အခန်း ၃၀၁၁
Vol. 241 Ch. 3011
အခန်း (၃၀၁၁)
အင်မော်တယ်လောကရှိ လူတိုင်းက ကောင်းကင်နှင့်မြေကြီး၏ ပြောင်းလဲမှုများကို ခံစားလိုက်ရသည့် အချိန်မှာပင် ကောင်းကင်မိစ္ဆာတောင်၏ နက်ရှိုင်းသောနေရာဆီကနေ ထိတ်လန့်ဖွယ် စွမ်းအင်လှိုင်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
ထို့နောက် ချက်ချင်းဆိုသလိုပင် ကမ္ဘာမြေတစ်ခုလုံးကို ဖုံးလွှမ်းမတတ် ကြောက်မက်ဖွယ် မိစ္ဆာအရှိန်အဝါသည် ကောင်းကင်မိစ္ဆာတောင်ကနေ ပျံ့နှံ့လာခဲ့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုမိစ္ဆာအရှိန်အဝါ ဟင်းလင်းပြင် မိုင်ပေါင်းတစ်သိန်း ဧရိယာကို ဖြတ်ကျော်သွားခဲ့ပြီး မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ်နယ်မြေတစ်ခုလုံးကို ဝါးမျိုပစ်တော့မည့်အလား အရပ်မျက်နှာအနှံ့အပြားသို့ လျင်မြန်စွာ ပျံ့နှံသွားခဲ့သည်။
“ချိတ်ပိတ်စည်းတံဆိပ် ပျက်ပြယ်သွားခဲ့ပြီ.. ရှေးဟောင်းမိစ္ဆာနန်းတော်က တစ်ဖန် ထွက်ပေါ်လာတော့မယ်...အင်မော်တယ်လောကအနေနဲ့ သေရေးရှင်ရေး ကပ်ဘေးကြီးနဲ့ ရင်ဆိုင်နေရပြီ.. အားလုံးပဲ ခွန်အားရှိသမျှ တိုက်ပွဲဝင်ဖို့ ပြင်ဆင်ကြပါ”
ကောင်းကင်မိစ္ဆာတောင်ရှိရာ အရပ်ဆီသို့ စိုက်ကြည့်ရင်း အင်မော်တယ်ဘုရင် ကျိချုံး၏ မျက်နှာအမူအရာက အလွန်ပင် လေးနက်သွားခဲ့သည်။
အင်မော်တယ်ဘုရင်ကျိချုံး၏ စကားသံ အဆုံးသတ်သည်နှင့် တစ်ပြိုင်နက် ကောင်းကင်ယံကိုပင် တုန်ခါသွားစေနိုင်လောက်သည့် အနက်ရောင်ပုံရိပ်များသည် ကောင်းကင်မိစ္ဆာတောင်၏ နက်ရှိုင်းသော နေရာဆီကနေ တစ်ခဏအတွင်း ထွက်ပေါ်လာခဲ့ကြသည်။
ထိုအနက်ရောင်ပုံရိပ် တစ်ခုချင်းစီကနေ ထုတ်လွှတ်နေသော အရှိန်အဝါများသည် မိစ္ဆာဘုရင်အဆင့်ထက် လုံးဝမနိမ့်ကျပေ။
အထူးသဖြင့် ရှေ့ဆုံးကနေ ဦးဆောင်နေသည့် အနက်ရောင်ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ကာ အနက်ရောင်လှံရှည်ကို ကိုင်ဆောင်ထားသည့် သန်မာထွားကျိုင်းသော မိစ္ဆာပင် ဖြစ်သည်။
အင်မော်တယ်ဘုရင်ကျိချုံးက ရှေ့ဆုံးက မိစ္ဆာကြီးကိုမြင်လျှင် အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။
“ဒါက နဂါးနက်မိစ္ဆာဘုရင်ပဲ.. နဂါးနက်မိစ္ဆာဘုရင်က အခုအချိန်အထိ အသက်ရှင်ကျန်ရစ်နေမယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး”
အင်မော်တယ်ဘုရင် ကျိချုံး၏ စကားကြောင့် လူတိုင်း၏ မျက်နှာအမူအရာက ချက်ချင်းပင် ပိုမို၍ လေးနက်သွားခဲ့သည်။
နဂါးနက်မိစ္ဆာဘုရင် ဆိုသည်မှာ ရှေးခေတ်ကာလက ရှေးဟောင်းမိစ္ဆာနန်းတော်၏ မိစ္ဆာစစ်သေနာပတိ ဆယ်ဦး ထဲမှ တစ်ဦး ဖြစ်ပြီး အလွန်တရာ သန်မာသော မိစ္ဆာတစ်ဦးဖြစ်သည်။
အင်မော်တယ်လောကနှင့် မိစ္ဆာများအကြား ဖြစ်ပွားခဲ့သော ရှေးခေတ်ကာလက စစ်ပွဲကြီးတွင် ရှေးဟောင်းမိစ္ဆာနန်းတော်မှ မိစ္ဆာစစ်သေနာပတိ ဆယ်ဦး ကျဆုံးသွားခဲ့ပြီဟု သိထားသော်လည်း ၎င်းတို့ထဲမှ တစ်ယောက်က အသက်ရှင်ကျန်ရစ်နေလိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ပေ။
အင်မော်တယ်ဘုရင်ကျိချုံးက အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်ကာ ပြောလိုက်သည်။
“အားလုံးပဲ...ရှေးဟောင်းမိစ္ဆာနန်းတော်ရဲ့ခွန်အားက ငါတို့ထက် အများကြီး ပိုအစွမ်းထက်တယ်...ငါတို့တွေ တိုက်ပွဲဝင်အစီအရင်တစ်ခုကို အတူတူ ဖန်တီးကြရအောင်”
နဂါးနက်မိစ္ဆာဘုရင်သည် ရှေးဟောင်းမိစ္ဆာနန်းတော်၏ မိစ္ဆာစစ်သေနာပတိ ဆယ်ဦးထဲမှ တစ်ဦးဖြစ်ပြီး ခြေလှမ်းတစ်ဝက် မိစ္ဆာဧကရာဇ်အဆင့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။
နဂါးနက်မိစ္ဆာဘုရင် တစ်ယောက်တည်းကို ရင်ဆိုင်ရန်ပင် သူတို့အတွက် အလွန်တရာ ခက်ခဲနေပြီ ဆိုလည်း မမှားပေ။
ထို့အပြင် ရှေးဟောင်းမိစ္ဆာနန်းတော်ဘက်မှ မိစ္ဆာဘုရင်အရေအတွက်သည် သူတို့ အင်မော်တယ်လောကမှ အင်မော်တယ်ဘုရင် အရေအတွက်ထက် ပို၍ များပြားနေခဲ့သည်။
ယခုအချိန်တွင် သူတို့အနေဖြင့် ဧကရာဇ်ရှချင်း တီထွင်ခဲ့သည့် တိုက်ပွဲဝင် အစီအရင်ကို အသုံးပြုကာ ရှေးဟောင်းမိစ္ဆာနန်းတော်၏ ကျူးကျော်မှုကို ခုခံရန်သာ ရှိတော့သည်။
အင်မော်တယ်ဘုရင် ထျန်းဟွမ်နှင့် အခြားသူများသည်လည်း ရှေးဟောင်းမိစ္ဆာနန်းတော်၏ စွမ်းအားကို သဘာဝကျစွာပင် ခံစားမိခဲ့ကြသည်။
ထို့ကြောင့် အားလုံးက တုံ့ဆိုင်းမနေတော့ဘဲ လက်ဟန်များပြုလုပ်ကာ တိုက်ပွဲဝင် အစီအရင်ကို အတူတကွ ဖန်တီးခဲ့ကြသည်။
ကောင်းကင်နယ်မြေကြီး လေးခုမှ အင်မော်တယ်ဘုရင်ဆယ်ပါးကျော် တစ်ချိန်တည်း ပြိုင်တူ လှုပ်ရှားလိုက်ကြရာ ကြောက်မက်ဖွယ် အင်မော်တယ်စွမ်းအားများသည် ကောင်းကင်ယံကို လွှမ်းမိုးသွားခဲ့ပြီး သူတို့ရှေ့ရှိ ကောင်းကင်ယံသည် ပရမ်းပတာ ကောင်းကင်ယံ တစ်ခုအဖြစ်သို့ ချက်ချင်းပင် ပြောင်းလဲသွားခဲ့သည်။
ဤပရမ်းပတာ ကောင်းကင်ယံကြီးသည် မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ်နယ်မြေတစ်ခုလုံးကို ကန့်လန့်ဖြတ် ပိတ်ဆို့ထားခဲ့ပြီး မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ်နယ်မြေနှင့် ကောင်းကင်မိစ္ဆာတောင် တို့ကို ကမ္ဘာနှစ်ခုအဖြစ် တိုက်ရိုက်ပင် ခွဲခြားပစ်လိုက်သလိုမျိုး ဖြစ်နေခဲ့၏။
ပရမ်းပတာ ကောင်းကင်ယံကို ဖန်တီးလိုက်သည့် အခိုက်အတန့်မှာပင် နဂါးနက်မိစ္ဆာဘုရင်သည် ရှေးဟောင်းမိစ္ဆာနန်းတော်မှ မိစ္ဆာဘုရင်ဆယ်ပါးကျော်နှင့် အတူ ပရမ်းပတာ ကောင်းကင်ယံ၏ အပြင်ဘက်သို့ ရောက်ရှိလာခဲ့သည်။
သူက တောက်ပသော မျက်ဝန်းများဖြင့် ပရမ်းပတာကောင်းကင်ယံကို ထုတ်ဖော်ထားသည့် အင်မော်တယ်ဘုရင်ကျိချုံးတို့လူစုကို ကြည့်ကာ လှောင်ပြုံး ပြုံးလိုက်သည်။
“ဒီခေတ်ရဲ့ အင်မော်တယ်လောကက အားနည်းလှချည်လား”
နဂါးနက်မိစ္ဆာဘုရင်၏ နံဘေးမှ အတောင်ပံလေးခုနှင့် မိစ္ဆာဘုရင်တစ်ပါးက ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။
“သူတို့တွေက ကျွန်တော်တို့ ရှေးဟောင်းမိစ္ဆာနန်းတော်ကို ချိတ်ပိတ်ဖို့ အတွက် အင်မော်တယ်လောကရဲ့ မူလအရင်းအမြစ်စွမ်းအားကို အသုံးပြုခဲ့ကြတယ်.. အကျိုးဆက်အနေနဲ့ အင်မော်တယ်လောကရဲ့ ဥပဒေတွေက ချို့ယွင်းသွားခဲ့ပြီး ကျင့်ကြံရတာ အရမ်းကို ခက်ခဲသွားစေခဲ့တယ်.. ယနေ့ခေတ် အင်မော်တယ်လောကမှာ အင်မော်တယ်ဧကရာဇ် အဆင့် ကျင့်ကြံသူ မရှိလောက်တော့ဘူး"
"ငါတို့ရှေ့မှာ ရှိနေတဲ့ အင်မော်တယ်ဘုရင်တွေကို ရှင်းပစ်ပြီး အင်မော်တယ်လောကကို ရှေးဟောင်းမိစ္ဆာနန်းတော်ရဲ့ အပိုင်နယ်မြေတစ်ခု ဖြစ်အောင် သိမ်းပိုက်ကြစို့.. ဒါက ငါတို့အတွက် နောက်ဆုံး အခွင့်အရေးပဲ.. ဘာအမှားအယွင်းမှ ဖြစ်လို့မဖြစ်ဘူး”
စကားဆုံးသည်နှင့် နဂါးနက် မိစ္ဆာဘုရင်၏ လက်ထဲမှ အနက်ရောင်လှံရှည်ကနေ မိစ္ဆာအလင်းတန်းများ ပေါက်ကွဲထွက်ပေါ်လာခဲ့ပြီး သူ့ရှေ့ရှိ ပရမ်းပတာ ကောင်းကင်ယံကို တိုက်ရိုက်ပင် ခုတ်ပိုင်းချလိုက်သည်။
“ဝုန်း..”
ဟင်းလင်းပြင်ကြီးက တုန်ခါသွားခဲ့ပြီး ကြောက်မက်ဖွယ်စွမ်းအင်လှိုင်းများသည် မိုင်ပေါင်းသန်းချီ ဧရိယာအထိ မျက်စိတစ်မှိတ်အတွင်း ရိုက်ခတ်သွားခဲ့သည်။
သို့သော်လည်း အင်မော်တယ်ဘုရင်ကျိချုံးနှင့် အခြားသော အင်မော်တယ်ဘုရင်များသည် ခွန်အားများကို စုစည်းကာ ဧကရာဇ်ရှချင်း တီထွင်ထားသည့် တိုက်ပွဲဝင် အစီအရင်ကို ဖန်တီးထားခဲ့ခြင်း ဖြစ်၍ တိုက်ပွဲဝင်အစီအရင်သည် အလွန်တရာပင် အစွမ်းထက်နေခဲ့သည်။
နဂါးနက်မိစ္ဆာဘုရင်က လှံရှည်ဖြင့် တိုက်ခိုက်ခဲ့သည့်တိုင် ပရမ်းပတာ ကောင်းကင်ယံကို အနည်းငယ်မျှပင် တုန်ခါအောင် မလုပ်ဆောင်နိုင်ခဲ့ပေ။
“ဟမ့်...တိုက်ပွဲဝင် အစီအရင်လေး တစ်ခုတည်းနဲ့ ငါတို့ ရှေးဟောင်းမိစ္ဆာနန်းတော်ရဲ့ ခြေလှမ်းတွေကို တားဆီးဖို့ကြိုးစားနေတာက စိတ်ကူးယဥ်နေတာပဲ...အားလုံးပဲ အတူတူလှုပ်ရှားပြီး ဒီပရမ်းပတာ ဟင်းလင်းပြင်ကို ဖျက်ဆီးပစ်ကြစို့”
နဂါးနက်မိစ္ဆာဘုရင်၏ စကားအဆုံးသတ်သည်နှင့် ကြောက်မက်ဖွယ် မိစ္ဆာစွမ်းအင်များသည် အနက်ရောင်လှံရှည်ထဲသို့ ချက်ချင်းပင် စီးဝင်သွားခဲ့ပြီး ကောင်းကင်ယံကိုပင် တုန်ခါသွားစေခဲ့သည့် နဂါးဟိန်းဟောက်သံသည် အနက်ရောင်လှံရှည်မှ တစ်ဆင့် ချက်ချင်းပင် ပျံ့လွင့်ထွက်ပေါ်လာခဲ့သည်။
နောက်ထပ် တစ်ခဏတွင် အနက်ရောင်မိစ္ဆာနဂါးတစ်ကောင်သည် ကောင်းကင်နှင့် မြေပြင်ကိုပင် ဖျက်ဆီးပစ်နိုင်လောက်သည့် ထိတ်လန့်ဖွယ် စွမ်းအားများဖြင့် ပရမ်းပတာကောင်းကင်ယံကို ပြင်းထန်စွာ ဝင်ဆောင့်လိုက်သည်။
တစ်ချိန်တည်းမှာပင် နဂါးနက်မိစ္ဆာဘုရင်၏ နံဘေးတွင် ရှိနေကြသော မိစ္ဆာဘုရင် ဆယ်ပါးကျော်သည်လည်း တစ်ပြိုင်ထဲ လှုပ်ရှားလိုက်ကြပြီး အမျိုးမျိုးသော မိစ္ဆာစွမ်းအားများကို ပရမ်းပတာ ကောင်းကင်ယံသို့ ပစ်လွှတ်လိုက်ကြသည်။
“ဝုန်း..”
“ဝုန်း..”
“ဝုန်း..”
ဟင်းလင်းပြင်ထဲတွင် စွမ်းအင် ပေါက်ကွဲသံများသည် ဆက်တိုက်ဆိုသလို ပဲ့တင်ထပ်လာခဲ့ပြီး ထိတ်လန့်ဖွယ်စွမ်းအင်လှိုင်းများသည် ဟင်းလင်းပြင်ကို ရိုက်ခတ်သွားခဲ့ရာ မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ်နယ်မြေ၏ ကောင်းကင်ယံတစ်ဝက်ကို ချက်ချင်းဆိုသလို အနက်ရောင်တွင်းနက်ကြီး တစ်ခု အဖြစ်သို့ ပြောင်းလဲသွားစေခဲ့ပြီး ကမ္ဘာပျက်ကပ်ကြီး ဆိုက်ရောက်လာတော့မည့်အလား ဖြစ်စေခဲ့သည်။
သို့သော်လည်း အင်မော်တယ်ဘုရင်ကျိချုံးတို့ လူစုသည် အင်မော်တယ်ဧကရာဇ် တီထွင်ခဲ့သော တိုက်ပွဲဝင် အစီအရင်ကို အမှီပြုပြီး နဂါးနက်ဘုရင်မိစ္ဆာဘုရင် တို့၏ တိုက်ခိုက်မှုကို တားဆီးထားနိုင်ဆဲပင်။
နဂါးနက်မိစ္ဆာဘုရင်တို့ လူစုသည် ပရမ်းပတာ ကောင်းကင်ယံကို မဖျက်ဆီးနိုင်ခဲ့ကြ၍ အတော်လေး အခက်တွေ့နေခဲ့ကြသည်။
“အင်မော်တယ်ဘုရင်ကျိချုံး...ကောင်းကင်မိစ္ဆာတောင်ထဲမှာ ထွက်ပေါ်လာတဲ့ မိစ္ဆာဘုရင် အရေအတွက်က တဖြည်းဖြည်း ပိုမို များပြားလာခဲ့ပြီ.. ငါတို့တွေ တိုက်ပွဲဝင်အစီအရင်ကို ထုတ်ဖော်ထားရင်တောင် အကြာကြီး တောင့်ခံမထားနိုင်မှာ ငါစိုးရိမ်မိတယ်”
အင်မော်တယ်ဘုရင် ချင်းစန်းက လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။
ရှေးဟောင်းမိစ္ဆာနန်းတော်၏ ခွန်အားသည် ယနေ့ခေတ် အင်မော်တယ်လောကထက် များစွာ ပို၍ အစွမ်းထက်နေခဲ့၏။
ကောင်းကင်မိစ္ဆာတောင်တွင် မိစ္ဆာဧကရာဇ် တစ်ပါး မမွေးဖွားလာသေးသည့်တိုင် ဤနဂါးနက်မိစ္ဆာဘုရင် တစ်ပါးတည်းကပင် သူတို့အတွက် ဖြေရှင်းရန် အလွန်တရာ ခက်ခဲနေခဲ့ပြီ ဖြစ်သည်။
"ဘာပဲဖြစ်ဖြစ် လက်ရှိအချိန်မှာ တိုက်ပွဲဝင်အစီအရင်ကို အသုံးပြုပြီး တတ်နိုင်သမျှ တောင့်ခံထားဖို့ပဲ ရှိတော့တယ်”
အင်မော်တယ်ဘုရင်ကျိချုံးက လေးနက်စွာ ပြောလိုက်သည်။
“ငါတို့တွေ အဲဒီလူ ပြန်ရောက်လာတဲ့အထိ အချိန်ဆွဲထားနိုင်မယ် ဆိုရင်တော့ ရှေးဟောင်းမိစ္ဆာနန်းတော်ကို မောင်းထုတ်ပစ်ဖို့ ငါတို့မှာ မျှော်လင့်ချက်မရှိဘူးလို့ ပြောလို့ မရသေးပါဘူး”
ထိုစကားကိုကြားလျှင် အင်မော်တယ်ဘုရင် ချင်းစန်းနှင့် အခြားသူများသည် အနည်းငယ် မှင်တက်သွားခဲ့ကြပြီး အင်မော်တယ်ဘုရင် ကျိချုံးကို ကြည့်ကာ မေးလိုက်ကြသည်။
“အင်မော်တယ်ဘုရင်ကျိချုံး.. မင်းပြောတဲ့ အဲဒီလူက အဲဒီလောက်အထိ အစွမ်းထက်နေရအောင် ဘယ်သူမို့လို့လဲ”
အင်မော်တယ်ဘုရင်ကျိချုံးက လေးနက်စွာ ပြောလိုက်သည်။၏
“သူက ဧကရာဇ်ရှချင်းရဲ့ ဆက်ခံသူ.. အင်မော်တယ်ကံကြမ္မာနဲ့အညီ မွေးဖွားလာခဲ့တဲ့ ကံကြမ္မာသားတော်ပဲ”
ထိုစကားကိုကြားလျှင် အင်မော်တယ်ဘုရင် ချင်းစန်းနှင့် အခြားသူများသည် အနည်းငယ် အံ့ဩ တုန်လှုပ်သွားခဲ့ကြသည်။
ဧကရာဇ်ရှချင်း ဆိုသည်မှာ အင်မော်တယ်လောက၏ တတိယခေတ်တွင် အင်မော်တယ်လောကကို လွှမ်းမိုးခဲ့သည့် နံပါတ်တစ် အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်ကြီး ဖြစ်သည်။
ဒဏ္ဍာရီလာ ပြိုင်ဘက်ကင်း အင်မော်တယ်ဧကရာဇ်သည် ဤခေတ်တွင် ဆက်ခံသူ တစ်ယောက်ကို ချန်ထားခဲ့လိမ့်မည်ဟု သူတို့ ထင်မထားခဲ့ကြပေ။
အကယ်၍ ဧကရာဇ်ရှချင်း၏ ဆက်ခံသူသာ အမှန်တကယ်ရှိနေခဲ့မည်ဆိုလျှင် သူတို့အနေဖြင့် ရှေးဟောင်းမိစ္ဆာနန်းတော်ကို အနိုင်ယူရန် အမှန်တကယ် မျှော်လင့်ချက် ရှိလာနိုင်ပေသည်။
“ဝုန်း..”
အင်မော်တယ်ဘုရင် ကျိချုံးတို့ စကားပြောဆိုနေသည့် အချိန်မှာပင် ကောင်းကင်မိစ္ဆာတောင်ကနေ ကမ္ဘာကြီးကိုပင် တုန်ခါသွားစေနိုင်လောက်သည့် တုန်ခါမှုတစ်ခု ရုတ်တရက် ဖြစ်ပေါ်လာခဲ့သည်။
ထို့နောက် ချက်ချင်းဆိုသလိုပင် ကြောက်မက်ဖွယ်မိစ္ဆာအရှိန်အဝါသည် ကောင်းကင်မိစ္ဆာတောင်ကနေ ပျံ့နှံ့လာခဲ့၏။
ထိုမိစ္ဆာအရှိန်အဝါသည် မျက်စိတစ်မှိတ် အတွင်းမှာပင် မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ်မြို့တော်အထက်ရှိ ကောင်းကင်ယံကို လွှမ်းခြုံသွားခဲ့သည်။
ဤအခိုက်အတန့်တွင် မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ်နယ်မြေတစ်ခုလုံးသည် မိစ္ဆာအရှိန်အဝါ၏ လွှမ်းမိုးမှုကို ခံလိုက်ရသည်။
အသက်ရှူကျပ်မတတ် ထိတ်လန့်ဖွယ်ရာ ကောင်းသည့် မိစ္ဆာစွမ်းအားကို ခံစားမိလျှင် အင်မော်တယ်ဘုရင် ကျိချုံးတို့လူစု၏ မျက်နှာအမူအရာက အကြီးအကျယ် ပြောင်းလဲသွားခဲ့သည်။
“ဒါက မိစ္ဆာဧကရာဇ်ရဲ့ အရှိန်အဝါပဲ”
ချိတ်ပိတ်ခံထားရသော မိစ္ဆာဧကရာဇ်သည် သိပ်မကြာမီအချိန်အတွင်း ထွက်ပေါ်လာတော့မည်ကို သူတို့အားလုံး စိုးရိမ်သွားခဲ့ကြသည်။
အခန်း(၃၀၁၁)ပြီး၏။