အခန်း ၇၀၀
Vol. 47 Ch. 700
အနာဂတ်ရဲ့ အစားပုပ်ကလေးကို ချုပ်ချယ်ခြင်း
အပိုင်း ၇၀၀
ဉာဏ်ပညာတိမ်တိုက် ဂလက်ဆီ၏ လှုပ်ရှားမှုမှာ တကယ်ပင် မျှော်လင့်မထားသော ကိစ္စရပ်တစ်ခု ဖြစ်သည်။
အကြီးအကဲချင်သည် စိတ်ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်မှုများစွာ ရှိခဲ့သော်လည်း ၎င်းတို့၏ လုပ်ဆောင်ချက်ကြောင့် ဆွံ့အသွားရဆဲ ဖြစ်သည်။ သူသည် အတော်အတန် ကြာမြင့်စွာ ဆွံ့အနေရာမှ သတိပြန်လည်လာခဲ့သည်။
အောက်ခြေရှိ သတင်းထောက်များနှင့် အခြားဂလက်ဆီများမှ ကိုယ်စားလှယ်များ၏ မျက်နှာပေါ်တွင်မူ ‘အံ့အားသင့်ခြင်း’ ဟူသော စကားလုံးများဖြင့် ပြည့်နှက်နေသည်ကို ပြောနေရန်ပင် မလိုတော့ပါချေ။
"ညွှန်ကြားရေးမှူးကျန်း... ဒီလိုစကားမျိုးက... လျှောက်ပြောလို့ရတဲ့အရာ မဟုတ်ဘူးနော်။"
အသိစိတ် ပြန်လည်ဝင်ရောက်လာပြီးနောက် အကြီးအကဲချင်၏ မျက်နှာမှာ မည်းမှောင်သွားရပြီး သူ၏ ထက်မြက်လှသော မျက်ဝန်းအစုံဖြင့် ဉာဏ်ပညာတိမ်တိုက် ဂလက်ဆီ၏ ကိုယ်စားလှယ်ကို စိုက်ကြည့်လိုက်မိသည်။
ဟွန့်! ‘အဖွဲ့ဝင် က နှင့် အဖွဲ့ဝင် ခ ပြောင်းပြန်ဖြစ်သွားပြီ’ ဆိုသည်မှာ အဘယ်သဘောနည်း။ သူတို့က အဖွဲ့ချုပ်အနေဖြင့် ဉာဏ်ပညာတိမ်တိုက် ဂလက်ဆီကို အခွန်ပဏ္ဍာ ဆက်စေချင်နေခြင်း မဟုတ်ပါလော။
၎င်းမှာ စိတ်ကူးယဉ် အိပ်မက်သက်သက်သာ ဖြစ်သည်။
သို့သော် ဉာဏ်ပညာတိမ်တိုက် ဂလက်ဆီ၏ ယုံကြည်ချက်မှာ မည်သည့်အရာကနေ မြစ်ဖျားခံလာပါသနည်း...
အကြီးအကဲချင်၏ အကြည့်ကို ပြန်ကြည့်ရင်း ညွှန်ကြားရေးမှူးကျန်းသည် မျက်မှောင်ကို ပင့်ကာ ပြုံးလျက် ဖြည်းညင်းစွာ ပြန်ဖြေလိုက်သည်။
"ကျွန်တော့်အနေနဲ့ ဒီလိုအရေးကြီးတဲ့ ကိစ္စရပ်အပေါ် နောက်ပြောင်ပါ့မလား"
ထိုစကားကို ပြောလိုက်သည်နှင့် တပြိုင်နက် စင်ပေါ်ရှိ အငွေ့အသက်များမှာ ချက်ချင်းပင် တင်းမာသွားတော့သည်။
အဖွဲ့ချုပ်နှင့် ဉာဏ်ပညာတိမ်တိုက် ဂလက်ဆီတို့သည် တစ်ဦးကိုတစ်ဦး ရင်ဆိုင်နေကြပြီး မည်သူကမျှ အလျှော့ပေးမည့် အရိပ်အယောင် မရှိကြချေ။ သူတို့၏ မျက်ဝန်းများထဲတွင် ပြင်းထန်သော တိုက်ခိုက်လိုစိတ်များ ပြည့်နှက်နေသည်။
"ဟွန့်!"
အကြီးအကဲချင်က နှာခေါင်းရှုံ့လျက် အစပြု၍ တိုက်စစ်ဆင်လိုက်သည်။
"မင်းက နောက်ပြောင်နေတာ မဟုတ်ဘူးလို့ ပြောနေသေးတာလား။ ဘယ်အချက်အပေါ် အခြေခံပြီး ငါတို့အဖွဲ့ချုပ်က မင်းတို့ကို တစ်ခုခု ပေးရမှာလဲ။"
ဤလူတော့ ရူးသွားပြီ ထငသ်ည်။ သို့မဟုတ်ပါက ဤကဲ့သို့သော စကားမျိုးကို မည်သို့ ပြောဆိုနိုင်ပါအံ့နည်း။
"ဟား!"
ညွှန်ကြားရေးမှူးကျန်းသည် နှုတ်ခမ်းထောင့်ကို မသိမသာ တွန့်ကွေးလိုက်ပြီး သူ၏ မျက်ဝန်းများမှာ လက်ကနဲ စူးရှသွားကာ အသံမှာလည်း လေးနက်သွားတော့သည်။
"ဘာကြောင့်လဲ ဟုတ်လား။"
"ဘာလို့လဲဆိုတော့ မော့ချူးက ငါတို့ဉာဏ်ပညာတိမ်တိုက် ဂလက်ဆီရဲ့ အဖွဲ့ဝင်တစ်ယောက် ဖြစ်နေလို့ပဲ!"
ဘာလဲ။
ထိုအခိုက်အတန့်တွင် လူတိုင်းသည် မိမိတို့ နားကြားမှားနေသည်ဟုပင် ထင်လိုက်ကြသည်။
မော့ချူးက... ဉာဏ်ပညာတိမ်တိုက် ဂလက်ဆီ၏ အဖွဲ့ဝင်တစ်ဦး ဟုတ်လား။
တောက်... ဤအရာက မည်သို့ဖြစ်နိုင်ပါအံ့နည်း။
လူတိုင်း ဇဝေဇဝါ ဖြစ်နေဆဲ ဖြစ်သည်ကို မြင်တွေ့ရသဖြင့် ညွှန်ကြားရေးမှူးကျန်းက ကြင်နာစွာဖြင့် ထပ်ပြောလိုက်သည်။
"ကျွန်တော်တို့ သိရှိထားရသလောက်တော့ မော့ချူးရဲ့ မိခင်က ဉာဏ်ပညာတိမ်တိုက် ဂလက်ဆီမှာရှိတဲ့ ကုမိသားစုရဲ့ မျိုးနွယ်ခွဲတစ်ခု ဖြစ်ပါတယ်။ ဂလက်ဆီအချင်းချင်း ဆက်နွှယ်မှု စည်းမျဉ်းအရ မော့ချူးက သဘာဝအတိုင်း ဉာဏ်ပညာတိမ်တိုက် ဂလက်ဆီရဲ့ အဖွဲ့ဝင်တစ်ယောက် ဖြစ်ရပါမယ်။"
"ဒီအချက်အပေါ် အခြေခံပြီး ပြောရရင် ဒီစာချုပ်ထဲမှာ အဖွဲ့ဝင် က နဲ့ အဖွဲ့ဝင် ခ ရဲ့ တည်နေရာ ပြောင်းပြန်ဖြစ်သွားတာက အဖြစ်သင့်ဆုံးကိစ္စရပ်တစ်ခု ဖြစ်ပါတယ်။"
ညွှန်ကြားရေးမှူးကျန်းသည် ၎င်းကို ဖြစ်ရိုးဖြစ်စဉ် ကိစ္စတစ်ခုကဲ့သို့ ပြောဆိုနေသော်လည်း လူတိုင်းမှာမူ အံ့အားသင့်နေဆဲပင် ဖြစ်သည်။
... ခဏလောက် စောင့်ပါဦး။
သတင်းအချက်အလက် ပမာဏမှာ သူတို့ လက်ခံနိုင်စွမ်းထက် ပိုများပြားနေသည်။
သူတို့ သတင်းအချက်အလက် အားလုံးကို အစီအစဉ်တကျ ပြန်စဉ်းစားပြီးနောက်မှသာ ဘာတွေဖြစ်ပျက်နေသည်ကို သဘောပေါက်သွားကြတော့သည်။ သို့ဆိုလျှင်... ရှောင်ချူး၏ မည်သူမည်ဝါဖြစ်ကြောင်း အထောက်အထား ပြောင်းလဲသွားပြီး အကျိုးကျေးဇူးအားလုံးက ဉာဏ်ပညာတိမ်တိုက် ဂလက်ဆီထံသို့ ရောက်ရှိသွားတော့မည်လား။
ဒါက မည်သို့ ဖြစ်နိုင်ပါအံ့နည်း။
ယခုအခါမှသာ အကြီးအကဲချင် နားလည်သွားရတော့သည်။ ယခင်က ဉာဏ်ပညာတိမ်တိုက် ဂလက်ဆီသည် မော့ချူးအပေါ် အဘယ်ကြောင့် ဤမျှအထိ ပျူငှာစွာ ဆက်ဆံခဲ့သည်မှာ မထူးဆန်းတော့ပါချေ။ နောက်ပိုင်းတွင် သဘောတူညီချက်ကို ဆွေးနွေးသောအခါ၌လည်း ၎င်းတို့သည် ဈေးဆွေးနွေးခြင်း လုံးဝ မပြုလုပ်ခဲ့ကြချေ။ အကြောင်းအရင်းမှာ ဤအချက်ကြောင့် ဖြစ်ပေသည်။
၎င်းတို့၏ လက်ထဲတွင် ဤကဲ့သို့သော အကွက်ကောင်းတစ်ခု ရှိနေခဲ့ခြင်း ဖြစ်သည်။ ယခုအခါ ၎င်းကို ထုတ်ဖော်လိုက်ပြီဖြစ်ရာ အရင်းအမြစ်များအတွက် သူတို့ အဘယ်ကြောင့် ထပ်ပေးဆောင်နေရဦးမည်နည်း။ အကျိုးကျေးဇူး အားလုံးက သူတို့ထံသို့သာ ရောက်ရှိသွားတော့မည် ဖြစ်သည်။
အကြီးအကဲချင်သည် သွားကို တင်းတင်းကြိတ်ထားမိသော်လည်း ၎င်းတို့ကို ရင်ဆိုင်ရန် ကိုယ့်ကိုယ်ကိုယ် အတင်းအကြပ် ထိန်းချုပ်ထားရဆဲ ဖြစ်သည်။
"ဒါတွေက စကားသက်သက်ပဲ ရှိသေးတာ။ သက်သေကော ဘယ်မှာလဲ။"
"သေချာတာပေါ့... သက်သေရှိတာပေါ့!"
ညွှန်ကြားရေးမှူးကျန်းအနေဖြင့် ဤသို့ ရဲရဲဝံ့ဝံ့ပြောရဲသည်မှာ သူက သေသေချာချာ ပြင်ဆင်လာခဲ့ခြင်းကြောင့် ဖြစ်သည်။ သူက လက်ကို ခပ်ဖွဖွလေး တီးလိုက်ရာ သူ့နောက်ကွယ်မှ လူတစ်ယောက် ရှေ့သို့ ထွက်လာခဲ့သည်။
၎င်းမှာ အသက်အရွယ် အိုမင်းနေပြီဖြစ်သော လူလတ်တန်းစား လူတစ်ယောက် ဖြစ်သည်။ ဤအခိုက်အတန့်တွင် သူ၏ မျက်ဝန်းထဲရှိ စိတ်လှုပ်ရှားမှုများကို ဖုံးကွယ်ထားနိုင်ခြင်း မရှိချေ။ ဂလက်ဆီအနှံ့ ကျော်ကြားလှသော မော့ချူးသည် ကုမိသားစုနှင့် အမှန်တကယ် ဆက်နွှယ်နေလိမ့်မည်ဟု သူ မထင်မှတ်ခဲ့မိချေ။ ကောင်းပြီ... ကောင်းပြီ... ဤမိန်းကလေး ရှိနေသဖြင့် နောက်နောင်တွင် သူတို့ တိုးတက်ကြီးပွားနိုင်တော့မည် မဟုတ်ပါလော။
"ဒါက ကုမိသားစုရဲ့ အကြီးအကဲ ဖြစ်ပါတယ်။ သူနဲ့ မော့ချူးတို့ရဲ့ ဒီအန်အေ (DNA) ကို စစ်ဆေးလိုက်တာနဲ့ ဒီဆက်နွှယ်မှုက သဘာဝအတိုင်း ပေါ်ပေါက်လာမှာပါ"
ညွှန်ကြားရေးမှူးကျန်းက အကျဉ်းချုပ် မိတ်ဆက်ပေးလိုက်သည်။
ဤလူက သက်သေကိုပါ တစ်ပါတည်း ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။
တောက်။ ဉာဏ်ပညာတိမ်တိုက် ဂလက်ဆီက တကယ် အသေအချာ ပြင်ဆင်လာခဲ့တာပဲ။
ကုမိသားစုဝင်များကိုပင် ဤနေရာသို့ ခေါ်ဆောင်လာခဲ့ချေပြီ။ သူတို့သည် ဆူဖြိုးလှသော အသားတုံးကြီးဖြစ်သည့် မော့ချူးကို အချိန်အတော်ကြာကတည်းက ပစ်မှတ်ထားနေခဲ့ကြခြင်း ဖြစ်ရပေမည်။