← Chapters

အခန်း ၃၀၁၂

Vol. 241 Ch. 3012

အခန်း ၃၀၁၂

Vol. 241 Ch. 3012

အခန်း (၃၀၁၂)

အင်မော်တယ်ဘုရင်ကျိချုံးတို့လူစု ထိတ်လန့်တုန်လှုပ်နေကြသည့် အချိန်မှာပင် ပရမ်းပတာကောင်းကင်ယံ၏ အပြင်ဘက် ဟင်းလင်းပြင်ထဲတွင် ကြီးမားသော တွင်းနက်ကြီးတစ်ခု ရုတ်တရက် ပေါ်ထွက်လာခဲ့ပြီး ထိုတွင်းနက်ကြီးထဲကနေ ကြောက်မက်ဖွယ် မိစ္ဆာစွမ်းအားများကို ပိုင်ဆိုင်ထားသည့် ပုံရိပ်တစ်ခု ထွက်ပေါ်လာခဲ့သည်။

ထိုပုံရိပ်သည် သာမန်ထွားကျိုင်းပြီး ထိတ်လန့်တုန်လှုပ်ဖွယ်အရှိန်အဝါများကို ထုတ်လွှတ်နေခဲ့သည်။

သူက နေရာတွင် တိတ်တဆိတ် ရပ်နေရုံမျှသာ ဖြစ်သော်လည်း ပရမ်းပတာ ကောင်းကင်ယံ၏ တစ်ဖက်ခြမ်းတွင်ရှိနေကြသော အင်မော်တယ်ဘုရင်ကျိချုံးတို့ လူစုသည် သူ၏ ခန္ဓာကိုယ်မှ ထုတ်လွှတ်နေသော မိစ္ဆာအရှိန်အဝါ၏ ရိုက်ခတ်မှုကို ခံလိုက်ရပြီး အသက်ရှူကျပ်မတတ် ခံစားလိုက်ရသည်။

အင်မော်တယ်ဘုရင်ကျိချုံးတို့ လူစုသည် ပရမ်းပတာကောင်းကင်ယံ၏ အပြင်ဘက်တွင် ထွက်ပေါ်လာသော ပုံရိပ်ကို ကြည့်ကာ ရုတ်တရက် မျက်မှောင်ကြုတ်သွားကြ၏။

မပျက်စီးနိုင်သော မိစ္စာဧကရာဇ်သည် ရှေးဟောင်းမိစ္ဆာနန်းတော်ကို ဦးဆောင်ကာ အင်မော်တယ်လောကကို ကျူးကျော်ခဲ့သည့် ခေါင်းဆောင်တစ်ဦး ဖြစ်သည်။

အင်မော်တယ်လောက၏ တတိယခေတ်တွင် ဧကရာဇ်ရှချင်းဦးဆောင်သည့် အင်မော်တယ်လောကနှင့် ရှေးဟောင်းမိစ္ဆာနန်းတော် ဦးဆောင်သည့် မိစ္ဆာမျိုးနွယ်စုများသည် တိုက်ပွဲဖြစ်ပွားခဲ့သည်။

အဆုံးသတ်တွင်မူ အင်မော်တယ်ဧကရာဇ်များသည် အင်မော်တယ်လောက၏ မူလအရင်းအမြစ်ကို အသုံးပြုခဲ့ရသည့်အပြင် ကိုယ့်ကိုယ်ကိုယ် စတေးကာ ဧကရာဇ်အဆင့် မိစ္ဆာများကို ချေမှုန်းပြီး ကျန်ရှိသည့် မိစ္ဆာအားလုံးကို သီးခြား နေရာလွတ် ဟင်းလင်းပြင်ထဲတွင် ချိတ်ပိတ်ခဲ့သည်။

သို့သော်လည်း အင်မော်တယ်ဧကရာဇ်များနှင့်အတူ ဧကရာဇ်အဆင့်မိစ္ဆာများ ချေမှုန်းခံလိုက်ရသည့်တိုင် မပျက်စီးနိုင်သော မိစ္ဆာဧကရာဇ်သည် အသက်ရှင်လျက် ကျန်ရစ်ခဲ့သည်။

ယခုအခါတွင်မူ ချိတ်ပိတ် စည်းတံဆိပ်ကို ထိုးဖောက်ပြီး အင်မော်တယ်လောကဆီသို့ ပြန်လည် ခြေချနိုင်ခဲ့ပြီ ဖြစ်သည်။

လက်ရှိအချိန်တွင် အင်မော်တယ်လောက၌ အင်မော်တယ်ဧကရာဇ် တစ်ပါးမျှပင် မရှိတော့သည် ဖြစ်ရာ သူကဲ့သို့ မိစ္ဆာဧကရာဇ်ကို အင်မော်တယ်လောက အနေဖြင့် မည်ကဲ့သို့ ခုခံကာကွယ်နိုင်ပါတော့မည်နည်း။

“မိစ္ဆာဧကရာဇ်ကြီး.. လွတ်မြောက်လာတဲ့ အတွက် ဂုဏ်ပြုပါတယ်”

ဤအခိုက်အတန့်တွင် နဂါးနက်မိစ္ဆာဘုရင် အပါအဝင် မိစ္ဆာဘုရင် အားလုံးသည် ဟင်းလင်းပြင်ထဲရှိ မပျက်စီးနိုင်သော မိစ္ဆာဧကရာဇ်ကို တရိုတသေကြည့်ကာ ဂါဝရပြုလိုက်ကြသည်။

မပျက်စီးနိုင်သော မိစ္ဆာဧကရာဇ်သည် နဂါးနက်မိစ္ဆာဘုရင်နှင့် အခြားသူများကို လျစ်လျူရှုလိုက်ကာ သူ၏ရှေ့ရှိ ပရမ်းပတာ ကောင်းကင်ယံကို စူးစိုက်ကြည့်လိုက်သည်။

“အသင်္ချေကောင်းကင်တိုက်ပွဲဝင် အစီအရင်ပါလား.. ဒါက ဧကရာဇ်ရှချင်းရဲ့ နာမည်ကျော် နည်းစနစ်ပဲ.. နှမြောဖို့ကောင်းတာက ဒီတိုက်ပွဲဝင် အစီအရင်က အစွမ်းထက်တယ် ဆိုပေမဲ့ အသုံးပြုတဲ့သူကတော့ အရမ်းကို အားနည်းလွန်းတယ်.. အကယ်၍ ဒီနေရာမှာ အင်မော်တယ်ဧကရာဇ် တစ်ပါးသာ ရှိနေမယ်ဆိုရင် ဒီတိုက်ပွဲဝင်အစီအရင်ကို အလွယ်တကူ ဖြိုခွင်းနိုင်မှာမဟုတ်ဘူး.. ဒါပေမဲ့ မင်းတို့လောက်နဲ့တော့ ငါ့ကို တားဆီးဖို့ ကြိုးစားနေတာက စိတ်ကူးယဉ်နေတာပဲ”

မပျက်စီးနိုင်သော မိစ္ဆာဧကရာဇ်က လက်တစ်ဖက်ကို မြှောက်ကာ အသာအယာ ဝှေ့ယမ်းလိုက်ရုံဖြင့်ပင် ကမ္ဘာကြီးကိုပင် ဖျက်ဆီးနိုင်လောက်သည့် ကြောက်မက်ဖွယ်စွမ်းအားများသည် မျက်စိတစ်မှိတ်အတွင်း ပရမ်းပတာ ကောင်းကင်ယံကို ပြင်းထန်စွာ ဝင်ဆောင့်သွားခဲ့သည်။

သို့သော်လည်း ထိုမျှလောက် ထိတ်လန့်ဖွယ်ကောင်းသည့် ပြင်းထန်သော ဝင်ဆောင့်မှုသည် ဟင်းလင်းပြင်ထဲတွင် မည်သည့် အသံဗလံမှ ထွက်ပေါ်မလာစေခဲ့ပေ။

နဂါးနက်မိစ္ဆာဘုရင်နှင့် အခြားသူများ လုံးဝ မဖြိုခွင်းနိုင်ခဲ့ကြသည့် ပရမ်းပတာကောင်းကင်ယံသည် သာမန်မျက်စိဖြင့် မြင်တွေ့နိုင်သော အရှိန်အဟုန်ဖြင့် ချက်ချင်းဆိုသလို ပျောက်ကွယ်သွားခဲ့သည်။

တစ်ခဏအတွင်းမှာပင် ပရမ်းပတာ ဖြစ်နေသော ကောင်းကင်ယံသည် တဖြည်းဖြည်း ကြည်လင်လာခဲ့ပြီး အဆုံးသတ်တွင် ကောင်းကင်နှင့်မြေကြီး ကြား၌ တိုက်ရိုက်ဆိုသလို ပျောက်ကွယ်သွားခဲ့သည်။

ပရမ်းပတာ ကောင်းကင်ယံပျောက်ကွယ်သွားသည်နှင့်တစ်ပြိုင်နက် အင်မော်တယ်ဘုရင် ကျိချုံးနှင့် အခြားသူများသည် တုန်လှုပ်ချောက်ချားသွားခဲ့ကြပြီး မျက်နှာများ ဖြူဖျော့သွားခဲ့သည်။

ဟင်းလင်းပြင်ထဲရှိ မပျက်စီးနိုင်သော မိစ္ဆာဧကရာဇ်ကို ကြည့်ကာ သူတို့၏ မျက်ဝန်းထဲတွင် စိတ်ပျက်အားငယ်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့ကြသည်။

မိစ္ဆာဧကရာဇ် ဆိုသည်မှာ အင်မော်တယ်ဧကရာဇ်နှင့် ယှဥ်နိုင်သည့် အစွမ်းထက်ဆုံး တည်ရှိမှုကြီး ဖြစ်သည်။

အင်မော်တယ်လောကရှိ ကောင်းကင်နယ်မြေကြီး လေးခုမှ အင်မော်တယ်ဘုရင်များသည် ဧကရာဇ်ရှချင်း တီထွင်ခဲ့သည့် တိုက်ပွဲဝင် အစီအရင်ကို ပူးပေါင်း ထုတ်ဖော်ခဲ့သည့်တိုင် မိစ္ဆာဧကရာဇ်ကို ခုခံကာကွယ်ရန် အလွန်တရာ ခက်ခဲနေခဲ့သည်။

“ငါတို့ ရှေးဟောင်းမိစ္ဆာနန်းတော်ကို ချိတ်ပိတ်ဖို့အတွက် ဧကရာဇ်ရှချင်းက အင်မော်တယ်လောကမှာရှိတဲ့ မူလ အရင်းအမြစ်စွမ်းအား တချို့ကို အသုံးပြုခဲ့တယ်.. ဒီအတွက် အင်မော်တယ်လောကရဲ့ ဥပဒေသတွေက ချို့ယွင်းသွားခဲ့ပြီး ဘယ်သူကမှ အင်မော်တယ်ဧကရာဇ် အဆင့်ကို မထိုးဖောက်နိုင်တော့ဘူး.. ဒီတစ်ကြိမ် မင်းတို့ အင်မော်တယ်လောက အနေနဲ့ ငါ့ကို ဘယ်လိုမျိုး တားဆီးမလဲ ဆိုတာ ငါကြည့်ချင်သေးတယ်”

စကားဆုံးသည်နှင့် မပျက်စီးနိုင်သော မိစ္ဆာဧကရာဇ်သည် သူ၏ လက်တစ်ဖက်ကို ဆန့်ထုတ်ကာ အင်မော်တယ်ဘုရင်ကျိချုံးတို့ ရှိရာ ဆီသို့ ရိုက်ချလိုက်သည်။

ထိုလက်ဝါး ရိုက်ချက် ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် အင်မော်တယ်ဘုရင် ကျိချုံးနှင့် အခြားသူများ ရှိနေသော ဟင်းလင်းပြင်သည် ချက်ချင်းဆိုသလို ပိတ်ဆို့ခံလိုက်ရသည်။

“ခရမ်းရောင်မီးလျှံ ဟင်းလင်းပြင်လောင်ကျွမ်းခြင်းဓား”

အင်မော်တယ်ဘုရင်ကျိချုံးက ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့ပြီး အထွတ်အထိပ် အင်မော်တယ်စွမ်းအားများ ထုတ်လွှတ်နေသော ရှေးဟောင်း ဓားတစ်လက်ကို ထုတ်ဖော်လိုက်သည်။

ထိုရှေးဟောင်းဓား ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် အင်မော်တယ်ဘုရင် အားလုံးကို မကိုးကွယ်ဘဲ မနေနိုင်လောက်အောင် ဖြစ်ပေါ်စေသည့် အရှိန်အဝါ တစ်ခုသည် ဟင်းလင်းပြင်ထဲတွင် တစ်ခဏအတွင်း ပျံ့နှံ့သွားခဲ့သည်။

သေရေးရှင်ရေး အခိုက်အတန့်တွင် မပျက်စီးနိုင်သော မိစ္ဆာဧကရာဇ်၏ တိုက်ခိုက်မှုကို ရင်ဆိုင်ရန်အတွက် အင်မော်တယ်ဘုရင် ကျိချုံးသည် ခရမ်းရောင်မီးလျှံ အင်မော်တယ်နန်းတော်၏ ဧကရာဇ်အဆင့် လက်နက်ကို တွေဝေမှုမရှိဘဲ ထုတ်သုံးလိုက်ရတော့သည်။

“ကောင်းကင်ဖီးနစ် အင်မော်တယ်တောင်ပံ"

"ချင်းလီရှေးဟောင်းစည်းတံဆိပ်”

“ရှေးဟောင်းလဗိမ္မာန်ကျာပွတ်”

အင်မော်တယ်ဘုရင် ထျန်းဟွမ်၊ အင်မော်တယ်ဘုရင် ချင်းစန်းနှင့် အင်မော်တယ်ဘုရင် ယွဲ့တကျီ တို့သည်လည်း တုံ့ဆိုင်းမနေတော့ဘဲ သူတို့၏ ဧကရာဇ်အဆင့် လက်နက်များကို ထုတ်ဖော်လိုက်ကြပြီး မပျက်စီးနိုင်သော မိစ္ဆာဧကရာဇ်၏ တိုက်ခိုက်မှုကို ရင်ဆိုင်လိုက်ကြသည်။

“ဝုန်း..”

ဧကရာဇ်အဆင့် အင်မော်တယ် လက်နက်လေးခုနှင့် မပျက်စီးနိုင်သော မိစ္ဆာဧကရာဇ်တို့၏ လက်ဝါးရိုက်ချက်သည် ရုတ်တရက် ပြင်းထန်စွာ ထိပ်တိုက် ဆုံတွေ့သွားခဲ့ရာ ဟင်းလင်းပြင်ကို ပြိုကွဲသွားစေခဲ့ပြီး မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ် နယ်မြေတစ်ခုလုံးကို ဗြောင်းဆန်သွားစေခဲ့ကာ တောင်တန်းနှင့် မြစ်များပင် ပြိုကျ ပျက်စီးသွားခဲ့သည်။

မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ်နယ်မြေမှ မရေမတွက်နိုင်သော လူများသည် ရိုက်ခတ်မှုကို ခံလိုက်ရပြီး ကျဆုံးသွားခဲ့ကြသည်။

ဟင်းလင်ပြင်ထဲမှ အင်မော်တယ်ဘုရင် ကျိချုံးနှင့် အခြားသူများသည်လည်း ကြိုးပြတ်သွားသော စွန်တစ်ကောင်နှယ် မိုင်ပေါင်းထောင်ချီ အကွာအဝေး အထိ လွင့်စင်သွားခဲ့ပြီး ပါးစပ်ကနေ သွေးတစ်လုတ်ကို အန်ထုတ်လိုက်ရသည်။

အခြားသော အင်မော်တယ်ဘုရင်များ၏ အခြေအနေက ပို၍ပင် ကြေကွဲစရာ ကောင်းနေခဲ့၏။

အားနည်းသူ တချို့ဆိုလျှင် ဤရိုက်ခတ်မှုအောက်တွင် သေဆုံးလုနီးပါး အခြေအနေသို့ပင် ရောက်ရှိသွားခဲ့သည်။

ဤအခိုက်အတန့်တွင် မပျက်စီးနိုင်သော မိစ္ဆာဧကရာဇ်ကို ကြည့်ကာ သူတို့၏ မျက်ဝန်းထဲတွင် စိတ်ပျက်အားလျော့သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့ကြသည်။

မပျက်စီးနိုင်သော မိစ္ဆာဧကရာဇ်၏ ခွန်အားသည် အလွန်တရာပင် ကြောက်မက်ဖွယ် ကောင်းနေခဲ့သည်။

အင်မော်တယ်ဘုရင်ကျိချုံး အပါအဝင် ထိပ်တန်းအင်မော်တယ်ဘုရင် လေးပါးသည် ဧကရာဇ်အဆင့် အင်မော်တယ်ရတနာကို အသုံးပြုခဲ့သည့်တိုင် မပျက်စီးနိုင်သော မိစ္ဆာဧကရာဇ်၏ လက်ဝါးရိုက်ချက်ကို ရင်မဆိုင်နိုင်ခဲ့ပေ။

“ကျိချုံး ဒီမိစ္ဆာဧကရာဇ်က အရမ်းကို အစွမ်းထက်လွန်းတယ် ငါတို့တွေ ဘယ်လိုမှ ခုခံနိုင်မှာမဟုတ်ဘူး.. မင်းပြောတဲ့ ဧကရာဇ်ရှချင်းရဲ့ ဆက်ခံသူဆိုတာက ဘယ်အချိန်မှ ထွက်ပေါ်လာမှာလဲ”

အင်မော်တယ်ဘုရင်ထျန်းဟွမ်က သူ၏ ကိုယ်ထဲမှ ဗြောင်းဆန်နေသော စွမ်းအားများကို ဖိနှိပ်လိုက်ပြီး အင်မော်တယ်ဘုရင်ကျိချုံးကို မေးလိုက်သည်။

မိစ္ဆာဘုရင်နှင့် မိစ္ဆာဧကရာဇ်သည် အဆင့်တစ်ဆင့်သာ ကွာခြားသော်လည်း ၎င်းတို့ကြားမှ ကွာခြားချက်သည် အလွန်တရာ ကြီးမားသည်။

သူတို့က အင်မော်တယ်ဘုရင် အထွတ်အထိပ် အဆင့် ကျင့်ကြံသူများ ဖြစ်ကြသည့်တိုင် မိစ္ဆာဧကရာဇ်၏ ရှေ့မှောက်တွင် ပုရွက်ဆိတ်များနှင့် မခြားပေ။

အကယ်၍ ဘိုးဘေးများ ချန်ထားပေးခဲ့သော ဧကရာဇ်အဆင့်အင်မော်တယ်ရတနာသာ မရှိခဲ့လျှင် မိစ္ဆာဧကရာဇ်၏ လက်ဝါးရိုက်ချက်သည် သူတို့ကို တစ်ခါတည်း ချေမှုန်းသွားလောက်ပြီ ဖြစ်သည်။

အင်မော်တယ်ဘုရင်ကျိချုံးက အသက်ကို ခပ်ပြင်းပြင်း တစ်ချက်ရှုရှိုက်ကာ ပြန်ဖြေလိုက်သည်။

“သိပ်မကြာခင်ကတော့ သူ ငါ့ကို ကောင်းကင်ဧကရာဇ်နန်းတော်အကြောင်း မေးမြန်းခဲ့တယ်.. အဲဒီနောက်ပိုင်း ပျောက်ကွယ်သွားခဲ့တာပဲ.. သူအခု ဘယ်နေရာမှာ ရှိနေလဲ ဆိုတာ ငါလည်းမသိဘူး”

“မင်းတို့တွေ အပင်ပန်းခံပြီး ရုန်းကန်မနေနဲ့တော့.. မင်းတို့ရဲ့ စွမ်းအားလောက်နဲ့ ငါ့ကို ဘယ်လိုမှ တားဆီးနိုင်မှာမဟုတ်ဘူး”

ဤအခိုက်အတန့်တွင် မပျက်စီးနိုင်သော မိစ္ဆာဧကရာဇ်သည် အင်မော်တယ်ဘုရင် ကျိချုံးတို့၏ ရှေ့မှောက်တွင် တိုက်ရိုက်ဆိုသလို ထွက်ပေါ်လာခဲ့ပြီး အင်မော်တယ်ဘုရင် ကျိချုံးတို့လူစုကို စူးစိုက်ကြည့်ကာ ပြောလိုက်သည်။

“အင်မော်တယ်လောကကို ဦးဆောင်ပြီး ငါတို့ ရှေးဟောင်းမိစ္ဆာနန်းတော်ထံမှာ အညံ့ခံမယ် ဆိုရင် ဒီဧကရာဇ်က မင်းတို့ရဲ့အသက်ကို ချမ်းသာပေးဖို့ စဥ်းစားပေးမယ်”

ထိုစကားကို ကြားလျှင် အင်မော်တယ်ဘုရင်ကျိချုံးက နှာခေါင်းရှုံ့ကာ အေးစက်စက် ပြောလိုက်သည်။

“မပျက်စီးနိုင်သော မိစ္ဆာဧကရာဇ်.. ငါတို့ကို မင်းဆီမှာ အညံခံခိုင်းစေချင်တာက စိတ်ကူးယဥ်နေတာပဲ.. အင်မော်တယ်လောကဆိုတာ မင်းတို့ ရှေးဟောင်းမိစ္ဆာနန်းတော် ထိန်းချုပ်နိုင်တဲ့ အရာတစ်ခုမဟုတ်ဘူး.. ငါတို့တွေ ရှေးခေတ်ကာလတုန်းကလည်း မင်းတို့ကို အကြိမ်ကြိမ် မောင်းထုတ်နိုင်ခဲ့ကြတယ်.. အခုလည်း ငါတို့တွေ မောင်းထုတ်နိုင်မှာပဲ”

“သေချာလို့လား.. ရှေးခေတ်ကာလတုန်းက မင်းတို့ အင်မော်တယ်လောကမှာ ဧကရာဇ်အများအပြား ရှိခဲ့တယ်.. ဒါပေမဲ့ အခုအချိန်မှာတော့ အင်မော်တယ်ဧကရာဇ်တစ်ပါးတောင် မရှိတော့ဘူး.. မင်းတို့တွေက ဒီဧကရာဇ်နဲ့ ဘယ်လိုလုပ်ပြီး ယှဥ်ပြိုင်နိုင်မှာလဲ”

မပျက်စီးနိုင်သော မိစ္ဆာဧကရာဇ်၏ အကြည့်က အေးစက်သွားခဲ့ပြီး သူ၏ ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ် မိစ္ဆာအရှိန်အဝါသည် ကောင်းကင်နှင့် မြေပြင်ကို နောက်တစ်ကြိမ် ထပ်မံ၍ လွှမ်းမိုးသွားခဲ့သည်။

“မင်းတို့တွေ ဆက်ပြီး ခေါင်းမာနေမယ် ဆိုရင်တော့ ဒီဧကရာဇ်အနေနဲ့ မင်းတို့ အားလုံးကို ရှင်းပစ်ဖို့ပဲ ရှိတော့တယ်”

အခန်း(၃၀၁၂)ပြီး၏။

All Chapters