အခန်း ၃၀၁၅
Vol. 241 Ch. 3015
အခန်း (၃၀၁၅)
ပရမ်းပတာဖြစ်နေသော ဟင်းလင်းပြင်ထဲတွင် ကျန်းချန်သည် သူ၏ ခန္ဓာကိုယ်ဟန်ချက်ကို တည်ငြိမ်အောင် ပြန်လည်ထိန်းချုပ်လိုက်သည်။
သူ၏မျက်နှာက အနည်းငယ် ဖြူဖျော့သွားခဲ့သည်။
ဤအခိုက်အတန့်တွင် မပျက်စီးနိုင်သော မိစ္ဆာဧကရာဇ်ကိုကြည့်ကာ သူ၏ မျက်နှာအမူအရာက အနည်းငယ် လေးနက်သွားခဲ့သည်။
မပျက်စီးနိုင်သော မိစ္ဆာဧကရာဇ်သည် အင်မော်တယ် ဧကရာဇ်နှင့် ယှဥ်ပြိုင်နိုင်စွမ်းရှိသော ပြိုင်ဘက်ကင်း တည်ရှိမှုတစ်ခု ဖြစ်သည်မှာ အမှန်ပင်။
မိစ္ဆာဘုရင်နှင့် နှိုင်းယှဥ်လျှင် မပျက်စီးနိုင်သော မိစ္ဆာဧကရာဇ်သည် ကောင်းကင်နှင့်မြေကြီး အလား ကွာခြားနေခဲ့သည်။
ယခုအခါ ကျန်းချန်၏ ကျင့်ကြံခြင်းအဆင့်သည် အင်မော်တယ်ဘုရင် အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ရာ သူ၏ တိုက်ခိုက်ရေးစွမ်းရည်သည် အင်မော်တယ်ဘုရင်အဆင့်ကို ကျော်လွန်နေခဲ့ပြီ ဖြစ်ပြီး အင်မော်တယ်ဘုရင်ကျိချုံး ကဲ့သို့ အစွမ်းထက် အင်မော်တယ်ဘုရင်ကိုပင် လက်ညှိုးတစ်ချက်ဖြင့် အနိုင်ယူနိုင်စွမ်း ရှိနေခဲ့သည်။
သို့သော်လည်း မည်မျှပင် အစွမ်းထက်စေကာမူ သူ့ရှေ့ရှိ မပျက်စီးနိုင်သော မိစ္ဆာဧကရာဇ်ကို ရင်ဆိုင်ရန်မှာ သူ့အတွက် ခက်ခဲနေဆဲပင်။
“ကောင်လေး.. မင်းက ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ.. ဒီဧကရာဇ်ရဲ့ရှေ့မှာ သောင်းကျန်းချင်နေတာကတော့ စိတ်ကူးယဥ်လွန်းနေတာပဲ”
မပျက်စီးနိုင်သော မိစ္ဆာဧကရာဇ်က ကျန်းချန်ကို လူသတ်ငွေ့လွှမ်းသော အကြည့်ဖြင့် စူးစိုက်ကြည့်လိုက်သည်။
ထိုခဏဝယ် ဟင်းလင်းပြင်ထဲတွင် ကြောက်မက်ဖွယ်မိစ္ဆာအရှိန်အဝါများ နောက်တစ်ကြိမ် ပြန်လည် လွှမ်းခြုံသွားခဲ့သည်။
မပျက်စီးနိုင်သော မိစ္ဆာဧကရာဇ်က လက်ဟန်များကို လျင်မြန်စွာ ပြုလုပ်လိုက်ရာ မိုင်ပေါင်းသန်းချီ ကျယ်ပြောသော ပရမ်းပတာ ဟင်းလင်းပြင်ကြီးသည် မျက်စိတစ်မှိတ်အတွင်းမှာပင် ပြိုကျ ပျက်စီးသွားခဲ့ပြီး ပရမ်းပတာဖြစ်နေသော ဟင်းလင်းပြင်၏ အနက်ရှိုင်းဆုံး နေရာဆီကနေ ပျက်စီးခြင်းစွမ်းအားများ ကိန်းအောင်းနေသည့် အနက်ရောင်ကြယ်တာရာကောင်းကင်ကြီး တစ်ခု ပေါ်ထွက်လာခဲ့သည်။
ထိုအနက်ရောင်ကြယ်တာရာ ကောင်းကင်ကြီးထဲတွင် ကြီးမားသော မိစ္ဆာကြယ်တာရာများသည် နှိုင်းယှဥ်၍ မရနိုင်လောက်အောင် လင်းလက်တောက်ပနေကြပြီး ကြီးမားသော ဥက္ကာခဲကြီးများအလား ကျန်းချန်ထံသို့ စုပြုံ၍ တိုးဝင်လာခဲ့ကြသည်။
မျက်စိတစ်မှိတ် အတွင်းမှာပင် မရေမတွက်နိုင်သော မိစ္ဆာကြယ်တာရာများသည် ကောင်းကင်နှင့်မြေပြင်ကိုပင် ဖျက်ဆီးပစ်နိုင်လောက်သည့် မိစ္ဆာအလင်းတန်းများ အဖြစ်သို့ ပြောင်းလဲသွားခဲ့ကာ ကျန်းချန်ဆီသို့ ဦးတည်လာခဲ့ကြသည်။
ကြောက်မက်ဖွယ် ကြယ်တာရာစွမ်းအားများသည် ဆက်တိုက်ဆိုသလို လှိမ့်ဝင်လာခဲ့ပြီး အဆုံးမဲ့ ပျက်စီးခြင်းစွမ်းအားလှိုင်းများကို ထုတ်လွှတ်နေခဲ့ကာ ကျန်းချန် ရှိနေသည့် ပတ်ဝန်းကျင် ဟင်းလင်းပြင် တစ်ခုလုံးကို ချေမှုန်းပစ်တော့မည့်အလား ထင်မှတ်ရ၏။
ကျန်းချန်က အတွေးတစ်ချက်ဖြင့်ပင် အင်မော်တယ်ကျောက်တိုင်ကို ထုတ်ယူလိုက်သည်။
အင်မော်တယ်ကျောက်တိုင်သည် မျက်စိတစ်မှိတ်အတွင်းမှာပင် မိုးထိအောင် မြင့်မားသည့် ကြီးမားသော ကျောက်တိုင်ကြီးတစ်တိုင် အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
“အင်မော်တယ်ချေမှုန်းခြင်းစွမ်းအား.. ဖျက်ဆီးစမ်း”
ကျန်းချန်က လက်ဟန်များကို ဆက်တိုက်ဆိုသလို ပြုလုပ်လိုက်ရာ မိုးထိအောင် မြင့်မားသည့် အင်မော်တယ်ကျောက်တိုင် ထံကနေ ကြောက်မက်ဖွယ်ရာကောင်းသော ပျက်စီးခြင်းစွမ်းအားများ ပေါက်ကွဲထွက်လာခဲ့ပြီး မိစ္ဆာကြယ်တာရာ စွမ်းအားများမှ ပျက်စီးခြင်းစွမ်းအားများနှင့် ထိပ်တိုက် ရင်ဆိုင်လိုက်သည်။
ကြောက်မက်ဖွယ်ရာကောင်းသည့် ပျက်စီးခြင်းစွမ်းအား နှစ်ခုသည် ဤအခိုက်အတန့်တွင် အပြန်အလှန် ရောယှက်နေခဲ့ကြပြီး ပရမ်းပတာ ဖြစ်နေသော ဟင်းလင်းပြင် တစ်ခုလုံးသည်ပျက်စီးခြင်းလမ်းစဥ် စွမ်းအားများဖြင့် လွှမ်းခြုံနေသော တွင်းနက်ကြီး တစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ထိုတွင်းနက်ကြီးနှင့် ထိတွေ့မိလျှင် အင်မော်တယ်ဘုရင် အထွတ်အထိပ် အဆင့် ကျင့်ကြံသူပင်လျှင် မျက်စိတစ်မှိတ်အတွင်း ပြာအဖြစ် ပြောင်းလဲသွားလိမ့်မည် ဖြစ်သည်။
ဤတစ်ကြိမ်တွင်လည်း သူ၏ တိုက်ခိုက်မှုကို ခုခံနိုင်ခဲ့သည့်ကျန်းချန်ကို ကြည့်ကာ မိစ္ဆာဧကရာဇ်က တအံတသြ ရေရွတ်လိုက်သည်။
“အင်မော်တယ်ကျောက်တိုင်ပါလား.. ဒီဧကရာဇ်အဆင့် ရတနာက မင်းရဲ့လက်ထဲမှာ ရှိနေလိမ့်မယ်လို့ ငါ တကယ် မျှော်လင့်မထားခဲ့ဘူး.. ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် မင်းကတော့ ဒီနေ့ မုချ သေရမှာပဲ”
စကားဆုံးသည်နှင့် မပျက်စီးနိုင်သော မိစ္ဆာဧကရာဇ်သည် ပျက်စီးခြင်းလမ်းစဥ် စွမ်းအားများကို နောက်တစ်ကြိမ် စုစည်းလိုက်ရာ အစွမ်းထက်မိစ္ဆာ အရှိန်အဝါများ ကိန်းအောင်းနေသည့် မိစ္ဆာဓားတစ်လက်သည် သူ၏ လက်ထဲတွင် ပေါ်လာခဲ့သည်။
“ပိုင်းဖြတ်စမ်း”
မပျက်စီးနိုင်သော မိစ္ဆာဧကရာဇ်က ဒေါသတကြီး ကြုံးဝါးလိုက်ပြီး သူ၏ လက်ထဲရှိ မိစ္ဆာဓားဖြင့် ကျန်းချန်ကို ခုတ်ပိုင်းလိုက်သည်။
ဤအခိုက်အတန့်တွင် ပရမ်းပတာ ဖြစ်နေသော ဟင်းလင်းပြင်သည် ဆက်တိုက်ဆိုသလို အစိတ်စိတ်အမြွှာမြွှာ ကွဲအက်၍ ပြိုကျ ပျက်စီးသွားခဲ့ပြီး ထိတ်လန့်ဖွယ်ကောင်းသည့် မိစ္ဆာစွမ်းအင်များသည် မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ်နယ်မြေ တစ်ခုလုံးကို တုန်လှုပ်ချောက်ချားသွားစေခဲ့ကာ ကမ္ဘာပျက်ကပ်ကြီး ဆိုက်ရောက်လာတော့မည့်အလား ထင်မှတ်ရ၏။
“ဝုန်း.. ဝုန်း.. ဝုန်း..”
ထိုဓားချက်တွင် မပျက်စီးနိုင်သော မိစ္ဆာဧကရာဇ်သည် သူ၏စွမ်းအားများကို အစွမ်းကုန် ထုတ်ဖော်ထားခြင်းဖြစ်ရာ ကျန်းချန်အနေဖြင့် အင်မော်တယ်ကျောက်တိုင်ကို လှုံ့ဆော်လိုက်ပြီး အစွမ်းကုန် ခုခံရန် ကြိုးစားလိုက်သော်လည်း အသုံးမဝင်ခဲ့ပေ။
ဤသို့ဖြင့် မပျက်စီးနိုင်သော မိစ္ဆာဧကရာဇ်၏ ဓားချက်အောက်တွင် အင်မော်တယ်ကျောက်တိုင်ထံကနေ ညည်းညူသံတစ်သံ ထွက်လာခဲ့၏။
ယင်းနောက်တွင် အင်မော်တယ်ကျောက်တိုင်သည် သိသိသာသာပင် ကျုံ့ဝင်သွားခဲ့ကာ အရှိန်အဝါ မှေးမှိန်နေသော ကျောက်တိုင်တစ်ခု အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး အောက်ဘက်သို့ လွင့်စင်ကာ ကျဆင်းသွားခဲ့သည်။
ဤအခိုက်အတန့်တွင် မပျက်စီးနိုင်သော မိစ္ဆာဧကရာဇ်၏ မိစ္ဆာဓားချက်သည် ကျန်းချန် ဆီသို့ တန်းတန်းမတ်မတ် တိုးဝင်လာခဲ့သည်။
သို့သော်လည် မပျက်စီးနိုင်သော မိစ္ဆာဧကရာဇ်၏ ဓားချက်သည် ကျန်းချန်ကို ထိမှန်တော့မည့် ဆဲဆဲမှာပင် ကျန်းချန်၏ ပုံရိပ်သည် ပရမ်းပတာ ဟင်းလင်းပြင်ထဲကနေ ပျောက်ကွယ်သွားခဲ့သည်။
ထိုသို့ ပျောက်ကွယ်သွားခြင်းသည် အမှန်တကယ် ပျောက်ကွယ်သွားခြင်းမျိုး ဖြစ်ပြီး မပျက်စီးနိုင်သော မိစ္ဆာဧကရာဇ်ကဲ့သို့ အစွမ်းထက်ပုဂ္ဂိုလ် ပင်လျှင် ကျန်းချန်၏ တည်ရှိမှုကို လုံးဝ အာရုံခံမိခြင်း မရှိခဲ့ပေ။
မပျက်စီးနိုင်သော မိစ္ဆာဧကရာဇ်သည် မျက်မှောင်ကြုတ်သွားခဲ့ပြီး ချက်ချင်းဆိုသလိုပင် ဟင်းလင်းပြင် တစ်နေရာသို့ လှမ်းကြည့်လိုက်သည်။
ထိုအခါ ဟင်းလင်းပြင်ထဲတွင် မျောလွင့်နေသည့် ဆန်းကြယ်သော အနက်ရောင်မျှော်စင် တစ်ခုကို တွေ့လိုက်ရပြီး ကျန်းချန်၏ ပုံရိပ်သည် ထိုအနက်ရောင်မျှော်စင်ထဲကနေ မည်သည့်ဒဏ်ရာဒဏ်ချက်မှ မရရှိဘဲ ထွက်ပေါ်လာခဲ့သည်။
ထိုမြင်ကွင်းကြောင့် မပျက်စီးနိုင်သော မိစ္ဆာဧကရာဇ်၏ အကြည့်က ပို၍ပင် လေးနက်သွားခဲ့သည်။
“အချိန်အင်မော်တယ်ဧကရာဇ်ရဲ့ အချိန်မျှော်စင်ပါလား.. မင်းရဲ့ ကိုယ်ပေါ်မှာ ရှိနေတဲ့ အမွေအနှစ်တွေက တကယ်ကို မရိုးရှင်းဘူးပဲ”
ဤလူငယ်သည် ရှေးခေတ်ကာလက အင်မော်တယ်ဧကရာဇ်များစွာက သူတို့ ရှေးဟောင်းမိစ္ဆာနန်းတော်ကို ရင်ဆိုင်ဖြေရှင်းရန်အတွက် ဂရုတစိုက် မွေးထုတ်ပေးလိုက်သည့် ပြိုင်ဘက်ကင်းပါရမီရှင် တစ်ယောက်ဖြစ်သည်မှာ သံသယဖြစ်စရာမလိုတော့ပေ။
“အချိန်ဆွဲလို့ မဖြစ်တော့ဘူး.. ဒီလူငယ်ကို အမြန်ဆုံးရှင်းပစ်ရမယ်”
ယင်းအခိုက်အတန့်တွင် မပျက်စီးနိုင်သော မိစ္ဆာဧကရာဇ်၏ မျက်ဝန်းထဲ၌ အေးစက်သော အလင်းတန်းများ ဖျတ်ခနဲ လက်သွားခဲ့သည်။
ထိုကောင်လေးထံတွင် ဝှက်ဖဲများသည် မကုန်ခမ်းနိုင်သလို ဖြစ်နေခဲ့၏။
ယင်းအတွက်ကြောင့် အခြေအနေ မပြောင်းလဲခင် ထိုကောင်လေးကို အမြန်ဆုံး ရှင်းလင်းပစ်ရလိမ့်မည် ဖြစ်သည်။
ထို့အပြင် နဂါးနက်မိစ္ဆာဘုရင် ဦးဆောင်သော ရှေးဟောင်းမိစ္ဆာနန်းတော်မှ မိစ္ဆာများသည် ရှေးဟောင်းသားရဲကြီး ဆယ်ကောင်နှင့် အင်မော်တယ်လောကထဲရှိ အင်မော်တယ်ဘုရင်များ၏ တိုက်ခိုက်မှုကို ခုခံနိုင်စွမ်း မရှိကြတော့ပေ။
သူနှင့် ကျန်းချန်တို့ တိုက်ခိုက်နေသည့် အချိန်အတွင်းမှာပင် မိစ္ဆာဘုရင် တချို့သည် ရှေးဟောင်းသားရဲကြီးများ၏ ကိုက်ဖြတ်ခြင်းကို ခံလိုက်ရပြီး အပိုင်းပိုင်း ဖြစ်သွားခဲ့ကြသည်။
အကယ်၍ သူသာ ထိုကောင်လေး၏ ထိန်းချုပ်မှုကို ဆက်လက်ခံနေရမည် ဆိုလျှင် ရှေးဟောင်းမိစ္ဆာနန်းတော်အနေဖြင့် ကြီးမားသော ဆုံးရှုံးမှုများကို ခံစားရတော့မည် မဟုတ်ပါလော။
“ကောင်လေး.. မင်းရဲ့လက်ထဲမှာ ဧကရာဇ်အဆင့် အင်မော်တယ်ရတနာ ဘယ်လောက်ပဲ ရှိနေပါစေ...မင်းဒီနေ့ သေရဖို့ ကံကြမ္မာပါလာခဲ့ပြီ"
"ပိုင်းဖြတ်စမ်း”
မပျက်စီးနိုင်သော မိစ္ဆာဧကရာဇ်က ကျယ်လောင်စွာ ကြုံးဝါးလိုက်သည်နှင့် တစ်ပြိုင်နက် ကတ္တရာစေးကဲ့သို့ နက်မှောင်သော ဓားအလင်းသည် မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ်နယ်မြေ၏ ကောင်းကင်ယံကို မျက်စိတစ်မှိတ်အတွင်း လွှမ်းခြုံသွားခဲ့သည်။
ဓားအလင်းက အရာအားလုံးကို ပိုင်းဖြတ်ပစ်ရန် လုံလောက်သည့်အလား ကျန်းချန် ထံသို့ သက်ရောက်လာခဲ့၏။
မပျက်စီးနိုင်သော မိစ္ဆာဧကရာဇ်၏ ကြောက်မက်ဖွယ်တိုက်ခိုက်မှုကို မြင်လျှင် အင်မော်တယ်ဘုရင် ကျိချုံးနှင့် အခြားသူများသည် နားလည်မှုဖြင့် တိုက်ပွဲကို ရပ်တန့်လိုက်ကြပြီး ပရမ်းပတာ ဟင်းလင်းပြင် ဆီသို့ လှမ်းကြည့်လိုက်ကြသည်။
“ဒါက မပျက်စီးနိုင်သော မိစ္ဆာဧကရာဇ်ရဲ့ အစွမ်းအထက်ဆုံးတိုက်ကွက်လား.. တကယ်ကို ကြောက်စရာပဲ.. မိတ်ဆွေလေးကျန်းချန်က ဒီတိုက်ကွက်ကို ကာကွယ်နိုင်ပ့ါမလား မသိဘူး”
အင်မော်တယ်ဘုရင် ကျိချုံးနှင့် အခြားသူများ၏ မျက်နှာထက်တွင် လေးနက်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
မပျက်စီးနိုင်သော မိစ္ဆာဧကရာဇ်၏ တိုက်ခိုက်မှုသည် အလွန်ပင် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းနေခဲ့၏။
အကယ်၍ ကျန်းချန်သာ ကျဆုံးသွားခဲ့လျှင် မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ်နယ်မြေ တစ်ခုလုံးသည် မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားရမည်ကို သူတို့ စိုးရိမ်နေမိသည်။
“အင်မော်တယ်ဧကရာဇ်နဲ့ ယှဥ်ပြိုင်နိုင်တဲ့ မိစ္ဆာဧကရာဇ်တစ်ပါးလို့ မပြောရဘူး.. မပျက်စီးနိုင်သော မိစ္ဆာဧကရာဇ်ရဲ့စွမ်းအားက တကယ်ကို ကြောက်စရာပဲ”
မပျက်စီးနိုင်သော မိစ္ဆာဧကရာဇ်၏ ဓားချက်ကို ကြည့်ကာ ကျန်းချန်၏ မျက်နှာအမူအရာက ပို၍ပင် လေးနက်လာခဲ့သည်။
ထိုနေ့က သူသည် ကောင်းကင်ဧကရာဇ်နန်းတော်၏ ခန်းမသုံးဆယ့်ခြောက်ခု တည်နေရာ မြေပုံကို ရရှိခဲ့သည်။
ခန်းမများကို တစ်ခုပြီးတစ်ခု စစ်ဆေးကြည့်ရှုပြီးနောက်တွင် ကျန်းချန်သည် နောက်ဆုံးကျန်ရှိသည့် ကောင်းကင်ဧကရာဇ်၏ မူလအသက်ဓာတ်ကို အဆုံးသတ်တွင် ရှာဖွေတွေ့ရှိသွားခဲ့သည်။
ကျန်းချန်ကို စိတ်ပျက်စေခဲ့သည်မှာ ကောင်းကင်ဧကရာဇ်၏ မူလအသက်ဓာတ်ကို စုပ်ယူခဲ့သည့်တိုင် အင်မော်တယ်ဧကရာဇ် အဆင့်ကို မထိုးဖောက်နိုင်ခြင်းပင်။
သူ၏ ကျင့်ကြံခြင်း အခြေခံအုတ်မြစ်က အလွန်တရာ ခိုင်မာပြီး သူ၏ လက်ထဲတွင် မရေမတွက်နိုင်သော ပြိုင်ဘက်ကင်း ဧကရာဇ်အဆင့် ရတနာများ ရှိသော်လည်း အင်မော်တယ်ဘုရင်အဆင့် ကျင့်ကြံမှုဖြင့် မပျက်စီးနိုင်သော မိစ္ဆာဧကရာဇ်ကို တိုက်ခိုက်ရန်မှာ အလွန်တရာ ခက်ခဲနေခဲ့သည်။
သို့သော်လည်း ဤအခိုက်အတန့်တွင် မပျက်စီးနိုင်သော မိစ္ဆာဧကရာဇ်၏ ဓားချက်ကို ရင်ဆိုင်နေရသည့် အတွက် ကျန်းချန်သည် အတွေးများနေရန် အချိန်မရှိခဲ့ပေ။
ချက်ချင်းဆိုသလိုပင် သူတတ်မြောက်ထားသော နည်းစနစ်များကို တစ်ခုပြီး တစ်ခု ဆက်တိုက်ဆိုသလို ထုတ်ဖော်လိုက်သည်။
“အပြာရောင်ဧကရာဇ်ဓားသိုင်း”
“ကောင်းကင်ဧကရာဇ်စည်းတံဆိပ်”
“ဓားတစ်ချက်တည်းနဲ့လောကကို အပိုင်းပိုင်းပြတ်စေမဲ့ ဓားသိုင်း”
“..........”
ကျန်းချန်က အသက်ရှူကြိမ် အနည်းငယ် အတွင်းမှာပင် ထိပ်တန်းအဆင့် အင်မော်တယ် နည်းစနစ် အားလုံးကို တစ်ပြိုင်နက်တည်း ထုတ်ဖော်လိုက်သည်။
သို့သော်လည်း မပျက်စီးနိုင်သော မိစ္ဆာဧကရာဇ်၏ ဓားချက်အောက်တွင် ဤပြိုင်ဘက်ကင်း နည်းစနစ်များကနေ ထုတ်ဖော်လိုက်သည့် စွမ်းအားများက ချေဖျက်ခံလိုက်ရ၏။
ကျန်းချန်၏ မျက်နှာက ရုတ်တရက် ဖြူဖျော့သွားခဲ့ပြီး ပါးစပ်ကနေ သွေးများကို အကြိမ်ကြိမ် အန်ထုတ်လိုက်ရသည်။
ထိုအခိုက်အတန့်တွင် သူ၏ ပါးစပ်ကနေ အန်ထုတ်လိုက်သည့် အင်မော်တယ်ဘုရင်အဆင့် ရွှေရောင်သွေးများသည် လက်ထဲတွင် ရှိနေသော အချိန်မျှော်စင် ဆီသို့ တိုက်ရိုက်ပင် ပေစင်သွားခဲ့သည်။
“ဝုန်း..”
အချိန်မျှော်စင် ဆီကနေ ရုတ်တရက် ထူးဆန်းသော အလင်းတန်းများ ပေါက်ကွဲထွက်လာခဲ့ပြီး ချက်ချင်းဆိုသလိုပင် ကျန်းချန်၏ ခန္ဓာကိုယ်ထဲသို့ နစ်မြုပ် ဝင်ရောက်သွားခဲ့သည်။
ထိုအခိုက်အတန့်တွင် ကျန်းချန်သည် ဆန်းကြယ်သော အခြေအနေ တစ်ခုထဲသို့ ရောက်ရှိသွားသလို ခံစားလိုက်ရပြီး ဆန်းကြယ်သော လမ်းစဥ် စွမ်းအားများသည် ကျန်းချန်၏ ခန္ဓာကိုယ် တစ်ခုလုံးကို မျက်စိတစ်မှိတ်အတွင်း သန့်စင်ပေးခဲ့ကာ အင်မော်တယ်လမ်းစဥ်နှင့်လည်း ပဲ့တင်ထပ်သွားစေခဲ့သည်။
အင်မော်တယ်လောက တစ်ခုလုံးသည် ကျန်းချန်ကြောင့် ဝမ်းမြောက်ဝမ်းသာ ဖြစ်နေသည့်အလား ထင်မှတ်ရ၏။
“ဒါက ဧကရာဇ်အဆင့် ဥပဒေသစွမ်းအားရဲ့ ပဲ့တင်ထပ်မှုပဲ.. ကြည့်ရတာ မိတ်ဆွေလေးကျန်းချန်က အင်မော်တယ်ဧကရာဇ်အဆင့်ကို ထိုးဖောက်သွားပြီ ထင်တယ်”
အင်မော်တယ်ဘုရင်ကျိချုံးနှင့် အခြားသူများက တစ်ခဏမျှ မှင်တက်သွားခဲ့သည်။
ယင်းနောက်တွင်မူ သူတို့၏ မျက်နှာထက်တွင် ဝမ်းသာသောအမူအရာများ ဖုံးဖိမရစွာ ဖြစ်ပေါ်လာခဲ့သည်။
ပရမ်းပတာ ဟင်းလင်းပြင်ထဲမှ ကျန်းချန်သည် ရုတ်တရက် သူ၏ မျက်လုံးများကို ဖွင့်လိုက်ပြီး လက်တစ်ဖက်ကို အသာအယာ ဝှေ့ယမ်းလိုက်ရာ မပျက်စီးနိုင်သော မိစ္ဆာဧကရာဇ်၏ ဓားချက်သည် ချက်ချင်းဆိုသလို ချေမှုန်းခံလိုက်ရသည်။
“ဒါက အင်မော်တယ်ဧကရာဇ်အဆင့်ရဲ့ စွမ်းအားလား”
သူ၏ လက်ရှိစွမ်းအားကို အာရုံခံမိလျှင် ကျန်းချန် ခပ်တိုးတိုး ရေရွတ်မိလိုက်သည်။
သူက လက်ဖဝါးကို တစ်ချက် လှုပ်ရှားလိုက်ရာ အချိန်မျှော်စင်သည် သူ၏ လက်ဖဝါးထဲတွင် နောက်တစ်ကြိမ် ပြန်လည်ထွက်ပေါ်လာခဲ့သည်။
အချိန်မျှော်စင်သည် အင်မော်တယ်လောကထဲရှိ အဆန်းကြယ်ဆုံး အင်မော်တယ်ရတနာ ဖြစ်သည်။
အချိန်မျှော်စင်၏ သတ္တမထပ်တွင် အချိန်လမ်းစဥ်၏ နှလုံးသား တစ်ခု မွေးဖွားတည်ရှိနေခဲ့၏။
ကျန်းချန်က အချိန်လမ်းစဥ်၏ နှလုံးသားကို တိုက်ဆိုင်စွာ လှုံ့ဆော်နိုင်ခဲ့ခြင်း ဖြစ်ပြီး ယင်းက သူ့ကို ဆန်းကြယ်သော အခြေအနေတစ်ခု ထဲသို့ ဝင်ရောက်သွားစေခဲ့သည်။
ပြင်ပကမ္ဘာတွင် အသက်တစ်ရှိုက်စာ အချိန်မျှသာ ကုန်လွန်သွားသော်လည်း အချိန်လမ်းစဥ်၏ စွမ်းအားအောက်တွင်မူ သူက နှစ်ပေါင်းထောင်ချီ ကြာမြင့်သွားခဲ့ပြီး ဧကရာဇ်အဆင့်၏ လမ်းစဥ်စွမ်းအားကို တိုက်ရိုက်ပင် ဆုပ်ကိုင်နိုင်ခဲ့ကာ အင်မော်တယ်ဧကရာဇ် အဆင့်ကို ထိုးဖောက်နိုင်ခဲ့ခြင်းဖြစ်သည်။
“မင်းက အင်မော်တယ်ဧကရာဇ် အဆင့်ကို တကယ်ပဲ ထိုးဖောက်နိုင်ခဲ့ပြီလား”
သူ့ရှေ့မှ မြင်ကွင်းကို ကြည့်ကာ မပျက်စီးနိုင်သော မိစ္ဆာဧကရာဇ်က မျက်နှာပျက်သွားခဲ့သည်။
ဤလူငယ်သည် ပြိုင်ဘက်ကင်းပါရမီရှင်တစ်ဦး ဖြစ်ပြီး အင်မော်တယ်ဘုရင် အဆင့်ဖြင့်ပင် သူ၏ တိုက်ခိုက်မှုကို အကြိမ်ကြိမ် ပိတ်ဆို့ တားဆီးနိုင်ခဲ့သည်။
ယခုအခါတွင် အင်မော်တယ်ဧကရာဇ် အဆင့်ကို ထိုးဖောက်သွားခဲ့ပြီ ဖြစ်ရာ ထိုကောင်လေး၏ စွမ်းအားသည် သူ့ထက် များစွာ သာလွန်သွားခဲ့ချေပြီ။
“မပျက်စီးနိုင်သော မိစ္ဆာဧကရာဇ်.. အင်မော်တယ်လောက ဆိုတာ မင်းတို့ ရှေးဟောင်းမိစ္ဆာနန်းတော် အနေနဲ့ ထိတွေ့လို့ရတဲ့ နေရာ မဟုတ်ဘူးလို့ ငါပြောခဲ့သားပဲ.. အခုအချိန်က ကိစ္စအားလုံးကို အဆုံးသတ်ရမဲ့ အချိန်ရောက်ပြီ”
ကျန်းချန်က အေးစက်စက် ကြုံးဝါးလိုက်ပြီးနောက်တွင် သူ၏ လက်ဖဝါးထဲရှိ အချိန်မျှော်စင်သည် အလွန်တရာတောက်ပသွားခဲ့ပြီး ကြောက်မက်ဖွယ် အချိန်လမ်းစဥ်စွမ်းအားသည် မပျက်စီးနိုင်သော မိစ္ဆာဧကရာဇ်နှင့် သူ၏ ပတ်ပတ်လည်ရှိ ပရမ်းပတာ ဟင်းလင်းပြင်ကို မျက်စိတစ်မှိတ်အတွင်းမှာပင် အေးခဲသွားစေခဲ့ရာ မပျက်စီးနိုင်သော မိစ္ဆာဧကရာဇ်သည် ကမ္ဘာတစ်ခုထဲတွင် ပိတ်မိနေသည့် အလား ဖြစ်နေခဲ့သည်။
ထိုအချိန်မှာပင် အစောပိုင်းက အောက်ဘက်သို့ ပြုတ်ကျသွားခဲ့သော အင်မော်တယ်ကျောက်တိုင်သည် ကောင်းကင်ယံသို့ နောက်တစ်ကြိမ် ပြန်လည် ထိုးတက်လာခဲ့ပြီး ကြီးမားသော ကျောက်တိုင်ကြီး တစ်ခု အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
မပျက်စီးနိုင်သော မိစ္ဆာဧကရာဇ်က ထိတ်လန့်သွားခဲ့ပြီး ပျက်စီးခြင်းလမ်းစဥ် စွမ်းအားများကို အစွမ်းကုန် ထုတ်ဖော်ကာ ကျန်းချန်၏ ပိတ်လှောင်မှုကို ချိုးဖျက်ရန် ကြိုးစားခဲ့သည်။
သို့သော်လည်း ကျန်းချန်၏ ကျင့်ကြံခြင်း အဆင့်က ယခုအခါတွင် အင်မော်တယ်ဧကရာဇ် အဆင့်ကို ထိုးဖောက်သွားခဲ့ပြီဖြစ်ရာ သူ့အနေဖြင့် ပိတ်လှောင်မှုကို ချိုးဖျက်ရန် ခက်ခဲနေခဲ့သည်။
ဤအခိုက်အတန့်တွင် အင်မော်တယ်ဧကရာဇ် အဆင့်၏ မဟာလမ်းစဥ် စွမ်းအားများသည် ကျန်းချန်၏ ခန္ဓာကိုယ်ကနေ ပျံ့နှံ့သွားခဲ့ပြီး ကြီးမားသော ဓားတစ်လက် အဖြစ်သို့ တိုက်ရိုက်ပင် ပြောင်းလဲသွားခဲ့ကာ မပျက်စီးနိုင်သောမိစ္ဆာဧကရာဇ်၏ ခန္ဓာကိုယ်ကို တိုက်ရိုက်ပင် ထိုးဖောက်သွားခဲ့သည်။
နောက်ထပ် အခိုက်အတန့်တွင်မူ မပျက်စီးနိုင်သော မိစ္ဆာဧကရာဇ်၏ မိစ္ဆာအရှိန်အဝါများနှင့် အသက်စွမ်းအင်အဆီအနှစ်များသည် ဆန်းကြယ်သော အရှိန်အဟုန်ဖြင့် စိမ့်ထွက်ကာ ပျောက်ကွယ်သွားခဲ့သည်။
ဤသည်မှာ အင်မော်တယ်ဧကရာဇ် အဆင့်ကို ထိုးဖောက်ပြီးနောက်တွင် လူသားအဖြစ် ပြောင်းလဲစေသော ဓားချက်မှ တစ်ဆင့် သဘောပေါက်နားလည်သွားသော မဟာလမ်းစဥ်၏ စွမ်းအား ဖြစ်သည်။
ထိုစွမ်းအားက အလွန်ပင် ထိတ်လန့်ဖွယ်ကောင်းပြီး မပျက်စီးနိုင်သော မိစ္ဆာဧကရာဇ်ကဲ့သို့ အစွမ်းထက်ပုဂ္ဂိုလ် ပင်လျှင် ခုခံရန် လုံးဝ ခက်ခဲနေခဲ့၏။
မဟာလမ်းစဥ်စွမ်းအား၏ ဓားချက်က မပျက်စီးနိုင်သော မိစ္ဆာဧကရာဇ်၏ ခန္ဓာကိုယ်ကို ထိုးဖောက်သွားသည့် အချိန်မှာပင် အင်မော်တယ်ကျောက်တိုင်၏ အင်မော်တယ်ချေမှုန်းခြင်းစွမ်းအားနှင့် အချိန်မျှော်စင်၏ အချိန်စွမ်းအား တို့သည်လည်း မပျက်စီးနိုင်သော မိစ္ဆာဧကရာဇ်၏ နောက်ဆုံးကာကွယ်ရေးကို ချေမှုန်းပစ်လိုက်ကြသည်။
ထို့နောက်တွင်မူ မပျက်စီးနိုင်သော မိစ္ဆာဧကရာဇ်၏ ခန္ဓာကိုယ်သည် ချက်ချင်းဆိုသလိုပင် အပိုင်းပိုင်း ပြတ်ထွက်သွားခဲ့သည်။
သို့သော်လည်း အသတ်ခံလိုက်ရသည့် မပျက်စီးနိုင်သော မိစ္ဆာဧကရာဇ်၏ ခန္ဓာကိုယ်သည် မကြာမီမှာပင် ပရမ်းပတာဟင်းလင်းပြင်ထဲ၌ ပြန်လည်စုစည်းကာ ဖွဲ့စည်းသွားခဲ့ပြီး ကျန်းချန်၏ မြင်ကွင်းထဲတွင် နောက်တစ်ကြိမ် ပြန်လည် ပေါ်ထွက်လာခဲ့သည်။
သူက ကျန်းချန်ကို စူးရှစွာ စိုက်ကြည့်၍ ပြောလိုက်သည်။
“ကောင်လေး.. ငါက မပျက်စီးနိုင်တဲ့ မိစ္ဆာခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတဲ့ မိစ္ဆာဧကရာဇ်ပဲ.. ဒါကြောင့်လည်း ရှေးခေတ်ကာလက နေ အခုထိ အသက်ရှင်ကျန်ရစ်ခဲ့တာပဲ.. မင်းအနေနဲ့ အင်မော်တယ်ဧကရာဇ် အဆင့်ကို ထိုးဖောက်သွားခဲ့ရင်တောင် ငါ့ကို သတ်ပစ်ဖို့တော့ ဘယ်လိုမှမဖြစ်နိုင်ဘူး”
“တကယ်လား.. ဒီလိုဆိုမှတော့ မင်းကို အင်မော်တယ်ကျောက်တိုင်ထဲ ထည့်ရုံပဲ ရှိတော့တာပေါ့.. ပြီးမှပဲ အင်မော်တယ်ကျောက်တိုင်ရဲ့ စွမ်းအားကို အသုံးပြုပြီး မင်းကို ဖြည်းဖြည်းချင်း ဝါးမျို သန့်စင်ပစ်ရမယ်”
ကျန်းချန်၏ စကားဆုံးသည်နှင့် အချိန်မျှော်စင်၏ အချိန်စွမ်းအားများသည် ပရမ်းပတာ ဖြစ်နေသော ဟင်းလင်းပြင်ကို နောက်တစ်ကြိမ် ပြန်လည် အေးခဲသွားစေခဲ့သည်။
ထိုအခိုက်အတန့်မှာပင် အင်မော်တယ်ကျောက်တိုင်ထံမှ စွမ်းအားများက မျက်စိတစ်မှိတ်အတွင်း ပျံ့နှံ့လာခဲ့သည်။
မပျက်စီးနိုင်သော မိစ္ဆာဧကရာဇ်၏ မျက်နှာအမူအရာက သိသိသာသာပင် ပြောင်းလဲသွားခဲ့ပြီး အလျင်အမြန် ရုန်းကန်လိုက်သည်။
သို့သော်လည်း ပြီးပြည့်စုံသော စွမ်းအား၏ ရှေ့မှောက်တွင် သူ၏ ရုန်းကန်မှုအားလုံးသည် အလဟဿသ ဖြစ်သွားခဲ့ရသည်။
မျက်စိတစ်မှိတ် အတွင်းမှာပင် မျက်စိဖြင့် မြင်နိုင်သော အရှိန်အဟုန်ဖြင့် မပျက်စီးနိုင်သော မိစ္ဆာဧကရာဇ်၏ ခန္ဓာကိုယ်သည် အင်မော်တယ်ကျောက်တိုင် ထဲသို့ တိုက်ရိုက်ပင် ဆွဲသွင်းခံလိုက်ရသည်။
“နောက်ဆုံးတော့ မပျက်စီးနိုင်တဲ့ မိစ္ဆာဧကရာဇ်က နှိမ်နင်းခံလိုက်ရပြီ.. ငါတို့ အနိုင်ရပြီ”
သူတို့ရှေ့မှ မြင်ကွင်းကို ကြည့်ကာ အင်မော်တယ်ဘုရင် ကျိချုံးတို့လူစုသည် အလွန်ပင် စိတ်လှုပ်ရှားသွားခဲ့ကြသည်။
သူတို့ အင်မော်တယ်လောက အနေဖြင့် မပျက်စီးနိုင်သော မိစ္ဆာဧကရာဇ်ကို အနိုင်ရရန် အခွင့်အရေး လုံးဝမရှိသလောက်ဖြစ်ခဲ့သော်လည်း ကျန်းချန်သည် အရေးကြီးသောအခိုက်အတန့်တွင် မထင်မှတ်ဘဲ ပေါ်ထွက်လာခဲ့ကာ အင်မော်တယ်ဧကရာဇ် အဆင့်ကို ထိုးဖောက်သွားခဲ့ပြီး မပျက်စီးနိုင်သော မိစ္ဆာဧကရာဇ်ကို နှိမ်နင်းနိုင်ခဲ့သည်။
ဤသို့ဖြင့် ကျန်းချန်သည် သူတို့ အင်မော်တယ်လောက၏ ကပ်ဘေးကို အောင်မြင်စွာ ဖြေရှင်းပေးနိုင်ခဲ့၏။
“မိစ္ဆာဧကရာဇ်ကြီး.. ရှုံးနိမ့်သွားခဲ့ပြီ”
အခြားတစ်ဖက်တွင်မူ နဂါးနက်မိစ္ဆာဘုရင် ဦးဆောင်သော ရှေးဟောင်းမိစ္ဆာနန်းတော်မှ အစွမ်းထက် ပုဂ္ဂိုလ်များသည် မျက်နှာများ ဖြူဖျော့နေခဲ့ကြသည်။
မပျက်စီးနိုင်သော မိစ္ဆာဧကရာဇ်သည် အင်မော်တယ်လောကကို တိုက်ခိုက်ရာတွင် သူတို့၏ အကြီးမားဆုံးသော အားကိုးရာဖြစ်သည်။
ယခုအခါတွင် မပျက်စီးနိုင်သော မိစ္ဆာဧကရာဇ်ပင် နှိမ်နင်းခံလိုက်ရပြီ ဖြစ်ရာ သူတို့အနေဖြင့် အင်မော်တယ်လောကကို မည်ကဲ့သို့ ယှဥ်ပြိုင်နိုင်ပါတော့မည်နည်း။
“ဆုတ်ခွာကြစို့”
နဂါးနက်မိစ္ဆာဘုရင်သည် ထိတ်လန့်တုန်လှုပ်သော အမူအရာဖြင့် ရှေးဟောင်းမိစ္ဆာနန်းတော်မှ မိစ္ဆာများကို ဦးဆောင်ကာ အလျင်အမြန်ပင် ဆုတ်ခွာသွားခဲ့သည်။
ယခုအခါတွင် သူတို့အနေဖြင့် ကောင်းကင်မိစ္ဆာတောင် ဆီသို့ ဆုတ်ခွာပြီး အထွတ်အထိပ် မှော်လက်နက်၏ အစွမ်းထက်ကာကွယ်ရေးကို အားကိုးမှသာလျှင် ရှင်သန်ရန် အခွင့်အရေးရှိနိုင်တော့မည်ဖြစ်သည်။
“အားလုံးပဲ ငါနဲ့အတူ လိုက်ခဲ့ပြီး ကျူးကျော်သူတွေကို သတ်ပစ်ကြစို့”
အင်မော်တယ်ဘုရင် ကျိချုံးသည် သဘာဝကျစွာပင် နဂါးနက်မိစ္ဆာဘုရင်ကို အလွယ်တကူ ထွက်ခွာခွင့် ပေးလိမ့်မည် မဟုတ်ပေ။
ထိုအခိုက်အတန့်တွင် ကျန်းချန်သည် လက်ညှိုးတစ်ချောင်းကို အသာအယာ ဆန့်ထုတ်လိုက်ရာ အလောတကြီး ထွက်ပြေးနေကြသော နဂါးနက်မိစ္ဆာဘုရင်နှင့် အပေါင်းအပါများ၏ ပုံရိပ်သည် မျက်စိတစ်မှိတ်အတွင်း ဟင်းလင်းပြင်ထဲတွင် အေးခဲသွားခဲ့သည်။
နောက်ထပ်တစ်ခဏတွင်မူ ရှေးဟောင်းသားရဲကြီးဆယ်ကောင်နှင့် အင်မော်တယ်ဘုရင်ကျိချုံး တို့သည် ၎င်းတို့ကို သတ်ဖြတ်ရန်အတွက် အရှိန်အဟုန်ဖြင့် ပြေးဝင်သွားခဲ့ပြီး ဟင်းသီးဟင်းရွက်များကို ပိုင်းဖြတ်သကဲ့သို့ပင် နဂါးနက်မိစ္ဆာဘုရင်နှင့် ရှေးဟောင်းမိစ္ဆာနန်းတော်မှ မိစ္ဆာအားလုံးကို သတ်ဖြတ်ပစ်လိုက်ကြသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် မိစ္ဆာသွေးများသည် ဟင်းလင်းပြင်ထဲ၌ မိုးရွာသကဲ့သို့ ဖြစ်နေခဲ့ပြီး မိစ္ဆာဘုရင်များသည် ဆက်တိုက်ဆိုသလို ကျဆုံးသွားခဲ့သည်။
ယင်းနောက်တွင်မူ လူအုပ်ကြီးသည် ကောင်းကင်မိစ္ဆာတောင်ဆီသို့ တိုက်ရိုက်ပင် ဦးဆောင်သွားခဲ့ပြီး ကောင်းကင်မိစ္ဆာတောင်ထဲရှိ မိစ္ဆာများကို လုံးဝ သတ်ဖြတ်ပစ်လိုက်ကြ၏။
မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ်နယ်မြေထဲရှိ တိုက်ပွဲအဆုံးသတ်သွားသည်နှင့် အမျှ ခရမ်းရောင်မီးလျှံ ကောင်းကင်နယ်မြေ အပါအဝင် ကောင်းကင်နယ်မြေကြီးလေးခုမှ အစွမ်းထက် ပုဂ္ဂိုလ်များသည် သက်ဆိုင်ရာကောင်းကင်နယ်မြေများ ဆီသို့ ပြန်လည် သွားရောက်ခဲ့ကြပြီး အင်မော်တယ်လောက၏ နေရာ အနှံ့အပြားတွင် ပျံ့နှံ့နေသော မိစ္ဆာများကို နှိမ်နင်းလိုက်ကြသည်။
ချက်ချင်းဆိုသလိုပင် အင်မော်တယ် လောကကြီးသည် နောက်တစ်ကြိမ် ပြန်လည် တိတ်ဆိတ် ငြိမ်သက်သွားခဲ့သည်။
အင်မော်တယ်ဥပဒေသများ တိုးတက် ကောင်းမွန်လာသည်နှင့်အမျှ အင်မော်တယ်လောက တစ်ခုလုံးသည် တစ်ရှိန်ထိုး ဖွံ့ဖြိုးလာခဲ့ပြီး မရေမတွက်နိုင်သော အစွမ်းထက်ပုဂ္ဂိုလ်များသည် အကန့်အသတ်ကို ကျော်လွန်ကာ ပိုမို မြင့်မားသော အဆင့်တစ်ခုသို့ ခြေလှမ်းနိုင်ခဲ့ကြသည်။
အထူးသဖြင့် အင်မော်တယ်ဘုရင် အထွတ်အထိပ်အဆင့်ကို ရောက်ရှိနေသည့် အင်မော်တယ်ဘုရင် ကျိချုံး တို့သည် ဧကရာဇ်အဆင့် ဥပဒေကို နားလည် သဘောပေါက်သွားကြပြီး အင်မော်တယ်ဧကရာဇ် အဆင့်ကို ထိုးဖောက်နိုင်ခဲ့ကြသည်။
----------------------
မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်၏ နန်းဆောင်တစ်ခုတွင် ကျန်းချန်နှင့် မုန့်ချင်းရွှယ် တို့သည် ဘေးချင်းယှဥ်လျက် ရပ်နေခဲ့ကြပြီး သူတို့၏ ပတ်ပတ်လည်တွင် ရင်းနှီးသော ပုံရိပ်များစွာ ရှိနေခဲ့ကြသည်။
ကျန်းချန်က ဖခင်ဖြစ်သူ ကျန်းဝူရနှင့် မိခင်ဖြစ်သူ ကျီဝူရွှယ်တို့အပြင် အခြားသော ဆွေမျိုးမိတ်ဆွေများကို အင်မော်တယ်လောက ဆီသို့ ခေါ်ဆောင်လာခဲ့ပြီ ဖြစ်ရာ ပတ်ဝန်းကျင်တစ်ခုလုံးသည် ပျော်ရွှင်စရာ ကောင်းနေခဲ့သည်။
“ချန်အာ.. မင်းက အခု အင်မော်တယ်လောကရဲ့ ခေါင်းဆောင်တစ်ဦး ဖြစ်နေခဲ့ပြီ.. အခု အင်မော်တယ်လောကရဲ့ အကျပ်အတည်းလည်း ပြေလည်သွားခဲ့ပြီဆိုတော့ မင်းရဲ့တစ်သက်တာ အတွက် အရေးကြီးတဲ့ကိစ္စကို စဥ်းစားရမဲ့အချိန်ရောက်ပြီ”
ကျီဝူရွှယ်က လိုက်ဖက်လွန်းသော ကျန်းချန်တို့ နှစ်ဦးကို ကြည့်ကာ ပြုံး၍ မေးလိုက်သည်။
ကျီဝူရွှယ်၏ စကားကို ကြားလျှင် အမြဲတစေ ရေခဲကဲ့သို့ အေးစက်နေသော မုန့်ချင်းရွှယ်၏ လှပသော မျက်နှာလေးထက်တွင် ရှက်သွေးဖြာသွားခဲ့သည်။
ကျန်းချန်က မုန့်ချင်းရွှယ်ကို တစ်ချက်ကြည့်လိုက်ပြီး ချက်ချင်းဆိုသလို ပြုံး၍ ပြောလိုက်သည်။
“စိတ်မပူပါနဲ့အမေ.. သားဒီကိစ္စ အတွက် အချိန်ပေးတော့မှာပါ”
ထိုစကားကိုပြောရင်း ကျန်းချန်သည် ဟင်းလင်းပြင် တစ်နေရာဆီသို့ လှမ်းကြည့်နေခဲ့သည်။
မပျက်စီးနိုင်သော မိစ္ဆာဧကရာဇ် ခေါင်းဆောင်သည့် ရှေးဟောင်းမိစ္ဆာနန်းတော်သည် သူ၏ အမြစ်ပြတ်ချေမှုန်းခြင်းကို ခံလိုက်ရပြီ ဖြစ်သည်။
သို့သော်လည်း ပုံပြင်က ပြီးဆုံးရန် ဝေးကွာနေဆဲပင်ဖြစ်ပြီး သူ၏ တာဝန်ကမူ ယခုလေးတင်မှ စတင်ခဲ့ခြင်း ဖြစ်၏။
ပြီးပါပြီ။
အစမှအဆုံးတိုင် ဖတ်ရှူပေးခဲ့ကြတဲ့ စာဖတ်သူအားလုံးကို ကျေးဇူးတင်ပါတယ်။ နောက်ထပ် စာစဥ်ကောင်း တစ်ခုဖြစ်တဲ့ နေကိုးစင်းနတ်ဘုရင် စာစဥ်ကိုတော့ ၆ရက်နေ့ စထွက်ပါမယ်။ စာစဥ် အသစ်ထွက်ရင် ဆက်လက် အားပေးကြပါဦး။