အခန်း ၃၀၁၄
Vol. 241 Ch. 3014
အခန်း (၃၀၁၄)
မပျက်စီးနိုင်သောမိစ္ဆာဧကရာဇ်သည် စကားဆုံးသည်နှင့် လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ ကြောက်မက်ဖွယ်ရာကောင်းသည့် ပျက်စီးခြင်းလမ်းစဉ် စွမ်းအားများသည် ဟင်းလင်းပြင်ထဲတွင် ထွက်ပေါ်လာခဲ့ပြီး ဟင်းလင်းပြင်ကို အစိတ်စိတ်အမြွှာမြွှာ ကွဲအက်သွားစေခဲ့ကာ ကျန်းချန်ထံသို့ ဦးတည်လာခဲ့သည်။
မပျက်စီးနိုင်သော မိစ္ဆာဧကရာဇ်၏ ကြောက်မက်ဖွယ်တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရသော်လည်း ကျန်းချန်၏ မျက်ဝန်းများက တည်ငြိမ်နေခဲ့ပြီး မျက်နှာထက်တွင်လည်း ထိတ်လန့်တုန်လှုပ်သော အရိပ်အယောင်များ ရှိမနေခဲ့ပေ။
နောက်ထပ်အခိုက်အတန့်တွင် ကောင်းကင်ချိတ်ပိတ် အင်မော်တယ်စာအုပ်သည် ကျန်းချန်၏ ဦးခေါင်းအထက်တွင်ပေါ်ထွက်လာခဲ့ပြီး ကျန်းချန်၏ လှုံ့ဆော်မှုအောက်၌ ဆက်တိုက်ဆိုသလို စာမျက်နှာများ လှန်သွားခဲ့သည်။
စာမျက်နှာ တစ်မျက်နှာ လှန်သွားသည်နှင့်အမျှ ရှေးဟောင်းသားရဲ တစ်ကောင်က ကောင်းကင်ချိတ်ပိတ် အင်မော်တယ်စာအုပ်ထဲကနေ ထွက်ပေါ်လာသည်ကို အားလုံးက မြင်တွေ့လိုက်ရ၏။
မျက်စိတစ်မှိတ်အတွင်းမှာပင် ကွဲပြားခြားနားသော ပုံသဏ္ဌာန်များ ရှိသည့် ရှေးဟောင်းသားရဲကြီး ဆယ်ကောင်သည် ကောင်းကင်ချိတ်ပိတ် အင်မော်တယ်စာအုပ်ထဲကနေ ထွက်လာခဲ့ကြပြီး ကျန်းချန်ထံသို့ ဦးတည်လာသည့် ပျက်စီးခြင်းလမ်းစဥ်စွမ်းအားများကို တိုက်ရိုက်ပင် ချေမှုန်းပစ်လိုက်ကြသည်။
“ကောင်းကင်ချိတ်ပိတ် အင်မော်တယ်စာအုပ်ပါလား”
သူ့ရှေ့မှ မြင်ကွင်းကို ကြည့်ကာ မပျက်စီးနိုင်သောမိစ္ဆာဧကရာဇ်သည် အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။
“ကောင်းကင်ချိတ်ပိတ် အင်မော်တယ်စာအုပ်က မင်းရဲ့လက်ထဲမှာ ရှိနေလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး.. ကြည့်ရတာ ငါမင်းကို အထင်သေးခဲ့မိပြီ ထင်တယ်”
မပျက်စီးနိုင်သော မိစ္ဆာဧကရာဇ်သည် ကောင်းကင်ချိတ်ပိတ် အင်မော်တယ်စာအုပ်နှင့် ပတ်သက်၍ မစိမ်းပေ။
ရှေးခေတ်ကာလက အင်မော်တယ်လောကဆီ ကျူးကျော်ဝင်ရောက်ပြီး အင်မော်တယ်လောကထဲရှိ အင်မော်တယ်ဧကရာဇ်များနှင့် တိုက်ခိုက်ကြစဥ်အခါဝယ် သူတို့သည် ကောင်းကင်ချိတ်ပိတ် အင်မော်တယ်စာအုပ် ပိုင်ရှင်နှင့် တိုက်ခိုက်ခဲ့ကြသည်။
ထိုအချိန်က ကောင်းကင်ချိတ်ပိတ်အင်မော်တယ်စာအုပ်ပိုင်ရှင်နှင့် စာအုပ်ထဲရှိ ရှေးဟောင်းသားရဲကြီးများ၏ လက်တွဲတိုက်ခိုက်မှုကြောင့် မိစ္ဆာဧကရာဇ်တစ်ပါးပင် အသတ်ခံလိုက်ရသည်။
အနက်ရောင်ဝတ်စုံဝတ် လူငယ်က ကောင်းကင်ချိတ်ပိတ်အင်မော်တယ်စာအုပ်ကို အသုံးပြုလာလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
အင်မော်တယ်လောက၏ ဒဏ္ဍာရီများအရ ဧကရာဇ်အဆင့်မှော်ရတနာ ဖြစ်သည့် ကောင်းကင်ချိတ်ပိတ် အင်မော်တယ်စာအုပ်၏ အတွင်း၌ ရှေးဟောင်းသားရဲကြီး ဆယ်ကောင်ကို ချိတ်ပိတ်ထားခဲ့သည်။
ထိုရှေးဟောင်းသားရဲကြီး တစ်ကောင်ချင်းစီ၏ တိုက်ခိုက်ရေးစွမ်းရည်သည် အင်မော်တယ်လောကထဲရှိ ထိပ်တန်းအင်မော်တယ်ဘုရင်များထက်ပင် ပိုမို၍ အစွမ်းထက်နေခဲ့သည်။
ရှေးဟောင်းသားရဲကြီး ဆယ်ကောင် အတူတကွ ပူးပေါင်း၍ တိုက်ခိုက်ပြီဆိုလျှင် အင်မော်တယ်ဧကရာဇ်ကိုပင် တုန်လှုပ်ချောက်ချားသွားစေရန် လုံလောက်၏။
ဤကဲ့သို့ သေရေးရှင်ရေး အခိုက်အတန့်တွင် ကျန်းချန်သည် ဧကရာဇ်အဆင့် ရတနာ ဖြစ်သည့် ကောင်းကင်ချိတ်ပိတ်အင်မော်တယ် စာအုပ်ကို အဆုံးသတ်တွင် ထုတ်ဖော်လိုက်တော့သည်။
“အင်မော်တယ်ဧကရာဇ်ကိုတောင် တုန်လှုပ်စေနိုင်တဲ့ ဒဏ္ဍာရီလာ ကောင်းကင်ချိတ်ပိတ် အင်မော်တယ်စာအုပ်လို့ မပြောရဘူး.. တကယ်ကို အစွမ်းထက်လွန်းတာပဲ”
ပရမ်းပတာ ဖြစ်နေသော ဟင်းလင်းပြင်ထဲရှိ ကြောက်မက်ဖွယ်ထိပ်တိုက်ရင်ဆိုင်မှုကို ကြည့်ကာ အင်မော်တယ်ဘုရင် ကျိချုံးနှင့် အခြားသူများ၏ မျက်ဝန်းထဲတွင် စိတ်လှုပ်ရှားသောအမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
ကောင်းကင်ချိတ်ပိတ် အင်မော်တယ်စာအုပ်ထဲကနေ ထွက်ပေါ်လာသည့် ရှေးဟောင်းသားရဲကြီး ဆယ်ကောင်သည် မပျက်စီးနိုင်သော မိစ္ဆာဧကရာဇ်၏ တိုက်ခိုက်မှုကို အလွယ်တကူပင် ချေမှုန်းပစ်နိုင်ခဲ့သည်။
ဤသားရဲကြီးဆယ်ကောင် တည်ရှိနေခြင်းကြောင့် သူတို့အင်မော်တယ်လောကသည် မပျက်စီးနိုင်သော မိစ္ဆာဧကရာဇ်ကို ခုခံကာကွယ်ရန် မျှော်လင့်ချက် ရှိလာခဲ့ပြီ ဆိုလည်းမမှားပေ။
“ကောင်လေး.. မင်းက ကောင်းကင်ချိတ်ပိတ်အင်မော်တယ်စာအုပ်ကို ထိန်းချုပ်နိုင်ရုံနဲ့ ငါတို့ ရှေးဟောင်းမိစ္ဆာနန်းတော်ရဲ့ ခြေလှမ်းတွေကို တားဆီးနိုင်မယ်လို့ ထင်နေတာလား”
မပျက်စီးနိုင်သော မိစ္ဆာဧကရာဇ်က မထီမဲ့မြင် လှောင်ပြုံးပြုံးလိုက်ပြီး နဂါးနက်မိစ္ဆာဘုရင်ကို လှမ်းကြည့်လိုက်သည်။
“နဂါးနက်မိစ္ဆာဘုရင်.. ရှေးဟောင်းမိစ္ဆာနန်းတော်က အင်အားစုတွေကို ဦးဆောင်ပြီး အင်မော်တယ်လောကကို ချက်ချင်းမြေလှန်ပစ်လိုက်”
ကောင်းကင်ချိတ်ပိတ် အင်မော်တယ်စာအုပ်ထဲရှိ ရှေးဟောင်းသားရဲကြီးဆယ်ကောင်သည် အလွန်တရာ အစွမ်းထက်သည်။
မပျက်စီးနိုင်သော မိစ္ဆာဧကရာဇ်သည် ထိုသားရဲကြီးဆယ်ကောင်ကို ကြောက်ရွံ့ခြင်းမရှိသော်လည်း အနိုင်ယူရန်အတွက်မူ မလွယ်ကူပေ။
သို့သော်လည်း အင်မော်တယ်ဘုရင်ကျိချုံး ဦးဆောင်သော အင်မော်တယ်လောကမှ အင်မော်တယ်ဘုရင်များသည် သူ၏ လက်ချက်ဖြင့် ဒဏ်ရာ အပြင်းအထန် ရရှိထားခဲ့ပြီ ဖြစ်ရာ ၎င်းတို့သည် နဂါးနက်မိစ္ဆာဘုရင် ဦးဆောင်သော ရှေးဟောင်းမိစ္ဆာနန်းတော်မှ အင်အားစုများကို လုံးဝ တားဆီးနိုင်တော့မည်မဟုတ်ပေ။
အင်မော်တယ်ဘုရင်ကျိချုံးနှင့် အခြား အင်မော်တယ်ဘုရင်များ အမြစ်ပြတ် ချေမှုန်းခံလိုက်ရသရွေ့ ထိုကောင်လေးသည် ကောင်းကင်ချိတ်ပိတ် အင်မော်တယ်စာအုပ်၏ စွမ်းရည်ဖြင့် သူ့ကို ထိန်းချုပ်ထားနိုင်လျှင်ပင် သူတို့ ရှေးဟောင်းမိစ္ဆာနန်းတော်က အင်မော်တယ်လောကကို စိုးမိုးအုပ်ချုပ်မည့် အစီအစဥ်အား မည်သို့မျှ တားဆီးနိုင်တော့မည် မဟုတ်ချေ။
“အမိန့်အတိုင်းပါ”
မပျက်စီးနိုင်သော မိစ္ဆာဧကရာဇ်ထံမှ အမိန့်ကိုရသည်နှင့် နဂါးနက်မိစ္ဆာဘုရင်သည် တစ်စက်ကလေးမျှ တုံ့ဆိုင်းမနေခဲ့ပေ။
သူက ချက်ချင်းပင် အင်မော်တယ်ဘုရင် ကျိချုံးနှင့် အခြားသော အင်မော်တယ်ဘုရင်များကို သတ်ဖြတ်ရန်အတွက် ရှေးဟောင်းမိစ္ဆာနန်းတော်မှ မိစ္ဆာများကို ဦးဆောင်သွားခဲ့သည်။
“တိုက်ပွဲဝင်အစီအရင်ကို ခင်းကျင်းကြ”
အင်မော်တယ်ဘုရင်ကျိချုံး၏ မျက်နှာအမူအရာက ရုတ်တရက် ပြောင်းလဲသွားခဲ့ပြီး တိုက်ပွဲဝင်အစီအရင်ကို နောက်တစ်ကြိမ် ပြန်လည် ခင်းကျင်းရန် အားလုံးကို အလျင်အမြန်ပင် လှုံ့ဆော်လိုက်သည်။
သို့သော်လည်း မပျက်စီးနိုင်သော မိစ္ဆာဧကရာဇ် လက်ချက်ဖြင့် သူတို့က ဒဏ်ရာအကြီးအကျယ် ရရှိထားခဲ့ပြီးပြီ ဖြစ်ရာ တိုက်ပွဲဝင်အစီအရင်ကို ပြန်လည်ခင်းကျင်းလိုက်သည့်တိုင် တိုက်ပွဲဝင်အစီအရင်၏ စွမ်းအားသည် မူလထက် သုံးပုံတစ်ပုံမျှ အားနည်းနေခဲ့သည်။
မကြာမီမှာပင် သူတို့ ခင်းကျင်းထားသည့် တိုက်ပွဲဝင်အစီအရင်သည် နဂါးနက်မိစ္ဆာဘုရင်တို့ လူစု၏ တိုက်ခိုက်မှုအောက်တွင် ပြိုကွဲခါနီး အခြေအနေသို့ ရောက်ရှိသွားခဲ့သည်။
အင်မော်တယ်ဘုရင်ကျိချုံးတို့ လူစုက ရှေးဟောင်းမိစ္ဆာနန်းတော်၏ တိုက်ခိုက်မှုအား မတားဆီးနိုင်တော့သည်ကို မြင်လျှင် ကျန်းချန် အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။
သူက အတွေးတစ်ချက်ဖြင့်ပင် ရှေးဟောင်းသားရဲကြီး ဆယ်ကောင်ကို တိုက်ရိုက်ပင် အမိန့်ပေးလိုက်ကာ နဂါးနက်မိစ္ဆာဘုရင်တို့ လူစုကို သတ်ဖြတ်ခိုင်းလိုက်သည်။
ရှေးဟောင်းသားရဲကြီး ဆယ်ကောင်ထဲမှ တစ်ကောင်ချင်းစီသည် နဂါးနက်မိစ္ဆာဘုရင် နီးပါးမျှ အစွမ်းထက်၏။
၎င်းတို့က သူတို့၏ စွမ်းအားများကို အစွမ်းကုန် ထုတ်ဖော်လိုက်ကြပြီး တစ်ကောင်ချင်းစီသည် မိစ္ဆာဘုရင်တစ်ပါးစီကို မျက်စိတစ်မှိတ်အတွင်းမှာပင် သတ်ဖြတ်ပစ်လိုက်ကြသည်။
အသက်ရှူကြိမ် အနည်းငယ်အတွင်းမှာပင် မိစ္ဆာဘုရင်ဆယ်ပါးကျော်သည် ရှေးဟောင်းသားရဲကြီး ဆယ်ကောင်၏ လက်ထဲတွင် ကျဆုံသွားခဲ့သည်။
ထိုအခါမှသာ အစောပိုင်းက အခြေအနေမလှ ဖြစ်နေသော အင်မော်တယ်ဘုရင်ကျိချုံးတို့ လူစုသည် တိုက်ပွဲအခြေအနေကို အလျင်အမြန်ပင် ပြန်လည် ထိန်းချုပ်နိုင်ခဲ့ကြသည်။
ကျန်းချန်က အင်မော်တယ်ဘုရင်ကျိချုံးတို့ လူစုကို အကူအညီပေးရန် အတွက် ရှေးဟောင်းသားရဲကြီးဆယ်ကောင်ကို စေလွှတ်လိုက်သည်အား မြင်လျှင် မပျက်စီးနိုင်သောမိစ္ဆာဧကရာဇ်သည် တစ်ခဏမျှ မှင်တက်သွားခဲ့သည်။
သူက ကျန်းချန်ကို ကြည့်ကာ အံ့ဩသော အမူအရာဖြင့် ပြောလိုက်သည်။
“ကောင်လေး.. မင်းက ငါ့ကို အံ့ဩအောင် လုပ်နိုင်သားပဲ..ဘာလဲ.. မင်းက ဒီဧကရာဇ်ကို မင်းတစ်ယောက်တည်း ရင်ဆိုင်မလို့လား”
ကျန်းချန်က မပျက်စီးနိုင်သော မိစ္ဆာဧကရာဇ်ကို မထီမဲ့မြင် အမူအရာဖြင့် စူးစိုက်ကြည့်ကာ ပြောလိုက်သည်။
“ဘာလဲ ပြဿနာရှိလို့လား”
“ကောင်လေး မင်းက ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေပြီ.. ဧကရာဇ်ရှချင်းရဲ့ ဆက်ခံသူဖြစ်တာနဲ့ပဲ အင်မော်တယ်ဘုရင်အဆင့်နဲ့ ဒီဧကရာဇ်ကို တိုက်ခိုက်ချင်တာကတော့ လုံးဝမဖြစ်နိုင်တဲ့ ကိစ္စပဲ”
ထိုစကားကို ပြောရင်း မပျက်စီးနိုင်သောမိစ္ဆာဧကရာဇ်၏ ခန္ဓာကိုယ်ထဲမှ အဆုံးမဲ့ မိစ္ဆာအရှိန်အဝါများသည် ပေါက်ကွဲထွက်ပေါ်လာခဲ့ပြီး ပရမ်းပတာ ဖြစ်နေသော ဟင်းလင်းပြင်တစ်ခုလုံးကို ပြည့်နှက်သွားခဲ့သည်။
ကြောက်မက်ဖွယ် ပျက်စီးခြင်းစွမ်းအင်လှိုင်းများသည် အရပ်မျက်နှာ အနှံ့ကို ဖုံးလွှမ်းသွားခဲ့ပြီး ဤအခိုက်အတန့်တွင် ကမ္ဘာကြီး တစ်ခုလုံး မှောင်မိုက်သွားခဲ့သည်။
“ကောင်လေး.. သေဖို့သာ ပြင်ထားလိုက်တော့”
မပျက်စီးနိုင်သောမိစ္ဆာဧကရာဇ်က ဒေါသတကြီး ကြုံးဝါးလိုက်သည်။
သူ၏ ပတ်ပတ်လည်ရှိ မိစ္ဆာအရှိန်အဝါများသည် မိစ္ဆာပုံရိပ်များ အဖြစ်သို့ မျက်စိတစ်မှိတ်အတွင်း ပြောင်းလဲသွားခဲ့သည်။
ထောင်ပေါင်းများစွာသော မိစ္ဆာပုံရိပ်များသည် ဒီရေလှိုင်းများအလား ကျန်းချန် ဆီသို့ အရှိန်အဟုန်ဖြင့် တိုးဝင်လာခဲ့ကြသည်။
ထိုအခိုက်အတန့်တွင် ပရမ်းပတာ ဖြစ်နေသော ဟင်းလင်းပြင်၌ အနက်ရောင်လှိုင်းတံပိုးကြီး ရှိနေသည့်အလား ထင်မှတ်ရ၏။
မိစ္ဆာပုံရိပ် ထောင်ချီ တစ်ပြိုင်နက်တည်း လှုပ်ရှားလာခဲ့ကြပြီး ထိုပုံရိပ်များထဲမှ တစ်ခုချင်းစီတွင် အင်မော်တယ်ဘုရင်အဆင့် စွမ်းအားထက် မနိမ့်သော စွမ်းအားတချို့ ရှိနေခဲ့ကြသည်။
ကြောက်မက်ဖွယ်ရာကောင်းသော မိစ္ဆာစွမ်းအင်များကြောင့် ပရမ်းပတာ ဖြစ်နေသော ဟင်းလင်းပြင် တစ်ခုလုံးသည် ဆက်တိုက် ဆိုသလို ပြိုကျ ပျက်စီးသွားခဲ့၏။
ကျန်းချန်က ပရမ်းပတာ ဖြစ်နေသော ဟင်းလင်းပြင်ထဲတွင် တည်ငြိမ်စွာ ရပ်နေခဲ့ပြီး မိစ္ဆာပုံရိပ်များ၏ တိုက်ခိုက်လာမှုကို မြင်လျှင် လက်ဟန်များကို လျင်မြန်စွာ ပြုလုပ်လိုက်သည်။
နောက်ထပ် အခိုက်အတန့်တွင်မူ မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ်နယ်မြေထဲရှိ နေမင်းကြီးကိုပင် လွှမ်းခြုံသွားစေနိုင်လောက်သည့် အနက်ရောင် လေးထောင့်တုံးစည်းတံဆိပ် တစ်ခုသည် ဟင်းလင်းပြင်တွင် ထွက်ပေါ်လာခဲ့ပြီး လှိုင်းတံပိုးအလား ကြောက်မက်ဖွယ် တိုးဝင်လာသည့် ထောင်ပေါင်းများစွာသော မိစ္ဆာပုံရိပ်များနှင့် ထိပ်တိုက် ရင်ဆိုင်လိုက်သည်။
“ကောင်းကင်ဧကရာဇ်စည်းတံဆိပ်.. အင်မော်တယ်ဝိညာဥ်များကို ဖျက်ဆီးခြင်း”
ကျန်းချန်က ကောင်းကင်ဧကရာဇ် စည်းတံဆိပ်ကို ထုတ်ဖော်လိုက်ရာ အနက်ရောင်လေးထောင့်တုံး စည်းတံဆိပ်သည် အောက်ခြေမရှိသော တွင်းနက်ကြီး တစ်ခုကဲ့သို့ပင် ထောင်ပေါင်းများစွာသော မိစ္ဆာပုံရိပ်များကို မျက်စိတစ်မှိတ်အတွင်း ဝါးမျိုဖျက်ဆီးပစ်လိုက်သည်။
“မင်းရဲ့ နည်းစနစ်က အင်မော်တယ်လောကထဲက အထွတ်အထိပ် အင်မော်တယ်ဧကရာဇ်တစ်ပါး ဆီကနေ အမွေဆက်ခံထားတာပဲ ဖြစ်ရမယ်...မင်းက ဧကရာဇ်ရှချင်းအပြင် နောက်ထပ် အင်မော်တယ်ဧကရာဇ် တစ်ပါးဆီက အမွေအနှစ်ကိုပါ ဆက်ခံထားလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး”
ကျန်းချန်က စည်းတံဆိပ် တစ်ခုဖြင့် သူ၏ တိုက်ခိုက်မှုကို ချေဖျက်နိုင်ခဲ့သည်အား မြင်လိုက်ရလျှင် မပျက်စီးနိုင်သောမိစ္ဆာဧကရာဇ်သည် ကျန်းချန်ကို စူးစိုက်ကြည့်လိုက်သည်။
သူ၏ မျက်ဝန်းထဲရှိ လူသတ်ငွေ့များက ပိုမို၍ ပြင်းထန်လာခဲ့၏။
သူရှေ့ရှိ လူငယ်သည် အင်မော်တယ်လောကထဲရှိ အင်မော်တယ် ဧကရာဇ်များ၏ ရွေးချယ်ခြင်းကို ခံထားရသူ ဖြစ်နိုင်လောက်သည်။
ဆိုရလျှင် အင်မော်တယ်လောကထဲ၌ ထိုလူငယ် တည်ရှိနေရခြင်း၏ ဆယ်ပုံကိုးပုံခန့်သည် သူတို့ ရှေးဟောင်းမိစ္ဆာနန်းတော်ကို ရင်ဆိုင်ဖြေရှင်းရန်အတွက် ဖြစ်သည်။
လက်ရှိတွင် ထိုကောင်လေးသည် အင်မော်တယ်ဧကရာဇ်အဆင့်ကို ထိုးဖောက်နိုင်ခြင်း မရှိသေးသော်လည်း သူနှင့်ယှဥ်ပြိုင်နိုင်စွမ်း ရှိသည့် အရည်အချင်းများကို ပိုင်ဆိုင်ထားခဲ့ပြီ ဖြစ်၏။
အကယ်၍ ထိုကောင်လေးသာ အင်မော်တယ်ဧကရာဇ် အဆင့်ကို ထိုးဖောက်သွားခဲ့မည် ဆိုလျှင် သူကိုယ်တိုင်ပင်လျှင် ထိုကောင်လေး၏ ပြိုင်ဘက် ဘယ်လိုမှ မဖြစ်နိုင်တော့ပေ။
ယင်းသို့ တွေးမိသည်နှင့် မပျက်စီးနိုင်သော မိစ္ဆာဧကရာဇ်သည် တစ်စက်ကလေးမျှပင် တုံ့ဆိုင်းမနေဝံ့တော့ဘဲ လက်ဝါးရိုက်ချက် တစ်ချက်ကို ထုတ်ဖော်လိုက်သည်။
သူ၏ လက်ဖဝါးက ကျန်းချန်ထံ ချဥ်းကပ်လာသည်နှင့်အမျှ ကျန်းချန်၏ ပတ်ပတ်လည်တွင် ရှိနေသော ဟင်းလင်းပြင်သည် အရည်ပျော်ကာ ကျုံ့ဝင်သွားခဲ့ရာ ကျန်းချန်၏ တစ်ကိုယ်လုံးသည် မပျက်စီးနိုင်သော မိစ္ဆာဧကရာဇ်၏ ကြီးမားသော လက်ဖဝါး ဆီသို့ အရှိန်အဟုန်ဖြင့် ချဥ်းကပ်သွားသလို ဖြစ်သွားခဲ့သည်။
“ကောင်းကင်ဧကရာဇ်စည်းတံဆိပ်...တောင်တန်းနဲ့မြစ်ချောင်းများကို ပြိုကျပျက်စီးစေခြင်း”
“ကောင်းကင်ဧကရာဇ် စည်းတံဆိပ်.. ကောင်းကင်နှင့်မြေကြီး ငြိမ်သက်တိတ်ဆိတ်ခြင်း”
မပျက်စီးနိုင်သော မိစ္ဆာဧကရာဇ်၏ ထိတ်လန့်ဖွယ် တိုက်ခိုက်မှုကို ရင်ဆိုင်ရလျှင် ကျန်းချန်သည် ကောင်းကင်ဧကရာဇ် စည်းတံဆိပ် နှစ်ခုကို ဆက်တိုက်ဆိုသလို ထုတ်ဖော်လိုက်သည်။
“ဝုန်း..”
“ဝုန်း..”
ကောင်းကင်ဧကရာဇ် စည်းတံဆိပ်နှစ်ခုသည် မပျက်စီးနိုင်သောမိစ္ဆာဧကရာဇ်၏ လက်ဝါးရိုက်ချက်နှင့် ထိပ်တိုက်ဆုံတွေ့သွားခဲ့ပြီး ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာခဲ့သည်။
တစ်ချိန်တည်းမှာပင် ကျန်းချန်၏ပုံရိပ်သည် ပရမ်းပတာဖြစ်နေသော ဟင်းလင်းပြင်ကနေ လွင့်စင်သွားခဲ့သည်။
အခန်း(၃၀၁၄)ပြီး၏။