အခန်း ၁၃၄
Vol. 12 Ch. 134
အခန်း ၁၃၄
တရားသူကြီးချုပ် လီခန်း၏ အဓိပ္ပာယ်မှာ ရိုးရှင်းသည်။
အမှုနှင့်ပတ်သက်သည့် အထောက်အထားများမှာ လုံလောက်နေပြီဖြစ်၍ ဂူချန်ဘက်မှ ထပ်မံတင်ပြစရာ မရှိတော့ပါက အမှုအား ဆုံးဖြတ်ချက်ချတော့မည်ဟု ဆိုလိုခြင်းပင်။
ဥပဒေအရဆိုလျှင် လျူဂျွန် ပေးလိုက်သည့် ငွေများအားလုံးကို ပြန်လည်ရယူရန်မှာ မဖြစ်နိုင်သလောက် ခက်ခဲသည်။
အကြောင်းမှာ ပိုင်ဆိုင်မှုတစ်ခုကို သူသဘောဆန္ဒအလျောက် လွှဲပြောင်းပေးအပ်လိုက်ပြီဆိုပါက ယင်းပိုင်ဆိုင်မှုသည် လက်ခံရရှိသူ၏ ပိုင်ဆိုင်မှုဖြစ်သွားပြီဖြစ်၍ ပြန်လည်တောင်းဆို၍ မရနိုင်တော့သောကြောင့်ပင်။
ဂူချန်က "တရားသူကြီးချုပ်ခင်ဗျာ ကျွန်တော့်အမှုသည်ရဲ့ တောင်းဆိုချက် ၂ ခုကို တင်ပြလိုပါတယ်။ ပထမတစ်ခုက ဝမ်ကျူးဆီကနေ ငွေအားလုံးကို တစ်ပြားမကျန် အပြည့်အဝ ပြန်လည်
ရယူချင်တာပါ။ ဒုတိယတစ်ခုကတော့ ဝမ်ကျူးဟာ လိမ်လည်မှုကျူးလွန်ထားတဲ့အတွက် သူမကို ထောင်ဒဏ် ချမှတ်ပေးဖို့ တောင်းဆိုပါတယ်။ အသစ်တွေ့ရှိတဲ့ သက်သေအထောက်အထားတွေအရ လျူဂျွန်ရဲ့ သတ်သေမှုက ဝမ်ကျူးနဲ့ တိုက်ရိုက်ဆက်စပ်မှု ရှိနေတာကြောင့် သူမကို ထောင်ဒဏ် ၁၂ နှစ် ချမှတ်ပေးဖို့ တောင်းဆိုပါတယ်" ဟု ပြောလိုက်သည်။
ဂူချန်၏ တောင်းဆိုချက်ကြောင့် တရားသူကြီးချုပ် လီခန်းပင် ခဏတာ အံ့အားသင့်သွားသည်။ ဝမ်ကျူးကမူ နှစ်စက္ကန့်ခန့် ကြောင်သွားပြီးနောက် "ဘာလို့ ပိုက်ဆံပြန်ပေးရမှာလဲ။ ဘာလို့ ထောင်ကျရမှာလဲ။ ကျွန်မ ဘာဥပဒေမှ ချိုးဖောက်တာ မရှိဘူး။ လျူဂျွန် မြစ်ထဲခုန်ချတာနဲ့ ကျွန်မနဲ့ ဘာဆိုင်လို့လဲ။ ဟမ့် ထောင် ၁၂ နှစ် ချမယ်တဲ့လား ရှေ့နေဂူ ရှင်သာ အဲ့လောက်တကယ်တော်ရင် ကျွန်မကို သေနတ်နဲ့ပဲ ပစ်သတ်လိုက်ပါတော့လား။ ကျွန်မမှာ ရှေ့နေမရှိတော့လို့ အနိုင်ကျင့်နေတာ မဟုတ်လား" ဟု အော်ပြောလိုက်သည်။
ဂူချန်က "တရားသူကြီးချုပ်ခင်ဗျာ တရားခံက တရားခွင်ရဲ့ စည်းကမ်းကို ဖောက်ဖျက်ပြီး ကျွန်တော့်ရဲ့ တင်ပြမှုကို အနှောင့်အယှက် ပေးနေတဲ့အတွက် ငြိမ်သက်နေဖို့ ဆောင်ရွက်ပေးပါ" ဟု တောင်းဆို လိုက်သည်။
တရားသူကြီး လီခန်းက ဝမ်ကျူးကို ကြည့်ကာ "တရားခွင်မှာ တိတ်ဆိတ်ပေးပါ။ ခွင့်ပြုချက်မရှိဘဲ မပြောရပါဘူး။ အခုလို အနှောင့်အယှက် ပေးတာမျိုးကို ဆက်လုပ်ရင် တရားရုံးကို မထီမဲ့မြင်ပြုမှုနဲ့ အရေးယူခံရပါလိမ့်မယ်" ဟု သတိပေးသည်။
ဝမ်ကျူးလည်း ဂူချန်ကို တစ်ချက်စိုက်ကြည့်ပြီးနောက် တိတ်သွားသည်။
ဂူချန်က "ပိုက်ဆံအားလုံး ပြန်ပေးဖို့ တောင်းဆိုရတဲ့ အကြောင်းရင်းကို ရှင်းပြပါ့မယ်။ လျူဂျွန်နဲ့ ဝမ်ကျူးရဲ့ ဆက်ဆံရေးကာလအတွင်း ငွေလွှဲမှုတွေမှာ စိတ်ဆန္ဒအလျောက် ပေးကမ်းခြင်းလို့ ရေးမှတ်ထားပေမဲ့ ဒါတွေက လိမ်လည်လှည့်ဖြားမှုရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်နေပါတယ်။ ဒီ Chat Log ကို ကြည့်ပေးပါ" ဟု ပြောကာ အထောက်အထား တစ်ခုကို ပြသလိုက်သည်။
အဆိုပါ Chat Log မှာ လျူဂျွန်နှင့် ဝမ်ကျူးတို့ စတင်တွဲချိန် ၂ လအတွင်း ဖြစ်ပျက်ခဲ့ခြင်းပင်။
အစပိုင်းတွင် လျူဂျွန်သည် ဝမ်ကျူးကို တစ်ပြားမှ မပေးခဲ့ပေ။
ဝမ်ကျူးမှာ ပိုက်ဆံလိုချင်ပြီး လျူဂျွန်ထံမှ တောင်းချင်သော်လည်း ငွေမက်သူဟု ထင်မည်ကို စိုးရိမ်သဖြင့် ဝမ်ကျူးက လျူဂျွန်ကို လက်ထပ်လိုကြောင်း ဟန်ဆောင်ကာ ပြောဆိုခဲ့သည်။
ဝမ်ကျူး "ကျွန်မ ရှင့်ကို တကယ် လက်ထပ်ချင်တာပါ။ ရှင့်နဲ့ပဲ တစ်သက်လုံး ပျော်ပျော်ရွှင်ရွှင် နေချင်တာ။ နောက်နှစ်နှစ်လောက် တွဲပြီးရင် နောက်ထပ် တစ်နှစ်အကြာ ဒီဇင်ဘာမှာ စေ့စပ်ကြမလား"
လျူဂျွန်က ပျော်ရွှင်စွာဖြင့် သဘောတူလိုက်သည်။
ထိုအခါ ဝမ်ကျူးက ချက်ချင်းပင် "ခင်ပွန်းရေ ကျွန်မ အခု ပိုက်ဆံကုန်နေလို့ သူငယ်ချင်းတွေနဲ့ အပြင်သွားပြီး ကောင်းကောင်းလေး စားချင်လို့။ ပိုက်ဆံလေး နည်းနည်းလောက် ပေးလို့ရမလား" ဟု တောင်းဆိုခဲ့သည်။
လျူဂျွန်သည် ပထမဆုံးအကြိမ် ယွမ် ၅၂၀ ကို ဝမ်ကျူးထံ လွှဲပေးလိုက်သည်။
ဂူချန်က ဆက်ပြောသည်။
"လျူဂျွန်က ဝမ်ကျူးကို ပိုက်ဆံမလွှဲခင်မှာ လက်ထပ်ဖို့ ရည်ရွယ်ချက်နဲ့ လွှဲပေးခဲ့တာပါ။ ဝမ်ကျူးက ပိုက်ဆံခဏခဏ တောင်းတဲ့အခါမှာလည်း ဒီသဘောတူညီချက်အပေါ် အခြေခံပြီး လွှဲပေးခဲ့တာ ဖြစ်ပါတယ်"
"ဝမ်ကျူးက လျူဂျွန်ကို တောင်တန်းမြို့ကို လာဖို့ တိုက်တွန်းခဲ့ပါတယ်။ လျူဂျွန်လည်း လာခဲ့ပြီး ၂ လနေရင် အတူနေကြမယ်လို့ သဘောတူခဲ့ပေမဲ့ တကယ်တမ်းမှာတော့ တစ်နှစ်အတွင်းမှာ ၂ ကြိမ်ပဲ တွေ့ဆုံခဲ့ရပြီး အဲဒီအချိန်တွေမှာလည်း ဝမ်ကျူးက ပိုက်ဆံတောင်းဖို့ပဲ လုပ်နေခဲ့တာပါ"
"နှစ်နှစ်ကြာ ဆက်ဆံရေးမှာ ဝမ်ကျူးက စုစုပေါင်း ယွမ် ၆ သိန်း ၃ သောင်းကို ထုတ်ယူခဲ့ပါတယ်။ Chat မှတ်တမ်းတွေအရ ဝမ်ကျူးက လျူဂျွန်ကို စိတ်ဆန္ဒအလျောက် ပေးကမ်းခြင်းလို့ ရေးမှတ်ခိုင်းထားတာပါ။ လျူဂျွန်ရဲ့ အမှတ်အသားတွေက ဝမ်ကျူးရဲ့ ညွှန်ကြားချက်ကြောင့် ဖြစ်လာတာပါ"
"ဝမ်ကျူးက လက်ထပ်မယ်လို့ လိမ်ညာပြီး လျူဂျွန်ဆီကနေ ပိုက်ဆံတွေကို လိမ်လည်ယူခဲ့တာပါ။ တကယ်တော့ လက်ထပ်ဖို့ ရည်ရွယ်ချက် လုံးဝ မရှိခဲ့ပါဘူး"
"ဆက်ဆံရေးကာလအတွင်း ဝမ်ကျူးက တခြားသူတွေနဲ့ ဖောက်ပြန်ခဲ့ပြီး အခန်းငှားပြီး နေခဲ့တဲ့ သက်သေတွေလည်း ရှိပါတယ်။ တခြားယောက်ျားတွေနဲ့ ဟိုတယ်သွား၊ လျှောက်သွား လုပ်နေခဲ့ပြီး ဒီဇင်ဘာလ လက်ထပ်မယ့်ရက် နီးကပ်လာတဲ့အခါမှ လမ်းခွဲမယ်လို့ ဆုံးဖြတ်ခဲ့တာပါ"
"ဝမ်ကျူးဟာ လိမ်လည်မှုကျူးလွန်ထားတဲ့အတွက် လျူဂျွန် လွှဲပေးခဲ့တဲ့ ပိုက်ဆံအားလုံးကို ပြန်ပေးရပါမယ်"
ဂူချန်က ဆက်ပြောသည်။
"ဒီအထောက်အထားတွေအပြင် နောက်ထပ်သက်သေတွေလည်း ရှိပါသေးတယ်"
"ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက ဝမ်ကျူးက ရင်သားကင်ဆာ ကာကွယ်ဆေး ထိုးဖို့ ယွမ် ၈,၀၀၀ တောင်းခဲ့ပါတယ်။ ပိုက်ဆံရပြီးတဲ့အခါ ကာကွယ်ဆေး မထိုးဘဲ KTV နဲ့ နိုက်ကလပ်တွေမှာပဲ သုံးခဲ့တာပါ"
"ပြီးခဲ့တဲ့နှစ် မေလကလည်း ပန်းဆိုင်ဖွင့်ချင်တယ်ဆိုပြီး ယွမ် ၁ သိန်း၊ နောက်ထပ် ၂ သိန်း အထိ တောင်းယူခဲ့ပါတယ်။ တကယ်တမ်းမှာတော့ ပန်းဆိုင်ကို ယွမ် ၁ သောင်းလောက်ပဲ သုံးပြီး ဖွင့်ခဲ့တာပါ။ ကျန်တဲ့ပိုက်ဆံတွေကိုတော့ ကိုယ်ပိုင်အသုံးစရိတ်အဖြစ် သုံးခဲ့တာပါ"
"ဝမ်ကျူးက အကြောင်းပြချက် အမျိုးမျိုးနဲ့ ပိုက်ဆံကို တောင်းယူခဲ့တာက လိမ်လည်မှု မြောက်ပါတယ်"
တကယ်တော့ လျူဂျွန်သည် ဝမ်ကျူးအပေါ် အလွန်ပင် ရိုးသားသူဖြစ်သော်လည်း လုံးဝ မိုက်မဲသူတော့ မဟုတ်ပေ။
လျူဂျွန်သည် ဝမ်ကျူး ကျေနပ်စေရန်အတွက် ငွေပမာဏ အနည်းငယ်ကိုသာ ဆန္ဒအလျောက် ပေးကမ်းခြင်းဟု ရည်ညွှန်း၍ မှတ်သားပေးခဲ့သော်လည်း ငွေပမာဏ ကြီးမားသည့် ငွေကြေးများကိုမူ ထိုသို့ ပြုလုပ်ခြင်း မရှိခဲ့ပေ။
သို့သော် ဝမ်ကျူးက လျူဂျွန်ကို တွေ့ဆုံချိန်တွင် ဖုန်းကို တောင်းယူပြီး ပမာဏကြီးမားသည့် ယွမ် ၁ သိန်းကို သူမဘာသာ [စိတ်ဆန္ဒအလျောက် ပေးကမ်းခြင်း] ဟု ရေးမှတ်၍ လွှဲပြောင်းခဲ့ခြင်းပင်။
ထို့အပြင် ဝမ်ကျူးက လျူဂျွန်ကို စိတ်ပိုင်းဆိုင်ရာ ခြယ်လှယ်မှုများလည်း ပြုလုပ်ခဲ့သည်။ ကာကွယ်ဆေးကိစ္စ၊ ရင်းနှီးမြှုပ်နှံမှုကိစ္စ စသည်တို့ဖြင့် ငွေတောင်းရန် နည်းလမ်းရှာခဲ့သည်။
လျူဂျွန်မှာ ဝမ်ကျူး စိတ်ဆိုးမည်ကို စိုးရိမ်သဖြင့် မငြင်းဆန်ရဲခဲ့ပေ။
လျူဂျွန် ရေးသားခဲ့သည့် စာတမ်းရှည်ကြီး တစ်စောင်ကိုလည်း ဂူချန်က ရှာဖွေတွေ့ရှိခဲ့သည်။ အဆိုပါ [စိတ်ဆန္ဒအလျောက် ပေးကမ်းခြင်း] ဟူသော မှတ်တမ်းအများစုမှာ ဝမ်ကျူးက လျူဂျွန်၏ ဖုန်းကို ယူပြီး ကိုယ်တိုင် ရေးမှတ်ထားခြင်းသာ ဖြစ်ကြောင်း သက်သေပြလိုက်သည်။