အခန်း ၁၆၆
Vol. 17 Ch. 166
အခန်း (၁၆၆) - ရေစက်ဆုံရာ လောကကမ္ဘာ (၂)
လော့ချန်အိမ်တော်တစ်ခုလုံး မိမိအပေါ် ယုံကြည်ပေးသည်မှာ ဝမ်ရိုက မိမိကို ယုံကြည်သောကြောင့်သာလော။
ချူချင်းသည် သေချာမသိသော်လည်း မည်သို့ပင်ဖြစ်စေ အကြောင်းရင်းမှာ ဝမ်ရိုအပေါ်တွင်သာ မူတည်နေလိမ့်မည်။
ဝမ်ရို ထိုက်ရိဂိုဏ်းတွင် ပညာသင်ရသည့် အကြောင်းရင်းနှင့် ပတ်သက်၍မူ ချူချင်းသည် အထပ်ထပ် စဉ်းစားကြည့်သော်လည်း ထိုမပြောင်းလဲသော ကောင်းကင်စာလိပ်သုံးအုပ်မှလွဲ၍ ထိုက်ရိဂိုဏ်းတွင် လော့ချန်အိမ်တော်က လိုချင်တပ်မက်စရာ ဘာမျှမရှိကြောင်း ခံစားရ၏။
သို့သော် အကယ်၍ ထိုသို့သာဆိုလျှင် ထျန်းကျီးအမိန့်ပြားနှင့် ထျန်းကျီးတောင်ကြားတို့သည် ဝမ်ဖူစန်းအတွက် ထင်ထားသည်ထက် ပိုမိုဆွဲဆောင်မှု ရှိနေပေလိမ့်မည်။
'ဒီကိစ္စကိုလည်း သတိထား ကိုင်တွယ်ရမယ် ထင်တယ်...’
ချူချင်းက စိတ်ထဲတွင် ညည်းတွားလိုက်စဉ် ပျန်းချန်က မေးလာသည်ကို ကြားလိုက်ရ၏။
"မင်း ဘာကို ကာကွယ်မလို့လဲ...”
"လူယုတ်မာတွေရဲ့ နောက်ကွယ်က ပရိယာယ်တွေကို ကာကွယ်မလို့ပါ...”
ချူချင်းက ပေါ့ပေါ့ပါးပါး မေးလိုက်သည်။
"ဟွာကျင်နျန်းကော"
ထိုခြံဝင်းထဲမှ ထွက်လာချိန်တွင် ချူချင်း၏ လူသတ်သမားစနစ်ထဲ၌ တာဝန်အသစ်တစ်ခု တိုးလာခဲ့ပြီ ဖြစ်၏။
၎င်းမှာ ယွီလုံသူခိုးအိုကြီးကို လုပ်ကြံသတ်ဖြတ်ရန် တာဝန်ပင် ဖြစ်ချေသည်။
ဟွာကျင်နျန်းနှင့် ဆွေးနွေးခဲ့သော အဖိုးအခမှာမူ မိမိအတွက် ကိစ္စရပ်သုံးခုကို ကူညီလုပ်ဆောင်ပေးရန် ဖြစ်၏။
အမှန်စင်စစ် ချူချင်းအတွက်မူ အဖိုးအခဟူသည် သိပ်အရေးမကြီးခဲ့ချေ။
သို့သော် ဤအရာရှိနေသဖြင့် ချူချင်းကလည်း သူ့ကိုခိုင်းစေရန် တွန့်တိုမနေတော့ပေ... ထို့ကြောင့် သူ့အား ပထမဆုံး ပေးအပ်လိုက်သော တာဝန်မှာ ရှီမောက်ကို ကောင်းမွန်စွာ ကာကွယ်ပေးရန် ဖြစ်၏။
ချူချင်းသည် လျန့်ပေချန်းကို ရှာဖွေတွေ့ရှိပြီး သူ၏ညီမကို မကယ်တင်နိုင်သေးမီအထိ သူ၏ ဘေးကင်းလုံခြုံမှုကို စောင့်ရှောက်ပေးရမည် ဖြစ်၏။
ဟွာကျင်နျန်းက ဝမ်းမြောက်ဝမ်းသာ သဘောတူလိုက်လေသည်။
သာမန်လူတစ်ယောက်ကို ကာကွယ်ပေးရုံဖြင့် ပြဿနာကြီးတစ်ခုကို ဖြေရှင်းနိုင်မည်ဖြစ်ရာ အဘယ်ကြောင့် မလုပ်ဘဲနေပါအံ့နည်း။
ချူချင်းသည် မိမိနှင့်ဝမ်ဖူစန်းတို့ တွေ့ဆုံခဲ့သည့် အခြေအနေများကို ပျန်းချန်အား အကြမ်းဖျင်း ပြောပြလိုက်ပြီး ခန့်မှန်းချက်အများစုကို ချန်လှပ်ကာ ဝမ်ဖူစန်းအတွက် ဝမ်ခယ်ရန်၏သိုင်းပြိုင်ပွဲဖြင့် ခင်ပွန်းရွေးချယ်ပွဲကို ကူညီကျင်းပပေးရမည့်အကြောင်းကိုသာ အဓိကပြောပြလိုက်၏။
ပျန်းချန်သည် နားထောင်ရင်းနှင့် အံ့အားသင့်သွားပြီးနောက် အနည်းငယ်စိတ်ပျက်သွား၏။ မိမိကသာ ဝမ်ရို၏ဂိုဏ်းတူအစ်ကို ဖြစ်ပြီး သူမနှင့် ငယ်စဉ်ကတည်းက အတူတူကြီးပြင်းလာခဲ့သူ ဖြစ်ပါလျက် ဝမ်ဖူစန်းက ချူချင်းကို ဤမျှအထိ အဘယ်ကြောင့် တန်ဖိုးထားနေရသနည်း။
ချူချင်း မဖြေရသေးမီ မော့တူရှင်းက ဦးစွာပြောလိုက်လေသည်။
"ရုပ်ရည်ကြောင့် ဖြစ်လိမ့်မယ်...”
ထိုစကားတစ်ခွန်းကြောင့် ပျန်းချန်မှာ စကားမပြောနိုင်တော့ဘဲ ဒေါသတကြီးဖြင့် တစ်ဖက်သို့သွားကာ ထိုင်နေတော့၏။
ပျန်းချန်တို့ နေထိုင်သည့် ခြံဝင်းမှာ လော့ချန်အိမ်တော်၏ အောက်ဘက်သုံးထပ်တွင် တည်ရှိပြီး သူတို့ကို နှုတ်ဆက်ပြီးနောက် ချူချင်းသည် လော့ချန်အိမ်တော်အတွင်း၌ ပေါ့ပေါ့ပါးပါး လျှောက်လှမ်းနေခဲ့၏။
ဝမ်ဖူစန်းသည် အမိန့်ကို မည်သို့ ထုတ်ပြန်လိုက်သည်မသိသော်လည်း ဤမျှတိုတောင်းသော အချိန်အတွင်း လော့ချန်အိမ်တော်၏ တပည့်အားလုံးမှာ ချူချင်းကို သိရှိသွားကြပြီး သူသွားလေရာတိုင်း၌ တပည့်များက သူ့အား ဂါရဝပြုကြလေသည်။
ထိုသူများက ချူချင်းကိုကြည့်သည့် မျက်လုံးများမှာ အများအားဖြင့် စူးစမ်းလိုစိတ်များဖြင့် ပြည့်နှက်နေ၏။
သို့သော် မည်သူမျှ ဦးနှောက်မရှိသကဲ့သို့ ချူချင်းထံ လာရောက်ကာ သိုင်းပညာစမ်းသပ်ရန် မကြိုးစားကြချေ။
ထိုအောက်ဘက်သုံးထပ်အတွင်း၌ အရပ်ရပ်မှ လော့ချန်အိမ်တော်သို့ ရောက်ရှိလာကြသော ကျန်းဟူလောကသားများစွာ ရှိနေသော်လည်း လော့ချန်အိမ်တော်၏ ဂုဏ်သတင်းကို ကြောက်ရွံ့ကြသဖြင့် မည်သူမျှ ရမ်းကားခြင်း မပြုရဲကြချေ။
ချူချင်းသည် လျှောက်လှမ်းကြည့်ရှုရင်း လျန့်ပေချန်းနှင့် တူသူတစ်ဦးတစ်ယောက်ကိုမျှ မတွေ့ရှိခဲ့ချေ။
တောင်ခြေ၌ ယွီလုံသူခိုးအိုကြီး၏ လူများကို သတ်ဖြတ်ခဲ့သော်လည်း ယွီလုံသူခိုးအိုကြီးသည် ပြဿနာရှာရန် အလျင်စလို ထွက်မလာခဲ့သေးချေ။
ပြဿနာမရှိတော့ကြောင်း ထင်မှတ်ကာ လှည့်ပြန်ရန် ပြင်လိုက်စဉ် လော့ချန်အိမ်တော်၏ တပည့်နှစ်ဦး အပြေးအလွှား ရောက်ရှိလာသည်ကို မြင်လိုက်ရ၏။
"သခင်လေးသုံး... တစ်ယောက်ယောက် ပြဿနာရှာနေတယ်...”
ချူချင်းက မျက်တောင်ခတ်လိုက်ပြီး စိတ်ထဲတွင် တွေးလိုက်၏။ စကားက အစွမ်းထက်လွန်းလှပြီး ဘာမှမရှိတော့ကြောင်း တွေးမိသည်နှင့် ပြဿနာက ချက်ချင်းတက်လာတော့သည်။
သူက ချက်ချင်းပင် လက်ဝှေ့ယမ်းလိုက်သည်။
"ရှေ့က လမ်းပြ...”
ဝမ်ဖူစန်းကို ကတိပေးထားခဲ့သဖြင့် လုပ်ဆောင်သင့်သည့် ကိစ္စများကိုတော့ လုပ်ဆောင်ရပေမည်။
အမှန်ပင် တစ်စုံတစ်ယောက်က ပြဿနာရှာနေခြင်းလော သို့မဟုတ် လော့ချန်အိမ်တော်၏ တပည့်များက မိမိကဲ့သို့ ပြင်ပလူတစ်ဦး၏ စွမ်းရည်ကို စမ်းသပ်လိုခြင်းလောဆိုသည်မှာ ရောက်သွားလျှင် သိရပေလိမ့်မည်။
တပည့်နှစ်ဦးသည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ပြီးနောက် ရှေ့မှဦးဆောင်ကာ လမ်းပြလေသည်။
တစ်ခဏမျှလျှောက်လှမ်းပြီးနောက် ရှေ့ရှိ ခြံဝင်းငယ်လေးတစ်ခုတွင် လူများပြည့်နှက်နေသည်ကို တွေ့လိုက်ရ၏။
လူအုပ်ကြီးက အထပ်ထပ်ဝိုင်းအုံကာ ကြည့်ရှုနေကြပြီး တိုက်ခိုက်သံများလည်း အတွင်းမှ ထွက်ပေါ်နေချေသည်။
"ဖယ်ကြ... ဖယ်ကြ"
လော့ချန်အိမ်တော်၏ တပည့်အချို့သည် ချူချင်းရောက်ရှိလာသည်ကို မြင်သောအခါ အလျင်အမြန် လမ်းဖယ်ပေးကြလေသည်။
သူသည် ထိုသူတို့၏ နောက်ကွယ်မှ လူအုပ်ကြီးထဲသို့ တိုးဝင်သွား၏။
ခြံဝင်းအတွင်းရှိ မြေကွက်လပ်တွင် လူအချို့ လဲကျနေကြပြီး ပိုးထည်ဝတ်လူငယ်တစ်ဦးသည် လူသုံးဦးနှင့် တိုက်ခိုက်နေသည်ကို မြင်လိုက်ရ၏။
ထိုသူ၏ လှုပ်ရှားမှုများမှာ အလွန်သွက်လက်ပြီး လက်တစ်ဖဝါးကို နောက်ကျောတွင်ထားကာ ကျန်လက်တစ်ဖက်ဖြင့် လက်ဝါး သို့မဟုတ် လက်သည်းကွက်များကို အသုံးပြုလျက် တိုက်ခိုက်နေ၏။
တစ်ယောက်တည်းနှင့် သုံးယောက်ကို ရင်ဆိုင်နေရသော်လည်း ဆန့်ကျင်ဘက်သုံးဦးကို အသည်းအသန် ခုခံရအောင် ပြုလုပ်ထားပြီး ပြန်လည်တိုက်ခိုက်ရန် အခွင့်အရေးပင် မပေးချေ။
ချူချင်းက အနည်းငယ် အံ့အားသင့်စွာဖြင့် လက်ပိုက်လျက် ကြည့်လိုက်သည်။
"တကယ့်ကို သွက်လက်တဲ့ သိုင်းပညာပဲ... ဒီပိုးထည်ဝတ်စုံနဲ့လူရဲ့ နောက်ခံကို မင်းတို့ သိကြလား...”
သူ့ဘေးရှိ လော့ချန်အိမ်တော်၏ တပည့်နှစ်ဦးက ခေါင်းခါပြကာ မသိကြောင်း ပြောလိုက်၏။
တစ်ဦးက ပြောလိုက်သည်။
"မကြာသေးခင်က အိမ်တော်ကို လာတဲ့သူတွေက အရမ်းများလွန်းတယ်... လူအများစုက နာမည်ဝှက်ထားကြတာ ဒါမှမဟုတ် ရုပ်ဖျက်ထားကြတာမို့... ခွဲခြားရ အရမ်းခက်ပါတယ်...”
ချူချင်း ခေါင်းညိတ်လိုက်စဉ် ထိုပိုးထည်ဝတ်လူငယ်က လက်ကိုမြှောက်ကာ တစ်ဖက်လူ၏ ဓားကို ရိုက်ထုတ်လိုက်ပြီး လက်ဝါးဖြင့် ရင်ဘတ်ကို တိုက်ရိုက်ရိုက်နှက်လိုက်သည်ကို မြင်လိုက်ရ၏။
ပြင်းထန်သော အသံနှင့်အတူ ထိုသူသည် နောက်သို့ သုံးလေးလှမ်းဆုတ်သွားပြီး သွေးတစ်လုပ်အန်ကာ မြေပြင်ပေါ်သို့ လဲကျသွားလေသည်။
တစ်ချိန်တည်းမှာပင် သူ၏နောက်ကျောမှ လူနှစ်ဦးက တစ်ပြိုင်နက်တည်း တိုက်ခိုက်လာကြ၏။
သို့သော် ထိုပိုးထည်ဝတ်လူသည် ကြိုတင်သိရှိနေသကဲ့သို့ ခြေလှမ်းများက မြေပြင်တွင် အမြစ်တွယ်နေဟန်ဖြင့် ခန္ဓာကိုယ်ကိုလှည့်ကာ လူနှစ်ဦးကို တစ်ချက်စီ ကန်လိုက်လေသည်။
ထိုနှစ်ဦးက အသည်းအသန် ခုခံလိုက်သော်လည်း ထိုကန်ချက်၏ အားလှိုင်းက ပြင်းထန်လွန်းလှ၏။
လူရိပ်နှစ်ခုလုံးသည် နောက်သို့ လွင့်ထွက်သွားပြီး မြေပြင်ပေါ်သို့ ဘုန်းခနဲလဲကျသွားကြတော့၏။
ထိုအထဲမှ တစ်ဦးက ပြန်ထရန် ကြိုးစားသော်လည်း ခြေထောက်တစ်ဖက်က သူ၏ရင်ဘတ်ပေါ်သို့ ဖိနှိပ်ထားပြီး ဖြစ်၏။ ထိုပိုးထည်ဝတ်လူက သူ၏ရင်ဘတ်ကို နင်းလျက် အေးစက်စွာ ရယ်မောကာ ပြောလိုက်သည်။
"မင်းတို့လို အဆင့်မရှိတဲ့ကောင်တွေက ငါ... ငါ့သခင်လေးရှေ့မှာ ရမ်းကားရဲတယ်ပေါ့...”
"မင်းတို့က မိန်းကလေးတစ်ယောက်ကို အတင်းအကျပ် စကားပြောခိုင်းချင်သေးတာလား...”
ချူချင်းသည် သူ၏စကားသံ တုံ့ဆိုင်းသွားပုံမှာ ထူးဆန်းနေသဖြင့် မျက်လုံးများကို အနည်းငယ်မှိတ်ကာ ပြုံးလိုက်၏။
'မိန်းကလေးတစ်ယောက် ဖြစ်နေတာကိုး...’
သူမ၏နားရွက်တွင် နားပေါက်မရှိသည့်အပြင် လည်ပင်းတွင်လည်း လည်စိမရှိချေ။
သို့သော် သူမသည် ဝမ်ရိုကဲ့သို့ ခန္ဓာကိုယ်ဖွံ့ဖြိုးမှုမရှိသဖြင့် ရင်သားမှာ ထင်ထင်ရှားရှား မရှိလှချေ။
ဤအကြည့်မှာ အနည်းငယ် ရိုင်းပျရာရောက်သဖြင့် ချူချင်းက တစ်ချက်ကြည့်ပြီး ပြန်ရုပ်သိမ်းရန် ပြင်လိုက်သော်လည်း ထိုလူသည် အလွန်အကဲခတ်မြန်လိမ့်မည်ဟု မထင်ထားခဲ့ချေ။
ချူချင်း အကြည့်ကို မရုပ်သိမ်းနိုင်မီမှာပင် သူမသည် ထိုအကြည့်နောက်သို့ လိုက်ပါကြည့်ရှုလာခဲ့၏။
"မင်း ဘာကိုကြည့်နေတာလဲ...”
ယောက်ျားလေးလို ဝတ်ဆင်ထားသော ထိုမိန်းကလေးက အလွန်ရိုင်းပျစွာဖြင့် အော်ဟစ်လိုက်လေသည်။
ချူချင်းက ခေါင်းခါလိုက်သည်။
"မင်းက လော့ချန်အိမ်တော်မှာ ပြဿနာရှာနေတာ... ဘေးပတ်ပတ်လည်က လူတွေအများကြီး ကြည့်နေကြတာကို ကျုပ်ကရော ကြည့်လို့မရဘူးလား...”
ထိုမိန်းကလေးသည် မျက်မှောင်ကြုတ်လိုက်ပြီး ချူချင်း၏အကြည့်များက အနည်းငယ်ရိုင်းပျနေသည်ဟု ခံစားရသော်လည်း သူမ၏ လက်ရှိဝတ်စုံကို ပြန်လည်စဉ်းစားကြည့်သောအခါ ချူချင်းကို အပြစ်တင်ရန် အကြောင်းပြချက်မရှိတော့ချေ။
သူမက နှာခေါင်းရှုံ့လိုက်သည်။
"မင်းက လော့ချန်အိမ်တော်က လူလား...”
သူမသည် ချူချင်း၏ ဘေးတွင် လော့ချန်အိမ်တော်၏ တပည့်နှစ်ဦး လိုက်ပါလာသည်ကို မြင်တွေ့ခဲ့၏။
"ဟုတ်တယ်လို့ ပြောလို့ရပါတယ်...”
ချူချင်းက ခေါင်းညိတ်လိုက်သည်။
"ဒီမှာ ဘာတွေဖြစ်ပျက်ခဲ့လို့... မိန်း... မင်းက ဒီလောက်အထိ ဒေါသထွက်နေရတာလဲ...”
ထိုမိန်းကလေးသည် ချူချင်း၏ စကားထဲမှ ထူးဆန်းမှုကို သတိမထားမိဘဲ လူအုပ်ကြီးထဲမှ အရပ်မျက်နှာတစ်ခုသို့ လက်ညှိုးထိုးပြလိုက်၏။
"မင်း သူမကို မေးကြည့်လိုက်... ဒီလူယုတ်မာတွေက မိန်းကလေးတစ်ယောက်ရဲ့ အလှအပကို မြင်ပြီး လာနှောင့်ယှက်ကြတာ...”
"အဲဒီမိန်းကလေးက သူတို့ကို ဂရုမစိုက်တာတောင် အတင်းအကျပ်လုပ်ဖို့ ကြိုးစားကြတယ်... တကယ်ပဲ အဓိပ္ပာယ်မရှိတာ...”
"အမျိုးသမီးတွေကို အနိုင်ကျင့်ရလွယ်တယ်လို့ မထင်နဲ့... မင်းတို့ လော့ချန်အိမ်တော်ကလည်း ဘယ်လိုလူယုတ်မာမျိုးကိုမဆို အထဲကို ပေးဝင်တာပဲ...”
"ဒီနေရာ ညစ်ပတ်သွားမှာကို မစိုးရိမ်ဘူးလား...”
ချူချင်းသည် ထိုမိန်းကလေး ညွှန်ပြသည့်အရပ်သို့ ကြည့်လိုက်ရာ လူတစ်ဦးနှင့် မျက်လုံးချင်းဆုံသွားလေသည်။
ထိုသူကို မြင်လိုက်ရသည့်ခဏ၌ ချူချင်း၏ ရင်ဘတ်ထဲတွင် အနည်းငယ်တုန်လှုပ်သွား၏။
ရှဝမ်ရွှမ်း ဖြစ်နေချေသည်။
ထိုအချိန်တွင် ရှဝမ်ရွှမ်းက ချူချင်းကိုကြည့်သည့် မျက်လုံးများမှာလည်း စူးစမ်းလိုစိတ်များဖြင့် ပြည့်နှက်နေ၏။
သူမသည် ချူချင်း၏ မျက်နှာအစစ်ကို မမြင်ဖူးသော်လည်း ဤလော့ချန်အိမ်တော်မှ လူ၏စကားသံသည် မိမိအား တည်းခိုခန်း၌ ရက်အနည်းငယ်ကြာအောင် စောင့်ဆိုင်းစေခဲ့သော ထိုလူယုတ်မာ ညဧကရာဇ်၏အသံနှင့် အလွန်ဆင်တူနေသဖြင့် သံသယဝင်နေချေသည်။