အခန်း ၂၆
Vol. 3 Ch. 26
အခန်း (၂၆) ခြေထောက်ကျိုးခြင်း
"ခလွမ်း..."
မီးဖိုချောင်ထဲမှ ပန်းကန်များနှင့် တူများ ကျကွဲသွားသော အသံ ထွက်ပေါ်လာခဲ့ လေသည်။
ထျန်ရှောင်ယာ၏ မိခင်မှာ မီးဖိုချောင်တံခါးဝတွင် ဖြူလျော်နေသော မျက်နှာ ဖြင့် ရပ်နေကာ လဲကျတော့မည့်အလား ယိမ်းယိုင်နေခဲ့ပြီး မရီးဖြစ်သူက အလျင်အမြန် ပြေးသွားကာ သူမအား တွဲပေးလိုက်လေသည်။
"ရွှန်းဇီ... ချင်းလင်း... သူ... သူ အခြေအနေ အရမ်းဆိုးနေတာလား..."
ဒုတိယမရီးသည် ယိုင်နဲ့စွာ ပြေးလာပြီး ရွှန်းဇီ၏ လက်မောင်းကို ဆုပ်ကိုင် လိုက်ရာ အားပါလွန်းသဖြင့် သူမ၏ လက်ဆစ်များပင် ပြာနှမ်းသွားခဲ့ပြီး သူမ၏ အသံများမှာလည်း ထိန်းမရအောင် တုန်ယင်နေခဲ့လေသည်။
"မရီး... ကျွန်တော်လည်း အတိအကျ မသိရဘူး... ဦးလေးလီက ခင်ဗျားတို့ကို သတင်း အမြန်ဆုံး လာပို့ခိုင်းလို့ ပြန်လာခဲ့တာ..."
ရွှန်းဇီမှာ အလွန်အမင်း စိုးရိမ်ပူပန်နေသဖြင့် ခြေဆောင့်နေမိပြီး သူ၏ နဖူးနှင့် နားထင်များမှ ချွေးများ စီးကျနေခဲ့ပေသည်။
"အစ်ကိုကြီး... တပ်ဖွဲ့ရုံးချုပ်ကို အမြန်သွားပြီး နွားလှည်းပြင်ထားလိုက်... ပြီး ရင် တောင်ခြေမှာ သွားစောင့်နေ... ဦးလေးလီတို့ ဆင်းလာတာကို မြင်တာနဲ့ ဒုတိယအစ်ကို့ကို ဆေးခန်းကို ချက်ချင်း ခေါ်သွားလိုက်..."
ဖခင်ဖြစ်သူ၏ အသံတွင် မျိုသိပ်ထားရသော ထိတ်လန့်မှုများ ပြည့်နှက်နေခဲ့ ပြီး သူက ဒုတိယမရီးဘက်သို့ လှည့်လိုက်လေသည်။
"ဒုတိယချွေးမ... အထူစား ချည်စောင်တစ်ထည်ကို အမြန်သွားယူပြီး နွား လှည်းပေါ်မှာ ခင်းထားလိုက်... ဒုတိယကောင် အအေးပတ်မခံနိုင်ဘူး..."
"ချွေးမကြီး... အိမ်နဲ့ ကလေးတွေကို သေချာ ဂရုစိုက်ထားလိုက်ဦး... သူတို့ကို အပြင်လျှောက်မပြေးစေနဲ့..."
စကားပြော၍ပင် မဆုံးသေးမီ အဖေထျန်သည် ရွှန်းဇီ၏ လက်မောင်းကို ဆွဲကာ ခြံဝင်းထဲမှ အလျင်စလို ပြေးထွက်သွားခဲ့လေပြီ။
"မိန်းမ... မကြောက်နဲ့နော်... ကိုယ် အဖေနဲ့အတူ သွားကြည့်လိုက်ဦးမယ်... မင်း အိမ်မှာ ကိုယ့်ကိုယ်ကိုယ် သေချာ ဂရုစိုက်နေခဲ့..."
ကျိုးချန်ယဲ့က ဇနီးဖြစ်သူ၏ လက်ကို ပုတ်ပေးလိုက်ပြီး ကြောင်တောင်တောင် ဖြင့် ရပ်နေဆဲဖြစ်သော ဒုတိယမရီးကို မော့ကြည့်ကာ တည်ငြိမ်သော လေသံ ဖြင့် ပြောလိုက်လေသည်...။
"ဒုတိယမရီး... စောင်သွားယူပေးပါ... ကျွန်တော် ယူသွားလိုက်မယ်..."
"အော်... အေးအေး... အခု ချက်ချင်း သွားယူလိုက်မယ်..."
ဒုတိယမရီးမှာ အိပ်မက်မှ နိုးလာသကဲ့သို့ လှည့်ကာ အိမ်ထဲသို့ ပြာပြာသလဲ ပြေးဝင်သွားခဲ့လေ၏။
သူမသည် တံခါးခုံကို ခလုတ်တိုက်မိကာ လဲကျလုမတတ် ဖြစ်သွားခဲ့သော် လည်း ကံကောင်းထောက်မစွာဖြင့် တံခါးဘောင်ကို အချိန်မီ ဆုပ်ကိုင်ထားနိုင် ခဲ့သဖြင့် လဲကျခြင်းမှ သီသီလေး လွတ်မြောက်သွားခဲ့လေသည်။
ခဏအကြာတွင် ဒုတိယမရီးသည် အထူစား စောင်တစ်ထည်ကို ပွေ့ချီကာ ပြေးထွက်လာခဲ့ပြီး ကျိုးချန်ယဲ့၏ လက်ထဲသို့ ထိုးထည့်ပေးလိုက်ကာ ရှိုက်သံ ပါသော လေသံဖြင့် ပြောလိုက်လေသည်...။
"ဦးလေး... ချင်းလင်း... သူ..."
"စိတ်မပူပါနဲ့ ဒုတိယမရီး... ကျွန်တော် အခု ချက်ချင်း သွားကြည့်လိုက်ပါ့ မယ်..."
ကျိုးချန်ယဲ့က ပြောလိုက်ပြီးနောက် စောင်ကိုယူကာ တောင်ခြေဆီသို့ အလျင် အမြန် ပြေးသွားခဲ့လေတော့သည်။
အဝေးမှပင် ကျိုးချန်ယဲ့သည် တောင်ခြေ၌ စုရုံးနေကြသော လူရိပ်အချို့ကို လှမ်းမြင်လိုက်ရလေသည်။
အဖေထျန်နှင့် ကျေးရွာအတွင်းရေးမှူးတို့သည် ခါးထောက်လျက် မျက်မှောင် ကြုတ်ကာ အရှေ့ဆုံး၌ ရပ်နေခဲ့ကြလေသည်။
ကျေးရွာအတွင်းရေးမှူးက သူ၏နောက်ရှိ လူငယ်များကို အော်ပြောလိုက်လေ သည်...။
"မြန်မြန်လုပ်ကြ... ထမ်းစင်ကို မြဲနေအောင် သေချာချည်ထား..."
ကျိုးချန်ယဲ့ အနီးသို့ ပြေးသွားချိန်တွင် တောင်ပေါ်မှ ဆင်းလာသော ရှုပ်ထွေး နေသည့် ခြေသံများကို ကြားလိုက်ရလေ၏။
ဦးလေးလီသည် ထျန်ချင်းလင်းကို ကျောပိုးလျက် ယိုင်နဲ့သော ခြေလှမ်းများ ဖြင့် တောင်ပေါ်မှ ခက်ခက်ခဲခဲ ဆင်းလာခဲ့ပြီး တပ်ဖွဲ့မှ လူနှစ်ဦးလည်း သူတို့ နှင့်အတူ လိုက်ပါလာခဲ့လေသည်။
တစ်ဦးက ထျန်ချင်းလင်း၏ ခြေထောက်ကို ဂရုတစိုက် ပင့်မပေးထားပြီး အခြားတစ်ဦးကမူ တံစဉ်ကို ကိုင်ဆောင်ကာ တောင်ပေါ်လမ်းကို ပိတ်ဆို့နေ သော သစ်ကိုင်းများကို ခုတ်ထွင်ရှင်းလင်းရန် ကြိုးစားနေခဲ့ပေသည်။
"ဘယ်လိုနေလဲ..."
ကျိုးချန်ယဲ့က ရှေ့သို့တိုးသွားကာ အနည်းငယ် တင်းမာနေသော လေသံဖြင့် မေးလိုက်လေသည်။
ဦးလေးလီမှာ ပြင်းထန်စွာ အသက်ရှူနေရပြီး သူ၏ နဖူးပေါ်မှ ဖုန်များနှင့် ရောနှောနေသော ချွေးများ စီးကျနေခဲ့လေသည်...။
"ခြေထောက်ကို ထိသွားတယ်... အရမ်းနာနေတဲ့ပုံပဲ... အရိုးကျိုးသွားပြီ ထင်တယ်..."
"နွားလှည်းပေါ်မှာ စောင်တွေ အမြန်ခင်းလိုက်... သူ့ကို အအေးပတ်မခံနဲ့..."
ထျန်ချင်းလင်းသည် ဦးလေးလီ၏ ကျောပေါ်တွင် မှီခိုနေပြီး သူ၏ မျက်နှာမှာ စက္ကူချပ်ကဲ့သို့ ဖြူလျော်နေကာ နှုတ်ခမ်းများမှာလည်း ပြာနှမ်းသွားသည် အထိ ကိုက်ထားခဲ့လေသည်။
ကျိုးချန်ယဲ့၏ အသံကို ကြားလိုက်ရသောအခါ သူသည် မျက်လုံးများကို အနိုင် နိုင် ဖွင့်ကြည့်လိုက်ပြီး ဩရှနေသော အသံဖြင့် စကားအနည်းငယ်ကို အားယူ ပြောလိုက်ရလေသည်...။
"ကျိုးချန်ယဲ့... ငါ့မိန်းမနဲ့ ညီမလေးကို မပြောနဲ့နော်..."
"မင်း ဒီလိုအချိန်မျိုးမှာ ဘာတွေ လျှောက်တွေးနေတာလဲ... ငြိမ်ငြိမ်နေစမ်း ဘယ်မှ မလှုပ်နဲ့..."
အဖေထျန်၏ ကြမ်းတမ်းသော အသံက ထျန်ချင်းလင်း၏ နားထဲသို့ ဝင်ရောက် သွားခဲ့လေသည်။
ဖခင်ဖြစ်သူ၏ သွေးသားအရ ဖိနှိပ်နိုင်စွမ်းကြောင့် ထျန်ချင်းလင်းမှာ အလို အလျောက် တုန်ယင်သွားခဲ့လေ၏။ သူက ကျိုးချန်ယဲ့အား မေးလိုက်လေ သည်...။
"ကျိုး... ကျိုးချန်ယဲ့... ငါ... ငါ သေတော့မှာလား... ငါ ဘာလို့ ထင်ယောင် ထင်မှားတွေ ဖြစ်နေရတာလဲ..."
"ဒုတိယအစ်ကို... အဲ့ဒါ ထင်ယောင်ထင်မှား ဖြစ်နေတာ မဟုတ်ဘူး..."
ကျိုးချန်ယဲ့က သူ၏ ထင်ယောင်ထင်မှား ဖြစ်နေမှုကို မဆိုင်းမတွပင် ရိုက်ချိုး ပစ်လိုက်လေသည်။
"မဟုတ်ဘူး... ငါ... ငါ ထင်ယောင်ထင်မှား ဖြစ်နေတာ သေချာတယ်..."
ထျန်ချင်းလင်းသည် ရုတ်တရက် မျက်လုံးများကို မှိတ်လိုက်ပြီး လည်ပင်းကို တင်းထားကာ သေချင်ယောင် ဆောင်နေလိုက်လေတော့သည်။
ကျိုးချန်ယဲ့က မည်သည့်အရာကိုမျှ မမြင်လိုက်သည့်ဟန် ဆောင်ကာ နွား လှည်းပေါ်တွင် စောင်ကို ခင်းပေးလိုက်လေ၏။
အခြား အမျိုးသား အနည်းငယ်နှင့် အတူတကွ ပူးပေါင်းကာ ထျန်ချင်းလင်း အား ထိုနေရာသို့ ဂရုတစိုက် ရွှေ့ပြောင်းတင်ပေးလိုက်ကြလေသည်။
ကျေးရွာအတွင်းရေးမှူးက တပ်ဖွဲ့ထဲမှ လှုပ်ရှားမှု မြန်ဆန်သော လူငယ်တစ် ဦးကို သူ၏အိမ်မှ စက်ဘီးဖြင့် ဆေးခန်းသို့ သတင်းပို့ရန် အထူးတလည် စီစဉ် စေခိုင်းလိုက်လေ၏။
"ချင်းမု... သွားကြစို့..."
ကျေးရွာအတွင်းရေးမှူး၏ အမိန့်ပေးသံနှင့်အတူ ထျန်ချင်းမုသည် နွားကြိမ်လုံး ကို အလျင်အမြန် ရိုက်လိုက်ရာ နွားလှည်းဘီးများမှာ ဖြည်းညင်းစွာ စတင် လည်ပတ်သွားခဲ့လေတော့သည်။
ကျိုးချန်ယဲ့သည် လှည်းဘေးမှ လိုက်ပါသွားခဲ့ပြီး သူ၏ ခြေလှမ်းများမှာ လုံးဝ နှေးကွေးမသွားဘဲ သေလူကဲ့သို့ ဖြူလျော်နေသော ထျန်ချင်းလင်း၏ မျက်နှာ ပေါ်သို့သာ အကြည့်များ စူးစိုက်ထားခဲ့လေသည်။
သူ၏ ရင်ထဲတွင် လေးလံနေခဲ့ပေသည်။ ဆေးခန်းသို့ သွားရာလမ်းမှာ အနည်း ဆုံး တစ်နာရီခန့် ကြာမြင့်မည်ဖြစ်ရာ ကုသမှု နောက်ကျခြင်း မရှိစေရန် အတွက် အမြန်ဆုံး ရောက်ရှိနိုင်ရန်သာ သူ မျှော်လင့်နေမိခဲ့လေ၏။
လမ်းတစ်လျှောက် အလျင်အမြန် သွားပြီးနောက် နောက်ဆုံးတွင် ကွန်မြူနစ် ကျန်းမာရေးဆေးခန်းသို့ ဘေးကင်းစွာ ရောက်ရှိသွားခဲ့လေတော့သည်။
ဆရာဝန်များနှင့် သူနာပြုများသည် တံခါးဝ၌ ကြိုတင် စောင့်ဆိုင်းနေကြပြီး အနီးတွင် ထမ်းစင်တစ်ခုကိုလည်း ပြင်ဆင်ထားလေရာ အခြေအနေကို ကြို တင် သတင်းရရှိထားပြီးဖြစ်ကြောင်း ထင်ရှားလှပေသည်။
ဤအခြေအနေကို မြင်တွေ့ရသောအခါ ဆရာဝန်က စကားအများကြီး မပြော တော့ချေ။ သူနှင့် သူနာပြုတို့သည် အလျင်အမြန် ပူးပေါင်းကာ ထျန်ချင်းလင်း ၏ ဒဏ်ရာရနေသော ခြေထောက်ကို ဂရုတစိုက် ရှောင်ရှားလျက် သူ့အား ထမ်းစင်ပေါ်သို့ ညင်သာစွာ ရွှေ့တင်လိုက်ကြလေသည်။
ထို့နောက် ၎င်းတို့သည် သူ့ကို ခွဲစိတ်ခန်းဆီသို့ ခပ်သွက်သွက် တွန်းသွားကြ လေတော့သည်။
လူတိုင်းသည် ခွဲစိတ်ခန်း အပြင်ဘက်၌ စိုးရိမ်တကြီး စောင့်ဆိုင်းနေခဲ့ကြလေ သည်။
နာရီဝက်ခန့် အကြာတွင် ခွဲစိတ်ခန်း မျက်နှာကျက်ပေါ်ရှိ စူးရှသော မီးနီလေး မှာ ရုတ်တရက် ငြိမ်းသွားခဲ့လေသည်။
ချက်ချင်းပင် ခွဲစိတ်ခန်းတံခါးမှာ ကျွီခနဲ အသံနှင့်အတူ ပွင့်လာခဲ့ပြီး ဆရာဝန် က နှာခေါင်းစည်းကို ချွတ်ကာ ဖြည်းညင်းစွာ လျှောက်လာခဲ့လေသည်။
"ဆရာ... လူနာ အခြေအနေ ဘယ်လိုနေလဲခင်ဗျာ..."
ကျေးရွာအတွင်းရေးမှူးက အလျင်အမြန် မတ်တတ်ရပ်ကာ မေးလိုက်လေ သည်။
"လူနာက နံရိုးတစ်ချောင်း ကျိုးသွားပြီး ခြေထောက်လည်း ပြင်းပြင်းထန်ထန် ကျိုးသွားပါတယ်... ကျွန်တော်တို့ ခြေထောက် အရိုးတွေကို အောင်မြင်စွာ ပြန် ဆက်ပေးနိုင်ခဲ့ပြီဆိုတော့ ခွဲစိတ်မှုက အောင်မြင်တယ်လို့ မှတ်ယူလို့ရပါ တယ်..."
"လူနာကို အထဲမှာ နာရီဝက်လောက် စောင့်ကြည့်ဖို့ လိုသေးတယ်... ဘာပြဿ နာမှ မရှိဘူးဆိုရင်တော့ အပြင်ကို ပြန်ထုတ်ပေးပါမယ်..."
"ကျေးဇူးတင်ပါတယ် ဆရာ... ကျေးဇူးတင်ပါတယ် ဆရာ..."
အဖေထျန်၏ အသံမှာ တုန်ယင်နေခဲ့ပြီး အကြိမ်ကြိမ် ဦးညွှတ်လျက် သူ၏ ကျေးဇူးတင်စကားကို ထပ်ခါတလဲလဲပြောနေခဲ့လေသည်။
ဆရာဝန်က မျက်မှောင်ကြုတ်ကာ ရှင်းပြလိုက်လေသည်...။
"ဒါက ကျွန်တော်တို့ ဆရာဝန်တွေရဲ့ တာဝန်ပါပဲ... ဒါပေမဲ့... လူနာက တော ထဲမှာ ဒဏ်ရာရလာတာဆိုတော့ ကနဦး ဒဏ်ရာ ကုသမှုက မလုံလောက်ခဲ့ဘူး လေ..."
"လောလောဆယ် ခွဲစိတ်မှု အောင်မြင်တယ်လို့ ယူဆရပေမဲ့ ခြေထောက်မှာ ရောင်ရမ်းတာ ဒါမှမဟုတ် ပြည်တည်တာတွေ ဖြစ်လာနိုင်ခြေ ရှိသေးတယ်... အဲ့လိုဆိုရင်တော့ ခြေထောက်က အသုံးမဝင်တော့ဘူး ဖြစ်သွားနိုင်တယ်..."
"ဆရာ... သူ့ကို ကယ်ပါဦးဗျာ... သူက ငယ်ငယ်လေးပဲ ရှိပါသေးတယ်... ခြေ ထောက်တွေသာ ဆုံးရှုံးသွားရင် သူ ဘယ်လို ဆက်ရှင်သန်ရမလဲ..."
ရွာထဲ၌ တစ်သက်လုံး ခေါင်းမာပြီး မည်သူ့ကိုမျှ ခေါင်းငုံ့လေ့မရှိသော ဤ လယ်သမားကြီးသည် ယခုအခါတွင်မူ သူ၏ ကျောရိုးများပင် ကိုင်းညွတ်သွား ခဲ့လေပြီဖြစ်လေ၏။
သူ၏ မျက်လုံးများမှာ နီရဲကာ ရောင်အမ်းနေပြီး အရေးအကြောင်းများ ထင် ဟပ်နေသော ပါးပြင်များပေါ်တွင် နောက်ကျိသော မျက်ရည်များ စီးကျနေခဲ့ ပေတော့သည်။
"ရွာသားကြီး... ကျွန်တော်တို့သာ ကုသပေးနိုင်ရင် သေချာပေါက် လက်ပိုက် ကြည့်နေမှာ မဟုတ်ပါဘူး..."
ဆရာဝန်က သက်ပြင်းချလိုက်ပြီး သူ၏ လေသံတွင် မတတ်သာသည့် အမူ အရာများ ပြည့်နှက်နေခဲ့လေသည်။
"ဒါပေမဲ့ လူနာက ပင်နီဆီလင်လို့ခေါ်တဲ့ ရောင်ရမ်းမှု ကျစေတဲ့ ဆေးတစ်မျိုး ကို လိုအပ်နေတယ်... ကျွန်တော်တို့ ဆေးခန်းမှာ အဲ့ဒီဆေး မရှိဘူးလေ... တစ် နိုင်ငံလုံး အတိုင်းအတာနဲ့တောင် ပြတ်လပ်နေတာပါ..."
"ဒါ... ဒါဆို ဘယ်လိုလုပ်ရမလဲ..."
အဖေထျန်မှာ စိုးရိမ်တကြီးဖြင့် ခြေဆောင့်လိုက်ပြီး သွေးလွှမ်းနေသော မျက် လုံးများဖြင့် ဆရာဝန်ကို စိုက်ကြည့်လိုက်လေသည်... ။
"ဆရာ... အဲ့ဒီဆေးကို ဘယ်မှာရှာလို့ ရနိုင်မလဲ... ကျွန်တော်တို့ သွားရှာကြ မယ်..."