ဖန်းဟန် ဇာတ်သိမ်းပြီးနောက် ဖန်းဟန်ဆရာက ဆက်ရေးမယ့်စာအုပ်လေးပါ။ ဒုတိယဘဝ၊ ဒုတိယအခွင့်အရေးဆိုတာ လူတိုင်းမှာ တစ်ကြိမ်တစ်ခါတော့ လိုချင်ဖူးကြတယ်မလားရှင်။ စာရေးသူတို့လို သာမန်လူသားတွေမှာဆို ငါသာ ဒုတိယအကြိမ်အခွင့်အရေးရခဲ့ရင် ဒါမျိုးထပ်မဖြစ်စေရတော့ဘူးဆိုတာမျိုး ပြောဖူးကြမှာပါ။ သို့ပေမယ့် ဒုတိယအကြိမ်ဆိုတာက အင်မတန်မှရဖို့ခဲယဉ်းပါတယ်။ ထို့အတွက်ကြောင့် ပြင်ပလောကမှာ မဖြစ်နိုင်တဲ့အရာတွေ၊ ဖြစ်ချင်တဲ့အရာတွေကို စိတ်ကူးယဉ်ရေးဖွဲ့တဲ့ စာပေတွေအများကြီး ပေါ်ပေါက်လာခဲ့ရတာပါ။ လူသားတွေရဲ့ စွဲလမ်းစိတ်က အင်မတန်ဖြတ်ရခက်တဲ့ သံမဏိကြိုးတစ်ချောင်းလိုပါပဲလို့တင်စားရင်းနဲ့ ဇာတ်လမ်းအကျဉ်းလေးကို မိတ်ဆက်ပေးပါရစေရှင်။ မျက်မှောက်ခေတ် ၂၀၂၆ခုနှစ်တွင် ကျိုးချန်ယဲ့ဆိုသူသည် အဓိပ္ပါယ်မဲ့ကာ ကြေကွဲဖွယ်ကောင်းလှသော သူ၏ အတိတ်ဘဝကို အိပ်မက်ထဲတွင် မထင်မှတ်ဘဲ မြင်တွေ့ခဲ့ရပြီး နေရာလွတ်နှင့် အနာဂတ်ကြိုတင်သိမြင်နိုင်သော စွမ်းအားများကိုလည်း မမျှော်လင့်ဘဲ နိုးထလာစေခဲ့လေသည်။ ယခင်ဘဝက ဇနီးနှင့် သမီးကို စွန့်ပစ်ခဲ့သည့် ရက်စက်မှုများ၊ အိပ်ခန်းဖော်၏ ဖောက်ပြန်မှုကြောင့် ခံစားခဲ့ရသော အရှက်ရမှုများနှင့် သူ၏ ဇနီးနှင့် သမီး မြစ်ထဲသို့ ခုန်ချသွားခဲ့ကြသည့် မျှော်လင့်ချက်မဲ့နေ သော မြင်ကွင်းများအားလုံးသည် သူ၏ အမြင်အာရုံထဲတွင် ပေါက်ကွဲထွက်လာခဲ့ပေသည်။ သူသည် အလွန်အမင်း နှလုံးကွဲကြေခဲ့ရပြီး သူ၏ နေရာလွတ်စွမ်းအားနှင့် ကြိုတင်သိမြင်နိုင်သော စွမ်းအားများကို အသုံးပြု၍ ဇနီးနှင့် သမီး အသက်ရှင်ရပ်တည်နိုင်မည့် လမ်းကြောင်းတစ်ခုကို ဖန်တီးပေးရန် ချက်ချင်း ဆုံးဖြတ်လိုက်လေတော့သည်။ ထို့နောက်တွင်မူ သူသည် သူ၏ ပိုင်ဆိုင်မှုများကို ရောင်းချကာ ရိက္ခာပစ္စည်းများကို အသည်းအသန် စုဆောင်းခဲ့ပြီး အကြီးဆုံး ကုန်တိုက်ကြီးတစ်ခုကိုပင် သူ၏ နေရာလွတ်ထဲသို့ မတော်တဆ ထည့်သွင်းမိ သွားခဲ့လေသည်။ ကျိုးချန်ယဲ့သည် ခေါင်းများ နှစ်ခြမ်းကွဲထွက်လုမတတ် ကိုက်ခဲနေခဲ့ပြီး တစ်ကိုယ်လုံး အင်အားကုန်ခမ်း နေသကဲ့သို့ ခံစားလိုက်ရပေသည်။ ခဏအကြာတွင် သူသည် ဖြည်းညင်းစွာ ထိုင်လိုက်ပြီး ပတ်ဝန်းကျင် ကို လှည့်ပတ်ကြည့်ရှုလိုက်လေ၏။ ဤနေရာသည် သူ၏ တက္ကသိုလ်အဆောင် ဖြစ်နေခဲ့ပေသည်။ အချိန်မနှောင်းသေးပေ။ အချိန်ရှိနေသေးသည်။ သူသည် လက်ကောက်ဝတ်ရှိ မှဲ့နီလေးကို စမ်းသပ်ကြည့်လိုက်၏။ "ဟင်... အရင်က လေးထောင့်ပုံစံ နေရာလွတ်လေးက ဘယ်လိုလုပ်ပြီး ကမ္ဘာငယ်လေးတစ်ခု ဖြစ်သွားရတာလဲ... ငါ စုဆောင်းထားတဲ့ ပစ္စည်းတွေကော..." ဤနည်းဖြင့် ဒုတိယအကြိမ် အခွင့်အရေးကို အသုံးချပြီး အမှားတွေဘယ်လိုပြင်ဆင်မလဲဆိုတာ စာစဉ်(၁)ကစပြီး ဆက်လက်ဖတ်ရှူပေးကြဖို့ မေတ္တာရပ်ခံရပါစေရှင်။

