← Chapters

အခန်း ၂

Vol. 1 Ch. 2

အခန်း ၂

Vol. 1 Ch. 2

အခန်း (၂) နေရာလွတ်ထဲတွင် ပစ္စည်းများ သိုလှောင်ခြင်း (၁)

မှဲ့လေးသည် တဖြည်းဖြည်း ပူနွေးလာကာ ပူလောင်လာခဲ့လေ၏။

မျက်တောင်တစ်ခတ်အတွင်းမှာပင် ကျိုးချန်ယဲ့သည် မြူနှင်းများ ဖုံးလွှမ်းနေ သော နေရာတစ်ခုတွင် ရောက်ရှိသွားခဲ့လေသည်။ ထိုနေရာမှာ အလွန်တရာ ကျယ်ဝန်းသော နေရာတစ်ခုဖြစ်ပြီး နှစ်ထောင်ပေါင်းများစွာ အိပ်မောကျနေခဲ့ သော သားရဲကြီးတစ်ကောင်ကဲ့သို့ နက်နဲဆန်းကြယ်လှပေသည်။

ကျိုးချန်ယဲ့သည် အတွင်းဘက်သို့ ဖြည်းညင်းစွာ လျှောက်သွားခဲ့ရာမှ နောက် ထပ် ခြေတစ်လှမ်းမျှ ထပ်လှမ်း၍ မရနိုင်တော့သည်ကို ရုတ်တရက် သတိပြုမိ လိုက်လေ၏။ သူသည် နေရာလွတ်၏ အစွန်းသို့ ရောက်ရှိနေပြီဖြစ်ကြောင်းကို သိလိုက်ရသောအခါ အလွန်အမင်း အံ့အားသင့်သွားခဲ့ပေသည်။

သူသည် ၎င်းကို လက်ဖြင့် ညင်သာစွာ ထိတွေ့ကြည့်လိုက်ရာ သူ၏ လက်ဖဝါး အောက်ရှိ အထိအတွေ့မှာ သူ ယခင်က စားဖူးသော ကျူးကျူး သကြားလုံး လေးကဲ့သို့ နူးညံ့ကာ အိစက်နေခဲ့ပေသည်။

သူသည် လက်ကောက်ဝတ်ပေါ်ရှိ မှဲ့ငယ်လေးကို ပွတ်သပ်ရင်း ပြောလိုက် လေသည်...။

"အပြင်ထွက်မယ်..."

သူ၏ ပုံရိပ်မှာ ယခင်နေရာ၌ပင် ချက်ချင်း ပြန်လည် ပေါ်လာခဲ့လေ၏။

*ထွက်ပေါက်နေရာနဲ့ ဝင်ပေါက်နေရာနဲ့က အတူတူပဲဖြစ်နေပြီး ပြောင်းလဲလို့ မရဘူးထင်တယ်...*

ကျိုးချန်ယဲ့က တွေးတောလိုက်လေသည်။

ဆုံးဖြတ်ချက် ချပြီးသွားသောအခါ တုံ့ဆိုင်းနေတတ်ခြင်း မရှိသော ကျိုးချန်ယဲ့ သည် ဖုန်းကို ချက်ချင်း ကောက်ကိုင်လိုက်ပြီး သူ၏ လက်ရှိ ပိုင်ဆိုင်မှုများကို တွက်ချက်ကြည့်လိုက်လေ၏။

ကျိုးချန်ယဲ့၏ မိဘများသည် လုပ်ငန်းငယ်တစ်ခုမှ ငွေအနည်းငယ် ရှာဖွေနိုင်ခဲ့ ပြီး ၎င်းတို့၏ မွေးရပ်မြေသို့ ဂုဏ်သိက္ခာရှိစွာ ပြန်ချင်ခဲ့ကြခြင်းဖြစ်လေသည်။ ထို့ကြောင့် ၎င်းတို့သည် မွေးရပ်မြေတွင် မြေကွက်အချို့ကို ဝယ်ယူခဲ့ကြပေ သည်။

ကံကောင်းထောက်မစွာဖြင့် နောက်တစ်နှစ်တွင် ထိုမြေနေရာများကို ဖြိုဖျက် ရှင်းလင်းခဲ့ရာ သူတို့သည် တိုက်ခန်းအချို့နှင့် လျော်ကြေးငွေ ယွမ် သိန်း ပေါင်းများစွာကို ရရှိခဲ့ကြလေ၏။

သို့ရာတွင် ကံကြမ္မာ၏ အလှည့်အပြောင်းကို မည်သူမျှ ကြိုတင် မခန့်မှန်းနိုင် ခဲ့ချေ။ ပြီးခဲ့သောနှစ်က သူ၏ မိဘများသည် ခရီးထွက်စဉ် ကားအက်ဆီးဒင့် ဖြစ်ကာ ကွယ်လွန်သွားခဲ့ကြပြီး ကားပိုင်ရှင်က လျော်ကြေးငွေ ယွမ် နှစ်သန်း ကျော် ပေးခဲ့လေသည်။

ထိုငွေများနှင့် သူ နှစ်အတန်ကြာ ရှာဖွေထားသော ငွေ များကို ပေါင်းလိုက် လျှင် သူ၏ စုဆောင်းငွေမှာ စုစုပေါင်း ယွမ် သုံးသန်းခန့် ရှိနေခဲ့ပေသည်။ ဤ အိမ်ကို အိမ်ခြံမြေ အကျိုးဆောင်တစ်ဦးနှင့် ဆက်သွယ်ကာ ရောင်းချလိုက်ပါ က နောက်ထပ် ယွမ် နှစ်သန်းခန့် ရရှိနိုင်မည် ဖြစ်လေ၏။

စုစုပေါင်း ယွမ် ငါးသန်း ဖြစ်သွားမည် ဖြစ်သည်။ သေချာစွာ စီစဉ်တွက်ချက် မည်ဆိုပါက သူသည် အချိန်ခရီးသွားပြီးနောက် ကာလအနည်းငယ်အတွင်း မည်သည့်အရာကိုမျှ ပူပန်နေရန် လိုအပ်လိမ့်မည် မဟုတ်ပေ။

မှန်ပေသည်၊ သူသည် အချိန်ခရီးသွားပြီးနောက် ထိုစုဆောင်းငွေများကိုသာ အားကိုး၍ အသက်ရှင်ရပ်တည်ရန် မရည်ရွယ်ထားခဲ့ချေ။ သူ့တွင် ထောက်ပံ့ ကျွေးမွေးရမည့် ဇနီးနှင့် ကလေးများ ရှိနေပြီး ထိုခေတ်ကာလသို့ ရောက်သော အခါ သူ၏ နာမည်တစ်လုံးဖြင့် အောင်မြင်မှုတစ်ခုကို တည်ဆောက်ချင်သေး သည် မဟုတ်ပါလော။

ကျိုးချန်ယဲ့သည် ဖုန်းကို ကောက်ကိုင်လိုက်ပြီး အိမ်ကို အွန်လိုင်းတွင် ရောင်း ရန် တင်လိုက်ကာ သူ၏ သူငယ်ချင်းတစ်ဦးထံသို့ ဖုန်းခေါ်ဆိုလိုက်လေသည်။

"ဟွေ့ဇီ... ပြီးခဲ့တဲ့ ရက်အနည်းငယ်က ငှားစရာ ဂိုဒေါင်တစ်ခုရှိတယ်လို့ မင်း ပြောခဲ့တယ်မလား... အဲ့ဒါ ငှားပြီးသွားပြီလား..."

"မငှားရသေးပါဘူး... အစ်ကိုယဲ့… အစ်ကို လိုချင်လို့လား..."

"ငါ့ကို ရက်နည်းနည်းလောက် ငှားပါလား... မင်းဆီကို ငွေလွှဲလိုက်ပြီ..."

"အစ်ကိုယဲ့... သဘောရှိသာ သုံးပါ... ငွေပေးစရာ မလိုပါဘူး..."

"အပိုတွေ ပြောမနေနဲ့... ယူသာ ယူထားလိုက်..."

"ဟုတ်ပါပြီ... သော့ဘယ်မှာရှိလဲဆိုတာ အစ်ကို သိပါတယ်... သုံးပြီးရင် နေရာ ဟောင်းမှာပဲ ပြန်ထားခဲ့လိုက်ပါ..."

"ကောင်းပြီလေ..."

ဖုန်းချပြီးနောက် ကျိုးချန်ယဲ့သည် ကားသော့ကို ချက်ချင်းဆွဲယူကာ အနီးနားရှိ လက်ကားဈေးကြီးတစ်ခုသို့ ကားမောင်းသွားခဲ့လေသည်။

စားဝတ်နေရေးနှင့် သွားလာရေးတို့မှာ လူသားများ အသက်ရှင်ရပ်တည်ရန် အတွက် အခြေခံအကျဆုံး အရာများပင် ဖြစ်ပေသည်။ လက်ကားဈေးကြီး သို့ ရောက်ရှိသောအခါ သူသည် အကြီးဆုံး ဆန်၊ ဂျုံနှင့် စားသုံးဆီဆိုင်ကို ရှာတွေ့ ခဲ့လေသည်။

"လူလေး... ဘာများဝယ်ချင်လို့လဲ... ငါ့ဆိုင်မှာ ပစ္စည်းအစုံရှိပြီး အရည်အသွေး လည်း အာမခံတယ်... အများကြီးဝယ်ရင် လျှော့ဈေးနဲ့ပေးမယ်..."

"သူဌေး... ဆန်နဲ့ ဂျုံက တစ်ကျင်းကို ဘယ်လောက်လဲ..."

"ထိပ်တန်းအရည်အသွေး ဝူချန်းဆန်က တစ်ကျင်းကို သုံးဒသမခြောက် ယွမ် လေ... ဂျုံကတော့ တစ်ကျင်းကို လေးဒသမခြောက် ယွမ်ပဲ... လူလေး ဘယ် လောက် ယူမလဲ..."

"သူဌေး... ဆန်အပြင် ပြောင်းဆန်၊ ပြောင်းဖူးမှုန့် ဒါမှမဟုတ် ကန်စွန်းဥလိုမျိုး တခြား ကောက်နှံတွေရော ရှိလား..."

"ရှိတာပေါ့... ရှိတာပေါ့ လူလေး... ဒါက ငါတို့ဆိုင်ရဲ့ ကုန်ပစ္စည်းစာရင်းပဲ..."

ကျိုးချန်ယဲ့သည် ထိုစာရင်းကို တစ်ချက် ကြည့်လိုက်လေ၏။ ၎င်းမှာ အတော် လေး ပြည့်စုံလှပြီး ပါဝင်သင့်သည့် အရာအားလုံးနီးပါး ပါဝင်နေခဲ့ပေသည်။

"သူဌေး... ဆန်၊ ဂျုံ၊ ပြောင်းဖူး၊ အုတ်ဂျုံနဲ့ မုယောစပါးတွေကို ကျင်း (၅၀၀၀) စီ ပေးပါ... ပဲနီလေး၊ ပဲတီစိမ်း၊ ပဲပိစပ်၊ ပဲနက်၊ ပဲစေ့နဲ့ ပဲရာဇာတို့ကို ကျင်း (၂၀၀၀)စီ ပေးပါ... ခေါက်ဆွဲခြောက်၊ ခေါက်ဆွဲပြား၊ ခေါက်ဆွဲမျှင်နဲ့ လိပ်ပြာပုံ ခေါက်ဆွဲတွေကို ကျင်း(၁၀၀၀) စီ ပေးပြီးတော့ အရသာမျိုးစုံ ဟင်းသီးဟင်း ရွက် ခေါက်ဆွဲကိုလည်း ကျင်း (၁၀၀၀) ပေးပါ... "

"အသင့်စား အစားအစာတွေလည်း မရှိမဖြစ် လိုအပ်သေးတယ်... အေးခဲ ဖက်ထုပ်နဲ့ ဝမ်တန် အစာသွတ် အမျိုးအစား တစ်ခုစီကို အထုပ် တစ်ထောင် ပေးပါ... အရသာမျိုးစုံ ခေါက်ဆွဲခြောက် တစ်ခုစီကို ဖာ သုံးရာ၊ ကိုယ်တိုင်အပူ ပေးလို့ရတဲ့ ထမင်းနဲ့ ကိုယ်တိုင်အပူပေးလို့ရတဲ့ ဟော့ပေါ့ အရသာတစ်ခုစီကို အခု ငါးရာစီ၊ ပြီးတော့ အုတ်ဂျုံ အမျိုးအစား တစ်ခုစီကို ကျင် ငါးရာစီ ပေးပါ ..."

"လူလေး... တကယ်ပဲ ဒီလောက် အများကြီး ယူမှာလား..."

"စိတ်မပူပါနဲ့ သူဌေး... ကုမ္ပဏီက ဆင်းရဲနွမ်းပါးတဲ့ တောင်တန်းဒေသတွေကို ပစ္စည်းတွေ လှူဒါန်းဖို့ စေတနာ့ဝန်ထမ်း ပွဲတစ်ခုကို စီစဉ်နေတာမို့လို့ပါ..."

"ကောင်းပါပြီ... ကောင်းပါပြီ... လောကကြီးမှာ သဘောကောင်းတဲ့သူတွေ အများကြီး ရှိနေသေးတာပဲ... လူလေး... ခဏနေ ငွေရှင်းတဲ့အခါ ဆယ်ရာခိုင် နှုန်း လျှော့ပေးမယ်နော်..."

"ကျေးဇူးပါပဲ သူဌေး... ကြက်ဥ၊ ဘဲဥ၊ ငန်းဥနဲ့ ငုံးဥတွေကို ကျင်း (၂၀၀၀)စီ လို ပါတယ်... ပဲပြားခြောက်၊ တို့ဖူးနဲ့ တို့ဖူးလိပ်တွေကို ကျင်း (၁၀၀၀) စီ လိုတယ် ... ဟင်းသီးဟင်းရွက်ဆီ အမျိုးမျိုးကို (၁၀၀၀)ကျင်းစီ လိုတယ်... နှမ်းဆီနဲ့ တခြားဆီတွေကို ကျင်း ငါးရာစီ ပေးပါ... ပဲငံပြာရည်၊ ရှာလကာရည်၊ ကမာဆီ ၊ပဲငံပြာရည်အကြည်နဲ့ ပဲငံပြာရည်အနောက်တို့ကို လီတာ ငါးရာစီ၊ ပြီးတော့ ကြက်သားမှုန့်၊ အချိုမှုန့်၊ ဟင်းခတ်အမွှေးအကြိုင်မှုန့်၊ ငရုတ်ကောင်းမှုန့်၊ ငရုတ်သီးမှုန့်၊ ဇီယာစေ့၊ စီချွမ် ငရုတ်ကောင်း၊ နာနတ်ပွင့်နဲ့ သစ်ကြံပိုးခေါက် တို့ကို ကျင်း ငါးရာစီ ပေးပါ... ဆား နှစ်ထောင်ကျင်၊ သကြားဖြူ (၁၀၀၀)ကျင်း နဲ့ သကြားညို (၁၀၀၀)ကျင်းလည်း ပေးပါ..."

ကျိုးချန်ယဲ့က သူ၏ စိတ်ထဲတွင် တွေးတောလိုက်လေသည်။

*(၁၉၇၀) ပြည့်လွန်နှစ်တွေမှာ သကြားက တန်ဖိုးကြီးတဲ့ အရာတစ်ခုပဲ...*

"လူလေး... ဆိုင်မှာ ရေဓာတ်ရိုက်ထားတဲ့ ဟင်းသီးဟင်းရွက်ထုပ်တွေ၊ အေးခဲ ဟင်းသီးဟင်းရွက်ခြောက်တွေ၊ ဟင်းသီးဟင်းရွက်ချဉ်တွေနဲ့ ကင်မ်ချီတွေရော ရှိတယ်... အဲ့ဒါတွေက သိုလှောင်ရလွယ်ကူပြီး အကြာကြီး အထားခံတယ် လေ..."

"ဟုတ်ကဲ့... အဲ့ဒါတွေကိုလည်း ကျင်း နှစ်ရာစီ ပေးပါ..."

"ကောင်းပြီ... ငါ တွက်ကြည့်လိုက်ဦးမယ်... စုစုပေါင်းက(၁၈၅,၇၃၂) ယွမ် ကျ တယ်... ဆယ်ရာခိုင်နှုန်း လျှော့ပေးလိုက်ရင် (၁၆၃၇၁၅၈) ယွမ် ဖြစ်သွားပြီ... မင်းအတွက် (၁၆၇၀၀၀) ယွမ်ပဲ ထားလိုက်ပါတော့..."

"ကောင်းပါပြီ သူဌေး... ပစ္စည်းတွေကို ဒီလိပ်စာဆီ ပို့ပေးပါ... ဒီငွေတွေက စရန်ငွေ ယွမ် ခြောက်သောင်းပါ..."

"ကောင်းပါပြီ... ဒီနေ့ည ခုနစ်နာရီမှာ ပို့ပေးလိုက်ပါမယ်..."

All Chapters