← Chapters

အခန်း ၃၀၀၉

Vol. 241 Ch. 3009

အခန်း ၃၀၀၉

Vol. 241 Ch. 3009

အခန်း (၃၀၀၉)

"အင်မော်တယ်ဘုရင်တို့အနေနဲ့ ကျေးဇူးတင်ဖို့ မလိုပါဘူး.. ရှေးဟောင်းမိစ္ဆာနန်းတော်က အင်မော်တယ်လောက တစ်ခုလုံးရဲ့ ဘုံရန်သူပါ.. ကျွန်တော်ကလည်း အင်မော်တယ်လောကရဲ့ အဖွဲ့ဝင် တစ်ယောက် ဖြစ်နေတဲ့ အတွက် ဒီကိစ္စမှာ လက်ပိုက်ကြည့်နေဖို့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး"

ကျန်းချန်က ခပ်ယဲ့ယဲ့လေး ပြုံးလိုက်ပြီး တည်ငြိမ်လေးနက်စွာ ပြောလိုက်သည်။

"ကောင်းကင်မိစ္ဆာတောင်က မိစ္ဆာတွေက ယာယီအားဖြင့် ဆုတ်ခွာသွားခဲ့ပြီ ဆိုပေမယ့် ရှေးဟောင်းမိစ္ဆာနန်းတော်ရဲ့ ကပ်ဘေးက အခုမှ အစပဲ ရှိပါသေးတယ်.. ကျွန်တော်တို့အနေနဲ့ ရှေးဟောင်းမိစ္ဆာနန်းတော်ကို အချိန်မရွေး ပြန်လည် တိုက်ခိုက်ဖို့အတွက် အသင့်ပြင်ထားမှဖြစ်မယ်"

အင်မော်တယ်ဘုရင် ကျိချုံးက အသက်ကို ခပ်ပြင်းပြင်း တစ်ချက် ရှူရှိုက်ကာ ပြောလိုက်သည်။

"ငါနားလည်ပါတယ်"

ခရမ်းရောင်မီးလျှံ အင်မော်တယ်နန်းတော်ရဲ့ နန်းတော်သခင်တစ်ဦး အနေဖြင့် အင်မော်တယ်ဘုရင် ကျိချုံးသည် သာမန်လူများထက် ရှေးဟောင်းမိစ္ဆာနန်းတော် အကြောင်းကို ပိုမို သိရှိထားသူ ဖြစ်သည်။

ကောင်းကင်မိစ္ဆာတောင်၏ မကြာခဏ ပြောင်းလဲမှုများသည် ဧကရာဇ်ရှချင်း ချန်ထားခဲ့သော ချိပ်ပိတ် စည်းတံဆိပ်တွင် ပြဿနာ တစ်စုံတစ်ရာ ရှိနေပြီ ဖြစ်ကြောင်း ညွှန်ပြနေခဲ့သည်။

ရှေးဟောင်းမိစ္ဆာနန်းတော်သည် အင်မော်တယ်လောကသို့ မလွဲမသွေ ပြန်လည် ရောက်ရှိလာတော့မည် ဖြစ်ပြီး ကပ်ဘေးကြီးသည်လည်း ထပ်မံ၍ တကျော့ပြန် ဖြစ်ပွားလာတော့မည် ဖြစ်သည်။

ယခုအကြိမ်တွင် သူတို့အနေဖြင့် ကောင်းကင်မိစ္ဆာတောင်မှ မိစ္ဆာများကို မောင်းထုတ်နိုင်ခဲ့သည် ဆိုသော်လည်း ယင်းမှာ တစ်ခဏတာမျှသာ အသက်ရှူချောင်စေနိုင်မည် ဖြစ်သည်။

ဆိုရလျှင် မိစ္ဆာများသည် သိပ်မကြာခင်မှာပင် တကျော့ပြန် ရောက်ရှိလာဖို့များ၏။

ယင်းက အင်မော်တယ်လောက အတွက် သံသယဖြစ်စရာမရှိ အလွန်ကြီးမားသော ကပ်ဘေးကြီး တစ်ခုပင်။

ရှေးခေတ်ကာလက အင်မော်တယ်လောကတွင် အင်မော်တယ် ဧကရာဇ် များစွာ ရှိနေသေးသဖြင့် အင်မော်တယ်လောကကို ကာကွယ်နိုင်ခဲ့ကြပြီး အဆုံးသတ်တွင် ရှေးဟောင်းမိစ္ဆာနန်းတော်မှ မိစ္ဆာများကို ချိပ်ပိတ်နိုင်ခဲ့ကာ အင်မော်တယ်လောကကို ယခုအချိန်အထိ တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်လာစေခဲ့သည်။

ယခုအခါ ရှေးဟောင်းမိစ္ဆာနန်းတော်က တကျော့ပြန် ထွက်ပေါ်လာတော့မည် ဖြစ်သော်လည်း အင်မော်တယ်လောကတွင်မူ အင်မော်တယ်ဧကရာဇ် တစ်ပါးမျှ ရှိမနေတော့ပေ။

အကယ်၍ အနည်းငယ်မျှ ဂရုမစိုက်မိလျှင် အင်မော်တယ်လောကသည် ပျက်စီးခြင်း အခြေအနေသို့ အမှန်တကယ် ကျရောက်သွားပေလိမ့်မည်။

သို့သော်လည်း အခြေအနေက ဤအဆင့်ထိပင် ရောက်ရှိလာပြီ ဖြစ်ရာ သူတို့အနေဖြင့် အင်မော်တယ်လောက၏ အင်အားများကို စုစည်းပြီး ရှေးဟောင်းမိစ္ဆာနန်းတော်မှ မိစ္ဆာများနှင့် သူသေကိုယ်သေ တိုက်ခိုက်ရန် ကြိုတင် ပြင်ဆင်ရုံသာ ရှိတော့၏။

"မိတ်ဆွေလေး ကျန်းချန်.. 'ကောင်းကင်ချိတ်ပိတ် အင်မော်တယ်စာအုပ်'က အင်မော်တယ်လောကရဲ့ ထိပ်တန်း ရတနာတစ်ပါးပဲ.. မင်းအနေနဲ့ ရှေးဟောင်းသားရဲကြီး ဆယ်ကောင်စလုံးကို ဆင့်ခေါ်နိုင်ရင် အင်မော်တယ်ဧကရာဇ်နဲ့ ယှဉ်ပြိုင်တိုက်ခိုက်နိုင်ဖို့ လုံလောက်ပြီ.. ဒါကြောင့် ဒီဧကရာဇ်အဆင့်ရတနာ ဖြစ်တဲ့ 'ကောင်းကင်ချိတ်ပိတ် အင်မော်တယ်စာအုပ်'ကို တတ်နိုင်သမျှ အမြန်ဆုံး အပြည့်အဝ ထိန်းချုပ်နိုင်အောင်လုပ်ဖို့ တိုက်တွန်းချင်တယ်"

အင်မော်တယ်ဘုရင် ကျိချုံးက အသက်ကို ခပ်ပြင်းပြင်း တစ်ချက် ရှူရှိုက်လိုက်ပြီး ကျန်းချန်ကို တည်ငြိမ် လေးနက်စွာ ပြောလိုက်သည်။

အင်မော်တယ်ဘုရင် ကျိချုံး၏ စကားကို ကြားလိုက်ရလျှင် ကျန်းချန်၏ မျက်ဝန်းများက အနည်းငယ် ကျဉ်းမြောင်းသွားခဲ့သည်။

"ရှေးဟောင်းမိစ္ဆာနန်းတော် တစ်ခုလုံးက ချိတ်ပိတ်ခံလိုက်ရတယ် ဆိုပေမဲ့ မိစ္ဆာဧကရာဇ်တွေကတော့ အင်မော်တယ်ဧကရာဇ်တွေရဲ့ စတေးမှုကြောင့် သေဆုံးသွားခဲ့ပြီ မဟုတ်လား.. ရှေးဟောင်းမိစ္ဆာနန်းတော်ထဲမှာ မိစ္ဆာဧကရာဇ် တစ်ပါး ထပ်ပြီး မွေးဖွားလာနိုင်သေးလို့လား"

အင်မော်တယ်ဘုရင် ကျိချုံးက လေးနက်စွာ ရှင်းပြလိုက်သည်။

"ရှေးဟောင်းမိစ္ဆာနန်းတော်ထဲက မိစ္ဆာဧကရာဇ် အများစုက အင်မော်တယ်ဧကရာဇ်တွေနဲ့အတူ သေဆုံးသွားခဲ့တယ် ဆိုပေမဲ့ ငါတို့ ခရမ်းရောင်မီးလျှံ အင်မော်တယ်နန်းတော်ရဲ့ မှတ်တမ်းတွေအရတော့ အနည်းဆုံး မိစ္ဆာဧကရာဇ် တစ်ပါး အသက်ရှင်ကျန်ရစ်ခဲ့တယ်လို့ ဖော်ပြထားတယ်"

ရှေးဟောင်းကပ်ဘေးကြီး ဖြစ်ပွားပြီးကတည်းက စ၍ အင်မော်တယ်လောကတွင် အင်မော်တယ် ဧကရာဇ်များ လုံးဝ ပျောက်ကွယ်သွားခဲ့သည်။

ဤနှစ်တွေအတွင်း အင်မော်တယ်လောကတွင် မည်သည့်အင်မော်တယ်ဧကရာဇ် အသစ်မျှ မွေးဖွားလာခြင်း မရှိခဲ့သဖြင့် လက်ရှိ အင်မော်တယ်လောကတွင် အင်မော်တယ်ဧကရာဇ် မရှိတော့ပေ။

သူတို့ ခရမ်းရောင်မီးလျှံ အင်မော်တယ်နန်းတော် ကဲ့သို့ ဧကရာဇ်အဆင့်ရှိ အင်အားစုတွင် အင်မော်တယ်ဧကရာဇ်များ ချန်ထားခဲ့သည့် ဝှက်ဖဲအချို့ ရှိနေသော်လည်း ယင်းမှာ စစ်မှန်သော မိစ္ဆာဧကရာဇ် တစ်ပါးကို ရင်ဆိုင်နိုင်မည်ဟု မသေချာပေ။

သို့သော် ကျန်းချန်၏ ဧကရာဇ်အဆင့် ရတနာ ဖြစ်သည့် 'ကောင်းကင်ချိတ်ပိတ် အင်မော်တယ်စာအုပ်'ကမူ မတူညီပေ။

၎င်းသည် အင်မော်တယ်လောက၏ ဒဏ္ဍာရီလာ ထိပ်တန်း အင်မော်တယ် ရတနာ ဖြစ်သည်။

ထိုအထဲတွင် ရှေးဟောင်းသားရဲကြီး ဆယ်ကောင် ရှိနေပြီး ထိုသားရဲ တစ်ကောင်ချင်းစီရဲ့ ခွန်အားသည် ထိပ်တန်း အင်မော်တယ် ဘုရင်များထက် မနိမ့်ကျပေ။

အထူးသဖြင့် အစွမ်းအထက်ဆုံး ဖြစ်သော ရှေးဟောင်းသားရဲကြီး နှစ်ကောင် သို့မဟုတ် သုံးကောင်၏ ခွန်အားသည် အင်မော်တယ်ဘုရင် အဆင့်ထက် များစွာ သာလွန်ပြီး အင်မော်တယ် ဧကရာဇ်နဲ့ မယှဉ်နိုင်လျှင်ပင် အလွန်အမင်း နိမ့်ကျမနေခဲ့ပေ။

ထိုစဉ်က 'ကောင်းကင်ချိတ်ပိတ် အင်မော်တယ်စာအုပ်'၏ ပိုင်ရှင်သည် ဤရတနာကို အသုံးပြုပြီး ရှေးဟောင်းမိစ္ဆာနန်းတော်မှ မိစ္ဆာဧကရာဇ် တစ်ပါးကိုပင် ဖိနှိပ်နိုင်ခဲ့သည်။

ယင်းအချက်ကပင် 'ကောင်းကင်ချိတ်ပိတ် အင်မော်တယ်စာအုပ်'က မိစ္ဆာဧကရာဇ်နှင့် အမှန်တကယ် ယှဉ်ပြိုင်တိုက်ခိုက်နိုင်စွမ်းရှိသည့် အထွတ်အထိပ် ရတနာ တစ်ခုမှန်း ထင်ရှားစေခဲ့၏။

ဆိုရလျှင် ကျန်းချန် အနေဖြင့် ဧကရာဇ်အဆင့် ရတနာ ဖြစ်သည့် 'ကောင်းကင်ချိတ်ပိတ် အင်မော်တယ်စာအုပ်'ကို အပြည့်အဝ ထိန်းချုပ်နိုင်ခြင်းရှိ မရှိ ဆိုသည်မှာ သူတို့နှင့် ရှေးဟောင်းမိစ္ဆာနန်းတော် တို့၏ တိုက်ပွဲတွင် အလွန်တရာ အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လာလိမ့်မည် ဖြစ်သည်။

"ကျွန်တော် နားလည်ပါတယ်"

ကျန်းချန်၏ မျက်နှာအမူအရာက တစ်ခဏအတွင်း ပိုမို၍ လေးနက်သွားခဲ့သည်။

မိစ္ဆာဧကရာဇ် ဆိုသည်မှာ အင်မော်တယ်ဧကရာဇ်နှင့်ပင် ယှဉ်နိုင်သည့် အနှိုင်းမဲ့ပုဂ္ဂိုလ် ဖြစ်သည်။

အကယ်၍ ကောင်းကင်မိစ္ဆာတောင်ထဲတွင် မိစ္ဆာဧကရာဇ်တစ်ပါး မွေးဖွားလာခဲ့လျှင် သူ့လက်ထဲရှိ 'ကောင်းကင်ချိတ်ပိတ် အင်မော်တယ်စာအုပ်'သည် ကောင်းကင်မိစ္ဆာတောင်မှ မိစ္ဆာဧကရာဇ်ကို ဆန့်ကျင်တိုက်ခိုက်ရန် အတွက် အလွန်အရေးပါသော သော့ချက် တစ်ခု သေချာပေါက် ဖြစ်လာပေလိမ့်မည်။

ထို့နောက်တွင် ကျန်းချန်သည် တုံ့ဆိုင်းမနေတော့ဘဲ မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ်နန်းတော်သို့ ပြန်လည် ဆုတ်ခွာကာ ဆက်လက် ကျင့်ကြံခဲ့သည်။

ဤစစ်ပွဲတွင် ကောင်းကင်မိစ္ဆာတောင် အနေဖြင့် မိစ္ဆာဘုရင်များစွာကို ဆုံးရှုံးခဲ့ရသဖြင့် ဆုံးရှုံးမှု မသေးပေ။

ယင်းကြောင့် အချိန်တိုအတွင်းတော့ အင်မော်တယ်လောကကို ထပ်မံ ကျူးကျော်လာနိုင်လိမ့်မည် မဟုတ်ချေ။

သို့သော်လည်း တကျော့ပြန် လာခဲ့ကြမည် ဆိုလျှင် ထိုအချိန်သည် ချိပ်ပိတ်စည်းတံဆိပ် လုံးဝ ပျက်စီးသွားပြီး ရှေးဟောင်းမိစ္ဆာနန်းတော် တစ်ခုလုံး ထွက်ပေါ်လာဖို့ များသည်။

ထိုအချိန်သို့ ရောက်လျှင် အင်မော်တယ်လောကနှင့် ရှေးဟောင်းမိစ္ဆာနန်းတော်တို့၏ အဆုံးအဖြတ် တိုက်ပွဲကြီးသည် အပြည့်အဝ ဖြစ်ပေါ်လာပေတော့မည်။

စစ်ပွဲပြီးနောက်တွင် မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ်မြို့တော်နှင့် မိစ္ဆာနှိမ်နင်းခြင်း နယ်မြေ တစ်ခုလုံးသည် တခဏမျှ ငြိမ်သက်ခြင်းသို့ ကျရောက်သွားခဲ့သည်။

အင်မော်တယ်လောက၏ အခြားသော နယ်မြေများတွင် ပေါ်ထွက်လာခဲ့ကြသည့် မိစ္ဆာများသည်ပင်လျှင် အင်မော်တယ်လောက၏ အဓိက ကောင်းကင်နယ်မြေကြီးများရှိ အင်မော်တယ်ဘုရင်အဆင့် အင်အားစုများ၏ ဖိနှိပ်ခြင်းကို ခံလိုက်ရ၍ အင်မော်တယ်လောက တစ်ခုလုံး အေးချမ်းသာယာနေခဲ့သည်။

သို့သော်လည်း ဤသည်မှာ မုန်တိုင်းမလာခင် ငြိမ်သက်ခြင်းမျိုးသာ ဖြစ်မှန်း လူတိုင်းက ကောင်းစွာ သိရှိထားကြသည်။

ဤငြိမ်သက်ခြင်း၏ နောက်ကွယ်တွင်မူ ကြောက်မက်ဖွယ်ကောင်းသော မုန်တိုင်းကြီးတစ်ခု အစပျိုးနေပြီ ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ကောင်းကင်မိစ္ဆာတောင်သည် ရှေးဟောင်းမိစ္ဆာနန်းတော်မှ မိစ္ဆာများကို ချိပ်ပိတ်ခဲ့သည့် အဓိက ဗဟိုချက်နယ်မြေ ဖြစ်နေ၍ပင်။

ခရမ်းရောင်မီးလျှံ အင်မော်တယ်နန်းတော်သည် ကောင်းကင်နယ်မြေကြီး လေးခု၏ ထိပ်သီး အင်အားစုများကို မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ်နယ်မြေတွင် စုစည်းထားခဲ့ပြီး ရှေးဟောင်းမိစ္ဆာနန်းတော်ကို အချိန်မရွေး ပြန်လည် တိုက်ခိုက်ရန်အတွက် အသင့် ပြင်ဆင်ထားခဲ့သည်။

ကျန်းချန်ကမူ စစ်ပွဲပြီးနောက်တွင် မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ်နန်းတော်သို့ ချက်ချင်း ပြန်လာခဲ့ပြီး အချိန်မျှော်စင်ထဲသို့ ဝင်ရောက်ကာ ကျင့်ကြံမှုကို ဆက်လက် ပြုလုပ်ခဲ့သည်။

ရှေးဟောင်းမိစ္ဆာနန်းတော်က ထွက်ပေါ်လာဖို့ ဆိုသည်မှာ အချိန်တစ်ခုမျှသာ လိုတော့၏။

သူ၏ လက်ရှိ ခွန်အားဖြင့်ဆိုလျှင် အင်မော်တယ်လောက၏ အထွတ်အထိပ်တွင် ရှိနေပြီ ဖြစ်ပြီး အင်မော်တယ်လောကတစ်ခုလုံးတွင် သူ့ကို ယှဉ်နိုင်သည့်လူ အနည်းငယ်မျှသာ ရှိတော့သည် ဆိုသော်လည်း မိစ္ဆာဧကရာဇ် ဦးဆောင်လာမည့် ရှေးဟောင်းမိစ္ဆာနန်းတော်ကို ရင်ဆိုင်ဖို့အတွက်မူ မလုံလောက်သေးပေ။

ထို့ကြောင့် သူက ရှေးဟောင်းမိစ္ဆာနန်းတော် မမွေးဖွားလာခင် ကောင်းကင်ဧကရာဇ်၏ ကျန်ရှိသော မူလအသက်ဓာတ် အားလုံးကို အလျင်အမြန် စုပ်ယူရန် ဆုံးဖြတ်ထားခဲ့သည်။

မူလအသက်ဓာတ် အားလုံးကို စုပ်ယူပြီးလျှင် အင်မော်တယ်ဧကရာဇ် တစ်ပါး မဖြစ်လာနိုင်ခဲ့လျှင်ပင် အနည်းဆုံးတော့ အင်မော်တယ်ဘုရင် အထွတ်အထိပ် အဆင့်သို့ ရောက်ရှိသွားနိုင်မည် ဖြစ်ပြီး သူ၏ ဝှက်ဖဲများစွာကို အားကိုးကာ ရှေးဟောင်းမိစ္ဆာနန်းတော်မှ မိစ္ဆာမျိုးနွယ်စုများနှင့် ယှဉ်ပြိုင်တိုက်ခိုက်နိုင်မည် ဖြစ်သည်။

-----------------

မသိလိုက် မသိဘာသာဖြင့်ပင် နောက်ဆုံးစစ်ပွဲကြီး ပြီးဆုံးသွားခဲ့သည်မှာ ဆယ်နှစ်တာ ကုန်လွန်သွားခဲ့ပြီ ဖြစ်သည်။

ပြင်ပကမ္ဘာတွင် ဆယ်နှစ်တာ ကုန်ဆုံးသွားသော်လည်း အချိန်မျှော်စင်၏ ဒုတိယထပ်တွင်မူ နှစ်ပေါင်းထောင်ချီ ကုန်လွန်သွားခဲ့၏။

ဤနှစ်ပေါင်းထောင်ချီ အချိန်ကာလအတွင်း ကျန်းချန်သည် အချိန်မျှော်စင်၏ ဆဋ္ဌမထပ်တွင် ရှိနေသော ကောင်းကင်ဧကရာဇ်၏ မူလအသက်ဓာတ် အပိုင်းအစ ၃၃ ခုစလုံးကို အပြည့်အဝ စုပ်ယူပြီးသွားခဲ့ပြီ ဖြစ်ရာ သူ၏ ကျင့်ကြံခြင်းအဆင့်သည်လည်း ဒဏ္ဍာရီလာ အင်မော်တယ်ဧကရာဇ်အဆင့်သို့ ရောက်ရှိရန် ခြေတစ်လှမ်းမျှသာ လိုတော့သည့် အင်မော်တယ်ဘုရင် အထွတ်အထိပ် အဆင့်သို့ အောင်မြင်စွာ ရောက်ရှိသွားခဲ့သည်။

သို့ရာတွင် ဤနောက်ဆုံး ခြေလှမ်း တစ်လှမ်းသည် ကြီးမားလှသော ချောက်ကမ္ဘာကြီး တစ်ခုကဲ့သို့ ဖြစ်နေခဲ့သည်။

ကျန်းချန် အနေဖြင့် နှစ်ပေါင်းရာချီ အချိန်ကုန်လွန်စေခဲ့သော်လည်း အင်မော်တယ်ဧကရာဇ်အဆင့်ကို ထိုးဖောက်နိုင်ခြင်း မရှိသဖြင့် ယာယီအားဖြင့် လက်လျှော့လိုက်ရတော့သည်။

မည်သို့ပင်ဖြစ်စေကာမူ ကျန်းချန်သည် အင်မော်တယ်ဘုရင် အထွတ်အထိပ် အဆင့်သို့ ရောက်ရှိသွားခဲ့ရုံတင် မကဘဲ 'ကောင်းကင်ချိတ်ပိတ် အင်မော်တယ်စာအုပ်'ကိုပါ အပြည့်အဝ ထိန်းချုပ်နိုင်ခဲ့သည်။

သူ့ရဲ့ လက်ရှိ ကျင့်ကြံခြင်း အဆင့်ဖြင့် ဆိုလျှင် ရှေးဟောင်းသားရဲကြီး ဆယ်ကောင်စလုံးကို အချိန်အတော်ကြာ ဆင့်ခေါ်ထားနိုင်မည် ဖြစ်သည်။

ဆိုရလျှင် သူ့တွင် မိစ္ဆာဧကရာဇ်နှင့် ယှဉ်ပြိုင်တိုက်ခိုက်နိုင်သည့် အရည်အချင်း ရှိနေခဲ့ချေပြီ။

"ကောင်းကင် ဧကရာဇ် ချန်ထားခဲ့တဲ့ မူလအသက်ဓာတ် အပိုင်းအစ ၃၆ ခုထဲက ၃၅ ခုကို ငါစုပ်ယူပြီးသွားပြီ.. အခု နောက်ဆုံးတစ်ခုပဲ လိုတော့တယ်.. ကြည့်ရတာ ငါ အဲဒါကို ရှာဖွေဖို့ နည်းလမ်းတစ်ခုခု ရှာရလိမ့်မယ် ထင်တယ်"

ကျန်းချန်၏ မျက်ဝန်းများက အနည်းငယ် တဖျတ်ဖျတ် လက်သွားခဲ့ပြီး ပါးစပ်ကနေ ခပ်တိုးတိုး ရေရွတ်လိုက်၏။

အင်မော်တယ်ဘုရင် အထွတ်အထိပ် အဆင့်သို့ ထိုးဖောက်ပြီးကတည်းက ကျန်းချန်သည် အင်မော်တယ်ဧကရာဇ် တစ်ပါး ဖြစ်လာရန် အစွမ်းကုန် ကြိုးစားခဲ့သော်လည်း အရာမထင်ခဲ့ပေ။

ထို့ကြောင့် ကျန်းချန်က သူ၏ မျှော်လင့်ချက်ကို နောက်ဆုံးကျန်ရှိသည့် ကောင်းကင်ဧကရာဇ်၏ မူလအသက်ဓာတ်ဆီ ပုံအပ်ထားခဲ့သည်။

အကယ်၍ သူသာ နောက်ဆုံးကျန်ရှိသည့် ကောင်းကင်ဧကရာဇ်၏ မူလအသက်ဓာတ် အပိုင်းအစကို ရှာဖွေနိုင်ခဲ့မည်ဆိုလျှင် ၎င်းသည် သူ့ကို အင်မော်တယ်ဧကရာဇ် အဆင့်ကို ထိုးဖောက်ရာတွင် အလွန်တရာ အရေးပါသော အထောက်အကူ တစ်ခု သေချာပေါက် ဖြစ်လာလိမ့်မည်ဟု ခံစားမိနေခဲ့သည်။

အခန်း(၃၀၀၉) ပြီး၏

All Chapters