အခန်း ၆၆၁
Vol. 45 Ch. 661
အနာဂတ်ရဲ့ အစားပုပ်ကလေးကို ချုပ်ချယ်ခြင်း
အပိုင်း ၆၆၁
လေ့ကျင့်ထားသော လုံခြုံရေး ဝန်ထမ်း တစ်ဒါဇင်ကျော်သည် သူတို့၏ နေရာများတွင် အောင်မြင်စွာ နေရာယူထားပြီး ဖြစ်သည်။ သူတို့သည် လူအုပ်ကြားတွင် စနစ်တကျ ပြန့်ကျဲနေကြသည်။ သူတို့အားလုံးမှာ အထူးသတိရှိနေကြပြီး အသက်ကို အောင့်ကာ စောင့်ဆိုင်းနေကြသည်...
ပြဿနာ တစ်ခုခု ဖြစ်ပွားလာသည်နှင့် သူတို့သည် အန္တရာယ်၏ လက္ခဏာများကို ချက်ချင်း သိရှိနိုင်မည် ဖြစ်သည်။ ထို့နောက် သင့်တော်သော လူစုခွဲခြင်းနှင့် ထိန်းချုပ်ခြင်းများကို ပြုလုပ်သွားမည် ဖြစ်သည်။ သူတို့သည် ဘေးအန္တရာယ်မှန်သမျှကို အစကတည်းက အမြစ်ဖြတ် ချေမှုန်းသွားမည် ဖြစ်သည်...
"ကဲ၊ မြည်းကြည့်ပါဦး။ အရသာက ဘယ်လိုလဲ"
အခြားတစ်ဖက်တွင်မူ မော့ချူးသည် သူမထံ မှာယူထားသော ပရိသတ်များဆီသို့ ပင်လယ်စာ ဝမ်တန်များကို ယူဆောင်လာပေးပြီး ပြုံးလျက် ပြောလိုက်သည်။
"တစ်ခုခု လိုအပ်တာရှိရင်လည်း အားမနာဘဲ အကြံပေးကြပါဦးနော်!"
သင်းပျံ့လှသော အနံ့ကို ရှူရှိုက်ရင်း ပြုံးနေသော ရှောင်ချူးကို ကြည့်ကာ ပရိသတ်များမှာ စိတ်လှုပ်ရှားလွန်းသဖြင့် မျက်လုံးများပင် နီမြန်းလာကြသည်။ သူတို့မှာ ခေါင်းကိုသာ တရစပ် ငြိမ့်နေကြပြီး အတော်ကြာမှ စကားတစ်ခွန်းကို မနည်း ပြောထွက်လာတော့သည်။
"ကောင်း... ကောင်းပါတယ်၊ ဒီ ဝမ်တန်က တကယ်ကို အရသာရှိမှာ သေချာတယ်!"
သူမ၏ ဘေးရှိ အခြားပရိသတ်များမှာလည်း အလွန်ပင် အားကျနေကြသည်!
ရှေ့မှ ဝမ်တန်ကို စိုက်ကြည့်ရင်း သူတို့မှာ နောင်တရနေကြသည်။ ဘာလို့ သူတို့က အရင်ဆုံး မမှာခဲ့မိတာလဲ။ မဟုတ်ရင် အခု ရှောင်ချူးနဲ့ စကားပြောနေရမှာက သူတို့ ဖြစ်နေမှာလေ၊ လေးချူး ကိုယ်တိုင် လုပ်ပေးထားတဲ့ စိတ်ဝိဉာဉ်အစားအစာကို စားရမှာကလည်း သူတို့ ဖြစ်နေမှာပေါ့!
ထိုပရိသတ်မလေးမှာလည်း ဘေးဘက်မှ စူးရှသော အကြည့်များကို ခံစားမိသဖြင့် သူမရှေ့မှ ပင်လယ်စာ ဝမ်တန်များကို မသိမသာ ကာကွယ်လိုက်မိသည်။ ဟွန့်! ရှောင်ချူး သူမအတွက် လုပ်ပေးထားတဲ့ ဝမ်တန်တွေကို လုချင်တဲ့သူတွေ ရှိနေတာပဲ!
"ပူတုန်းလေး အမြန်စားလိုက်ပါ!"
ပရိသတ်မလေး၏ နှမြောတွန့်တိုနေမှုကို မြင်သောအခါ မော့ချူးက ပြုံး၍ ပြောလိုက်သည်။
"အေးသွားရင် အရသာက အရင်လို မကောင်းတော့ဘူးလေ"
ထိုစကားကို ကြားမှ ပရိသတ်မလေးသည် သူမ၏ တူကို ကိုင်ကာ တစ်ခုကို အသာအယာ ညှပ်လိုက်သည်။
လူတိုင်းက ဝိုင်းကြည့်နေကြသဖြင့် သူတို့၏ လျှာဖျားများမှာပင် တဆတ်ဆတ် တုန်နေကြသကဲ့သို့ ခံစားရသည်!
နူးညံ့လှသော ဝမ်တန်လေးများဆီမှ အငွေ့များ တထောင်းထောင်း ထွက်နေသည်။ ကြည်လင်လုနီးပါး ဖြစ်နေသော အပေါ်ယံ အရွက်လေးမှတစ်ဆင့် အထဲရှိ အစာများကို မြင်နေရပြီး သင်းပျံ့သော အနံ့မှာလည်း ထွက်ပေါ်နေသည်...
ပရိသတ်မလေးမှာ မသိမသာ တံတွေးမျိုချလိုက်မိသည်။ လူတိုင်း၏ စူးစိုက်ကြည့်နေမှုအောက်တွင် သူမသည် ပင်လယ်စာ ဝမ်တန်ကို ပါးစပ်ထဲသို့ ဖြည်းဖြည်းချင်း ထည့်လိုက်သည်။ အသာအယာ ကိုက်လိုက်သည်နှင့် အပေါ်ယံအရွက်လေးမှာ ပွင့်ထွက်သွားတော့သည်။
ထို့နောက် ပျစ်ခဲလှသော ဟင်းရည်မှာ လျှာဖျားပေါ်သို့ စီးဆင်းသွားပြီး ပုစွန်၏ လတ်ဆတ်ချိုမြိန်မှုနှင့် ဝက်သား၏ နူးညံ့မှုတို့ ပေါင်းစပ်ကာ လျှာပေါ်ရှိ အရသာခံ အဖုလေးများအားလုံးဆီသို့ ပျံ့နှံ့သွားတော့သည်။ သူမ အရသာကို သေချာမခံစားရသေးခင်မှာပင် ထိုအရသာအောက်၌ လုံးဝ ဒူးထောက် အရှုံးပေးလိုက်ရပြီ ဖြစ်သည်...
ထို့နောက် သူမသည် အသားနှင့် အဖတ်ကို ရော၍ တစ်ကိုက်ကိုက်ကာ သေသေချာချာ ဝါးလိုက်သည်။
ဝမ်တန်ရွက်မှာ နေရောင်ခြည်အောက်ရှိ ဂျုံကဲ့သို့ လန်းဆန်းသော အရသာရှိပြီး အသားမှာလည်း နူးညံ့ကာ စေးပိုင်လှသည်! ဝမ်တန်၏ အရသာမှာ အနေတော်ဖြစ်ပြီး ဝက်သားနှင့် ပုစွန်၏ အားသာချက်များကို အကောင်းဆုံး ပေါင်းစပ်ထားသည်။ ချိုမြိန်မှု အနည်းငယ် ပါဝင်သောကြောင့် အလွန်ပင် ကောင်းမွန်လှသဖြင့် သူမ၏ မျက်လုံးများမှာ မှေးစင်းသွားရတော့သည်...
ဂလု— ဂလု—
တံတွေးမျိုချသံများမှာ တစ်ဦးပြီးတစ်ဦး ထွက်ပေါ်လာတော့သည်!
လူတိုင်း၏ မျက်လုံးများမှာ တောက်ပနေကြပြီး ယခု ထိုအရသာရှိသော အစားအစာကို စားနေရသူမှာ သူတို့သာ ဖြစ်လိုက်ပါတော့ဟု ဆုတောင်းနေကြသည်!
အနှိပ်စက်ခံရဆုံးသူမှာတော့ သူမဘေးရှိ လုံခြုံရေး ဝန်ထမ်းပင် ဖြစ်သည်။ သူမနှင့် အနီးဆုံး ဖြစ်နေသဖြင့် ဝမ်တန်၏ သင်းပျံ့သော အနံ့မှာ သူ၏ နှာခေါင်းထဲသို့ တရစပ် တိုးဝင်နေသည်။ သို့သော် သူသည် သတိဝီရိယရှိရှိဖြင့် ပတ်ဝန်းကျင် အခြေအနေကို အမြဲ စောင့်ကြည့်နေရဆဲပင်။ သူ၏ အာရုံခံစားမှုများနှင့် စိတ်မငြိမ်မှုကို အတင်းအကျပ် တိုက်ထုတ်နေရသည်။ ဤအရသာမှာ တကယ့်ကို ခါးသီးလှသည်!
အမှန်စင်စစ် အရသာရှိသော အစားအစာထဲတွင် နစ်မျောနေသော ပရိသတ်များမှာမူ ဤအရာများကို မသိကြပေ။
ဝမ်တန်ကို တစ်ကိုက် စားလိုက်ပြီးနောက် တစ်စုံတစ်ရာသော ယန္တရားကို ဖွင့်လိုက်သကဲ့သို့ပင် သူမသည် တစ်ခုပြီးတစ်ခု တရစပ် စားသောက်တော့သည်။
ဆယ်မိနစ်ပင် မပြည့်သေးမီမှာပင် ပင်လယ်စာ ဝမ်တန်ပန်းကန်လုံးအကြီးကြီးမှာ သူမ၏ လက်ချက်ဖြင့် ပြောင်သလင်းခါသွားတော့သည်။ ဟင်းရည်တစ်စက်ပင် မကျန်ခဲ့ပေ...
သူမမှာ အားမရသေးပေ။
"ဒါတင်ပဲလား"
သူမ ဝအောင် မစားရသေးပါ!
ပင်လယ်စာ ဝမ်တန်၏ လတ်ဆတ်နူးညံ့သော အရသာမှာ သူမ၏ ပါးစပ်ထဲတွင် စွဲကျန်နေဆဲပင်။ ပရိသတ်မလေးမှာ အနည်းငယ် မကျေမနပ်ဖြင့် ရေရွတ်လိုက်မိသည်!
ထိုစကားကြောင့် သူမဘေးရှိ ပရိသတ်များက ဒေါသတကြီး စိုက်ကြည့်လာကြတော့သည်!
တော်လောက်ပြီ! ရောင့်ရဲတတ်အောင် သင်ထားသင့်တယ် မဟုတ်လား။ ပန်းကန်လုံးအကြီးကြီး တစ်လုံးလုံး စားပြီးတာတောင် မဝသေးဘူးဆိုရင် ကျန်တဲ့လူတွေက ဘယ်လိုလုပ်ရမလဲ။
မှန်ပေသည်၊ သူတို့မှာ အားကျလွန်းသဖြင့် မနာလို ဖြစ်နေကြခြင်းပင်! ဟွန့်!
"ဒီနေ့က အထိမ်းအမှတ်နေ့မို့လို့ ငွေသီးသန့် မယူတော့ဘူးနော်။"
မော့ချူးက ထိုပရိသတ်မလေးကို ကြည့်ကာ ရယ်မောလိုက်သည်။
ချက်ချင်းပင် ထိုပရိသတ်မလေးမှာ စိတ်လှုပ်ရှားသွားသည်။ သူမ၏ ဦးနှောက်မှာ ခေတ္တမျှ ချို့ယွင်းသွားပုံရပြီး အူကြောင်ကြောင် စကားတစ်ခွန်း ပြောလိုက်မိသည်။
"ကျွန်မ ပိုက်ဆံပေးရမှာလား"
ပြောပြီးသည်နှင့် သူမကိုယ်သူမ ပါးရိုက်ချင်စိတ် ပေါက်သွားတော့သည်!
တောက်! ငါ ဘာတွေ ပြောနေတာလဲ။ စိတ်ဝိဉာဉ်အစားအစာ ကို ပိုက်ဆံမပေးဘဲ ဘယ်လိုလုပ် ရမလဲ။ သူမ၏ မျက်နှာမှာ အနည်းငယ် နီမြန်းသွားပြီး ချက်ချင်းပင် ပြန်လည် ပြုပြင်လိုက်သည်။
"တောင်းပန်ပါတယ် ရှောင်ချူး၊ ခုနက... ကျွန်မ၊ ကျွန်မ စကားမှားသွားလို့ပါ!"
"ရပါတယ်"
မော့ချူးက အသာအယာ ပြုံးလျက် ထိုကိစ္စကို ဘေးချိတ်ထားလိုက်သည်။
မကြာမီ ပါးနပ်သော ပရိသတ်တစ်ဦးက ခန့်မှန်းမေးမြန်းလာသည်။
"ဒါဆို ဆိုင်က ဘယ်တော့ တရားဝင် ဖွင့်မှာလဲ"
"နောက်ထပ် လဝက်လောက်နေရင် ဖြစ်မှာပါ။"
မော့ချူးက ခန့်မှန်းခြေ အချိန်ကို ပြောပြလိုက်သည်။
သူမသည် ဝီလ်နှင့် ယခင်က ဆွေးနွေးထားခဲ့သည်။ ဆိုင်အပြင်အဆင် ပြန်လည်ပြုပြင်ခြင်းနှင့် ဝန်ထမ်းများ စီစဉ်ခြင်းကဲ့သို့သော ကိစ္စအထွေထွေကို ပေါင်းစပ်ကြည့်လျှင် ထိုအချိန်မှာ အလွန်အမင်း မကြာလှပေ။
သို့သော် ၂၁ ရာစုနှင့် နှိုင်းယှဉ်လျှင်မူ များစွာ ပို၍ လွယ်ကူလှသည်!
အခြားအရာများကို မဆိုထားနှင့်၊ ၂၁ ရာစုတွင် ထိုကဲ့သို့သော လက်မှတ်များ လျှောက်ထားရသည်မှာပင် အလွန်တရာ ရှုပ်ထွေးလှသည်။ အသားတစ်လွှာ ကွာကျသွားရလောက်အောင်ပင် ပင်ပန်းရသည်!
လဝက်အတွင်း ရရှိရန်မှာ မဖြစ်နိုင်သလောက်ပင်! ဟုတ်ပါသည်၊ အကယ်၍ သက်ဆိုင်ရာ ဌာနများတွင် လူသိသူသိ ရှိပါက တစ်မျိုးပေါ့။ မဟုတ်လျှင်တော့၊ ဟင်း စောင့်နေလိုက်ရုံသာ!
သို့သော် အဖွဲ့ချုပ်တွင်မူ ဤလုပ်ငန်းစဉ်မှာ များစွာ ပို၍ ရိုးရှင်းပါသည်။ လိုအပ်သော အချက်အလက်များကို ဖြည့်စွက်ကာ စိစစ်ရေးအဖွဲ့သို့ တင်ပြလိုက်ရုံသာ ဖြစ်ပြီး သုံးရက်အတွင်း ခွင့်ပြုချက် ရရှိနိုင်သည်။ ၂၁ ရာစုထက် များစွာ ပိုမြန်လှသည်!
သို့သော်လည်း ပရိသတ်များကတော့ ထိုအချိန်မှာပင် ကြာလွန်းသည်ဟု ထင်နေကြဆဲ ဖြစ်သည်။ တစ်ဦးပြီးတစ်ဦး ညည်းတွားနေကြတော့သည်။
"ဘာလဲ။ နောက်ထပ် လဝက်တောင် စောင့်ရဦးမှာလား!"
"မရဘူး၊ ငါ သွေးအန်တော့မယ်။ အမြန်လာတွဲကြပါဦး!"
"ရှောင်ချူး၊ ဆိုင်မှာ ဝန်ထမ်းတွေ လိုသေးလား။ ချစ်စရာကောင်းပြီး အလုပ်လုပ်နိုင်စွမ်း မြင့်မားတဲ့သူမျိုးလေ။ ကျွန်မကို လစာအများကြီး မပေးလည်း ရပါတယ်၊ တစ်နေ့ သုံးနပ် ကျွေးရင် ရပါပြီ!"
"ဟုတ်တယ်၊ ကျွန်တော်လည်း စာရင်းပေးချင်တယ်!"
...
စိတ်အားထက်သန်နေသော လူအုပ်ကြီးကို မြင်သောအခါ ဘေးတွင် ရပ်နေသော ဝီလ်က သူ၏ မေးစေ့ကို ပွတ်သပ်ရင်း မရယ်ဘဲ မနေနိုင်တော့ပေ။ အင်း၊ အရမ်းကောင်းတယ်၊ နောင်ကျရင် စားသောက်ဆိုင် စီမံခန့်ခွဲသူတွေအတွက် လူရွေးရတာ ခက်မှာ မဟုတ်တော့ဘူး..,
နောက်ဆုံးတွင် မော့ချူးနှင့် ဝီလ်တို့ ထွက်ခွာသွားချိန်၌ ရုတ်ရုတ်သည်းသည်းများ ဖြစ်သွားခဲ့သည်။
ပရိသတ်များ၏ စိတ်လှုပ်ရှားမှုမှာ အထွတ်အထိပ်သို့ ရောက်ရှိနေပြီး သူတို့၏ မျက်လုံးများမှာလည်း နီမြန်းနေကြသည်။
အကယ်၍ မော့ချူးသာ သူတို့ကို ကြိုတင် သတိပေးမထားခဲ့ပါက သို့မဟုတ် ကျွမ်းကျင်သော လုံခြုံရေး ဝန်ထမ်းများ၏ အစောင့်အရှောက်သာ မပါပါက သူတို့နှစ်ဦးမှာ လွယ်လွယ်ကူကူ လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ပေ!
ဘေးရှိ ကားပေါ်တွင် ထိုင်ကာ လုံခြုံရေး ဝန်ထမ်းများ၏ လူစုခွဲပေးမှုကြောင့် ပရိသတ်များ ဘေးကင်းစွာ ထွက်ခွာသွားသည်ကို ကြည့်ရင်း မော့ချူး သက်ပြင်းအသာ ချလိုက်ကာ အိမ်သို့ အမြန် ပြန်လာခဲ့တော့သည်...
တစ်ချိန်တည်းမှာပင် အင်တာနက်ပေါ်တွင်လည်း ဆူညံပွက်လောရိုက်နေပြီ ဖြစ်သည်!
ယခင်က ဆိုင်ထဲတွင် ရှိနေစဉ် တစ်စုံတစ်ဦးက တာမီနယ်ဖြင့် မော့ချူး ဝမ်တန်လုပ်နေသည့် ဗီဒီယိုများကို ရိုက်ကူးခဲ့သည်။ ထို့ပြင် ၎င်းတို့ကို စတားနက် ပေါ်သို့ အချိန်နှင့်တစ်ပြေးညီ တင်လိုက်ရာ ကြည့်ရှုသူ အရေအတွက်မှာ ဆယ်ဂဏန်းမှသည် ဆယ်မိနစ်ပင် မပြည့်မီ သန်းနှင့်ချီသော ကြည့်ရှုမှုများအထိ ထိုးတက်သွားတော့သည်!
ထို့ပြင် ထိုဗီဒီယိုကို ကြည့်ရင်း မော့ချူး၏ ရုပ်ရည်ကို မြင်လိုသဖြင့် ဆိုင်အပြင်ဘက်သို့ တကူးတက ပြေးလာသူများလည်း ရှိခဲ့သည်။
ထိုသို့သော အတွေးနှင့် နည်းလမ်းများ ရှိသူမှာလည်း အမြောက်အမြားပင်။ ဆယ်မိနစ်ပင် မပြည့်မီ လူတစ်ရာနီးပါးခန့် စုပြုံရောက်ရှိလာကြသည်!
ကံကောင်းထောက်မစွာဖြင့် ဝီလ် ရှာဖွေထားသော လုံခြုံရေး ဝန်ထမ်းများမှာ အင်အားတောင့်တင်းလှသဖြင့် ထိုလူအုပ်ကို အချိန်မီ တားဆီးကာ လူစုခွဲပေးနိုင်ခဲ့သည်။ မဟုတ်ပါက တစ်ခုခု ဖြစ်ပွားသွားနိုင်သည်!
သူတို့သည် ဆိုင်ထဲသို့ မဝင်နိုင်ခဲ့သလို ကံကောင်းခြင်းကြယ်လေးနှင့်လည်း နီးနီးကပ်ကပ် မရှိနိုင်ခဲ့သော်လည်း ပရိသတ်များ၏ စိတ်အားထက်သန်မှုမှာမူ လျော့နည်းသွားခြင်း မရှိခဲ့ပေ!