← Chapters

အခန်း ၅၃

Vol. 6 Ch. 53

အခန်း ၅၃

Vol. 6 Ch. 53

🍅 Chapter 53

ဝူယွီလန်က အတင်းမတိုက်တွန်းတော့ဘဲ ငွေစလေးတစ်ခုကို ထုတ်ပေးလိုက်လေ၏။

“ဒါဆိုလည်း ကောင်းကောင်းမွန်မွန်လေး စားလိုက်ပါ”

အစေခံလူငယ်လေးက ဝမ်းသာအားရ လက်ခံလိုက်သည်။

“ဟုတ်ကဲ့၊ ကျေးဇူးတင်ပါတယ် သမားတော်ဝူ”

…….

ဧည့်ခန်းမဆောင်အတွင်း၌

မိသားစုဝင်အားလုံးသည် တောဟင်းရွက်များနှင့် ရောချက်ထားသော ဆန်ကွဲပြုတ်ကို သောက်နေကြလေ၏။

စုန့်အာ့လန်တစ်ယောက် နားရွက်လှုပ်သွားလေသည်။

“အဘွားရဲ့ အသံကို ကြားလိုက်ရသလိုပဲ”

ထိုစကားကို ကြားသောအခါ အားလုံး သူ့ကို ဝိုင်းကြည့်လိုက်ကြသည်။

စုန့်အာ့လန် တိတ်တိတ်နေရန် နှုတ်ခမ်းပေါ် လက်ညှိုးတင်ကာ အချက်ပြလိုက်ပြီး နားစွင့်ကာ ခြံဝင်းအပြင်ဘက်မှ လှုပ်ရှားမှုများကို သေချာနားထောင်နေ၏။

“အဘွားရဲ့ အသံပဲ၊ လုံးဝမမှားဘူး၊ တကယ် အဘွားရဲ့အသံပဲ”

သူသည် ပန်းကန်ကို ချလိုက်ပြီး ဧည့်ခန်းထဲမှနေ၍ အပြင်သို့ အပြေးအလွှား ထွက်သွားလေသည်။

“အဘွား”

စုန့်အာ့လန် အသံကို ကြားလိုက်ရသောအခါ ဝူယွီလန်၏မျက်နှာထက်တွင် အပြုံးများ လင်းလက်သွားလေ၏။

“ငါပါ၊ တံခါးဖွင့်ပေးအုံး”

စုန့်အာ့လန်သည် ခြံတံခါးကို ကပျာကယာ ဖွင့်ပေးလိုက်သည်။

ဝူယွီလန်၏ဘေးတွင် ရပ်နေသော စုန့်ထုန်ဟွာကို မြင်လိုက်ရသောအခါ စုန့်အာ့လန်သည် ခြံဘက်သို့လှည့်၍ အော်ဟစ်လိုက်၏။

“ဒုတိယအဒေါ်၊ မြန်မြန် ထွက်လာကြည့်ပါဦး၊ ဘယ်သူ ပြန်လာတာလဲလို့”

ထိုစကားကို ကြားလိုက်ရသည်နှင့် ကျောက်လီကျွမ်သည် သူမ၏အင်္ကျီစကို အလိုအလျောက် ဆုပ်ကိုင်လိုက်မိသည်။

သူမ ရင်ထဲတွင် ဝေဝါးသော ခန့်မှန်းမှုတစ်ခု ရှိနေသော်လည်း မျှော်လင့်ချက် ကြီးကြီးမားမားတော့ မထားရဲပေ။

“ငါ... ငါ သွားကြည့်လိုက်ဦးမယ်၊ အမေ ပြန်လာတာလား”

သူမက ပြောပြောဆိုဆိုပင် အပြင်သို့ ခြေလှမ်းလိုက်သည်။ စိတ်လှုပ်ရှားနေသဖြင့် တံခါးခုံကို ခလုတ်တိုက်မိကာ မြေကြီးပေါ်သို့ မတော်တဆ လဲကျသွားလေလေ၏။

ကျောက်လီကျွမ် သူမကိုယ် သူမ အားပြုထရန် ဟန်ပြင်လိုက်ချိန်မှာပင် တစ်စုံတစ်ယောက်က လက်တစ်ဖက် ကမ်းပေးလာခဲ့လေသည်။

“အမေ၊ အဆင်ပြေရဲ့လား”

ထိုအသံကို သူမ မည်သို့လုပ်၍ မမှတ်မိဘဲ နေမည်နည်း။ ဤအသံ သူမ သမီး၏အသံပင်။

သူမ မော့ကြည့်လိုက်သောအခါ….

နေ့ရက်ညဉ့်တိုင်း တမ်းတလွမ်းဆွတ်နေခဲ့ရသော သမီးဖြစ်သူမှာ သူမ မျက်စိရှေ့မှောက်တွင် တကယ်ကြီး ရောက်ရှိနေပြီကို မြင်လိုက်ရလေသည်။

ကျောက်လီကျွမ်၏ နှုတ်ခမ်းများမှာ တသိမ့်သိမ့် တုန်ယင်သွားတော့သည်။

“ထုန်ဟွာ... ငါ့ရဲ့ ထုန်ဟွာလေး”

“အမေ”

စုန့်ချန်းဟွာလည်း အပြေးအလွှား ရောက်လာသည်။

“အစ်မ”

သားအမိသုံးယောက်သည် တစ်ယောက်ကိုတစ်ယောက် တင်းကျပ်စွာ ပွေ့ဖက်လိုက်ကြသည်။ ကျောက်လီကျွမ်၏ မျက်ဝန်းများမှာ ငိုရလွန်းသဖြင့် နီရဲနေခဲ့၏။

“ငါ့ရဲ့ ထုန်ဟွာလေး၊ သမီးလေး ဒုက္ခများခဲ့ရပြီ”

“အမေ၊ သမီး ဒုက္ခမရောက်ခဲ့ပါဘူး”

စားပွဲပေါ်ရှိ ဆန်ကွဲပြုတ်များကို မြင်လိုက်ရသောအခါ စုန့်ထုန်ဟွာ၏ရင်ထဲတွင် သနားကြင်နာစိတ်ကြောင့် နာကျင်သွားရသည်။

ဝူယွီလန်လည်း စားပွဲပေါ်ရှိ ဆန်ကွဲပြုတ်များကို သတိပြုမိသွားလေ၏။

“ငါ အိမ်မှာ မရှိတုန်း နင်တို့က ဒါတွေကိုပဲ စားနေကြတာလား”

ဝမ်ကွေ့ချင် ခေါင်းကုတ်လိုက်မိလေသည်။

“အမေ၊ အိမ်မှာ ဆန်ကွဲတွေ အများကြီးကျန်နေသေးလို့ နှမြောတာနဲ့ ချက်စားလိုက်တာပါ”

ဝူယွီလန်သည် မီးဖိုချောင်ထဲသို့ ဝင်ကြည့်လိုက်ရာ သူမ ထွက်မသွားခင်က ထားရစ်ခဲ့သော ဆန်နှင့် ဂျုံမှုန့်များမှာ လုံးဝမထိတွေ့ရသေးဘဲ ရှိနေသေးသည်ကို တွေ့လိုက်ရသည်။

ယောက္ခမဖြစ်သူ ဒေါသထွက်နေသည်ကို မြင်သောအခါ ဝမ်ကွေ့ချင်မှာ ဘာလုပ်ရမှန်းမသိဖြစ်သွားသည်။

“အမေ၊ စိတ်မဆိုးပါနဲ့နော်”

“သွား၊ ဒီဆန်ကွဲပြုတ်တွေကို ကြက်စာ သွားသွန်ကျွေးလိုက်စမ်း”

“ဟုတ်၊ ဟုတ်ကဲ့ပါ အမေ၊ အခုပဲ သွားလိုက်ပါ့မယ်”

ဝမ်ကွေ့ချင်သည် မလွန်ဆန်ရဲဘဲ ဆန်ကွဲပြုတ်များကိုသယ်ကာ ကြက်ခြံဘက်သို့ ချက်ချင်းထွက်သွားလေ၏။

“အာ့လန်၊ ဒီကိုလာပြီး မီးမွှေးစမ်း”

အဘွားပြန်လာဖြစ်ရာ စားစရာကောင်းကောင်းတစ်ခုခု စားရတော့မည်ကို စုန့်အာ့လန် သိနေသဖြင့် မီးမွှေးရန် ဝမ်းသာအားရ ပြေးသွားလေသည်။

“လာပါပြီဗျ”

ဝူယွီလန်ကိုယ်တိုင် ဦးဆောင်ကာ အိုးထဲသို့ ဆန်ကို ချိန်တွယ်ထည့်ပြီး ပြစ်နှစ်နေသော ဆန်ပြုတ်တစ်အိုးကို တည်လိုက်သည်။

ဆန်ကွဲပြုတ်များအား တကယ်သွန်ပစ်လိုက်သည်ကို မြင်သောအခါ စုန့်ထုန်ဟွာမှာ အနည်းငယ် စိုးရိမ်သွားလေ၏။

“အမေ၊ ဆန်ကွဲပြုတ်တွေ သွန်ပစ်လိုက်ပြီဆိုတော့ သမီးတို့ ဘာစားရမှာလဲ”

ကျောက်လီကျွမ်သည် အလုပ်ရှုပ်နေသော ဝူယွီလန်အား တစ်ချက်ကြည့်လိုက်ပြီး နှုတ်ခမ်းကို တင်းတင်းစေ့ကာ ပြောလိုက်လေသည်။

“ဖြစ်နိုင်တာကတော့၊ အခုချိန်ကစပြီး သမီးတို့ ဆန်ကွဲပြုတ်ကို ဘယ်တော့မှ ထပ်သောက်စရာမလိုတော့ဘူး”

ထိုသို့ပြောပြီးနောက် သူမသည် သမီးဖြစ်သူ၏ဆံပင်များကို ပွတ်သပ်ပေးလိုက်သည်။

“လိမ္မာတယ်၊ အခန်းထဲသွားပြီး ခဏလောက် နားနေလိုက်ဦး၊ အမေ ဟင်းချက်တာသွားကူလိုက်ဦးမယ်”

စုန့်ထုန်ဟွာသည် မိခင်ဖြစ်သူ ပြောသွားသောစကား၏အဓိပ္ပာယ်ကို နားမလည်သဖြင့် ညီမဖြစ်သူအား လှည့်ကြည့်လိုက်၏။

“ချန်းဟွာ၊ ငါတို့ ဆန်ကွဲပြုတ် ထပ်သောက်စရာ မလိုတော့ဘူးဆိုတာ အမေက ဘာကိုဆိုလိုတာလဲ”

စုန့်ချန်းဟွာက အစ်မဖြစ်သူကို အခန်းထဲသို့ ဆွဲခေါ်သွားလေသည်။

“အစ်မ မသိပါဘူး၊ အစ်မ မရှိတဲ့ ရက်ပိုင်းတွေအတွင်းမှာ အဘွားက အများကြီးပြောင်းလဲသွားပြီ”

…

“ဘာ၊ အဘွားက နင်တို့ကို ဆန်ကောင်းနဲ့ ဂျုံဖြူတွေ ကျွေးတဲ့အပြင် အသားပါကျွေးတယ်လို့ ပြောလိုက်တာလား”

စုန့်ထုန်ဟွာသည် သူမ၏နားကိုပင် မယုံနိုင်အောင် ဖြစ်သွားရသည်။

သူမ၏အဘွား မည်မျှ ကပ်စေးနှဲပြီး ရက်စက်တတ်ကြောင်းကို မည်သူ့ထက်မဆို သူမက ပိုသိထားသည်မဟုတ်ပါလား။

အရင်တုန်းကဆိုလျှင် သူတို့ကို တောဟင်းရွက်များနှင့် ဆန်ကွဲပြုတ်ကိုသာ အမြဲတမ်း ကျွေးလေ့ရှိသည်။

တစ်ခါတစ်ရံတွင် ထိုဆန်ကွဲပြုတ်ကိုပင် ကျွေးချင်စိတ်မရှိတတ်ပေ။

“အခုကျမှ အဘွားက ဆန်ဖြူ၊ ဂျုံဖြူတွေ ကျွေးရုံသာမက အသားပါ ကျွေးတယ်ဆိုတာကို ငါက တကယ်ကြီး ယုံပေးရမှာလား”

“အစ်မ၊ တကယ်ပြောတာပါ၊ အဘွားက ဒီရက်ပိုင်းတွေမှာ အရမ်းကိုသဘောကောင်းနေတာ၊

ကြည့်ပါဦး၊ သူ အစ်မအတွက် အဝတ်အစားနှစ်စုံတောင် ဝယ်ထားသေးတယ်၊ အစ်မပြန်လာရင် ဝတ်ဖို့အတွက်ဆိုပြီး ကြို၀ယ်ထားတာလေ”

စုန့်ချန်းဟွာသည် ခေါင်းအုံးအောက်တွင် ဝှက်ထားသော အဝတ်အစားသစ်နှစ်စုံကို ထုတ်ပြလိုက်သည်။

“အဘွားကိုယ်တိုင် သွားဝယ်ထားတာ”

“အဘွားက ငါ့အတွက် ဝယ်ထားပေးတာလား”

စုန့်ထုန်ဟွာမှာ လုံးဝမယုံကြည်နိုင်အောင် ဖြစ်သွားရ၏။ အဘွားက သူမကို အမုန်းဆုံးဖြစ်ပြီး တစ်နေကုန် ငွေဖြုန်းတဲ့ကောင်မဟု အမြဲခေါ်ဝေါ်လေ့ရှိသည်။

ယခုလို သူမအတွက် ကိုယ်တိုင်ကိုယ်ကျ အဝတ်အစား ဝယ်ပေးလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။

‘အဲ့ဒါတွေက ချည်ထည် အဝတ်အစားတွေပဲ...’

ဤဖြစ်ရပ်က ထူးခြားလွန်းနေလေသည်။

“အဘွား... သူ ငါ့ကို ထပ်ပြီးရောင်းစားဖို့ ကြံနေတာတော့ မဟုတ်ပါဘူးနော်”

စုန့်ထုန်ဟွာ ထပ်တွေးကြည့်မိပြန်၏ အကယ်၍ အဘွားက သူမ၏ မြေးမများကို ရောင်းစားချင်လျှင် ယင်ဟွာနှင့် ချန်းဟွာကို တိတ်တဆိတ်ရောင်းစားလိုက်ရုံပင်။

သူမကို ပြန်ရွေးရန် ဤမျှအထိ အားထုတ်နေစရာ အကြောင်းမရှိပေ။

‘ဒါပေမယ့် အဘွားက ဘာလို့ ရုတ်တရက်ကြီး ငါ့အပေါ် ဒီလောက် ကောင်းနေရတာလဲ'

ဤအကြောင်းရင်းကိုမူ သူမ စဉ်းစား၍ မရနိုင်တော့ချေ။

“အစ်မ၊ အများကြီးတွေးမနေပါနဲ့၊ အဘွားပြောတာက သူ အိပ်မက်မက်တာတဲ့၊ အဘိုးနဲ့ ဘိုးဘေးတွေက စုန့်မိသားစုရဲ့ သွေးသားကို ရောင်းစားရသလားဆိုပြီး သူ့ကို ဆူပူကြိမ်းမောင်းကြတယ်တဲ့၊ ပြီးတော့ သူသေသွားရင် မိသားစု ဘိုးဘေးစံကျောင်းထဲကို ဝင်ခွင့်မပြုဘူးလို့ ပြောကြလို့တဲ့၊

အဲ့ဒါကြောင့် အဘွားက နောင်တရပြီး ညီမတို့အပေါ် အပြစ်လုပ်မိတယ်ဆိုတာ သိသွားလို့ အခုလို ကောင်းကောင်းဆက်ဆံနေတာတဲ့”

စုန့်ထုန်ဟွာ မျက်တောင်ခတ်လိုက်လေ၏

“အဘွားက အဲ့ဒီလိုပြောတာလား”

“ဟုတ်တယ်၊ အဘွားက ဒီရက်ပိုင်းတွေမှာ တကယ်ပဲ ညီမတို့အပေါ် အရမ်းကောင်းနေတာ၊

ပြောပြရဦးမယ်၊ အဘွားက ဦးလေး ၄ ကို အလိုမလိုက်တော့တဲ့အပြင် သူ့ကို သူဌေးလုအိမ်မှာ အလုပ်ကြမ်းလုပ်ဖို့တောင် လွှတ်လိုက်သေးတယ်”

“ဦးလေး ၄ က နေ့တိုင်း သေမတတ် အလုပ်လုပ်နေရပြီး တော်တော်လေး ဒုက္ခရောက်နေတယ်လို့ကြားတယ်၊ အဘွားက သူ့ကို နည်းနည်းလေးမှ မသနားဘူး၊ သူ့ကို အပြစ်ပေးဆုံးမချင်လို့ အခုလို လွှတ်လိုက်တာမို့လို့ သူ့အမှားသူသိမှပဲ ပြန်လာခွင့်ပြုမယ်လို့ ပွင့်ပွင့်လင်းလင်း ပြောထားတာလေ”

စုန့်ထုန်ဟွာ အံ့ဩတကြီး ရေရွတ်လိုက်လေ၏။

“အဘွား တကယ်ပဲ အဲ့ဒီလို လုပ်လိုက်တာလား”

“တကယ်ပေါ့”

…….

သူမ၏ညီမကိုယ်တိုင် ပွင့်ပွင့်လင်းလင်း ပြောပြနေသော်လည်း စုန့်ထုန်ဟွာမှာ ယုံကြည်ရန် အနည်းငယ် ခက်ခဲနေဆဲပင်။

တစ်စုံတစ်ခုကို သူမ ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ မကြုံရခင်အချိန်အထိပေါ့...

ဝူယွီလန် မိသားစုဝင်များကို လှမ်းခေါ်လိုက်သည်။

“ထမင်းစားကြမယ်”

ဝူယွီလန်၏အသံဘထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် လူတိုင်းသည် သူတို့၏ လက်ရှိလုပ်လက်စ အလုပ်များကို ချက်ချင်းချထားလိုက်ကြသည်။

အားလုံးက လက်ကို အလှည့်ကျ သန့်စင်အောင် ဆေးကြောပြီးနောက် မီးဖိုချောင်ထဲသို့ ဝင်ကာ ဟင်းပွဲများသယ်ခြင်း၊ ပန်းကန်နှင့် တူများ ယူဆောင်ခြင်းတို့ကို တက်ကြွစွာ ဝိုင်းဝန်းကူညီကြလေ၏။

All Chapters