ဆိုရာရဲ့ကူရို (၃)
Vol. 6 Ch. 285
နောက်တစ်နေ့နံနက်။
ကူရိုနဲ့ဆိုရာတို့ မနက်စောစောနိုးလာကြပြီးတော့ တစ်နေ့တာအတွက် ပြင်ဆင်ဖြစ်ကြတယ်။ သူတို့နှစ်ဦးလုံး တောင်ခါးပန်းက ရေပူစမ်းမှာ။ကူရိုက တံပူနဲ့ဆားကိုသုံးပြီး သွားတိုက်နေတဲ့အချိန် ဆိုရာက ကန်ထဲရေဆင်းချိုးလို့။ သူတို့နှစ်ယောက်ကြားမှာရှိတဲ့ အလွှာပါးကလေးတွေ ပြိုကျသွားပြီးကတည်းက တစ်ယောက်ကိုယ်တစ်ယောက် ပကတိအတိုင်းမြင်နေရတာကို သိပ်ပြီးအထူးအဆန်း မလုပ်ဖြစ်ကြတော့ဘူး။
“ ကူရို၊ နင့်အလှည့်...” ရေချိုးလို့ပြီးသွားတဲ့ဆိုရာက ရေချိုးခန်းသုံးပုဝါကိုပတ်ပြီး ကန်ဘောင်ပေါ်တက်လာပြီ။ ပူနွေးတဲ့ရေကြောင့် ဆိုရာရဲ့အသားအရေကနီရဲနေပြီး သန့်ရှင်းတဲ့မျက်နှာလေးကို သဘာဝအတိုင်းမြင်နေရတယ်။ ကူရိုက ပွင့်လင်းစွာနဲ့ပြုံးပြလိုက်ပြီး ရေထဲခုန်ချလိုက်တယ်။ ဆိုရာကတော့ အဝတ်လဲဖို့အတွက် အိမ်ထဲပြန်ဝင်သွားပြီ။
ကူရိုကလည်း ဆိုရာရဲ့တဖြည်းဖြည်းပျောက်ကွယ်သွားတဲ့ ကျောပြင်ကိုငေးစိုက်ကြည့်ရင်း တစ်ကိုယ်တည်းရေရွတ် လိုက်လေရဲ့။
“ဆိုရာ... ကိုယ်မင်းကိုမေ့မသွားချင်ဘူး။” သူ့လက်သည်းတွေ လက်ဖဝါးပြင်ကို ထိုးဖောက်စိုက်ဝင်နေတဲ့အထိ သူ အားစိုက်ထားခဲ့ရတယ်။
...
“ ကူရို၊ ငါနဲ့လိုက်ရဲ့လား။”
နတ်ကျောင်းလူနေဆောင်ကိုပြန်ရောက်တော့ ဆိုရာက အဝတ်လဲပြီးတာပြာပြီ။ သူဟာ အပြာရောင်ယူခါတာကို ဝတ်ဆင်ထားတယ်။ နက်ပြာချည်ထည်ပေါ်မှာ ပန်းပွင့်ဖြနဲ့ ငှက်ကလေးတွေရဲ့ပုံပါပြီး ဆိုရာရဲ့အသားအရေ၊ ဆံပင်အရောင်တို့နဲ့ သိပ်ကိုလိုက်ဖက်နေခဲ့တာ။
“ဆိုရာက အလှဆုံးပဲ။” ကူရို မနေနိုင်ဘဲ ချီးကျူးလိုက်လေရဲ့။
ကူရိုကိုယ်တိုင်ကတော့ အနက်ရောင်ယောက်ျားဝတ် ယူခါတာတစ်ထည်ဝတ်ထားပြီး ရိုးရိုးရှင်းရှင်းပါပဲ။ သူတို့နှစ်ယောက်က အတူလက်တွဲပြီး နတ်ကွန်းရဲ့ လှေကားအတိုင်းဆင်းလာခဲ့ပေမဲ့ ဆိုရာက ခေါင်ပေါ်မှာ ပိုးသားပုဝါတစ်ထည်ကိုခြုံပြီး မျက်နှာကိုမမြင်ရစေဖို့ ပုံဖျက်ထားခဲ့တဲ့အတွက် ကူရိုစိတ်ထဲ တစ်မျိုးဖြစ်သွားတယ်။
“နေပူလို့များလား...” လို့တွေးမိပေမဲ့ အခုမှမနက်ပိုင်းပဲ ရှိသေးတာမဟုတ်လား။
ကူရိုနဲ့ဆိုရာတို့က ခါတိုင်းလိုပဲ အတိတ်ကအကြောင်းတွေ၊ စားခဲ့တဲ့မနက်စာအကြောင်း၊ ပုံပြင်တွေ၊ ပန်းပင်တွေနဲ့ ငှက်ကလေးတွေအကြောင်း ရောက်တတ်ရာရာပြောရင်း ရွာမရောက်ခင်လမ်းမှာ အချိန်ဖြုန်းခဲ့ကြတယ်။
ရွာကိုရောက်ပြန်တော့ ကူရိုသတိထားမိတာက ဒီရွာဟာ အိမ်ခြေထောင်ချီရှိတဲ့ ရွာကြီးတစ်ရွာ ဖြစ်နေပြီးတော့ ကျောက်ခင်းလမ်းတွေရှိတယ်ဆိုတာပဲ။ လမ်းပေါ်မှာ ကလေးတွေဆော့ကစားနေကြပြီးတော့ ရေတွင်းထဲကနေ ရေခပ်နေတဲ့ မိန်းမပျိုတွေကိုလည်း မြင်နိုင်တယ်။
လမ်းတစ်ဖက်တစ်ချက်စီမှာ စိုက်ပျိုးထားတဲ့ချယ်ရီပင်တွေ ရှိနေပြီးတော့ ပွင့်ဖက်တွေဟာ လမ်းမပေါ်ကိုကျဆင်းလို့။ ဆိုရာက ကူရိုရဲ့ခေါင်းပေါ်မှာတင်နေတဲ့ ပွင့်ဖက်တချို့ကို ဖယ်ပေးလိုက်ရင်း တီးတိုးပြောလိုက်လေရဲ့။
“ရွာထဲမှာ ငါးရက်စျေးရှိတယ်။ သွားကြည့်ကြမလား။”
“အင်း....”
ဆိုရာတစ်ယောက်တည်းသာ ရွာထဲမှာဘာရှိလဲသိတာမလို့ ကူရိုက ဆိုရာဦးဆောင်တဲ့နောက်ကို လိုက်ဖို့ဆုံးဖြတ်တယ်။ သူတို့နှစ်ယောက်က သာမန်စုံတွဲတစ်တွဲနဲ့တူနေတာမလို့ တခြားသူတွေရဲ့အာရုံစိုက်မှုကို မရခဲ့ပါဘူး။
ရွာရဲ့အလယ်ကွင်းပြင်ကိုရောက်တော့ စျေးတစ်ခု တကယ်ရှိနေတာမြင်ရတယ်။ အကြီးကြီးတော့မဟုတ်ဘူး။ စျေးတန်းလေးတစ်ခုရှိမယ်။ တောတွင်းသွားတဲ့မုဆိုးတွေနဲ့ တံငါတွေ သားငါးရောင်းချနေတာရှိမယ်။ ရွာထဲမှာရှိနေတဲ့ လက်မှုပညာသယ်တချို့ ဖွင့်လှစ်ထားတဲ့ဆိုင်တချို့ရှိတယ်။
“မိန်းကလေးတွေက လက်ဝတ်ရတနာတွေ ကြိုက်တတ်တယ်မဟုတ်လား။”
ကူရိုက ဆိုရာရဲ့လက်ကိုဆွဲပြီး သစ်သားနဲ့ပြုလုပ်ထားတဲ့ လက်ဝတ်ရတနာတချို့ရောင်းတဲ့ဆိုင်ရှေ့ကိုသွားတယ်။ အဖိုးတန်တဲ့ပစ္စည်းတွေမတွေ့ရပေမဲ့လို့ ဆံထိုးလေးတွေ၊ ဖန်လက်ကောက်တွေနဲ့ လည်ဆွဲ၊ ပုတီးအနည်းငယ်ရှိတယ်။
“ဆိုရာ... ဒါလေးဆိုရင်ရော...” ကူရိုက ဆိုရာနဲ့လိုက်မယ် ထင်ရတဲ့ ဆံထိုးလေးတစ်ခုကိုယူလိုက်ပြီး ဆိုရာကို ပေးလိုက်ပေမဲ့ ဆိုရာက ခေါင်းမှာပုဝါပတ်ထားတာ သတိရလိုက်တယ်။
“အိမ်ပြန်ရောက်မှ စမ်းကြည့်ကြမလား။”
“ ကူရိုက ကျွန်မနဲ့ လိုက်မလိုက်သိချင်တာမဟုတ်လား.... ဒီလောက်တော့ ရပါတယ်။” ဆိုရာက ဆိုင်ရှင်ကို ကြေးဒင်္ဂါးတချို့ ပေးလိုက်ပြီးတဲ့နောက် ကူရိုကိုခေါ်ကာ လမ်းကြားလေးတစ်ခုထဲ ပြေးဝင်သွားခဲ့တယ်။
နောက်တော့ ပုဝါကိုဖယ်လိုက်ပြီးတော့ ကူရိုအတွက် ဆံထုံးထုံးပြလိုက်တာပေါ့။
“လိုက်ရဲ့လား...”
“အင်း၊ ဒါပေမဲ့ ဘာလို့အပင်ပန်းခံပြီး အခုလိုဖုံးနေရတာလဲ။”
“ကျွန်မကြောင့် သူတို့ကို အနှောင့်အယှက် မဖြစ်စေချင်လို့ပါ။”
ရွာသားတွေအကြောင်းပြောတိုင်း ဆိုရာရဲ့မျက်နှာက ညိုးငယ်သွားတတ်တယ်။ ဆိုရာက ဆံထုံးထုံးလို့ ပြီးတဲ့နောက်မှာ ပုဝါကိုပြန်ခေါင်းမှာခြုံထားလိုက်ပြီး စျေးတန်းထဲကို ပြန်အလာ မျက်နှာဖုံးတွေရောင်းတဲ့ဆိုင်ကို မြင်သွားပြီး ပြုံးလိုက်လေရဲ့။
“ဟုတ်သားပဲ။ ကူရိုက အပြင်ကလာတာဆိုတော့ ဒီက မျက်နှာဖုံးတွေအကြောင်း သတိမသေးဘူးမဟုတ်လား။ ကူရိုနဲ့ဆိုရင် တန်းဂုမျက်နှာဖုံးက လိုက်မလားပဲ။”
ဆိုရာက ကူရိုကိုခေါ်ပြီး စက္ကူနဲ့လုပ်ထားတဲ့ အနီရောင် အရုပ်ဆိုးဆိုး ကျီးကန်းနတ်ဆိုးမျက်နှာဖုံးကိုယူ ကူရိုရဲ့မျက်နှာမှာ တပ်ပေးဖို့ကြိုးစားတယ်။ မျက်နှာဖုံးက ကူရိုနဲ့နီးလာတော့ ကူရိုရဲ့စိတ်ထဲမှာဘယ်လိုဖြစ်တယ်မသိ ပုံရိပ်မှတ်ဉာဏ်တွေ ဖြတ်သန်းသွားပြီး အထိတ်တလန့်နဲ့ ယိုင်လဲကျသွားတယ်။
“မလုပ်နဲ့....”
“ကူရို....” ဆိုရာလည်း စိုးရိမ်စိတ်နဲ့ ကူရိုကိုဖေးမဖို့အသွား လေပြင်းပြင်းတစ်ချက်တိုက်လာပြီး သေချာချည်နှောင် မထားရသေးတဲ့ ပိုးပုဝါက ခေါင်းပေါ်ကနေ လျောကျ သွားလေရဲ့။
ကူရိုကတော့ လမ်းမပေါ်ကျသွားတဲ့ မျက်နှာဖုံးကို ကြောက်စရာပင့်ကူတစ်ကောင်လိုကြည့်နေရင်းနဲ့ တစ်ကိုယ်လုံးတုန်ယင်လို့။ သူက ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ရင်းနဲ့ ဆိုရာကို တောင်းပန်ဖို့ကြိုးစားခဲ့ပေမဲ့...
“ဆိုရာ... အဲဒီမျက်နှာဖုံးကိုဝတ်ခါနီး ငါ့ကိုယ်ငါ အမှောင်ထုထဲရောက်သွားတယ်ခံစားလို့....”
သူစကားမဆုံးခင်မှာပဲ သူ့ထက်ပိုပြီးအထိတ်တလန့် ဖြစ်နေခဲ့တဲ့ ဆိုရာကိုမြင်လိုက်ရတယ်။ ဆိုရာက ပုဝါကို လက်ထဲမှာကိုင်ထားပြီး မျက်နှာကိုကွယ်ထားတယ်။ ဒါပေမဲ့ သူ့ရဲ့ပန်းရောင်ဆံပင်တွေကို ဘယ်လိုလုပ်ပြီး ဖုံးကွယ်လို့ ရနိုင်တော့မှာလဲ။
“ဘီ... ဘီလူးမ....”
“ရွာထဲကို ဘီလူးမရောက်နေတယ်။”
အနားမှာရှိနေတဲ့ ရွာသားတွေအားလုံး အနီးဆုံးမှာရှိနေတဲ့ အိမ်တွေထဲပြေးဝင်တယ်။ အိမ်ရှင်တွေကလည်း တံခါးတွေ ပြတင်းပေါက်တွေကို အကြောက်ကြောက်အလန့်လန့်နဲ့ ပိတ်ချပြီး မသိမသာဖွင့်လှစ်ကာ သူတို့ကိုခိုးကြည့်လို့။
“ဒါက ဘယ်လိုဖြစ်တာလဲ။” ကူရိုနားမလည်နိုင်ဘူး။
ဆိုရာရဲ့မျက်နှာက ပြိုကျတော့မယ့်မိုးလိုပဲ။ နောက်တော့ ကြေကွဲနေတဲ့ပုံစံနဲ့ပဲ ကူရိုရဲ့ရှေ့ကနေ လျှောက်သွားတယ်။ ကူရိုလည်း နောက်ကနေလိုက်လာရတာပေါ့။
“ဆိုရာ၊ ဘာလို့သူတို့က နင့်ကိုအခုလို ဆက်ဆံရတာလဲ။ ဆိုရာက ဘီလူးတစ်ကောင်ဖြစ်နေတယ်ဆိုရင်တောင် သူတို့ကိုကာကွယ်ပေးနေတဲ့ လူတစ်ယောက်ပဲလေ။”
ကူရိုနားမလည်နိုင်ဘူး။ ဒီကာလအတွင်း ကူရိုက ဆိုရာနဲ့ အတူတူရှိနေခဲ့တာ။ ဒီမိန်းကလေးက လူသားမဟုတ်ပေမဲ့ တခြားသူတွေကို အန္တရာယ်ဖြစ်အောင် ဘယ်တုန်းကမှ လုပ်ဖူးတာမဟုတ်ဘူး။
“ဒီကိစ္စတွေကို ကျွန်မကူရို့ကို အစောကြီးကတည်းက ပြောခဲ့သင့်တာ။ ဒါပေမဲ့ ကျွန်မမပြောခဲ့ဘူး။ ပြောလိုက်ရင် ဖြစ်လာမယ့်အရာတွေကို ကျွန်မရင်မဆိုင်နိုင်ခဲ့လို့ပါ။”
ဆိုရာက ကူရိုကို ရွာအပြင်ရောက်တဲ့အထိခေါ်သွားတယ်။ ကူရိုရဲ့လက်ကိုကိုင်ထားတဲ့ ဆိုရာရဲ့လက်ကလေးတွေက ချွေးစေးတွေကြောင့် အေးစက်လို့။
လူနေအိမ်ခြေတွေက သူတို့နောက်မှာကျစ်ရစ်ခဲ့ပြီး လယ်ကွင်းပြင်တွေဆီရောက်လာတယ်။ ဒါပေမဲ့ဆိုရာက မရပ်ခဲ့ဘူး။ ကူရိုကတော့ ဆိုရာရဲ့စကားတွေကို နားထောင်ရင်း သူ့နှလုံးသားကို ဓားတစ်ချောင်းနဲ့ လှီးဖြတ်နေသလိုမျိုးခံစားရတယ်။
‘ဘယ်လောက်ထိ ဆိုးဝါးတဲ့ကိစ္စမလို့ ဒီမိန်းကလေးက ငါ့ကို ဒီအကြောင်းတွေမပြောခဲ့တာလဲ။'
“ဆိုရာက အဲဒီအကြောင်းတွေ ကျွန်တော့်ကိုပြောပြရင် ဘာဖြစ်မှာစိုးလို့လဲ။” ကူရိုက အရိုးသားဆုံးနည်းလမ်းနဲ့ပဲ မေးခဲ့တာ။ ဆိုရာကတော့ နီရဲနေတဲ့မျက်ဝန်းတွေနဲ့ပဲ သူ့ကို လှည့်ကြည့်ခဲ့ပြီး
“ ကူရိုက ကျွန်မကို မုန်းသွားမှာကြောက်လို့။ ကူရိုလည်း သူတို့လိုပဲ ကျွန်မကို ကြောက်နေမှာစိုးလို့။”
ရုတ်တရက် ကူရိုက ဆိုရာရဲ့ခန္ဓာကိုယ်လေးကို သူ့ရင်ခွင်ထဲ ပစ်သွင်းလိုက်တယ်။ ဒီအပြုအမူကြောင့် ဆိုရာကိုယ်တိုင် အံ့အားသင့်ပြီး ကူရိုရဲ့ရင်ခွင်ထဲကနေ သူ့ရဲ့မျက်လုံးဝိုင်းကြီးတွေနဲ့ ကြည့်နေမိတော့တာ။
“ဘာပဲဖြစ်ဖြစ် ကျွန်တော်ဆိုရာ့ကို မုန်းမသွားဘူး။ မုန်းမသွားနိုင်ဘူးဆိုတာ သေချာတယ်။”
ဆိုရာရဲ့မျက်နှာပေါ်မှာ အလှပဆုံးအပြုံးပန်းလေးတစ်ပွင့် ပေါ်လာပါတယ်။ အဲဒီနောက်တော့ သူက ကူရိုကို လယ်ကွင်းတွေရဲ့အလွန် ချောင်ကျလှတဲ့ မြေရိုင်း တစ်နေရာဆီခေါ်သွားတယ်။ အဲဒီနေရာမှာမြေပုံလေးတွေ ရှိနေပြီးတော့ သုသာန်ဖြစ်ပုံပဲ။
“ဒီနားက မြေပုံလေးနှစ်ပုံက ကျွန်မရဲ့အမေနဲ့ ညီမလေးလေ။”
ဆိုရာက ကျောက်တုံးကြီးတစ်တုံးပေါ်မှာထိုင်တယ်။ သူ့မျက်နှာကို အောက်ငုံထားတဲ့အတွက်ကြောင့် မျက်နှာအမူအရာကို မမြင်ရတော့ဘူး။ ကူရိုက မျက်လုံးချင်းဆုံကြည့်ဖို့ ကြိုးစားလိုက်ပေမဲ့လို့ ဆိုရာက တစ်ဖက်ကိုလှည့်သွားတဲ့အတွက် မအောင်မြင်ဘူး။
တစ်ဖက်မှာတော့ ဆိုရာက သူ့ပုံပြင်ကိုစပြောပါတော့တယ်။
....
ကျွန်မတို့ဆိုရာမိသားစုက ဒဏ္ဍာရီထဲက နူးသတ္တဝါကို ချိပ်ပိတ်ထားတဲ့ နှလုံးသားကို စောင့်ရှောက်ရတဲ့မိသားစုပါ။ ကျွန်မတို့မှာ ဘီလူးသွေးပါကြပြီး ပုံပြင်တွေအရတော့ အဲဒီဘီလူးမျိုးဆက်က အွန်မျိုဂျီဆရာကြီးဆဲမဲကို အလုပ်အကျွေးပြုရတဲ့သူတွေတဲ့။
ကျွန်မတို့မိသားစုထဲမှာ သမီးမိန်းကလေးအကြီးဆုံးကို ဘုံကျောင်းအပျိုစင်အဖြစ်ခန့်အပ်လေ့ရှိပြီးတော့ နျူးသတ္တဝါရဲ့ချိပ်ပိတ်စည်းကို လက်ဆင့်ကမ်းပေးလေ့ ရှိကြပါတယ်ဆိုပါတော့။
ကျွန်မရဲ့ကြီးတော်က စောစောဆုံးသွားတဲ့အတွက်ကြောင့် ကျွန်မရဲ့အသက်ငယ်ငယ်နဲ့ပဲ အဲဒီနှလုံးသားကိုခန္ဓာကိုယ်ထဲ ပြောင်းလဲပြီးဆက်ခံခဲ့ရတယ်။ ကျွန်မရဲ့နှလုံးသားကို နူးငှက်ရဲ့နှလုံးသားက ဝါးမျိုသွားပြီး ကျွန်မကလူတစ်ပိုင်း မိစ္ဆာတစ်ပိုင်းလို ဖြစ်လာခဲ့တာ။
တစ်နေ့တော့ ကျွန်မမလုပ်သင့်တဲ့အရာတစ်ခုကို လုပ်ခဲ့မိတယ်။ ကျွန်မခန္ဓာကိုယ်ထဲကနူးငှက်ကို စကားပြောခဲ့မိတာပဲ။
နူးငှက်က ကျွန်မကို လှတဲ့မိန်းကလေးလို့ခေါ်တယ်။ ကျွန်မ ကိုယ်ထဲမှာရှိနေရတဲ့အတွက်ပျော်တယ်တဲ့။ ဒါပေမဲ့ အထဲမှာ ရှိနေရတာကြာပြီမလို့ ပျင်းနေပြီလို့ပြောခဲ့တယ်။ ကျွန်မ သူနဲ့အတူကစားပေးခဲ့တယ်။ ကျွန်မတို့ခင်လာတဲ့နောက် သူက ကျွန်မဆန္ဒရှိတာမှန်သမျှ လုပ်ပေးမယ်လို့ ပြောခဲ့တယ်။
တစ်ခါတော့ အမေက ကျွန်မနဲ့ညီမလေးဖို့ အဝတ်ဖိနပ်တစ်ရံစီ ယက်ပေးခဲ့တယ်။ ညီမလေးဖို့က သိပ်လှတဲ့ပန်းရောင် ဖြစ်ခဲ့ပြီးတော့ ကျွန်မက အဝါရောင်ပဲ ရခဲ့တာလေ။ ကျွန်မအဲဒီအကြောင်း နူးငှက်ကိုပြောမိတော့ သူက ကျွန်မကို ကျွန်မမိသားစုကို မုန်းလားလို့မေးခဲ့တယ်။
ကျွန်မလည်း မုန်းတယ်လို့ဖြေခဲ့မိတယ်။
အဲဒီနောက်တော့ သားရိုင်းကောင်တွေ ပေါ်လာပြီးတော့ ကျွန်မရဲ့မိသားစုတစ်ခုလုံးကို သတ်ပစ်ခဲ့တော့တာပဲ။ အဖိုး၊ အဖေ၊ အမေနဲ့ ညီမလေး တစ်ယောက်မှ အလွတ်မပေးခဲ့ဘူး။
....
“အဲဒါကြောင့် ရွာသားတွေက ကျွန်မကိုမုန်းနေကြတာ။ ကျွန်မပြောခဲ့တဲ့စကားတွေကြောင့် ကျွန်မမိသားစု သေခဲ့ရတာ။ အခုသားရိုင်းကောင်တွေပေါ်နေတာလဲ ကျွန်မကြောင့်ပဲ။ ရွာသားတွေက ကျွန်မကိုကြောက်နေရုံ သက်သက်ပဲဆိုတာသိသိနဲ့ ကျွန်မရဲ့မသိစိတ်က သူတို့ကို မုန်းတီးနေမိတာကြောင့် နူးငှက်က သူတို့ကိုသတ်ဖို့ ကြိုးစားနေတာ။”
ဆိုရာက သူ့စကားတွေ ဆုံးသွားတဲ့အချိန်မှာမငိုခဲ့ဘူး။ အဲဒီအစားကြောက်စရာကောင်းလောက်အောင် တိတ်ဆိတ် သွားခဲ့တယ်။ သူ့မျက်လုံးတွေက ကူရိုရဲ့မျက်နှာပေါ်မှာ သူ့ကိုရွံရှာတဲ့အရိပ်အယောင်ရှိမရှိ ရှာဖွေနေခဲ့ပေမဲ့ ကူရိုက သူ့ကို နွေးထွေးတဲ့ရင်ခွင်ထဲမှာပဲ ထွေးပွေ့ထားခဲ့တယ်။
“ဆိုရာကို ကျွန်တော်က ဘာလို့မုန်းရမှာလဲ။ ဆိုရာက ကိုယ့်ကိုမုန်းတဲ့သူတွေကိုတောင် နားလည်ပေးနေတာ။ ကြင်နာတတ်တဲ့ မိန်းကလေးမလို့သာ ဒီလိုလုပ်နိုင်တာ။ ကူရိုသာဆိုရင် အဲဒီလိုလုပ်နိုင်မှာမဟုတ်ဘူး....”
ကူရိုက သူ့ရဲ့ပြန်အမှတ်ရလာတဲ့မှတ်ဉာဏ်တချို့ကို တွေးမိပြီးပြန်ဖြေခဲ့မိတယ်။ သူ့တုန်းကဆိုရင် သူမုန်းတဲ့သူတွေကို နာကျင်အောင်လုပ်ခဲ့မိတာလေ။ သူတို့မှာ တူညီတဲ့အတွေ့အကြုံမျိုးရှိခဲ့တယ်ဆိုပေမဲ့ ဆိုရာကတော့ သူမုန်းတဲ့သူတွေကိုပါ ကာကွယ်ပေးဖို့ ဆုံးဖြတ်ထားခဲ့တာ။
အတိတ်အကြောင်းတွေးမိသွားတော့ ကူရိုရဲ့ခေါင်းထဲ မူးဝေလာပြီး တစ်ခုခုကို မေ့သွားတော့မလို ခံစားလိုက်မိပေမဲ့ ဆိုရာကို ပိုပြီး တင်းတင်းကျပ်ကျပ် ဖက်ထားမိတယ်။ နှုတ်ခမ်းကို ဖိကိုက်ထားရင်းနဲ့ပေါ့။
“ဘာလို့လဲ... ကူရိုက ဘာလို့ကျွန်မအပေါ် ဒီလောက် ကောင်းပေးနေရတာလဲ။ ကျွန်မတို့က သိတာမကြာသေးတဲ့ သူစိမ်းတွေပဲလေ။”ဆိုရာရဲ့ပူနွေးနေတဲ့မျက်ရည်တွေက ကူရိုရဲ့လည်ပင်းပေါ်ကျဆင်းလာတယ်။
ကူရိုက ခေါင်းကိုခါယမ်းရင်း ခါးခါးသီးသီးငြင်းဆိုတယ်။ “ ကျေးဇူးပြုပြီး သူစိမ်းဆိုတဲ့စကားကိုမပြောပါနဲ့။ ကူရိုကို ဆိုရာက ကယ်ခဲ့တာလေ။ ကူရိုတည်ရှိနေတာ ဆိုရာ့ကြောင့်ပဲ။ ဒါကြောင့်ကူရိုက ဆိုရာရဲ့အနားမှာပဲ အမြဲနေမယ်။ ကူရိုက ဆိုရာ့ကိုချစ်တယ်။”
“ကူရို... အဲဒီလိုစကားတွေမပြောပါနဲ့တော့။” ကူရိုက ဆိုရာကို တန်ဖိုးထားတယ်ဆိုတဲ့စကားတွေကိုပြောလေလေ ဆိုရာက ပိုပြီးငိုကြွေးလေပဲ။ ကူရိုက ဖုံးကွယ်ထားနိုင်တယ် အမှတ်နဲ့သတိမထားခဲ့မိပေမဲ့ ဆိုရာရဲ့နှလုံးသား တစ်ထောင့်တစ်နေရာမှာ အမှန်တရားတစ်ခုကို သိနေခဲ့ပြီးသား။
ကူရို့မှာ ဆိုရာနဲ့မသက်ဆိုင်တဲ့ ဘဝတစ်ခုရှိတယ်။ အချိန်တန်ရင် ကူရိုဟာ ဆိုရာ့အနားကနေ ထွက်ခွာသွားရမယ်ဆိုတာပါပဲ။