အခန်း ၅၆
Vol. 6 Ch. 56
🍅 Chapter 56
ဝမ်ကွေ့ချင်က သူမခင်ပွန်း၏လက်ကို ဖွဖွလေးပုတ်ပေးလိုက်သည်။
“အမေ ပြောသွားတယ်မဟုတ်လား၊ အရင်တုန်းက ရန်သူရှိနေလို့တဲ့လေ၊ အမေက သူဆေးပညာတတ်တာကို သိသွားရင် အဲဒီရန်သူက လက်စားချေဖို့ ရောက်လာမှာကို ကြောက်လို့နေမှာပါ”
“တကယ်လို့များ ရန်သူက လက်စားချေဖို့ ရောက်လာခဲ့ရင် မသန်မစွမ်းနဲ့ ကလေးတွေချည်းပဲရှိတဲ့ ငါတို့မိသားစုလေး ဘယ်ကိုထွက်ပြေးရမလဲ”
ဇနီးဖြစ်သူ၏စကားကို ကြားပြီးနောက် စုန့်ကျစ်ယုံ၏စိတ်ထဲတွင် အနည်းငယ် ယိမ်းယိုင်သွားခဲ့သည်။
တဖြည်းဖြည်း ပိန်လှီလာသော သူ့ခြေထောက်ကို စိုက်ကြည့်ရင်း အတွေးနက်သွားလေသည်။
…
ဝူယွီလန်သည် ပေါက်ပြားကို ထမ်းကာ အခြားသူများနှင့်အတူ လယ်ကွင်းထဲတွင် ပေါင်းသင်ရန် လိုက်သွားခဲ့၏။
နေမင်းကြီးက ပူပြင်းလောင်ကျွမ်းနေပြီး ခြင်များကလည်း သောင်းကျန်းလွန်းလှသည်။ မနက်ခင်းတစ်ခုလုံး အံကြိတ်ကာ အလုပ်လုပ်ပြီးနောက် သူမ ဆက်၍ တောင့်မခံနိုင်တော့ပေ။
“ငါက တကယ့်ကို အရိုးဆွေးနေပြီပဲ၊ ဒီလောက်လေးဒုက္ခခံရတာကိုတောင် မခံနိုင်တော့ဘူး”
ရေအေးအေးကို တဝကြီး မော့သောက်လိုက်ပြီးနောက် သစ်ပင်ရိပ်အောက်တွင် ခဏတာ အနားယူလိုက်သောအခါ ဝူယွီလန် တစ်ကိုယ်လုံး သိသိသာသာ နေလို့ထိုင်လို့ ကောင်းသွားလေသည်။
ခန္ဓာကိုယ်၏ ပင်ပန်းနွမ်းနယ်မှုက သူမ ဤခန္ဓာကိုယ်အကြောင်းကို ပထမဆုံးအကြိမ်အဖြစ် ပိုမိုရှင်းလင်းစွာ နားလည်သဘောပေါက်သွားစေ၏။
အကယ်၍ သူမ နောက်ထပ် နှစ်အနည်းငယ်လောက် အသက်ရှည်ရှည်နေထိုင်ကာ မိသားစုကို စောင့်ရှောက်ချင်သေးပါက သူမ၏ကျန်းမာရေးကို ဂရုတစိုက်စောင့်ရှောက်ရန် လိုအပ်ပေသည်။
[ဒင်၊ အကယ်၍ Hostအနေဖြင့် ကျန်းမာရေးကို ပြန်လည်ပြုစုပျိုးထောင်လိုပါက ဝိညာဉ်စမ်းရေသိုလှောင်ရုံကို ဖွင့်လှစ်နိုင်ပါသည်၊ ဝိညာဉ်စမ်းရေသိုလှောင်ရုံ အတွင်းရှိ စမ်းရေသည် မျက်နှာကို လှပစေခြင်း၊ အသားအရေကို စိုပြည်စေခြင်းနှင့် ခန္ဓာကိုယ်ကို ကြံ့ခိုင်စေခြင်း စသည့်အကျိုးကျေးဇူးများ ပါရှိပါသည်၊ အကယ်၍ ၎င်းကို မကြာခဏ သောက်သုံးပေးပါက အသက်ကိုပါ ရှည်စေနိုင်ပါသည်]
ဝူယွီလန် နှုတ်ခမ်းကို တွန့်ကွေးလိုက်သည်။ ၎င်းမှာ အိပ်ချင်နေချိန် ခေါင်းအုံးလာပေးသည်နှင့် တူနေလေ၏။
သူမက နေ့လယ်စာ ချက်ပြုတ်ရန် တာဝန်ကို ဝမ်ကွေ့ချင်နှင့် ကျောက်လီကျွမ်တို့အား လွှဲပြောင်းပေးခဲ့ပြီး သူမ၏အခန်းဆီသို့ ပြန်လာခဲ့သည်။
“ဝိညာဉ်စမ်းရေသိုလှောင်ရုံကို ဖွင့်ဖို့အတွက် ကုန်တိုက်ငွေကြေး ဘယ်လောက်လိုအပ်လဲ”
[Hostကို အကြောင်းပြန်ပါရစေ၊ ဝိညာဉ်စမ်းရေသိုလှောင်ရုံကို ဖွင့်လှစ်ရန်အတွက် ကုန်တိုက်ငွေကြေး ၁၀,၀၀၀ သာ လိုအပ်ပါသည်]
ဝူယွီလန် မျက်ခုံးတစ်ဖက်ကို ပင့်တင်လိုက်သည်။
“ဒီလောက်တောင် ဈေးကြီးတာလား”
လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်းမှ သူမ စုဆောင်းထားသော ကုန်တိုက်ငွေကြေးမှာ ၂၀,၀၀၀ သာ ရှိသေးသည်မဟုတ်ပါလား။
[Host၊ ဝိညာဉ်စမ်းရေသိုလှောင်ရုံတွင် စမ်းရေရှိရုံသာမက Hostအနေဖြင့် သိုလှောင်ရုံအတွင်းသို့ လွတ်လပ်စွာ ဝင်ထွက်သွားလာနိုင်ပါသည်၊ ထို့အပြင် ၎င်းအတွင်းရှိ အချိန်စီးဆင်းမှု အမြန်နှုန်းမှာ အပြင်ဘက်ထက် ဆယ်ဆပိုမိုမြန်ဆန်သောကြောင့် တိရစ္ဆာန်များနှင့် အပင်များ ကြီးထွားမှုအတွက် အလွန် အကျိုးကျေးဇူးများပါသည်]
“ငါက သိုလှောင်ရုံထဲကို လွတ်လွတ်လပ်လပ် ဝင်ထွက်သွားလာလို့ရတယ်ဆိုတဲ့ သဘောလား”
ဝူယွီလန်သည် ဤအချက်အပေါ် အတော်လေး စိတ်ဝင်စားသွားသည်။
အကယ်၍ ထိုသို့သာဆိုလျှင် သူမ အန္တရာယ်နှင့် ကြုံတွေ့ရပါက အသက်ဘေးမှလွတ်မြောက်ရန် ၎င်းအတွင်း၌ ပုန်းအောင်းနေနိုင်ပေမည်။
ဤရှုထောင့်မှ တွေးကြည့်မည်ဆိုလျှင် ၎င်းမှာ ဈေးမကြီးတော့ပေ။
[ဟုတ်ပါတယ်]
“ဒါဆိုရင် ငါ့အတွက် ဝိညာဉ်စမ်းရေသိုလှောင်ရုံကို ဖွင့်ပေးလိုက်”
ဝူယွီလန် အံကိုကြိတ်ကာ အတည်ပြုရန် ခလုတ်ကို နှိပ်လိုက်သည်။
ကုန်တိုက်ငွေကြေး ၂၀,၀၀၀ မှ ၁၀,၀၀၀ သို့ ပြောင်းလဲသွားသည်ကို ကြည့်ရင်း သူမ၏နှလုံးသားတစ်ခုလုံး သွေးထွက်နေသကဲ့သို့ ခံစားလိုက်ရသည်။
ထိုအချိန်တွင် သူမ၏ ဤဆုံးဖြတ်ချက်သည် မဝေးတော့သော အနာဂတ်၌ သူမ၏အိုမင်းတော့မည်အသက်အား ကယ်တင်ပေးလိမ့်မည်ဆိုသည်ကို သူမ လုံးဝ မသိရှိခဲ့ပေ။
ဝိညာဉ်စမ်းရေသိုလှောင်ရုံကို ဖွင့်လှစ်ပြီးနောက် ဝူယွီလန်သည် စနစ်ကုန်တိုက်၏လမ်းညွှန်ချက်များကို လိုက်နာကာ ဝိညာဉ်စမ်းရေသိုလှောင်ရုံအတွင်းသို့ ဝင်ရောက်မည်ဟု စိတ်ထဲမှ တိတ်တဆိတ်ရွတ်ဆိုလိုက်သည်။
မျက်စိရှေ့တွင် အလင်းရောင်တစ်ခု လက်ခနဲဖြစ်သွားပြီးနောက် ဝူယွီလန်သည် သူစိမ်းဆန်သော သိုလှောင်ရုံတစ်ခုအတွင်း၌ ရပ်နေမိလေသည်။
မျက်စိရှေ့တွင် မြင်တွေ့လိုက်ရသည်မှာ သစ်တောအုပ်ထဲရှိ သစ်သားအိမ်ငယ်လေးတစ်လုံး တည်ရှိနေသော တောင်ကြားချိုင့်ဝှမ်းငယ်လေး တစ်ခုပင်ဖြစ်၏။
သစ်သားအိမ်လေး၏ ဘေးတွင်မူ စမ်းရေများ တပွက်ပွက် ထွက်ပေါ်နေသော စမ်းရေထွက်ပေါက်တစ်ခု ရှိနေလေသည်။
ထိုစမ်းရေများသည် စမ်းချောင်းလေးအတိုင်း စီးဆင်းသွားကာ ရေကန်ငယ်လေးတစ်ခုအတွင်းသို့ စီးဝင်သွားလေသည်။
သူမ၏ အမြင်အာရုံအတွင်းတွင် ဤတောင်ကြားချိုင့်ဝှမ်းငယ်လေးကိုသာ မြင်တွေ့နိုင်ပြီး ကျန်သောနေရာများ အားလုံးမှာမူ ဖြူလွှလွှမြူခိုးများ ဖုံးလွှမ်းနေလေသည်။
ဝူယွီလန်သည် သစ်သားအိမ်ငယ်လေးဆီသို့ လျှောက်သွားလိုက်သည်။
သစ်သားအိမ်လေး၏ တံခါးမှာ ပွင့်နေပြီး အတွင်းရှိ အပြင်အဆင်များမှာ အလွန်ရိုးရှင်းလှ၏။
သစ်သားကုတင်တစ်လုံး၊ လေးထောင့်ပုံစံ ဝါးစားပွဲတစ်လုံးနှင့် ခွေးခြေထိုင်ခုံငယ် လေးလုံးတို့သာ ရှိလေသည်။
နောင်တစ်ချိန်တွင် သူမ ဤနေရာ၌ အနားယူနိုင်မည်ဟု တွေးတောမိသဖြင့် သူမသည် စနစ်ကုန်တိုက်အတွင်းမှ ခေါင်းအုံးနှင့် အိပ်ရာခင်းများကို ဝယ်ယူလိုက်သည်။
လက်ဖက်ရည်အိုးနှင့် ခွက်တစ်စုံကိုလည်း ဝယ်ယူလိုက်သေး၏။
ဝိညာဉ်စမ်းရေတစ်အိုး ခပ်ယူလာပြီးနောက် ခွက်ထဲသို့ငဲ့ကာ တစ်ငုံချင်းစီ သောက်သုံးလိုက်သည်။
စမ်းရေသည် ပါးစပ်ထဲသို့ ဝင်ရောက်သွားသည်နှင့်တစ်ပြိုင်နက် ချိုမြိန်သောအရသာကို ခံစားလိုက်ရ၏။
သောက်သုံးပြီးနောက်တွင် သူမ၏ခန္ဓာကိုယ်အတွင်းသို့ အားဆေး ထိုးသွင်းခံလိုက်ရသကဲ့သို့ ခံစားရကာ ပင်ပန်းနွမ်းနယ်မှုများအားလုံး လွင့်စင်သွားလေတော့သည်။
တစ်ငုံမျှ မြည်းစမ်းကြည့်ရုံဖြင့် ဝိညာဉ်စမ်းရေသည် အတော်လေး ကောင်းမွန်သောအရာဖြစ်ကြောင်း ဝူယွီလန် သိလိုက်လေ၏။
အိမ်ရှိ ပိန်ချုံးနေသော လူအုပ်ကြီးကို သတိရသွားကာ ဝူယွီလန်က အိုးတစ်လုံးထဲသို့ ဝိညာဉ်စမ်းရေများ အပြည့်ထည့်လိုက်ပြီး မီးဖိုချောင်သို့ သွားသည့်အခါ ရေစည်ထဲသို့လောင်းထည့်ရန် ရည်ရွယ်ထားလိုက်သည်။
သိုလှောင်ရုံအတွင်း၌ လမ်းလျှောက်ပြီးနောက် ဝူယွီလန်သည် အိုမင်းဟောင်းနွမ်းနေသော အိမ်ငယ်လေးဆီသို့ ပြန်လာခဲ့သည်။
အသစ်စက်စက် ဝါဂွမ်းစောင်ပေါ်တွင် လှဲလျောင်းဖူးပြီဖြစ်ရာ မှိုနံ့များနံဟောင်နေသော ဤအိပ်ရာခင်းများကို သူမ ဆက်လက် မခြုံချင်တော့ပေ။
ထို့ကြောင့် စနစ်ကုန်တိုက်မှ စောင်အသစ်တစ်ထည်ကို ဝယ်ယူကာ အောက်တွင်ခင်းလိုက်ပြီး အဟောင်းများကိုမူ အပေါ်မှ ထပ်ခြုံထားလိုက်သည်။
အလုပ်များ ပြီးစီးသွားချိန်မှာပင် တံခါးခေါက်သံ ထွက်ပေါ်လာသည်။
“အမေ၊ နေ့လယ်စာ စားရမယ့်အချိန်ရောက်ပြီ”
“လာပြီ”
အဝတ်အစားများကို ခပ်မြန်မြန် သပ်ရပ်အောင်ပြင်ဆင်ပြီးနောက် ဝူယွီလန်က အိမ်မကြီးခန်းဆီသို့ လျှောက်သွားလိုက်သည်။
သူမ၏ လမ်းညွှန်ချက်များအတိုင်း နေ့လယ်စာတွင် ဝက်သားနှင့် ပဲကြာဆံချက်၊ တို့ဟူးကြော်၊ ခရမ်းချဉ်သီးနှင့် ကြက်ဥမွှေကြော်တို့ ပါဝင်သည်။
အားလုံးကို ပန်းကန်လုံးကြီးများဖြင့် တည်ခင်းထားလေ၏။
ဝမ်ကွေ့ချင်က သူမ၏အဝတ်စွန်းကို စိုးရိမ်တကြီး ဆုပ်ကိုင်ထားရင်း လေသံတိုးတိုးဖြင့် ပြောလာသည်။
“အမေ၊ သမီး ဒီဟင်းတွေကို နည်းနည်းချင်းစီပဲ ချက်ထားတာ၊ အမေ့အကြိုက်နဲ့ ကိုက် မကိုက် မြည်းကြည့်ပါဦး”
ဝူယွီလန်က အရသာမြည်းကြည့်လိုက်ရာ ဝမ်ကွေ့ချင်တွင် ဟင်းချက်ရာ၌ ပါရမီအတော်လေးပါသည်ကို တွေ့လိုက်ရသည်။
သူမသည် ဤဟင်းလျာများကို သိပ်မချက်ဖူးသော်လည်း သူမ ချက်ပြုတ်ထားသောအရသာမှာ ဝူယွီလန် ကိုယ်တိုင်ချက်ထားသည်နှင့် အတော်လေး ဆင်တူနေပေ၏။
“အင်း၊ အရသာက ကောင်းတယ်”
“တကယ်လား”
ဝူယွီလန်၏ချီးကျူးစကားကို ကြားလိုက်ရသဖြင့် ဝမ်ကွေ့ချင်တစ်ယောက် ချက်ချင်းပင် ဝမ်းသာလုံးဆို့သွားလေသည်။
“သမီးက ပုံမှန်ဆိုရင် အမေ ဘယ်လိုချက်လဲဆိုတာကို ကြည့်ပြီး အဲဒီအတိုင်း လိုက်လုပ်တာပါ၊ အမေက အရသာမဆိုးဘူးလို့ထင်ရင်ကို တော်လှပါပြီ”
“အရမ်းစားလို့ကောင်းတယ်၊ အခုကစပြီး နင်က မီးဖိုချောင်ကို တာဝန်ယူရမယ်”
မီးဖိုချောင်ကို တာဝန်ယူခွင့်ရခြင်းသည် ယောက္ခမဖြစ်သူက မီးဖိုချောင်ရှိ ဆန်၊ ဂျုံ၊ ကောက်နှံနှင့် ဆီများကို သုံးစွဲခွင့် ယုံကြည်စွာအပ်နှင်းလိုက်ခြင်းပင်။
ဝမ်ကွေ့ချင် ရင်ထဲတွင် အနည်းငယ် စိတ်လှုပ်ရှားသွားသည်။ ဤသည်မှာ ယောက္ခမဖြစ်သူ၏အသိအမှတ်ပြုမှုကို သူမ ရရှိသွားခြင်းပေလော။
ကျောက်လီကျွမ်ကမူ သူမ၏တူကို ခပ်ဖွဖွကိုက်ရင်း အားကျမခံ ဝင်ပြောလိုက်သည်။
“အမေ၊ သမီးလည်း ဟင်းချက်တတ်ပါတယ်”