အခန်း ၃၆၄
Vol. 37 Ch. 364
အခန်း (၃၆၄) ချူးဟယ်၏ မကျေနပ်မှု... ရှန်းကျီ၏ တောင်းဆိုချက်
ကျန်းချဲ့ အဆင့်တက်လှမ်းသွားသည့် သတင်းများ ပျံ့နှံ့သွားသည်နှင့်အမျှ သိုင်းလောကမှ သိုင်းပညာရှင် အများအပြားမှာ အကြီးအကျယ် တုန်လှုပ်သွားကြလေသည်။
ထို့အတူ ကျန်းချဲ့ ယွမ်ယင်းတည်ဆောက်ချိန်တွင် ကောင်းကင်နှင့်မြေကြီး၏ နိမိတ်လက္ခဏာ မည်မျှထွက်ပေါ်လာခဲ့သနည်း ဆိုသည်ကိုလည်း အရပ်လေးမျက်နှာ၌ ထင်ကြေးပေး မှန်းဆနေကြလေသည်။
ကောင်းကင်နှင့်မြေကြီး၏ နိမိတ်လက္ခဏာများသည် အနာဂတ်၏ အလားအလာကို အပြည့်အဝ ကိုယ်စားမပြုနိုင်သော်လည်း သမိုင်းတစ်လျှောက် ပြန်ကြည့်မည်ဆိုလျှင် အလွန်ကြီးမားသော ညွှန်းဆိုချက်တစ်ခု ဖြစ်နေလေရာ လူအများ၏ စိတ်ဝင်စားမှုကို အပြင်းအထန် ဆွဲဆောင်နေခြင်း ပင်တည်း။
သတင်းများ ပိုမို ပျံ့နှံ့ကြီးထွားလာသည်နှင့်အမျှ ကြိုတင်ပြင်ဆင်ထားသော မြောက်ပိုင်း ချီမိသားစုကလည်း ကျန်းချဲ့ အဆင့်တက်လှမ်းမှုနှင့် ပတ်သက်သည့် သတင်းများကို တရားဝင် ထုတ်ပြန်လိုက်လေသည်။
ကောင်းကင်နှင့်မြေကြီး၏ နိမိတ်လက္ခဏာ နှစ်ခု ထွက်ပေါ်ခဲ့ကြောင်း ဆိုထားလေသည်။
၎င်းတို့မှာ ပင်လယ်ပြင်ထက်က လမင်းကြီး နှင့် ဒုက္ခပင်လယ်ထဲက ရွှေရောင်ကြာပန်း တို့ပင် ဖြစ်ချေသည်။
ထိုသတင်း ထွက်ပေါ်လာသည်နှင့် သိုင်းလောက တစ်ဝက်ခန့်မှာ ချက်ချင်း ပွက်လောရိုက်သွားရလေသည်။
အကြောင်းမူကား ကောင်းကင်နှင့်မြေကြီး နိမိတ်လက္ခဏာ နှစ်ခု ဆိုသည်မှာ ကျန်းချဲ့၌ သိုင်းသူတော်စင် ဖြစ်လာမည့် အရည်အချင်းများ အမှန်တကယ် ရှိနေကြောင်းကို ညွှန်းဆိုပြသနေသောကြောင့် ပင်တည်း။
ယခင်က လူအများ၏ ထင်ကြေးပေးမှု သက်သက်သာ ဖြစ်ခဲ့သော်လည်း ယခုအခါတွင်မူ ခိုင်လုံသော သက်သေအထောက်အထားများက ပိုမို များပြားလာခဲ့ချေပြီ။
ကျန်းချဲ့သာ ခြေလှမ်းမှန်မှန်ဖြင့် ဆက်လက် လျှောက်လှမ်းနိုင်မည် ဆိုပါက အနာဂတ်တွင် သိုင်းသူတော်စင်အဆင့် အစွမ်းထက်သူ တစ်ယောက် ဖြစ်လာနိုင်ခြေ အလွန် ကြီးမားနေလေသည်။
ကောင်းကင်နှင့်မြေကြီးကြားတွင် မားမားမတ်မတ် ရပ်တည်လျက် ပင်လယ်လေးစင်းနှင့် ပြည်နယ်ဆယ့်နှစ်ခုလုံးကို စိုးမိုးနိုင်မည့်သူ ဖြစ်ပေမည်။
သေချာသည်ကတော့ ကျန်းချဲ့ ယွမ်ယင်းတည်ဆောက်ချိန်တွင် နိမိတ်လက္ခဏာ နှစ်ခုသာ ထွက်ပေါ်ခဲ့သည် ဆိုသော သတင်းအပေါ် စိတ်ပျက်မိသူ အများအပြားလည်း ရှိနေကြလေသည်။
လောကတစ်ခွင်ရှိ ပါရမီရှင်များကို ဖိနှိပ်နိုင်ခဲ့သော ကျန်းချဲ့ အနေဖြင့် သေချာပေါက် နိမိတ်လက္ခဏာ သုံးခုအထိ ဆွဲဆောင်နိုင်လိမ့်မည်ဟု သူတို့က ထင်မှတ်ထားခဲ့ကြခြင်း ဖြစ်သည်။
ထိုသို့ဆိုမှသာ သိုင်းအဆင့်သတ်မှတ်ချက် စာရင်း၏ နံပါတ်တစ် သိုင်းလျှို့ဝှက်နယ်မြေ၏ နံပါတ်တစ် ဆိုသော အမည်နာမနှင့် ထိုက်တန်ပေမည် မဟုတ်ပါလော။
ထိုအထဲတွင် အပျော်ရွှင်ဆုံးသော သူကတော့ ချင်းထျန်းဂိုဏ်း၏ သူတော်စင်သားတော် ချူးဟယ် ပင် ဖြစ်လေသည်။
သိုင်းလျှို့ဝှက်နယ်မြေ တိုက်ပွဲတွင် သူသည် ကျန်းချဲ့၏ ပြင်းထန်သော တိုက်ခိုက်မှုကြောင့် အကြီးအကျယ် ဒဏ်ရာရရှိခဲ့ပြီး အသက်လုကာ လျှို့ဝှက်နယ်မြေထဲမှ စုတ်ပြတ်သတ်စွာ ထွက်ပြေးခဲ့ရလေသည်။
လောကလူသားများ ရှေ့မှောက်တွင် မျက်နှာပျက် အရှက်ကွဲခဲ့ရုံသာမက ချင်းထျန်းဂိုဏ်း၏ ဂုဏ်သိက္ခာကိုပါ သွယ်ဝိုက်သော နည်းလမ်းဖြင့် ထိခိုက်စေခဲ့လေသည်။
အချောင်သမား အများအပြားက ဤကိစ္စအပေါ် လှောင်ပြောင် သရော်ခဲ့ကြလေသည်။
ချင်းထျန်းဂိုဏ်းကြီး နှစ်ပေါင်းများစွာ တိတ်ဆိတ်နေခဲ့သဖြင့် တစ်ကျော့ပြန် ပေါ်လာချိန်တွင် လောကကြီးကို အံ့မခန်း တုန်လှုပ်သွားစေမည်ဟု ထင်မှတ်ထားခဲ့သော်လည်း တကယ်တမ်းတွင် ဤမျှလောက်ပင် အသုံးမကျဖြစ်နေရသည်ဟု ကဲ့ရဲ့ခဲ့ကြလေသည်။
အမှန်တကယ်တော့ ချူးဟယ်သည် ကျန်းချဲ့နှင့် ထိုအဆင့်အထိ တိုက်ခိုက်နိုင်ခဲ့ခြင်း ကပင် သာမန်မဟုတ်တော့ချေ။
သို့သော် ရှုံးနိမ့်သူ အထူးသဖြင့် သူပုန် ရှုံးနိမ့်သူ တစ်ယောက် အပေါ် လူအများ၏ လှောင်ပြောင်မှုများကိုတော့ မတားဆီးနိုင်ခဲ့ပေ။ ဤကိစ္စတွင် ချူးဟယ် ခံစားရသော ဖိအားမှာ အကြီးမားဆုံး ပင်ဖြစ်သည်။
နန်ကုန်းကျီး က သူ့ကို ချင်းထျန်းဂိုဏ်းသို့ ပြန်လည် ခေါ်ဆောင်သွားပြီးနောက် ချူးဟယ် သည် ရေငုံနှုတ်ပိတ် နေခဲ့လေသည်။
သူသည် ဂိုဏ်း၏ ပြင်းထန်သော အပြစ်ပေးမှုများကို ခံရမည်ဟု ထင်မှတ်ကာ ကြိုတင် ပြင်ဆင်မှုများပင် ပြုလုပ်ထားခဲ့လေသည်။
သို့သော် တကယ်တမ်းတွင် ကွယ်ရာ၌ ကဲ့ရဲ့ပြောဆိုမှု အချို့မှလွဲ၍ မည်သည့် ပြစ်ဒဏ်မျှ မကျရောက်လာခဲ့ချေ။
ဤအရာက သူ့ကို စိတ်သက်သာရာ ရစေခြင်း မရှိဘဲ ရင်ထဲတွင် ပို၍ပင် နာကျင်ခံစားရစေလေသည်။
အကြောင်းမူကား သူ၏ဆရာ ချင်းထျန်းဂိုဏ်းချုပ် သည် သူ့ကို လုံးဝ တွေ့ဆုံခြင်း မရှိခဲ့သောကြောင့် ပင်ဖြစ်သည်။
လူလွှတ်၍ စကားတစ်ခွန်းသာ ပါးလိုက်လေသည်။ ဤတစ်ကြိမ် ရှုံးနိမ့်မှုကို သေချာ မှတ်သားထားရန် ဤအရာကို အရှက်တကွဲ အကျိုးနည်း ဖြစ်မှုဟု သတ်မှတ်ထားရန် ဆိုသော စကားပင်တည်း။
ထို့နောက် ကုသရေး မှော်ဆေးလုံးများကို ချပေးခဲ့ပြီး အခြား မည်သည့် စကားမျှ မဆိုတော့ချေ။
ထိုအချိန်က ချူးဟယ် အလွန် စိတ်ပျက် အားငယ်သွားခဲ့ရလေသည်။ ဆရာဖြစ်သူ၏ လျစ်လျူရှုမှုကို ခံရမည့်အစား ပြင်းပြင်းထန်ထန် အဆဲခံလိုက်ရလျှင်ပင် ပို၍ ကောင်းဦးမည်ဟု တွေးတောမိလေသည်။
သို့သော် တစ်ချိန်တည်းမှာပင် သူ၏ ရင်ထဲ၌ ရည်မှန်းချက် တစ်ခု ခိုင်မာစွာ ပေါက်ဖွားလာခဲ့လေသည်။ ၎င်းမှာ ကျန်းချဲ့ကို အနိုင်ယူပြီး သူ၏ အရှက်ကွဲမှုများကို ဆေးကြောပစ်ရန် ပင်ဖြစ်သည်။
ရက်အနည်းငယ် ကြာပြီးနောက် ချူးဟယ်၏ ဒဏ်ရာများ သက်သာသွားခဲ့ပြီး ချင်းထျန်းဂိုဏ်း အတွင်း၌ တံခါးပိတ် ကျင့်ကြံကာ အဆင့်တက်လှမ်းရန် ပြင်ဆင်တော့လေသည်။
သူ၏ အခြေခံအုတ်မြစ် နှင့် စုဆောင်းထားမှုများက အမြဲတမ်း လုံလောက် ပြည့်စုံနေခဲ့လေသည်။
အကယ်၍ သိုင်းလျှို့ဝှက်နယ်မြေ ပြိုင်ပွဲကြောင့်သာ မဟုတ်လျှင် သူသည် လွန်ခဲ့သော နှစ်အနည်းငယ် ကတည်းက ရှန်ရှန်းအဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်သည်။
ယခုအခါ ကုသရေး မှော်ဆေးလုံးများကို ချေဖျက် စုပ်ယူပြီး ဒဏ်ရာများ အပြည့်အဝ ပျောက်ကင်းသွားပြီ ဖြစ်ရာ အဆင့်တက်လှမ်း နိုင်တော့မည် ဖြစ်လေသည်။
သူ၏ ကိုယ်ပိုင် ယန်ကိုးပါး မြင့်မြတ်သောရုပ်ခန္ဓာ ၏ အားသာချက် များကို ရွှမ်တန်အဆင့်တွင် အပြည့်အဝ ထုတ်ဖော် အသုံးမချနိုင်ကြောင်း ချူးဟယ် ကောင်းစွာ သိရှိထားလေသည်။
ကျန်းချဲ့ကို အနိုင်ယူလိုပါက နည်းလမ်း တစ်ခုတည်းသာ ရှိတော့လေသည်။
၎င်းမှာ ရှန်ရှန်းအဆင့်သို့ တက်လှမ်းကာ မဟာသိုင်းသခင်ကြီး တစ်ယောက် ဖြစ်လာရန် ပင်ဖြစ်သည်။
ယန်ကိုးပါး မြင့်မြတ်သောရုပ်ခန္ဓာ ၏ အစစ်အမှန် အခြေခံအုတ်မြစ်များကို အစွမ်းကုန် ထုတ်ဖော် အသုံးပြုပြီး သူ၏ အောင်ပွဲကို တည်ဆောက်ရမည် သာဖြစ်သည်။
ထိုနေ့တွင်ပင် ချူးဟယ် အဆင့်တက်လှမ်းမှု အောင်မြင်သွားခဲ့လေသည်။
ကောင်းကင်နှင့်မြေကြီး နိမိတ်လက္ခဏာ နှစ်ခုခွဲဖြင့် ရွှေအမြုတေကို ခွဲဖြာကာ ယွမ်ယင်း တည်ဆောက်နိုင်ခဲ့လေသည်။
နှစ်ခုခွဲဟု ဆိုရခြင်းမှာ သူ၏ တတိယမြောက် နိမိတ်လက္ခဏာသည် အပြည့်အဝ ထွက်ပေါ်လာခြင်း မရှိဘဲ အနည်းငယ် မှုန်ဝါးဝါး ဖြစ်နေသောကြောင့် ပင်ဖြစ်သည်။ ထို့အပြင် သူသည် လည်း ကြီးမားသော အကျိုးကျေးဇူးများကို မရရှိခဲ့ချေ။
သို့သော် ဤအရာအတွက် သူ အများကြီး ဝမ်းသာပျော်ရွှင် နေခြင်း မရှိချေ။
ကျန်းချဲ့၏ အဆင့်တက်လှမ်းမှု အခြေအနေများကို တတ်နိုင်သမျှ စုံစမ်းရန် လူလွှတ်လိုက်လေသည်။ သူနှင့် ကျန်းချဲ့ အကြားတွင် ကွာဟမှု မည်မျှရှိသည်ကို ချိန်ဆကြည့်လိုသောကြောင့် ပင်ဖြစ်သည်။
ကျန်းချဲ့ ယွမ်ယင်းတည်ဆောက်သည့် သတင်းများ ရောက်ရှိလာပြီး ကောင်းကင်နှင့်မြေကြီး နိမိတ်လက္ခဏာ နှစ်ခုဖြင့် အဆင့်တက်လှမ်းသွားကြောင်း သိလိုက်ရသောအခါ သူ ချက်ချင်းပင် အလွန်အမင်း ဝမ်းသာပျော်ရွှင် သွားခဲ့လေသည်။
'ငါက ကျန်းချဲ့ထက် အများကြီး သာလွန်တာပဲ...'
ဤအချိန်တွင် ချူးဟယ် သည် ရင်ဘတ်ထဲမှ လှိုက်လှိုက်လှဲလှဲ ပျော်ရွှင်နေလေသည်။
ယခင်က ရှုံးနိမ့်ခဲ့မှုကြောင့် ဖြစ်ပေါ်လာသော အကြောက်တရားများ လည်း လုံးဝ ပျောက်ကွယ်သွားခဲ့လေပြီ။
ကျန်းချဲ့ နိမိတ်လက္ခဏာ နှစ်ခုဖြင့် ယွမ်ယင်းတည်ဆောက်ခြင်းက အမှန်တကယ်ပင် ထူးခြား ပြောင်မြောက်လှသည်။
သို့သော် သူက ကျန်းချဲ့ ထက် အများကြီး သာလွန်ကာ နိမိတ်လက္ခဏာ နှစ်ခုခွဲ အထိ ရရှိခဲ့သည် မဟုတ်ပါလော။
ဤသည်မှာ မည်သည့် အဓိပ္ပာယ်နည်း။
သူ၏ အခြေခံအုတ်မြစ် သူ၏ အလားအလာများက ကျန်းချဲ့ ထက် အများကြီး သာလွန်နေကြောင်းကို ဆိုလိုခြင်း ပင်ဖြစ်သည်။
'ဆရာ ပြောတာ မှန်တယ်... တစ်ခဏတာ ရှုံးနိမ့်မှုက ဘာမှ မဟုတ်ဘူး... နောက်ဆုံး အောင်ပွဲခံနိုင်သူကမှ တကယ့် အစစ်အမှန် အနိုင်ရသူပဲ...'
ချူးဟယ် ၏ ယုံကြည်မှုများ အဆက်မပြတ် မြင့်တက်လာပြီး သိုင်းလျှို့ဝှက်နယ်မြေ ပြိုင်ပွဲ မတိုင်မီက အတိုင်း မာနထောင်လွှားမှုများ ပြန်လည် အသက်ဝင်လာလေသည်။
အချိန်အတော်ကြာအောင် တွေးတောပြီးနောက် သူသည် ကောင်းကင်လင်းယုန် ဓမ္မမင်းကြီး နန်ကုန်းကျီး ထံသို့ သွားရောက် တွေ့ဆုံလေသည်။
"ဓမ္မမင်းကြီး... အရှေ့စွန်းနန်းတော်က ကျန်းချဲ့ကို လျှို့ဝှက် ကြံစည်နေတဲ့ ကိစ္စကို ကျွန်တော် သိထားပါတယ်... စစ်မှန်သောနဂါး လျှို့ဝှက်နယ်မြေ ဖွင့်လှစ်တဲ့ အချိန်ကျရင် ကျွန်တော်လည်း လိုက်သွားလို့ ရမလား..."
ချူးဟယ် သည် သူတော်စင်သားတော် တစ်ယောက် ဖြစ်ရာ သူ၏ အဆင့်အတန်းမှာ ဓမ္မမင်းကြီး လေးပါးထက် လုံးဝ မနိမ့်ကျချေ။ ချင်းထျန်းဂိုဏ်း က အလယ်ပိုင်းဒေသ တွင် ပြင်ဆင်ထားသော အစီအစဉ် အချို့ကို သူ သိရှိထားလေသည်။
ထိုအထဲတွင် အရှေ့ပင်လယ် ရှိ အရှေ့စွန်းနန်းတော် သည် ချင်းထျန်းဂိုဏ်း မှ ခရမ်းရောင်နဂါး ဓမ္မမင်းကြီး ၏ လက်အောက်ခံ ဂိုဏ်းခွဲ တစ်ခု ပင်ဖြစ်သည်။
အရှေ့စွန်းနန်းတော် ၏ သခင် ယင်ချုံဟိုင် သည်လည်း ခရမ်းရောင်နဂါး ဓမ္မမင်းကြီး ၏ လက်အောက်ရှိ အစွမ်းထက်သူများ ထဲမှ တစ်ယောက် ပင်ဖြစ်သည်။
သိုင်းလျှို့ဝှက်နယ်မြေ တိုက်ပွဲ ပြီးဆုံးပြီးနောက် နန်ကုန်းကျီး သည် ကျန်းချဲ့ ဆိုသော ဆူးငြောင့်ခလုတ် ကို နုတ်ပစ်ရန် ရည်ရွယ်ခဲ့လေသည်။
သူ့ကို ဆက်လက် ကြီးထွားလာခွင့် မပေးတော့ဘဲ ခရမ်းရောင်နဂါး ဓမ္မမင်းကြီး ထံသို့ သွားရောက်ကာ ကျန်းချဲ့ကို လုပ်ကြံရန် အတူတကွ တိုင်ပင် ဆွေးနွေးခဲ့ကြလေသည်။ သူ့ကို အရှေ့ပင်လယ် တွင် သတ်ဖြတ်ရန် ပင်ဖြစ်သည်။
သို့သော် ခရမ်းရောင်နဂါး ဓမ္မမင်းကြီး က ချိန်ဆ ကြည့်ပြီးနောက် သဘောမတူခဲ့ချေ။ အကြောင်းပြချက် နှစ်ခု ပေးခဲ့လေသည်။
ပထမ တစ်ခုမှာ ကျန်းချဲ့ ၏ နောက်ခံ ပင်ဖြစ်သည်။ မြောက်ပိုင်း ချီမိသားစု နှင့် တော်ဝင်နန်းတော် ဟူသော ကျောထောက်နောက်ခံ နှစ်ခုလုံး ရှိနေရာ သာမန် သိုင်းသခင် တစ်ယောက် လုံးဝ မဟုတ်တော့ချေ။ ပေါ့ပေါ့ဆဆ လုပ်ဆောင်ပါက ချုံခိုတိုက်ခိုက် ခြင်းကိုပင် ခံရနိုင်ချေ ရှိလေသည်။
ဒုတိယ အချက် ကတော့ သူသည် ကျန်းချဲ့ သိုင်းလျှို့ဝှက်နယ်မြေ ပြိုင်ပွဲတွင် အသုံးပြုခဲ့သော နဂါးပြောင်းလဲခြင်း နတ်စွမ်းရည် ကို အလွန် စိတ်ဝင်စား နေသောကြောင့် ပင်ဖြစ်သည်။ ကျန်းချဲ့ သည် စစ်မှန်သောနဂါး လျှို့ဝှက်နယ်မြေ ကို ဖွင့်လှစ်ရန် အတွက် အလွန် အရေးပါသော သော့ချက် တစ်ခု ဖြစ်နေလေသည်။
ချိန်ဆ ကြည့်ပြီးနောက် ခရမ်းရောင်နဂါး ဓမ္မမင်းကြီး နှင့် ကောင်းကင်လင်းယုန် ဓမ္မမင်းကြီး တို့ တိုင်ပင် ဆွေးနွေးခဲ့ကြလေသည်။
စစ်မှန်သောနဂါး လျှို့ဝှက်နယ်မြေ ဖြင့် ကျန်းချဲ့ကို မြှူဆွယ်ကာ တစ်ဖက်လူကို အသုံးချ ပြီးသွားပါက စစ်မှန်သောနဂါး လျှို့ဝှက်နယ်မြေ အတွင်း၌ ပင် သတ်ဖြတ်ရန် ဆုံးဖြတ်ခဲ့ကြလေသည်။
ဤကိစ္စကို ချူးဟယ် ဂရုစိုက် စောင့်ကြည့် နေခဲ့သော်လည်း သူ့အတွက် သက်ဆိုင်မှု မရှိကြောင်းကို ကောင်းစွာ သိရှိထားလေသည်။
သို့သော် ယခုအခါ ကျန်းချဲ့ သည် နိမိတ်လက္ခဏာ နှစ်ခုဖြင့် ယွမ်ယင်းတည်ဆောက် သွားကြောင်း သိလိုက်ရသောအခါ အခြားသော အတွေးများ ပေါက်ဖွားလာခဲ့လေသည်။
နန်ကုန်းကျီး က ချူးဟယ် ကို အချိန်အနည်းငယ်မျှ စူးစိုက်ကြည့်လိုက်ပြီး ခံစားချက်ကင်းမဲ့စွာ ပြောလိုက်လေသည်။
"စစ်မှန်သောနဂါး လျှို့ဝှက်နယ်မြေ ကိစ္စက အရမ်း အရေးကြီးတယ်... သာမန်နဲ့ မတူဘူး... မင်း အဲ့ဒီအထဲကို ဝင်မပါတာ အကောင်းဆုံးပဲ..."
"သိုင်းလျှို့ဝှက်နယ်မြေ တိုက်ပွဲမှာ ကျွန်တော် ရှုံးနိမ့်ခဲ့ရလို့ ကျန်းချဲ့က ကျွန်တော့်ရဲ့ စိတ်နှလုံးမိစ္ဆာ ဖြစ်နေပါပြီ... သူ့ကို တရားမျှတစွာ အနိုင်မယူနိုင်ဘူး ဆိုရင် နောက်ပိုင်း သူက ကျွန်တော့်ရဲ့ အကြီးမားဆုံး စိတ်နှလုံးမိစ္ဆာကြီး ဖြစ်လာပါလိမ့်မယ်... ဓမ္မမင်းကြီး အနေနဲ့ ကျွန်တော့်ကို နောက်ဆုံး တစ်ကြိမ်လောက် ကူညီပေးဖို့ တောင်းပန်ပါတယ်..."
ချူးဟယ် တွင် ယခင်က မာနထောင်လွှားမှုများ မရှိတော့ဘဲ ရောင့်တက်နေသော အရှိန်အဝါ များကို အများကြီး ရုပ်သိမ်းထားကာ နန်ကုန်းကျီး ကို လက်ယှက်၍ အရိုအသေ ပေးလိုက်လေသည်။
"ကျန်းချဲ့ရဲ့ စွမ်းအားကို မင်းရော ငါပါ ကောင်းကောင်း သိထားတာပဲ... နောက်တစ်ကြိမ် ထပ်တိုက်ခိုက်ရင်လည်း မင်း နိုင်ချင်မှ နိုင်မှာ..."
"ဒါပေမဲ့ မတိုက်ခိုက်ဘူး ဆိုရင် လုံးဝ အနိုင်ရနိုင်တော့မှာ မဟုတ်ဘူး... ကျန်းချဲ့ကို အနိုင်မယူနိုင်ရင် ကျွန်တော့် တစ်သက်လုံး သူ့ရဲ့ အရိပ်အောက်မှာပဲ နေသွားရတော့မှာပါ... တကယ်လို့ ဓမ္မမင်းကြီး က ခွင့်မပြုဘူး ဆိုရင် ဆရာ့ဆီကို သွားပြီး ခွင့်တောင်းရပါလိမ့်မယ်..."
ချူးဟယ် သည် တစ်ဖက်လူ သဘောမတူသေးသည်ကို မြင်သောအခါ အလျင်အမြန်ပင် ပြောလိုက်လေသည်။
"မင်းက ဂိုဏ်းချုပ်ကို သုံးပြီး ငါ့ကို ဖိနှိပ်နေတာလား..."
နန်ကုန်းကျီး ၏ မျက်နှာပေါ်တွင် မည်သည့် ခံစားချက်မျှ မရှိသော်လည်း တစ်ကိုယ်လုံးမှ ဖိအားများ ဖြည်းညင်းစွာ ထွက်ပေါ်လာလေသည်။
"ကျွန်တော် အဲ့ဒီလို သဘောမျိုး ပြောတာ မဟုတ်ပါဘူး..."
သူတို့ နှစ်ယောက်၏ အကြည့်များ ဆယ်ကြိမ် ခန့် အသက်ရှူချိန် အထိ ကြာမြင့်သွားပြီးနောက် နန်ကုန်းကျီး က အကြည့်လွှဲလိုက်ပြီး ခံစားချက်ကင်းမဲ့စွာ ပြောလိုက်လေသည်။
"ဒါက မင်းအတွက် နောက်ဆုံး အခွင့်အရေးပဲ... တကယ်လို့ ကျန်းချဲ့ကို ထပ်ရှုံးခဲ့ရင် နောက်ပိုင်း ငါ့ဆီကို လာမရှာနဲ့တော့..."
ချူးဟယ် အလွန် ဝမ်းသာသွားပြီး ချက်ချင်း အာမခံ ပြောဆိုလိုက်လေသည်။
"ဓမ္မမင်းကြီး စိတ်ချပါ... ကျွန်တော် ကျန်းချဲ့ကို သေချာပေါက် အနိုင်ယူပြီး အရင်တုန်းက အရှက်ကွဲခဲ့တာတွေကို ဆေးကြောပစ်မယ်... ကျွန်တော်တို့ မြင့်မြတ်တဲ့ ဂိုဏ်းတော်ရဲ့ ဩဇာအာဏာတွေကို ပြန်လည် မြှင့်တင်ပြမယ်..."
အခြားတစ်ဖက်တွင်တော့ သိုင်းလောက အတွင်း၌ တိတ်တဆိတ် ပေါက်ဖွားနေသော မုန်တိုင်း ကို ကျန်းချဲ့ လုံးဝ မသိရှိချေ။
သေချာသည်ကတော့ သိရှိခဲ့မည် ဆိုလျှင်တောင် မှ အများကြီး ဂရုစိုက်နေမည် မဟုတ်ချေ။
သူ ရှန်ရှန်းအဆင့်သို့ တက်လှမ်းကာ မဟာသိုင်းသခင်ကြီး တစ်ယောက် ဖြစ်လာသည့် သတင်းကို အစကတည်းက ဖုံးကွယ်ထားရန် လုံးဝ မစဉ်းစားခဲ့ချေ။
ယခု လက်ရှိ အခြေအနေ အရ သူသည် မိမိ၏ စွမ်းအားများကို အမြန်ဆုံး ထုတ်ဖော် ပြသရမည် သာဖြစ်သည်။ ဤသို့ဖြင့်သာ ယဇ်ပူဇော်ရန် အတွက် ဝိညာဉ်ရတနာ မျိုးစုံကို လုယူနိုင်မည့် လုံလောက်သော အရည်အချင်း ကို ပိုင်ဆိုင်နိုင်မည် ဖြစ်လေသည်။
ဤသို့ လုပ်ဆောင်ခြင်း ဖြင့်သာ တော်ဝင်နန်းတော် က သူ့ကို ပို၍ပင် အလေးထား လာစေမည် ဖြစ်လေသည်။
ကောင်းကင်နှင့်မြေကြီး နိမိတ်လက္ခဏာ ကိစ္စနှင့် ပတ်သက်၍ ကတော့ ယခင်ကတည်းက ချီကျန်းနန် နှင့် ချီထျန်းကျုံး တို့ နှစ်ယောက် အတူတကွ ရောက်လာပြီး သူ့ကို ချီမိသားစု၏ အစီအစဉ်များကို ပြောပြထားခဲ့လေသည်။
ကျန်းချဲ့ ကို အလွန်အမင်း ထင်ပေါ်ကျော်ကြား လာမည်ကို သူတို့ မလိုလားကြချေ။
နိမိတ်လက္ခဏာ လေးခု ဆိုသည်မှာ ရှေးခေတ်ကတည်းက အလွန် ရှားပါးလှသော ကိစ္စဖြစ်သည်။
အကယ်၍ ဤသတင်း သာ အပြင်သို့ ပျံ့နှံ့သွားပါက လောကတစ်ခွင်လုံး တုန်လှုပ်သွားစေမည် ဖြစ်ပြီး မလိုအပ်သော ပြဿနာ များကို ဖိတ်ခေါ်ရာ ရောက်မည် ဖြစ်သဖြင့် ဖုံးကွယ်ထားရန် လိုအပ်ကြောင်း ပြောပြခဲ့လေသည်။
ကျန်းချဲ့ အနေဖြင့် တစ်ခဏတာ အပျော်အပါး အတွက် ဤသတင်းကို လုံးဝ မပေါက်ကြား စေလိုကြောင်း တောင်းဆိုခဲ့လေသည်။
ဤကိစ္စအတွက် ကျန်းချဲ့ လည်း ဝမ်းသာအားရ ပင် လက်ခံ သဘောတူခဲ့လေသည်။
နိမိတ်လက္ခဏာ နှစ်ခု ဆိုသည် ကပင် သူ့ကို ထိပ်တန်း ပါရမီရှင် အဆင့်သို့ ရောက်ရှိစေရန် လုံလောက် နေလေပြီ။ နိမိတ်လက္ခဏာ လေးခု ဖြင့် သက်သေပြ နေရန် လုံးဝ မလိုအပ်ချေ။
မည်သို့ပင်ဆိုစေ သိုင်းပညာရှင် တစ်ယောက် အတွက် အရေးအကြီးဆုံး မှာ စွမ်းအား ပင်ဖြစ်သည်။
သူ သိုင်းသူတော်စင် ဖြစ်လာမည့် အချိန်ရောက်ပါက မည်သည့် နိမိတ်လက္ခဏာ မဆို အချည်းနှီး သက်သက် သာ ဖြစ်သွားမည် ပင်တည်း။
ကျန်းချဲ့ ခရီးရှည် နှင်ပြီးနောက် မြောက်ပိုင်း ချီမိသားစု သို့ ရောက်ရှိသွားချိန်တွင် ချီကျန်းနန် က သူ့ကို မက်မွန်ခြံ သို့ ချက်ချင်း ခေါ်ယူကာ လင်းကျန့်တောင် ၏ ကိစ္စကို ပြောပြလေသည်။
ကျန်းချဲ့ ရွှမ်လင် လျှို့ဝှက်နယ်မြေ ၏ အစီအရင် သော့ ကို ငှားရမ်းသည့် ကိစ္စနှင့် ပတ်သက်၍ လင်းကျန့်တောင် က လုံးဝ အခက်အခဲ မပေးခဲ့ချေ။
ဤကိစ္စကို ချင်းရှောင် ဓားသခင်မ ကျောက်ရှန်းကျီ ထံသို့ အပြည့်အဝ လွှဲပြောင်းပေးခဲ့လေသည်။
သူမ ကတော့ ကျန်းချဲ့ ကို ကိုယ်တိုင်ကိုယ်ကျ တွေ့ဆုံချင်နေလေသည်။
"သူမက ကျွန်တော့်ကို တွေ့ချင်တယ် ဟုတ်လား... ဘာဖြစ်လို့လဲ..."
ကျန်းချဲ့ ဤကိစ္စအတွက် အနည်းငယ် အံ့အားသင့်သွားရလေသည်။
သူနှင့် ကျောက်ရှန်းကျီ တို့ စုစုပေါင်း နှစ်ခါ သာ တွေ့ဆုံဖူးလေသည်။ တစ်ကြိမ်မှာ ရွှမ်လင် လျှို့ဝှက်နယ်မြေ တွင် ဖြစ်ပြီး နောက်တစ်ကြိမ် မှာ နဂါးကျား တာအိုဂိုဏ်း တွင် ဖြစ်လေသည်။ ထို နှစ်ကြိမ် တွေ့ဆုံမှု တွင်လည်း သူနှင့် တစ်ဖက်လူ တို့ အကြား ကြီးကြီးမားမား ပတ်သက်မှု လုံးဝ မရှိခဲ့ချေ။
ထို ဓားကိုင်သော မိန်းမပျို ကို သူ ကောင်းစွာ မှတ်မိနေသော်လည်း ရေကျဲကျဲ လို သာမန် ခင်မင်မှု မျိုးသာ ရှိလေသည်။
"ဒီကိစ္စကို ဦးလေးလည်း မသိဘူး... ဒါပေမဲ့ စဉ်းစားကြည့်ရသလောက် တစ်ခုခုတော့ ရှိလိမ့်မယ်..."
ချီကျန်းနန် က အဓိပ္ပာယ် မရှိသော စကား တစ်ခွန်းကို ပြောလိုက်လေသည်။
ကျန်းချဲ့ ခေါင်းညိတ်လိုက်လေသည်။
"ဒါဆိုရင်လည်း တွေ့ပြီးမှပဲ ဆက်ပြောကြတာပေါ့... သူမ ဘယ်မှာလဲ..."
"သူမက ရွှမ်လင် လျှို့ဝှက်နယ်မြေ အပြင်ဘက်ကနေ မင်းကို စောင့်နေလိမ့်မယ်... ကြည့်ရတာ အခုဆိုရင် ထွက်သွားလောက်ပြီ ထင်တယ်..."
"ကောင်းပြီလေ..."
"ဒီ ကျောက်ရှန်းကျီ က သာမန်လူ မဟုတ်ဘူး... မင်း သူ့ကို အထင်မသေးနဲ့... သူမက ဓမ္မရုပ်တု အဆင့်မှာပဲ ရှိသေးပေမဲ့ ဓမ္မရုပ်တု အဆင့်နဲ့ ယွမ်ရှန် အဆင့်ကို ယှဉ်ပြိုင် တိုက်ခိုက်နိုင်တဲ့ ရှားပါးတဲ့ အစွမ်းထက်သူ တစ်ယောက်ပဲ... သူမရဲ့ ဓားသိုင်း နတ်စွမ်းရည်တွေက အရမ်းကို ကြောက်စရာ ကောင်းတယ်..."
"လင်းကျန့်တောင် အတွင်းမှာ သူမက နောက်ထပ် ဂိုဏ်းချုပ် အဖြစ် အများက သတ်မှတ်ထားပြီးသားပဲ... ဒါပေမဲ့ မင်းလည်း အရမ်းကြီး စိုးရိမ် ပူပန် နေစရာ မလိုပါဘူး... လင်းကျန့်တောင်နဲ့ ငါတို့ မြောက်ပိုင်း ချီမိသားစုက တော်တော်လေး ရင်းနှီးတဲ့ ဆက်ဆံရေး ရှိတယ်... ကျောက်ရှန်းကျီ လည်း ငါတို့ ချီမိသားစုရဲ့ ကျေးဇူးကို ခံစားဖူးတယ်..."
"ရန်သူ မဟုတ်ဘဲ မိတ်ဆွေပဲ... မဟုတ်ရင် အရင်တုန်းက နဂါးကျား တာအိုဂိုဏ်းမှာ လာပြီး ကူညီ တိုက်ခိုက်ပေးမှာ မဟုတ်ဘူး... တကယ်လို့ သူမက မင်းဆီကနေ အကူအညီ တစ်ခုခု တောင်းလာရင် လွယ်ကူတဲ့ ကိစ္စ ဆိုရင်လည်း ကူညီပေးလိုက်ပေါ့... ဒါပေမဲ့ အရမ်း အန္တရာယ် များတယ် ဆိုရင်တော့..."
"တိုက်ရိုက် ငြင်းပစ်လိုက်ပါ... အစီအရင် သော့ တစ်ခုလေး အတွက်နဲ့ သက်စွန့်ဆံဖျား လုပ်စရာ မလိုဘူး... တကယ်လို့ သူမက ထုတ်မပေးချင်ဘူး ဆိုရင်တောင် ငါကိုယ်တိုင် လင်းကျန့်တောင်ကနေ ငှားလာပေးနိုင်ပါတယ်..."
ချီကျန်းနန် က အလွန် တည်ကြည် လေးနက်သော မျက်နှာထား ဖြင့် သတိပေး စကား ပြောကြားလိုက်လေသည်။
"ဦးလေး စိတ်ချပါ... ကျွန်တော် အခြေအနေကို ကောင်းကောင်း နားလည်ပါတယ်..."
ကျန်းချဲ့ ခေါင်းညိတ် လိုက်လေသည်။
ထို့နောက် ကျန်းချဲ့ သည် ချီကျန်းနန် ကို နှုတ်ဆက် ထွက်ခွာခဲ့ပြီး ကောင်းကင်ယံသို့ ပဲ့တင်ထပ်သွားသော နဂါးဟိန်းသံကြီး တစ်ချက် နှင့်အတူ မြေကြီးပေါ်မှ တဟုန်ထိုး ပျံတက်သွားလေသည်။
နဂါးပုံသဏ္ဌာန် စွမ်းအင်လှိုင်း တစ်ခု အဖြစ် ပြောင်းလဲသွားကာ သောင်းချီ မြင့်မားသော လေဟာနယ် အတွင်းသို့ တိုက်ရိုက် ဝင်ရောက် သွားပြီး တိမ်တိုက်များ အကြားတွင် ပျံသန်း သွားလေသည်။
ရွှမ်လင် လျှို့ဝှက်နယ်မြေ သို့ တိုက်ရိုက် ဦးတည် သွားလေတော့သည်။
ယွင်ပြည်နယ် နှင့် ယွဲ့ပြည်နယ် နယ်စပ် ဒေသ...
ကျန်းချဲ့ သည် နဂါးကို စီးနင်းလျက် ရောက်ရှိလာပြီး လေဟာနယ် တစ်ခုလုံး တုန်ခါသွားလေသည်။ အဝေးမှ လှမ်းကြည့်မည် ဆိုပါက အလွန် ကြီးမားလှသော အရှိန်အဝါကြီး ကို မြင်တွေ့ နိုင်လေသည်။
မတ်စောက်သော တောင်ထွတ် တစ်ခု အပေါ်တွင် လူရိပ် တစ်ခု ရပ်နေလေသည်။
အစိမ်းရောင် ဝတ်ရုံ ကို ဝတ်ဆင်ထားပြီး အလွန် ဆွဲဆောင်မှု ရှိသော ခန္ဓာကိုယ် ကောက်ကြောင်း ကို ပိုင်ဆိုင်ထားကာ တစ်ကိုယ်လုံး မှာ ထက်မြက်သော ဓားတစ်လက် အလား ချွန်ထက်သော အရှိန်အဝါ များ ထွက်ပေါ် နေလေသည်။
ထို နေရာ တွင် ရပ်နေသည့် ပုံစံ ကပင် ပြိုင်ဘက်ကင်း အလှတရား ကို ပိုင်ဆိုင် ထားသည့် အသွင် ဆောင်နေလေသည်။
ပထမဆုံး အကြိမ် တွေ့ဆုံခြင်း မဟုတ်သော်လည်း ကျန်းချဲ့ ၏ ရင်ထဲတွင် ကျောက်ရှန်းကျီ ၏ ပုံရိပ်မှာ အလွန် နက်ရှိုင်းစွာ စွဲထင် နေဆဲ ပင်ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ရှန်ရှန်းအဆင့် ရှိသော မဟာသိုင်းသခင်ကြီး များ ကိုယ်တိုင် ပင်လျှင် အလွန် ရှားပါးလှပြီး မိန်းမသား မဟာသိုင်းသခင်ကြီး များ ဆိုသည်မှာ ပို၍ပင် ရှားပါး လွန်းသောကြောင့် ပင်ဖြစ်သည်။
အထူးသဖြင့် ကျောက်ရှန်းကျီ ကဲ့သို့သော ပြိုင်ဘက်ကင်း တိုက်ခိုက်ရေး စွမ်းအား ရှိသည့် မဟာသိုင်းသခင်ကြီး မျိုး ဆိုလျှင် ပို၍ပင် ဆိုဖွယ်ရာ မရှိတော့ချေ။
နဂါးပုံသဏ္ဌာန် စွမ်းအင်လှိုင်း များ ဖြည်းညင်းစွာ ပျောက်ကွယ် သွားပြီးနောက် အနက်ရောင် ဝတ်ရုံ ကို ဝတ်ဆင် ထားကာ အလွန် ခန့်ညား ထည်ဝါသော ကျန်းချဲ့ သည် လေဟာနယ် ထက်မှ ဖြည်းညင်းစွာ ဆင်းသက် လာလေသည်။
ထို့နောက် ကျောက်ရှန်းကျီ ထံသို့ တစ်လှမ်းချင်း လျှောက်သွား လိုက်ပြီး ဆယ်ပေ ခန့် အကွာ သို့ ရောက်သောအခါ ရပ်တန့် လိုက်လေသည်။
"ရှန်းကျီ နတ်သမီး အကြာကြီး စောင့်နေရပြီလား..."
ယနေ့အချိန်တွင် ကျန်းချဲ့ သည် တစ်ဖက်လူ ကို စီနီယာ ဟု ခေါ်ဝေါ်ရန် လုံးဝ မလိုအပ် တော့ချေ။
နှစ်ဖက် စလုံး၏ အဆင့်အတန်း မှာ တန်းတူ ဖြစ်နေပြီ ဖြစ်ရာ ကျန်းချဲ့ သည် လည်း တန်းတူ ရင်ပေါင်တန်း နိုင်သော အနေအထား ဖြင့် သာ ကျောက်ရှန်းကျီ နှင့် ဆက်သွယ် ပြောဆို မည် ဖြစ်လေသည်။
ကျောက်ရှန်းကျီ ၏ မျက်လုံးများ လှုပ်ရှား သွားပြီး ကျန်းချဲ့ ၏ အပေါ်တွင် ရပ်တန့် သွားလေသည်။ နှုတ်ခမ်းထောင့် တွင် ခပ်ဖျော့ဖျော့ အပြုံး တစ်ခု ချိတ်ဆွဲ လိုက်ပြီး ပြောလိုက်လေသည်။
"တာအိုမိတ်ဆွေ ရှန်ရှန်းအဆင့်ကို တက်လှမ်းပြီး မဟာသိုင်းသခင်ကြီး တစ်ယောက် ဖြစ်လာတဲ့ အတွက် မဂုဏ်ပြုရသေးဘူးပဲ..."
"အခု ဂုဏ်ပြုလည်း အတူတူပါပဲ... ရှန်းကျီ နတ်သမီးက ဒီနေရာမှာ ကျုပ်ကို သီးသန့် လာစောင့်နေတာ ဘာကိစ္စများ ရှိလို့လဲ မသိဘူး..."
ကျန်းချဲ့ ကလည်း လုံးဝ အချိန်မဆွဲ တော့ဘဲ တိုက်ရိုက် ပင် မေးမြန်း လိုက်လေသည်။
ကျောက်ရှန်းကျီ က အချိန် အနည်းငယ် မျှ စဉ်းစား လိုက်ပြီး သော့ပြား ပုံသဏ္ဌာန် ရှိသော အစီအရင် သော့ ကို ကျန်းချဲ့ ထံသို့ ကမ်းပေး လိုက်လေသည်။
"အစီအရင် သော့ကိစ္စက ချီမိသားစုက လာငှားတာပါ... ကျမ ဒါကို အကြောင်းပြပြီး မင်းကို ခြိမ်းခြောက်မှာ မဟုတ်ပါဘူး... ဒီနေရာမှာ စောင့်နေတာက တာအိုမိတ်ဆွေကျန်း ကျမကို တစ်ဖက်တစ်လမ်းကနေ ကူညီပေးနိုင်မလားလို့ မျှော်လင့်မိလို့ပါ... ဒါပေမဲ့ ဒါက ကျမရဲ့ ကိုယ်ပိုင် တောင်းဆိုချက် သက်သက်ပါပဲ..."
အစီအရင် သော့ ကို လှမ်းယူ လိုက်ပြီးနောက် ကျန်းချဲ့ ၏ ရင်ထဲတွင် ကျောက်ရှန်းကျီ အပေါ် အမြင် ပိုမို ကောင်းမွန် သွားလေသည်။
ချက်ချင်း ပင် မေးလိုက်လေသည်။
"နတ်သမီး ပွင့်ပွင့်လင်းလင်းသာ ပြောပါ..."
ကျောက်ရှန်းကျီ က ကျန်းချဲ့ ကို အချိန် အနည်းငယ် မျှ စူးစိုက် ကြည့်ပြီးနောက် ကျောခိုင်း လိုက်ပြီး အလွန် ဆွဲဆောင်မှု ရှိသော ကျောပြင် ကိုသာ ကျန်းချဲ့ ဘက်သို့ ပြထား လိုက်လေသည်။
"အရင်နှစ်တွေတုန်းက ကျင့်ကြံခြင်းအဆင့် မြန်မြန် တိုးတက်စေချင်လို့ ကိုယ်ပိုင် ရုပ်ခန္ဓာရဲ့ အားသာချက်ကို အသုံးချပြီး ထိုက်ယင် ဝိညာဉ်စွမ်းအင် အများအပြားကို စုပ်ယူ ချေဖျက်ခဲ့တယ်... ကျင့်ကြံခြင်းအဆင့်က မြန်မြန်ဆန်ဆန် တိုးတက်လာခဲ့ပေမဲ့ အဲ့ဒီအတွက် လျှို့ဝှက် အန္တရာယ်တွေ ကျန်ရစ်ခဲ့တယ်..."
"ဒီကနေ့အထိ ကျမ ခန္ဓာကိုယ်ထဲမှာ ယင်နဲ့ ယန် အချိုးအစား မညီမျှဘူး ဖြစ်နေတယ်... ထိုက်ယင် ဝိညာဉ်စွမ်းအင်က အပေါ်စီးကနေ နေရာယူထားပြီး ယန် ဝိညာဉ်စွမ်းအင်ကတော့ အရမ်းကို အားနည်းနေတယ်... ယင်နဲ့ ယန် အချိုးအစား ညီမျှတဲ့ အခြေအနေကို လုံးဝ မရောက်နိုင်တော့လို့ ယွမ်ရှန် မီးကပ်ဘေးကို သွားရောက် ရင်ဆိုင်ဖို့ ကျမ လုံးဝ မဝံ့မရဲ ဖြစ်နေခဲ့ရတယ်..."
"အချိန်တွေ ကုန်ဆုံးလာတာနဲ့အမျှ တကယ်လို့ ကျမ ဆက်ပြီး အချိန်ဆွဲနေမယ်ဆိုရင် ကျင့်ကြံခြင်း လမ်းကြောင်း တစ်ခုလုံး လုံးဝ ပြတ်တောက်သွားလိမ့်မယ်... ဒါကြောင့် တာအိုမိတ်ဆွေကျန်းကို အကူအညီ တောင်းပြီး ယင်နဲ့ ယန် အချိုးအစား ညီမျှအောင် ကူညီပေးဖို့ မျှော်လင့်မိတာပါ..."
အကယ်၍ ကျန်းချဲ့ သာ ရွှမ်တန်အဆင့် တွင် ရှိနေသေးမည် ဆိုပါက သူမ လုံးဝ သွားရောက် အကူအညီ တောင်းမည် မဟုတ်ချေ။ ယခင် က နဂါးကျား တာအိုဂိုဏ်း တွင် ရှိနေစဉ် က အတိုင်း ပင်ဖြစ်သည်။
သို့သော် ယခုအခါ ကျန်းချဲ့ သည် ရှန်ရှန်းအဆင့် သို့ တက်လှမ်း သွားပြီ ဖြစ်ရာ သူမ ကို ကူညီ နိုင်စွမ်း ရှိနေပြီ ဖြစ်လေသည်။
ထို့ကြောင့် သေချာ ချိန်ဆ ကြည့်ပြီးနောက် ကျန်းချဲ့ ကို အကူအညီ တောင်းရန် ဆုံးဖြတ် ခဲ့ခြင်း ဖြစ်လေသည်။
"ယင် စွမ်းအင်တွေ အရမ်း များလွန်းနေလို့ ယင်နဲ့ ယန် အချိုးအစား မညီမျှတာ ဆိုတော့... ယန် စွမ်းအင် အချို့ကို ချေဖျက် စုပ်ယူလိုက်ရင် အချိုးအစား ညီမျှသွားနိုင်မလား..."
ကျန်းချဲ့ အချိန် အနည်းငယ် မျှ စဉ်းစား ပြီးနောက် ပြန်မေး လိုက်လေသည်။
ကျောက်ရှန်းကျီ ခေါင်းရမ်း လိုက်လေသည်။
"ကျမရဲ့ ရုပ်ခန္ဓာက အထူး ရုပ်ခန္ဓာ ဖြစ်ပြီး ထိုက်ယင်ကို ကိုယ်စားပြုတယ်... ယန် စွမ်းအင်က အပေါ်ယံကိုပဲ ညီမျှအောင် လုပ်ပေးနိုင်ပြီး ရောဂါ ဇာစ်မြစ်ကို လုံးဝ မကုသနိုင်ဘူး... ယန် စွမ်းအင်တွေကိုပဲ ဇွတ်မှိတ်ပြီး ချေဖျက်နေမယ်ဆိုရင် နောက်ဆုံးမှာ ယင်နဲ့ ယန် အချင်းချင်း ဆန့်ကျင်ပြီး ယွမ်ရှန် ပေါက်ကွဲကာ သေဆုံးရလိမ့်မယ်..."
"တာအိုမိတ်ဆွေက ဘာလို့ ကျုပ်ကို လာရှာရတာလဲ... ယင်ယန် မိစ္ဆာမီးတောက်ကြောင့် များလား..."
ကျန်းချဲ့ မိမိ ၏ စွမ်းရည် အချို့ ကို ပြန်လည် စဉ်းစား ကြည့်လိုက်ရာ ယင်ယန် မိစ္ဆာမီးတောက် နှင့် ချက်ချင်း ဆက်စပ် တွေးတော မိသွားလေသည်။
"မှန်ပါတယ်... မင်းက ယင်ယန် မိစ္ဆာမီးတောက်ကို သိမ်းပိုက်နိုင်ခဲ့တယ် ဆိုမှတော့ သေချာပေါက် ယင်နဲ့ ယန် ညီမျှစေတဲ့ နည်းလမ်း ရှိမှာပဲ... ဒါကြောင့် ကျမက..."
"ဒါက..."
ကျန်းချဲ့ မျက်မှောင်ကျုံ့ သွားလေသည်။ သူ ယင်ယန် မိစ္ဆာမီးတောက် ကို သိမ်းပိုက် နိုင်ခဲ့သည် မှာ အမှန် ပင်ဖြစ်သည်။
သို့သော် ပြဿနာ မှာ သူ ကိုယ်တိုင် လုပ်ဆောင် ခဲ့ခြင်း မဟုတ်ဘဲ ကောင်းကင်ယဇ်ပလ္လင် ကျောက်တိုင် ၏ အကူအညီ ကြောင့် သာ ဖြစ်လေသည်။
ယင် နှင့် ယန် ကို ညီမျှ စေသော နည်းလမ်း ကိုတော့ သူ အမှန်တကယ် ပင် နားမလည်ချေ။
ယခင် က ပိုမို ကြောက်စရာ ကောင်းသော ယင်ယန် မိစ္ဆာမီးတောက် ကို ချေဖျက် စဉ် က ထိုက်ကျိ ပုံသဏ္ဌာန် တစ်ခု ကို ဖန်တီး နိုင်ခဲ့ပြီး ထိုက်ယင် နှင့် ထိုက်ယန် ကို နောက်ထပ် အချိုးအစား ညီမျှ သော အခြေအနေ တစ်ခု သို့ ရောက်ရှိ စေခဲ့ခြင်း သာ ဖြစ်လေသည်။
အခြား သူကို ကူညီ ပေးရန် ဆိုသည် မှာတော့ သူ့တွင် နည်းလမ်း လည်း မရှိသလို စွမ်းရည် လည်း မရှိချေ။