အခန်း ၁၆၅
Vol. 17 Ch. 165
အခန်း (၁၆၅) - ရေစက်ဆုံရာ လောကကမ္ဘာ (၁)
ဝမ်ခိုင်ယွမ်သည် ချူချင်းကိုခေါ်ဆောင်ကာ လော့ချန်အိမ်တော်အတွင်း လျှောက်လှမ်းနေ၏။
သူသည် လမ်းလျှောက်ရင်း ချူချင်းအား လော့ချန်အိမ်တော်၏ နယ်မြေများနှင့် အခြေအနေများကို အသေးစိတ် ရှင်းပြနေချေသည်။
ယခင်က အကြမ်းဖျင်းသာ မိတ်ဆက်ပေးခဲ့သော်လည်း ယခုမူ အသေးစိတ်အချက်အလက်များကိုပါ ပြောပြနေခြင်းဖြစ်၏။
"အိမ်တော်တစ်ခုလုံးက တောင်တန်းကို အခြေခံပြီး ဆောက်ထားတာ… အထက်အောက် စုစုပေါင်းခုနစ်ထပ်ရှိတယ်...”
"အောက်ဘက် သုံးထပ်ကတော့ တပည့်တွေရဲ့ နေအိမ်တွေ၊ လေ့ကျင့်ရေးကွင်းပြင်၊ သိုင်းသင်ကြားရေးဆောင်၊ စည်းကမ်းထိန်းသိမ်းရေးဆောင်နဲ့ ဧည့်သည်ဆောင်တွေ...”
"အလယ်ထပ်ရဲ့ ဘေးတစ်ဖက်တစ်ချက်စီမှာတော့ ဝမ်မိသားစုရဲ့ ဆွေမျိုးစုတွေနဲ့ အမာခံတပည့်တွေ နေထိုင်ကြတယ်...”
"အလယ်ဗဟိုတည့်တည့်ကတော့ အိမ်တော်သခင်ရဲ့ နေအိမ်ပဲ...”
"အပေါ်ဘက် သုံးထပ်ကတော့ စာကြည့်ဆောင်၊ ဝမ်မိသားစုမျိုးဆက်တွေရဲ့ နေအိမ်တွေနဲ့ ဝမ်မိသားစုရဲ့ နောက်ဖေးတောင်ကတော့ တားမြစ်နယ်မြေတွေ...”
"ကင်းလှည့်တာကိုတော့ လော့ချန်အိမ်တော်ရဲ့ တပည့်တွေနဲ့ ဖွဲ့စည်းထားပြီး ငါးယောက်တစ်ဖွဲ့၊ နှစ်ဆယ့်ငါးယောက်တစ်အုပ်စုနဲ့ အုပ်စုတစ်ခုစီက အလှည့်ကျ ကင်းလှည့်ကြတယ်...”
"ဒါပေမဲ့ အိမ်တော်သခင်ရဲ့ နေအိမ်ကတော့ အရေးအကြီးဆုံးနေရာမို့ အဲဒီနေရာကို စောင့်ကြပ်တာကတော့ ကြယ်တာရာအစောင့်တပ်ပဲ...”
"ကြယ်တာရာအစောင့်တပ်က အိမ်တော်သခင်ရဲ့ တိုက်ရိုက်ကွပ်ကဲမှုအောက်မှာ ရှိပြီး စီယဲ့နဲ့စီချန် ဦးဆောင်တယ်...”
"စီယဲ့ကိုတော့ မင်းတွေ့ဖူးပြီးပြီ... စီချန်ကတော့ တတိယညီလေးနဲ့ အပြင်မှာ ကိစ္စတစ်ခု သွားရှင်းနေတယ်...”
"သူတို့နှစ်ယောက်က တစ်ယောက်က အမည်း၊ တစ်ယောက်က အဖြူဝတ်ဆင်လေ့ရှိပြီး သိုင်းပညာပိုင်းမှာဆိုရင်တော့ စီယဲ့က ပိုပြီးကျွမ်းကျင်လိမ့်မယ်... ဒါပေမဲ့ စီချန်ကလည်း တော်တော်လေး တော်ပါတယ်...”
"သူတို့အားလုံးက အစ်ကိုကြီးရဲ့ လက်ရုံးတွေပေါ့...”
"အကာအကွယ်ချထားတဲ့မြေပုံကို သခင်လေးသုံး လိုအပ်မယ်ဆိုရင် ကျွန်တော် နောက်မှ ပို့ပေးလိုက်ပါ့မယ်...”
ချူချင်းက နားထောင်ရင်း ခေါင်းညိတ်လိုက်ပြီး မေးလိုက်သည်။
"ဒါဆိုရင်တော့ ဒုတိယသခင်ဝမ်ကို ကျေးဇူးတင်ရမှာပဲ...”
ဝမ်ခိုင်ယွမ်က ပြုံးလျက် ခေါင်းခါလိုက်သည်။
"အားနာနေစရာမလိုပါဘူး... အိမ်တော်သခင်က သခင်လေးသုံးကို ယုံကြည်သလို ကျွန်တော်လည်း ယုံကြည်ပါတယ်...”
"ကျုပ် တကယ်ပဲ နွေးထွေးမှုကို ခံစားရပါတယ်...”
ချူချင်းသည် ဝမ်ရိုနှင့်အတူ ဤနေရာသို့ လာခဲ့ခြင်းဖြစ်သော်လည်း ဝမ်မိသားစု၏ ယုံကြည်မှုကို ဤမျှအထိရရှိရန် မမျှော်လင့်ထားချေ။
ဝမ်ခိုင်ယွမ်က ချူချင်းကိုကြည့်ကာ ပြုံးလျက် ပြောလိုက်သည်။
"ရိုအာက မင်းကိုယုံကြည်ရင် ကျွန်တော်တို့အားလုံးကလည်း မင်းကို ယုံကြည်မှာပဲ...”
ဤနေရာသို့ရောက်သောအခါ သူ၏စကားသံက အနည်းငယ် တုံ့ဆိုင်းသွား၏။
"ဒါ့အပြင် နောက်ပိုင်း ကျွန်တော်တို့ အတူတူ ပူးပေါင်းဆောင်ရွက်ကြရမှာမို့လို့...”
"တချို့ကိစ္စတွေကို သခင်လေးသုံးကို ရှင်းရှင်းလင်းလင်း ပြောပြထားသင့်တယ်...”
"ဒုတိယသခင်ဝမ် စိတ်ကြိုက်ပြောနိုင်ပါတယ်...”
ဝမ်ခိုင်ယွမ်က ပြုံးလျက် ခေါင်းညိတ်လိုက်သည်။
"ကျွန်တော်တို့ ညီအစ်ကိုသုံးယောက်ကြားမှာ ဘာပြဿနာမှ မရှိကြဘူး... အစ်ကိုကြီးက ပါရမီအကောင်းဆုံးဖြစ်ပြီး သိုင်းပညာလည်း အမြင့်ဆုံးပဲ... သူက တကယ့်ကို ရှားပါးတဲ့ ပါရမီရှင်တစ်ယောက်ပေါ့...”
"ငယ်ငယ်ကတည်းက ကျွန်တော်နဲ့ တတိယညီလေးက သူ့ကို အရမ်းလေးစားခဲ့ကြတာ... သူ အိမ်တော်သခင် ဖြစ်လာတာကို ကျွန်တော်တို့ လုံးဝမကန့်ကွက်ခဲ့ကြဘူး...”
"သူနဲ့ယှဉ်ရင် ကျွန်တော်က အများကြီး ကွာခြားလွန်းပါတယ်... သိုင်းပညာပါရမီလည်း မကောင်းသလို သိုင်းပညာကလည်း သာမန်ပါပဲ... သခင်လေးသုံး ရယ်မလားတော့ မသိဘူး... ကျွန်တော် စီယဲ့ကိုတောင် မနိုင်ဘူး...”
"တော်သေးတာက ကျွန်တော်က စိတ်ထားတတ်တယ်... အဲဒီလို ပါရမီမရှိမှတော့ အာဏာလုဖို့လည်း မကြိုးစားတော့ဘူး...”
"ဒါ့အပြင် အစ်ကိုကြီးက လော့ချန်အိမ်တော်ရဲ့ ဂုဏ်သတင်းကို မြှင့်တင်ပေးထားတော့ ညီဖြစ်တဲ့ကျွန်တော်က သူ့နောက်လိုက်ပြီး အေးအေးဆေးဆေး စားသောက်နေထိုင်ရုံပဲ... ပိုက်ဆံလည်း ရှိတယ်၊ အားလည်း အားတယ်... ဘာလို့ မပျော်ရမှာလဲ...”
"တကယ်ပြောရရင် လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ဆယ်၊ သုံးဆယ်လောက်က ကျွန်တော့်ဘဝက လွတ်လပ်ပေါ့ပါးလွန်းလို့ စကားလုံးနဲ့တောင် ဖော်ပြလို့မရဘူး...”
"ဒါပေမဲ့ အစ်ကိုကြီးက ကျွန်တော့်အသက်ကြီးလာတာကို မြင်ပြီး အတင်းအကျပ် အိမ်ထောင်ချပေးခဲ့တယ်... သားသမီးတွေ ရလာတော့မှပဲ ကျွန်တော့်ရဲ့ လွတ်လပ်ပေါ့ပါးတဲ့ ဘဝကြီးကို နှုတ်ဆက်လိုက်ရတော့တယ်...”
ချူချင်းသည် သူ၏ ဝတုတ်နေသော ဗိုက်ကြီးကို ကြည့်ကာ သူငယ်စဉ်က မည်မျှအထိ လွတ်လပ်ပေါ့ပါးခဲ့သည်ကို စိတ်ကူးပင် မယဉ်ရဲတော့ချေ။
"ကျွန်တော့်ရဲ့ အခုပုံစံကို မကြည့်ပါနဲ့... အရင်တုန်းက ကျွန်တော်ကလည်း တကယ့်ကို ခန့်ညားထည်ဝါတဲ့ သခင်လေးတစ်ယောက် ဖြစ်ခဲ့ဖူးတယ်...”
ဝမ်ခိုင်ယွမ်က သူ၏ဗိုက်ကို ပုတ်လျက် ရယ်မောလိုက်သည်။
"တော်သေးတာက အိမ်ထောင်ကျပြီးနောက်ပိုင်း ဘဝကလည်း မဆိုးပါဘူး... စိတ်ကို ဖြည်းဖြည်းချင်း ထိန်းချုပ်ပြီး အစ်ကိုကြီးကို ကူညီတယ်”
“အိမ်တော်ရဲ့ နေ့စဉ်ကိစ္စတွေကို ကိုင်တွယ်ပေးခဲ့တယ်... လော့ချန်အိမ်တော်မှာ ကျွန်တော်က အိမ်တော်ထိန်းကြီးတစ်ယောက်လို ဖြစ်နေတာပေါ့...”
"တတိယညီလေးကတော့ သိုင်းပညာပါရမီက ကျွန်တော့်ထက်သာပေမဲ့ ဦးနှောက်က သိပ်မပြေးဘူး...”
"စာရင်းဇယားတွေလည်း နားမလည်ဘူး... သူ့ကို ကျန်းဟူလောကထဲ လွှတ်လိုက်ရင် သူများလှည့်စားတာကို ခံရနိုင်တယ်...”
"ဒါကြောင့် သူက အိမ်တော်ရဲ့ ပထမတန်းစားတိုက်ခိုက်ရေးသမား ဖြစ်လာခဲ့တယ်... အစ်ကိုကြီး ကိုယ်တိုင်ထွက်ဖို့ မသင့်တော်တဲ့ ကိစ္စတွေဆို တတိယညီလေးကို သွားလုပ်ခိုင်းလေ့ရှိတယ်...”
"စီချန်က တစ်နှစ်မှာ သုံးရာ့ခြောက်ဆယ်ရက်ရှိရင် သုံးရာ့ငါးဆယ့်ကိုးရက်လုံး တတိယညီလေးရဲ့ဘေးမှာ ကပ်လိုက်နေရတယ်... အဓိကကတော့ ကူညီဖို့တင်မကဘူး... တတိယညီလေး သူများလှည့်စားတာခံရမှာ စိုးရိမ်လို့ပဲ...”
"အခြေအနေကတော့ ဒီလောက်ပါပဲ... ရိုအာ့ကိစ္စကြောင့် မင်း ကျွန်တော့်အပေါ် သံသယဝင်နေတာကို ကျွန်တော်သိပါတယ်...”
"ဒီစကားတွေက မင်းရဲ့သံသယတွေကို အနည်းငယ် လျော့ပါးသွားစေဖို့ မျှော်လင့်ပါတယ်... လိုအပ်တာရှိရင် ကျွန်တော့်ကို စိတ်ချလက်ချ လာရှာနိုင်ပါတယ်...”
ဝမ်ခိုင်ယွမ်သည် စိတ်ကူးဉာဏ်ထက်မြက်သူဖြစ်ကြောင်း ဝမ်ဖူစန်းပြောခဲ့သည်မှာ အမှန်ဖြစ်ချေသည်။
သူသည် မိမိ၏သံသယစိတ်ကို အမှန်တကယ် ရိပ်မိနေခဲ့၏။
ချူချင်းက လက်နှစ်ဖက်ကို ဆုပ်ကိုင်ကာ ဂါရဝပြုလိုက်သည်။
"ဒုတိယသခင်ဝမ်ရဲ့ ပွင့်လင်းမှုကို ကျေးဇူးတင်ပါတယ်...”
"ဒါက လုပ်သင့်လုပ်ထိုက်တာပါ...”
သူက ပြောရင်းနှင့် ခြံဝင်းတစ်ခု၏ တံခါးဝတွင် ရပ်တန့်လိုက်လေသည်။
"သခင်လေးသုံး… ဒီည ဒီမှာပဲ အနားယူလိုက်ပါ... ဘေးနားက ခြံဝင်းကတော့ ရိုအာ့ခြံဝင်းပဲ...”
"ဗျာ…"
ချူချင်းက အံ့အားသင့်သွား၏။
"ဒါက အဆင်ပြေပါ့မလား...”
အပြင်ရောက်နေချိန်တွင် အခြေအနေများ ကန့်သတ်ချက်ရှိသဖြင့် တချို့သော စည်းမျဉ်းစည်းကမ်းများကို လျှော့ချနိုင်သော်လည်း ကျန်းဟူလောကသားများမှာ အသေးအဖွဲ့ကိစ္စများကို ဂရုမစိုက်တတ်ကြချေ။
သို့သော် ယခုအခါ လော့ချန်အိမ်တော်သို့ ရောက်ရှိနေပြီဖြစ်ရာ ယောက်ျားလေးနှင့်မိန်းကလေးမှာ လက်မထပ်ရသေးသဖြင့် အမျိုးသမီး၏ သိက္ခာကို ငဲ့ညှာရပေမည်။
"လော့ချန်အိမ်တော်က အခုအချိန်မှာ ပြဿနာတွေနဲ့ ရင်ဆိုင်နေရတာ... သခင်လေးသုံးက သိုင်းပညာမြင့်မားသလို ရိုအာကလည်း မင်းကို အရမ်းယုံကြည်တယ်... မင်း ဒီမှာရှိနေရင် တစ်ယောက်နဲ့တစ်ယောက် စောင့်ရှောက်ပေးလို့ ရတာပေါ့...”
ဝမ်ခိုင်ယွမ်က ပြုံးလျက် ပြောလိုက်သည်။
"အဆင်မပြေစရာ ဘာရှိလို့လဲ...”
"ကောင်းပါပြီ"
ချူချင်းက ခေါင်းညိတ်လိုက်သည်။
"ဒါပေမဲ့ ဒီလိုဆိုရင်တော့ ဒုတိယသခင်ဝမ်ကို နောက်တစ်ခေါက်လောက် ဒုက္ခပေးရဦးမယ်... ကျုပ်ကို ဟွာကျင်နျန်းတို့ နေတဲ့နေရာဆီ ခေါ်သွားပေးပါဦး... သူတို့ကို ပြောစရာရှိလို့ပါ...”
"ဒီလိုကိုး"
ဝမ်ခိုင်ယွမ်က ငြင်းဆန်ခြင်းမရှိဘဲ ချူချင်းကို ပျန်းချန်နှင့်ဟွာကျင်နျန်းတို့ နေရာသို့ ခေါ်ဆောင်သွားလေသည်။
တစ်လမ်းလုံးတွင် သူတို့နှစ်ဦးသည် ပေါ့ပေါ့ပါးပါး စကားစမြည် ပြောဆိုခဲ့ကြသဖြင့် ဆက်ဆံရေးမှာ များစွာတိုးတက်ကောင်းမွန်လာခဲ့၏။
ဝမ်ခိုင်ယွမ်သည် ပွင့်လင်းသော စရိုက်ရှိပြီး လူကြီးလူကောင်းဟန် မဖမ်းတတ်သဖြင့် စကားအနည်းငယ် ပြောရုံနှင့်ပင် သူတစ်ပါး၏ ကြည်ညိုမှုကို လွယ်ကူစွာ ရရှိနိုင်ပေသည်။
သူတို့နှစ်ဦး စကားပြောရင်းနှင့် ချူချင်းက ရုတ်တရက် အကြောင်းအရာတစ်ခုကို သတိရသွား၏။
"ဒါနဲ့... ဝမ်ရိုက ဘာဖြစ်လို့ ထိုက်ရိဂိုဏ်းမှာ သွားပြီး ပညာသင်တာလဲ...”
အတိတ်ကာလက ထိုက်ရိဆရာသခင်ကြီး ရှိခဲ့စဉ်က ထိုက်ရိဂိုဏ်းသည် လောကတွင် အင်အားအကြီးဆုံး အဖွဲ့အစည်းကြီးတစ်ခု ဖြစ်ခဲ့ဖူး၏။
သို့သော် ယခုခေတ် ထိုက်ရိဂိုဏ်းသည် အတိတ်နှင့်ယှဉ်နိုင်စွမ်း မရှိတော့ချေ။
ဆန့်ကျင်ဘက်အနေဖြင့် လော့ချန်အိမ်တော်သည် အတိတ်တွင်ဖြစ်စေ၊ ပစ္စုပ္ပန်တွင်ဖြစ်စေ နန်လင်ဒေသ၏ အဓိကအင်အားကြီးအဖွဲ့အစည်းတစ်ခု ဖြစ်နေဆဲပင်။
လော့ချန်အိမ်တော်၏ သမီးကြီးက ထိုက်ရိဂိုဏ်းတွင် ပညာသင်ယူခဲ့ခြင်းမှာ ယခင်က ဤအကြောင်းကို သိပ်မစဉ်းစားခဲ့သော်လည်း ယခုအခါ မည်သို့ပင် စဉ်းစားစေကာမူ တစ်ခုခု မှားယွင်းနေသကဲ့သို့ ခံစားနေရ၏။
ဝမ်ခိုင်ယွမ်သည် ထိုစကားကို ကြားသောအခါ အနည်းငယ် တုံ့ဆိုင်းသွားပြီးနောက် ခပ်ဖွဖွ ရယ်မောလိုက်သည်။
"ဒီကိစ္စကိုတော့ ကျွန်တော် မင်းကို မပြောပြနိုင်ဘူး... ယုံကြည်မှုနဲ့ မဆိုင်ပါဘူး... သခင်လေးသုံး နားလည်ပေးဖို့ မျှော်လင့်ပါတယ်...”
ချူချင်းက ဝမ်ခိုင်ယွမ်ကိုကြည့်ကာ ခေါင်းညိတ်လိုက်သည်။
"ကောင်းပါပြီ... ဒါဆိုရင်လည်း ကျုပ်ထပ်မမေးတော့ပါဘူး...”
"သခင်လေးသုံး... လော့ချန်အိမ်တော်ရဲ့ အထက်အောက် ခုနစ်ထပ်လုံးနဲ့ နောက်ဖေးတောင်က တားမြစ်နယ်မြေအပါအဝင် မင်း သွားချင်တဲ့နေရာတိုင်းကို သွားလို့ရတယ်...”
"လိုအပ်တာရှိရင် လူလွှတ်ပြီး ကျွန်တော့်ကို လာရှာခိုင်းလို့ ရတယ်...”
"တခြားကိစ္စမရှိရင်တော့ ကျွန်တော် အရင်သွားနှင့်တော့မယ်... လုပ်စရာကိစ္စတွေ ရှိသေးလို့ပါ... သခင်လေးသုံး ကိုယ့်အိမ်လို့ သဘောထားပြီး လွတ်လွတ်လပ်လပ်နေပါ...”
ဝမ်ခိုင်ယွမ်က ဤသို့ပြောလိုက်ချိန်တွင် သူတို့နှစ်ဦးသည် ပျန်းချန်တို့ရှိနေသည့် ခြံဝင်းတံခါးဝသို့ ရောက်ရှိနေပြီ ဖြစ်၏။
ချူချင်းက ခေါင်းညိတ်ပြကာ ဝမ်ခိုင်ယွမ်ကို ထွက်ခွာခွင့်ပြုလိုက်ပြီးမှ တံခါးကို တွန်းဖွင့်ကာ ခြံဝင်းအတွင်းသို့ ဝင်ခဲ့လေသည်။