← Chapters

အခန်း ၃

Vol. 1 Ch. 3

အခန်း ၃

Vol. 1 Ch. 3

အခန်း (၃) နေရာလွတ်ထဲတွင် ပစ္စည်းများ သိုလှောင်ခြင်း

ကျိုးချန်ယဲ့သည် ဆန်နှင့် ဆီဆိုင်မှ ထွက်လာစဉ် (၁၉၇၀) ပြည့်လွန်နှစ်များတွင် အရာအားလုံးကို ခွဲတမ်းစနစ်ဖြင့်သာ ရောင်းချပေးကြောင်း တွေးတောမိလိုက် လေ၏။

အထူးသဖြင့် အသားများမှာ အလွန်တရာ ရှားပါးလှပြီး ကျေးလက်ဒေသများ တွင်မူ အချို့သော မိသားစုများသည် တစ်နှစ်လျှင် တစ်ကြိမ်ခန့် အသားစားရ လျှင်ပင် ကံကောင်းလှပြီဟု ဆိုရမည် ဖြစ်ပေသည်။

ထို့ကြောင့် သူသည် ဘေးရှိ အသားဆိုင်သို့ လျှောက်သွားကာ မေးလိုက်လေ သည်...၊

"သူဌေး... ဝက်သား တစ်ကျင်းကို ဘယ်လောက်လဲ..."

"ဝက်သုံးထပ်သားက တစ်ကျင်းကို ဆယ့်ငါးယွမ်၊ အသားနုက တစ်ကျင်ကို နှစ်ဆယ်ယွမ်၊ ဝက်ဆီဖတ်က တစ်ကျင်းကို ကိုးယွမ်၊ ဝက်ခြေထောက်က တစ် စုံကို ဆယ့်ငါးယွမ်၊ ဝက်နံရိုးက တစ်ကျင်းကို နှစ်ဆယ့်ငါးယွမ်နဲ့ ဝက်ခေါင်းက ခုနစ်ဆယ်ယွမ်ပဲ... ဘယ်အပိုင်းကို လိုချင်တာလဲ..."

အသားသည်က အော်ပြောလိုက်လေ၏။

"ကျွန်တော် ဒါတွေ အကုန်ယူမယ်... သူဌေး… ကျွန်တော်တို့ ကုမ္ပဏီက တောင် တန်းဒေသတွေကို ပစ္စည်းတွေ လှူဖို့ရှိလို့ ဝက် ငါးရာ၊ နွား ငါးရာ၊ သိုး ငါးရာ၊ ကြက်ဖ တစ်ထောင်နဲ့ ကြက်မ တစ်ထောင် လိုတယ်... တစ်ကောင်ချင်းစီ လိုက်ဝယ်ရတဲ့ ဒုက္ခက ကင်းသွားအောင် အဲ့ဒါတွေအားလုံးကို တစ်ခါတည်း ရ နိုင်မယ့် နည်းလမ်းများ ရှိလား..."

ကျိုးချန်ယဲ့က အလျင်အမြန် ပြောလိုက်လေသည်။

"ရှိတာပေါ့... ရှိတာပေါ့... ငါ့အစ်ကိုဆီမှာ မွေးမြူရေးခြံ ရှိတယ်၊ အဲ့ဒါတွေ အကုန်လုံး ရှိတယ်..."

"ကောင်းပြီ... တစ်ခုတော့ရှိတယ်၊ အရာအားလုံးကို သေသေချာချာ ကိုင် တွယ်ပြီး သန့်ရှင်းရေး လုပ်ပေးရမယ်..."

"ပြဿနာမရှိပါဘူး... ဒါပေမဲ့ အရေအတွက်က တော်တော်များတော့ အချိန် နည်းနည်းတော့ လိုမယ်... စိတ်မပူပါနဲ့ မနက်ဖြန်ည ခြောက်နာရီမှာ အချိန်မီ ပို့ပေးပါ့မယ်..."

အသားသည်က စိတ်အားထက်သန်စွာ ပြောလိုက်လေ၏။

"လူချောလေး... သစ်သီးတွေများ လိုချင်သေးလား... အန်တီ့ဆီမှာ တောင်ပိုင်း ရော မြောက်ပိုင်းက သစ်သီးတွေပါ အစုံရှိတယ်... လျှော့ဈေးနဲ့ ပေးပါ့မယ်..."

ကျိုးချန်ယဲ့သည် မျက်တောင်တစ်ချက်မခတ်ဘဲ အသားများကို ဤမျှလောက် အများကြီး ဝယ်ယူနေသည်ကို ဘေးရှိ သစ်သီးဆိုင်မှ အဒေါ်ကြီး မြင်သောအ ခါ သူ့အား ချက်ချင်း စကားလာပြောလာလေ၏။ သူမသည် ခွေးတစ်ကောင် က အရိုးကို မြင်လိုက်ရသကဲ့သို့ ကျိုးချန်ယဲ့အား အရောင်တလက်လက် ထနေသော မျက်လုံးများဖြင့် ကြည့်နေခဲ့ပေသည်။

*အင်း...*

ကျိုးချန်ယဲ့မှာ သစ်သီးဆိုင်မှ အဒေါ်ကြီး၏ စိုက်ကြည့်ခြင်းကို ခံရသဖြင့် အနည်းငယ် စိတ်မသက်မသာ ဖြစ်သွားသော်လည်း ထိုဆိုင်သို့ လျှောက်သွားခဲ့ လေသည်။

*ဒီသစ်သီးတွေက တကယ် ကောင်းတာပဲ... ခုနစ်ဆယ် ပြည့်လွန်နှစ်တွေမှာ သစ်သီးဆိုတာ ရှားပါးတယ်... ဝယ်မယ်... ဝယ်မယ်... ဝယ်လိုက်ရမယ်...*

ကျိုးချန်ယဲ့က သူ၏စိတ်ထဲတွင် တွေးလိုက်လေ၏။

ထို့ကြောင့် သူသည် ပန်းသီး၊ သစ်တော်သီး၊ ငှက်ပျောသီး၊ စပျစ်သီး၊ သရက် သီးနှင့် တရုတ်ဆီးသီးတို့ကို ကျင်; နှစ်ရာစီ ဝယ်ယူလိုက်ပြီး ဖရဲသီး၊ ကျွဲကော သီး၊ နာနတ်သီးနှင့် ဒူးရင်းသီးတို့ကို အလုံး တစ်ရာစီ ဝယ်ယူခဲ့လေသည်။

နောက်ဆုံးတွင် ဈေးထဲ၌ တွေ့ရသမျှ သာမန်သစ်သီးတိုင်းနီးပါးကို အနည်း ငယ်စီ ဝယ်ယူဖြစ်ခဲ့လေတော့သည်။

*ဟူး... အချိန်တွေသာ မကပ်နေရင် ရှင်ကျန်း ဒါမှမဟုတ် အတွင်းမွန်ဂိုးလီး ယားဆီ သွားပြီး မူရင်းထွက်တဲ့နေရာတွေကနေ ဝယ်ခဲ့သင့်တာ... အဲ့ဒါဆို အများကြီး ပိုသက်သာမှာပဲ... ဒါပေမဲ့ ဘယ်တတ်နိုင်မလဲလေ ငါ့မှာ ပြင်ဆင်ဖို့ အချိန်က သုံးရက်ပဲ ရတာကိုး... လောလောဆယ်တော့ ဒီလောက်နဲ့ပဲ ကျေနပ် ရမှာပေါ့... *

ကျိုးချန်ယဲ့က သူ၏စိတ်ထဲတွင် တွေးတောလိုက်လေသည်။

ထို့နောက် ကျိုးချန်ယဲ့သည် စရန်ငွေများကို ရှင်းလင်းပေးချေကာ ပို့ဆောင်ရ မည့် အချိန်ကို သဘောတူညီမှု ရယူပြီးနောက် လက်ကားဈေးကြီးမှ ထွက်ခွာ လာခဲ့ပြီး ဒုတိယပတ်လမ်း အနီးရှိ အထည်ချုပ်စက်ရုံကြီးတစ်ခုသို့ ထွက်ခွာ လာခဲ့လေ၏။

ဤအထည်ချုပ်စက်ရုံမှာ နာမည်အကြီးဆုံး မဟုတ်သော်လည်း ယုံကြည်စိတ် ချရသော လုပ်ငန်းအနည်းငယ်ထဲမှ တစ်ခုဖြစ်ပေသည်။ ကျိုးချန်ယဲ့၌ ငွေ အမြောက်အမြား ရှိနေသော်လည်း ထိုငွေများကို အကျိုးရှိရှိသာ သုံးစွဲချင်ခဲ့ လေ၏။

နောက်ထပ် အကြောင်းရင်းတစ်ခုမှာ စက်ရုံမှူးသည် သူ၏ သူငယ်ချင်းကောင်း ဟွေ့ဇီ၏ ဖခင် ဖြစ်နေသောကြောင့်ပင် ဖြစ်လေသည်။ ငွေရှိလျင်ပင် မိသားစု ကိုသာ ပေးရမည်ပင် ထို့ကြောင့် သူသည် သူ၏ လုပ်ငန်းကို အကူအညီပေး လိုက်ခြင်းသာ ဖြစ်ပေသည်။

ကျိုးချန်ယဲ့သည် အထည်ချုပ်စက်ရုံ၏ ဝင်ပေါက်သို့ ကားမောင်းသွားကာ ကား ကို ရပ်လိုက်ပြီး လုံခြုံရေးခန်းဆီသို့ လျှောက်သွားခဲ့လေသည်။

"အဘိုး... မတွေ့ရတာ ကြာပြီနော်..."

ကျိုးချန်ယဲ့က သူ၏အိတ်ကပ်ထဲမှ ဆေးလိပ်တစ်ဗူးကို ပေါ့ပေါ့ပါးပါး ထုတ် ယူကာ အဘိုးအိုအား တစ်လိပ် ကမ်းပေးလိုက်လေ၏။

"အို... ကျိုးချန်ယဲ့ပါလား... ဒီနေ့ ဘယ်လေနှင်လို့ ဒီဘက်ရောက်လာတာလဲ... ကိစ္စများ ရှိလို့လား..."

အဘိုးအိုသည် ဆေးလိပ်ကို လှမ်းယူလိုက်ပြီး အနံ့ခံကြည့်ကာ သူ၏ နားရွက် နောက်တွင် ညှပ်ထားလိုက်လေသည်။ စက်ရုံ၏ စည်းကမ်းများအရ အလုပ် ချိန်အတွင်း ဆေးလိပ်သောက်ခြင်းကို တားမြစ်ထားသဖြင့် သူသည် အနံ့ကို သာ ခံစားနိုင်လေ၏။

"အဘိုး... ကျွန်တော် ဦးလေးလီနဲ့ ပြောစရာ ကိစ္စလေးတစ်ခု ရှိလို့ပါ..."

ကျိုးချန်ယဲ့က ယဉ်ကျေးစွာ ပြောလိုက်လေသည်။

"အော်... စက်ရုံမှူးကို ရှာနေတာလား... သူက အခု ရက်ကန်းရုံထဲမှာ အထည် တွေကို စစ်ဆေးနေတယ်... မင်းဘာသာမင်း သွားရှာလိုက်တော့..."

အဘိုးအိုက ပြုံးကာ လက်ယမ်းပြလိုက်ပြီးနောက် တံခါးကို ဖွင့်ပေးလိုက်လေ သည်။

"ဟုတ်ကဲ့ ကျေးဇူးပါပဲ အဘိုး... အလုပ်များနေရင် ဆက်လုပ်ပါခင်ဗျာ..."

ကျိုးချန်ယဲ့က အတွင်းသို့ လျှောက်သွားရင်း ပြောလိုက်လေ၏။

"စက်ရုံမှူး... ဒီအထည်တွေက..."

ဝန်ထမ်းတစ်ဦးသည် အထည်တစ်စကို ကိုင်ထားကာ ဆံပင်ပါးပါးနှင့် ဘီယာ ဗိုက်ထွက်နေသော အနက်ရောင်ဝတ်စုံဝတ် အမျိုးသားတစ်ဦးအား သတင်းပို့ နေခဲ့လေသည်။

"ဦးလေးလီ..."

ကျိုးချန်ယဲ့က အော်ခေါ်လိုက်လေ၏။

"ကျိုးချန်ယဲ့... ဒီနေ့ ဘယ်လိုဖြစ်လို့ ဦးလေးလီဆီ ရောက်လာတာလဲ..."

ဦးလေးလီဟု ခေါ်သော အမျိုးသားမှာ လှည့်ကြည့်လိုက်ပြီး အသံလာရာဘက် သို့ ကြည့်လိုက်ရာ ကျိုးချန်ယဲ့ကို မြင်တွေ့သွားသဖြင့် အလျင်အမြန် ပြုံးကာ မေးလိုက်လေသည်။

"ဦးလေးလီ... ကျွန်တော် အထည်နဲ့ အဝတ်အစား တချို့ လိုချင်လို့ လာဒုက္ခ ပေးတာပါ..."

ဟု ကျိုးချန်ယဲ့က နောက်ပြောင်သောဟန်ဖြင့် ပြောလိုက်လေ၏။

"ကောင်းပြီ... ငါ့ရုံးခန်းထဲမှာ သွားပြောကြတာပေါ့..."

ထိုသို့ပြောပြီးနောက် သူသည် ကျိုးချန်ယဲ့အား အပြင်သို့ ဆွဲခေါ်သွားခဲ့လေ သည်။

စက်ရုံမှူး၏ ရုံးခန်းသို့ ရောက်ရှိသောအခါ စက်ရုံမှူးလီက ကျိုးချန်ယဲ့အား လက်ဖက်ရည်တစ်ခွက် ငှဲ့ပေးရင်း ပြောလိုက်လေသည်။

"ကျိုးချန်ယဲ့... ထိုင်ပါဦး… လက်ဖက်ရည်သောက်ပြီး ခဏနားလိုက်ဦး… ပြီးမှ ဖြည်းဖြည်းချင်း ပြောကြတာပေါ့..."

"ကျေးဇူးပါပဲ ဦးလေးလီ..."

ကျိုးချန်ယဲ့သည် လက်ဖက်ရည်ခွက်ကို အလျင်အမြန် ကောက်ကိုင်လိုက်ပြီး တစ်ငုံ သောက်ချလိုက်လေ၏၊ တစ်နေ့လုံး ရေသောက်ရန် အချိန်မရခဲ့သည် ကို သူ ဝန်ခံရမည်ပင်။

"ဦးလေးလီ... ဒီလိုပါ… ကျွန်တော် (၁၉၇၀) ပြည့်လွန်နှစ်တွေက အဝတ်အစား တွေနဲ့ အထည်စအမျိုးမျိုး လိုချင်လို့ပါ..."

စက်ရုံမှူးလီက ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက်...

"ကျိုးချန်ယဲ့... ငါ့ဆီမှာ ပစ္စည်းတစ်သုတ် ရှိနေတာနဲ့ အတော်ပဲ... အဲ့ဒါက အစ က ဟိုင်ရှီ ကမှာထားတာ… ဒါပေမဲ့ သတင်းအစအန မရတာ ကြာပြီ... အဲ့ဒါ ကြောင့် ငါ တော်တော်လေး စိတ်ညစ်နေတာ... မင်း ဘယ်လောက် လိုချင်တာ လဲ... မင်းအတွက် ကားပေါ် တင်ပေးဖို့ ဂိုဒေါင်ကို ငါ သွားပြောလိုက်မယ်..."

"ဦးလေး... ဦးလေးဆီမှာ ရှိသလောက် အကုန်ယူမယ်..."

ကျိုးချန်ယဲ့က လေးနက်စွာ ပြောလိုက်လေသည်။

"ကျိုးချန်ယဲ့... မင်း တကယ်ပြောနေတာလား..."

စက်ရုံမှူးလီ၏ မျက်လုံးများမှာ အံ့အားသင့်စွာဖြင့် ပြူးကျယ်သွားခဲ့လေ၏။

"ကောင်းပြီလေ... ဂိုဒေါင်ကို ငါ ချက်ချင်း ညွှန်ကြားလိုက်မယ်… ပြီးရင် ပစ္စည်း တွေကို အတူတူ သွားစစ်ကြတာပေါ့..."

ထို့နောက် ၎င်းတို့နှစ်ဦးသည် ဂိုဒေါင်ဆီသို့ ဦးတည်သွားခဲ့ကြလေတော့သည်။

"စက်ရုံမှူး... ရောက်လာပြီကိုး..."

ဝန်ထမ်းများ ပစ္စည်းရွှေ့ပြောင်းနေသည်ကို ကြီးကြပ်နေသော ဂိုဒေါင်မန်နေ ဂျာ လောင်ယန်သည် စက်ရုံမှူးနှင့် လူငယ်တစ်ဦး လျှောက်လာသည်ကို မြင် လိုက်သောအခါ အလျင်အမြန် နှုတ်ဆက်လိုက်လေသည်။

"အင်း... မင်းလည်း ပင်ပန်းနေပြီ လောင်ယန်..."

စက်ရုံမှူးလီက ခေါင်းညိတ်ပြလိုက်လေ၏။

ဤအချိန်တွင် ကျိုးချန်ယဲ့သည် ကုန်ပစ္စည်းများကို မြင်တွေ့နေရပြီ ဖြစ်လေ သည်။ သူ၏ မျက်လုံးများသည် သေသပ်စွာ စီထားသော သေတ္တာများပေါ်သို့ ကျရောက်သွားခဲ့ပြီး ၎င်းအတွင်း၌ အများအားဖြင့် မီးခိုးရောင်၊ အနက်ရောင် နှင့် အပြာရောင်တို့ဖြင့် ချုပ်လုပ်ထားသော ကျုံးရှန်းဝတ်စုံနှင့် လီနင်ဝတ်စုံ ဒီဇိုင်းအမျိုးမျိုးကို ကြည့်ရှုလိုက်လေ၏။

သူ၏ လက်ချောင်းထိပ်လေးများသည် ရေတပ်ပြာရောင် ကြယ်သီးနှစ်တန်း တပ် ကျုံးရှန်းဝတ်စုံ၏ အထည်စကို ထိတွေ့မိသွားရာ ထူထဲ၍ တင်းရင်းသော အထိအတွေ့ကြောင့် သူ့ကို အနည်းငယ် ခေါင်းညိတ်သွားစေခဲ့ပေသည်။

ဘေးရှိ သေတ္တာထဲတွင်မူ စစ်စိမ်းရောင် အလုပ်သမားဝတ်စုံများကို သေသပ် စွာ ခေါက်ထားပြီး အထည်အသစ်ဖြစ်သဖြင့် ကော်လာများမှာ တောင့်တင်းနေ ဆဲပင် ဖြစ်လေသည်။

အမျိုးသားရော အမျိုးသမီးအတွက်ပါ အရွယ်အစားနှင့် အမျိုးအစားစုံလင် သော ရှပ်အင်္ကျီများ၊ ဘဲလ်ဘော့တန် ဘောင်းဘီများနှင့် ဝတ်စုံပြည့် ဘောင်းဘီ များ ပါဝင်လေသည်။

အမျိုးသမီး စကတ်များ၊ ဂါဝန်များ၊ လက်ဖောင်းအင်္ကျီများနှင့် အခြားများစွာ သော အရာများလည်း ရှိနေသေး၏။ ထို့အပြင် လက်ရှိ ရေပန်းစားနေသော ဂါဝန်များနှင့် စစ်ကုတ်အင်္ကျီများလည်း ပါဝင်နေရာ ဆယ်စုနှစ်တစ်ခုကျော် အထိ အဝတ်အစား ဝယ်ရန် လိုတော့မည်မဟုတ်ဟု ခံစားလိုက်ရပေသည်။

"ကျိုးချန်ယဲ့... ဒီဘက်ကို ကြည့်ပါဦး... ဒါတွေက စက်ရုံမှာ ပိုနေတဲ့ အထည်စ တွေနဲ့ အပြစ်အနာအဆာရှိတဲ့ အထည်တချို့ပဲ... မင်း စိတ်မဆိုးဘူးဆိုရင် အ ကုန်ယူသွားလို့ ရတယ်..."

စက်ရုံမှူးလီက လက်ယမ်းပြရင်း ပြောလိုက်လေသည်။

"ကျေးဇူးတင်ပါတယ် ဦးလေးလီ... ကျွန်တော် တကယ် လိုအပ်နေတာ..."

ကျိုးချန်ယဲ့က စိတ်လှုပ်ရှားစွာ ပြောလိုက်လေ၏။

"မင်းက တအား အားနာလွန်းနေပြီ... ဘယ်လိုပဲဖြစ်ဖြစ် အဲ့ဒါတွေက ဖုန်တက် နေတာပဲ ရှိတာလေ... ပစ္စည်းတွေကို ရှင်းထုတ်ပေးတဲ့အတွက် မင်းကိုတောင် ငါက ကျေးဇူးတင်ရဦးမှာ..."

စက်ရုံမှူးလီက ကျိုးချန်ယဲ့၏ ပခုံးကို ပုတ်လိုက်လေသည်။

"အားတဲ့အခါ ညစာလာစားဖို့ မမေ့နဲ့ဦးနော်... မင်းအန်တီက မင်းအကြောင်း ပြောနေတာ ကြာလှပြီ..."

"ဟုတ်ကဲ့ပါ ဦးလေးလီ... ကျွန်တော့်အလုပ်တွေ ပြီးတာနဲ့ အန်တီ့ဆီ အလည် လာပြီး စကားလာပြောပါ့မယ်..."

ထို့နောက် ကျိုးချန်ယဲ့သည် ဂိုဒေါင်၏ လိပ်စာကို ပေးခဲ့ပြီး စရန်ငွေ ယွမ် ကိုး သောင်းကို ပေးချေကာ အထည်ချုပ်စက်ရုံမှ ထွက်ခွာလာခဲ့လေတော့သည်။

All Chapters