← Chapters

အခန်း ၃၆၈

Vol. 37 Ch. 368

အခန်း ၃၆၈

Vol. 37 Ch. 368

အခန်း (၃၆၈) မင်္ဂလာဆောင်သည့်နေ့... ဆုချီးမြှင့်မည့် အချိန်

တာ့ကျိုးနိုင်ငံတော် ယွမ်ခန်း ဆယ့်နှစ်နှစ် ဆယ့်နှစ်လပိုင်း လဆန်းတစ်ရက်... မင်္ဂလာကျက်သရေနှင့် ပြည့်စုံသောနေ့ ထိမ်းမြားလက်ထပ်ရန် အလွန် သင့်တော်သောနေ့ ဖြစ်လေသည်။

မနက်ခင်း အရုဏ်တက်ချိန်မှ စ၍ မြောက်ပိုင်း ချီမိသားစု တစ်ခုလုံးသည် ဝမ်းသာပျော်ရွှင်ဖွယ် လေထုကြီး လွှမ်းခြုံနေလေသည်။

ကျန်းချဲ့သည် အနီရောင် မင်္ဂလာဝတ်ရုံကြီးကို ဆင်မြန်းထားပြီး ခေါင်းတွင် ဦးထုပ်ကို ဆောင်းကာ ခါးတွင် ကျောက်စိမ်းခါးပတ်ကို ပတ်ထားသဖြင့် အလွန် ခန့်ညားထည်ဝါသော အသွင်အပြင်ကို ဆောင်နေလေသည်။

မျက်နှာပေါ်တွင် ခပ်ဖျော့ဖျော့ အပြုံးများ ပေါ်လွင်နေပြီး အတွင်းဆောင်၌ မင်္ဂလာပွဲသို့ လာရောက်ကြသော သိုင်းပညာရှင်များနှင့် နှုတ်ဆက် စကားပြောဆိုနေလေသည်။

မြောက်ပိုင်း ချီမိသားစုက အရာအားလုံးကို တာဝန်ယူ စီစဉ်ပေးထားသဖြင့် ကျန်းချဲ့၏ မင်္ဂလာပွဲမှာ အတော်လေး ရိုးရှင်းသည်ဟု ဆိုရပေမည်။

အနည်းဆုံးတော့ သူ့အတွက် ထိုသို့ဖြစ်လေသည်။ မင်္ဂလာပွဲကို ချီမိသားစုက ပြင်ဆင်ပေးပြီး ဧည့်ခံကြိုဆိုမည့် လူများကိုလည်း ချီမိသားစုကပင် စီစဉ်ပေးထားလေသည်။

ကျန်းချဲ့၏ မင်္ဂလာဦးည အိပ်ဆောင်ကိုပင် မြောက်ပိုင်း ချီမိသားစု နယ်မြေအတွင်း၌ စီစဉ်ထားပေးလေသည်။

အကယ်၍ ကျန်းချဲ့သာ ယခုကဲ့သို့သော အဆင့်အတန်းနှင့် ဩဇာအာဏာမျိုး မရှိခဲ့လျှင် အပြင်လူများ အမြင်တွင် သူသည် ချီမိသားစုသို့ အိမ်ဝင် သမက်အဖြစ် ဝင်ရောက်သွားသည်နှင့် လုံးဝ ခြားနားခြင်း မရှိချေ။ သို့သော် သူကတော့ ပျော့ပျောင်းသော ထမင်းကို ကြမ်းတမ်းစွာ စားနိုင်သူ မျိုးဖြစ်လေသည်။

ချီမိသားစု၏ အကြီးအကဲချုပ် ချီထျန်းကျုံး... ဒုတိယ အကြီးအကဲ ချီထျန်းဟယ်... မိသားစုခေါင်းဆောင် ချီကျန်းနန် နှင့် မြောက်ပိုင်း ချီမိသားစု၏ မဟာသိုင်းသခင်ကြီး အားလုံးလိုလို မျက်နှာပေါ်တွင် အပြုံးများ အပြည့်အဝ ပေါ်လွင်နေပြီး ရောက်လာသမျှ တာအိုမိတ်ဆွေများကို ဝမ်းသာအားရ နှုတ်ဆက် ဧည့်ခံနေကြလေသည်။

မြောက်ပိုင်း ချီမိသားစု၏ ဝင်ပေါက် ကြီးတွင်လည်း ချီမိသားစု၏ သိုင်းသခင် တစ်ယောက်က လက်ဆောင် စာရင်းကို ကိုင်ဆောင်ကာ လူအများနှင့်အတူ အသံကျယ်ကျယ်ဖြင့် ကြေညာနေလေသည်။

"ထျန်းနန် ကောင်းမိသားစု... နှစ်ထောင်ချီ သက်တမ်းရှိတဲ့ အဖိုးတန် ဆေးပင် တစ်ပင်... ယွမ်ကျောက်တုံး ခြောက်ရာ... တပ်မှူးချုပ်ကျန်း ရဲ့ မင်္ဂလာပွဲအတွက် ဂုဏ်ပြုပါတယ်... ထာဝရ ရွှေလက်တွဲ မြဲပါစေ..."

"လင်ယွမ် ဝေ့မိသားစု... နှစ်ထောင်ချီ သက်တမ်းရှိတဲ့ ကျောက်စိမ်းရည် တစ်ပုလင်း... ဝိညာဉ်ဆေးပင် ဆယ်ပင်... တပ်မှူးချုပ်ကျန်း ရဲ့ မင်္ဂလာပွဲအတွက် ဂုဏ်ပြုပါတယ်... စိတ်နှလုံး နှစ်ပါး အမြဲတမ်း ပေါင်းစည်း နိုင်ပါစေ..."

"ယွဲ့ပြည်နယ် ဓားဂိုဏ်း... အဆင့်မြင့် ဓားအမြုတေ ဆယ်လုံး... ယွမ်ကျောက်တုံး ငါးရာ... တပ်မှူးချုပ်ကျန်း ရဲ့ မင်္ဂလာပွဲအတွက် ဂုဏ်ပြုပါတယ်..."

"လင်းကျန့်တောင်..."

အသံကျယ်ကျယ်ဖြင့် ကြေညာသံများက လေဟာနယ် တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားပြီး အရပ်လေးမျက်နှာသို့ လွင့်ပျံ့သွားလေသည်။

ကြားရသူတိုင်း၏ ရင်ထဲတွင် အလွန်အမင်း အားကျစိတ်များ ပေါက်ဖွားလာကြလေသည်။

မင်္ဂလာပွဲ တစ်ပွဲကပင် ကွာဟချက်ကို အပြည့်အဝ ပြသနေလေပြီ။ သာမန် မိသားစုများ၏ သခင်လေးများ မင်္ဂလာဆောင်လျှင် ဤမျှလောက် ကြီးကျယ်ခမ်းနားမှု မရှိနိုင်ချေ။ လက်ဆောင်လာပေးသူ များ၏ အဆင့်အတန်းများကို ကြည့်လိုက်လျှင် အားလုံးက ထိပ်တန်း အင်အားစုများချည်း သာဖြစ်လေသည်။

ဤမင်္ဂလာပွဲသို့ တက်ရောက်ခွင့် ရရန်အတွက် ရွှေအမြုတေအဆင့် ကျင့်ကြံခြင်း မရှိလျှင် လုံးဝ အရည်အချင်း မပြည့်မီချေ။

ချီမိသားစု သို့မဟုတ် ကျန်းချဲ့၏ ရင်းနှီးသော မိတ်ဆွေများမှလွဲ၍ ကျန်သူများအတွက် လုံးဝ အခွင့်အရေး မရှိချေ။

လာရောက် အားပေးသူ များမှာလည်း အလွန် များပြားလှပေသည်။

မနက်ခင်း လက်ဆောင်စာရင်း ဖတ်ချိန်မှ စ၍ ယခုအချိန်အထိ တစ်နာရီကျော် ကြာမြင့်နေပြီ ဖြစ်သော်လည်း လုံးဝ ရပ်တန့်သွားခြင်း မရှိသေးချေ။

အချို့ကတော့ ဤလက်ဆောင်ပစ္စည်းများကပင် အင်အားစုကြီး တစ်ခုကို အလွယ်တကူ တည်ထောင်နိုင်လောက်အောင် လုံလောက်နေပြီဟု တွေးတောမိကြလေသည်။

ဝေ့မိသားစု ခေါင်းဆောင် ကိုယ်တိုင်ကိုယ်ကျ လာရောက် ဧည့်ခံပြီး သူ၏ ဘေးတွင် ဝေ့မိသားစုဝင် အများအပြားလည်း လိုက်ပါလာကြလေသည်။

ထိုအထဲတွင် ဝေ့ကျွင်းကျဲ ၏ အကြည့်များမှာ အနည်းငယ် ထူးဆန်းနေပြီး အရပ်လေးမျက်နှာသို့ လှည့်လည် ကြည့်ရှုကာ တစ်စုံတစ်ခုကို ရှာဖွေနေသည့် အလား ပင်ဖြစ်သည်။

သို့သော် အချိန်အကြာကြီး ရှာဖွေပြီးနောက် မည်သည့်အရာမျှ မတွေ့ရသောအခါ သူ၏ မျက်ဝန်းများမှာ ချက်ချင်း မှေးမှိန်သွားရလေသည်။

နင်ဝမ် အိမ်တော်မှ လူများလည်း ရောက်ရှိလာကြလေသည်။ နင်ဝမ်၏ သားတော် ကျီချန်ချင်း နှင့် နင်ကတော် ဝေ့ယိုရုံ တို့ နှစ်ယောက်စလုံး မင်္ဂလာပွဲသို့ တက်ရောက်လာကြလေသည်။ အခြားသူများနှင့် နှိုင်းယှဉ်ပါက သူတို့ နှစ်ယောက်၏ ရင်ထဲတွင် အလွန် ရှုပ်ထွေးသော ခံစားချက်များ ပြည့်နှက်နေလေသည်။

ကျီချန်ချင်း သည် ကျန်းချဲ့နှင့် သူ၏ မိခင်တို့ ကြားတွင် သာမန်မဟုတ်သော ဆက်ဆံရေးများ ရှိနေကြောင်းကို သိရှိထားသော်လည်း ၎င်းမှာ လူသိရှင်ကြား ထုတ်ဖော်ပြောဆို၍ မရသော ဆက်ဆံရေး တစ်ခု ဖြစ်လေသည်။ ထို့ကြောင့် သူ၏ အဆင့်အတန်းမှာ အလွန် အနေရခက်သော အခြေအနေ သို့ ရောက်ရှိသွားသော်လည်း ကျန်းချဲ့က ဖိတ်စာ ပေးပို့လာရာ သူတို့ အနေဖြင့် မလာဘဲ နေ၍ လည်း မဖြစ်ချေ။

နင်ကတော် လည်း ထိုနည်းတူပင် ဖြစ်သည်။ သူမသည် အစကတည်းက လာရောက်ရန် ဆန္ဒမရှိခဲ့ချေ။ ကျန်းချဲ့ အခြား မိန်းမများနှင့် မင်္ဂလာဆောင်သည်ကို သူမ လုံးဝ မမြင်တွေ့လိုချေ။ အစပိုင်းတွင် ကျန်းချဲ့၏ အတင်းအကျပ် အကျပ်ကိုင်မှုကြောင့် အလျော့ပေးခဲ့ရသော်လည်း...

အကြိမ်ပေါင်းများစွာ တွေ့ဆုံပြီးနောက် သူမ ကိုယ်တိုင်လည်း ကျန်းချဲ့ အပေါ်တွင် ထူးဆန်းသော ခံစားချက်များ ပေါက်ဖွားလာခဲ့ကြောင်း ဝန်ခံရမည်သာ ဖြစ်လေသည်။ ချစ်ခြင်းမေတ္တာ... ကျေးဇူးတင်မှု... နာကျင်မှု များနှင့် အနည်းငယ်သော သာယာမှုများ လည်း ရောယှက် နေလေသည်။

သို့သော် နင်ကတော် သည် သာမန် အမျိုးသမီး တစ်ယောက် မဟုတ်ရာ သူမ၏ ရင်ထဲတွင် ခံစားချက်များ မည်မျှပင် ရှုပ်ထွေးနေပါစေ အပြင်ပန်းတွင် လုံးဝ မပေါ်လွင်စေဘဲ ချီမိသားစုဝင် များနှင့် နှုတ်ဆက် စကားပြောပြီးနောက် လူသူကင်းမဲ့သော နေရာတစ်ခုကို ရှာဖွေကာ ဝင်ထိုင်လိုက်လေသည်။

ဝေ့ကျွင်းကျဲ သည် ဤသည်ကို မြင်သောအခါ အလျင်အမြန် ရှေ့တိုးသွားပြီး သူတို့နှင့် အတူတကွ ဝင်ထိုင်ကာ စကားစမြည် ပြောဆိုနေလေသည်။

"အစ်ကိုဝမ်းကွဲ... အစ်ကိုက ဘယ်လိုလုပ် ရောက်လာတာလဲ..."

ကျီချန်ချင်း က အနည်းငယ် အံ့အားသင့်စွာဖြင့် မေးလိုက်လေသည်။

"ငါနဲ့ ကျန်းချဲ့က တော်တော်လေး ရင်းနှီးတဲ့ ဆက်ဆံရေး ရှိတယ်လေ... ဘာလို့ လာလို့ မရရမှာလဲ..."

ဝေ့ကျွင်းကျဲ က ခပ်ဖျော့ဖျော့ ပြုံးလျက် ပြန်ဖြေလိုက်လေသည်။

"အစ်ကိုဝမ်းကွဲ... အစ်ကို့ ရင်ထဲမှာ မကျေမနပ် ဖြစ်နေတာတွေကို ငါ နားလည်ပါတယ်... ဒါပေမဲ့ ဒီနေရာက ချီမိသားစု နယ်မြေနော်... ပြီးတော့ ကျန်းချဲ့ရဲ့ မင်္ဂလာပွဲ နေ့လည်း ဖြစ်နေတယ်... အစ်ကို အရူးလုပ်ဖို့တော့ မစဉ်းစားနဲ့နော်..."

ကျီချန်ချင်း သည် ဝေ့ကျွင်းကျဲ က ချီနင်ပင်း အပေါ် အလွန် သံယောဇဉ် ကြီးမားနေကြောင်းကို သိရှိထားသဖြင့် အလျင်အမြန် သတိပေးလိုက်လေသည်။

ဝေ့ကျွင်းကျဲ ကြောင့် ကျန်းချဲ့ ဒေါသထွက်လာမည်ကို သူ လုံးဝ မလိုလားချေ။

"ငါက ဘာတွေများ အရူးလုပ်ဖို့ စဉ်းစားနေလို့လဲ... ငါက ဒီတိုင်း သက်သက် လာကြည့်ရုံလေးပါ... မင်း အရမ်းကြီး စိုးရိမ်မနေပါနဲ့... ငါနဲ့ ကျန်းချဲ့ရဲ့ ကွာဟချက်က ဘယ်လောက် ကြီးမားလဲ ဆိုတာ ငါ ကောင်းကောင်း နားလည်ထားပြီးသားပါ... လက်တွေ့ အခြေအနေကို ငါ လက်ခံပြီးသားပါ..."

ဝေ့ကျွင်းကျဲ က ကျီချန်ချင်း ကို ရယ်စရာ အဖြစ် ကြည့်ကာ ပြောလိုက်လေသည်။

အကြိမ်ပေါင်းများစွာ ရိုက်နှက် ဆုံးမခံရပြီးနောက် သူသည် ယခင်က ဝေ့ကျွင်းကျဲ လုံးဝ မဟုတ်တော့ချေ။

"ဒါဆိုရင်လည်း တော်သေးတာပေါ့..."

အခြား တစ်ဖက်တွင်တော့...

ကျောက်ရှန်းကျီ... ကျောက်ယွမ်မင် နှင့် လင်းကျန့်တောင် မှ အကြီးအကဲ အချို့လည်း အတူတကွ ရောက်ရှိလာကြပြီး ချီမိသားစုဝင် များနှင့် နှုတ်ဆက် စကားပြောဆို နေကြလေသည်။ ကျန်းချဲ့၏ အကူအညီများအတွက် ကျေးဇူးတင်သော အားဖြင့် လင်းကျန့်တောင် မှ လက်ဆောင် ပေးပို့သည် သာမက သူမ ကိုယ်တိုင်လည်း အလွန် တန်ဖိုးကြီးမားသော လက်ဆောင် တစ်ခုကို ပေးပို့ခဲ့လေသည်။

ကျန်းချဲ့၏ အကူအညီ အပေါ် သူမ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်နေမိလေသည်။

ထျန်းနန် ကောင်းမိသားစု... လင်ယွမ် ဝေ့မိသားစု များ အပြင် ကျန်းချဲ့ နှင့် ချီမိသားစု က ဖိတ်စာ မပို့ခဲ့သော နန်ကျန်း မြို့စား အိမ်တော် မှ လူများလည်း လက်ဆောင် ပေးပို့ လာကြလေသည်။ ပတ်ဝန်းကျင် ပြည်နယ် အတော်များများမှ အင်အားစု အများအပြား လည်း လက်ဆောင်များ ကိုယ်စီ ယူဆောင် လာကြလေသည်။

ကျန်းချဲ့ ကို မျက်နှာသာ မပေးချင်လျှင်တောင်မှ မြောက်ပိုင်း ချီမိသားစု ၏ မျက်နှာကိုတော့ သေချာပေါက် ထောက်ထားရမည် မဟုတ်ပါလော။

ဧည့်သည်တော်များ အားလုံး သတ်မှတ်ထားသော နေရာများတွင် အသီးသီး နေရာယူ ကြပြီး မင်္ဂလာပွဲ စတင်မည့် အချိန်ကို စောင့်ဆိုင်း နေကြလေသည်။ လျိုကျစ်... ချီဆန်းကျား နှင့် အခြားသော သူများမှာ ကျင့်ကြံခြင်း အဆင့် မမြင့်မား သော်လည်း အလယ်အလတ် နေရာများတွင် နေရာချထားခြင်း ခံရလေသည်။

သူတို့ အားလုံးက ကျန်းချဲ့ ၏ ဂုဏ်သိက္ခာကို မထိခိုက်စေရန် အလွန် သတိထားပြီး ယဉ်ကျေးစွာ နေထိုင်နေကြလေသည်။ မည်သို့ပင်ဆိုစေ သူတို့၏ ဘေးတွင် ရှိနေသော ဧည့်သည်တော် တစ်ယောက်ချင်းစီ သည် သူတို့ လုံးဝ ရန်စ၍ မရသော အစွမ်းထက် သူများချည်း သာ ဖြစ်ကြလေသည်။

ယခုအချိန်တွင်... ဝမ်ပင်း အိမ်တော် အတွင်း...

ချီဝမ်ကျင်း နှင့် ချီနင်ပင်း တို့ နှစ်ယောက်စလုံး သည် အနီရောင် မင်္ဂလာ ဝတ်စုံကို ဆင်မြန်းထားကြပြီး အလွန် လှပ ကျက်သရေ ရှိနေကြလေသည်။ တူညီသော မျက်နှာပေါက်များ ရှိသော်လည်း မတူညီသော ဆွဲဆောင်မှု များကို ကိုယ်စီ ပိုင်ဆိုင် ထားကြလေသည်။ နှုတ်ခမ်းနီ လေးများ ဆိုးထားသဖြင့် ပို၍ပင် လှပနေပြီး ကြယ်ပွင့်လေးများ အလား တောက်ပနေသော မျက်ဝန်းများ ထဲတွင် အလွန် ဝမ်းသာပျော်ရွှင် နေသော အပြုံးများ ပေါ်လွင် နေလေသည်။

သူမတို့၏ ဘေးတွင် အစေခံ မိန်းကလေးများက အဝတ်အစား များကို ပြင်ဆင် ပေးနေကြလေသည်။

ဟွမ်ရှန်းရှန်း လည်း သူမတို့၏ အနောက်ဘက် တွင် ရပ်နေပြီး အစိမ်းရောင် ဂါဝန်လေး ကို ဝတ်ဆင် ထားကာ မှန်ထဲရှိ လှပသော သတို့သမီး နှစ်ယောက်ကို ကြည့်ရင်း မျက်ဝန်းများထဲတွင် အားကျစိတ်များ အပြည့်အဝ ပေါ်လွင် နေလေသည်။

ဤကဲ့သို့သော အခြေအနေမျိုးကို သူမကိုယ်တိုင်လည်း ကြုံတွေ့ ခဲ့ဖူးလေသည်။

သို့သော် ထိုအချိန်က ကျန်းချဲ့ နှင့် မင်္ဂလာဆောင်ခဲ့ခြင်း မဟုတ်ဘဲ လုမိသားစု ၏ သခင်လေး လုဖျင်ကျိုး နှင့် မင်္ဂလာဆောင် ခဲ့ခြင်း ဖြစ်လေသည်။ နောက်ပိုင်းတွင် ကျန်းချဲ့ က သူမကို ဒုက္ခတွင်း ထဲမှ ကယ်တင်ပေးခဲ့ သော်လည်း ဤအရာက သူမ၏ ရင်ထဲတွင် ထာဝရ နောင်တ တစ်ခု ဖြစ်နေဆဲ ပင်ဖြစ်သည်။

အကြောင်းမူကား သူမ သည် သူမ ချစ်ရသော အမျိုးသား နှင့် ဤကဲ့သို့ တရားဝင် မင်္ဂလာပွဲမျိုး လုံးဝ ဆင်နွှဲနိုင်မည် မဟုတ်ကြောင်းကို သူမ ကောင်းစွာ သိရှိထားသောကြောင့် ပင်ဖြစ်သည်။

အဆင့်အတန်း ကွာဟမှု ကြောင့် သာမက သူမ သည် အခြား အမျိုးသား တစ်ယောက် နှင့် မင်္ဂလာဆောင် ဖူးသော အမျိုးသမီး တစ်ယောက် ဖြစ်နေသောကြောင့် ပင်ဖြစ်သည်။ အကယ်၍ ကျန်းချဲ့ သာ သူမ နှင့် တရားဝင် မင်္ဂလာဆောင် မည်ဆိုပါက သူ့ကိုယ်သူ အရှက်ခွဲ သလို ပင် ဖြစ်သွားမည် ဖြစ်လေသည်။ ထို့ကြောင့် ဤကိစ္စကို သူမ လုံးဝ မမျှော်လင့် ရဲခဲ့ချေ။

သို့သော် ချီနင်ပင်း ၏ မျက်နှာပေါ်ရှိ အပြုံးများကို ကြည့်ရင်း သူမ ၏ ရင်ထဲတွင် အားကျစိတ်များ ကတော့ အလိုအလျောက် ပေါက်ဖွား လာရမြဲ ပင်ဖြစ်သည်။

သူမ လည်း ဤကဲ့သို့ မိမိ ချစ်ရသော အမျိုးသား နှင့် တရားဝင် မင်္ဂလာဆောင် ချင်မိလေသည်။

ချီနင်ပင်း သည် ဟွမ်ရှန်းရှန်း ၏ မျက်နှာပေါ်ရှိ ရှုပ်ထွေးသော အမူအရာ များကို မြင်လိုက်ရသောအခါ သူမ၏ လက်ကို ဖမ်းဆုပ် လိုက်ပြီး အနည်းငယ် တွေဝေစွာ ဖြင့် ပြောလိုက်လေသည်။

"ရှန်းရှန်း... ငါ..."

"မင်္ဂလာပွဲ နေ့မှာ စိတ်မချမ်းသာ စရာတွေ မပြောပါနဲ့..."

ချီနင်ပင်း နှုတ်ခမ်းကို ကိုက်လိုက်ပြီး ဆက်မပြောတော့ချေ။

ချီဝမ်ကျင်း ကတော့ အရှေ့ကိုသာ မလွှဲတမ်း စိုက်ကြည့် နေပြီး ဘာမှ ဝင်ရောက် မပြောဆိုချေ။ အမှန်တကယ်တော့ ချီနင်ပင်း နှင့် ဟွမ်ရှန်းရှန်း တို့ အကြားရှိ ရင်းနှီးမှု မျိုး သူမ နှင့် ဟွမ်ရှန်းရှန်း ကြားတွင် မရှိချေ။ သူမတို့ နှစ်ယောက်၏ ဆက်ဆံရေး မှာ အတော်လေး သာမန်မျှသာ ဖြစ်လေသည်။ အလွန် နက်ရှိုင်းသော ညီအစ်မ သံယောဇဉ် မျိုး လုံးဝ မရှိခဲ့ချေ။

မွန်းတည့် အချိန် သို့ ရောက်ရှိလာသောအခါ...

ကျန်းချဲ့ သည် အနီရောင် မင်္ဂလာဝတ်ရုံ ကြီးကို ဝတ်ဆင်ကာ ဝမ်ပင်း အိမ်တော် ၏ အောက်ဘက် တွင် ရပ်နေလေသည်။ သူ၏ ဘေးတွင် လူငယ် သိုင်းပညာရှင် အချို့လည်း ရပ်နေကြလေသည်။ ချီဝမ်ကျင်း နှင့် ချီနင်ပင်း တို့ သည် အစီအစဉ် အတိုင်း အိမ်တော် အပေါ်ထပ် မှ ဆင်းသက်လာကြပြီး ကျန်းချဲ့ ၏ အရှေ့တွင် ရပ်လိုက်ကြလေသည်။

ချက်ချင်း ပင် တစ်စုံတစ်ယောက် က အနီရောင် ပိုးသားကြိုး တစ်ခုကို လာရောက် ပေးအပ်လေသည်။

ချီဝမ်ကျင်း နှင့် ချီနင်ပင်း တို့က ပိုးသားကြိုး ၏ တစ်ဖက်တစ်ချက် ကို ကိုင်ထားလိုက်ကြပြီး ကျန်းချဲ့ ကတော့ အလယ်တည့်တည့် တွင် ကိုင်ထားလိုက်လေသည်။ မျက်နှာပေါ်တွင် ခပ်ဖျော့ဖျော့ အပြုံးများ ပေါ်လွင်နေပြီး ချီနင်ပင်း က သူ့ကို မျက်စိ တစ်ဖက် မှိတ်ပြ လိုက်လေသည်။

ချီဝမ်ကျင်း ၏ မျက်နှာ ပေါ်တွင်တော့ အနည်းငယ် ရှက်သွေးဖြာ နေသော အမူအရာများ ပေါ်လွင် နေလေသည်။

ဟွမ်ရှန်းရှန်း ကတော့ လူအုပ်ကြီး ၏ အနောက်ဘက် တွင် ရပ်နေပြီး မျက်နှာပေါ်တွင် ဝမ်းနည်း ကြေကွဲ နေသော အမူအရာများ ပေါ်လွင် နေလေသည်။

"သွားကြရအောင်လေ..."

ကျန်းချဲ့ က ပြုံးလျက် မေးလိုက်လေသည်။

"အင်း..."

"အင်း..."

ချီနင်ပင်း နှင့် ချီဝမ်ကျင်း တို့ နှစ်ယောက်စလုံး ခေါင်းညိတ် လိုက်ကြလေသည်။

ချက်ချင်း ပင် အရှေ့ဘက် မှနေ၍ မင်္ဂလာ တီးဝိုင်း များ၏ တီးခတ်သံ များ ထွက်ပေါ် လာလေသည်။ လေဟာနယ် ထက်တွင် ရွှေရောင် အလင်းတန်း များဖြင့် ဖန်တီးထားသော လမ်းမကြီး တစ်ခု ဖြည်းညင်းစွာ ထွက်ပေါ်လာပြီး ကျန်းချဲ့ တို့ သုံးယောက် ထို လမ်းမကြီး ပေါ်သို့ ခြေချ လိုက်ကြလေသည်။

မျက်တောင်တစ်ခတ် အတွင်း ချီမိသားစု တစ်ခုလုံး တွင် ပန်းပွင့်ဖတ် များ မိုးရွာချ သည့်အလား အဆက်မပြတ် ကျဆင်း လာလေသည်။ လေဟာနယ် ထက်တွင် လည်း ထူးဆန်းသော နိမိတ်လက္ခဏာ မျိုးစုံ ထွက်ပေါ် လာလေသည်။ ကောင်းကင်ကြိုးကြာ များ အတောင်ပံ ခတ်၍ ပျံသန်း နေကြပြီး နဂါး ဟိန်းသံ ကြီးများ လည်း အဆက်မပြတ် ထွက်ပေါ် နေလေသည်။ ကိလင်... ချီလင်... အဖြူရောင် ကျား နှင့် ခရိပ်လိပ် များ...

မရေမတွက်နိုင်သော နိမိတ်လက္ခဏာ မျိုးစုံ က အဆက်မပြတ် ထွက်ပေါ် နေလေသည်။

ချီမိသားစု ၏ ကောင်းကင်ယံ တစ်ခုလုံး ကို ထူးဆန်းသော သတ္တဝါ မျိုးစုံ က ဖုံးလွှမ်း ထားလေသည်။

အောက်ဘက်ရှိ လူအများအပြား လည်း သည်းမခံနိုင်တော့ဘဲ ခေါင်းမော့ ကာ လှမ်းကြည့် လိုက်ကြလေသည်။

မင်္ဂလာပွဲ ကို ဦးဆောင် ကျင်းပပေးသူ မှာ လင်းကျန့်တောင် မှ အကြီးအကဲ တစ်ယောက် ပင်ဖြစ်သည်။ သူ၏ ကျင့်ကြံခြင်း အဆင့်မှာ အလွန် မမြင့်မား သော်လည်း သက်တမ်း အလွန် ရှည်ကြာသော သူတစ်ယောက် ဖြစ်လေသည်။ လင်းကျန့်တောင် စတင် တည်ထောင် ကတည်းက ရှိနေခဲ့သူ ဖြစ်ပြီး ယနေ့ အချိန်အထိ သက်တမ်း ခြောက်ရာ နီးပါး ရှိနေပြီ ဖြစ်လေသည်။

လင်းကျန့်တောင် တွင် သူ၏ အဆင့်အတန်း မှာ အလွန် မြင့်မား လှပေသည်။

ထို့အပြင် သူ၏ အသွင်အပြင် ကလည်း တာအို လမ်းစဉ် မှ ထွက်ပေါ် လာသော ဖြူစင် သန့်ရှင်းသည့် အသွင် ကို ဆောင်နေလေသည်။ ကောင်းကင်ယံ မှ ထူးဆန်းသော သတ္တဝါ များကို မြင်လိုက်ရသောအခါ ချက်ချင်း ပင် ခြေတစ်လှမ်း တိုးလိုက်ပြီး အမြင့်ဆုံး စင်မြင့် ပေါ်သို့ ဖြည်းညင်းစွာ ဆင်းသက် လိုက်လေသည်။ အင်္ကျီလက် ထဲမှ အနီရောင် မင်္ဂလာ စာတမ်း တစ်ခုကို ထုတ်ယူ လိုက်ပြီး အသံကျယ်ကျယ် ဖြင့် ကြေညာ လိုက်လေသည်။

"မင်္ဂလာ အချိန် ကျရောက် ပါပြီ... သတို့သား နဲ့ သတို့သမီး ရောက်လာ ပါပြီ..."

စကားဆုံးသည် နှင့် ရွှေရောင် အလင်းတန်း တစ်ခု က ကောင်းကင် နှင့် မြေကြီး ကို ဖုံးလွှမ်း သွားပြီး လေဟာနယ် အတွင်းမှ မှုန်ဝါးဝါး လူရိပ် သုံးခု ဖြည်းညင်းစွာ ထွက်ပေါ် လာလေသည်။ သူတို့၏ ပုံပန်းသဏ္ဌာန် ကို သေချာစွာ မြင်လိုက်ရသောအခါ အောက်ဘက် တွင် ရှိနေသော ဧည့်သည်တော် များ အားလုံး အကြီးအကျယ် တုန်လှုပ် သွားကြလေသည်။

မင်္ဂလာပွဲ မစတင်မီ အချိန်က ကျန်းချဲ့ နှင့် ချီမိသားစု ၏ သခင်မလေး ချီဝမ်ကျင်း တို့ မင်္ဂလာဆောင် ကြမည်ဟု သာ သူတို့ သိရှိထားခဲ့ကြလေသည်။ သို့သော် ယခုအခါ ဘာကြောင့် လူသုံးယောက် ဖြစ်နေရသနည်း။

မြောက်ပိုင်း ချီမိသားစု က ဒီလောက် အထိ အလျော့ပေး ခဲ့တာလား။

ပြီးတော့...

နောက်တစ်ယောက် က ဘာလို့ ဒီလောက်တောင် ရင်းနှီး နေရတာလဲ။

နင်ကတော် လည်း ဤမြင်ကွင်းကို ကြည့်ရင်း ပါးစပ် အနည်းငယ် ဟသွားပြီး မျက်ဝန်းများ ထဲတွင် အလွန် ရှုပ်ထွေးသော ခံစားချက်များ ပြည့်နှက် နေလေသည်။ အားကျစိတ်... ဝမ်းနည်းစိတ် များ ရောယှက် နေပြီး ထို လူရိပ် သုံးခု ကို မလွှဲတမ်း စူးစိုက် ကြည့်နေလေသည်။ အကယ်၍ သူမ ကိုယ်တိုင် သာ ထိုနေရာ တွင် ရှိနေမည် ဆိုပါက မည်မျှ ကောင်းလိုက်မည်နည်း ဟု စိတ်ကူးယဉ် နေမိလေသည်။

ဝေ့ကျွင်းကျဲ သည် ချီနင်ပင်း နှင့် ကျန်းချဲ့ တို့ အတူတကွ ရပ်နေသည်ကို မြင်လိုက်ရသောအခါ လက်ထဲရှိ လက်ဖက်ရည်ခွက် ကိုပင် လွတ်ကျ မတတ် ဖြစ်သွားရလေသည်။ ရင်ဘတ် ထဲတွင် လှိုင်းလုံး ကြီးများ ဆောင့်တက် လာသည့် အလား ခံစား လိုက်ရပြီး မျက်နှာပေါ်ရှိ အမူအရာ များမှာ လည်း အလွန် ကြည့်ရဆိုး နေလေသည်။ သူ လုံးဝ ထင်မှတ် မထားခဲ့ချေ။

ကျန်းချဲ့ သည် ဤတစ်ကြိမ် တွင် ချီနင်ပင်း ကိုပါ တစ်ပါတည်း လက်ထပ် လိမ့်မည် ဟု...

သူ၏ ရင်ထဲရှိ နောက်ဆုံး မျှော်လင့်ချက် လေး လုံးဝ ပျက်စီး သွားခဲ့လေပြီ။

ကျီချန်ချင်း လည်း ဝေ့ကျွင်းကျဲ ၏ မျက်နှာ မကောင်းသည် ကို မြင်သောအခါ အလျင်အမြန် ပင် လက်ကို ဆွဲကာ တိုးညှင်းစွာ သတိပေး လိုက်လေသည်။

"အစ်ကိုဝမ်းကွဲ... မကြည့်နဲ့တော့... သူက အခု ကျန်းကတော် ဖြစ်နေပြီလေ..."

"ချီမိသားစု က ဘယ်လိုပဲ တွေးတွေး... အစ်ကို ကတော့ အခု အချိန်မှာ လုံးဝ စိတ်ကူး မယဉ်သင့်တော့ဘူး..."

ဝေ့ကျွင်းကျဲ သည် ရင်ဘတ်ထဲတွင် အသက်ရှူ ကျပ်လာသလို ခံစားလိုက်ရပြီး ဤစကားကို ကြားသောအခါ ခေါင်းကို အလျင်အမြန် ငုံ့လိုက်လေသည်။ ဤမြင်ကွင်းကို သူ ဆက်မကြည့်လိုတော့ချေ။ သို့သော် ရင်ထဲရှိ တွန်းအားတစ်ခုကြောင့် ခေါင်းကို ထပ်မံ မော့ကြည့်ရန် ကြိုးစားလိုက်လေသည်။ ဤတစ်ကြိမ်တွင်တော့ ကျီချန်ချင်း က သူ၏ ခေါင်းကို အတင်းအကျပ် ဖိချထားလိုက်လေသည်။

"ဟေ့ကောင်... ဘာလို့ ခိုးကြည့်နေတာလဲကွ..."

"ဒါ..."

ကျောက်ရှန်းကျီ ၏ မျက်လုံးများ လည်း ပြူးကျယ် သွားပြီး ရင်ထဲတွင် ဘာပြောရမှန်း မသိအောင် ဖြစ်သွား ရလေသည်။

ကျန်းချဲ့ အကြောင်းကို သူမ ကြားဖူး ထားသည်မှာ အလွန် ရိုးသား ဖြောင့်မတ်သော သူတစ်ယောက် မဟုတ်ကြောင်း ကိုတော့ သိထား သော်လည်း ဤကဲ့သို့ မင်္ဂလာပွဲ တွင် မိန်းမ နှစ်ယောက် ကို တစ်ပြိုင်တည်း လက်ထပ် လိမ့်မည် ဟု လုံးဝ ထင်မှတ် မထားခဲ့ချေ။ ထို့အပြင် ထို မိန်းမ နှစ်ယောက် စလုံး ကလည်း အပြည့်အဝ သဘောတူ နေကြလေသည်။

မဟုတ်သေးဘူး...

တိတိကျကျ ပြောရမည် ဆိုလျှင် မြောက်ပိုင်း ချီမိသားစု က ဘယ်လို လုပ်ပြီး သဘောတူ လိုက်ရတာလဲ။

ကျန်းချဲ့ က ဒီလောက်တောင် အရေးပါတဲ့ သူ ဖြစ်နေပြီလား။

သို့သော် ဤ အတွေး များမှာ သူမ၏ ရင်ထဲတွင် မျက်တောင်တစ်ခတ် မျှသာ ဖြတ်ပြေး သွားခဲ့လေသည်။ မည်သို့ပင်ဆိုစေ ဤကိစ္စ က သူမ နှင့် ဘာမှ မသက်ဆိုင်ချေ။ အများဆုံး ကျန်းချဲ့ ၏ အကျင့်စရိုက် က တကယ်ကို သာမန် မဟုတ်ကြောင်းကို သာ ရင်ထဲမှ တိတ်တဆိတ် ကဲ့ရဲ့ နေမိလေသည်။

ကျန်းချဲ့ သည် ချီမိသားစု ၏ ညီအစ်မ နှစ်ယောက် ကို ခေါ်ဆောင် ကာ ရွှေရောင် လမ်းမကြီး ပေါ်တွင် ဖြည်းညင်းစွာ လျှောက်လှမ်း လာလေသည်။ သူတို့ သုံးယောက် ၏ လုပ်ရပ် က အောက်ဘက် တွင် ရှိနေသော ဧည့်သည်တော် များ အားလုံး ကို အကြီးအကျယ် တုန်လှုပ် သွားစေခဲ့လေသည်။ သူတို့ ထဲမှ မည်သူ ကမျှ ဤကဲ့သို့သော မြင်ကွင်း မျိုးကို လုံးဝ ထင်မှတ် မထားခဲ့ကြချေ။

ချီဆန်းကျား သည် ကျန်းချဲ့ အပေါ် အလွန်အမင်း လေးစား အားကျ သွားမိလေသည်။ ယခင်က ချီနင်ပင်း ကျန်းချဲ့ နှင့်အတူ လိုက်ပါ သွားသည် ကို မြင်ကတည်း က တစ်ခုခု ထူးခြား နေကြောင်းကို သူ ရိပ်မိ နေခဲ့လေသည်။ ယခုအခါ ၎င်းမှာ အမှန်တကယ် ဖြစ်လာခဲ့လေပြီ။

အရေးအကြီးဆုံး အချက်မှာ ကျန်းချဲ့ သည် လူတိုင်း ကို အပြည့်အဝ သဘောတူ လာအောင် ဖျောင်းဖျ နိုင်ခဲ့ခြင်း ပင်ဖြစ်သည်။

'ဒါကြောင့် သူက အစွမ်းထက် တဲ့ ခေါင်းဆောင် တစ်ယောက် ဖြစ်လာနိုင်တာပေါ့…’

'သာမန် လူတွေ လုံးဝ မလုပ်နိုင်တဲ့ အရာတွေကို သူက အလွယ်တကူ လုပ်ပြ နိုင်တယ်လေ…’

ချီဟွမ်း ၏ ရင်ထဲတွင် လည်း တူညီသော ခံစားချက် မျိုး ဖြစ်ပေါ် နေပြီး ကျန်းချဲ့ အပေါ် ပို၍ပင် လေးစား အားကျ လာမိလေသည်။

ဘေးနားရှိ ရှိခုန်း ဘုန်းကြီး ကတော့ ခေါင်းကို ဖြည်းညင်းစွာ ခါရမ်း နေလေသည်။ ကျန်းချဲ့ ဘာကြောင့် မိန်းမ ကိစ္စ များကို ဤမျှလောက် အလေးထား နေရသနည်း ဆိုသည်ကို သူ လုံးဝ နားမလည် နိုင်အောင် ဖြစ်နေရလေသည်။ ဗုဒ္ဓဘာသာ ကို ပြုပြင် ပြောင်းလဲ ပြီး ကြီးမားတဲ့ ကုသိုလ် တရား တွေကို ဖြန့်ဝေ မယ်လို့ ကတိပေး ထားခဲ့တယ် မဟုတ်ဘူးလား။

ဧည့်သည်တော် များ ၏ ရင်ထဲတွင် အတွေး မျိုးစုံ ဖြစ်ပေါ် နေသော်လည်း ဤနေရာ မှာ မင်္ဂလာပွဲ အခမ်းအနား ဖြစ်ပြီး ချီမိသားစု ဝင် များ ကိုယ်တိုင် ပင်လျှင် ဘာမှ ဝင်မပြော ကြရာ သူတို့ အနေဖြင့် ဘာပြောခွင့် ရှိမည်နည်း။

ဂုဏ်ပြု စကား ပြောရုံ သာ ရှိတော့လေသည်။

အားလုံး ၏ မျက်နှာ ပေါ်တွင် အပြုံးများ ကိုယ်စီ ချိတ်ဆွဲ ထားကြပြီး မည်သူ ကမျှ သံသယ ဝင်ခြင်း မရှိကြချေ။

ချီကျန်းနန် ၏ အကြည့်များ က တစ်ဝိုင်းလုံး သို့ လှည့်လည် ကြည့်ရှု လိုက်ပြီး ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ သူ၏ ရင်ထဲရှိ နောက်ဆုံး စိုးရိမ် ပူပန် မှု များ လည်း လုံးဝ ပျောက်ကွယ် သွားခဲ့လေပြီ။ လူသုံးယောက် အတူတကွ မင်္ဂလာဆောင် မည် ဆိုသော သတင်း ကို ကြိုတင် ထုတ်ပြန် ခဲ့ခြင်း မရှိသည်မှာ သူ ကိုယ်တိုင် စီစဉ် ခဲ့ခြင်း ပင်ဖြစ်သည်။

သိုင်းလောက တွင် အလွန် ကြီးမားသော လှိုင်းဂယက် ကြီးများ ထလာပြီး ချီမိသားစု နှင့် သမီး နှစ်ယောက် အပေါ် ထိခိုက် လာမည် ကို သူ လုံးဝ မလိုလား သောကြောင့် ပင်ဖြစ်သည်။

မင်္ဂလာပွဲ ပြီးဆုံး သွားပြီးနောက် အပြင် လူများ ဘာပဲ ပြောပြော လုံးဝ ဂရုစိုက် စရာ မလိုတော့ချေ။

ချီရှောက်ယန် သည် လက်နောက်ပစ် ကာ ရပ်နေပြီး မျက်နှာပေါ်တွင် ခပ်ဖျော့ဖျော့ အပြုံး တစ်ခု ပေါ်လွင် နေလေသည်။

ညီမ နှစ်ယောက် စလုံး တရားဝင် မင်္ဂလာဆောင် ခွင့် ရသွားကြပြီ ဖြစ်ရာ သူ၏ ရင်ထဲတွင် ကျန်းချဲ့ အပေါ် အနည်းငယ် မကျေနပ် မှုများ ရှိနေသော်လည်း ဤသည်မှာ လက်ရှိ အချိန်တွင် အကောင်းဆုံး သော နည်းလမ်း ဖြစ်ကြောင်းကို ကောင်းစွာ နားလည် ထားလေသည်။

တစ်ယောက် က တရားဝင် ဇနီးမယားကြီး ဖြစ်ပြီး... နောက်တစ်ယောက် က ဒုတိယ ဇနီးမယားကြီး ဖြစ်လေသည်။

ရွှေရောင် အလင်းတန်း များ မြေကြီး ပေါ်သို့ ဖြည်းညင်းစွာ ကျဆင်း သွားပြီး ကျန်းချဲ့ တို့ သုံးယောက် မြေကြီး ပေါ်သို့ ခြေချ လိုက်ကြလေသည်။ ချီဝမ်ကျင်း နှင့် ချီနင်ပင်း တို့က ကျန်းချဲ့ ၏ အနောက်ဘက် တွင် ရပ်လိုက်ကြပြီး ကျန်းချဲ့ ကတော့ ဧည့်သည်တော် များ အားလုံး ကို လက်ယှက် ကာ အရိုအသေ ပေးလိုက်ပြီး ကျေးဇူးတင် စကား ပြောကြား လိုက်လေသည်။

အောက်ဘက်ရှိ ဧည့်သည်တော် များ ကလည်း ပြန်လည် လက်ယှက် ကာ အရိုအသေ ပေးလိုက်ကြလေသည်။

"တပ်မှူးချုပ်ကျန်း ရဲ့ မင်္ဂလာပွဲ အတွက် ဂုဏ်ပြုပါတယ်... အလှပန်း လေးတွေ ကို ပိုင်ဆိုင် ခွင့် ရသွားပြီပဲ..."

"ဂုဏ်ပြုပါတယ်... ဂုဏ်ပြုပါတယ်..."

"တပ်မှူးချုပ်ကျန်း က တကယ်ကို သာမန် လူ မဟုတ်ဘူးပဲ..."

လင်းကျန့်တောင် မှ အကြီးအကဲ လည်း ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး အသံကျယ်ကျယ် ဖြင့် ဆက်လက် ကြေညာ လိုက်လေသည်။

"မင်္ဂလာ အချိန် ကျရောက် ပါပြီ... သတို့သား နဲ့ သတို့သမီး တွေ မင်္ဂလာ ဦးချ ကြပါတော့..."

ကျန်းချဲ့ တို့ သုံးယောက် ချက်ချင်း ပင် အနီရောင် ပိုးသားကြိုး ကို ကိုင်ဆောင် ကာ တစ်တန်းတည်း ရပ်လိုက်ကြပြီး အလွန် တည်ကြည် လေးနက်သော မျက်နှာထား ဖြင့် ရပ်နေကြလေသည်။

"ခဏနေပါဦး..."

ထိုအချိန် မှာပင် လေဟာနယ် ထဲမှ အသံ တစ်သံ ရုတ်တရက် ထွက်ပေါ် လာလေသည်။ မင်္ဂလာပွဲ ကို လာရောက် ဖျက်ဆီး သည့် သူတစ်ယောက် အလား ပင်ဖြစ်သည်။ ချီကျန်းနန် ဤအသံ ကို ကြားလိုက်ရသည် နှင့် မျက်နှာထား ချက်ချင်း ပြောင်းလဲ သွားပြီး ချီမိသားစု မှ သိုင်းပညာရှင် များ လည်း ချက်ချင်း ပင် မတ်တတ် ထရပ် လိုက်ကြလေသည်။

ဤအချိန် တွင် တစ်စုံတစ်ယောက် သာ လာရောက် နှောင့်ယှက် မည် ဆိုပါက ချီမိသားစု ၏ မျက်နှာကို ဖြတ်ရိုက် သလို ဖြစ်သွားမည် ဖြစ်ရာ သူတို့ လုံးဝ ခွင့်လွှတ် မည် မဟုတ်ချေ။

ကျန်းချဲ့ လည်း မျက်မှောင်ကျုံ့ သွားပြီး အဝေး သို့ လှမ်းကြည့် လိုက်လေသည်။

ဧည့်သည်တော် များ အားလုံး လည်း ခေါင်းမော့ ကာ လှမ်းကြည့် လိုက်ကြလေသည်။

အချို့က မျက်မှောင်ကျုံ့ ကာ မကျေမနပ် ဖြစ်နေကြပြီး အချို့ ကတော့ တစ်စုံတစ်ယောက် လာရောက် နှောင့်ယှက် မည်ကို မျှော်လင့် နေကြလေသည်။

ပွဲကြည့် ပရိသတ် တွေ အဖြစ် လာရောက် ကြည့်ရှု ချင်ကြတာ ပေါ့လေ။

သို့သော် သူတို့ ကို စိတ်ပျက် စေသည် မှာ ရောက်လာသူ က လာရောက် နှောင့်ယှက်မည့် သူတစ်ယောက် လုံးဝ မဟုတ်ချေ။

"အားလုံးကို အနှောင့်အယှက် ပေးမိလို့ တောင်းပန်ပါတယ်... ကျုပ် အလုပ်လေး နည်းနည်း များနေလို့ နောက်ကျ သွားတာပါ... တာအိုမိတ်ဆွေ တို့ စိတ်မဆိုး ကြပါနဲ့..."

ကွန်ဖြူးရှပ် ပညာရှင် ဝတ်ရုံ ကို ဝတ်ဆင် ထားသော ချန်ချင်းဖန် က သူ၏ အစစ်အမှန် ခန္ဓာကိုယ် ကို ထုတ်ဖော် ပြသ လိုက်ပြီး မျက်နှာပေါ်တွင် အပြုံးများ ပေါ်လွင် နေလေသည်။

ချန်ချင်းဖန် ဖြစ်ကြောင်းကို သိလိုက်ရသောအခါ ချီမိသားစုဝင် များ အားလုံး သက်သာရာ ရသွားကြလေသည်။

ချန်ချင်းဖန် နှင့် ကျန်းချဲ့ တို့ အကြားတွင် အလွန် ရင်းနှီးသော ဆက်ဆံရေး ရှိကြောင်းကို သူတို့ ကောင်းစွာ သိရှိထားလေသည်။ လာရောက် နှောင့်ယှက် မည့်သူ လုံးဝ မဖြစ်နိုင်ချေ။

"ရပါတယ်ဗျာ... ချန်အမတ် ရောက်လာတာ အတော်ပဲ..."

ကျန်းချဲ့ ပြုံးလိုက်သော်လည်း ရင်ထဲတွင်တော့ အနည်းငယ် မကျေမနပ် ဖြစ်သွားရလေသည်။

ချန်ချင်းဖန် က ကျန်းချဲ့ နှင့် သူ၏ ဘေးရှိ အမျိုးသမီး နှစ်ယောက် ကို တစ်ချက် ကြည့်လိုက်ပြီး အနည်းငယ် အံ့အားသင့် သွားသော်လည်း အပြင်ပန်း တွင် လုံးဝ ထုတ်ဖော် မပြသဘဲ နောက်ထပ် တစ်ကြိမ် ထပ်မံ ရှင်းပြ လိုက်လေသည်။

"ကျုပ် က အကောင်းဆုံး အချိန် ကို ရွေးပြီး လာချင် တာပါ... ဒါပေမဲ့ အသက်ရှူ ချိန် အနည်းငယ် လောက် နောက်ကျ သွားတယ်... အစောက စကားဖြတ် ပြောလိုက်ရတာ ကလည်း မင်္ဂလာ ဦး မချခင် မှာ တပ်မှူးချုပ်ကျန်း အတွက် နောက်ထပ် ဝမ်းသာစရာ သတင်း တစ်ခု လာပြောပြ ချင်လို့ပါ..."

"ဝမ်းသာစရာ သတင်း..."

ကျန်းချဲ့ ၏ ရင်ထဲတွင် အတွေးတစ်ခု ဖြတ်ပြေး သွားပြီး တစ်စုံတစ်ရာ ကို ကြိုတင် ခန့်မှန်း မိလိုက်လေသည်။

ချန်ချင်းဖန် ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး အင်္ကျီလက် ထဲမှ အဝါရောင် အမိန့်တော် တစ်ခုကို ထုတ်ယူ လိုက်လေသည်။ သူ အမှန်တကယ် ပင် အချိန်ကိုက် ရောက်လာခြင်း ပင်ဖြစ်သည်။ မဟုတ်ပါက သူ၏ အမြန်နှုန်း ဖြင့် မင်္ဂလာပွဲ မတိုင်မီ အချိန် ကတည်းက ပေလင်ဒေသ သို့ ရောက်ရှိ နိုင်စွမ်း ရှိလေသည်။

အကောင်းဆုံး အချိန် ကို သာ ရွေးချယ် လိုက်ခြင်း ပင်ဖြစ်သည်။

ချန်ချင်းဖန် အမိန့်တော် ကို ထုတ်ယူ လိုက်သည် ကို မြင်သောအခါ ဧည့်သည်တော် များ အားလုံး သူ၏ အဓိပ္ပာယ် ကို ချက်ချင်း သဘောပေါက် သွားကြပြီး မျက်နှာပေါ်တွင် အပြုံးများ ကိုယ်စီ ပေါ်လွင် လာကြလေသည်။

"ထျန်းနန် တပ်မှူးချုပ် ကျန်းချဲ့... အမိန့်တော် ကို နာခံ ပါ..."

ချန်ချင်းဖန် ၏ မျက်နှာထား ချက်ချင်း တည်ကြည် လေးနက် သွားပြီး အသံကျယ်ကျယ် ဖြင့် ကြေညာ လိုက်လေသည်။

ကျန်းချဲ့ ချက်ချင်း ပင် ရှေ့သို့ တစ်လှမ်း တိုးလိုက်ပြီး ခန္ဓာကိုယ် ကို အနည်းငယ် ညွှတ်လိုက်လေသည်။ ဧည့်သည်တော် များ အားလုံး လည်း ချက်ချင်း ပင် မတ်တတ် ထရပ် လိုက်ကြလေသည်။ ထိုအထဲတွင် အထက် နေရာ ၌ ထိုင်နေသော ချီကျန်းနန် လည်း ပါဝင်လေသည်။ မြောက်ပိုင်း ချီမိသားစု သည် သိုင်းလောက အင်အားစု တစ်ခု ဖြစ်သော်လည်း တစ်ချိန်တည်း မှာပင် တော်ဝင်နန်းတော် ၏ အရာရှိ များ လည်း ဖြစ်ကြလေသည်။

ဥပမာ အားဖြင့် သူ ကိုယ်တိုင် ပင်လျှင် မြောက်ပိုင်း မြို့စား ဘွဲ့ကို ရရှိထားပြီး ယွင်ပြည်နယ် ၏ တတိယအဆင့် ပြည်နယ်ဝန်ကြီး တစ်ယောက် ပင်ဖြစ်သည်။

ဘေးပတ်ဝန်းကျင် ရှိ ဧည့်သည်တော် များ ထဲတွင် လည်း တော်ဝင်နန်းတော် ၏ ရာထူး များ ကို ရရှိ ထားသူ အများအပြား ရှိနေကြလေသည်။ သူတို့ အနေဖြင့် ကိုယ်ပိုင် လွတ်လပ် ခွင့် အများအပြား ကို ရရှိ ထားကြသော်လည်း အမိန့်တော် ရောက်လာ သည် ဆိုလျှင်တော့ အပြည့်အဝ မျက်နှာသာ ပေးရမည် သာ ဖြစ်လေသည်။

ချန်ချင်းဖန် က တောက်ပ နေသော အဝါရောင် အမိန့်တော် ကြီးကို ဖြည်းညင်းစွာ ဖြန့်ချ လိုက်ပြီး အောက်ခြေ တွင် ရွှေရောင် နဂါး ကြီး တစ်ကောင် ထွင်းထု ထားသည်ကို မြင်တွေ့ ရလေသည်။

"ကောင်းကင်ဘုံ ၏ အလိုတော် အတိုင်း ဧကရာဇ်မင်း မှ အမိန့်တော် ထုတ်ပြန် လိုက်သည်... ထျန်းနန် တပ်မှူးချုပ် ကျန်းချဲ့ သည် ရန်သူ များကို နိုင်ငံတော် တံခါးပေါက် အပြင်ဘက် တွင် အောင်မြင်အောင် ကာကွယ် နိုင်ခဲ့သည်... နယ်စပ် တွင် တောင်ပိုင်း ယွဲ့ နိုင်ငံ မှ မဟာသိုင်းသခင်ကြီး လေးယောက် ကို သတ်ဖြတ် နိုင်ခဲ့ပြီး လက်ရွေးစင် စစ်သည် သောင်းချီ ကို သတ်ဖြတ် ကာ ကြီးမားသော အကျိုးဆောင် မှု များကို ရရှိ ခဲ့သည်... တောင်ပိုင်း ဒေသ တစ်ခုလုံး ကို တုန်လှုပ် သွားစေခဲ့သည်... နောက်ပိုင်း တွင် ရှန့်ဟိုင်မြို့ သိုင်းလျှို့ဝှက်နယ်မြေ ပြိုင်ပွဲ တွင် နံပါတ်တစ် နေရာကို ရဲရဲဝံ့ဝံ့ ရယူ နိုင်ခဲ့ပြီး လောက တစ်ခွင် က သူရဲကောင်း များကို အပြည့်အဝ ဖိနှိပ် နိုင်ခဲ့သည်... အလွန် ကြီးမားသော အကျိုးဆောင် မှု များကို ရရှိ ခဲ့ပြီး စစ်တပ် တစ်ခုလုံး တွင် ထိပ်ဆုံး က ရပ်တည် နေသည်... ငါကိုယ်တော် အလွန် ဝမ်းသာ အားရ မိသည်... နိုင်ငံတော် တွင် မင်း ကဲ့သို့သော အမတ် မျိုး ရှိနေခြင်း က တိုင်းပြည် ကို ငြိမ်းချမ်း စေသည်... ဒါကြောင့် ကျန်းချဲ့ ကို ကွမ်ကျွင်း နယ်စား ဘွဲ့ ချီးမြှင့် လိုက်သည်... အိမ်ခြေ သုံးထောင် ကို အပိုင်စား ပေးပြီး ရာထူး ကိုလည်း ဒုတိယအဆင့် အရာရှိ အဖြစ် တိုးမြှင့် ပေးလိုက်သည်... ယွမ်ကျောက်တုံး တစ်သောင်း တော်ဝင် ဝိုင်အရက် အိုးတစ်ရာ ရှူ ပိုးသား အလိပ် တစ်ရာ နဲ့ ရွှေငွေ နှစ်သိန်း ကိုလည်း ထပ်ပေါင်း ချီးမြှင့် လိုက်သည်... အကျိုးဆောင် မှု များကို အသိအမှတ် ပြုတဲ့ အနေနဲ့ ဂုဏ်ပြု ချီးမြှင့် လိုက်တာပါ...

အမတ်ကျန်း နောက်ထပ် ကြီးမားတဲ့ အကျိုးဆောင် မှု တွေကို ထပ်ပြီး ရယူ နိုင်ဖို့ မျှော်လင့် ပါတယ်... ငါကိုယ်တော် ရဲ့ ယုံကြည် မှု တွေကို အလဟဿ မဖြစ်စေပါနဲ့..."

ချန်ချင်းဖန် ၏ ကြေညာ သံ အဆုံး တွင် ဧည့်သည်တော် များ အားလုံး ၏ ရင်ထဲတွင် အကြီးအကျယ် တုန်လှုပ် သွားကြပြီး ကျန်းချဲ့ ကိုသာ မလွှဲတမ်း စူးစိုက် ကြည့်နေကြလေသည်။ မျက်နှာ ပေါ်တွင် အမူအရာ မျိုးစုံ ပေါ်လွင် နေသော်လည်း အများစု ကတော့ အားကျ နေသော မျက်နှာထား ဖြင့် သာ ကြည့်ရှု နေကြလေသည်။

ကွမ်ကျွင်း နယ်စားဘွဲ့။

ဧကရာဇ်မင်း က ကိုယ်တိုင်ကိုယ်ကျ ကွမ်ကျွင်း နယ်စား ဘွဲ့ကို ချီးမြှင့် လိုက်ခြင်း ပင်ဖြစ်သည်။ အိမ်ခြေ သုံးထောင် ကို အပိုင်စား ပေးလိုက်ခြင်း ဖြစ်လေသည်။

ဘယ်လောက်တောင် ကြီးကျယ် ခမ်းနား လိုက်တဲ့ ဂုဏ်သိက္ခာ မျိုးလဲ။

ဘယ်လောက်တောင် ကြောက်စရာ ကောင်းလိုက်သလဲ။

အသက် နှစ်ဆယ် ကျော် အရွယ် နယ်စား ကြီး တစ်ယောက် ဖြစ်လာခဲ့ပြီး ကွမ်ကျွင်း ဆိုတဲ့ နာမည် ကိုပါ ရရှိ ထားသေးတယ်... တာ့ကျိုး နိုင်ငံတော် စတင် တည်ထောင် ကတည်းက တော်ဝင် ဆွေမျိုး တွေ နဲ့ အမွေဆက်ခံ တဲ့ နယ်စား တွေ ကလွဲရင်... ကျန်းချဲ့ က ပထမဆုံး တစ်ယောက် သေချာပေါက် ဖြစ်လာခဲ့ပြီ။

All Chapters