အခန်း ၃၀၁၀
Vol. 241 Ch. 3010
အခန်း (၃၀၁၀)
ကျန်းချန်က တုံ့ဆိုင်းမနေဘဲ အင်မော်တယ်ဘုရင် ကျိချုံးကို တိုက်ရိုက် သွားရောက်ရှာဖွေပြီး ကောင်းကင်ဧကရာဇ်နန်းတော် အကြောင်းကို စုံစမ်းမေးမြန်းခဲ့သည်။
ခရမ်းရောင်မီးလျှံ အင်မော်တယ်နန်းတော်သည် ရှေးခေတ်ကတည်းက တည်ရှိလာခဲ့သည့် ဧကရာဇ်အဆင့် အင်အားစုတစ်ခု ဖြစ်၍ ကောင်းကင်ဧကရာဇ်နန်းတော် အပေါ် နားလည်သဘောပေါက်မှုတွင် သာမန်လူများထက် များစွာ ပို၍ နက်ရှိုင်းမည်မှာ သေချာ၏။
ကျန်းချန်က ခရမ်းရောင်မီးလျှံ အင်မော်တယ်နန်းတော်တွင် ကောင်းကင်ဧကရာဇ်နန်းတော်နှင့် ပတ်သက်သော အချက်အလက်အချို့ကို စုံစမ်းမေးမြန်းကာ ထိုမှတစ်ဆင့် ကောင်းကင်ဧကရာဇ်ရဲ့ မူလအသက်ဓာတ် အပိုင်းအစ တည်နေရာကို ရှာဖွေနိုင်မလား သိချင်နေခဲ့သည်။
အင်မော်တယ်ဘုရင် ကျိချုံးက ကောင်းကင်ဧကရာဇ်နန်းတော်နှင့် ပတ်သက်သည့် ခရမ်းရောင်မီးလျှံ အင်မော်တယ်နန်းတော်တွင် ရှိသမျှ မှတ်တမ်းအားလုံးကို ကျန်းချန်ထံ တိုက်ရိုက်ပင် လွှဲပေးခဲ့သည်။
ခရမ်းရောင်မီးလျှံ အင်မော်တယ်နန်းတော်သည် အင်မော်တယ်ဧကရာဇ် တစ်ပါး တည်ထောင်ခဲ့သည့် ဧကရာဇ်အဆင့် အင်အားစု တစ်ခု ဖြစ်၍ ကောင်းကင်ဧကရာဇ်နန်းတော်အကြောင်း မှတ်တမ်းများသည် အလွန်တရာ အသေးစိတ်ပြီး ကောင်းကင်ဧကရာဇ်နန်းတော်၏ ခန်းမ ၃၆ ခု တည်နေရာပြမြေပုံတစ်ခု ပင်လျှင် ပါရှိနေခဲ့သည်။
ယနေ့ခေတ် အင်မော်တယ်လောကသည် အင်မော်တယ်လောက၏ ဒုတိယခေတ်နှင့် အလွန်အမင်း ကွာဝေးသွားခဲ့ပြီ ဖြစ်သလို အင်မော်တယ်လောကသည်လည်း တစ်ကြိမ်ထက်မကသော ပြောင်းလဲမှုများကို ကြုံတွေ့ခဲ့ရသဖြင့် ခရမ်းရောင်မီးလျှံ အင်မော်တယ်နန်းတော်တွင် မှတ်တမ်းတင်ထားသော ကောင်းကင်ဧကရာဇ်နန်းတော်၏ ခန်းမ ၃၆ ခု တည်နေရာပြမြေပုံသည် လက်တွေ့ အခြေအနေနှင့် အတော်အတန် ကွဲလွဲနေနိုင်သော်လည်း သူ့အတွက်မူ ယင်းသည် အလွန်တရာ အရေးပါသော သဲလွန်စတစ်ခုပင်။
"နှမြောစရာကောင်းတာက... အချိန်မျှော်စင်ရဲ့ ဆဋ္ဌမထပ်မှာရှိနေတဲ့ ကောင်းကင်ဧကရာဇ်ရဲ့ မူလအသက်ဓာတ် အပိုင်းအစတွေက ခန်းမ ၃၃ ခုရဲ့ ဘယ်ခန်းမထဲကလဲ ဆိုတာ မသိရတာပဲ"
ကျန်းချန်က သက်ပြင်းချလိုက်မိသည်။
အကယ်၍ သူသာ ကောင်းကင်ဧကရာဇ်၏ မူလအသက်ဓာတ်အပိုင်းအစ ၃၃ ခုက မည်သည့် ခန်းမကမှန်း သိရှိနိုင်ခဲ့မည် ဆိုလျှင် နောက်ဆုံးကျန်ရှိသည့် မူလအသက်ဓာတ်က မည်သည့်ခန်းမထဲတွင် ရှိနေမလဲ ဆိုသည်ကို အပိုင်တွက်ဆနိုင်မည် ဖြစ်ရာ မူလအသက်ဓာတ် အပိုင်းအစကို ရှာဖွေရသည်မှာ သံသယဖြစ်စရာမရှိ များစွာ ပိုမို လွယ်ကူသွားပေလိမ့်မည်။
ယခုအခါတွင်မူ သူက ကောင်းကင်ဧကရာဇ်နန်းတော်ရဲ့ ခန်းမ ၃၆ ခု တည်နေရာပြ မြေပုံအတိုင်း ခန်းမ တစ်ခုချင်းစီကိုသာ လိုက်လံ စုံစမ်းစစ်ဆေးရပေတော့မည်။
ကျန်းချန်က ချက်ချင်းပင် မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ်မြို့တော်မှ ထွက်ခွာသွားခဲ့ပြီး ကောင်းကင်ဧကရာဇ်၏ မူလအသက်ဓာတ် တည်နေရာကို လိုက်လံ ရှာဖွေခဲ့တော့သည်။
ကောင်းကင်ဧကရာဇ်နန်းတော်၏ ခန်းမ ၃၆ ခုသည် အင်မော်တယ်လောက တစ်ခုလုံးတွင် ပျံ့နှံ့တည်ရှိနေသော်လည်း ကျန်းချန်၏ လက်ရှိ ခွန်အားဖြင့် ဆိုလျှင် အင်မော်တယ်နယ်မြေများကို ဖြတ်ကျော်ရန်မှာ အတွေးတစ်ချက်မျှသာ လိုအပ်သဖြင့် ခန်းမများကို တစ်ခုချင်းစီ လိုက်လံ စစ်ဆေးရခြင်းမှာ ခက်ခဲသောကိစ္စ တစ်ခု မဟုတ်ပေ။
ရက်အနည်းငယ် အတွင်းမှာပင် ကျန်းချန်သည် မြေပုံပါ အချက်အလက်များအရ ခန်းမ ၁၀ ခုကျော်၏ တည်နေရာများကို ရှာဖွေတွေ့ရှိခဲ့သော်လည်း နောက်ဆုံးကျန်ရှိသည့် မူလအသက်ဓာတ်ကိုမူ ရှာမတွေ့ခဲ့ပေ။
ကျန်းချန်က စိတ်ပျက်အားလျော့ခြင်း မရှိဘဲ တည်နေရာပြမြေပုံအတိုင်း နောက်ထပ် ခန်းမများကို ဆက်လက်၍ ရှာဖွေခဲ့သည်။
ကျန်းချန်က ကောင်းကင်ဧကရာဇ်နန်းတော်၏ ခန်းမများကို အစွမ်းကုန် လိုက်လံရှာဖွေနေသည့် အချိန်မှာပင် အင်မော်တယ်လောက၏ ပတ်ဝန်းကျင် အခြေအနေသည် တဖြည်းဖြည်းနှင့် ပြောင်းလဲမှုများ ကြုံတွေ့လာရပြီး ကောင်းကင်နှင့်မြေကြီး ကြားရှိ အင်မော်တယ် အဆီအနှစ်စွမ်းအားများသည်လည်း ပိုမို၍ သိပ်သည်း အားကောင်းလာခဲ့သည်။
ယင်းက ချိတ်ပိတ်စည်းတံဆိပ် ပို၍ အားနည်းလာသည့် လက္ခဏာ ဆိုလည်းမမှားပေ။
အင်မော်တယ်လောက၏ မူလအရင်းအမြစ် စွမ်းအားက အင်မော်တယ်လောကသို့ ပြန်လည် ရောက်ရှိလာခဲ့ပြီး အင်မော်တယ် ဥပဒေသများသည်လည်း တဖြည်းဖြည်းနှင့် ပိုမို ပြည့်စုံကောင်းမွန်လာခဲ့သည်။
မရေမတွက်နိုင်သော အင်မော်တယ် ကျင့်ကြံသူများသည် အားစိုက်ထုတ်မှု ထက်ဝက်မျှဖြင့် ရလဒ်နှစ်ဆကို ရရှိလာခဲ့ကြပြီး လူအများအပြားသည် သူတို့၏ အကန့်အသတ် အတားအဆီးများကို ဖောက်ထွက်နိုင်ခဲ့ကြ၍ အင်မော်တယ်လောက၏ ခွန်အားသည် အချိန်တိုလေးအတွင်း အကြီးအကျယ် တိုးတက် မြင့်မားလာခဲ့သည်။
သို့ရာတွင် အင်မော်တယ်လောက၏ ဥပဒေသများက တဖြည်းဖြည်း ပြည့်စုံလာပြီး အင်မော်တယ်လောက၏ ခွန်အားက သိသိသာသာ တိုးတက်လာခဲ့သော်လည်း ယင်းမှာ ချိတ်ပိတ်စည်းတံဆိပ် တဖြည်းဖြည်း ပျက်ပြယ်နေပြီ ဖြစ်ကြောင်းလည်း အဓိပ္ပာယ်ရနေခဲ့သည်။
ဤသို့ဖြင့် အချိန်ကာလတစ်ခုအတွင်း အင်မော်တယ်လောကသည် တကျော့ပြန်၍ ပရမ်းပတာ ဖြစ်လာရပြန်သည်။
----------------------
မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ်နယ်မြေရှိ မိစ္ဆာနှိမ်နင်းခြင်းအင်မော်တယ်မြို့တော်တွင် ကောင်းကင်နယ်မြေကြီး ၄ ခုက ဦးဆောင်နေသော အင်အားစုများသည် အင်မော်တယ်လောက၏ ပြောင်းလဲမှုများကို ခံစားသိရှိလိုက်ကြသည်။
သူတို့က ကောင်းကင်မိစ္ဆာတောင်ရဲ့ အပြင်ဘက်တွင် စုစည်းခဲ့ကြပြီး ကောင်းကင်မိစ္ဆာတောင်ရဲ့ လှုပ်ရှားမှုတိုင်းကို အနီးကပ် ဂရုတစိုက် စောင့်ကြည့်နေခဲ့ကြ၏။
အင်မော်တယ်လောက၏ အခြားသော နယ်မြေများတွင် ထွက်ပေါ်လာခဲ့ကြသည့် မိစ္ဆာများကိုပင်လျှင် သွားရောက် ဂရုစိုက်ခြင်း မပြုခဲ့ကြပေ။
အဘယ်ကြောင့်ဆိုသော် ရှေးဟောင်းမိစ္ဆာနန်းတော်၏ အဓိကအင်အားစုကို ကောင်းကင်မိစ္ဆာတောင်ထဲတွင် ချိပ်ပိတ်ထားခဲ့မှန်း ကောင်းစွာ သိရှိထားသောကြောင့်ပင်။
ဆိုရလျှင် ရှေးဟောင်းမိစ္ဆာနန်းတော်နှင့် တိုက်ပွဲ စတင်လိုက်သည်နှင့် ကောင်းကင်မိစ္ဆာတောင်သည် အဓိက စစ်မြေပြင်ကြီး ဖြစ်လာမှာ ဖြစ်ပြီး အနိုင်အရှုံးကို အဆုံးအဖြတ်ပေးမယ့် သော့ချက်လည်း ဖြစ်လာပေလိမ့်မည်။
သူတို့အနေဖြင့် ကောင်းကင်မိစ္ဆာတောင်ထဲမှ မိစ္ဆာမျိုးနွယ်စုများကို ချေမှုန်းနိုင်သ၍ အခြားနေရာများတွင် ထွက်ပေါ်လာသည့် မိစ္ဆာမျိုးနွယ်များကို စိုးရိမ်စရာ မရှိတော့ပေ။
ကောင်းကင်မိစ္ဆာတောင်၏ အပြင်ဘက်ရှိ ဟင်းလင်းပြင်တွင် အင်မော်တယ်ဘုရင်အဆင့် အရှိန်အဝါများ ထုတ်လွှတ်နေသည့် အစွမ်းထက်ပုဂ္ဂိုလ် တချို့ ဝင့်ကြွားစွာ ရပ်နေကြသည်။
ရှေ့ဆုံးတွင် ဦးဆောင်နေသည့် လေးဦးထဲမှ တစ်ဦးမှာ ခရမ်းရောင်မီးလျှံ အင်မော်တယ်နန်းတော်ရဲ့ အင်မော်တယ်ဘုရင် ကျိချုံး ဖြစ်သည်။
အင်မော်တယ်ဘုရင် ကျိချုံး၏ နံဘေးတွင်မူ အင်မော်တယ်ဘုရင် ကျိချုံးထက် အရှိန်အဝါ မနိမ့်ကျသည့် လူ ၃ဦး ရှိနေခဲ့သည်။
ထိုသုံးဦးသည်လည်း ကျိချုံး ကဲ့သို့ပင် အင်မော်တယ်ဘုရင် အထွတ်အထိပ် အဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။
"အင်မော်တယ်ဘုရင် ကျိချုံး.. ငါတို့တွေ ဒီနေရာမှာပဲ ထာဝရစောင့်ဆိုင်းနေကြရမှာလား.. ငါ့အမြင်အရတော့ ငါတို့တွေ အရင် လက်ဦးမှု ယူပြီး ကောင်းကင်မိစ္ဆာတောင်ကို တိုက်ရိုက်သွားရောက် တိုက်ခိုက်လိုက်တာက ပိုကောင်းမယ် ထင်တယ်"
ရွှေရောင်ဖီးနစ်ငှက်မွေးဝတ်စုံကို ဝတ်ဆင်ထားသည့် ခန့်ညားသော အမျိုးသား တစ်ဦးက ကျိချုံးကို မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။
ထိုအမျိုးသားမှာ အသင်္ချေသားရဲ ကောင်းကင်နယ်မြေမှ ထိပ်သီး အင်အားစု တစ်စု ဖြစ်သည့် ကောင်းကင်ဖီးနစ်မျိုးနွယ်စု၏ လက်ရှိ မျိုးနွယ်စုခေါင်းဆောင် အင်မော်တယ်ဘုရင် ထျန်းဟွမ် ဖြစ်သည်။
အင်မော်တယ်ဘုရင် ကျိချုံးက ခေါင်းခါယမ်းလိုက်ပြီး တည်ငြိမ်လေးနက်စွာ ပြောလိုက်သည်။
"ကောင်းကင်မိစ္ဆာတောင်က ရှေးဟောင်းမိစ္ဆာနန်းတော်ရဲ့ အထွတ်အထိပ် ဧကရာဇ် အဆင့် ရတနာတစ်ခုကနေ အသွင်ပြောင်းလဲထားတာပဲ.. အဲဒီထဲကို ဇွတ်တရွတ် ဝင်ရောက်သွားတာက မိုက်ရူးရဲ ဆန်လွန်းရာကျတယ်"
"ဒါပေမဲ့ ဒီလိုမျိုး ထိုင်စောင့်နေဖို့ကလည်း နည်းလမ်းတော့ ကျမနေဘူး..ချိပ်ပိတ်စည်းတံဆိပ် လုံးဝ ပျောက်ကွယ်သွားပြီး ကောင်းကင်မိစ္ဆာတောင်ထဲက မိစ္ဆာဧကရာဇ်သာ မွေးဖွားလာခဲ့မယ် ဆိုရင် ငါတို့ အင်မော်တယ်လောက အနေနဲ့ ယှဉ်ပြိုင်ဖို့ ခက်ခဲသွားလိမ့်မယ်"
အင်မော်တယ်ဘုရင် ထျန်းဟွမ်၏ မျက်ဝန်းထဲတွင် အေးစက်သော အလင်းတန်း တစ်ခု ယှက်သန်းသွားခဲ့သည်။
"ဒီလိုမျိုး ဘာမှမလုပ်ဘဲ ထိုင်ပြီး အသေခံမယ့်အစား ကောင်းကင်မိစ္ဆာတောင်ထဲကို ဝင်ပြီး ရှေးဟောင်းမိစ္ဆာနန်းတော်ကို လက်ဦးမှုယူပြီး တိုက်ခိုက်လိုက်တာ ပိုကောင်းတယ်"
အင်မော်တယ်ဘုရင် ကျိချုံးက ပြန်လည် ဖြေကြားခြင်းမပြုဘဲ သူ့နံဘေးရှိ အခြားသော လူ နှစ်ယောက်ကို ကြည့်ကာ မေးလိုက်သည်။
"မင်းတို့ နှစ်ယောက်ရော ဘယ်လိုမြင်လဲ"
ထိုနှစ်ယောက်ထဲမှ တစ်ယောက်သည် အပြာရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသည့် ယဉ်ကျေးသိမ်မွေ့သော လူလတ်ပိုင်း အရွယ် အမျိုးသားတစ်ဦး ဖြစ်ပြီး ချင်းလီကောင်းကင်နယ်မြေ၏ ဧကရာဇ်အဆင့် အင်အားစုတစ်စု ဖြစ်သော ချင်းလီအင်မော်တယ်နန်းတော်၏ အင်မော်တယ်ဘုရင် ချင်းစန်း ဖြစ်သည်။
အခြားတစ်ယောက်ကမူ အမျိုးသမီး ဖြစ်ပြီး သူမ၏ ခန္ဓာကိုယ် တစ်ခုလုံးတွင် သန့်ရှင်းမွန်မြတ်သော အရှိန်အဝါများ ဖုံးလွှမ်းနေကာ အဖြူရောင်ဂါဝန်ကို ဝတ်ဆင်ထားသည့်အမျိုးသမီး တစ်ဦး ဖြစ်သည်။
သူမက ရှေးဟောင်းလကောင်းကင်နယ်မြေ၏ ရှေးဟောင်းလအင်မော်တယ်နန်းတော်မှ အင်မော်တယ်ဘုရင် ယွဲ့တကျီ ဖြစ်သည်။
ခရမ်းရောင်မီးလျှံ အင်မော်တယ်နန်းတော်၊ ကောင်းကင်ဖီးနစ်မျိုးနွယ်စု၊ ချင်းလီအင်မော်တယ်နန်းတော်နှင့် ရှေးဟောင်းလအင်မော်တယ်နန်းတော် တို့သည် အင်မော်တယ်လောက၏ ကောင်းကင်နယ်မြေကြီး လေးခုကို အသီးသီး ကိုယ်စားပြုနိုင်ကြပြီး ရှေးခေတ်ကာလကတည်းက တည်ရှိခဲ့သည့် ဧကရာဇ်အဆင့် အင်အားစုကြီး လေးစုလည်း ဖြစ်သည်။
အင်မော်တယ်ဘုရင် ချင်းစန်းက အနည်းငယ် စဥ်းစားပြီးမှ ပြောလိုက်သည်။
"ကောင်းကင်မိစ္ဆာတောင်က မိစ္ဆာတွေရဲ့ နယ်မြေပဲ.. ငါတို့တွေ အဲဒီထဲက အခြေအနေကို ဘာမှမသိရသေးဘူး.. ဒါကြောင့် ဇွတ်တရွတ် ဝင်သွားဖို့ဆိုတာက ဉာဏ်ရှိတဲ့ ရွေးချယ်မှုတစ်ခု မဟုတ်ဘူး"
အင်မော်တယ်ဘုရင် ယွဲ့တကျီကမူ တဲ့တိုးပင် ပြောဆိုလိုက်သည်။
"ကျွန်မကတော့ ကောင်းကင်မိစ္ဆာတောင်ထဲကို ဝင်ဖို့ လုံးဝသဘောမတူဘူး"
ထိုစကားကိုကြားလျှင် အင်မော်တယ်ဘုရင် ကျိချုံးသည် အင်မော်တယ်ဘုရင် ထျန်းဟွမ် ဘက်သို့ လှည့်ကြည့်ကာ ပြောလိုက်သည်။
"ထျန်းဟွမ်... ကောင်းကင်မိစ္ဆာတောင်ထဲကို ဝင်ဖို့က အန္တရာယ်များလွန်းတယ်.. တကယ်လို့ တစ်ခုခု မှားယွင်းသွားခဲ့ရင် အင်မော်တယ်လောက တစ်ခုလုံး ပျက်စီးသွားလိမ့်မယ်"
အင်မော်တယ်ဘုရင် ထျန်းဟွမ်က မျက်မှောင်ကြုတ်သွားခဲ့သည်။
သူက စကားပြောရန် ပြင်လိုက်စဉ်မှာပင် အင်မော်တယ်ဥပဒေသ တစ်ခုသည် ကောင်းကင်နှင့်မြေကြီး ကြားတွင် ချက်ချင်းပင် ပျံ့နှံ့သွားခဲ့သည်။
ထိုအခိုက်အတန့်တွင် အင်မော်တယ်ဘုရင် အထွတ်အထိပ် အဆင့်တွင် ရှိနေကြသည့် အင်မော်တယ်ဘုရင် ကျိချုံးတို့သည် သူတို့၏ အကန့်အသတ် အတားအဆီးများက အနည်းငယ်လျော့ရဲသွားသလို ခံစားလိုက်ရပြီး အင်မော်တယ်ဧကရာဇ်အဆင့်သို့ ရောက်ရှိသွားနိုင်မည့် အခွင့်အလမ်း ရှိလာသလို ခံစားလိုက်ကြရသည်။
အင်မော်တယ်ဘုရင် ကျိချုံးက အသက်ကို ခပ်ပြင်းပြင်း တစ်ချက် ရှူရှိုက်၍ တည်ငြိမ်လေးနက်စွာ ပြောလိုက်သည်။
"အင်မော်တယ်လောကထဲမှာ ပျောက်ဆုံးနေခဲ့တဲ့ အင်မော်တယ်ဥပဒေသတွေက အပြည့်အဝ ပြန်လည် ရောက်ရှိလာခဲ့ပြီ"
ရှေးခေတ်ကာလက ရှေးဟောင်းမိစ္ဆာနန်းတော်ကို ကိုင်တွယ်ဖြေရှင်းရန် အတွက် အင်မော်တယ်လောက၏ မူလအရင်းအမြစ် စွမ်းအား အချို့ကို အသုံးပြုခဲ့ကြသည်။
ယခုအခါ ပျောက်ဆုံးနေသော အင်မော်တယ် ဥပဒေသများ ပြည့်စုံသွားပြီ ဖြစ်ရာ ချိပ်ပိတ်စည်းတံဆိပ်က လုံးဝ ကွယ်ပျောက် ပျက်စီးသွားသည်မှာ ထင်ရှားနေခဲ့၏။
သိပ်မကြာမီ ရှေးဟောင်းမိစ္ဆာနန်းတော် ထွက်ပေါ်လာပေတော့မည်။
ဆိုရလျှင် အင်မော်တယ်လောကနှင့် ရှေးဟောင်းမိစ္ဆာနန်းတော်တို့၏ တိုက်ပွဲကြီးသည် တကျော့ပြန်၍ စတင်တော့မည် ဖြစ်သည်။
အခန်း(၃၀၁၀) ပြီး၏