← Chapters

အခန်း ၁၆၄

Vol. 17 Ch. 164

အခန်း ၁၆၄

Vol. 17 Ch. 164

အခန်း (၁၆၄) - ဦးဆောင်ခြင်း (၂)

လူကောင်းတစ်ယောက်က ဤသို့ လုပ်ဆောင်ပါမည်လော။

ယခင်က ဤလူအား အလွန်ခန့်ညားထည်ဝါသည်ဟု ထင်မှတ်ခဲ့သော်လည်း ယခုမူ... သူခိုးဂျပိုးတစ်ယောက်နှင့် မခြားတော့ချေ။

"မတိုက်တော့ဘူး... မတိုက်တော့ဘူး..."

ဝမ်ဖူစန်းက လက်ဝှေ့ယမ်းလိုက်၏။

"မင်းသတင်းတွေ ထွက်လာတုန်းက ချန်မန်ကျီကို လက်သီးတစ်ချက်တည်းနဲ့ အလဲသိပ်လိုက်တယ်ဆိုတာ ကျန်းဟူလောကရဲ့ ချဲ့ကားပြောဆိုမှုလို့ပဲ ငါထင်ခဲ့တာ... အခုကြည့်ရတာတော့ တကယ်ပဲကိုး..."

"ဒါဆိုရင်တော့ စမ်းသပ်နေစရာ မလိုတော့ဘူး... ဒါနဲ့ မင်း ချန်မန်ကျီကို တိုက်တုန်းက အားဘယ်လောက်သုံးခဲ့လဲ..."

ချူချင်းက ခေါင်းငုံ့ကာ စဉ်းစားနေစဉ် ဝမ်ဖူစန်းက သူစကားမပြောနိုင်ခင်မှာပင် အလျင်အမြန် လက်ကာပြလိုက်၏။

"တော်ပြီ... တော်ပြီ... မပြောနဲ့တော့... ငါ တကယ်ပဲ ဒေါသထွက်ပြီး သေသွားမှာစိုးလို့ပါ... ဘာပဲဖြစ်ဖြစ် အစွမ်းကုန် မထုတ်ခဲ့ဘူးမလား..."

အကယ်၍ အစွမ်းကုန်ထုတ်သုံးခဲ့ပါက ဤကဲ့သို့ ခေါင်းငုံ့ကာ စဉ်းစားနေရန် လိုအပ်ပါမည်လော။

ချူချင်းက ခေါင်းညိတ်ပြလိုက်၏။

"မင်းရဲ့သိုင်းပညာနဲ့ဆိုရင်တော့ အဆင်ပြေတာ သေချာတယ်..."

ဝမ်ဖူစန်းက မျက်လုံးများကို မှေးစင်းကာ ပြောလိုက်၏။

"သခင်လေးသုံး... ငါ့အတွက် ဒီသိုင်းပြိုင်ပွဲကို ကူညီပြီး ဦးဆောင်ပေးမလား..."

ချူချင်းက မျက်လုံးများကို အသာမှေးစင်းလိုက်သည်။

"ပြိုင်ပွဲဝင်တွေထဲမှာ ဘယ်သူတွေက သံသယဖြစ်စရာ ကောင်းလဲဆိုတာကို ကျုပ်ကို သေချာစောင့်ကြည့်စေချင်တာလား..."

"အတိအကျပဲ..."

ဝမ်ဖူစန်းက လေးနက်စွာ ပြောလိုက်၏။

"သာမန် ကျန်းဟူလူတွေကတော့ စိုးရိမ်စရာ မရှိပါဘူး... သူတို့က အခွင့်ကောင်းယူဖို့နဲ့ လာပြီး လူစုလူဝေးလုပ်ကြတာပဲ ရှိတာ... ငါ တကယ်စိုးရိမ်တာက... မင်းပြောတဲ့ ကောင်းကင်မိစ္ဆာဂိုဏ်းပဲ…”

“ကောင်းကင်မိစ္ဆာဂိုဏ်းက တကယ်ပဲ ကွယ်ရာမှာ ပုန်းအောင်းနေတဲ့လူတွေ ဟုတ်မဟုတ် မသေချာသေးပေမဲ့... ဖြစ်နိုင်ခြေကတော့ အရမ်းများတယ်..."

"မင်းက သူတို့နဲ့ ရင်ဆိုင်ဖူးတာမို့ ဒီသိုင်းပြိုင်ပွဲကြီးကို မင်းကိုပဲ ဦးဆောင်ခိုင်းချင်တာ... လူအင်အားအားလုံးကိုလည်း မင်း စိတ်ကြိုက်သုံးနိုင်တယ်... ဘယ်လိုလုပ်မလဲဆိုတာ မင်းသဘောပဲ... မင်း ဘယ်လိုထင်လဲ..."

"သခင်ဝမ် ဒီလိုလုပ်ရင် သူတို့ မကျေမနပ်ဖြစ်မှာကို မစိုးရိမ်ဘူးလား..."

ချူချင်းက နှာခေါင်းပွတ်လိုက်၏။

"ကျုပ်က အပြင်လူတစ်ယောက်ပဲဆိုတာ သိထားရမယ်..."

"တကယ်တော့ ဒီကိစ္စကို ဒုတိယညီနဲ့ တတိယညီဆီ အပ်မလို့ပဲ..."

"တတိယညီက သိုင်းပညာတော်ပြီး ဒုတိယညီကတော့ အကြံဉာဏ်ကောင်းတယ်... ဒါပေမဲ့ အခုတော့ တတိယညီရဲ့ သိုင်းပညာက မင်းထက် သာချင်မှသာလိမ့်မယ်... ဒုတိယညီရဲ့ အကြံဉာဏ်ကလည်း မင်းလောက် ကောင်းချင်မှကောင်းလိမ့်မယ်..."

ဝမ်ဖူစန်းက ပြောလိုက်၏။

"ပြီးတော့ မင်းက ရိုအာခေါ်လာတဲ့လူပဲ... တစ်လမ်းလုံး သူမကို ကာကွယ်ပေးခဲ့ပြီး မင်းတို့အချင်းချင်းလည်း ယုံကြည်မှု ရှိကြတယ်... ဒါကြောင့် မင်းကို အပြင်လူလို့ ပြောလို့မရပါဘူး..."

"ဒီကိစ္စကို မင်းကိုအပ်လိုက်တာက အသင့်တော်ဆုံးပဲ... ဒါဆိုရင် ဒုတိယညီက မင်းဘေးမှာ ကူညီပေးနိုင်ပြီး တတိယညီက ငါ့ဘေးမှာ နေနိုင်လိမ့်မယ်... နှစ်ဖက်လုံး အင်အားတောင့်တင်းသွားတာပေါ့..."

"မကျေနပ်တာနဲ့ ပတ်သက်ရင်တော့... မင်းရဲ့သိုင်းပညာနဲ့ ငါ့ရဲ့အမိန့်အာဏာရှိရင် ဘယ်သူကများ မနာခံဘဲ နေရဲမှာလဲ..."

ချူချင်းက ဝမ်ရိုအား ကြည့်လိုက်ရာ သူမသည် မျက်လုံးများကို ပုတ်ခတ်ပုတ်ခတ် လုပ်နေသော်လည်း ကိစ္စအားလုံးမှာ သူမနှင့် မသက်ဆိုင်သကဲ့သို့ ရှိနေဆဲပင်။

တစ်ခဏမျှ စဉ်းစားပြီးနောက် ချူချင်းက ခေါင်းညိတ်ကာ သဘောတူလိုက်လေသည်။

သူ ယနေ့တွင် ဝမ်ဖူစန်းနှင့် ပွင့်ပွင့်လင်းလင်း လာရောက်ဆွေးနွေးရခြင်းမှာလည်း ဤအိမ်တော်သခင်၏ယုံကြည်မှုကို ရရှိရန် မျှော်လင့်သောကြောင့်ပင်။

တစ်ဖက်တွင်လည်း ထျန်းကျီးအမိန့်တော်ပြားမှာ အရေးကြီးပြီး ထိုက်ရိဂိုဏ်းနှင့် ဆက်နွှယ်နေသောကြောင့် ဖြစ်၏။

အစ်ကိုလတ်ချူဖန်သည် ထိုက်ရိဂိုဏ်း၏ တပည့်ဖြစ်ရာ ယခုအချိန်တွင် ဤနေရာသို့ လာရောက်နိုင်ရန် အချိန်မရှိသဖြင့် ညီဖြစ်သူအနေဖြင့် ကူညီစောင့်ရှောက်ပေးရန်မှာ သဘာဝကျပေသည်။

အခြားတစ်ဖက်တွင်မူ ဝမ်ရိုကြောင့်လည်း ပါဝင်၏။

တစ်လမ်းလုံးတွင် ထိုမိန်းကလေးက သူ့အား များစွာကူညီပေးခဲ့သဖြင့် အချင်းချင်း ရင်းနှီးနေခဲ့ပြီ ဖြစ်သည်။

ကျေးဇူးကို ကျေးဇူးဖြင့်တုံ့ပြန်ရမည်ဖြစ်ရာ ယခုအခါ လော့ချန်အိမ်တော်တွင် အခက်အခဲ ကြုံတွေ့နေရသဖြင့် သူဥပေက္ခာပြုထား၍ မရပေ။

နောက်ဆုံးတွင် သူသည် ဤအခွင့်အရေးကို အသုံးပြု၍ လူအုပ်ကြားထဲတွင် ပုန်းအောင်းနေသော လျန့်ပေချန်းကို ရှာဖွေနိုင်မည် ဖြစ်၏။

ထိုအကြောင်းကို ပြောရလျှင် သူသည် အမြတ်ထုတ်ရန် ကျန်ရှိနေသေးသည့် ကိစ္စတစ်ခုကို သတိရသွားသေးသည်။

ခဏနေ၍ အပြင်သို့ထွက်သွားလျှင် ဟွာကျင်နျန်းကို သွားရောက်ရှာဖွေရမည် ဖြစ်၏။

ယွီလုံသူခိုးအိုကြီးသည် မကောင်းမှုများစွာ ပြုလုပ်ခဲ့ပြီး လူငယ်လေးများစွာကို ရက်စက်စွာ သတ်ဖြတ်ခဲ့ပေသည်။

လောကရှိ ချောမောလှပသော လူငယ်လေးများသည် ထိုသူခိုးအိုကြီးကြောင့် ဒုက္ခရောက်ခဲ့ရသည်မှာ ကြာပြီဖြစ်ရာ သူ့အား ဆက်အသက်ရှင်ခွင့်မပေးနိုင်ချေ။

ဝမ်ဖူစန်းသည် ချူချင်း သဘောတူလိုက်သည်ကို မြင်သောအခါ လွန်စွာဝမ်းသာသွားပြီး ချက်ချင်းအော်ပြောလိုက်၏။

"ဒုတိယညီ... စီယဲ့... မင်းတို့ ဝင်လာခဲ့ကြ..."

ဝမ်ခိုင်ယွမ်နှင့် စီယဲ့တို့သည် ချက်ချင်းပင် အခန်းထဲသို့ လျင်မြန်စွာ ဝင်လာကြလေသည်။

အခန်းထဲသို့ ခြေချလိုက်သည်နှင့် စီယဲ့၏မျက်နှာက ပျက်သွား၏။ ပတ်ဝန်းကျင်တွင် ဆီးနှင်းများ ရှိနေဆဲဖြစ်ပြီး အေးစိမ့်မှုများက လွှမ်းမိုးနေဆဲပင်။

ဝမ်ခိုင်ယွမ်ကမူ ချမ်းတုန်သွားရ၏။

"အစ်ကိုကြီး... အခန်းထဲမှာ ရေခဲတုံးတွေ ဝှက်ထားတာလား..."

"ရေခဲတွေက ရေခဲတိုက်ထဲမှာပဲ ရှိတာပါ..."

ဝမ်ဖူစန်းက လက်ဝှေ့ယမ်းလိုက်၏။

"ငါက သခင်လေးသုံးကို သိုင်းပြိုင်ပွဲကို ကူညီပြီး ဦးဆောင်ခိုင်းဖို့ စီစဉ်ထားတယ်... ဒုတိယညီ... မင်းနဲ့စီယဲ့က သူ့ကို ကူညီပေးလိုက်ကြ..."

စီယဲ့က ဆွံ့အသွားပြီး စကားပြောရန် ပြင်လိုက်စဉ်မှာပင် ဝမ်ခိုင်ယွမ်က ရယ်မောကာ ပြောလိုက်သည်ကို ကြားလိုက်ရ၏။

"ကောင်းတာပေါ့... သခင်လေးသုံးရဲ့ သိုင်းပညာက ထူးချွန်လွန်းတာမို့ ကျွန်တော် သေချာပေါက် အစွမ်းကုန်ကူညီပေးပါ့မယ်..."

ချူချင်းက ဝမ်ခိုင်ယွမ်အား အံ့ဩစွာ ကြည့်လိုက်ရာ သူ၏မျက်နှာနှင့် မျက်လုံးများတွင် ပြုံးရွှင်နေပြီး မကျေနပ်သည့် အရိပ်အယောင် လုံးဝမရှိသည်ကို တွေ့လိုက်ရ၏။

သူက ချက်ချင်းပင် လက်သီးဆုပ်ပြလိုက်သည်။

"ဒါဆိုရင်တော့ ဒုတိယသခင်ကို ကျေးဇူးတင်ပါတယ်..."

"အာ... သခင်လေးသုံးနဲ့ရိုအာက အသက်ချင်း တူတူပဲလေ... မင်းအနေနဲ့ စိတ်မရှိဘူးဆိုရင် ငါ့ကို ဒုတိယဦးလေးလို့ပဲခေါ်ပါ..."

ဝမ်ခိုင်ယွမ်က ပြုံးရွှင်စွာ ပြောလိုက်၏။

ချူချင်းသည် ဤခေါ်ဝေါ်ပုံမှာ ထူးဆန်းနေသည်ဟု ခံစားလိုက်ရသည်။

အဘယ်ကြောင့် သူက ဝမ်ရိုနှင့်အတူ လိုက်ခေါ်ရမည်နည်း။

စီယဲ့ပြောလိုသည့် စကားများမှာ ဝမ်ခိုင်ယွမ်ကြောင့် လည်ချောင်းဝတွင် ပိတ်ဆို့သွားရပြီး ချူချင်းအားကြည့်သည့် မျက်လုံးများတွင်လည်း စမ်းသပ်လိုသည့် အရိပ်အယောင်များ ပြည့်နှက်နေ၏။

သူသည် ဝမ်ဖူစန်း၏အစီအစဉ်ကို သဘောတူလိုက်သော်လည်း တကယ်တမ်း မကျေနပ်သည်မှာ သေချာပေသည်။

ချူချင်းက ထိုအရာများကို ဂရုမစိုက်ဘဲ တိုးညင်းစွာ ပြောလိုက်၏။

"ဒါဆိုရင်တော့ သိုင်းပြိုင်ပွဲမစတင်ခင်မှာ ကျုပ်အရင်ပြန်ပြီး အနားယူလိုက်ပါဦးမယ်... ဒါနဲ့သခင်ဝမ်... ဒီတစ်ခေါက်သိုင်းပြိုင်ပွဲက ဘယ်တော့စမှာလဲ..."

"ဒါဆိုရင်... မနက်ဖြန်ပေါ့..."

ဝမ်ဖူစန်းက ချူချင်း၏သဘောထားကို မေးမြန်းလိုက်၏။

ချူချင်းသည် ဤအဘိုးကြီးက တကယ့်ကို ပေါ့ပေါ့တန်တန်လုပ်တတ်သည်ဟု ခံစားလိုက်ရသည်။

သို့သော် သူက ခေါင်းညိတ်ပြလိုက်ဆဲပင်။

"ကောင်းပါပြီ... ဒါဆိုရင် မနက်ဖြန်ပေါ့..."

ပြောပြီးနောက် သူက ဝမ်ခိုင်ယွမ်အား ပြောလိုက်၏။

"ဒုတိယသခင်ဝမ်... ကျုပ်ကို အခန်းလိုက်ပို့ပေးပါဦး..."

"ကောင်းပါပြီ... ဒီဘက်ကိုကြွပါ..."

သူကပြောရင်း ဝမ်ဖူစန်းအား ပြုံးရွှင်စွာ ဦးညွှတ်နှုတ်ဆက်လိုက်ပြီးနောက် ချူချင်းကို ခေါ်ဆောင်ကာ အပြင်သို့ထွက်သွားလေသည်။

ဝမ်ဖူစန်းက စီယဲ့အားကြည့်ကာ ခပ်ဖွဖွ ရယ်မောလိုက်၏။

"ဒါက မင်းအတွက် အခွင့်အရေးပဲ..."

စီယဲ့၏မျက်ဝန်းများ ကျုံ့သွားပြီးနောက် လေးနက်စွာ ဦးညွှတ်လိုက်၏။

"လက်အောက်ငယ်သားအနေနဲ့ ဒီလို စိတ်ကူးယဉ်မှုမျိုး မထားဝံ့ပါဘူး..."

ပြောပြီးနောက် သူက နောက်ဆုတ်သွားပြီး တံခါးဝတွင် စောင့်ဆိုင်းနေလိုက်တော့သည်။

သူက ရံဖန်ရံခါ မော့ကြည့်လိုက်ရာ သူ၏ အေးစက်သော မျက်လုံးများက ခြံဝင်းထဲတွင် အလုပ်ရှုပ်နေသော ဝမ်ခယ်ရန်အား မြင်လိုက်ရသည့်အခါ နွေဦးနှင်းများက နေရောင်ခြည်နှင့် တွေ့ဆုံသကဲ့သို့ အေးစိမ့်မှုများမှာ တဖြည်းဖြည်း အရည်ပျော်သွားရ၏။

ဝမ်ခယ်ရန်က သူ၏အကြည့်ကို သတိပြုမိသဖြင့် လှည့်ကြည့်လိုက်ရာ သူက မသိစိတ်အရ ခေါင်းငုံ့လိုက်ပြီး မျက်လုံးများတွင် အေးစက်မှုများ ပြန်လည်ဖုံးလွှမ်းစေကာ မည်သည့်ခံစားချက်ကိုမျှ မပြသခဲ့ချေ။

အခန်းထဲတွင် ဝမ်ဖူစန်းက သက်ပြင်းချလိုက်၏။

"လူငယ်တွေကတော့ တစ်ယောက်ပြီးတစ်ယောက် ဇဝေဇဝါဖြစ်နေကြတာပဲ..."

"ရိုအာ... မင်းကော... ဇဝေဇဝါဖြစ်နေလား..."

"ဘာကိုလဲ..."

ဝမ်ရိုက ခေါင်းစောင်းကာ သူမ၏ဖခင်အား ကြည့်လိုက်၏။

ဝမ်ဖူစန်းသည် ဝမ်ရို၏မျက်လုံးများကို ကြည့်ကာ သနားဂရုဏာသက်စွာ ပြောလိုက်၏။

"တကယ်လို့ ထျန်းကျီးတောင်ကြားထဲမှာ မြေကမ္ဘာစာလိပ် တကယ်ရှိရင်ကောင်းမှာပဲ..."

"သမီး ရယ်တတ်နေပြီပဲ..."

ဝမ်ရိုက ခေါင်းကို အသာအယာ ခါယမ်းလိုက်၏။

သူမက ပြောရင်း မျက်နှာပေါ်တွင် အလွန်ကြည့်ရဆိုးသော အပြုံးတစ်ခုကို အတင်းအကျပ် ဖော်ပြလိုက်လေသည်။

ဝမ်ရို၏အပြုံးကိုကြည့်ရင်း ဝမ်ဖူစန်းရယ်မောလိုက်သော်လည်း သူ၏အပြုံးမှာ ကြည့်ရဆိုးလှပြီး ရယ်မောရင်းနှင့် မျက်ရည်များပင် ကျလာရ၏။

ဝမ်ရိုက ဖခင်ဖြစ်သူ၏ မျက်ရည်များကို အသာအယာ သုတ်ပေးလိုက်၏။

"သူ သမီးကို သင်ပေးခဲ့တာ... သမီး သင်ယူနိုင်ပါတယ်..."

သူမ၏ စကားလုံးများတွင် ခံစားချက်မဲ့နေဆဲဖြစ်သော်လည်း တစ်စုံတစ်ရာသော ဇွဲနပဲကြီးမှုမျိုး ရှိနေပုံရပေသည်။

ဝမ်ဖူစန်းက အသက်ပြင်းပြင်းရှူလိုက်ပြီး စိတ်ထဲမှ ခံစားချက်များကို ထိန်းချုပ်လိုက်၏။

သူက ပြုံးကာ ဝမ်ရို၏ခေါင်းကို ပုတ်လိုက်သည်။

"ရိုအာ... အဖေနဲ့ စကားခဏလောက် ပြောရအောင်... ဒီနှစ်တွေထဲမှာ ထိုက်ရိဂိုဏ်းမှာ ဘာတွေဖြစ်ခဲ့လဲဆိုတာ ပြောပြပါဦး…”

All Chapters