ပါးကို ဖိနှိပ်လိုက်သည်။

ဤကြောက်မက်ဖွယ်ကောင်းသော မီးတောက်များအောက်တွင် ထိုမိစ္ဆာဘုရင်သည် မည်သည့် ခုခံမှုမျှ မပြုလုပ်နိုင်တော့ဘဲ ရွှေရောင်နေမင်းကြီး၏ စွမ်းအားအောက်၌ အငွေ့ပျံ ပျောက်ကွယ်သွားခဲ့သည်။

'ကောင်းကင်ချိတ်ပိတ် အင်မော်တယ်စာအုပ်' ထဲရှိ သားရဲကြီး ဆယ်ကောင်ထဲမှ တစ်ကောင်ချင်းစီသည် အင်မော်တယ်ဘုရင် အထွတ်အထိပ် အဆင့် နှင့် ယှဉ်နိုင်သော တိုက်ခိုက်ရေးစွမ်းရည် ရှိကြသည်။

ယင်းကြောင့် မိစ္ဆာဘုရင် အစောပိုင်းအဆင့်နှင့် အလယ်အလတ်အဆင့်မျှသာ ရှိသော ဤမိစ္ဆာဘုရင် အနည်းငယ်သည်မူ ဤရှေးဟောင်း သားရဲကြီးများ၏ ရှေ့မှောက်တွင် ပုရွက်ဆိတ်များနှင့် ဘာမျှခြားနားခြင်း မရှိပေ။

"မသတ်ပါနဲ့"

အဖော်သုံးယောက်စလုံးက ရှေးဟောင်းသားရဲကြီး သုံးကောင်၏ လက်ချက်ဖြင့် တစ်ခဏအတွင်း အသတ်ခံလိုက်ရသည်ကို မြင်လိုက်ရလျှင် နောက်ဆုံးကျန်ရစ်သော မိစ္ဆာဘုရင်သည် ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။

သို့သော်လည်း ဤအခိုက်အတန့်တွင် သူ၏ မိစ္ဆာဝိညာဉ်ကိုပင် တုန်လှုပ်ခြောက်ခြားသွားစေသည့် စည်းတံဆိပ်တစ်ခုသည် ဟင်းလင်းပြင်ထဲကနေ ရုတ်တရက် ကျဆင်းလာခဲ့သည်။

ထိုမိစ္ဆာဘုရင်က အော်ဟစ်ညည်းတွားဖို့ပင် အချိန်မရလိုက်ဘဲ စည်းတံဆိပ် စွမ်းအားအောက်တွင် လုံးဝ အမှုန့်ဖြစ်ကာ ပျောက်ကွယ်သွားခဲ့သည်။

အသက်ရှူကြိမ် အနည်းငယ်မျှသော အချိန်တိုအတွင်းမှာပင် မိစ္ဆာဘုရင် လေးပါးကို ကျန်းချန်နှင့် ရှေးဟောင်းသားရဲကြီး သုံးကောင်တို့သည် အလွယ်တကူပင် သတ်ဖြတ်ပစ်လိုက်ကြပြီ ဖြစ်သည်။

ထိုအခိုက်အတန့်တွင် ဟင်းလင်းပြင် အထက်ရှိ အင်မော်တယ်ဘုရင် ကျိချုံးနှင့် အခြားသော အင်မော်တယ်ဘုရင် အဆင့် ကျင့်ကြံသူများ ဖြစ်စေ သို့မဟုတ် မိစ္ဆာမျိုးနွယ်စု၏ မိစ္ဆာဘုရင်များ ဖြစ်စေ၊ အားလုံး မှင်တက်သွားခဲ့ကြသည်။

"ဟားဟား... မိတ်ဆွေလေး ကျန်းချန်က တကယ့်ကို ကမ္ဘာပေါ်မှာ အနှိုင်းမဲ့ပါရမီရှင်ပဲ.. မိတ်ဆွေလေး ကျန်းချန်သာ ပါဝင်ပတ်သက်လာရင် ကောင်းကင်မိစ္ဆာတောင်က မိစ္ဆာတွေ သေချာပေါက် ရှုံးနိမ့်သွားမှာပါလို့ ငါမပြောခဲ့ဘူးလား"

မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ်ဘုရင်က ဂုဏ်ယူဝင့်ကြွားစွာ ရယ်မော၍ ပြောလိုက်သည်။

မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ်ဘုရင်၏ အနားတွင်ရှိနေသော အင်မော်တယ်ဘုရင် ကျိချုံးနှင့် အခြားသူများသည် သက်ပြင်းမချဘဲ မနေနိုင်ခဲ့ကြပေ။

ယခုအခါ ကောင်းကင်မိစ္ဆာတောင်၏ မိစ္ဆာဘုရင် လေးပါးစလုံးကို ကျန်းချန်က အပြတ် ရှင်းပစ်လိုက်ပြီး သူတို့ဘက်တွင် အင်မော်တယ်ဘုရင် အဆင့် ပါရမီရှင် ကျန်းချန်နှင့် အတူ အကူအညီပေးမည့် ရှေးဟောင်းသားရဲကြီးများလည်း ရှိနေပြီဖြစ်ရာ ဤတိုက်ပွဲကို အားနည်းသည့် အခြေအနေကနေ လုံးဝ အသာစီးရသည့် အခြေအနေသို့ ပြောင်းပြန်လှန်ပစ်နိုင်ခဲ့ပြီ ဖြစ်သည်။

အခြားတစ်ဖက်တွင်မူ ကောင်းကင်မိစ္ဆာတောင်မှ မိစ္ဆာဘုရင်များသည် အလွန်တရာ ထိတ်လန့် တုန်လှုပ်နေကြသည်။

"မိစ္ဆာစစ်သူကြီး.. အဲဒီကောင်လေးက ဘယ်လိုလုပ်ပြီး ဒီလောက် ကြောက်စရာကောင်းတဲ့ သားရဲကြီးတွေကို ဆင့်ခေါ်နိုင်ရတာလဲ"

မိစ္ဆာဘုရင်တစ်ပါးက သူတို့ရှေ့မှ မြင်ကွင်းကို ကြည့်ပြီး မမေးဘဲ မနေနိုင်တော့ပေ။

မိစ္ဆာစစ်သူကြီးက သက်ပြင်းတစ်ချက် ချလိုက်ပြီး လေးနက်စွာ ပြောလိုက်သည်။

"ဒါက အင်မော်တယ်လောကရဲ့ ဧကရာဇ် အဆင့်ရတနာ ဖြစ်တဲ့ 'ကောင်းကင်ချိတ်ပိတ် အင်မော်တယ်စာအုပ်'ပဲ.. အဲဒီ စာအုပ်ထဲမှာ ရှေးဟောင်းသားရဲကြီး ဆယ်ကောင်ကို ချိတ်ပိတ်ထားတယ်.. အနက်ရောင်ဝတ်စုံဝတ် လူငယ်က ဒီ ဧကရာဇ် အဆင့် ရတနာကို ရရှိထားလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး"

အခြား မိစ္ဆာဘုရင်တစ်ပါးက လေးနက်စွာ ပြောလိုက်သည်။

"မိစ္ဆာစစ်သူကြီး... အခု အခြေအနေအရ ကျွန်တော့်တို့ဘက်က အသာစီးမရနိုင်တော့ဘူး.. ကျွန်တော်တို့ ဘာဆက်လုပ်ကြမလဲ"

"ငါတို့ ကောင်းကင်မိစ္ဆာတောင် ဆီပဲ အရင် ဆုတ်ခွာကြတာပေါ့"

ဧကရာဇ်အဆင့် ရတနာ ဖြစ်သည့် 'ကောင်းကင်ချိတ်ပိတ် အင်မော်တယ်စာအုပ်'ကို ကိုင်ဆောင်ထားသည့် အနက်ရောင် ဝတ်စုံဝတ် လူငယ် ပေါ်လာခြင်းနှင့် အတူ သူတို့၏ ကောင်းကင်မိစ္ဆာတောင်ဘက်တွင် အနိုင်ရရန် အခွင့်အရေး မရှိတော့ပေ။

အကယ်၍ တိုက်ပွဲကို ဆက်လက် ဆင်နွှဲနေဦးမည် ဆိုလျှင် ဤနေရာတွင် မိစ္ဆာဘုရင်များ ပိုမို ကျဆုံးပျက်စီးသွားစေဖို့သာ ရှိလာပေလိမ့်မည်။

လက်ရှိအချိန်တွင် သူတို့အနေဖြင့် ကောင်းကင်မိစ္ဆာတောင်သို့ အရင်ဆုံး ဆုတ်ခွာပြီးမှသာ ပြန်လည် အစီအစဥ် ချမှတ်နိုင်တော့မည် ဖြစ်သည်။

"ဆုတ်မယ်"

မိစ္ဆာစစ်သူကြီးက မည်သည့် တုံ့ဆိုင်းမှုမျှ မရှိဘဲ တိုက်ရိုက် အမိန့်ပေးလိုက်ပြီး မိစ္ဆာတပ်ဖွဲ့များနှင့် အတူ ကောင်းကင်မိစ္ဆာတောင်သို့ ပြန်လည် ဆုတ်ခွာသွားခဲ့သည်။

"သတ်ကြ"

မိစ္ဆာဘုရင်များ ဆုတ်ခွာရန် ပြင်နေသည်ကို မြင်လိုက်ရလျှင် ကျန်းချန်သည် ရှေးဟောင်းသားရဲကြီး သုံးကောင်ကို တိုက်ရိုက် ထိန်းချုပ်ကာ ၎င်းတို့ နောက်သို့ လိုက်လံ တိုက်ခိုက်စေခဲ့သည်။

"အားလုံးပဲ.. အတူတူ လှုပ်ရှားကြစို့.. ဒီမိစ္ဆာကောင်တွေကို ကောင်းကင်မိစ္ဆာတောင်ဆီ အလွယ်တကူ ထွက်ပြေးခွင့် မပေးလိုက်ကြနဲ့"

အင်မော်တယ်ဘုရင် ကျိချုံးကလည်း အမိန့်ပေးလိုက်ပြီး သူ၏ အနားရှိ အင်မော်တယ်ဘုရင် ဆယ်ပါးကျော် နှင့်အတူ ပြေးထွက်သွားခဲ့ကြသည်။

"ဝုန်း.. ဝုန်း.. ဝုန်း.."

အင်မော်တယ်ဘုရင် ဆယ်ပါးကျော်၏ တစ်ချိန်တည်း တိုက်ခိုက်လိုက်သော စွမ်းအားများသည် မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ်နယ်မြေ၏ ကောင်းကင်ယံ တစ်ဝက်နီးပါးကို တစ်ခဏအတွင်း ပရမ်းပတာ အခြေအနေသို့ ပြောင်းလဲသွားစေခဲ့သည်။

ထိုပရမ်းပတာ ဖြစ်နေသော ဟင်းလင်းပြင်ထဲမှ မိစ္ဆာဘုရင်ဆယ်ပါးကျော်သည် ဤအခိုက်အတန့်တွင် တိုက်ခိုက်လိုစိတ် လုံးဝ မရှိကြတော့ပေ။

ကျန်းချန်၏ ပြင်းထန်သော တိုက်ခိုက်မှုကြောင့် သူတို့သည် ကောင်းကင်မိစ္ဆာတောင်ဘက်သို့ အလျင်အမြန် နောက်ဆုတ်ပြေးခဲ့ကြရသည်။

သို့သော်လည်း ကျန်းချန်နှင့် အခြားသူများ၏ အစွမ်းကုန်လိုက်လံ တိုက်ခိုက်မှုအောက်တွင် ကောင်းကင်မိစ္ဆာတောင်သို့ အရင်ဆုံး ပြန်လည် ရောက်ရှိသွားကြသည့် မိစ္ဆာစစ်သူကြီး ဦးဆောင်သော မိစ္ဆာဘုရင် အနည်းငယ်မှ လွဲ၍ ကျန်ရှိသော မိစ္ဆာဘုရင်များသည် ကျန်းချန်တို့၏ ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုအောက်၌ တစ်ခဏအတွင်းမှာပင် ချေမှုန်းခံလိုက်ရ၏။

"နောက်ဆုံးတော့ ကောင်းကင်မိစ္ဆာတောင်က မိစ္ဆာတွေကို ယာယီ မောင်းထုတ်နိုင်ခဲ့ပြီ"

ဤအခိုက်အတန့်တွင် အင်မော်တယ်ဘုရင် ကျိချုံးနှင့် အခြားသူများသည် သက်ပြင်း တစ်ချက်ကို မချဘဲ မနေနိုင်ခဲ့ကြပေ။

ယခုအကြိမ် ထွက်ပေါ်လာသည့် ကောင်းကင်မိစ္ဆာတောင်မှ မိစ္ဆာများသည် အလွန်တရာ အစွမ်းထက်လွန်းပြီး သူတို့ ခရမ်းရောင်မီးလျှံ ကောင်းကင်နယ်မြေသည်ပင် ခုခံနိုင်စွမ်းမရှိတော့လု နီးပါး ဖြစ်ခဲ့ရသည်။

ကံကောင်းထောက်မစွာဖြင့် ကျန်းချန်သည် အရေးပါသော အချိန်တွင် ပေါ်ပေါက်လာခဲ့သည်။

ဤပုဂ္ဂိုလ်သည် ပါရမီ ထူးချွန်ပြီး မွန်းစတား ဆန်ရုံတင်မကဘဲ ငယ်ရွယ်သော အသက်အရွယ်ဖြင့်ပင် အင်မော်တယ်ဘုရင်အဆင့် ကျင့်ကြံသူ တစ်ဦး ဖြစ်လာခဲ့ပြီး ဧကရာဇ်အဆင့်ရတနာ ဖြစ်သည့် 'ကောင်းကင်ချိတ်ပိတ်အင်မော်တယ်စာအုပ်'ကိုလည်း ပိုင်ဆိုင်ထားခဲ့ကာ ရှေးဟောင်းသားရဲကြီး သုံးကောင်ကို တိုက်ရိုက် ဆင့်ခေါ်၍ မိစ္ဆာဘုရင် အနည်းငယ်ကို အလွယ်တကူ သတ်ဖြတ်ပြီး ခရမ်းရောင်မီးလျှံ ကောင်းကင်နယ်မြေ၏ အကျပ်အတည်းကို တစ်ခဏအတွင်း ပြောင်းပြန်လှန်ပေးခဲ့သည်။

အင်မော်တယ်ဘုရင် ကျိချုံးသည် သက်ပြင်းတစ်ချက် ချလိုက်ပြီး ကျန်းချန်ကို လက်သီးဆုပ်၍ ဂါရဝပြုလိုက်သည်။

"မိတ်ဆွေလေး ကျန်းချန်... ကျိချုံးက ခရမ်းရောင်မီးလျှံကောင်းကင်နယ်မြေထဲမှာ ရှိတဲ့ ကုဋေပေါင်း များစွာသော သက်ရှိ အားလုံး ကိုယ်စား မင်းကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်"

ယနေ့တိုက်ပွဲတွင် ကျန်းချန်သာ ပေါ်မလာခဲ့လျှင် သူတို့သည် သေချာပေါက် ဆိုးရွားသော အခြေအနေနှင့် ရင်ဆိုင်ရမည် ဖြစ်သည်။

ထိုအချိန်သို့ ရောက်လျှင် ခရမ်းရောင်မီးလျှံ ကောင်းကင်နယ်မြေသည် ကောင်းကင်မိစ္ဆာတောင်မှ မိစ္ဆာများ၏ ကျူးကျော်မှုကို တားဆီးရန် ခွန်အားရှိတော့မည် မဟုတ်ဘဲ ခရမ်းရောင်မီးလျှံ ကောင်းကင်နယ်မြေ တစ်ခုလုံးသည် မိစ္ဆာများ၏ လက်ထဲသို့ အချိန်တိုအတွင်း ကျရောက်သွားပြီး ပျက်စီးခြင်း အခြေအနေသို့ ရောက်ရှိသွားမည်ကို သူ အမှန်တကယ် စိုးရိမ်မိသည်။

အခန်း(၃၀၀၈) ပြီး၏

All Chapters