← Chapters

အခန်း ၁၆၇

Vol. 17 Ch. 167

အခန်း ၁၆၇

Vol. 17 Ch. 167

အခန်း (၁၆၇) - နှင်းခဲရနံ့ဆောင် မက်မွန်ပွင့်ကြွေ၊ သတ်ဖြတ်ခြင်းအငွေ့အသက် ဝှက်ကွယ်လေ (၁)

ချူချင်း၏ မျက်နှာထက်တွင် အမူအရာပြောင်းလဲခြင်းမရှိသော်လည်း စိတ်ထဲတွင်မူ အနည်းငယ် အံ့အားသင့်သွားရ၏။

ရှန်ရှာဂိုဏ်းချုပ်ချန်စစ်ဟိုင် သေဆုံးသွားပြီးနောက် သူနှင့် ရှဝမ်ရွှမ်းတို့အကြားရှိ သဘောတူညီမှုမှာ ပြီးဆုံးသွားခဲ့ပြီ ဖြစ်ပေသည်။

ယခင်က သူမအား ပြောခဲ့သော စကားများမှာလည်း အမှန်တကယ်ပင် စနောက်ရုံသက်သက်သာ ဖြစ်ချေသည်။

ချူချင်းအနေဖြင့် နောင်တွင် ဤမိန်းက‌လေးနှင့် ပတ်သက်မှု ရှိတော့မည်မဟုတ်ဟု ထင်မှတ်ထားခဲ့သော်လည်း သူမသည် ထျန်းဝူမြို့မှ ထွက်ခွာသွားရုံသာမက ယခုကဲ့သို့ လော့ချန်အိမ်တော်သို့ပင် ရောက်ရှိလာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

သူ၏အကြည့်များက ရှဝမ်ရွှမ်း၏ကိုယ်ပေါ်သို့ တစ်ခဏမျှ ဖြတ်ပြေးသွားပြီးနောက် သူမ၏ စူးစမ်းလိုသောအကြည့်များကို ရှောင်ကာ သူ၏အကြည့်များကို ထိုပိုးထည်ဝတ်မိန်းကလေးထံသို့ ပြန်ရွှေ့လိုက်လေသည်။

သူက လက်ကို အသာအယာဝှေ့ယမ်းလိုက်ရာ လော့ချန်စံအိမ်၏ တပည့်များက ချက်ချင်းပင် ရှေ့သို့ တစ်လှမ်းတိုးလာကြ၏။

ထိုပိုးထည်ဝတ်မိန်းကလေးက မျက်လုံးများကို အနည်းငယ်မှေးရင်း မေးလိုက်သည်။

"မင်း ဘာလုပ်မလို့လဲ..."

"ဘာလုပ်မလို့လဲ ဟုတ်လား..."

ချူချင်းက ခပ်ဖွဖွ ပြုံးလိုက်ရင်း ပြောလိုက်သည်။

"ဒီနေရာက လော့ချန်အိမ်တော် ဖြစ်တဲ့အတွက် လူတိုင်း စိတ်အလိုကျ လက်ရဲဇက်ရဲ တိုက်ခိုက်တာမျိုးကို ခွင့်မပြုနိုင်ဘူး..."

"ကောင်းပြီ... ကောင်းပြီ... တကယ်ပဲ တစ်အိုးတည်းထွက်တဲ့ ဖွဲတွေပဲ... လော့ချန်မှာ လူကောင်းတစ်ယောက်မှ မရှိဘူး..."

ထိုမိန်းကလေးမှာ ဒေါသအလွန်ကြီးလှပြီး စကားဆုံးသည်နှင့် ခြေလှမ်းကို လျင်မြန်စွာ လှည့်ကာ ချူချင်း၏ ရှေ့မှောက်သို့ ချက်ချင်းရောက်ရှိလာချေသည်။

"မင်းလည်း အရိုက်ခံချင်နေတာပဲ..."

လေပြင်းမုန်တိုင်းကဲ့သို့ ပြင်းထန်သော လက်ဝါးရိုက်ချက်တစ်ချက်က ချူချင်း၏ရှေ့သို့ အရှိန်အဟုန်ဖြင့် ပြေးဝင်လာလေသည်။

ချူချင်းက ကိုယ်ကို အသာအယာ တိမ်းစောင်းကာ ထိုလက်ဝါးချက်ကို ရှောင်တိမ်းလိုက်၏။

သို့သော် ထိုမိန်းကလေး၏ လက်မောင်းက ရုတ်တရက် လှည့်ပြောင်းသွားပြီး တိုက်ကွက်မှာ ကြမ်းတမ်းလေးလံပုံရသော်လည်း နူးညံ့သိမ်မွေ့သော လှည့်ကွက်များ ဝှက်ကွယ်ထားချေသည်။

ထိုလှည့်ကွက်များက ကြမ်းတမ်းမှုအောက်တွင် ပုန်းကွယ်နေပြီး ရိုးရှင်းပုံရသော်လည်း အမှန်တကယ်တွင်မူ ပြောင်းလဲမှုပေါင်းများစွာ ရှိနေပေသည်။

ဤတိုက်ကွက်က ချူချင်းကို အမှန်တကယ်ပင် အံ့အားသင့်သွားစေ၏။

သူက လက်မောင်းတစ်ဖက်ကို ချက်ချင်းဝှေ့ယမ်းကာ မိမိ၏ ရင်ဘတ်နှင့်ဝမ်းဗိုက်ဆီသို့ ဦးတည်လာသော ထိုမိန်းကလေး၏ လက်သည်းကုတ်ချက်ကို ဖယ်ရှားလိုက်ပြီး လက်ဝါးကို ဓားကဲ့သို့ ပြုလုပ်ကာ သူမ၏ လည်ပင်းဆီသို့ ထိုးနှက်လိုက်လေသည်။

ထိုမိန်းကလေးက ကိုယ်ကို အောက်သို့အသာနှိမ့်ကာ လည်ပင်းကို ဖြတ်တောက်မည့် လက်ဝါးဓားချက်ကို ရှောင်တိမ်းလိုက်ပြီး ခြေထောက်ဖြင့် ချူချင်း၏ ခြေဖဝါးအောက်ပိုင်းကို ကန်ကျောက်လိုက်၏။

ချူချင်းသည် ခေါင်းငုံ့ကြည့်ရန်ပင် မလိုဘဲ လေတိုးသံကို နားထောင်ရုံမျှဖြင့် အခြေအနေကို သိရှိသွားပြီး ဘယ်ခြေမြှောက်ကာ ရှောင်တိမ်းလိုက်ရင်း ညာလက်ကို လက်သီးဆုပ်လိုက်သော်လည်း ပြန်လည်ဖြေလျှော့လိုက်ပြန်သည်။

သူက လက်သီးကို လက်သည်းကုတ်ချက်အဖြစ် ပြောင်းလဲကာ ထိုမိန်းကလေး၏ ခါးသိမ်သိမ်ကို တိုက်ရိုက်ဖမ်းဆုပ်လိုက်လေသည်။

ထို့နောက် လက်ကိုဝှေ့ယမ်းကာ သူမကို အဝေးသို့ လွှင့်ပစ်လိုက်ရန် ပြင်ဆင်လိုက်၏။

သို့သော် ထိုမိန်းကလေးမှာ အလွန်လျင်မြန်လှသဖြင့် လွှင့်ထွက်သွားခါနီးအချိန်တွင် ချူချင်း၏ လက်မောင်းကို လှမ်းဆွဲကာ ပခုံးမှတစ်ဆင့် သူ၏ ကျောပြင်ပေါ်သို့တက်ရန် ကြိုးစားလေသည်။

ချူချင်းက ခပ်ဖွဖွရယ်မောလိုက်ပြီး ခြေလှမ်းကို တည်ငြိမ်စေကာ မင်ယွိကျင့်စဉ်၏ အတွင်းအားကို လည်ပတ်စေလိုက်၏။

ကြီးမားလှသော အားလှိုင်းတစ်ခုက ရုတ်တရက် ထွက်ပေါ်လာပြီး ထိုမိန်းကလေးမှာ မထိန်းနိုင်ဘဲ နောက်သို့ လွှင့်ထွက်သွားရချေသည်။

သူမသည် လေထဲတွင် တစ်လံ၊ နှစ်လံခန့် လွှင့်ထွက်သွားပြီးနောက် မြေပြင်ပေါ်သို့ ကျရောက်ကာ နောက်သို့ ခြေလှမ်းအနည်းငယ် ထပ်ဆုတ်ခွာသွားရပြန်သည်။

ထို့နောက်မှ ခြေလှမ်းကို တည်ငြိမ်အောင် ပြုလုပ်ကာ ချူချင်းကို မော့ကြည့်လိုက်ရာ သူမ၏ မျက်ဝန်းထဲတွင် အံ့ဩတုန်လှုပ်မှုများ ပြည့်နှက်နေပြီး မေးလိုက်လေသည်။

"မင်းက ဘယ်သူလဲ... ဒါ လော့ချန်သိုင်းပညာ မဟုတ်ဘူး..."

ချူချင်းက သူမကို လှည့်ကြည့်ကာ ရုတ်တရက် လက်ကို ဆန့်ထုတ်လိုက်၏။

ထိုမိန်းကလေး၏ မျက်နှာအရောင် ပြောင်းလဲသွားပြီး သူမ၏ ခန္ဓာကိုယ်မှာ ချူချင်းရှိရာဆီသို့ မထိန်းနိုင်ဘဲ တိုးကပ်သွားရချေသည်။

သို့သော် ချူချင်း၏ လက်ထဲသို့ ရောက်ရှိခါနီးအချိန်တွင် သူက လက်ကို ပြန်လည်ဝှေ့ယမ်းလိုက်ရာ ပြင်းထန်သော အားလှိုင်းတစ်ခုက ဘေးဘက်သို့ ဖြတ်သန်းသွားလေသည်။

မြေပြင်ပေါ်တွင် လဲလျောင်းနေသော လူများကို တစ်စုတစ်စည်းတည်း ဖြစ်သွားစေကာ သူတို့ထံမှ နာကျင်စွာ အော်ဟစ်သံများ ဆက်တိုက်ထွက်ပေါ်လာစေ၏။

ထိုမိန်းကလေးက ချူချင်းကိုကြည့်ရင်း သူမ၏ မျက်ဝန်းထဲတွင် ကြောက်ရွံ့ထိတ်လန့်မှုများ ပြည့်နှက်သွားရချေသည်။

"ကျုပ်က သခင်ဝမ်နဲ့ ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေတစ်ယောက်မို့… သမက်ရွေးချယ်ပွဲ ကျင်းပနေတဲ့အချိန်အတွင်းမှာ ဒီနေရာကို ထိန်းသိမ်းပေးနေတာပါ..."

"အားလုံး သိထားရမှာက လော့ချန်အိမ်‌တော်က တခြားနေရာတွေနဲ့ မတူဘူး..."

"မိန်းမရှာချင်တာပဲဖြစ်ဖြစ်... ရန်ငြိုးကိုအပြီးသတ်ချင်တာပဲဖြစ်ဖြစ်... တခြားအကြောင်းပြချက်တွေကြောင့် ပြဿနာရှာချင်တာပဲဖြစ်ဖြစ်..."

"လော့ချန်ကနေ ထွက်သွားပြီး တခြားနေရာမှာ သွားဖြေရှင်းကြပါ..."

"လော့ချန်အိမ်‌တော်ထဲမှာ ထပ်ပြီး ပြဿနာရှာရဲရင်တော့... ကိုယ့်အသက်ကို ကိုယ်ဖက်နဲ့ထုပ်ထားရမယ်..."

ချူချင်းက မြေပြင်ပေါ်ရှိ လူများကို လက်ညှိုးထိုးပြရင်း အမိန့်ပေးလိုက်၏။

"သူတို့ရဲ့ လက်မောင်းတစ်ဖက်စီကို ချိုးပြီး အပြင်ကို လွှင့်ပစ်လိုက်ကြ..."

လော့ချန်တပည့်များက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီးနောက် တစ်ပြိုင်နက်တည်း လက်သီးဆုပ် ဂါရဝပြုကာ ပြောလိုက်ကြလေသည်။

"ဟုတ်ကဲ့ပါ... သခင်လေးသုံးရဲ့ အမိန့်အတိုင်း ဆောင်ရွက်ပါ့မယ်..."

ထိုသို့ပြောပြီးနောက် သူတို့က ထိုလူများ၏ရှေ့သို့ ရောက်ရှိလာကြ၏။ ထိုလူများမှာ ယခင်ကပင် ထိုမိန်းကလေး၏ အရိုက်ခံထားရပြီး ယခုလည်း ချူချင်း၏ အတွင်းအားလှိုင်းဒဏ်ကြောင့် နာကျင်အေးစိမ့်ကာ အဆက်မပြတ် အော်ဟစ်နေကြရချေသည်။

လော့ချန်တပည့်များ ဒေါသတကြီး ချဉ်းကပ်လာသည်ကို မြင်သောအခါ သူတို့၏ မျက်နှာများမှာ ပိုမိုဖြူလျော်သွားရ၏။

ပါးနပ်သူအချို့က အော်ဟစ်တောင်းပန်ရန် ပြင်ဆင်ကြသော်လည်း မည်သို့မျှ အသုံးမဝင်တော့ပေ။

လော့ချန်တပည့်များမှာ အလွန်သွက်လက်လှသဖြင့် သူတို့၏ ရှေ့သို့သွားကာ လက်မောင်းတစ်ဖက်စီကို ဆွဲမြှောက်ပြီး ခြေထောက်ဖြင့် တိုက်ရိုက်ကန်ချိုးလိုက်ကြလေသည်။

ထို့နောက် သူတို့၏ ကော်လာများမှ ဆွဲကာ ခွေးသေတစ်ကောင်ကဲ့သို့ တရွတ်တိုက် ဆွဲခေါ်သွားကြ၏။

ချူချင်းက ထိုမိန်းကလေးကို ပြန်ကြည့်လိုက်ရာ သူ၏ မျက်ဝန်းထဲတွင် အေးစိမ့်သော အလင်းတန်းများ ဖြတ်ပြေးသွားလေသည်။

ထိုမိန်းကလေးမှာလည်း ကြောက်ရွံ့ခြင်းမရှိဘဲ ရင်ဘတ်ကိုမတ်ကာ နှာခေါင်းရှုံ့ရင်း မေးလိုက်၏။

"မင်း ဘာလုပ်ချင်သေးလို့လဲ..."

သူမ၏ ပုံစံမှာ အကယ်၍ ချူချင်းကို မယှဉ်နိုင်လျှင်ပင် အစွမ်းကုန်တိုက်ခိုက်သွားမည့် ပုံစံမျိုး ဖြစ်ချေသည်။

သို့သော် ချူချင်းက သူမ၏ မျက်ဝန်းများ လှုပ်ရှားနေပြီး အချိန်မရွေး ထွက်ပြေးရန် အခွင့်အရေး ရှာဖွေနေသည်ကို သတိပြုမိလိုက်၏။

သူမသည် ကြည့်ရသည်ထက် ပိုမိုပါးနပ်ပုံရပေသည်။

ချူချင်းက ခေါင်းကိုခါယမ်းရင်း ပြောလိုက်၏။

"မင်းအတွက် ပထမဆုံးအကြိမ်ဖြစ်ပြီး သူတို့ဘက်က အရင်မှားတာမို့ ဒီတစ်ကြိမ်တော့ လွှတ်ပေးလိုက်မယ်..."

"တကယ်လို့ ဒုတိယအကြိမ် ထပ်ဖြစ်ရင်တော့ ဒီအတိုင်း ခံစားရလိမ့်မယ်..."

"အားလုံးပဲ... လူစုခွဲကြတော့..."

သူ၏ အသံက ဖြည်းညင်းစွာ ထွက်ပေါ်လာသော်လည်း ခြံဝင်းထဲရှိလူများ၏ နားထဲတွင်မူ မိုးကြိုးပစ်ချလိုက်သကဲ့သို့ ပြင်းထန်လှပေသည်။

ထို့ကြောင့် မည်သူမျှ မဆိုင်းမတွဘဲ ချက်ချင်းပင် လှည့်ထွက်သွားကြ၏။

ရှဝမ်ရွှမ်းမှာမူ ထွက်မသွားသေးဘဲ ချူချင်း၏ အနားသို့တိုးကပ်ရန် ကြိုးစားနေသော်လည်း ချူချင်းက သူမကို လျစ်လျူရှုကာ ဤကိစ္စကို ဖြေရှင်းပြီးနောက် ချက်ချင်းပင် လှည့်ထွက်သွားလေသည်။

သို့သော် ထိုအချိန်တွင် ဖရိုဖရဲဖြစ်နေသော သူတောင်းစားတစ်ဦး၏ ပုံရိပ်က သူ၏မြင်ကွင်းထဲသို့ ရုတ်တရက် ဝင်ရောက်လာချေသည်။

ထိုလူ၏ အရှိန်မှာ အလွန်မြန်ဆန်လှပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် ချူချင်းရှေ့မှ ပျောက်ကွယ်သွားရ၏။

"လျန့်ပေချန်းလား..."

ချူချင်းက မျက်မှောင်ကြုတ်လိုက်ပြီး ကိုယ်ကို လေထဲသို့မြှောက်ကာ ချက်ချင်းပင် လိုက်လံဖမ်းဆီးလိုက်လေသည်။

ရှဝမ်ရွှမ်းက တစ်ခဏမျှ ကြောင်အသွားပြီးနောက် အလျင်အမြန် ရှေ့တိုးကာ အော်ပြောလိုက်၏။

"ခဏလောက် နေပါဦး..."

"ဘာကို စောင့်ရမှာလဲ..."

ထိုမိန်းကလေးက သူမ၏ လက်ကောက်ဝတ်ကို လှမ်းဆွဲကာ ပြောလိုက်၏။

"အဲဒီလူကလည်း လူကောင်းမဟုတ်ဘူး... သူ့ကို ဘာလို့သွားရှာနေတာလဲ..."

"ကျွန်မ..."

ရှဝမ်ရွှမ်းက ထိုလူနှင့် အသိမိတ်ဆွေဖြစ်ကြောင်း ပြောရန် ပြင်ဆင်လိုက်သော်လည်း စကားလုံးများကို ပြန်လည်မျိုသိပ်လိုက်၏။

သူမက ထိုမိန်းကလေး၏ လက်မှ ရုန်းထွက်လိုက်ပြီး လက်သီးဆုပ် ဂါရဝပြုကာ ပြောလိုက်လေသည်။

"ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်..."

ထိုမိန်းကလေးက လက်ကိုဝှေ့ယမ်းကာ အလွန်ပေါ့ပါးသွက်လက်စွာ ပြောလိုက်၏။

"ဒါက ပြောပလောက်တဲ့ ကိစ္စမဟုတ်ပါဘူး..."

ရှဝမ်ရွှမ်းသည် သူမနှင့် စကားပြောရန် စိတ်မပါသဖြင့် ကျေးဇူးတင်စကား ပြောပြီးနောက် ဆက်လိုက်ရန် ပြင်ဆင်လိုက်သော်လည်း ခေါင်းမော့ကြည့်လိုက်သည့်အခါ ထိုလူနှစ်ဦး၏ ပုံရိပ်ကို မတွေ့ရတော့ပေ။

"ထားလိုက်ပါတော့... သေချာစဉ်းစားကြည့်ရင် အဲဒီလူ မဖြစ်နိုင်ပါဘူး..."

သူမက အနည်းငယ်စဉ်းစားကြည့်လိုက်ရာ ယနေ့ ထိုလူအသုံးပြုခဲ့သော သိုင်းပညာမှာ ညဧကရာဇ်၏ သိုင်းပညာနှင့် မတူညီကြောင်း သတိပြုမိလိုက်၏။

ညဧကရာဇ်မှာ ဓားနှင့်ပုဆိန်လှံသိုင်း နှစ်ရပ်လုံးတွင် ပြိုင်ဘက်ကင်းပြီး အလွန်ဆန်းကြယ်သော ပျံလွှားဓားမြှောင်သိုင်းကိုလည်း ပိုင်ဆိုင်ထားသည်ဟု ကြားသိရပေသည်။

သို့သော် ဤလူမှာမူ အတွင်းအား အလွန်နက်ရှိုင်းလှပြီး လှုပ်ရှားမှုတိုင်းတွင် အေးစိမ့်သော အငွေ့အသက်များ ထွက်ပေါ်နေသဖြင့် အတွင်းအားကျင့်စဉ်ကို ပိုမိုကျွမ်းကျင်ပုံရချေသည်။

သူတို့နှစ်ဦးမှာ တစ်ဦးတည်း ဖြစ်နိုင်ခြေ မရှိပေ။

ထို့ပြင် အကယ်၍ ဤလူမှာ အမှန်တကယ်ပင် ညဧကရာဇ် ဖြစ်နေလျှင်ပင် သူမအနေဖြင့် သူ၏ ရှေ့သို့တိုးမကပ်သင့်ပေ။

မည်သည့်မိန်းကလေးကမျှ အကြောင်းပြချက်မရှိဘဲ အမျိုးသားတစ်ဦးထံသို့ မိမိကိုယ်ကိုအပ်နှံရန် ကြိုးစားလိမ့်မည်နည်း။

ထိုသို့တွေးတောရင်း သူမကလှည့်ကာ ထိုမိန်းကလေးကိုကြည့်ရင်း မေးလိုက်၏။

"ဒါနဲ့... ရှင့်နာမည်ကို မမေးရသေးဘူးနော်..."

"ကျွန်မနာမည်က ထျယ်..."

သူမက စကားကို လွှတ်ခနဲပြောလိုက်ပြီးမှ ရုတ်တရက် ရပ်တန့်သွားပြီးနောက် ပြန်လည်ပြင်ဆင်လိုက်လေသည်။

"ထျယ်နျူ..."

"..."

All Chapters