← Chapters

အခန်း ၃၆၇

Vol. 37 Ch. 367

အခန်း ၃၆၇

Vol. 37 Ch. 367

အခန်း (၃၆၇) မိတ်ဟောင်းဆွေဟောင်းများ ပြန်လည်ရောက်ရှိလာခြင်း... ခမ်းနားကြီးကျယ်သော မင်္ဂလာပွဲကြီး စတင်ပြီ

သို့သော် ကျန်းချဲ့တွင် အမည်ပေးရာ၌ ပါရမီမပါလှချေ။

အချိန်အနည်းငယ်မျှ စဉ်းစားပြီးနောက် နဂါးစိမ်းကျန်းဟိုင်ကျင့်စဉ်နှင့် ရွှမ်ထျန်းနဂါးပြောင်းလဲခြင်းကျင့်စဉ်တို့ကို အခြေခံ၍ အမည်ပေးရန် ဆုံးဖြတ်လိုက်သည်။

"အထွတ်အထိပ်သူတော်စင် စစ်မှန်သောနဂါးကျင့်စဉ်"

၎င်းသည် သူပေးလိုက်သော အမည်ပင်ဖြစ်သည်။ သိပ်မထူးခြားလှသော်လည်း အတော်လေး ကိုက်ညီမှုရှိပေသည်။

အထွတ်အထိပ်သူတော်စင် ဆိုသော စကားလုံးနှစ်လုံးမှာ သိုင်းသူတော်စင်အဆင့်အထိ ကျင့်ကြံမည့် ရည်မှန်းချက်ဖြစ်သည်။ စစ်မှန်သောနဂါး ဆိုသည့် စကားလုံးနှစ်လုံးမှာ အခြားကျင့်စဉ်နှစ်ခုမှ ဆင်းသက်လာခြင်းဖြစ်သည်။

ယခုအခါတွင် သူသည် ရှန်ရှန်းအဆင့် နောက်ဆက်တွဲကျင့်စဉ်ကို ပေါင်းစပ်ဖန်တီးနိုင်ခဲ့ပြီ ဖြစ်သော်လည်း သူ၏ တစ်ကိုယ်လုံးရှိ ကျင့်ကြံခြင်းစွမ်းအားများကို အထွတ်အထိပ်သူတော်စင် စစ်မှန်သောနဂါးကျင့်စဉ် နှင့် တဖြည်းဖြည်း ပေါင်းစပ်သွားစေရန် လိုအပ်နေသေးသည်။ သို့သော် သူ၏ လက်ရှိရှိနေသော ကျင့်ကြံခြင်းအဆင့်အရ ဤအချိန်မှာ အများကြီး တိုတောင်းသွားမည်ဖြစ်သည်။

အချုပ်အားဖြင့်ဆိုရလျှင် ဤတစ်ကြိမ် ယဇ်ပူဇော်မှုအတွက် ကျန်းချဲ့ အလွန်အမင်း ကျေနပ်အားရနေလေသည်။

အကြောင်းမူကား ဤတစ်ကြိမ်တွင် ကျင့်စဉ်ကို ပေါင်းစပ်ဖန်တီးနိုင်ရုံသာမက သဘာဝတရားနှင့် တစ်သားတည်းဖြစ်တည်ခြင်း အဆင့်သို့ပါ ရောက်ရှိသွားစေခဲ့သောကြောင့် ပင်တည်း။

ဤအရာမှာ သာမန်လူများ နားလည်သဘောပေါက်နိုင်စွမ်းရှိသော အရာ လုံးဝမဟုတ်ကြောင်း သိထားသင့်သည်။ ကိုးဆယ်ရာခိုင်နှုန်းသော သူများမှာ ရှန်ရှန်းနောက်ပိုင်းအဆင့်ရှိ အရှင်သခင်များမှသာ နားလည်သဘောပေါက်နိုင်ပြီး စွမ်းအားကို တိုးတက်စေမှုမှာ အလွန် ကြီးမားလှပေသည်။

စိတ်နှလုံးသည် သဘာဝတရားနှင့် ပေါင်းစပ်သွားသလို ခန္ဓာကိုယ်သည်လည်း သဘာဝတရားနှင့် ပေါင်းစပ်သွားလေသည်။ ဤသည်မှာ ကျန်းချဲ့ ထိန်းချုပ်အသုံးပြုနိုင်မည့် သဘာဝတရားကြီး၏ စွမ်းအားများ ပိုမို အစွမ်းထက်လာမည်ကို ဆိုလိုခြင်းပင်ဖြစ်သည်။

ကျန်းချဲ့၏ ကိုယ်ပေါ်ရှိ တာအိုအရှိန်အဝါများ တဖြည်းဖြည်း ပျောက်ကွယ်သွားသောအခါ ချီရွှယ်မိစ္ဆာသခင်သည် လေဟာနယ်ကိုနင်းလျက် ကျန်းချဲ့၏ အနီးသို့ ဖြည်းညင်းစွာ ရောက်ရှိလာလေသည်။ အထက်အောက် သေချာစွာ စူးစမ်းအကဲခတ်ပြီးနောက် နောက်ဆုံးတွင်တော့ သည်းမခံနိုင်တော့ဘဲ မေးလိုက်လေသည်။

"မင်း... မင်းက သဘာဝတရားနဲ့ တစ်သားတည်း ဖြစ်သွားတာလားကွာ..."

ကျန်းချဲ့က ထိုစကားကို ကြားသောအခါ ခပ်ဖျော့ဖျော့ ပြုံးလိုက်လေသည်။

"စီနီယာရဲ့ မျက်စိက တကယ်ကို ထက်မြက်တာပဲ..."

ချီရွှယ်မိစ္ဆာသခင်၏ နှုတ်ခမ်းထောင့် အနည်းငယ် တွန့်ကွေးသွားပြီး စကားနှစ်ခွန်းသာ ထွက်ကျလာလေသည်။

"မဆိုးဘူး..."

ထိုသို့ပြောပြီးနောက် ဆက်မပြောတော့ဘဲ သွေးရောင်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ မိစ္ဆာဓားအတွင်းသို့ ဝင်ရောက်သွားလေတော့သည်။

ကျင့်ကြံခြင်းအဆင့်ကို အနည်းငယ် တည်ငြိမ်အောင် လုပ်ဆောင်ပြီးနောက် ကျန်းချဲ့သည် ဤနေရာတွင် ဆက်လက်နေထိုင်ခြင်း မရှိတော့ဘဲ ပေလင်ဒေသ ရှိရာသို့ ဦးတည်သွားလေတော့သည်။ သူသည် ယခုအခါ ယဇ်ပူဇော်မှု ပြီးဆုံးသွားပြီဖြစ်သော်လည်း လုပ်စရာရှိသည်များ အားလုံး ပြီးဆုံးသွားပြီဟု ဆိုလိုခြင်း မဟုတ်ချေ။

ရှေ့ဆက်၍ အထွတ်အထိပ်သူတော်စင် စစ်မှန်သောနဂါးကျင့်စဉ်ကို ကျင့်ကြံရန် အလုပ်များနေဦးမည်ဖြစ်ပြီး မင်္ဂလာပွဲ ကိစ္စရပ်များကိုလည်း စီစဉ်ရဦးမည်ဖြစ်သည်။ မင်္ဂလာကိစ္စနှင့် ပတ်သက်၍ မြောက်ပိုင်း ချီမိသားစုက အခြေခံအားဖြင့် အားလုံး တာဝန်ယူထားသော်လည်း သူက သတို့သားဖြစ်ရာ လူလုံးထွက်ပြရန်တော့ လိုအပ်ပေသည်။

ကျောက်ရှန်းကျီ၏ ကိစ္စကိုတော့ မင်္ဂလာပွဲ ပြီးဆုံးပြီးမှသာ လုပ်ဆောင်ရမည်ဖြစ်သည်။ ဓမ္မရုပ်တုအဆင့်အတွက် ယဇ်ပူဇော်မည့် ကိစ္စကိုလည်း မင်္ဂလာပွဲ ပြီးဆုံးပြီး ကျင့်စဉ် ပြောင်းလဲကျင့်ကြံမှု ပြီးစီးမှသာ ပြုလုပ်ရန် ပြင်ဆင်ထားလေသည်။ တစ်ချိန်တည်းမှာပင် မိမိကိုယ်ကိုယ်လည်း ရက်အနည်းငယ်ခန့် အနားပေးရန် တွေးထားလေသည်။

အချိန်သိပ်မကြာမီမှာပင် ကျန်းချဲ့သည် ချီမိသားစုသို့ ရောက်ရှိသွားလေသည်။

ချီကျန်းနန်က သူ့ကို မက်မွန်ခြံသို့ ခေါ်ယူကာ ခရီးစဉ် ချောမွေ့မှု ရှိမရှိ မေးမြန်းလေသည်။ ကျန်းချဲ့လည်း ဖုံးကွယ်ထားခြင်းမရှိဘဲ တစ်ဖက်လူ စိတ်အေးသွားစေရန် ရိုးရိုးရှင်းရှင်းပင် ဖြေကြားပေးလိုက်လေသည်။

"ဒီကိစ္စ ပြီးသွားပြီဆိုမှတော့ မင်းလည်း မင်္ဂလာပွဲအတွက် ပြင်ဆင်တော့လေ... နောက်ထပ် ခုနစ်ရက်ဆိုရင် မင်္ဂလာပွဲ ကျင်းပရတော့မယ်..."

ချီကျန်းနန်က တည်ကြည်စွာဖြင့် ပြောလိုက်လေသည်။

"ကောင်းပါပြီ..."

ရှေ့ဆက်မည့် ရက်အနည်းငယ် အချိန်သည် ကျန်းချဲ့ သိုင်းလောကသို့ ခြေချခဲ့ပြီးနောက်ပိုင်း အသက်သာဆုံးနှင့် အပျော်ရွှင်ဆုံး နေ့ရက်များပင် ဖြစ်လေသည်။ နေ့စဉ်နေ့တိုင်း မင်္ဂလာပွဲ ပြင်ဆင်မှုများကို မေးမြန်းခြင်းမှလွဲ၍ ကျန်အချိန်များတွင် ချီဝမ်ကျင်း၊ ချီနင်ပင်းတို့နှင့်အတူ ချစ်ကြည်နူးနေခဲ့လေသည်။

ချီမိသားစု ညီအစ်မနှစ်ယောက်၏ အပိုင်စားရရှိပြီးနောက် ကျန်းချဲ့သည်လည်း သဘာဝကျကျပင် သူတို့ကို အလကားမထားတော့ဘဲ မိမိ၏ နည်းလမ်းဖြင့် ညီအစ်မနှစ်ယောက် ကျင့်ကြံရာတွင် ကူညီပေးလေသည်။ သူ၏ ယခုလက်ရှိ ကျင့်ကြံခြင်းအဆင့်ဖြင့် နှစ်ကိုယ်တူ ကျင့်ကြံခြင်းကို ပြုလုပ်ရသည်မှာ သူတို့၏ ကျင့်ကြံခြင်းအဆင့်များ တိုးတက်လာစေရန် မိမိ၏ ကျင့်ကြံခြင်းကို အလဟဿ အကုန်ခံနေခြင်းနှင့် အတူတူပင်ဖြစ်သည်။

သေချာသည်ကတော့ ဤအရာက ကျန်းချဲ့အပေါ် ကြီးကြီးမားမား သက်ရောက်မှု မရှိချေ။ အကြောင်းမူကား သူ၏ ကျင့်ကြံခြင်းအဆင့်က အလွန်မြင့်မားနေပြီဖြစ်ရာ အနည်းငယ် ဆုံးရှုံးသွားလျှင်တောင်မှ လျင်မြန်စွာ ပြန်လည် ဖြည့်တင်းနိုင်စွမ်း ရှိသောကြောင့်ပင်ဖြစ်သည်။ ထို့အပြင် သူကိုယ်တိုင်ကလည်း ခက်ခက်ခဲဲခဲ ကျင့်ကြံနေရန် လုံးဝ မလိုအပ်တော့ချေ။

ပို၍ အရေးကြီးသည်မှာ ကျန်းချဲ့ ကျင့်ကြံခဲ့သော ဆက်စပ်နေသည့် ကျင့်စဉ်သုံးခုစလုံးတွင် တူညီသော အချက်တစ်ခု ရှိနေလေသည်။ ၎င်းမှာ ကျန်းချဲ့၏ ကိလေသာ ရမ္မက်ဆန္ဒများကို သာမန်လူများထက် ပိုမို ပြင်းပြစေခြင်း ပင်ဖြစ်သည်။ ဤအရာနှင့် ပတ်သက်၍ သူ ကောက်ချက်ချမိသည်မှာ 'နဂါးများ၏ သဘာဝသည် ကိလေသာ ရမ္မက်ကြီးမားသည်' ဟူ၍ပင်တည်း။

ဤအဆင့်အထိ ကျင့်ကြံလာရာတွင် နဂါးသွေးနှင့် ပတ်သက်သော ရတနာများစွာကို သူ ချေဖျက်စုပ်ယူခဲ့ပြီးဖြစ်ရာ သူ၏ ရုပ်ခန္ဓာမှာ အတွင်းမှ အပြင်သို့ ပြောင်းလဲသွားခဲ့လေပြီ။ ယခုအခါတွင် သူသည် ကျင့်စဉ်များကြောင့် အကျိုးကျေးဇူးများ ရရှိခဲ့သလို ၎င်းတို့၏ သက်ရောက်မှုများကိုလည်း ခံစားနေရလေသည်။

သို့သော် ယင်နှင့် ယန် ပေါင်းစပ်ခြင်းမှာ လူ့သဘာဝပင်ဖြစ်ရာ ကျန်းချဲ့ ကတော့ အများကြီး ဂရုမစိုက်နေချေ။

ကျန်းချဲ့က မိမိ၏ ကျင့်ကြံခြင်းအဆင့်ကို အနစ်နာခံကာ သူတို့ကို ကူညီကျင့်ကြံပေးသည့် ကိစ္စအပေါ် ချီဝမ်ကျင်းနှင့် ချီနင်ပင်းတို့ နှစ်ယောက်စလုံး အလွန်အမင်း ထိခိုက်ကြေကွဲခဲ့ကြပြီး ကျန်းချဲ့အပေါ် ပို၍ပင် နူးညံ့ကြင်နာလာကြလေသည်။

သို့သော် ကျန်းချဲ့က လူသုံးယောက် အတူတကွ တိုက်ပွဲဝင်ရန် တောင်းဆိုလာတိုင်း ချီဝမ်ကျင်းကတော့ လုံးဝ သနားညှာတာမှုမရှိဘဲ ငြင်းဆန်လေ့ရှိလေသည်။ ပြီးခဲ့သည့် တစ်ကြိမ် တိုက်ပွဲကို သူမ ထပ်မံ၍ မခံစားလိုတော့ချေ။ ကျင့်ကြံခြင်းက ပြဿနာမရှိသော်လည်း တစ်စုံတစ်ယောက်က စိုက်ကြည့်နေသည်ကိုတော့ သူမ လုံးဝ သည်းမခံနိုင်ချေ။

ချီနင်ပင်းက အဆက်မပြတ် ဖျောင်းဖျနေလျှင်တောင်မှ ချီဝမ်ကျင်း၏ စိတ်ကို လုံးဝ ပြောင်းလဲ၍ မရခဲ့ချေ။ ထို့ကြောင့် ကျန်းချဲ့သည် ချီဝမ်ကျင်း၏ အိပ်ဆောင်သို့ အရင်သွားရောက်ကာ ကျင့်ကြံပြီးနောက် ချီနင်ပင်း၏ အိပ်ဆောင်သို့ သွားရောက်ရကာ ဟိုဘက်ဒီဘက် ပြေးလွှားနေရလေတော့သည်။

ကျန်းချဲ့က ဝမ်ပင်းအိမ်တော်တွင် အချိန်အကြာကြီး နေထိုင်နေသည့် အခြေအနေကို ချီမိသားစု အတွင်း၌ အနည်းငယ် သဘောထားကွဲလွဲမှုများ ရှိနေသော်လည်း ကြီးမားသော လှိုင်းဂယက်များ ထလာခြင်းတော့ မရှိချေ။ ကျန်းချဲ့က ချီမိသားစု၏ အလှပန်းနှစ်ပွင့်စလုံးကို အတူတကွ လက်ထပ်မည်ဆိုသော သတင်းကို အပြင်လူများ မသိရှိကြသေးသော်လည်း ချီမိသားစုဝင် အားလုံးကတော့ သိရှိထားကြလေသည်။

အချို့က ဤကိစ္စကို မသင့်တော်ဟု ထင်မြင်ကြပြီး အကျင့်စာရိတ္တကို ထိခိုက်စေသည်ဟု ထင်မြင်ကြသော်လည်း ချီမိသားစု၏ အကြီးအကဲချုပ်နှင့် ဒုတိယအကြီးအကဲတို့၏ ပူးပေါင်း ဖိနှိပ်မှုအောက်တွင် မည်သူမျှ လူသိရှင်ကြား မကျေနပ်မှုကို မဖော်ပြရဲကြချေ။ မတတ်နိုင်ပေ၊ မည်သူက ကျန်းချဲ့ကို မွန်းတည့်နေမင်းအလား ထွန်းတောက်နေအောင် လုပ်ခဲ့သနည်း။

ပို၍ အရေးကြီးသည်မှာ ချီနင်ပင်း၊ ချီဝမ်ကျင်းနှင့် ချီမိသားစုခေါင်းဆောင် ချီကျန်းနန် ကိုယ်တိုင်ကပင် ဤကိစ္စကို တိတ်တဆိတ် သဘောတူထားပြီးဖြစ်ရာ မည်သူကများ ဒုက္ခသွားရှာရဲမည်နည်း။

"ခဲအို... နည်းနည်းလောက် ထပ်သည်းခံလိုက်ပါဦး... မင်္ဂလာပွဲ ပြီးသွားတဲ့အခါကျရင် ခဲအိုအတွက် ထပ်ပြီး ဖျောင်းဖျပေးပါ့မယ်နော်..."

ချီနင်ပင်းသည် ကျန်းချဲ့၏ ရင်ခွင်ထဲတွင် လှဲလျောင်းနေပြီး သူမ၏ ဆံပင်ရှည်လေး တစ်စုကို ယူကာ ကျန်းချဲ့၏ လက်မောင်းပေါ်တွင် ပွတ်သပ်နေလေသည်။ ကျန်းချဲ့က လူသုံးယောက် အတူတကွ နေရသည်ကို သဘောကျကြောင်း သူမ သိရှိထားပြီး သူမကိုယ်တိုင်လည်း မကန့်ကွက်သော်လည်း တစ်စုံတစ်ယောက်က သဘောမတူ၍သာ ဖြစ်လေသည်။

"ရပါတယ်လေ... ဝမ်ကျင်း သဘောမကျဘူး ဆိုရင်လည်း ထားလိုက်ပါ... ဟိုဘက်ဒီဘက် သွားရတာလောက်တော့ ပြဿနာမရှိပါဘူးကွာ..."

ကျန်းချဲ့က ပြုံးလိုက်လေသည်။ လူသုံးယောက် အတူတကွ နေရသည်ကို သူ အမှန်တကယ် သဘောကျသော်လည်း မရလျှင်လည်း အများကြီး ဂရုမစိုက်လှချေ။

"ဟီးဟီး... အခုမှ ညီမလေး ဘယ်လောက်ကောင်းလဲ ဆိုတာ သိပြီလား..."

ချီနင်ပင်းက ပါးစပ်ကိုအုပ်ကာ တခစ်ခစ် ရယ်မောလိုက်လေသည်။ ချီဝမ်ကျင်းနှင့် နှိုင်းယှဉ်ပါက သူမသည် ကျန်းချဲ့၏ တောင်းဆိုမှု မှန်သမျှကို လိုက်လျောပေးသူဟု ဆိုနိုင်လေသည်။ ထို့အပြင် သွက်လက်သော စရိုက်ရှိသဖြင့် တစ်ခါတစ်ရံတွင် သူမ၏ စိတ်ကူးများက ကျန်းချဲ့ထက်ပင် ပိုများနေသေးလေသည်။

ကိုယ်ပိုင် ကျင့်စဉ်တစ်ခုကိုပင် တီထွင်ဖန်တီးမည်ဟု ကြွေးကြော်ထားသေးလေသည်။

"နင်ပင်း ဆယ့်ကိုးကွက်" တဲ့။

ကျန်းချဲ့၏ ဆယ့်ရှစ်ကွက်ထက် တစ်ကွက် ပိုနေသေးလေသည်။

"ဒါပေါ့ကွာ... ကိုယ့်ရင်ထဲမှာတော့ မင်းက အမြဲတမ်း အကောင်းဆုံးပဲလေ..."

ကျန်းချဲ့က ဟားဟားဟဲဟဲ ရယ်မောလိုက်လေသည်။

"ညီမလေးကတော့ မယုံပါဘူးကွာ... အစ်မ ရှေ့ရောက်ရင်လည်း ခဲအိုက ဒီအတိုင်းပဲ ပြောမှာပဲ... ဒါပေမဲ့..."

"ဒါပေမဲ့ ဘာဖြစ်လဲ..."

ချီနင်ပင်းက ခေါင်းမော့ကာ မေးစေ့ကို ပင့်လိုက်လေသည်။

"ဘာပဲဖြစ်ဖြစ် ကျန်တာတွေကို ညီမလေး ဂရုမစိုက်ဘူး... ညီမလေးတို့ ညီအစ်မ နှစ်ယောက်က ခဲအို တရားဝင် မင်္ဂလာဆောင်ပြီး ခေါ်လာတာဆိုတော့ နောက်ပိုင်းကျရင် အစ်မက အကြီးဆုံးပဲ... ညီမလေးက ဒုတိယ အကြီးဆုံးပေါ့... နောက်မှ ဝင်လာမယ့် ညီမလေးတွေက အဆင့်အတန်း ဘယ်လောက်ပဲ မြင့်မြင့်... စွမ်းအား ဘယ်လောက်ပဲ ကြီးကြီး ညီမလေးတို့ နှစ်ယောက်ရဲ့ စကားကို နားထောင်ရမယ်နော်..."

"မင်းက ဘာစကားတွေ လျှောက်ပြောနေတာလဲ... မင်းရယ် ဝမ်ကျင်းရယ် ရှန်းရှန်းရယ် ကလွဲပြီး ကိုယ့်မှာ တခြား ဘယ်မိန်းမ ရှိလို့လဲ..."

ကျန်းချဲ့က ဟန်မပျက်ဘဲ မေးလိုက်လေသည်။

"ညီမလေးက အခုအကြောင်း ပြောနေတာ မဟုတ်ဘူးလေ... နောက်ပိုင်းအကြောင်းကို ပြောနေတာ..."

ချီနင်ပင်းက ခပ်ဖွဖွ နှာခေါင်းရှုံ့လိုက်လေသည်။ အမှန်တကယ်တော့ သူမ သိထားသလောက် ဆိုလျှင်ပင် သူတို့ သုံးယောက်တည်း မဟုတ်တော့ချေ။ ထိုက်အန်းဒေသ တွင် ကျူးသခင်မ ဆိုသူ တစ်ယောက် ရှိသေးသည် မဟုတ်ပါလော။

ထို့အပြင် နင်ဝမ် အိမ်တော်မှ မင်းသမီး တစ်ပါးလည်း ရှိသေးလေသည်။ သူမ ကိုယ်တိုင် သူတို့ အတူရှိနေသည်ကို မျက်မြင်ကိုယ်တွေ့ မမြင်ခဲ့ရသော်လည်း ရင်ထဲတွင်တော့ ကောင်းစွာ သဘောပေါက်နေလေပြီ။ သူမက ကျန်းချဲ့ကို သူတို့ ညီအစ်မ နှစ်ယောက်တည်းကိုသာ သီးသန့် ချစ်ခင်ပေးရန် မတောင်းဆိုသော်လည်း အဆင့်အတန်းနှင့် အမည်နာမ ကိုတော့ အရင်ဆုံး သတ်မှတ်ထားရမည်သာ ဖြစ်လေသည်။

သို့သော် ဤစကားများကို သူမ ပြောရန် မလွယ်ကူသလို ပြော၍လည်း မရနိုင်ချေ။

"ကောင်းပါပြီကွာ... အားလုံး မင်းသဘောပါပဲ..."

ကျန်းချဲ့က ပြုံးရင်း ချီနင်ပင်း၏ ဆံပင်ရှည်များကို ပွတ်သပ်ပေးလိုက်လေသည်။

ရယ်မော နောက်ပြောင်နေစဉ်မှာပင် ကျန်းချဲ့သည် တစ်စုံတစ်ရာကို အာရုံခံမိသွားသည့်အလား သိုလှောင်ကွင်း အတွင်းမှ ကျောက်စိမ်းပြား တစ်ခုကို ထုတ်ယူလိုက်လေသည်။ ၎င်းအထဲမှ ချီရှောက်ယန်၏ အသံ ထွက်ပေါ်လာလေသည်။

"ချီဆန်းကျား ချီမိသားစုကို ရောက်နေပြီ..."

ဤသည်မှာ အကွာအဝေးတို ဆက်သွယ်ရေး ကျောက်စိမ်းပြား ဖြစ်ပြီး အများကြီး တန်ဖိုးမကြီးလှချေ။ ကျန်းချဲ့၏ လက်ထဲတွင် အများအပြား သိမ်းဆည်းထားလေသည်။

"မင်း အရင် သေချာ အနားယူနေလိုက်ဦး... ကိုယ် အပြင် ခဏ သွားလိုက်ဦးမယ်..."

ထိုသို့ပြောပြီးနောက် ကျန်းချဲ့သည် အဝတ်အစားများ စတင် ဝတ်ဆင်လိုက်လေသည်။

"အင်း..."

ချီဆန်းကျားနှင့် ပတ်သက်၍ ကျန်းချဲ့သည် အမြဲတမ်း ကျေးဇူးတင် လေးစားမှုများ ရှိနေလေသည်။ တစ်ဖက်လူသည် သူ မကြီးထွားလာမီ အချိန်က သူ့ကို အများကြီး ကူညီပေးခဲ့ဖူးသူ ဖြစ်လေသည်။ ယခုအခါ ရာထူးအရဖြစ်စေ စွမ်းအားအရဖြစ်စေ သူ့ကို လုံးဝ မမီနိုင်တော့သော်လည်း ကျန်းချဲ့ကတော့ သူ့ကို ယဉ်ကျေးစွာပင် ဆက်ဆံနေဆဲ ဖြစ်လေသည်။

ချီဆန်းကျားနှင့် တူညီသော ဆက်ဆံရေးမျိုး ရှိသူမှာ လျိုကျစ် ပင်ဖြစ်သည်။ ကျန်းချဲ့၏ သိုင်းလောကမှ မိတ်ဆွေများမှာ မများလွန်းသလို မနည်းလွန်းသော်လည်း အများစုမှာ ခေါင်းညိတ် နှုတ်ဆက်ရုံ သက်သက်သာ ဖြစ်လေသည်။ သူ့ကို အလေးထားစေနိုင်သူ အမှန်တကယ် သိပ်မရှိသလို လေးစားပြီး ကျေးဇူးတင်ရသူ ဆိုလျှင် ပို၍ပင် ရှားပါးလွန်းလှပေသည်။

ဤလူနှစ်ယောက်မှာ ထိုအထဲမှ နှစ်ယောက် ပင်ဖြစ်သည်။

ယခုအခါ သူ၏ မင်္ဂလာပွဲ နီးကပ်လာပြီဖြစ်ရာ ဤလူနှစ်ယောက်သည်လည်း သူ မဖြစ်မနေ ဖိတ်ကြားရမည့် ဧည့်သည်တော်များထဲတွင် ပါဝင်လေသည်။

ကျန်းချဲ့ ချီရှောက်ယန်၏ ခြံဝင်းငယ်လေးဆီသို့ ရောက်ရှိသွားသောအခါ ချီဆန်းကျားနှင့် လျိုကျစ်တို့ နှစ်ယောက်စလုံး ထိုနေရာတွင် ရှိနေကြလေသည်။ ကျန်းချဲ့ ရောက်လာသည်ကို မြင်သောအခါ အားလုံး မတ်တတ်ထရပ်လိုက်ကြလေသည်။ သို့သော် သူတို့ အရင် စကားမစရသေးမီ ကျန်းချဲ့က အရင်ဆုံး လက်ယှက်ကာ အရိုအသေ ပေးလိုက်လေသည်။

"ကျုပ်တို့ကြားမှာ အများကြီး အားနာ ယဉ်ကျေးနေစရာ မလိုပါဘူးဗျာ... အရင်တုန်းက ခင်ဗျားတို့ နှစ်ယောက်ရဲ့ အစွမ်းကုန် ကူညီပေးမှုတွေသာ မရှိခဲ့ဘူးဆိုရင်... ဒီကနေ့ ကျန်းချဲ့ ဆိုတာလည်း ရှိလာမှာ မဟုတ်ပါဘူး... အရင်လို ပုံမှန်အတိုင်းပဲ နေကြတာပေါ့..."

ကျန်းချဲ့က သူတို့နှစ်ယောက်၏ အနည်းငယ် အနေရခက်နေမှုကို မြင်သောအခါ ချက်ချင်း ရှင်းပြလိုက်လေသည်။

"အားလုံးက ကိုယ့်လူတွေချည်းပါပဲ... အရမ်းကြီး ယဉ်ကျေးနေစရာ မလိုပါဘူးဗျာ... လာပါ ထိုင်ကြပါဦး..."

ချီရှောက်ယန်ကလည်း မတ်တတ်ထရပ်ကာ ချီဆန်းကျားတို့ နှစ်ယောက်ကို နေရာချထား ပေးလိုက်လေသည်။

ပို၍ အရှိန်အဝါ ကြီးမားလာသော ကျန်းချဲ့ကို ကြည့်ရင်း လျိုကျစ်နှင့် ချီဆန်းကျားတို့၏ မျက်ဝန်းများထဲတွင် ရင်သပ်ရှုမောဖွယ် ခံစားချက်များ ပြည့်နှက်နေလေသည်။ ယခင်က အကြိမ်ပေါင်းများစွာ ရင်သပ်ရှုမော ခဲ့ဖူးသော်လည်း ကျန်းချဲ့ကို မြင်ရတိုင်း အလိုအလျောက် ရင်သပ်ရှုမော နေမိဆဲ ပင်ဖြစ်သည်။

အရင်တုန်းက ကျန်းချဲ့ကို ကူညီခဲ့ခြင်းမှာ သူတို့ဘဝ တစ်သက်တာတွင် အမှန်ကန်ဆုံးသော ရွေးချယ်မှု ပင်ဖြစ်သည်ဟု ဆိုနိုင်ပေသည်။

ကျန်းချဲ့ကြောင့် လျိုကျစ် သည် အကျိုးကျေးဇူး အများအပြား ရရှိခဲ့ပြီး မွေးရာပါအဆင့် သို့ တက်လှမ်းနိုင်ရုံသာမက မြို့စား နေရာကိုပါ ရရှိခဲ့လေသည်။ ချီဆန်းကျား သည် ယခုအချိန်အထိ အကျိုးကျေးဇူး မရရှိသေးသော်လည်း ယခုအခါ ချီဟွမ်း၏ ရာထူးမှာ သူ့ကို မီသွားခဲ့လေပြီ။ ဤအရာများ အားလုံးမှာ ကျန်းချဲ့ ကြောင့်သာ ဖြစ်လေသည်။

သူတို့သည် ဤအချက်ကို ကောင်းစွာ သဘောပေါက် နားလည်ထားကြလေသည်။

ခြောက်လ ကြာပြီးနောက် ပြန်လည် တွေ့ဆုံရခြင်း ဖြစ်ရာ အမှန်တကယ်တော့ အချိန်အများကြီး ကွာဟသွားခြင်း မရှိသေးချေ။ သို့သော် မည်သူ့အမြင်တွင် မဆို အချိန်ကာလများ အလွန် လျင်မြန်စွာ ကုန်ဆုံးသွားသည့် အလား ခံစားနေရလေသည်။

ကျန်းချဲ့ကလည်း စကားစလိုက်ပြီး လျိုကျစ်၊ ချီဆန်းကျားတို့နှင့်အတူ အရင်က အကြောင်းအရာများကို ပြန်လည် ပြောဆိုနေလေသည်။ သူတို့၏ ကျင့်ကြံခြင်း စွမ်းအားများဖြင့် ကျင့်ကြံခြင်း အကြောင်းများနှင့် ယခုလက်ရှိ လောကကြီး၏ အခြေအနေများကို ပြောဆိုနေမည် ဆိုပါက သူတို့ကို ဆူးပေါ်ထိုင်နေရသလို ခံစားရစေမည် သာဖြစ်သည်။ ကျန်းချဲ့က သဘာဝကျကျပင် သူတို့ကို အလိုက်တသိ နေပေးလိုက်ခြင်း ဖြစ်လေသည်။

ဧည့်ခံပွဲတွင် ကျန်းချဲ့နှင့် ချီရှောက်ယန် တို့က သူတို့ကို အလွန် မြင့်မားသော အဆင့်အတန်းဖြင့် ဧည့်ခံခဲ့လေသည်။ ဤကိစ္စနှင့် ပတ်သက်၍ ချီမိသားစုဝင်များက မည်သည့် ပြဿနာမျှ မရှိဟု ထင်မြင်ကြလေသည်။

မည်သို့ပင်ဆိုစေ ကျေးဇူးသိတတ်ခြင်း ဆိုသည်မှာ မွန်မြတ်သော အကျင့်စာရိတ္တ တစ်ခု မဟုတ်ပါလော။ သူတို့ကိုယ်တိုင်လည်း ဤအချက်ကို အလွန် အလေးထားကြလေသည်။

ဧည့်ခံပွဲ ပြီးဆုံးသွားသောအခါ ချီဆန်းကျားက မိသားစု ကိစ္စအချို့ကို တင်ပြရန် ချီကျန်းနန် ထံသို့ သွားရောက်ခဲ့ပြီး လျိုကျစ် ကတော့ မထင်မှတ်ဘဲ ကျန်းချဲ့ကို ခေါ်ထားလိုက်လေသည်။

"မင်း ကျူးသခင်မကို မှတ်မိသေးလား..."

"ကျူးသခင်မလား..."

ကျန်းချဲ့ အနည်းငယ် ကြက်သေသေသွားပြီးနောက် ပြုံးရွှင်စွာ ခေါင်းညိတ်လိုက်လေသည်။

"ဘာလို့ ရုတ်တရက်ကြီး ဒီအကြောင်းကို ပြောလာရတာလဲ..."

လျိုကျစ် အချိန်အနည်းငယ်မျှ တွေဝေသွားပြီးနောက် တိုးညှင်းစွာ ပြောလိုက်လေသည်။

"ဒီကို မလာခင်တုန်းက ကျူးသခင်မက ငါ့ဆီကို ရောက်လာပြီး လက်ဆောင်တစ်ခု ပေးပို့လိုက်တယ်... မင်းရဲ့ မင်္ဂလာပွဲအတွက် ဂုဏ်ပြုပါတယ်တဲ့... ဒါပေမဲ့ သူမက မင်းကို ပြောပြဖို့တော့ မမှာလိုက်ပါဘူး... ငါက ဒီအတိုင်း သတိရလို့ ပြောပြရုံ သက်သက်ပါ..."

ပြောရင်းဆိုရင်း လျိုကျစ်က ကျန်းချဲ့ထံသို့ ယွမ်ကျောက်တုံး နှစ်တုံးကို ကမ်းပေးလိုက်လေသည်။

ယွမ်ကျောက်တုံး နှစ်တုံး ဆိုသည်မှာ ယနေ့အချိန်တွင် ကျန်းချဲ့အတွက် လုံးဝ အရေးမပါတော့သော်လည်း ကျူးသခင်မ အတွက်တော့ အလွန် အဖိုးတန်လှသော ကျင့်ကြံခြင်း အရင်းအမြစ် ပင်ဖြစ်သည်။ လက်ထဲရှိ ယွမ်ကျောက်တုံးများကို ကြည့်ရင်း ကျန်းချဲ့၏ အတွေးများကလည်း အတိတ်ဆီသို့ လွင့်မျောသွားလေသည်။

ကျူးသခင်မနှင့် သူ၏ ဆက်ဆံရေးမှာ မတော်တဆမှု တစ်ခုသာ ဖြစ်ကြောင်း သံသယဝင်စရာ မလိုချေ။ ကျန်းချဲ့ဖြစ်စေ ကျူးသခင်မဖြစ်စေ ထိုသို့ပင် ခံစားခဲ့ကြလေသည်။ ထို့ကြောင့်ပင် သူ ထျန်းနန်မြို့ သို့ ထွက်ခွာလာချိန်တွင် သူမ လိုက်မလာခဲ့ခြင်း ဖြစ်လေသည်။ ထိုအစား ကျန်းချဲ့နှင့် မျဉ်းသားကာ လမ်းခွဲခဲ့ခြင်း ပင်ဖြစ်သည်။

သို့သော် မည်သို့ပင်ဆိုစေ အရေပြားချင်း ထိတွေ့ခဲ့ဖူးသော မိန်းမတစ်ယောက် ဖြစ်ရာ ကျန်းချဲ့က ယွမ်ကျောက်တုံး နှစ်တုံးကို သိမ်းဆည်းလိုက်ပြီး လျိုကျစ်ကို ကြည့်ကာ ပြောလိုက်လေသည်။

"ပြန်ရောက်တဲ့အခါကျရင် ငါ့ကိုယ်စား သေချာလေး စောင့်ရှောက်ပေးလိုက်ပါဦးကွာ..."

"မင်း စိတ်ချပါ... ငါ နားလည်ပါတယ်..."

လျိုကျစ်က အလွန် တည်ကြည်လေးနက်သော မျက်နှာထားဖြင့် ပြောလိုက်လေသည်။ သူသည် ကျန်းချဲ့နှင့် ကျူးသခင်မ ကြားတွင် မည်ကဲ့သို့ ရင်းနှီးသော ဆက်ဆံရေး ရှိသည်ကို မသိသလို သိချင်စိတ်လည်း မရှိချေ။ သို့သော် ကျန်းချဲ့၏ စကားကိုတော့ သေချာပေါက် လက်တွေ့ အကောင်အထည် ဖော်ပေးမည်သာ ဖြစ်လေသည်။

မည်သို့ပင်ဆိုစေ အရင်က သူသည် ကျန်းချဲ့၏ ကျေးဇူးရှင် ဖြစ်ခဲ့သော်လည်း ယခုအခါတွင်တော့ ကျန်းချဲ့က သူ၏ ကျေးဇူးရှင် ပင်ဖြစ်နေလေပြီ။ ကျန်းချဲ့နှင့် ရင်းနှီးအောင် ပေါင်းသင်းထားခြင်းက သူတို့ လျိုမိသားစုကိုပင် အဆင့်အတန်း ပြောင်းလဲသွားစေနိုင်သည် ဟု ဆိုနိုင်ပေသည်။

အဆင့်အတန်း ကွာဟမှုများ ပိုမို ကြီးမားလာသည်နှင့်အမျှ သူနှင့် ကျန်းချဲ့ အကြားရှိ ဆက်ဆံရေးများလည်း ပိုမို အလှမ်းဝေးသွားမည်ကို လျိုကျစ် ကောင်းစွာ သိရှိထားလေသည်။ ကျန်းချဲ့သည် အစစ်အမှန် အစွမ်းထက်သူ တစ်ယောက် ဖြစ်လာခဲ့ပြီး နေ့စဉ် နေ့တိုင်း အလုပ်များပြား နေမည်သာ ဖြစ်လေသည်။ အသေးအဖွဲ ကိစ္စရပ်များကို လုံးဝ ဂရုစိုက်နိုင်မည် မဟုတ်ချေ။

အကယ်၍ သူသာ တည်ရှိမှုကို ပြသနိုင်မည့် အရာများကို မလုပ်ဆောင်ပါက သေချာပေါက် သူတို့၏ ရင်းနှီးမှုများ လည်း ထိန်းသိမ်းထားနိုင်တော့မည် မဟုတ်ချေ။

"မင်း ဒီတစ်ခေါက် ခရီးပန်းလာတာဆိုတော့ ချီမိသားစုမှာ သေချာ အနားယူလိုက်ဦး... မင်္ဂလာပွဲ ပြီးတဲ့အခါကျရင်လည်း ချက်ချင်း ပြန်မသွားနဲ့ဦးနော်... အဲ့ဒီအချိန်ကျရင် မင်းကို ပေးစရာလေး ရှိသေးတယ်..."

ကျန်းချဲ့က ခပ်ဖျော့ဖျော့ ပြုံးလျက် ပြောလိုက်လေသည်။

"ငါ့လက်ရှိ အရင်းအမြစ်တွေက တကယ်တော့ လုံလောက်နေပါပြီကွာ..."

"ဒါက စေတနာသက်သက်ပါ... သိပ်တန်ဖိုးကြီးတာ မဟုတ်ပါဘူး..."

"ကောင်းပြီလေ..."

စကားက ဤအထိ ရောက်လာပြီဖြစ်ရာ လျိုကျစ်လည်း ခေါင်းညိတ်ကာ လက်ခံလိုက်လေတော့သည်။

ရှေ့ဆက်မည့် ရက်အနည်းငယ် အတွင်း...

မင်္ဂလာပွဲ အတွက် အချိန်များ နီးကပ်လာသည်နှင့်အမျှ ချီမိသားစု တစ်ခုလုံး သာမက ပေလင်ဒေသ တစ်ခုလုံး ပင်လျှင် ဝမ်းသာပျော်ရွှင်ဖွယ် လေထုကြီး လွှမ်းခြုံနေလေသည်။ နေ့စဉ်နေ့တိုင်း အရပ်လေးမျက်နှာ မှ သိုင်းပညာရှင် များက ပေလင်ဒေသ သို့ အပြေးအလွှား ရောက်ရှိလာကြလေသည်။ ဤအထဲတွင် ရှန်ရှန်းနောက်ပိုင်းအဆင့် ရှိသော အရှင်သခင်များ ပင် ပါဝင်နေလေသည်။

ဤသည်မှာ ချီမိသားစု ၏ လူမှုဆက်ဆံရေး ကွန်ရက် အလုပ်လုပ်နေခြင်း ပင်ဖြစ်သည်။

သေချာသည်ကတော့ ကျန်းချဲ့၏ မိတ်ဆွေဟောင်း အချို့နှင့် လက်အောက်ငယ်သား များလည်း တစ်ယောက်ပြီး တစ်ယောက် ရောက်ရှိလာကြလေသည်။ ချီဟွမ်း ဦးဆောင်သော လက်အောက်ငယ်သားများက ကိုယ်စားလှယ် အချို့ကို စေလွှတ်ခဲ့ရာ ထိုအထဲတွင် ရှိခုန်း ဘုန်းကြီး လည်း ပါဝင်နေလေသည်။ ထိုအရာများအပြင် ယခင်က မျက်မှန်းတမ်းမိရုံ သိခဲ့ဖူးသော သိုင်းပညာရှင် များလည်း ရှိနေလေသည်။

နှိုင်းယှဉ် ကြည့်မည် ဆိုလျှင် မြောက်ပိုင်း ချီမိသားစု ၏ ဩဇာအာဏာ က ပိုမို ကြီးမားနေဆဲ ပင်ဖြစ်သည်။ သေချာသည် ကတော့ လူအများအပြား သည် အပြင်ပန်း အားဖြင့် မြောက်ပိုင်း ချီမိသားစု ကို အကြောင်းပြ၍ လာရောက် ကြသော်လည်း တကယ်တမ်း တွင်တော့ ကျန်းချဲ့ ကြောင့် သာ လာရောက် ကြခြင်း ဖြစ်လေသည်။

နိမိတ်လက္ခဏာ နှစ်ခုဖြင့် ယွမ်ယင်းတည်ဆောက် ခြင်း၊ သိုင်းလျှို့ဝှက်နယ်မြေ ပြိုင်ပွဲ ၏ နံပါတ်တစ် ဖြစ်ခြင်း၊ တော်ဝင်နန်းတော် ၏ သိုင်းအဆင့် သတ်မှတ်ချက် စာရင်း ၏ နံပါတ်တစ် ဖြစ်ခြင်း တို့ကြောင့် လူတိုင်း နီးပါးက ကျန်းချဲ့ သည် အနာဂတ် တွင် သိုင်းသူတော်စင် အဆင့်သို့ သေချာပေါက် တက်လှမ်း နိုင်မည် ဟု အတည်ပြု ထားကြလေသည်။ ယခုကတည်းက ပေါင်းသင်းထားခြင်းက နောက်ပိုင်းမှ ကပ်ဖားရပ်ဖား လုပ်ခြင်းထက် အများကြီး ပိုကောင်းသည် မဟုတ်ပါလော။

မိတ်ဆွေဟောင်း အချို့ အပြင် လုံးဝ မသိကျွမ်းဖူးသော သူများ ကလည်း လက်ဆောင်ပစ္စည်း များကို အသီးသီး ပေးပို့ လာကြလေသည်။ တာ့ကျိုး တော်ဝင် မိသားစု မှ မင်းသား အချို့ ပင်လျှင် လူကြုံဖြင့် လက်ဆောင်များ ပေးပို့ လာကြလေသည်။ အကြောင်းစုံ မသိသော သူများ ကိုပင် ယခုအခါ ကျန်းချဲ့ ၏ ဩဇာအာဏာများ ပိုပိုပြီး ကြီးမားလာပြီဟု တိတ်တဆိတ် သက်ပြင်းချ မိစေလေသည်။

သေချာသည်ကတော့ လာရောက်နိုင်သူများ ရှိသလို လာရောက်နိုင်ခြင်း မရှိသူများလည်း ရှိလေသည်။ ဥပမာအားဖြင့် လုကျဲ့ယွင် သည် မင်္ဂလာပွဲသို့ ကိုယ်တိုင်ကိုယ်ကျ လာရောက်ခြင်း မရှိဘဲ လူကြုံဖြင့်သာ လက်ဆောင်များ ပေးပို့ခဲ့လေသည်။

အကြောင်းအရင်းမှာ လွန်ခဲ့သော ရက်အနည်းငယ်က လုကျဲ့ယွင် သည် တံခါးပိတ် ကျင့်ကြံနေပြီ ဖြစ်သောကြောင့် ပင်ဖြစ်သည်။ ရှန်ရှန်းအဆင့်သို့ တက်လှမ်းရန် ပြင်ဆင်နေခြင်း ဖြစ်လေရာ ဤကိစ္စနှင့် ပတ်သက်၍ ကျန်းချဲ့ နားလည်ပေးနိုင်လေသည်။ တံခါးပိတ် ကျင့်ကြံခြင်းကသာ တကယ့် အရေးကြီးသော ကိစ္စဖြစ်သည်။ ၎င်းနှင့် နှိုင်းယှဉ်ပါက ကျန်အရာများ အားလုံးက ဘာမှ မဟုတ်တော့ချေ။

ဆူညံပွက်လောရိုက်ပြီး လူရှုပ်နေသော အချိန်များ မျက်တောင်တစ်ခတ် အတွင်းမှာပင် ခုနစ်ရက် အချိန် ကုန်ဆုံးသွားခဲ့လေပြီ။

ကျန်းချဲ့၏ မင်္ဂလာကျက်သရေ မင်္ဂလာနေ့ရက် ကိုလည်း ရောက်ရှိလာခဲ့လေတော့သည်။

All Chapters