အခန်း ၅၅
Vol. 6 Ch. 55
🍅 Chapter 55
ဝမ်းစာအတွက် ငါးဖမ်းခြင်းသည် အသွင်ကူးပြောင်းရေးကာလတစ်ခုသာ ဖြစ်ပြီး ရေရှည်အတွက် ခိုင်မာသောဖြေရှင်းချက် မဟုတ်ပေ။
စုန့်အာ့လန်မှာမူ စိတ်ပျက်သွားလေ၏။
“ဟင်၊ သားတို့ ငါးမဖမ်းရတော့ဘူးလား”
စုန့်အာ့လန်သည် ခေါင်းငုံ့သွားကာ ညှိုးနွမ်းသွားပုံရသည်။
ဝူယွီလန် မေးလိုက်လေ၏။
“နင်က ငါးဖမ်းရတာကို အဲ့ဒီလောက်တောင် သဘောကျနေတာလား”
စုန့်အာ့လန် ခေါင်းခါယမ်းပြလိုက်သည်။
“အဘွား၊ သား ငါးဖမ်းရတာကို သဘောကျတာမဟုတ်ဘူး၊ ငွေရှာရတာကို သဘောကျတာ”
ဝူယွီလန် ပြုံးလိုက်သည်။
“ငွေရှာရတာလား...”
ဝူယွီလန်သည် လှိုင်းတွန့်သဖွယ် သွယ်တန်းနေသော တောင်တန်းကြီးများဆီသို့ မျှော်ကြည့်လိုက်သည်။
မိသားစုကို ကြွယ်ဝချမ်းသာလာစေရန်နှင့် သူမ၏ဘဝရည်မှန်းချက်များကို အကောင်အထည်ဖော်ရန်အတွက် ထိုတောင်တန်းများက အခွင့်အလမ်းသစ်များ ဖြစ်လာနိုင်ပေသည်။
သူမ၏ ဆေးပညာစွမ်းရည်များကလည်း တဖြည်းဖြည်း ထင်ရှားလာပြီဖြစ်ရာ ဆေးဖက်ဝင်အပင်များ ရှာဖွေရန် တောင်ပေါ်သို့တက်ခြင်းနှင့် ထိုအပင်များကို အခြောက်ခံပြီး ဆေးဆိုင်များသို့ သွားရောက်ရောင်းချခြင်းက အကျိုးအကြောင်းဆီလျော်ပြီး လက်တွေ့အကျဆုံးသော လုပ်ငန်းတစ်ခု ဖြစ်လာမည်ဟု သူမ တွေးတောလိုက်သည်။
သို့သော် တောင်ပေါ်သို့ မတက်မီ...
နောက်တစ်နေ့ နံနက်စောစောတွင် စုန့်ထုန်ဟွာသည် အစောကြီး ထလာခဲ့သည်။
အရင်တုန်းကဆိုလျှင် ဝက်စာစဉ်းရန်၊ ဝက်ကျွေးရန်နှင့် ကြက်စာကျွေးရန်အတွက် သူတို့ အမြဲတမ်း အစောကြီးထရလေ့ရှိရာ ယခုလည်း ထိုအတိုင်းပင် ဖြစ်မည်ဟု သူမ မှတ်ယူထား၏။
သို့သော် သူမ ထလာပြီးနောက် ညီမဖြစ်သူမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေဆဲဖြစ်သည်ကို တွေ့လိုက်ရသည်။ သူမက ညီမဖြစ်သူကို နှိုးလိုက်လေသည်။
“ညီမလေး၊ ထတော့လေ၊ အလုပ်လုပ်ရမယ့် အချိန်ရောက်နေပြီ၊ မဟုတ်ရင် ခဏနေ အဘွားဆူတော့မယ်”
စုန့်ချန်းဟွာ တစ်ဖက်သို့လှည့်ကာ မျက်လုံးမဖွင့်ဘဲ ပြန်ဖြေလာ၏။
“အဘွားက ပြောတယ်၊ ငါတို့က ကြီးထွားဆဲကာလဆိုတော့ အိပ်ရေးဝဝ အိပ်ဖို့လိုတယ်တဲ့၊ မနက်စာ စားပြီးမှပဲ ဝက်စာသွားစဉ်းကြတာပေါ့”
ညီမဖြစ်သူကို တွန်းနှိုးရန် ဟန်ပြင်နေသော စုန့်ထုန်ဟွာ၏လက်လေးမှာ လေထဲတွင် ရပ်တန့်သွားလေ၏။
“မနက်စာ စားမယ်တဲ့လား”
မနက်ခင်း၏အေးချမ်းသောလေပြည်အေးလေး တိုက်ခတ်နေချိန်တွင် အိပ်ရာပေါ်၌ လူးလှိမ့်ရင်း စုန့်ချန်းဟွာ ခပ်တိုးတိုး ဆိုလိုက်သည်။
“အင်း၊ ခဏနေရင် အမေလာခေါ်လိမ့်မယ်”
စုန့်ထုံဟွာ မျက်တောင်လေးခတ်ကာ သူမ မျက်ဝန်းများတွင် နားမလည်နိုင်သော အရိပ်အယောင်များ စွန်းထင်းနေသည်။
“အရင်ကဆိုရင် တစ်နေ့ကို နှစ်နပ်ပဲ စားရတာလေ၊ မနက်စာဆိုတာ ဘယ်တုန်းကများ စားဖူးလို့လဲ”
စုန့်ချန်းဟွာ၏မျက်လုံးများမှာလည်း အိပ်ချင်မူးတူးဖြစ်နေခြင်းများ လုံးဝလွင့်စင်သွားပြီး စိတ်အားထက်သန်စွာဖြင့် ဝင်ရောက်ဆွေးနွေးလာသည်။
“အခုတလော တတိယအဒေါ်က ညီမလေးကို မွေးပြီးကတည်းက အဘွားက တစ်နေ့သုံးနပ်စားခွင့်ပေးနေတာ”
“ပြီးတော့ စားရတဲ့ အစားအစာတွေကလည်း ဆန်ဖြူဖြူ ဂျုံဖြူဖြူတွေချည်းပဲ”
ညီအစ်မနှစ်ယောက် စကားစမြည်ပြောဆိုနေစဉ်မှာပင် အခန်းပြင်ဘက်မှ မိခင်ဖြစ်သူ ကျောက်လီကျွမ်၏အသံက ထွက်ပေါ်လာ၏။
“ဟဲ့ ငပျင်းမလေးတွေ၊ ထကြတော့၊ မနက်စာစားမယ်”
စုန့်ချန်းဟွာ အိပ်ရာမှသွက်လက်စွာထကာ အဝတ်အစားများကို ကမန်းကတန်းဝတ်ဆင်လိုက်သည်။
“အစ်မ၊ သွားရအောင်၊ မနက်စာရနေပြီ”
စုန့်ထုံဟွာ ဧည့်ခန်းမထဲသို့ ဝင်သွားသောအခါ စားပွဲပေါ်တွင် ပန်းကန်လုံးကြီးများ ချထားသည်ကို တွေ့လိုက်ရ၏။
ထိုပန်းကန်များထဲတွင် ဟင်းသီးဟင်းရွက်နှင့် အသားများပါဝင်သော ဆန်ပြုတ်များက အငွေ့တထောင်းထောင်း ထွက်နေကာ အအေးခံထားလေသည်။
အသားဆန်ပြုတ်သာမက စားပွဲအလယ်တွင် ကြက်ဥတစ်ပန်းကန်ကိုပါ တွေ့လိုက်ရသည်။
ဝူယွီလန် ကြက်ဥများကို ကလေးများရှေ့သို့ ချပေးရင်း ခပ်ပြတ်ပြတ်သတိပေးလိုက်သည်။
“နင်တို့တွေ တစ်ယောက်ကို ကြက်ဥတစ်လုံးစီပဲ၊ ပိုမရဘူး”
ယခုအခါ အိမ်တွင် ကြက်မရှစ်ကောင် ထပ်တိုးလာသဖြင့် ကြက်ဥများ ပိုမိုရရှိလာကာ ဝူယွီလန်လည်း လက်ဖွာလာခဲ့သည်။
သူမသည် မီးတွင်းထဲမှ နာလန်ထစ လီရှို့ယွင်နှင့် ကလေးများကို ကျွေးမွေးရုံသာမက ကလေးများအတွက်ပါ ကြက်ဥများကို ပြုတ်ပေးခဲ့၏။
စုန့်ထုံဟွာသည် လက်ထဲမှ ကြက်ဥကို တစ်ကိုက်ချင်းစီ အရသာခံကာ စားသုံးနေသော်လည်း သူမ၏စိတ်ထဲတွင်မူ ဝေခွဲမရဖြစ်နေဆဲပင်။
အိမ်ပြန်ရောက်လျှင် ငတ်မွတ်ခေါင်းပါးလှသော ဆင်းရဲဒုက္ခမျိုးစုံကို ရင်ဆိုင်ရမည်ဟု စိတ်ပိုင်းဖြတ်ထားခဲ့၏။
သို့သော် ယခုလို ထမင်းတိုင်းတွင် အသားများ စားရလိမ့်မည်ဟု သူမ လုံးဝ မျှော်လင့်မထားခဲ့ချေ။
ဤကဲ့သို့သော ဘဝကြီးက တကယ့်ကို အိပ်မက်တစ်ခုလိုပင်။
အစစ်အမှန်နှင့်မတူပေ။
မနက်စာစားပြီးနောက် ဝူယွီလန်က လူတိုင်းကို မိမိတို့အလုပ်ကိုယ်စီ လုပ်ဆောင်ရန် ခွင့်ပြုလိုက်သည်။
သူမကိုယ်တိုင်ကမူ အိမ်မကြီး၏ကွက်ပစ်အောက်သို့ လျှောက်သွားခဲ့သည်။ ထိုနေရာတွင် စုန့်ကျစ်ယုံက ခြင်းတောင်းများကို မမောနိုင်မပန်းနိုင် ယက်လုပ်နေလေ၏။
“ကျစ်ယုံ၊ နင့်ဘောင်းဘီကို မလိုက်စမ်း၊ အမေ နင့်ခြေထောက်ကို ကြည့်ချင်လို့”
ထိုစကားကို ကြားသောအခါ စုန့်ကျစ်ယုံက ဝူယွီလန်ကို နားမလည်နိုင်စွာဖြင့် မော့ကြည့်လိုက်သည်။
သူ သဘောမပေါက်သော်လည်း မိခင်၏စကားကို နာခံကာ ဘောင်းဘီစကို တင်လိုက်လေ၏။
ဝူယွီလန် လက်ဖြင့်စမ်းသပ်စစ်ဆေးပြီးနောက် တိတိကျကျ ကောက်ချက်ချလိုက်သည်။
“အရိုးလွဲနေပြီ၊ နင် ပြန်ကောင်းချင်တယ်ဆိုရင် အရိုးကိုချိုးပြီး ပြန်ဆက်မှရမယ်”
“ရှပ်”
ဝါးနှီးစက သူ့လက်ချောင်းကို ရှမိသွားပြီး ရဲရဲနီသော သွေးစက်များက မြေကြီးပေါ်သို့ တစ်တောက်တောက်ကျသွား၏။
စုန့်ကျစ်ယုံ သွေးထွက်နေသော လက်ချောင်းကို ဖိကိုင်ထားရင်း သူ့မျက်နှာပေါ်တွင် မျှော်လင့်ချက်ရောင်ခြည်များ သန်းလာသည်။
“အမေ၊ အမေက….”
“ကျွန်တော့်အတွက် သမားတော်ကောင်းကောင်းလေးများ ပင့်လာခဲ့လို့လား”
ဝူယွီလန် ခေါင်းခါယမ်းလိုက်သည်။
“မဟုတ်ဘူး”
ထိုစကားကို ကြားလိုက်ရချိန်တွင် စုန့်ကျစ်ယုံ၏မျက်ဝန်းထဲမှ တောက်ပနေသော မျှော်လင့်ချက်အလင်းရောင်များက တဖြည်းဖြည်း မှေးမှိန်သွားလေ၏။
“နင့်ခြေထောက်ကို ငါကိုယ်တိုင် ကုပေးမလို့ စဉ်းစားထားတယ်”
စုန့်ကျစ်ယုံ အံ့ဩမှင်သက်သွားသည်။
“အမေရာ၊ ကျွန်တော့်ကို လာမနောက်ပါနဲ့၊ အမေက ဘယ်တုန်းက ဆေးပညာတွေတတ်သွားလို့လဲ”
စုန့်ကျစ်ယုံ ခြင်းတောင်းကို ဆက်လက်ယက်လုပ်နေသည်။
“တကယ်တော့ လွန်ခဲ့တဲ့နှစ်တွေတုန်းက နင့်အဖေနဲ့ငါ အပြင်ထွက်ပြီး လောကကြီးထဲ စွန့်စားကြတုန်းက ငါ ဆေးပညာကို နှစ်အနည်းငယ်လောက် လေ့လာခဲ့ဖူးတယ်၊ ရန်သူတစ်ယောက်ကို သွားရန်စမိလို့ ငါ့ရဲ့ဆေးပညာကို တခြားသူတွေမသိအောင် ဖုံးကွယ်ထားခဲ့ရတာ၊ ဒါပေမဲ့ အခုတော့ အဲဒီရန်သူလည်း သေသွားပါပြီ”
ဝူယွီလန်က သူမ အလွတ်ကျက်ထားသော ဆင်ခြေများကို ထပ်မံထုတ်သုံးလိုက်ပြန်သည်။
“ထုံဟွာကို အစက ပြန်ရွေးလို့မရဘူး၊ ဒါပေမဲ့ ငါက အဲဒီသခင်မကြီးရဲ့ရောဂါကို ကုပေးလိုက်လို့ သူက ထုံဟွာကို ပြန်လွှတ်ပေးလိုက်တာလေ၊ ထုံဟွာ ဒီကိစ္စကိုသက်သေခံနိုင်တယ်”
အမည်တပ်ခေါ်ခံလိုက်ရသော စုန့်ထုံဟွာက အလျင်အမြန် ခေါင်းညိတ်ထောက်ခံလိုက်၏။
“သမီး သက်သေခံနိုင်တယ်၊ အဘွားက တကယ်ပဲ သခင်မကြီးရဲ့ရောဂါကို ကုပေးခဲ့လို့ သခင်မကြီးက သမီးကို အိမ်ပြန်လွှတ်ပေးခဲ့တာပါ”
စုန့်ကျစ်ယုံ ခေါင်းငုံ့သွား၏။ သူ ဘာတွေးနေသည်ကို မည်သူမျှ မသိနိုင်ချေ။ သို့သော် ဝူယွီလန်ကမူ အကြမ်းဖျင်း သိနေသည်။
သူ့မိခင်ဖြစ်သူက ဆေးပညာကို အစကတည်းက တတ်ကျွမ်းနေခဲ့ပါလျှင် သူ့ခြေထောက်ကို အဘယ်ကြောင့် ယခင်ကတည်းက မကုသပေးခဲ့သနည်းဟု သူ တွေးတောနေခြင်းဖြစ်ပေမည်။
“သေချာစဉ်းစားကြည့်ပါ၊ ငါကတော့ ကုပေးနိုင်တယ်၊ ဒါပေမဲ့ ကုမယ် မကုဘူးဆိုတာကတော့ နင့်သဘောပဲ”
ဝူယွီလန် ထိုစကားပြောပြီးသည်နှင့် သူမ၏ပေါက်ပြားကို ပခုံးပေါ်ထမ်းကာ အပြင်သို့ ထွက်သွားလေသည်။
ယနေ့တွင် သူမသည် ကလေးများနှင့်အတူ လယ်တောထဲသို့သွားကာ လယ်ယာလုပ်ငန်းခွင် ဝင်ရန် ရည်ရွယ်ထား၏။ ယခုရက်ပိုင်းအတွင်းး လယ်တောထဲမှ အလုပ်များကို ဝမ်ကွေ့ချင်၊ ကျောက်လီကျွမ်နှင့် ကလေးအနည်းငယ်တို့ကသာ အမြဲတာဝန်ယူ လုပ်ဆောင်နေခဲ့ကြသည်။
အိမ်ထောင်ဦးစီးတစ်ယောက်အနေဖြင့် သူမသည် အမြဲတမ်း စံပြအဖြစ်နေထိုင်ပြသင့်သည်မဟုတ်ပါလား။
ဝူယွီလန် ထွက်သွားသည်ကို မြင်သောအခါ ဝမ်ကွေ့ချင် အလျင်အမြန်လက်လှမ်းကာ စုန့်ကျစ်ယုံကို ဆွဲဆိတ်လိုက်၏။
“ရှင် ဘာတွေကြောင်ကြည့်နေတာလဲ၊ အမေ ရှင့်ကို ကုပေးမယ်ပြောနေတာကို ဘာလို့ မြန်မြန်သဘောမတူရတာလဲ”
စုန့်ကျစ်ယုံ၏ မျက်နှာပေါ်တွင် နာကြည်းမှုအရိပ်အယောင်များ ပေါ်လာသည်။
“သူက ကုပေးနိုင်ရက်နဲ့ ဘာလို့ အရင်တုန်းက ငါ့ကိုမကုပေးခဲ့တာလဲ”
‘အရင်တုန်းက ငါ့ကို မကုသပေးချင်ခဲ့ဘဲနဲ့ အခုမှ ဘာဖြစ်လို့ ကုပေးချင်နေရတာလဲ'
သူ့ခြေထောက် ကျိုးသွားခဲ့ရခြင်းမှာ ဆောင်းရာသီကြီးထဲတွင် အမဲလိုက်ရန် မိခင်ဖြစ်သူက သူ့ကို တောင်ပေါ်သို့ အတင်းအကျပ် လွှတ်ခဲ့သောကြောင့်ဖြစ်သည်။
သူ့ရင်ထဲတွင် မကျေနပ်ချက်များ မရှိဘူးဟုပြောလျှင် ၎င်းမှာ လိမ်လည်ရာကျပေလိမ့်မည်။
သို့သော်လည်း သူမသည် မွေးကျေးဇူးရှိသော အမေအရင်းဖြစ်နေလေရာ သူ၏နာကြည်းချက်များကို မျိုသိပ်ထားရုံမှလွဲ၍ ဘာများ တတ်နိုင်မည်နည်း။