← Chapters

အခန်း ၃၀၁၃

Vol. 241 Ch. 3013

အခန်း ၃၀၁၃

Vol. 241 Ch. 3013

အခန်း (၃၀၁၃)

မပျက်စီးနိုင်သောမိစ္ဆာဧကရာဇ်သည် သူ၏ စကားဆုံးသည်နှင့် ဟင်းလင်းပြင်ကို ကြောက်မက်ဖွယ် မိစ္ဆာအရှိန်အဝါများ ဖုံးလွှမ်းနေသည့် အနက်ရောင်မိစ္ဆာကမ္ဘာ တစ်ခု အဖြစ်သို့ မျက်စိတစ်မှိတ်အတွင်း ပြောင်းလဲပစ်လိုက်သည်။

အင်မော်တယ်ဘုရင် ကျိချုံးနှင့် အခြားသော အင်မော်တယ်ဘုရင်များ၏ ကျင့်ကြံခြင်း အဆင့်ဖြင့်ပင် စိတ်ဝိညာဉ်အထိ အနည်းငယ် ရိုက်ခတ်ခံလိုက်ရပြီး ခန္ဓာကိုယ် အတွင်းမှ စွမ်းအားများပင်လျှင် ဗြောင်းဆန်မတတ် ဖြစ်သွားခဲ့သည်။

“အားလုံး အတူတူ လက်တွဲပြီး ဖောက်ထွက်ကြစို့”

အင်မော်တယ်ဘုရင် ကျိချုံးနှင့် အခြား အင်မော်တယ်ဘုရင်များ၏ မျက်နှာအမူအရာသည် အကြီးအကျယ် ပြောင်းလဲသွားခဲ့ပြီး အနက်ရောင်မိစ္ဆာကမ္ဘာကို ဖောက်ထွက်ရန် သူတို့၏ စွမ်းအားများကို အလျင်အမြန်ပင် လှုံ့ဆော်လိုက်ကြသည်။

အကယ်၍ သူတို့သာ မပျက်စီးနိုင်သော မိစ္ဆာဧကရာဇ် ဖန်တီးထားသည့် အနက်ရောင်မိစ္ဆာကမ္ဘာ ထဲတွင် ပိတ်မိသွားခဲ့မည် ဆိုလျှင် လုံးဝ ချေမှုန်းဖျက်ဆီးခံရလိမ့်မည်မှန်း သူတို့ အားလုံး ကောင်းစွာ သိရှိထားခဲ့ကြသည်။

အင်မော်တယ်ဘုရင်ကျိချုံးနှင့် အခြားသော အင်မော်တယ်ဘုရင်များသည် သူတို့၏ ခွန်အားရှိသမျှကို အစွမ်းကုန်ထုတ်ဖော်ကာ အနက်ရောင်မိစ္ဆာကမ္ဘာကို ထိုးဖောက်ရန် ပြင်ဆင်နေကြသည့် အချိန်မှာပင် အနက်ရောင်မိစ္ဆာကမ္ဘာသည် အတောမသတ် တုန်ခါသွားခဲ့သည်။

ချက်ချင်းဆိုသလိုပင် မပျက်စီးနိုင်သော မိစ္ဆာဧကရာဇ် ဖန်တီးထားသော အနက်ရောင်မိစ္ဆာကမ္ဘာကြီးတွင် ကြီးမားသော အက်ကြောင်း တစ်ခု ရုတ်တရက် ပေါ်ထွက်လာခဲ့ပြီး ထိုအက်ကြောင်းထဲကနေ စူးရှတောက်ပသော ဓားအလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့ကာ အနက်ရောင်မိစ္ဆာကမ္ဘာကြီး၏ ကောင်းကင်ယံကို အလျင်အမြန်ပင် နှစ်ပိုင်းဖြတ်ပစ်လိုက်သည်။

နောက်ထပ် အခိုက်အတန့်တွင်မူ အနက်ရောင်မိစ္ဆာကမ္ဘာကြီးသည် ဟင်းလင်းပြင်ထဲတွင် ဆက်တိုက်ဆိုသလို ပြိုကျပျက်စီးသွားခဲ့သည်။

ဤမြင်ကွင်းသည် အင်မော်တယ်ဘုရင်ကျိချုံးကို မှင်တက်အံ့ဩသွားစေရုံသာမက မပျက်စီးနိုင်သော မိစ္ဆာဧကရာဇ်ပင်လျှင် သိသိသာသာ အံ့ဩသွားခဲ့သည်။

သူက ဟင်းလင်းပြင် တစ်နေရာကို လှမ်းကြည့်လိုက်ရာ အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသော လူငယ်တစ်ယောက်ကို မြင်လိုက်ရ၏။

မပျက်စီးနိုင်သော မိစ္ဆာဧကရာဇ်၏ မျက်ဝန်းများက ရုတ်တရက် အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။

“ကောင်လေး.. မင်းရဲ့အစောပိုင်းက ဓားချက်က ဧကရာဇ်ရှချင်းရဲ့ ဓားကွက်ပဲ.. ဧကရာဇ်ရှချင်းက ဆက်ခံသူ တစ်ယောက် ချန်ထားရစ်ခဲ့လိမ့်မယ်လို့ ငါတကယ် မထင်ထားခဲ့ဘူး”

ရှေးခေတ်ကာလက အင်မော်တယ်လောကကို ကျူးကျော်ခဲ့သော မိစ္ဆာဧကရာဇ်များထဲမှ တစ်ပါး ဖြစ်၍ မပျက်စီးနိုင်သော မိစ္ဆာဧကရာဇ်သည် ဧကရာဇ်ရှချင်းနှင့် ပတ်သက်၍ မစိမ်းပေ။

ဧကရာဇ်ရှချင်းသည် အင်မော်တယ်လောက၏ တတိယခေတ်တွင် နံပါတ်တစ် အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်ကြီး ဖြစ်၍ အကယ်၍ တစ်ယောက်ချင်းသာ တိုက်ခိုက်မည် ဆိုလျှင် ရှေးဟောင်းမိစ္ဆာနန်းတော် တစ်ခုလုံးတွင် ဧကရာဇ်ရှချင်းကို ယှဥ်ပြိုင်နိုင်သည့်သူ မရှိသလောက်ပင်။

မပျက်စီးနိုင်သော မိစ္ဆာဧကရာဇ်သည် ဧကရာဇ်ရှချင်းက ဆက်ခံသူ တစ်ယောက် ချန်ထားရစ်ခဲ့လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

ထိုကောင်လေးသည် ရှေးဟောင်းမိစ္ဆာနန်းတော်ကို ချေမှုန်းရန်အတွက် ဧကရာဇ်ရှချင်း ချန်ထားရစ်ခဲ့သော ဝှက်ဖဲတစ်ခု ဖြစ်နိုင်ခြေ ရှိနေခဲ့သည်။

ဤအချက်ကို တွေးမိသည်နှင့် မပျက်စီးနိုင်သော မိစ္ဆာဧကရာဇ်၏ မျက်ဝန်းထဲတွင် မျက်စိတစ်မှိတ်အတွင်း လူသတ်ငွေ့များ ထွက်ပေါ်လာခဲ့သည်။

သူ့အနေဖြင့် ဧကရာဇ်ရှချင်း၏ မျိုးဆက်ကို ဤလောကကြီးထဲတွင် အသက်ရှင်ခွင့် လုံးဝမပြုနိုင်ပေ။

သို့မဟုတ်လျှင် ထိုကောင်လေး ကြီးထွားလာသည်နှင့် ဧကရာဇ်ရှချင်း ကဲ့သို့ပင် သူတို့ မိစ္ဆာများဆီသို့ ကပ်ဘေးများ ယူဆောင်လာနိုင်ခြေ ရှိနေခဲ့သည်။

“ကျိချုံး.. ဒီကောင်လေးက မင်းပြောတဲ့ ဧကရာဇ်ရှချင်းရဲ့ ဆက်ခံသူဆိုတာလား”

မပျက်စီးနိုင်သော မိစ္ဆာဧကရာဇ်၏ စကားကိုကြားလိုက်ရလျှင် အင်မော်တယ်ဘုရင် ထျန်းဟွမ်သည် အနည်းငယ် မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

“ဧကရာဇ်ရှချင်းရဲ့ ဆက်ခံသူက အစွမ်းထက်တယ် ဆိုပေမဲ့ သူရဲ့ ကျင့်ကြံခြင်းအဆင့်က ငါတို့နဲ့လည်း မကွာပါလား”

အင်မော်တယ်ဘုရင်ကျိချုံးက ခပ်ယဲ့ယဲ့ ပြုံးကာ ပြောလိုက်သည်။

“စိတ်မပူပါနဲ့.. ဧကရာဇ်ရှချင်းရဲ့ ဆက်ခံသူကို သာမန်အသိနဲ့ တိုင်းတာလို့ မရဘူး.. သူက မပျက်စီးနိုင်သော မိစ္ဆာဧကရာဇ်ကို သေချာပေါက် တားဆီးနိုင်ပါလိမ့်မယ်”

အင်မော်တယ်ဘုရင် ကျိချုံးသည် ကျန်းချန်တွင် မပျက်စီးနိုင်သော မိစ္ဆာဧကရာဇ်ကို ယှဥ်ပြိုင်နိုင်စွမ်းရှိသော ခွန်အား ရှိ မရှိ မသိပေ။

သို့သော်လည်း ခုနလေးတင် ကျန်းချန်သည် မပျက်စီးနိုင်သော မိစ္ဆာဧကရာဇ်၏ အနက်ရောင်မိစ္ဆာကမ္ဘာကြီးကို ဓားချက် တစ်ချက်တည်းဖြင့် ချေမှုန်းနိုင်ခဲ့သည် ဖြစ်ရာ ကျန်းချန်၏ ခွန်အားသည် သူတို့ထက် များစွာ သာလွန်နေကြောင်း သက်သေပြရန် လုံလောက်နေခဲ့သည်။

ထို့အပြင် ကျန်းချန်၏ ကိုယ်ပေါ်တွင် ကောင်းကင်ချိတ်ပိတ်အင်မော်တယ် စာအုပ်လည်း ရှိနေသေး၏။

ကျန်းချန်အနေဖြင့် ကောင်းကင်ချိတ်ပိတ် အင်မော်တယ်စာအုပ်ကို အပြည့်အဝ ထိန်းချုပ်နိုင်ပြီး ရှေးဟောင်းသားရဲကြီး ဆယ်ကောင်ကို ဆင့်ခေါ်နိုင်သရွေ့ မပျက်စီးနိုင်သော မိစ္ဆာဧကရာဇ်နှင့် တိုက်ခိုက်ရန် လုံလောက်ပေလိမ့်မည်။

ဟင်းလင်းပြင်ထဲတွင် ကျန်းချန်သည် မပျက်စီးနိုင်သော မိစ္ဆာဧကရာဇ်ကို တည်ငြိမ်စွာ စိုက်ကြည့်၍ပြောလိုက်သည်။

“မပျက်စီးနိုင်သော မိစ္ဆာဧကရာဇ်.. မင်းရဲ့ လူတွေကိုခေါ်ပြီး ပြန်သွားလိုက်ပါ.. အင်မော်တယ်လောက ဆိုတာ မင်းတို့ ရှေးဟောင်းမိစ္ဆာနန်းတော် လာရမဲ့နေရာ မဟုတ်ဘူး”

ထိုစကားကိုကြားလျှင် မပျက်စီးနိုင်သော မိစ္ဆာဧကရာဇ်၏ မျက်နှာထက်တွင် မထီမဲ့မြင် အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

“မင်းက တော်တော် လေလုံးထွားတာပဲ.. တကယ်လို့ ဧကရာဇ်ရှချင်းသာ ဒီနေရာမှာ ရပ်နေခဲ့မယ်ဆိုရင် သူက ငါ့ကို ဒီလိုစကားမျိုး ပြောဖို့ အရည်အချင်းအပြည့်ရှိတယ်.. မင်းကတော့ ဧကရာဇ်ရှချင်းရဲ့ ဆက်ခံသူတစ်ယောက် ဖြစ်နေပေမဲ့လည်း အဆုံးသတ်မှာ မင်းက အင်မော်တယ် ဧကရာဇ်အဆင့်ကို မရောက်သေးဘူး.. မင်းရဲ့ အရည်အချင်းလောက်နဲ့များ ဘာလို့ ငါ့ရှေ့မှာ လေလုံးထွားနေရတာလဲ”

အင်မော်တယ်ဘုရင် အထွတ်အထိပ်အဆင့် ခွန်အားဖြင့် ထိုကောင်လေးသည် သူ၏ အနက်ရောင်မိစ္ဆာကမ္ဘာကြီးကို ဓားချက် တစ်ချက်တည်းဖြင့် ဖျက်ဆီးပစ်နိုင်ခဲ့၍ အလွန်ပင် အစွမ်းထက်သည်ဟု ဆို၍ရသည်။

ထိုကောင်လေး၏ ခွန်အားသည် ဧကရာဇ်အဆင့် အင်မော်တယ်ရတနာကို ကိုင်ဆောင်ထားသည့် အင်မော်တယ်ဘုရင်ကျိချုံးတို့ထက်ပင် များစွာ သာလွန်နေခဲ့၏။

သို့သော်လည်း ထိုသို့ အစွမ်းထက်နေလျှင်ပင် မပျက်စီးနိုင်သော မိစ္ဆာဧကရာဇ်သည် မျက်စိထဲ မထည့်ခဲ့ပေ။

ထိုကောင်လေးသည် ပါရမီ အလွန်တရာ ထူးချွန်ပြီး ပြိုင်ဘက်ကင်း တိုက်ခိုက်ရေးစွမ်းရည်ကို ပိုင်ဆိုင်ထားသည့်တိုင် အဆုံးသတ်တွင် အင်မော်တယ်ဘုရင် အဆင့်တွင်သာ ရှိနေသေး၏။

အင်မော်တယ်ဧကရာဇ်အဆင့်သို့ မထိုးဖောက်နိုင်သရွေ့ နယ်ပယ်အဆင့်နှစ်ခု ကြားမှာ ကွာခြားချက်က မည်မျှအထိ ကြီးမားကြောင်း လုံးဝ သိရှိနိုင်မည် မဟုတ်ပေ။

ကျန်းချန်က မပျက်စီးနိုင်သော မိစ္ဆာဧကရာဇ်ကို တိုက်ခိုက်ရန်အတွက် ကျိုလီစစ်နတ်ဘုရား ခန္ဓာကိုယ်ကို လှုံ့ဆော်လိုက်ပြီး အပြာရောင်ဧကရာဇ် ဓားသိုင်းကို ထုတ်ဖော်လိုက်သည်။

ကောင်းကင်ယံကို ဖြတ်သန်းကာ ရောက်ရှိလာခဲ့သည့် ဧကရာဇ်ရှချင်း၏ ပုံရိပ်ယောင်ကို မြင်လိုက်ရလျှင် အင်မော်တယ်ဘုရင် ကျိချုံးနှင့် အခြားသော အင်မော်တယ်ဘုရင်များသည် အံ့ဩတုန်လှုပ်သွားခဲ့ပြီး ကိုးကွယ်ချင်စိတ်များ တဖွားဖွား ပေါ်လာခဲ့သည်။

“ဧကရာဇ်ရှချင်းပါလား”

မပျက်စီးနိုင်သော မိစ္ဆာဧကရာဇ်သည် ဟင်းလင်းပြင်ထဲရှိ ဧကရာဇ်ရှချင်း၏ ပုံရိပ်ယောင်ကို မြင်လျှင် ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့သည်။

ဧကရာဇ်ရှချင်း၏ အကြည့်က မပျက်စီးနိုင်သော မိစ္ဆာဧကရာဇ်ဆီသို့ တိုက်ရိုက်ပင် ကျရောက်သွားခဲ့သည်။

“မပျက်စီးနိုင်သော မိစ္ဆာဧကရာဇ်.. မင်းက မသေသေးဘဲ အင်မော်တယ်လောကဆီ တစ်ဖန် ပြန်လည်ထွက်ပေါ်လာခဲ့ပြီပေါ့”

မပျက်စီးနိုင်သော မိစ္ဆာဧကရာဇ်က ဧကရာဇ်ရှချင်း၏ ပုံရိပ်ယောင်ကို ကြည့်ကာ ပြောလိုက်သည်။

“ဧကရာဇ်ရှချင်း.. ခင်ဗျားရဲ့ခန္ဓာကိုယ်က အင်မော်တယ်လောကထဲမှာ ရှိမနေတော့ဘူး ကောင်းကင်ယံကို ဖြတ်သန်းလာခဲ့တဲ့ ဒီပုံရိပ်ယောင်လောက်နဲ့တော့ ငါဧကရာဇ်ကို ရင်ဆိုင်နိုင်မယ်လို့ ခင်ဗျား ထင်နေတာလား”

“ငါက မင်းကို ရင်မဆိုင်နိုင်ရင်တောင်မှ တစ်စုံတစ်ယောက်က မင်းကို ငါ့ကိုယ်စား ရင်ဆိုင် ဖြေရှင်းပါလိမ့်မယ်”

ဧကရာဇ်ရှချင်းက ခပ်ယဲ့ယဲ့ ပြုံးလိုက်ပြီးနောက်တွင် ကျန်းချန်ကို လှမ်းကြည့်လိုက်သည်။

“ကောင်လေး.. ငါမင်းကို ဓားချက်တစ်ချက်တော့ ကူညီခဲ့မယ်.. ကျန်တဲ့ကိစ္စတွေကတော့ မင်းအပေါ်မှာပဲ မူတည်တော့တယ်”

စကားဆုံးသည်နှင့် ဧကရာဇ်ရှချင်းသည် ဓားကွက်တစ်ကွက်ကို ထုတ်ဖော်ကာ မပျက်စီးနိုင်သော မိစ္ဆာဧကရာဇ်ကို တိုက်ခိုက်လိုက်သည်။

ချက်ချင်းဆိုသလိုပင် ရှေးခေတ်ကာလ၏ အရှိန်အဝါများကိန်းအောင်းနေသည့် အပြာရောင်ဓားအလင်း တစ်ခုသည် အရာအားလုံးကို ချေမှုန်းပစ်နိုင်လောက်သည့် ထိတ်လန့်ဖွယ်စွမ်းအားများနှင့် အတူ မပျက်စီးနိုင်သော မိစ္ဆာဧကရာဇ်၏ ဦးခေါင်း အထက်ရှိ ဟင်းလင်းပြင်သို့ ပြင်းထန်စွာ ကျရောက်သွားခဲ့သည်။

အပြာရောင်ဓားအလင်း၏ စွမ်းအားအောက်တွင် ဟင်းလင်းပြင်သည် ဆက်တိုက်ဆိုသလို ပြိုကျပျက်စီးနေခဲ့ပြီး မပျက်စီးနိုင်သော မိစ္ဆာဧကရာဇ်၏ ပတ်ပတ်လည်တွင်ရှိသည့် ထိတ်လန့်ဖွယ် မိစ္ဆာအရှိန်အဝါများပင်လျှင် သာမန်မျက်စိဖြင့် မြင်တွေ့နိုင်သော အရှိန်အဟုန်ဖြင့် ဆက်တိုက်ဆိုသလို လွင့်ပြယ် ပျောက်ကွယ်သွားခဲ့သည်။

ဤအခိုက်အတန့်တွင် မပျက်စီးနိုင်သော မိစ္ဆာဧကရာဇ်သည် မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားခဲ့သည်။

ဧကရာဇ်ရှချင်းသည် အင်မော်တယ်လောက၏ အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်ကြီး ဟူသောဂုဏ်ပုဒ်နှင့် အမှန်တကယ် ထိုက်တန်၏။

ကောင်းကင်ယံကို ဖြတ်သန်းလာသည့် ပုံရိပ်ယောင်ကပင် ဤမျှလောက် ကြောက်မက်ဖွယ်ရာကောင်းသည့် စွမ်းအားများကို ပိုင်ဆိုင်နေခဲ့သည်။

မပျက်စီးနိုင်သော မိစ္ဆာဧကရာဇ်သည် လုံးဝ အထင်မသေးဝံ့ဘဲ သူ၏ ခန္ဓာကိုယ်ထဲမှ မိစ္ဆာ အရှိန်အဝါများကို လှုံ့ဆော်ကာ ကောင်းကင်နှင့်မြေကြီးကိုပင် ပျက်စီးစေနိုင်လောက်သည့် ပျက်စီးခြင်းလမ်းစဉ်၏ ကြောက်မက်ဖွယ် စွမ်းအားများကို ပျက်စီးခြင်း အလင်းတန်းတစ်ခု အဖြစ်သို့ ပြောင်းလဲပစ်လိုက်ပြီး ဧကရာဇ်ရှချင်း ထုတ်ဖော်လိုက်သည့် ဓားအလင်းနှင့် ထိပ်တိုက် ရင်ဆိုင်လိုက်သည်။

“ဝုန်း..”

ရုတ်တရက် ဟင်းလင်းပြင်ထဲတွင် ကမ္ဘာမြေ တစ်ခုလုံးကို တုန်လှုပ်စေနိုင်လောက်သည့် ကျယ်လောင်သော အသံတစ်သံ ထွက်ပေါ်လာခဲ့ပြီး မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ်နယ်မြေ တစ်ခုလုံးသည် ပြင်းထန်စွာ လှုပ်ခတ်သွားခဲ့ကာ အစိတ်စိတ်အမြွှာမြွှာ ကွဲအက်လုနီးပါး ဖြစ်သွားခဲ့ရသည်။

မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ်နယ်မြေကို လွှမ်းမိုးလုနီးပါးဖြစ်နေသည့် အဖျက်စွမ်းအင်မုန်တိုင်း ထဲတွင် မပျက်စီးနိုင်သော မိစ္ဆာဧကရာဇ်၏ ညည်းညူသံ ထွက်ပေါ်လာခဲ့ပြီး မပျက်စီးနိုင်သော မိစ္ဆာဧကရာဇ်၏ ခန္ဓာကိုယ် တစ်ခုလုံးသည် မိုင်ပေါင်းသောင်းချီ အကွာအဝေးအထိ လွင့်စင်သွားခဲ့သည်။

ထို့နောက်တွင် တဖြည်းဖြည်း ပျောက်ကွယ်သွားသော ဧကရာဇ်ရှချင်း၏ ပုံရိပ်ယောင်ကို ကြည့်ကာ မပျက်စီးနိုင်သော မိစ္ဆာဧကရာဇ်၏ မျက်ဝန်းထဲတွင် အံ့ဩတုန်လှုပ်သောအမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

မပျက်စီးနိုင်သော မိစ္ဆာဧကရာဇ်သည် ဧကရာဇ်ရှချင်း မည်မျှအစွမ်းထက်ကြောင်း သိရှိထားသော်လည်း ဧကရာဇ်ရှချင်းနှင့် တစ်ခါမျှ မတိုက်ခိုက်ခဲ့ဖူးပေ။

ယနေ့တွင်မူ သူက ဧကရာဇ်ရှချင်း၏ ခွန်အားကို အမှန်တကယ်ပင် လှိုက်လှိုက်လှဲလှဲ အသိအမှတ်ပြုမိလိုက်သည်။

ဤသည်က ပုံရိပ်ယောင် တစ်ခုမျှသာ ဖြစ်သော်လည်း သူကဲ့သို့ မိစ္ဆာဧကရာဇ်ကို နောက်ဆုတ်သွားအောင် ပြုလုပ်နိုင်ခဲ့သည်။

ရှင်းလင်းစွာဆိုရလျှင် ဧကရာဇ်ရှချင်း၏ စစ်မှန်သော ခန္ဓာကိုယ်သာ ဤနေရာတွင် ရှိနေခဲ့လျှင် သူ့အနေဖြင့် ဧကရာဇ်ရှချင်း၏ တိုက်ကွက် တစ်ကွက်မျှကိုပင် ခုခံနိုင်လိမ့်မည် မဟုတ်ပေ။

မပျက်စီးနိုင်သော မိစ္ဆာဧကရာဇ်သည် အသက်ကို ခပ်ပြင်းပြင်းတစ်ချက် ရှူရှိုက်လိုက်ပြီး သူ၏ ခန္ဓာကိုယ်ထဲမှ ဗြောင်းဆန်နေသော စွမ်းအားများကို ဖိနှိပ်လိုက်သည်။

ယင်းနောက်တွင် သူ၏ အကြည့်သည် ကျန်းချန်၏ ကိုယ်ပေါ်သို့ ကျရောက်သွားခဲ့သည်။

“ကောင်လေး.. ဧကရာဇ်ရှချင်းရဲ့ ပုံရိပ်ယောင်ကို ဆင့်ခေါ်လိုက်တဲ့ ဒီဓားချက်က မင်းရဲ့ နောက်ဆုံးဝှက်ဖဲ မဟုတ်လား.. အခု ဧကရာဇ်ရှချင်းရဲ့ ပုံရိပ်ယောင် ပျောက်ကွယ်သွားခဲ့ပြီ.. မင်းမှာ ဘယ်လိုနည်းလမ်းတွေ ကျန်သေးလဲ ဆိုတာ ဒီ ဧကရာဇ် ကြည့်ချင်သေးတယ်”

အခန်း(၃၀၁၃)ပြီး၏။

All Chapters