အခန်း ၅
Vol. 1 Ch. 5
အခန်း (၅) နေရာလွတ်ထဲတွင် ပစ္စည်းများ သိုလှောင်ခြင်း (၄)
တောင်လိုပုံနေသော ကုန်ပစ္စည်းများကို ကြည့်ရင်း ကျိုးချန်ယဲ့သည် ကြီးမား သောလုံခြုံမှု တစ်ခုကို ခံစားလိုက်ရလေ၏။
*ဒါပေမဲ့... ဒီပစ္စည်းတွေ ဒီတိုင်းပုံထားရင် နောက်ပိုင်း ပစ္စည်းရှာတဲ့အခါ တော် တော်လေး ခက်ခဲလိမ့်မယ်... သစ်သီးတွေနဲ့ ဥတွေလို တချို့ပစ္စည်းတွေက ဝိတ်ကိုကို မခံနိုင်လို့ ကြမ်းပြင်ပေါ်မှာ ဒီတိုင်းချထားရတော့ နေရာတော်တော် ယူနေတယ်...*
ကျိုးချန်ယဲ့က သူ၏ မေးစေ့ကို ပွတ်သပ်လိုက်လေ၏။
"အင်း... စင်တချို့တော့ ဝယ်မှရမယ်..."
"ရွှီ... ရွှီ..."
ကျိုးချန်ယဲ့သည် မော့ကြည့်လိုက်ရာ လေထဲတွင် လွင့်မျောနေသော ချိုးချိုးကို မြင်တွေ့လိုက်ရလေသည်။ ယခင်နှင့်မတူဘဲ ၎င်း၏ နဖူးပေါ်တွင် လျှပ်စီး သင်္ကေတတစ်ခု ရှိနေပြီး ခန္ဓာကိုယ်တဝိုက်တွင် မှိန်ဖျော့သော လျှပ်စီးကြောင်း လေးများ တလက်လက် တောက်ပနေခဲ့ပေသည်။
"ဇီး... သခင်၊ ကျွန်တော် ပြန်ရောက်ပြီ..."
ချိုးချိုးက စိတ်လှုပ်ရှားစွာ ပြောလိုက်လေ၏။
"မင်း... အဆင့်တက်သွားတာလား..."
ကျိုးချန်ယဲ့က မျက်ခုံးတစ်ဖက် ပင့်ကာ မေးလိုက်လေသည်။
"သခင်… သခင့်ကို ရှာဖွေတုန်းက စွမ်းအင်တွေ အများကြီး သုံးစွဲခဲ့ရလို့ ချိုးချိုး က အိပ်မောကျတဲ့ အခြေအနေကို ရောက်သွားခဲ့တာပါ... ဒါပေမဲ့ သခင်နဲ့ နေရာလွတ်ရဲ့ ပေါင်းစပ်မှုက တိုးလာတာနဲ့အမျှ ချိုးချိုးလည်း လိုက်လျောညီ ထွေဖြစ်တဲ့ စွမ်းအင်တွေကို ရရှိလာပြီး ခန္ဓာကိုယ်ပုံစံက ပိုပြီး ပီပြင်လာမှာ ပါ..."
ချိုးချိုးက ရှင်းပြလိုက်လေ၏။
"ကောင်းပြီ... ငါ နားလည်ပြီ..."
ကျိုးချန်ယဲ့က ပြောလိုက်ပြီးနောက် ပစ္စည်းပုံကြီးကို ထပ်မံ ကြည့်ရှုလိုက်လေ သည်။
"ကျွန်တော် သခင့်ကို ကူညီပေးနိုင်ပါတယ်..."
ချိုးချိုးက အလျင်အမြန် ကြေညာလိုက်လေ၏။
"ဟင်... ငါ ဘာတွေးနေလဲဆိုတာ မင်း သိနေတာလား..."
ကျိုးချန်ယဲ့၏ မျက်လုံးများထဲတွင် လူသတ်ချင်သော အရိပ်အယောင်တစ်ခု လျှပ်တစ်ပြက် ဖြတ်ပြေးသွားခဲ့လေသည်။
"သခင်... သခင်... ကျွန်တော်တို့က တစ်သားတည်းဖြစ်နေလို့ သခင့်ရဲ့ စိတ်ထဲ မှာ ကျွန်တော် ရှိနေတာလေ... ဒါကြောင့် သခင့်ရဲ့ အတွေးတွေကို ကျွန်တော် သိနိုင်တာပေါ့..."
ချိုးချိုးက အန္တရာယ်ကို လုံးဝ သတိမထားမိဘဲ ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက် လေ၏။
ကျိုးချန်ယဲ့၏ မျက်နှာမှာ ရုတ်တရက် မှောင်မိုက်သွားပြီး အန္တရာယ်ရှိသော အငွေ့အသက်များ ထွက်ပေါ်လာခဲ့ပေသည်။
ချိုးချိုးက အလျင်အမြန်ပင် ပြန်ပြောလိုက်လေ၏။
"သခင်... စိတ်ချပါ၊ သခင့်ရဲ့ ခွင့်ပြုချက်မရဘဲ သခင့်ရဲ့ အတွေးတွေကို ခိုးမ ကြည့်ပါဘူးလို့ ကျွန်တော် ကတိပေးပါတယ်..."
လေထုမှာ ဖိအားပေးမှု မရှိတော့ကြောင်း ခံစားလိုက်ရသောအခါ ချိုးချိုးသည် ကျိုးချန်ယဲ့၏ မျက်နှာဆီသို့ တိတ်တဆိတ် လွင့်မျောလာပြီး ညင်သာစွာ ပွတ် သပ်လိုက်လေသည်။
ကျိုးချန်ယဲ့က ၎င်း၏ လုံးဝန်းသော ခန္ဓာကိုယ်လေးကို ငုံ့ကြည့်လိုက်ရာ တင်း မာနေသော သူ၏ မေးရိုးများမှာ ပြေလျော့သွားခဲ့ပြီး သူ၏ လက်ချောင်းထိပ် လေးဖြင့် ၎င်းကို ညင်သာစွာ ထိုးလိုက်လေ၏။
"မင်းက တော်တော် လည်တာပဲ..."
"ဟီးဟီး... သခင်… ကြည့်လိုက်ပါဦး..."
ချိုးချိုးက သူ၏ လက်သေးသေးလေးကို ဝှေ့ယမ်းလိုက်ရာ မျက်တောင်တစ် ခတ်အတွင်းမှာပင် နေရာလွတ်ထဲ၌ မြင့်မားသော စင်တန်းအချို့ ပေါ်လာခဲ့ပြီး ပစ္စည်းများမှာလည်း အမျိုးအစားအလိုက် သေသပ်စွာ နေရာချပြီးသား ဖြစ် သွားခဲ့လေသည်။
"လိမ္မာလိုက်တာ..."
ကျိုးချန်ယဲ့က ချိုးချိုး၏ ခေါင်းကို ပွတ်သပ်ပေးလိုက်လေ၏။
"ကောင်းပြီ... အချိန်လည်း လင့်နေပြီ… အိမ်ပြန်အိပ်ကြတာပေါ့..."
နောက်တစ်နေ့….၊
"အသည်းကွဲနေတဲ့သူက ဘယ်သူ့ကို ချစ်နိုင်မှာလဲ... ဂရုစိုက်မယ့်သူ မရှိတဲ့ ခံစားချက်..."
နားထောင်လို့ကောင်းသော ဖုန်းမြည်သံတစ်ခု ထွက်ပေါ်လာခဲ့လေသည်။
"ဟလို..."
အိပ်ချင်မူးတူးဖြစ်နေသော ဩရှရှ အသံတစ်ခု ထွက်ပေါ်လာခဲ့ပြီး အဆုံးတွင် အနည်းငယ် နှာသံပါနေသဖြင့် ထိုသူမှာ အိပ်ပျော်နေရာမှ ရုတ်တရက် နိုးလာ ကြောင်း ရှင်းလင်းစွာ သိသာနေခဲ့ပေသည်။
"မင်္ဂလာပါ... ဟပ်ပီးနက်စ် အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းကပါ၊ မစ္စတာ ကျိုး ဟုတ်ပါသလား..."
"ဟုတ်ပါတယ်..."
"မင်္ဂလာပါ မစ္စတာကျိုး… လူကြီးမင်း နာမည်နဲ့ ရှိတဲ့ အိမ်ခြံမြေ သုံးခုလုံးကို ရောင်းပြီးပါပြီ... အရေးပေါ် ရောင်းလိုက်တာဖြစ်လို့ ဈေးနှုန်းက ဈေးကွက် ပေါက်ဈေးထက် နိမ့်ပြီး စုစုပေါင်း နှစ်သန်း ရပါတယ်... အီလက်ထရောနစ် စာချုပ်ကို လူကြီးမင်းရဲ့ အီးမေးလ်ဆီ ပို့ပေးလိုက်ပါပြီ... ကျေးဇူးပြုပြီး စစ် ဆေးကြည့်ပါ၊ ပြဿနာမရှိရင် လက်မှတ်ထိုးပြီး ပြန်ပို့ပေးပါခင်ဗျာ... စာချုပ် ရရှိတာနဲ့ ငွေချေပေးပါ့မယ်..."
အကျိုးဆောင်က စိတ်ရှည်လက်ရှည် ပြောလိုက်လေ၏။
"လူကြီးမင်း ပြင်ဆင်ဖို့ အချိန် သုံးရက် ရပါမယ်... သုံးရက်ကြာပြီးတဲ့နောက် အိမ်ခြံမြေတွေကို လာရောက် လွှဲပြောင်းယူပါ့မယ်... ပူးပေါင်းပါဝင်ပေးတဲ့အ တွက် ကျေးဇူးတင်ပါတယ်..."
"ကောင်းပါပြီ..."
ကျိုးချန်ယဲ့သည် သူ၏ အီးမေးလ်ကို ဖွင့်ကြည့်လိုက်ရာ မဖတ်ရသေးသော မက်ဆေ့ခ်ျတစ်ခုကို အမှန်တကယ် တွေ့လိုက်ရလေ၏။
စည်းကမ်းချက်များကို သေချာစွာ စစ်ဆေးပြီးနောက် ပြဿနာမရှိကြောင်း အတည်ပြုကာ သူသည် လက်မှတ်ရေးထိုးပြီး အီးမေးလ်ကို ပြန်ပို့ပေးလိုက် လေသည်။ ငါးမိနစ်အကြာတွင် ငွေ ယွမ် နှစ်သန်း ဝင်ရောက်လာကြောင်း မိုဘိုင်းဘဏ်လုပ်ငန်း အက်ပလီကေးရှင်းမှ စာတိုတစ်စောင် လက်ခံရရှိခဲ့ပေ သည်။
ငွေများ အကောင့်ထဲသို့ ဝင်လာသည်နှင့်တစ်ပြိုင်နက် ကျိုးချန်ယဲ့သည် အွန်လိုင်းမှ အကြီးအကျယ် စျေးဝယ်ခြင်းကို စတင်လိုက်လေတော့သည်။
ပထမဦးစွာ သူ အနှစ်သက်ဆုံး သရေစာများဖြစ်သည့် အရသာမျိုးစုံ အာလူး ကြော်များ၊ ကွန်ဂျတ်ခေါက်ဆွဲများ၊ မှိုတို့ဖူးများ၊ အမဲသားခြောက်များ၊ ဘဲ လည်ပင်းစပ်စပ်၊ကြက်လည်ပင်း၊ ဟင်းခတ်အမွှေးအကြိုင်များဖြင့် ချက်ထား သော ကြက်ပေါင်များနှင့် အရသာမျိုးစုံ နို့လက်ဖက်ရည်တို့ကို သူ ဝယ်ယူ လိုက်လေသည်။
ဒုတိယအနေဖြင့် သူသည် အိမ်သာသုံးစက္ကူ၊ တစ်ရှူးများ၊ ခေါင်းလျှော်ရည်၊ ရေချိုးဆပ်ပြာရည်၊ ဆံပင်ပျော့ဆေးနှင့် အခြားသော နေ့စဉ်သုံး ပစ္စည်းများကို ဝယ်ယူလိုက်လေ၏။
နောက်ဆုံးအနေဖြင့် သူသည် အကြီးဆုံး သိုလှောင်နိုင်စွမ်းရှိသော ယူအက်စ် ဘီ ဒရိုက်ဗ် အချို့ကို ဝယ်ယူလိုက်ပြီး ကွန်ပျူတာပေါ်တွင် စိုက်ပျိုးရေးနှင့် သိပ္ပံ နည်းပညာဆိုင်ရာ အချက်အလက်များကို ရှာဖွေကာ ဟင်းလျာမျိုးစုံအတွက် ဟင်းချက်နည်းများကို ရှာဖွေပြီး သူနှစ်သက်သော ရုပ်ရှင်များ၊ ဝတ္ထုများနှင့် ရုပ်မြင်သံကြား ဇာတ်လမ်းတွဲများ အားလုံးကို ဒေါင်းလုဒ်ဆွဲလိုက်လေသည်။
သဘောတူညီထားသော ပို့ဆောင်ရမည့် အချိန်သို့ နီးကပ်လာသောအခါ အစားအသောက်များကို လက်ခံရယူရန်အတွက် သူသည် ဂိုဒေါင်ဆီသို့ အလျင်အမြန် သွားခဲ့ပြီး လက်တစ်ချက် ဝှေ့ယမ်းလိုက်ရုံဖြင့် အရာအားလုံးကို သူ၏ နေရာလွတ်ထဲသို့ ပြောင်းရွေ့ သိုလှောင်လိုက်လေ၏။
ကျိုးချန်ယဲ့သည် နေ့လယ်ခင်း တစ်ခုလုံးကို အော်ဒါမှာထားသော အစားအ သောက်များ လက်ခံခြင်းနှင့် ပစ္စည်းများကို စီစဉ်နေရာချထားခြင်းတို့ဖြင့် ကုန် ဆုံးစေခဲ့လေသည်။
သူသည် လမ်းကြုံ စွမ်းအားမြင့် နေရောင်ခြည်သုံး မီးစက်အချို့ကိုလည်း အော်ဒါတင်ခဲ့လေ၏။
(၁၉၇၀) ပြည့်လွန်နှစ်များတွင် လျှပ်စစ်မီး ရရှိနေပြီ ဖြစ်သော်လည်း အသုံးပြု မှုနှုန်းမှာ နိမ့်ကျနေဆဲပင် ဖြစ်လေသည်။ ထိုခေတ်ကာလသို့ သွားရောက်ရာ တွင် အရေးပေါ် အခြေအနေများနှင့် ကြုံတွေ့ရမည်ကို စိုးရိမ်သဖြင့် ကြိုတင် ကာကွယ်သည့်အနေဖြင့် ၎င်းတို့ကို မှတ်သားမှာယူခဲ့ခြင်း ဖြစ်ပေသည်။
ညနေပိုင်းတွင် ယမန်နေ့က မှာယူထားသော သစ်သီးများနှင့် အသားများ ရောက်ရှိလာခဲ့ရာ သူသည် ကျန်ရှိနေသော ငွေများကို ရှင်းလင်းပေးချေလိုက် လေသည်။
ပြီးခဲ့သော နှစ်ရက်အတွင်း သူသည် ယွမ် သုံးသန်းနီးပါး သုံးစွဲခဲ့ကြောင်းကို ကျိုးချန်ယဲ့က တွက်ချက်ကြည့်လိုက်လေ၏။
"ဟူး... ငွေကို ရေလိုသုံးတယ်ဆိုတာ ဘာလဲဆိုတာ ငါ နောက်ဆုံးတော့ နားလည်သွားပြီ..."
ကျိုးချန်ယဲ့သည် ကုတင်ပေါ်တွင် လှဲလျောင်းရင်း ဖုန်းမှ ဖွင့်ထားသော တိုး ညှင်းသည့် တေးဂီတသံနှင့်အတူ တဖြည်းဖြည်း အိပ်မောကျသွားခဲ့လေတော့ သည်။
တတိယနေ့….၊
(၁၉၇၀) ပြည့်လွန်နှစ်များတွင် ဆေးဝါး အရင်းအမြစ်များ ရှားပါးလှပြီး လူနာ အများအပြားမှာ ဆေးဝါးမရှိသောကြောင့် အသက်ဆုံးရှုံးခဲ့ရသည်ကို ယမန် နေ့ညက အိပ်ရာမဝင်မီလေးတွင်မှ သူ သတိရသွားခဲ့လေသည်။
ထို့ကြောင့် ကျိုးချန်ယဲ့သည် နံနက်ခင်းတွင် နိုးလာသည်နှင့်တစ်ပြိုင်နက် အိမ်ရှိ အသုံးပြု၍ရနိုင်သော အရာအားလုံးကို နေရာလွတ်ထဲသို့ ထည့်လိုက်လေ၏၊ ထို့နောက် ဆေးဆိုင်အမျိုးမျိုးသို့ ကားမောင်းသွားကာ အများသုံး ဆေးဝါး များအားလုံးကို ဝယ်ယူရန် ယွမ် ရှစ်သိန်းကျော် သုံးစွဲခဲ့သဖြင့် သူ၏စိတ်ထဲ တွင် အနည်းငယ် ပို၍ သက်သာရာရသွားခဲ့ပေသည်။
နောင်တစ်ချိန်တွင် ကလေးယူမည့်အကြောင်းကို တွေးတောမိသောအခါ အ ဝတ်အစားများ အများအပြား သိုလှောင်ထားပြီး ဖြစ်သော်လည်း ကလေး သေးခံများ၊ နို့ဘူးများနှင့် နို့မှုန့်များ စသည်တို့ကို မသိုလှောင်ရသေးကြောင်း သတိပြုမိသွားခဲ့လေသည်။
ထို့ကြောင့် သူသည် ယွမ် ခြောက်သိန်းကျော် သုံးစွဲကာ သူ၏ကလေး ဆယ်နှစ် ကျော်အထိ သုံးရန် လုံလောက်သော ပစ္စည်းများကို ဝယ်ယူခဲ့လေ၏။
အချိန်ခရီးသွားပြီးကာစတွင် ကုန်ပစ္စည်းများကို ငွေသားအဖြစ် ပြောင်းလဲရန် အချိန်ယူရမည်ဖြစ်သဖြင့် ငွေသား မဖြစ်မနေ လိုအပ်မည်မှာ သေချာလှပေ သည်။
သူသည် နောက်ထပ် ယွမ် သုံးသိန်းကို သုံးစွဲကာ သိကျွမ်းသူတစ်ဦးထံမှ (၁၉၇၀) ပြည့်လွန်နှစ်များက အသုံးပြုခဲ့သော ဆီကူပွန်များ၊ ရိက္ခာကူပွန်များ နှင့် ဝါဂွမ်းကူပွန်များ အစရှိသည့် ကူပွန်နှင့် ပြေစာအမျိုးမျိုးကို ဝယ်ယူခဲ့လေ သည်။
နေရာလွတ်ထဲရှိ ပစ္စည်းကြီးများ၏ ရင်းမြစ်ကို စစ်ဆေး၍မရနိုင်သဖြင့် စက်မှု ကူပွန်များနှင့် အဓိက ပစ္စည်းကြီးလေးခုအတွက် ကူပွန်အချို့ကိုလည်း ပြင်ဆင် ထားရန် လိုအပ်ပေသည်။
ကြိုတင်ကာကွယ်သည့် အနေဖြင့် ကိုယ်တိုင်အသုံးပြုလိုပါက ၎င်းတို့ကို မှန် ကန်သော လုပ်ထုံးလုပ်နည်းများနှင့်အညီ ဝယ်ယူသင့်ပေသည်။
သူ၏ ပိုင်ဆိုင်မှုများကို ကြည့်လိုက်ရာ မရောင်းရသေးသည့် တစ်ခုတည်းသော အရာမှာ လွန်ခဲ့သော နှစ်နှစ်က သူဝယ်ထားသော ဤကားသာလျှင် ဖြစ်လေ တော့သည်။
ထို့ကြောင့် ကျိုးချန်ယဲ့သည် တစ်ပတ်ရစ်ကား ဈေးကွက်တစ်ခုကို ရှာဖွေခဲ့ လေ၏။ သူသည် အလျင်စလို ဖြစ်နေသဖြင့် ၎င်းကို ယွမ် ကိုးသောင်းဖြင့်သာ ရောင်းချခဲ့လိုက်လေသည်။
ရွှေဆိုသည်မှာ ခိုင်မာသော ငွေကြေးတစ်ခုဖြစ်သဖြင့် ကျန်ရှိနေသော ငွေများ ကို အသုံးပြု၍ ရွှေဝယ်ရန် သူ မူလက ရည်ရွယ်ထားခဲ့သော်လည်း လက်ရှိ ရွှေဈေးနှုန်းကို တွေးတောပြီးနောက်တွင် သူသည် ထိုအကြံကို စွန့်လွှတ်လိုက် ကာ နောင်အခွင့်အရေးရမှသာ ဝယ်ယူရန် ဆုံးဖြတ်လိုက်လေတော့သည်။
ကျိုးချန်ယဲ့သည် လက်ကိုမြှောက်ကာ သူ့အနားတွင် နှစ်ပေါင်းများစွာ ရှိနေခဲ့ သော သူ၏ နာရီဟောင်းလေးကို တစ်ချက် ကြည့်လိုက်လေသည်။
ကောင်းကင်မှာ မှောင်မိုက်လာပြီဖြစ်ပြီး သူ မသိလိုက်ခင်မှာပင် ညစာစားချိန် သို့ ရောက်ရှိနေပြီ ဖြစ်လေ၏။ ရုတ်တရက်ဆိုသလို သူသည် ပင်လယ်စာ ဘူဖေး စားချင်စိတ် ပေါ်လာခဲ့ပေသည်။
"ပင်လယ်စာ သိုလှောင်ဖို့ ငါ မေ့သွားတာပဲ..."
ကျိုးချန်ယဲ့က သူ၏ မျက်နှာကို အုပ်ကာ ခါးသီးစွာ ပြုံးလိုက်လေ၏။
"တော်တော် ဆိုးရွားတဲ့ မှတ်ဉာဏ်ပဲ..."
အရသာရှိသော ပင်လယ်စာ ဘူဖေးကို သုံးဆောင်ပြီးနောက် သူသည် ပင် လယ်စာ လက်ကားဈေးကြီးသို့ ကားဖြင့်သွားကာ ပင်လယ်ငါးများ၊ ရေချိုငါး များ၊ ဂဏန်းများ၊ ပင်လယ်မျှော့များ၊ ခရုများ၊ ပုစွန်တုပ်ကြီးများ၊ ဂုံးကောင် များ၊ ယောက်သွားများ၊ ကမာများနှင့် ဓားခရုများ အစရှိသည့် ပင်လယ်စာ အမြောက်အမြားကို ဝယ်ယူခဲ့လေသည်။
ပင်လယ်စာများ ဝယ်ယူပြီးနောက် သူ့တွင် ယွမ် ငါးထောင် ကျန်ရှိနေသေး လေ၏။ ပင်လယ်စာများကို သူ၏ နေရာလွတ်ထဲသို့ သိုလှောင်ပြီးနောက် သူ သည် အသစ်ဖွင့်ထားသော ကုန်တိုက်ကြီးတစ်ခုဆီသို့ တန်းတန်းမတ်မတ် သွားခဲ့ပြီး ဟိုဟိုဒီဒီ လျှောက်ကြည့်ကာ လိုအပ်နေသေးသည့် ပစ္စည်းများ ရှိမရှိ စစ်ဆေးပြီး ထပ်မံဝယ်ယူရန် တွေးတောနေခဲ့လေသည်။
ကျိုးချန်ယဲ့သည် မီးဖိုချောင်သုံး ပစ္စည်းများရှိရာ နေရာသို့ လျှောက်သွားစဉ် သူ ၏စိတ်ထဲတွင် တွေးတောလိုက်လေ၏။
*ဒီပန်းကန်ပြားတွေနဲ့ ပန်းကန်လုံးတွေက တကယ် လှတာပဲ... ငါ့ရဲ့ အနာဂတ် ဇနီးသည်ကတော့ သေချာပေါက် သဘောကျမှာပဲ... တချို့ ဝယ်သွားလိုက် ရမလား...*
ထိုသို့ တွေးတောရင်း အမြင့်ရှိ စင်ပေါ်မှ ပန်းကန်ပြားကို သူ လှမ်းယူလိုက်စဉ် အပေါ်ဆုံးစင်မှ ဖန်အိုးမှာ ယိမ်းထိုးသွားကာ တန်းတန်းမတ်မတ် ပြုတ်ကျလာ ခဲ့လေတော့သည်။
ထို့နောက် သူ့ပတ်ဝန်းကျင်ရှိ လူများ၏ အော်ဟစ်သံများနှင့်အတူ...၊
ကျိုးချန်ယဲ့သည် သတိလစ်သွားခဲ့လေတော့သည်။
"ရွှီ... ရွှီ..."
"အချိန်ခရီးသွားဖို့ ရေတွက်နေပါတယ်..."
"ငါး..."
"လေး..."
"သုံး..."
"နှစ်..."
"တစ်..."
"အချိန်ခရီးသွားခြင်းကို စတင်ပါပြီ..."