အခန်း ၁၆၁
Vol. 17 Ch. 161
အခန်း (၁၆၁) - လှုပ်ခါ၍မရနိုင်ခြင်း (၁)
ဝမ်ရို၏ မျက်နှာထက်တွင် အပိုအလိုအမူအရာများရှိမနေဘဲ ခေါင်းကိုသာ သာသာယာယာညိတ်ပြလိုက်လေသည်။
ချူချင်းသည် သေချာသောအဖြေကို ရရှိသွားသဖြင့် ထိုဝတ်စုံနက်ဝတ်ဆင်ထားသူ၏ လက်ကောက်ဝတ်ကို လှမ်း၍ဖမ်းဆုပ်လိုက်၏။
"ဖယ်လိုက်တော့..."
ဝတ်စုံနက်ဝတ်ဆင်ထားသူ၏ မျက်နှာအမူအရာမှာ မပြောင်းလဲသွားသော်လည်း သူ၏လက်မောင်းမှာမူ အနည်းငယ်မျှပင် လှုပ်ရှားမသွားချေ။
"စီယဲ့... သူက အစ်မရဲ့သူငယ်ချင်းပဲ... အစ်မက သူ့ကို အထဲဝင်ခိုင်းနေမှတော့ ရှင်လည်း လမ်းဖယ်ပေးလိုက်ပါတော့..."
ဝမ်ခယ်ရန်၏ နူးညံ့သိမ်မွေ့သောအသံလေးမှာ နောက်ကွယ်မှ ထွက်ပေါ်လာ၏။
စီယဲ့ဟုခေါ်သော ထိုအမျိုးသားမှာမူ မည်သို့မျှ လှုပ်ရှားသက်ဝင်ခြင်း မရှိသေးပေ။
ချူချင်းသည် မျက်လွှာပင့်ကာ သူ့ကိုကြည့်လိုက်ပြီး မျက်လုံးချင်းဆုံမိသွားကြစဉ် ပြုံးလိုက်၏။
"မင်းက ဝမ်မိသားစုရဲ့ ကိုယ်ရံတော်လား... ဘယ်လိုခေါ်သလဲ..."
"ဖူမျိုးရိုးတော့ မဟုတ်ပါဘူးနော်..."
"စီယဲ့လို့ပဲ ခေါ်ပါ..."
"ဒါဆို စီယဲ့က အခုအစေခံအဆင့်နဲ့ သခင်ကို အနိုင်ကျင့်ဖို့ ကြံစည်နေတာပေါ့လေ..."
ချူချင်းသည် ဝမ်ခိုင်ယွမ်နှင့်ဝမ်ခယ်ရန်တို့ကို တစ်ချက်လှည့်ကြည့်လိုက်၏။
"ဒါမှမဟုတ် မင်းရဲ့သခင်က ဝမ်ရိုမဟုတ်ဘဲ တခြားတစ်ယောက် ဖြစ်နေလို့လား..."
စီယဲ့၏ မျက်ဝန်းတစ်စုံမှာ အနည်းငယ်နက်မှောင်သွား၏။
"မင်း ပေါက်ကရလျှောက်မပြောနဲ့..."
ဝမ်ခယ်ရန်၏အသံမှာလည်း အလန့်တကြား ထွက်ပေါ်လာ၏။
"သခင်လေး... ရှင်... ရှင် လျှောက်မပြောပါနဲ့..."
"အစ်ကိုစီယဲ့က ကျွန်မတို့အိမ်က အစေခံမဟုတ်ပါဘူး... သူက မိသားစုဝင်တစ်ယောက်လိုပဲ... ကျွန်မတို့နဲ့အတူ ငယ်ငယ်ကတည်းက ကြီးပြင်းလာခဲ့တာပါ..."
ချူချင်းသည် ဝမ်ခယ်ရန်ကိုဂရုမစိုက်ဘဲ စီယဲ့၏လက်မောင်းကိုသာ သာသာယာယာ ဖိချလိုက်လေသည်။
ထိုအပြုအမူမှာ စီယဲ့ကိုယ်တိုင် လက်မောင်းကို အောက်သို့ချလိုက်သကဲ့သို့ အလွန်ပင် ပေါ့ပါးလွန်းလှ၏။
စီယဲ့တစ်ယောက်သာ မယုံကြည်နိုင်သော မျက်ဝန်းများဖြင့် စိုက်ကြည့်နေမိတော့သည်။
သူသည် အနည်းငယ်မျှပင် အားလျှော့ထားခြင်း မရှိခဲ့ပေ။
သို့သော်လည်း သူသည် မည်သို့မျှ ပြန်လည်ခုခံနိုင်စွမ်းမရှိခဲ့ချေ။
သူ၏ လွတ်နေသော အခြားလက်တစ်ဖက်မှာ ခါးနောက်ဘက်သို့ ရုတ်တရက်ရောက်ရှိသွားပြီး ခြေလှမ်းကိုလှည့်ကာ ဆက်လက်တားဆီးရန် ကြံစည်လိုက်ပြန်၏။
ထိုစဉ် တံခါးအတွင်းဘက်မှ ပြင်းထန်သော ချောင်းဆိုးသံတစ်ခု ထွက်ပေါ်လာလေသည်။
"အပြင်မှာ... အဟွတ် အဟွတ်... အပြင်မှာ ဘာတွေ ဆူညံနေကြတာလဲ..."
ဝမ်ခိုင်ယွမ်က အလျင်အမြန်ပြောလိုက်၏။
"အစ်ကိုကြီး... ရိုအာ ပြန်ရောက်လာပြီလေ... သူ အစ်ကိုကြီးကို တွေ့ချင်လို့တဲ့..."
"ရိုအာ... မြန်မြန်... မြန်မြန် ဝင်ခဲ့..."
အခန်းအတွင်းမှ ထွက်ပေါ်လာသောအသံကို ကြားလိုက်ရသဖြင့် ဝမ်ရိုသည် ခြေလှမ်းအနည်းငယ်လှမ်းလိုက်သော်လည်း အထဲသို့ တိုက်ရိုက်ဝင်မသွားသေးပေ။
သူမသည် ချူချင်းကိုသာ လှည့်ကြည့်လိုက်၏။
ချူချင်းသည် မိမိနှာခေါင်းကို ပွတ်သပ်လိုက်ရင်း စိတ်ထဲတွင် အနည်းငယ်ရှုပ်ထွေးသွားရ၏။
ဒီကောင်မလေးက ဘယ်အချိန်ကစပြီး ငါ့အပေါ် ဒီလောက်အထိမှီခိုသွားရတာလဲဟု သူတွေးလိုက်မိသည်။
သူတို့သားအဖနှစ်ယောက် တွေ့ဆုံကြသည်ကို သူက လိုက်ဝင်သွားရန် မသင့်တော်ပေ။
သို့သော်လည်း အစောပိုင်းတွင် ဝမ်ရိုက သူ့ကိုလိုက်ခဲ့ရန် ဇွတ်အတင်းတောင်းဆိုနေခဲ့သဖြင့်သာ ချူချင်းလှုပ်ရှားလိုက်ရခြင်း ဖြစ်ပေသည်။
သူ၏လှုပ်ရှားမှုမှာလည်း ဝမ်မိသားစုနှင့် မလိုအပ်သောပဋိပက္ခများ မဖြစ်ပွားစေရန် အလွန်ပင် ညင်သာလှ၏။
မည်သို့ပင်ဆိုစေ ဤတစ်ခေါက် လာရောက်ခြင်းမှာ ဝမ်ရိုကို အိမ်သို့ပြန်လည်ပို့ဆောင်ရန်သာဖြစ်ပြီး လော့ချန်အိမ်တော်နှင့် သံယောဇဥ်တည်ဆောက်နိုင်လျှင်ပင် ရန်ငြိုးဖွဲ့ရန် မလိုအပ်ပေ။
"အစ်ကိုကြီး... ရိုအာက သူငယ်ချင်းတစ်ယောက် ခေါ်လာတယ်... အဲဒီသူငယ်ချင်းကိုလည်း အထဲကို အတူတူခေါ်သွားပြီး အစ်ကိုကြီးကို တွေ့ခိုင်းချင်လို့တဲ့..."
ဝမ်ခိုင်ယွမ်၏အသံမှာ ထပ်မံထွက်ပေါ်လာပြန်၏။
ထိုစဉ် အခန်းထဲမှ ဝမ်ဖူစန်း၏အသံ ထွက်ပေါ်လာလေသည်။
"ရိုအာ့ရဲ့ သူငယ်ချင်းလား... ဒါဆိုလည်း အတူတူ ဝင်ခဲ့ကြလေ..."
ဤစကားကိုကြားလိုက်ရပြီးမှ စီယဲ့သည် နောက်သို့တစ်လှမ်းဆုတ်လိုက်ပြီး မိမိ၏လက်ကောက်ဝတ်ကို သာသာယာယာ ပွတ်သပ်လိုက်တော့၏။
ချူချင်းက ပြုံးလိုက်သည်။
"ကျေးဇူးတင်ပါတယ်..."
စီယဲ့မှာ စကားမဆိုနိုင်ဘဲ ငြိမ်သက်သွား၏။
စီယဲ့၏မျက်နှာမှာ ပျက်ယွင်းသွားရ၏။ စောစောက သူတို့နှစ်ဦးတိုက်ခိုက်ခဲ့ကြသည်ဟု မဆိုနိုင်သော်လည်း ချူချင်းက သူ့ကို ပေးစွမ်းခဲ့သော ခံစားချက်မှာမူ မည်သို့မျှ ပြန်လည်ခုခံနိုင်စွမ်းမရှိသည့် ခံစားချက်မျိုး ဖြစ်ပေသည်။
အကယ်၍ ဤလူကသာ အတင်းအကျပ် အထဲသို့ဝင်ရောက်ရန် ကြံစည်ခဲ့လျှင် သူသည် တားဆီးနိုင်လိမ့်မည် မဟုတ်ချေ။
ဝမ်ရိုသည် သူလမ်းဖယ်ပေးလိုက်သည်ကို မြင်သောအခါမှ ချူချင်း၏အင်္ကျီလက်ကိုဆွဲကာ အထဲသို့ဦးဆောင်၍ ဝင်သွားလေသည်။
အခန်းတွင်းရှိ နေရာလွတ်မှာ မသေးလှဘဲ ဝမ်ဖူစန်းမှာ ဘယ်ဘက်အခန်းထဲတွင် ရှိနေ၏။
တံခါးဝသို့ဝင်လိုက်သည်နှင့် ပြင်းထန်လှသော ဆေးနံ့များကို ရရှိလိုက်ရလေသည်။
ကုတင်ထက်တွင် အသက်လတ်ပိုင်း အမျိုးသားတစ်ဦး လဲလျောင်းနေပြီး မျက်နှာမှာ ဖြူလျော်နေသော်လည်း ရုပ်ရည်မှာမူ အတော်အတန်ကြည့်ကောင်းလှကာ ဝမ်ရိုနှင့်သုံးပုံတစ်ပုံခန့် ဆင်တူလှပေသည်။
သူသည် ခေါင်းကိုမော့ကာ တံခါးဝသို့ လှမ်းကြည့်လိုက်ရာ ဝမ်ရိုနှင့်ချူချင်းတို့ ဝင်လာသည်ကို မြင်လိုက်ရသဖြင့် ချူချင်း၏ခန္ဓာကိုယ်ထက်သို့ ဦးစွာဝေ့ဝိုက်ကြည့်ရှုလိုက်ပြီးနောက် သူ၏အကြည့်များမှာ ဝမ်ရို၏ကိုယ်ပေါ်သို့ လုံးလုံးလျားလျား ကျရောက်သွားတော့၏။
"ရိုအာ... ရိုအာလေး..."
ဝမ်ဖူစန်းသည် အားယူကာ လူးလဲထလိုက်ပြီး ဝမ်ရိုကို အဆက်မပြတ်လက်ယပ်ခေါ်လိုက်၏။
"တကယ်ပဲ ငါ့ရဲ့ရိုအာလေး ပြန်လာတာလား... မြန်မြန်... အဖေ... အဖေ့ကို သေသေချာချာ ပေးကြည့်စမ်းပါဦး..."
ဝမ်ရိုသည် ခြေလှမ်းများကို အနည်းငယ်သွက်လိုက်ပြီး ကုတင်ဘေးသို့ လာရောက်ကာ ထိုင်လိုက်လေသည်။
ဝမ်ဖူစန်းသည် သူမ၏လက်ကို ဆွဲကိုင်ကာ အထက်အောက် သေသေချာချာ ကြည့်ရှုပြီးနောက်တွင်မှ ရယ်မောလိုက်တော့၏။
"ရိုအာလေး... ငါ့ရဲ့ ရိုအာလေး ကြီးပြင်းလာခဲ့ပြီပဲ..."
"အဟွတ် အဟွတ်... ဒီနှစ်တွေထဲမှာ... ဒီနှစ်တွေထဲမှာ အဖေ မကောင်းခဲ့လို့ပါ... အဖေ သမီးကို ထိုက်ရိဂိုဏ်းဆီ ပို့ထားခဲ့မိတယ်... သမီး... သမီး ဒုက္ခရောက်ခဲ့ရပြီ..."
"မပင်ပန်းပါဘူး..."
ဝမ်ရိုက ပြောလိုက်၏။
"ဆရာနဲ့ ဆရာကတော်... ပြီးတော့ ဂိုဏ်းတူအစ်ကိုတွေကလည်း သမီးအပေါ် အရမ်းကောင်းကြပါတယ်..."
ချွေ့ပုနူ၏လက်အောက်တွင် တပည့်လေးဦးသာ ရှိပြီး အငယ်ဆုံးမှာလည်း မိန်းကလေးငယ်တစ်ဦး ဖြစ်သဖြင့် အမှန်တကယ်ပင် အလိုလိုက်ခြင်း ခံခဲ့ရပေသည်။
ဝမ်ဖူစန်းသည် ထိုစကားကိုကြားသောအခါ ပြုံးလိုက်၏။
"ကောင်းပြီ... မပင်ပန်းရင် ပြီးတာပါပဲ..."
သူသည် စကားကိုခေတ္တရပ်လိုက်ပြီး ချူချင်းကို လှည့်ကြည့်လိုက်ပြန်၏။
"ရိုအာလေး... ဒါက ဘယ်သူလဲ..."
"သူက အစ်ကိုသုံးလေ... တစ်လမ်းလုံး သူပဲ သမီးကို အိမ်အထိလိုက်ပို့ပေးခဲ့တာ..."
ဝမ်ရိုက အကျဉ်းချုံး၍ မိတ်ဆက်ပေးလိုက်၏။
"ဒါကြောင့်ကိုး... သမီးက သူ့ကို အထဲအထိ အတင်းလိုက်ခဲ့ခိုင်းတာ မဆန်းတော့ပါဘူး..."
ဝမ်ဖူစန်းသည် ပြုံးလိုက်ပြီးနောက် ချူချင်းကို လှမ်းပြောလိုက်၏။
"မမေးရသေးဘူး... သခင်လေးရဲ့ နာမည်က ဘယ်လိုခေါ်သလဲ..."
ချူချင်းသည် ဝမ်ဖူစန်းကို တိတ်ဆိတ်စွာ တစ်ချက်ကြည့်လိုက်ပြီး မိမိ၏အမည်ကို မပြောဘဲ ပြန်လည်မေးမြန်းလိုက်၏။
"သခင်ဝမ်... စီယဲ့က ခင်ဗျားရဲ့လူ မဟုတ်လား..."
ဝမ်ဖူစန်းသည် မျက်မှောင်ကို အနည်းငယ်ကြုတ်လိုက်၏။ မေးခွန်းကို တိုက်ရိုက်မဖြေဘဲ အခြားအရာကို ပြန်မေးခြင်းမှာ အထူးသဖြင့် လူကြီးသူမတစ်ဦးနှင့် စကားပြောဆိုရာတွင် အလွန်ပင် ရိုင်းပျလှပေသည်။
သို့သော်လည်း ဝမ်ဖူစန်းမှာ ဒေါသထွက်ခြင်းမရှိဘဲ ပြုံးသာပြလိုက်၏။
"အဲဒီကလေးက ငယ်ငယ်ကတည်းက ငါ့ဘေးမှာ ကြီးပြင်းလာခဲ့တာ အမှန်ပဲ..."
ချူချင်းသည် ခေါင်းကို ခါယမ်းလိုက်၏။
"ဒါဆို စောစောက ကျုပ်ကို အထဲမပေးဝင်တာက စီယဲ့ရဲ့သဘောထား မဟုတ်ဘဲ သခင်ဝမ်ရဲ့ သဘောထားပေါ့လေ..."
"သခင်ဝမ်က ဝမ်ရိုနဲ့ သီးသန့်ပြောစရာစကားတွေရှိနေပြီး ကျုပ်ကို မကြားစေချင်လို့ မဟုတ်လား..."
ဝမ်ဖူစန်းသည် မျက်ဝန်းများကို အနည်းငယ်ကျဉ်းမြောင်းလိုက်၏။ ကျားသေသော်လည်း အရှိန်အဝါ မပျက်သေးသကဲ့သို့ ဝမ်ဖူစန်းသည် ပြင်းထန်စွာ ဒဏ်ရာရရှိထားလျှင်ပင် အဆုံးစွန်၌ နယ်မြေတစ်ခု၏အရှင်သခင်၊ မျိုးဆက်တစ်ခု၏ထိပ်သီးပညာရှင်တစ်ဦး ဖြစ်ပေသည်။
သူ၏မျက်ဝန်းများ ကျဉ်းမြောင်းသွားသည်နှင့် တစ်ပြိုင်နက် လေးလံထိုင်းမှိုင်းသော ဖိအားများမှာ အခန်းတစ်ခုလုံးသို့ ချက်ချင်းဖုံးလွှမ်းသွားတော့၏။
ချူချင်းသည် သူနှင့် တိတ်ဆိတ်စွာ အကြည့်ချင်းဆုံလိုက်ပြီး တစ်ကိုယ်လုံးမှာ တည်ငြိမ်နေသောရေပြင်ကဲ့သို့ ရှိနေကာ ဝမ်ဖူစန်း၏ဖိအားပေးမှုကို အနည်းငယ်မျှပင် ခံယူခြင်းမရှိချေ။
ဝမ်ရိုသည် ချူချင်းကို တစ်ချက်ကြည့်လိုက်ပြီး ဝမ်ဖူစန်းကိုလည်း တစ်ချက်ကြည့်လိုက်၏။ သူမ၏မျက်နှာထက်တွင် မည်သည့်အမူအရာမျှ ရှိမနေဘဲ ထိုအရှိန်အဝါချင်း မတည့်ကြသော လူနှစ်ဦးမှာ နောက်ပိုင်းတွင် မည်သို့ပင် ဖြစ်ပျက်သွားပါစေ သူမနှင့် မသက်ဆိုင်သကဲ့သို့ ရှိနေတော့၏။
ဤသို့ဖြင့် အတန်ကြာပြီးနောက်တွင်မှ ဝမ်ဖူစန်းသည် သာသာယာယာ ရယ်မောလိုက်တော့၏။
"သခင်လေး ပြောတဲ့စကားကို ဒီအဘိုးကြီး တကယ်ပဲ နားမလည်တော့ဘူး..."
"ဒါပေမဲ့လည်း ရိုအာနဲ့ ခွဲခွာနေခဲ့ရတာ နှစ်တွေကြာပြီဆိုတော့ သားအဖချင်း သီးသန့်စကားပြောချင်လို့ အပြင်လူတွေ နှောင့်ယှက်မခံချင်တာကလည်း... အမှန်တကယ်တော့ ပုံမှန်ကိစ္စတစ်ခုပဲ မဟုတ်လား..."
ချူချင်းသည် ထိုစကားကိုကြားသောအခါ ခေါင်းကို ထပ်မံညိတ်ပြလိုက်ပြန်၏။
"ဒါဆို သခင်ဝမ် ဒဏ်ရာရချင်ယောင်ဆောင်နေတဲ့ ကိစ္စကရော ပုံမှန်ပဲလား..."
ဝမ်ရိုသည် ချက်ချင်းပင် မျက်လုံးတစ်စုံကို ပြူးကျယ်ကာ ဝမ်ဖူစန်းကို စိုက်ကြည့်လိုက်တော့၏။ မူလက ခံစားချက်မရှိသော သူမ၏မျက်ဝန်းများထဲတွင် ယခုအခိုက်၌ 'တကယ်ပဲ အဖေက ဒီလိုလူမျိုး ဖြစ်နေတာလား'ဟူသော အကြည့်များဖြင့် ပြည့်နှက်သွားရလေသည်။
ဝမ်ဖူစန်းသည်လည်း မှင်တက်သွားရသော်လည်း ရုတ်တရက် ရယ်မောလိုက်တော့၏။
သူသည် ကုတင်ထက်မှ ချက်ချင်းပင် ထိုင်လိုက်ရာ လှုပ်ရှားမှုများမှာ အလွန်ပင် သွက်လက်လွန်းလှသဖြင့် မည်သည့်နေရာတွင် ဒဏ်ရာအပြင်းအထန်ရရှိထားသော ပုံစံမျိုး ရှိနေပါသနည်း။