အခန်း ၁၈
Vol. 2 Ch. 18
အခန်း (၁၈) လက်ထပ်စာချုပ် ရရှိခြင်း
နံနက်ခင်း နေရောင်ခြည်သည် ပြတင်းပေါက်မှတစ်ဆင့် ကျိုးချန်ယဲ့၏ မျက်နှာ ပေါ်သို့ ရွှေရောင်အဆင်းကဲ့သို့ ဖြာကျနေခဲ့လေ၏။ ထိုအလင်းရောင်မှာ သူ၏ ထူထဲလှသော မျက်တောင်များပေါ်သို့ ကျရောက်နေပြီး သေးငယ်နုနယ်သော အရိပ်ကလေးများကို ဖြစ်ပေါ်စေခဲ့ပေသည်။
သူ၏ မျက်တောင်များ တုန်ယင်လာကာ မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့် လိုက်သောအခါ နေရောင်ခြည်က စူးရှနေခဲ့၏။ သူသည် အသိစိတ်ဖြင့်ပင် သူ၏ဘေးရှိ အုတ်ခုတင်ပေါ်သို့ လှမ်းကြည့်လိုက်မိသော်လည်း ညက သူ၏ ရင်ခွင်ထဲတွင် နှစ်ခြိုက်စွာ အိပ်ပျော်နေခဲ့သောသူကို မတွေ့ရတော့ချေ။
အပြင်ဘက် ဝင်းခြံထဲမှ တိုးညှင်းသော စကားသံများကို ကြားရသဖြင့် ကျိုးချန်ယဲ့သည် အမြန်ထကာ ကိုယ်လက်သန့်စင်ပြီးနောက် တံခါးကို ဖွင့် လိုက်လေရာ ကျောက်ကြိတ်ဆုံနားတွင် ဆောင့်ကြောင့်ထိုင်၍ ကစားရထား စရာဖြင့် ကစားနေကြသော ကလေးအချို့ကို တွေ့လိုက်ရလေသည်။
တံခါးဖွင့်သံကြောင့် ကလေးများမှာ ရုတ်တရက် လှည့်ကြည့်လာခဲ့ကြလေ၏။ ၎င်းတို့သည် ကျိုးချန်ယဲ့ ဖြစ်ကြောင်း မြင်လိုက်ရသောအခါ ချက်ချင်းပင် မတ်တတ်ရပ်လိုက်ကြပြီး တစ်ပြိုင်နက်တည်း အော်ဟစ်နှုတ်ဆက်လိုက်ကြ လေသည်...။
"ဦးလေး..."
ကျိုးချန်ယဲ့၏ နှုတ်ခမ်းထောင့်များမှာ အနည်းငယ် ကွေးညွတ်ကာ ပြုံးယောင် သန်းသွားခဲ့ပေသည်။ သူသည် ဝင်းခြံထဲသို့ လှည့်ပတ်ကြည့်သော်လည်း သူ၏ ဇနီးကို မတွေ့သဖြင့် မေးလိုက်လေသည်...။
"ဟေ့... မင်းတို့ အဒေါ် ဘယ်မှာလဲ..."
အရှေ့ဆုံးတွင် ရပ်နေသော တာ့ဝါက သူ၏ခေါင်းကို ကုတ်လျက် မီးဖိုချောင် ဘက်သို့ လက်ညှိုးထိုးပြကာ ပြန်ဖြေလေသည်...။
"အဒေါ်နဲ့ အဘွားက မီးဖိုချောင်ထဲမှာ မနက်စာ လုပ်နေကြတာလေ... မွှေးနေ တာပဲ..."
"အာယဲ့... နိုးပြီလား... မျက်နှာသစ်ဖို့ ရေခပ်ပေးမယ်လေ..."
အသံကြားသဖြင့် ထျန်ရှောင်ယာသည် မီးဖိုချောင်ထဲမှ ထွက်လာခဲ့လေ၏။
"မလိုပါဘူး... ကိုယ့်ဘာသာကိုယ် လုပ်ပါ့မယ်... မင်း နားနေပါ..."
ကျိုးချန်ယဲ့က ရေခပ်ပေးရန် ပြင်နေသော ဇနီးသည်ကို အမြန်တားလိုက်လေ သည်။ မျက်နှာသစ်နေရင်း ကျိုးချန်ယဲ့က မေးလိုက်လေသည်...။
"အဖေတို့ကော ဘယ်မှာလဲ..."
"အဖေရယ်... အစ်ကိုကြီးတို့ လင်မယားရယ်... ဒုတိယအစ်ကိုတို့ လင်မယား ရယ်က လယ်ထဲကို သွားကြတယ်... တတိယအစ်ကိုတို့ လင်မယားကတော့ ဒီနေ့ အလုပ်ပြန်တက်ရမှာမို့ မနက်စောစောကတည်းက မြို့ကို ပြန်သွားကြ ပြီ... ညကျမှ ပြန်လာမယ်လို့ ပြောသွားတယ်..."
ထျန်ရှောင်ယာက ပြောရင်း မျက်နှာသုတ်ရန်အတွက် လက်သုတ်ပုဝါ အသစ် တစ်ထည်ကို ကမ်းပေးလိုက်လေ၏။
"ယန့်ဇီ... လယ်ထဲသွားပြီး မင်းအဘိုးတို့ကို ထမင်းစားဖို့ သွားခေါ်လိုက်ဦး..."
မီးဖိုချောင်တံခါးမှ လိုက်ကာစလေး လွင့်တက်သွားကာ အမေဖြစ်သူ လီဟုန်မေ၏ အသံ ထွက်ပေါ်လာခဲ့လေသည်။
"ဟုတ်ကဲ့ အဘွား... အခုပဲ သွားလိုက်ပါ့မယ်..."
ယန့်ဇီက ပြန်ထူးလိုက်ပြီး လျင်မြန်သော ခြေလှမ်းများဖြင့် လယ်ကွင်းထဲသို့ ပြေးထွက်သွားလေတော့သည်။ ထိုသွက်လက်သော ပုံစံလေးမှာ အသိုက်မှ ထွက်ကာ လယ်ကွင်းပြင်သို့ ပျံသန်းသွားသော ဇောက်ထိုးမိုးမျှော် ငှက်က လေးတစ်ကောင်နှင့်ပင် တူနေခဲ့ပေသည်။
ခဏအကြာတွင် လီဟုန်မေသည် ဧည့်ခန်းရှိ စားပွဲပေါ်၌ မနက်စာများကို ပြင် ဆင်ထားခဲ့လေပြီဖြစ်ပေသည်။ တောဟင်းသီးဟင်းရွက် ဆန်ပြုတ်၊ ရွှေရောင် ပြောင်းဖူးမုန့်နှင့် နှမ်းဆီဆမ်းထားသော အိမ်လုပ် အချဉ်တည်ထားသည့် ဟင်း သီးဟင်းရွက်များမှာ အလွန်ပင် စားချင်စဖွယ် ဖြစ်နေခဲ့ပေသည်။
မနေ့က ဝယ်လာခဲ့သော ပေါင်မုန့်အဖြူ သုံးလုံးကိုလည်း ဆန်ပြုတ်အိုးဘေး၌ နွေးအောင်ထားထားသဖြင့် အပေါ်ခွံလေးများမှာ စိုအိနေခဲ့လေ၏။
မိနစ်အနည်းငယ်အတွင်း ဝင်းခြံတံခါးမှ ခြေသံများကို ကြားလိုက်ရလေသည်။
အစ်ကိုအကြီးဆုံးနှင့် အခြားသူများက ပေါက်တူးများကို ထမ်းကာ အရှေ့မှ ဝင်လာကြပြီး ထျန်တာဟိုင်ကမူ ယန့်ဇီနှင့်အတူ လက်နှစ်ဖက်ကို နောက်ပစ် ကာ အနောက်မှ ဖြည်းဖြည်းချင်း လျှောက်လာခဲ့လေသည်။
မြေးအဘွားနှစ်ဦး ဘာတွေ တိုးတိုးတိတ်တိတ် ပြောနေကြသည်မသိသော် လည်း ယန့်ဇီက မော့ကြည့်ကာ တတွတ်တွတ် ပြောနေခဲ့ပေသည်။
ထျန်တာဟိုင်က နားထောင်ရင်း ရုတ်တရက် အားရပါးရ ရယ်မောလိုက်ရာ သူ ၏မျက်ခုံးများနှင့် မျက်လုံးများမှာ စုကျုံ့သွားခဲ့ပြီး ပါးစပ်မှာလည်း နားရွက်အ ထိ ရောက်လုမတတ် ဖြဲကားသွားခဲ့လေ၏။
အားလုံးက ရေအေးဖြင့် အမြန်မျက်နှာသစ်ကာ စားပွဲတွင် ထိုင်လိုက်ကြချိန်၌ ကျိုးချန်ယဲ့က ထျန်ရှောင်ယာ၏ လက်ကို ရုတ်တရက် ဆုပ်ကိုင်လိုက်လေ သည်။ လက်ဖဝါးမှ နွေးထွေးမှုကြောင့် ထျန်ရှောင်ယာ၏ နှလုံးခုန်သံမှာ မြန် ဆန်သွားခဲ့ရပေ၏။ သူသည် မျက်နှာချင်းဆိုင်ရှိ ထျန်တာဟိုင်ကို ကြည့်ကာ တည်ငြိမ်သော အသံဖြင့် ပြောလိုက်လေသည်...။
"အဖေနဲ့ အမေ... ကျွန်တော် ဒီနေ့ ရှောင်ယာနဲ့အတူ လက်ထပ်စာချုပ် သွား လုပ်ချင်ပါတယ်..."
ထိုစကားကို ကြားလိုက်ရသောအခါ ထမင်းစားပွဲတစ်ခုလုံး တိတ်ဆိတ်သွားခဲ့ လေတော့သည်။
ထျန်ရှောင်ယာမှာမူ ဆုပ်ကိုင်ထားသော သူတို့၏ လက်ကလေးများကို ငေး ကြည့်ရင်း မျက်ရည်များ ဝဲတက်လာကာ မျက်ရည်စက်လေးများမှာ လက် ဖမိုးပေါ်သို့ ပုလဲစေ့များ ပြုတ်ကျသကဲ့သို့ တောက်တောက်တောက် ကျလာခဲ့ လေတော့သည်။ သူမသည် ပါးစပ်ကို ဟလိုက်သော်လည်း စကားတစ်လုံးမျှ မထွက်လာနိုင်ခဲ့ချေ။
ထျန်တာဟိုင်က ပြောင်းဖူးမုန့်တစ်လုပ်ကို ပါးစပ်ထဲသို့ သွင်းလိုက်ပြီး သူ၏ ဩရှရှအသံကြီးဖြင့် ပြောလိုက်လေသည်...။
"ကောင်းပြီလေ... ငါ ထမင်းစားပြီးရင် တပ်ဖွဲ့ရုံးကိုသွားပြီး မင်းတို့အတွက် ထောက်ခံစာ သွားယူပေးမယ်..."
ထမင်းစားပြီးနောက် ထျန်ရှောင်ယာသည် သူမ၏ အခန်းထဲသို့ အမြန်ဝင်သွား ခဲ့လေသည်။ ကျိုးချန်ယဲ့ ဝယ်ပေးထားသော ဂါဝန်ကို ဗီရိုထဲမှ ထုတ်ဝတ်လိုက် ပြီး ပြောင်လက်နေသော စတုရန်းပုံ ဖိနပ်လေးကိုလည်း စီးလိုက်လေ၏။
ထို့နောက် အလုပ်လုပ်စဉ်က လျော့တိလျော့ရဲ ဖြစ်နေသော ကျစ်ဆံမြီးကို ဖြည်လိုက်ပြီး ရင်ဘတ်ရှေ့တွင် ကျနေသော ကျစ်ဆံမြီးနှစ်ချောင်းအဖြစ် ကျပ် ကျပ်ကလေး ပြန်ကျစ်လိုက်ကာ အနားသတ်ကို အနီရောင် ဖဲကြိုးလေးများ ဖြင့် သေသေသပ်သပ် စည်းလိုက်လေသည်။
နောက်ဆုံးတွင် သူမသည် မှန်တင်ခုံပေါ်ရှိ သစ်သားသေတ္တာလေးထဲမှ အညို နုရောင် သားရေလက်ပတ်နာရီကို ဂရုတစိုက် ထုတ်ယူကာ လက်ကောက်ဝတ် တွင် ပတ်လိုက်လေ၏။
လက်ချောင်းလေးများဖြင့် မှန်မျက်နှာပြင်ကို ညင်သာစွာ ပွတ်သပ်လိုက်စဉ် သူမ၏ နှုတ်ခမ်းထောင့်များမှာလည်း မပြုံးဘဲ မနေနိုင်အောင် ဖြစ်နေခဲ့ပေ သည်။
ထျန်ရှောင်ယာ အိမ်ထဲမှ ထွက်လာသည်နှင့် ဝင်းခြံထဲတွင် တံမြက်စည်းလှည်း နေသော မရီးကြီး လျူရှာနှင့် အဝတ်လျှော်နေသော ဒုတိယမရီးတို့မှာ လှုပ်ရှား မှုများ ရပ်တန့်သွားကြလေသည်။
ထိုအမျိုးသမီးနှစ်ဦးမှာ လုပ်လက်စအလုပ်များကို မေ့သွားကြပြီး သူမကိုသာ ငေးကြည့်နေမိကြရာ အချိန်အတော်ကြာအောင် စကားတစ်လုံးမျှ မပြောနိုင် ဘဲ ဖြစ်နေခဲ့ကြလေတော့၏။
ပုံမှန်အားဖြင့် ချည်သားအင်္ကျီ အကြမ်းစားကိုသာ ဝတ်ဆင်လေ့ရှိသော မိန်းကလေးမှာ ယနေ့တွင်မူ ဂါဝန်အပြာလေးကို ဝတ်ဆင်ထားသဖြင့် သူမ၏ ခန္ဓာကိုယ်အချိုးအစားမှာ တင့်တယ်လှပနေခဲ့ပေသည်။
ပြောင်လက်နေသော စတုရန်းပုံ ဖိနပ်လေးမှာ ရွှံ့နွံထူထပ်သော မြေပြင်ပေါ် တွင် သိသိသာသာ ထင်ရှားနေပြီး ရင်ဘတ်ပေါ်၌ ကျစ်ဆံမြီးနှစ်ချောင်းမှာ
တွဲလောင်းကျနေကာ လက်ကောက်ဝတ်တွင်လည်း တောက်ပသော နာရီ တစ်လုံးကို ပတ်ထားခဲ့လေ၏။
ထိုဝတ်စုံမှာ သူမကို တစ်ခြားလူတစ်ယောက်ကဲ့သို့ ဖြစ်စေခဲ့ပြီး အလွန်ပင် မျက်စိပသာဒ ဖြစ်စေခဲ့ပေသည်။
"အလိုလေး..."
လီဟုန်မေမှာ မီးဖိုချောင်ထဲမှ ထွက်လာစဉ် ဝင်းခြံထဲရှိ သူမ၏သမီးကို မြင် လိုက်ရသောအခါ ချက်ချင်းပင် ရယ်မောလိုက်လေသည်။ သူမသည် အနားသို့ အမြန်လျှောက်လာပြီး ထျန်ရှောင်ယာ၏လက်ကို ကိုင်ကာ အထက်အောက် စုန်ဆန်ကြည့်လိုက်ရင်း ပြောလိုက်လေသည်...။
"ငါ့သမီးက တကယ့်ကို လှတာပဲ... ဒီလိုပြင်ဆင်လိုက်တော့ မြို့က မိန်းကလေး နဲ့ တစ်ပုံစံတည်းပဲ..."
မရီးကြီး လျူရှာမှာလည်း အလုပ်ကို ခဏချထားကာ အနားသို့ ရောက်လာခဲ့ လေ၏။ သူမ၏ မရီးနှစ်ဦးလုံးသည် မိမိတို့၏ သမီးအရင်းလေး အရွယ်ရောက် သွားသကဲ့သို့ ဂုဏ်ယူဝင့်ကြွနေကြပေသည်။
မရီးကြီးက ဂါဝန်၏ အသားကို လက်ချောင်းလေးများဖြင့် ညင်သာစွာ ထိတွေ့ ကြည့်ပြီးနောက် ရှောင်ယာ၏ လက်ကောက်ဝတ်မှ နာရီနှင့် ခြေထောက်မှ သားရေဖိနပ်လေးကို ကြည့်ကာ ပြုံးလျက် မေးလိုက်လေသည်...
"ဒါတွေအားလုံးက ဦးလေး ဝယ်ပေးထားတာလား..."
"ဟုတ်တယ်..."
ထျန်ရှောင်ယာက ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းညိတ်ပြလိုက်လေသည်။
လီဟုန်မေနှင့် မရီးဖြစ်သူတို့မှာ ပျော်ရွှင်မှုများ ဖြာထွက်နေသော ထျန်ရှောင်ယာကို ကြည့်ပြီး ကျေနပ်စွာ ပြုံးလိုက်ကြပေသည်။
"တီ တီ..."
ဝင်းခြံထဲရှိ လူသုံးဦးမှာ မော့ကြည့်လိုက်ကြရာ စက်ဘီးဖြင့် ပြန်လာသော ကျိုးချန်ယဲ့ကို တွေ့လိုက်ရလေသည်။ ကျေးရွာပါတီအတွင်းရေးမှူးသည် သူ နှင့် ရှောင်ယာတို့ လက်ထပ်စာချုပ် သွားလုပ်မည့်အကြောင်းကို ကြားသော အခါ ထျန်တာဟိုင်ထံသို့ ကိုယ်တိုင်လာရောက်ကာ ကျိုးချန်ယဲ့အား မြို့သို့သွား ရာတွင် အဆင်ပြေစေရန် သူ၏စက်ဘီးကို လာယူရန် ပြောခဲ့ခြင်း ဖြစ်ပေ သည်။
ကျေးရွာပါတီအတွင်းရေးမှူးနှင့် ထျန်တာဟိုင်တို့မှာ လုပ်ဖော်ကိုင်ဖက်ဟောင်း များ ဖြစ်ကြသလို တော်လှန်ရေးကာလကတည်းက ရင်းနှီးခဲ့ကြသော သူငယ် ချင်းများလည်း ဖြစ်ကြသဖြင့် ညီအစ်ကိုများကဲ့သို့ပင် ရင်းနှီးကြလေသည်။
ကျိုးချန်ယဲ့ ပြန်လာသည်ကို မြင်လျှင် ထျန်ရှောင်ယာသည် အနားသို့ အမြန် ပြေးသွားခဲ့လေ၏။
"ဖြည်းဖြည်း... ဖြည်းဖြည်း..."
ကျိုးချန်ယဲ့၏ နှလုံးခုန်သံမှာ မြန်သွားခဲ့ရပေသည်။
"ဒီမိန်းကလေးက သူမမှာ ကိုယ်ဝန်ရှိနေတာကို မေ့သွားတာလား..."
ထျန်ရှောင်ယာသည် ချက်ချင်းရပ်လိုက်ပြီး ကျိုးချန်ယဲ့၏ အနားသို့ ဖြည်း ဖြည်းချင်း လျှောက်သွားကာ သူ၏ လက်မောင်းကို နှစ်ဖက်လုံးဖြင့် ကိုင်လျက် အနည်းငယ် ချော့မော့သောလေသံဖြင့် ပြောလိုက်လေသည်...။
"ကျွန်မ အရမ်းပျော်သွားလို့ ခဏမေ့သွားတာပါ..."
"အလို... မင်းကတော့လေ... အခုတော့ အမေတစ်ယောက် ဖြစ်နေပြီကို အခု ထိ ဆင်ခြင်တုံတရား မရှိသေးဘူး..."
လီဟုန်မေက သူမ၏ ရင်ဘတ်ကို ဖိထားလျက် ထျန်ရှောင်ယာကို မျက်စောင်း ထိုးကာ ပြောလိုက်လေ၏။
"အမေ... အချိန်နှောင်းနေပြီ... ရှောင်ယာတို့ကို အမြန်သွားခွင့်ပြုလိုက်ပါ တော့..."
မရီးကြီး လျူရှာက သတိပေးလိုက်လေသည်။
"ဒါဆို အမေ၊ မရီးကြီးနဲ့ ဒုတိယမရီး... ကျွန်တော်တို့ သွားတော့မယ်နော်..."
ကျိုးချန်ယဲ့က ပြောပြီးနောက် ထျန်ရှောင်ယာကို စက်ဘီးနောက် ထိုင်ခုံပေါ် တွင် သေသေချာချာ ထိုင်ခိုင်းလိုက်ပြီး မြို့သို့ ဦးတည်ကာ ထွက်ခွာလာခဲ့လေ တော့သည်။
ကွန်မြူနစ်သို့ ရောက်သောအခါ ကျိုးချန်ယဲ့သည် စက်ဘီးရပ်နားရာနေရာကို ရှာဖွေပြီး စက်ဘီးကို ထားခဲ့လေသည်။ ထို့နောက် ထျန်ရှောင်ယာ၏ လက်ကို ဆွဲကာ ကားဂိတ်သို့ ဖြည်းဖြည်းချင်း လျှောက်လာခဲ့ကြလေ၏။
ကွန်မြူနစ်နှင့် မြို့မှာ အလွန်ဝေးကွာသဖြင့် ရှောင်ယာကို တင်ကာ စက်ဘီးစီး ရန် အဆင်မပြေသောကြောင့် ဘတ်စ်ကားဖြင့်သာ သွားရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပေသည်။
ခရီးလမ်းမှာ ကြမ်းတမ်းသော်လည်း မြို့သို့ ရောက်ရှိလာခဲ့ရာ ကျိုးချန်ယဲ့က ရှောင်ယာကို ကားပေါ်မှ ဆင်းရန် ကူညီပေးလိုက်လေသည်။ သူ၏ နာရီကို ကြည့်လိုက်ရာ မနက် ကိုးနာရီတိတိ ဖြစ်နေခဲ့ပေ၏။
သူသည် ဘေးရှိ ထျန်ရှောင်ယာကို ကြည့်ကာ ညင်သာစွာ ပြောလိုက်လေ သည်...။
"အချိန်က ကွက်တိပဲ... လက်ထပ်စာချုပ် သွားလုပ်ကြရအောင်..."
"ဟုတ်ကဲ့..."
ထျန်ရှောင်ယာသည် ကျိုးချန်ယဲ့ကို ကြည်ညိုလေးစားသော မျက်ဝန်းများဖြင့် ကြည့်ကာ "သွားကြစို့..." ဟု ဆိုလိုက်ပေတော့သည်။
၎င်းတို့နှစ်ဦးသည် ပြည်သူ့ရေးရာဗျူရိုထဲသို့ ဝင်သွားပြီး ဝန်ထမ်းတစ်ဦး၏ အနားသို့ ချဉ်းကပ်သွားခဲ့ကြလေ၏။ အပြာရင့်ရောင် ဂါဝန်ဝတ်ထားသော လူလတ်ပိုင်း အမျိုးသမီးတစ်ဦးသည် စားပွဲအနောက်တွင် ထိုင်ကာ မှတ်စု စာအုပ်တစ်အုပ်ကို လှန်လှောကြည့်နေခဲ့လေသည်။
အသံကြားသဖြင့် သူမက မော့ကြည့်လိုက်ကာ ပြတ်သားသောလေသံဖြင့် မေးလာခဲ့လေသည်...။
"လက်ထပ်စာချုပ် လာလုပ်တာလား... စာရွက်စာတမ်းတွေ အကုန်ပါလား..."
ကျိုးချန်ယဲ့က ရှေ့သို့ လှမ်းသွားကာ ပြင်ဆင်လာသော စာရွက်စာတမ်းများကို ကမ်းပေးလိုက်ပြီး တည်ငြိမ်သောလေသံဖြင့် ပြောလိုက်လေသည်...။
"ရဲဘော်... အကုန်လုံး ပါပါတယ်..."
ထျန်ရှောင်ယာမှာမူ သူ၏နောက်တွင် ရပ်နေခဲ့ပြီး စိတ်လှုပ်ရှားလွန်းသဖြင့် လက်ချောင်းလေးများမှာ ဂါဝန်အနားကို တင်းကျပ်စွာ ဆုပ်ကိုင်ထားမိရာ လက်ထိပ်လေးများပင် ဖြူလျော့နေခဲ့ပေသည်။ သူမသည် ဝန်ထမ်းဖြစ်သူကို အာရုံစိုက်ကာ ငေးကြည့်နေမိပြီး အသက်ရှူသံပင် တိုးတိုးလေး ဖြစ်နေခဲ့၏။
ဝန်ထမ်းဖြစ်သူက စာရွက်စာတမ်းများကို ယူကာ ဂရုတစိုက် စစ်ဆေးပြီး နောက် ပြောလိုက်လေသည်...။
"အင်း... စာရွက်စာတမ်းတွေ အကုန်စုံပါတယ်..."
သူမက ပြောရင်း အံဆွဲထဲမှ လက်ထပ်စာချုပ်ကို ထုတ်လိုက်လေ၏။ ထို ခေတ်က လက်ထပ်စာချုပ်မှာ ယခုခေတ်နှင့် မတူဘဲ ဂုဏ်ထူးဆောင် လက် မှတ်တစ်စောင်ကဲ့သို့ မာကျောသော စက္ကူတစ်ချပ်သာ ဖြစ်ပေသည်။
ဝန်ထမ်းဖြစ်သူက လက်ထပ်စာချုပ်ပေါ်တွင် ၎င်းတို့၏ အချက်အလက်များ ကို ဘောပင်ဖြင့် ဂရုတစိုက် ဖြည့်စွက်ပေးလိုက်လေ၏။
ထို့နောက် သူမသည် တံဆိပ်တုံးကို ယူကာ မင်အိုးပေါ်တွင် အသာအယာ ဖိလိုက်ပြီး လက်ထပ်စာချုပ်ရှိ လက်မှတ်ထိုးရမည့် နေရာတွင် ချိန်ရွယ်လိုက် လေသည်။ သူမ၏ လက်ကောက်ဝတ်ကို လျင်မြန်စွာ လှုပ်ရှားလိုက်ရာ ဖျတ် ခနဲ အသံနှင့်အတူ တံဆိပ်တုံးကို ဖိနှိပ်လိုက်ပြီးနောက် ပြောလိုက်လေသည်...
"ရပါပြီ..."