အခန်း ၁၄၁
Vol. 12 Ch. 141
အခန်း ၁၄၁
ဝမ်ကျူးသည် အမြဲတမ်းလိုပင် မာန်မာနထောင်လွှားနေဆဲပင်။
လျူရှောင်နန်ကတော့... သူ့အစ်ကိုတစ်ယောက်တည်း ဆုံးရှုံးခဲ့ရရုံတင်လေးဟာ…
ဒါကို ငါကကျတော့ ထောင်လည်း ကျရဦးမယ်။
ပိုက်ဆံတွေလည်း အကုန်ပြန်ဆပ်ရဦးမယ်တဲ့လား...
ဘာလို့လဲ... ဘာဖြစ်လို့လဲ...
အဲဒီ ၂ နှစ်တာ ပတ်သက်မှုအတွင်းမှာ ငါ့ဘက်က ဘာမှ မပေးဆပ်ခဲ့ရဘူးလို့ ဆိုလိုချင်တာလား...
သေချာ တွက်ကြည့်ရင်လည်း အဲဒီ ၂ နှစ်တာ ကာလပတ်လုံး ကုန်ကျခဲ့တဲ့ စရိတ်ဆိုတာ ယွမ် ၆ သိန်းကျော်လေးတင် ရှိတာကို...
အဲဒီ ပိုက်ဆံလေး ၆ သိန်းကျော်အတွက်နဲ့... ငါက ဘာလို့ ထောင်အကျခံရမှာလဲ...
ဝမ်ကျူးက သူမတကယ်ကြီး ထောင်ကျလိမ့်မယ်ဆိုတာကို လုံးဝမယုံကြည်သလို လုံးဝလည်း လက်မခံနိုင်သေးပေ။
ငါ ဘာလိမ်လည်မှုမှ မလုပ်ခဲ့ဘူး...
အဲဒီယောကျာ်းတွေ အားလုံးက ငါ့ကို သဘောကျလို့ သူတို့ဘာသာသူတို့ ပိုက်ဆံပေးချင်လို့ ပေးခဲ့ကြတာ မဟုတ်ဘူးလား...
ဒါကိုများ... လိမ်လည်မှုလို့ ခေါ်ရသေးတယ်...
ဟမ့်... အဓိပ္ပာယ်မရှိလိုက်တာ...
ဝမ်ကျူးသည် သူမ ထောင်ကျလိမ့်မည်ဟု လုံးဝ မယုံကြည်ပေ။
ဤသူများသည် သူမကို ကြောက်အောင် ခြောက်လှန့်နေခြင်းသာ ဖြစ်သည်ဟု ခံယူထားသည်။
ဝမ်ကျူးမှာ လုံးဝ မကျေနပ်နိုင်ပေ။
သူမက ဆက်ပြောသည်။
"ကျွန်မ လိမ်လည်တယ်ဆိုတာကို မဝန်ခံဘူး။ ဘာပဲပြောပြော ကျွန်မ လိမ်လည်သူ မဟုတ်ဘူး။ ပိုက်ဆံတွေကို သူတို့ကိုယ်တိုင် သူတို့ဆန္ဒသဘောအလျောက် ပေးခဲ့တာပါ။ သူတို့ဆန္ဒသဘောအလျောက် ပေးတဲ့ပိုက်ဆံက လိမ်လည်မှု ဖြစ်သွားတာလား။ ဒါဆို ၅၂၀၊ ၁၃၁၄ အချစ်ပြကိန်းဂဏန်းတွေကရော ကျွန်မ သူတို့ကို လိမ်ထားတာလား အဝေးကြီး မတွေးပါနဲ့။ စိတ်ဆန္ဒအလျောက် ပေးကမ်းခြင်းလို့ ရေးထားတာကလည်း လိမ်လည်မှုလား။ လျူဂျွန်ရဲ့ဖုန်းကို ကိုင်ပြီး သူကြည့်နေတဲ့အချိန်မှာ ကျွန်မ ရေးခဲ့တာလေ အဲ့တာကို သူ မတားခဲ့ဘူး။ အဲဒါက လိမ်လည်မှုလား"
“ကျွန်မ ရှေ့နေလိုချင်တယ်။ ကျွန်မ တိုင်ကြားချင်တယ်”
နင်တို့အားလုံးက ငါ့ကို ဝိုင်းအနိုင်ကျင့်နေတာ ဘာတရားမျှတမှုမှ မရှိဘူး။
...
ဝမ်ကျူး ပြောပြီးသွားပြီးနောက် တရားသူကြီး လီခန်း၏ မျက်နှာမှာမူ ပို၍ တင်းမာလာသည်။ ဤသည်မှာ တရားခွင်ဖြစ်သည် တရားခွင်သည် လေးနက်ပြီး မြင့်မြတ်သော နေရာဖြစ်သည်။ ဝမ်ကျူးကမူ သူမ အနိုင်ကျင့်ခံနေရသည်ဟု ပြောကာ တရားမျှတမှု တောင်းဆိုနေဆဲပင်။
တရားခွင်တွင် အထောက်အထားသာလျှင် အရေးကြီးသည်။
တရားသူကြီး လီခန်းက "တရားရုံးကို ခေတ္တရပ်နားလိုက်ပြီ နောက်ဆုံးစီရင်ချက်ကို နောက်မှ ကြေညာပေးမယ်" ဟု ပြောလိုက်သည်။
တရားရုံး ရပ်နားသွားသည်။
ဝမ်ကျူးသည် မည်သူ့ကိုမျှ ဂရုမစိုက်ဘဲ အကူအညီတောင်းရန် ဖုန်းဆက်တော့သည်။
ဝမ်ကျူး "ဖေဖေ မေမေ သူတို့က သမီးကို ထောင်ချမယ်တဲ့။ ပြီးတော့ လိမ်လည်မှုနဲ့လည်း စွပ်စွဲနေကြတယ်။ ဘာကြောင့်လဲ။ သမီး ရှေ့နေကလည်း လူလိမ်ကြီး ဖြစ်နေလို့ သူတို့ဆီ အဖမ်းခံလိုက်ရတယ်။ သမီး ရှေ့နေအသစ် လိုချင်တယ်"
ဝမ်ကျူး၏ မိဘများမှာ အလုပ်တွင် ရှိနေဆဲဖြစ်ပြီး ဤကိစ္စကို လေးလေးနက်နက် မယူမှတ်ကြသေးပေ။
ဝမ်ကျူး ထောင်ကျနိုင်သည်ဟု ကြားသည်နှင့် သူမအဖေက "စောင့်နေ ဖေဖေတို့ အခုချက်ချင်း လာခဲ့မယ်။ သူတို့ ဘယ်လိုလုပ် သမီးကို ထောင်ချနိုင်မှာလဲ။ သူတို့ သားတစ်ယောက် ဆုံးရှုံးရုံနဲ့ သမီးကို ထောင်ချမလို့လား သမီး သူ့ကို တွန်းချလိုက်တာ မဟုတ်ဘူး။ သူ ပိုက်ဆံတွေကို သူ့သဘောနဲ့ သူပေးခဲ့တာ။ သမီး တစ်သိန်းပြန်ပေးပြီးပြီပဲ။ နောက်ထပ် ဘာလိုချင်သေးတာလဲ ဒါကို လိမ်လည်မှုတဲ့လား ရယ်စရာပဲ။ ဖေဖေ သူတို့နဲ့ လာငြင်းပေးမယ်။ လိုအပ်ရင် တရားရုံးဝန်ထမ်းအားလုံးကို တိုင်ပစ်မယ်။ သူတို့က သမီးကို အနိုင်ကျင့်ဖို့ ပူးပေါင်းကြံစည်နေကြတာ သူတို့မှာ ဥပဒေဆိုတာ ရှိသေးရဲ့လား"
ဝမ်ကျူး၏ အမေကလည်း "ဟုတ်တယ် သူတို့မှာ ဥပဒေဆိုတာရော ရှိသေးလား စောင့်နေ မေမေ တရားမျှတမှု ရအောင် ကူညီပေးမယ်။ လူတိုင်း သမီးကို ဆဲနေရင်တောင် ဖေဖေနဲ့ မေမေက သမီးဘက်မှာ ရှိတယ်။ တရားသူကြီးဆိုတာ ဥပဒေအရ မစီရင်ဘဲ လူထုအမြင်အရ စီရင်နေတာလား သမီး ဘာပြစ်မှုမှ မလုပ်ခဲ့တာ သေချာတယ်။ လျူရှောင်နန်က အရမ်းလွန်နေတာ၊ အစ်ကိုတစ်ယောက် သေတာပဲဟာ ဘာကိစ္စကြီးမို့လို့လဲ။ သမီးကိုတောင် တရားလာစွဲနေသေးတယ်။ မဟုတ်ကဟုတ်ကတွေက ငါ့သမီးကို စိတ်ဖိစီးမှုတွေ အများကြီး ပေးလိုက်တာ" ဟု ပြောသည်။
ဝမ်ကျူး၏ မိဘများသည် အလုပ်မှ ချက်ချင်း ထွက်လာပြီး တရားရုံးသို့ ဦးတည်ကာ တရားသူကြီးကို တိုင်ကြားမည်ဟု အော်ဟစ်နေကြသည်။
ရွှယ်ချင်းချင်းက "အစ်ကိုဂူ ဒီအမှုနိုင်မလား ဝမ်ကျူးကို တကယ် ထောင်ချနိုင်မလား" ဟု မေးသည်။
ဂူချန်က "စိတ်မပူပါနဲ့ ဝမ်ကျူးကို ထောင်ချမှာ သေချာပါတယ်။ အခုတော့ တရားရုံး ဆုံးဖြတ်ချက်ပေါ်မှာပဲ မူတည်တယ်။ ကျွန်တော်တို့ ပြောစရာရှိတာ ပြောပြီးပြီ။ လုပ်စရာရှိတာ အကုန်လုပ်ခဲ့ပြီးပြီ" ဟု ပြန်ဖြေသည်။
သူ၏ ဘေးတွင် လျူရှောင်နန်မှာမူ စိတ်မကောင်းဖြစ်နေဆဲပင်။
စီရင်ချက်က ချတော့မှာ...
သူမကို မဖြစ်မနေ ထောင်ချမှရမယ်…..ရ
လျူရှောင်နန်သည် ဂူချန်ကိုကြည့်ကာ "ရှေ့နေဂူကျွန်မတို့ ဒီအမှုကို နိုင်မှာပါနော်" ဟု မေးသည်။
ဂူချန်က ခေါင်းညိတ်၍ "ဟုတ်ပါတယ် ကျွန်တော်တို့ သေချာပေါက် နိုင်မှာပါ။ စိတ်မပူပါနဲ့" ဟု ပြန်ဖြေသည်။
လျူရှောင်နန်က "ကျွန်မအစ်ကို ဘာတွေတွေးခဲ့လဲဆိုတာ အရေးမကြီးပါဘူး။ သူ့အတွက် တရားမျှတမှု ရချင်ရုံသက်သက်ပါ။ သူမ ထောင်ကျတာကိုပဲ မြင်ချင်တယ်။ သုံးနှစ် သို့မဟုတ် ငါးနှစ်လောက်ဆိုရင်ကို လုံလောက်ပါပြီ။ ဒီအမှုက အချိန်အကြာကြီး ထောင်ဒဏ်ချဖို့ ခက်မယ်ဆိုတာ ကျွန်မ သိပါတယ်" ဟု ပြောသည်။
ဂူချန်က ဝမ်ကျူးသည် လိမ်လည်မှု ကျူးလွန်ခဲ့ကြောင်း အမြဲတမ်း ပြောနေသော်လည်း လျူရှောင်နန်ကမူ ဝမ်ကျူးအား ထောင်ဒဏ် ၁၀ နှစ်ကျော် ချမှတ်ရန် ခက်ခဲလိမ့်မည်ဟု ထင်နေသည်။
မည်သို့ပင်ဖြစ်စေ လျူဂျွန်ကိုယ်တိုင်က ဝမ်ကျူးထံ ငွေများကို စိတ်ဆန္ဒအလျောက် လွှဲပေးခဲ့ခြင်းပင်။
ဂူချန်က ပြုံး၍ "ဒါက သုံးနှစ်၊ ငါးနှစ်လောက်နဲ့ မပြီးပါဘူး။ ဝမ်ကျူးရဲ့ အမှုသဘောသဘာဝက အတော်လေး ပြင်းထန်တယ်။ ဒါက ရိုးရိုးလိမ်လည်မှုလောက်တင် မဟုတ်ဘူး။ ဝမ်ကျူးက သွယ်ဝိုက်ပြီးတော့ မင်းအစ်ကိုရဲ့ သေဆုံးမှုကို ဖြစ်စေခဲ့တာဖြစ်ပြီး သူမမှာ နောင်တရတဲ့ အရိပ်အယောင်တောင် မရှိဘူး" ဟု ပြောသည်။
.....
ကောင်းရုန်နှင့် ရွှယ်ယောင်ထင်တို့လည်း တရားရုံးတင်မှုကို စောင့်ကြည့်နေကြသည်။
သူတို့မှာ အလုပ်မရှိကြ၍ ဂူချန်၏ တရားခွင်ကို ကြည့်ရှုရန် တိုက်ရိုက်ထုတ်လွှင့်မှု တစ်ခုကို အထူးဖွင့်ထားကြသည်။
ကောင်းရုန်က "ဂူချန် ဒီအမှုကို သိပ်လှအောင် ကိုင်တွယ်တတ်တာပဲ။ အခုတော့ ဝမ်ကျူး ထောင်ဒဏ် ဘယ်နှစ်နှစ်ရမလဲဆိုတာပဲ ကြည့်ရတော့မယ်" ဟု ပြောသည်။
ရွှယ်ယောင်ထင်က "ကျွန်တော်လည်း မသိဘူး။ ဘာပဲဖြစ်ဖြစ်ပေါ့ တရားသူကြီး ဆုံးဖြတ်ချက်ပေါ်မှာပဲ မူတည်တယ်။ ကျွန်တော်ကတော့ အနည်းဆုံး ၁၀ နှစ်လောက်တော့ ရမယ်လို့ ထင်တယ်" ဟု ပြောလိုက်သည်။
ကောင်းရုန်က ခေါင်းညိတ်ကာ "သေချာပေါက် ပြင်းထန်တဲ့ ပြစ်ဒဏ်ပဲ။ အပြစ်ဝန်ခံတဲ့ သဘောထားလည်း မရှိသလို တရားရုံး စည်းကမ်းကိုလည်း လျစ်လျူရှုတော့ အပြစ်ပေးရမှာပဲ" ဟု ပြောသည်။
....
တရားခွင်အတွင်းတွင် လီခန်းသည် တရားသူကြီးသုံးဦးနှင့် ဆွေးနွေးနေသည်။
တရားသူကြီး အမျိုးသမီးတစ်ဦးက "ဒီအမှုက အာရုံစိုက်မှု အရမ်းများတယ်။ တစ်နိုင်ငံလုံးက ကျွန်မတို့ကို စောင့်ကြည့်နေတာမို့ စီရင်ချက်ချတဲ့အခါ သတိထားရမယ်" ဟု ပြောသည်။
တရားသူကြီး အမျိုးသားတစ်ဦးက "ကျွန်တော်ကတော့ ပြင်းထန်တဲ့ ပြစ်ဒဏ် ချသင့်တယ်လို့ ထင်တယ်။ ဝမ်ကျူးမှာ အပြစ်ဝန်ခံတဲ့ သဘောထား လုံးဝမရှိဘူး။ တရားရုံး စည်းကမ်းကိုပါ စိန်ခေါ်နေတယ်။ ကျွန်မတို့က တရားရုံးဖြစ်ပြီး လူသိရှင်ကြား ထုတ်လွှင့်နေတာကိုတောင် သူမက ကျွန်မတို့ကို တိုင်မယ်လို့ ပြောနေသေးတယ်။ တိုင်ပါစေ ကျွန်မတို့က ဥပဒေအတိုင်းပဲ စီရင်မှာပါ" ဟု ပြောလိုက်သည်။
နောက်ထပ် တရားသူကြီး အမျိုးသားတစ်ဦးက "ကျွန်တော်လည်း ပြင်းထန်တဲ့ ပြစ်ဒဏ်ကို ထောက်ခံတယ်။ ဝမ်ကျူးရဲ့ လုပ်ရပ်တွေက လျူဂျွန်ကို သေဆုံးမှုဆီ သွယ်ဝိုက်ပြီး တွန်းပို့ခဲ့တာဖြစ်ပြီး သူသေအောင် လှုံ့ဆော်တဲ့ စကားတွေလည်း ပြောခဲ့တယ်။ လူသတ်မှုအဖြစ် သတ်မှတ်ဖို့ ခက်ခဲပေမဲ့ ဝမ်ကျူးရဲ့ ပြည့်တန်ဆာလုပ်ငန်းမှာ ပါဝင်မှုတွေက ငြင်းလို့မရတဲ့ အချက်အလက်တွေပဲ။ နောက်ပြီး သူမက အွန်လိုင်းအသုံးပြုသူ အများအပြားကို လိမ်လည်ခဲ့တာ ငွေပမာဏက တစ်သန်းကျော်နေပြီ။ ဒါက အရမ်းကြီးမားတဲ့ ပမာဏ ဖြစ်သလို ဝမ်ကျူးမှာ နောင်တတရား လုံးဝမရှိဘူး။ သူမက အိမ်ထောင်ပြုမယ်လို့ လိမ်လည်ပြီး ငွေယူတာတင် မကဘူး။ နေ့စဉ်ဘဝမှာလည်း လိမ်ညာမှုတွေနဲ့ ငွေညှစ်ခဲ့တာ ဖြစ်လို့ လိမ်လည်မှုမြောက်တယ်" ဟု ပြောသည်။
"ပြီးတော့ တစ်နိုင်ငံလုံးက စောင့်ကြည့်နေတဲ့အမှုမို့ ဝမ်ကျူးလို တရားရုံးကို အထင်သေးတဲ့သူကို ပြင်းထန်စွာ အပြစ်မပေးဘူးဆိုရင် တစ်နိုင်ငံလုံးက ပြည်သူတွေ ဘယ်လို မြင်မလဲ ဒီအမှုက ဖြစ်နိုင်ခြေရှိတဲ့ ရာဇဝတ်ကောင်တွေကို သတိပေးတဲ့ သင်ခန်းစာတစ်ခု ဖြစ်လာနိုင်ပြီး ရာဇဝတ်မှု ကျူးလွန်နိုင်ခြေကိုတောင် လျှော့ချပေးနိုင်မှာပါ" ဟု ထပ်ပြောလိုက်သည်။
တရားသူကြီးချုပ် လီခန်းက ခေါင်းညိတ်ကာ "ဟုတ်တယ် ကျွန်တော်လည်း ပြင်းထန်တဲ့ ပြစ်ဒဏ်ကို ထောက်ခံပါတယ်" ဟု ပြောသည်။
တရားသူကြီးများ အဖွဲ့သည် နောက်ထပ် တစ်နာရီကြာအောင် ထပ်မံ ဆွေးနွေးကြသည်။
တစ်နာရီအကြာတွင် တရားရုံး ပြန်စတော့မည်ပင်။
ဝမ်ကျူး၏ မိဘများလည်း တရားရုံးသို့ ရောက်ရှိလာကြသည်။
မိဘများကို မြင်သောအခါ ဝမ်ကျူးသည် ဘာကိုမှ မကြောက်တော့သည့်အလား ဖြစ်သွားသည်။
ဝမ်ကျူးက "သူတို့ သမီးကို ဘယ်လို ပြစ်ဒဏ်ချမလဲ ကြည့်ရသေးတာပေါ့။ သမီး ဘာအပြစ်မှ မလုပ်ခဲ့ဘူး။ သူတို့သာ သမီးကို ပြစ်ဒဏ်ချရဲရင် ဖေဖေ၊ မေမေတို့က Douyin နဲ့ Xiaohongshu မှာ တရားရုံးကို ပြစ်တင် ဝေဖန်လိုက် ပြီးရင် တရားသူကြီးချုပ်နဲ့ တရားသူကြီးတွေကို တိုင်
လိုက်၊ မဖြစ်မနေ တိုင်ရမယ်။ သူတို့က သမီးကို အနိုင်ကျင့်နေတာ၊ တကယ်တမ်းကျ သမီးက ဘာပြစ်မှုများ ကျူးလွန်မိလို့လဲ" ဟု ပြောသည်။
ဝမ်ကျူး၏ အဖေက "စိတ်မပူပါနဲ့ ဖေဖေရှိနေသရွေ့ သူတို့ သမီးကို ဘာမှ လုပ်ရဲမှာ မဟုတ်ဘူး။ တရားရုံး စီရင်ချက်ဆိုတာ အထောက်အထားနဲ့ ဥပဒေပေါ်မှာပဲ အခြေခံရမယ်၊ သူတို့ သဘောနဲ့သူတို့ ပြစ်ဒဏ်ချလို့ မရဘူး" ဟု ပြောလိုက်သည်။