အခန်း (၃၅၄-၃၅၆)
Vol. 25 Ch. 354-356
အပိုင်း(၃၅၄) ရဲဘော်ရဲဘက် လင်မယား၊ တတိယလမ်းကြောင်း
ချွင်။
ရှေးဟောင်းကြေးဝါဓားကို လက်မဖြင့် ပင့်ဖွင့်လိုက်ရာ ၎င်း၏ဓားသွား သုံးလက်မခန့် ထွက်ပေါ်လာပြီး သံချေးတက်နေသော စိမ်းဖန့်ဖန့်အရောင်ကို ပြသနေသည်။ ဓားအသိ မိုင်သုံးသောင်းခန့်အထိ မြင့်တက်သွားပြီး ငွေရောင်အလင်းတန်းတစ်မျှင်က စကြဝဠာကိုပိုင်းကာ ကြယ်ပေါင်းဒါဇင်ချီကို နှစ်ပိုင်းခွဲလိုက်ရာ ပြတ်စများမှာ မှန်တစ်ချပ်ကဲ့သို့ ချောမွေ့နေလေသည်။
ကောက်ရိုးဝတ်ရုံကိုဝတ်ဆင်ထားသော ဝမ်ရွှင်သည် မေးစေ့တွင် သံမဏိကြိုးလို မုတ်ဆိတ်မွေးကြမ်းများ ရှိနေပြီး နှုတ်ခမ်းများ ဝါကြင်ကြင်ဖြစ်နေကာ အရှုံးသမားတစ်ယောက်ကဲ့သို့ ပုံပေါက်နေသည်။ သို့သော်လည်း သူ၏မျက်လုံးများမှာ သိသာထင်ရှားစွာ တောက်ပနေပြီး ပြောလိုက်သည်။
"မင်းရဲ့အမှားက လူသားဧကရာဇ်တာအိုမျိုးစေ့ဆိုတဲ့ သရုပ်ကို အစောကြီး ထုတ်ဖော်လိုက်တာပဲ။ ဂိုဏ်းချုပ်ရေးသားထားတဲ့ ဇာတ်ညွှန်းအရဆိုရင် မင်းက နောက်ဆုံးယဇ်ပူဇော်မှု ဖြစ်ရမှာ။ ဒါပေမဲ့ မင်းက မိုက်မဲလွန်းတယ်။"
"ဧကရာဇ်တစ်ပါးအနေနဲ့ မိသားစုသံယောဇဉ်၊ အချစ်နဲ့ ခင်မင်မှုတွေက အောင်မြင်မှုတွေနဲ့ ဘယ်လိုလုပ် နှိုင်းယှဉ်လို့ရမှာလဲ။ မင်းရဲ့ လူသားဧကရာဇ်တာအိုမျိုးစေ့ သရုပ်မှန်ကို လျှို့ဝှက်ထားနိုင်သရွေ့တော့ အောင်ပွဲရဲ့ အသီးအပွင့်တွေကို ဆွတ်ခူးဖို့အခွင့်အရေး မင်းမှာ အစကတည်းက ရှိခဲ့တာပါ။"
ဤနေရာသို့ရောက်သောအခါ၊ ဝမ်ရွှင်က အနည်းငယ် ရပ်တန့်သွားပြီး တောက်ပသောမျက်လုံးများကို အနည်းငယ် မြှောက်လိုက်သည်။ သူ၏ ကြည်လင်သော ရေကဲ့သို့မျက်ဆံများသည် အနီရောင်ဝတ်ရုံနှင့် ပြိုင်ဖက်ကင်းသော မဟာကျင်းဧကရီကို ရောင်ပြန်ဟပ်နေသည်။ သူ၏မျက်လုံးထဲ ထင်ဟပ်နေသော ပုံရိပ်က တဖြည်းဖြည်း ကြီးမားလာပြီး၊ တုန်းဖန်လျူလီသည် ရှန်ကွမ်းပီယွီ၏လက်ကိုဆုပ်ကိုင်ကာ ဖြည်းညှင်းစွာ တင်းကျပ်လာသည်ကို သူ မြင်လိုက်ရ၏
လေပြေလေးတစ်ခု မျက်နှာကို ဖြတ်တိုက်သွားပြီး ဝမ်ရွှင်၏နဖူးပေါ်သို့ ကျနေသော ဆံပင်တစ်မျှင်ကို လှုပ်ခတ်သွားစေလေသည်။
တောက်။ တောက်။
ရှန်ကွမ်းပီယွီ၏ နှုတ်ခမ်းများမှ စီးကျနေသော သွေးများသည် လေတိုက်မှုကြောင့် လမ်းကြောင်း လွဲသွားကာ မြေကြီးပေါ်သို့ ကျဆင်းလာပြီး မြေဆီလွှာထဲသို့ စိမ့်ဝင်သွားလေသည်။
"ဒီဧကရီက အထင်မရှားတဲ့ဘဝကနေ တက်လာခဲ့တာ။ ဧကရာဇ်နဲ့ လက်တွဲပြီးတော့ အမြစ်မရှိတဲ့ မှော်ပင်လေးလိုဖြစ်နေတဲ့ မဟာကျင်းတိုင်းပြည်ကို သွေးထွက်သံယိုနဲ့ ကြမ်းတမ်းတဲ့မုန်တိုင်းတွေကြားကနေ လမ်းပြပြီး အခုလို လွှမ်းမိုးနိုင်တဲ့အဆင့်အတန်းကိုရောက်အောင် လုပ်ပေးခဲ့တယ်။"
"အခုလို အကျပ်အတည်း အခြေအနေမျိုးကိုရောက်ဖို့ မရေမတွက်နိုင်တဲ့အကြိမ်တွေ ကြုံခဲ့ရပြီးပြီ။ ရှင်တို့က မဟာကျင်းတိုင်းပြည် ကြီးထွားလာတဲ့လမ်းခရီးမှာ နောက်ထပ် အဖုအထစ်လေးတစ်ခု သက်သက်ပဲ။"
တုန်းဖန်လျူလီ၏နှုတ်ခမ်းနီနီများ အနည်းငယ် တွန့်ကွေးသွားလေသည်။ သူက ရှန်ကွမ်းပီယွီ၏နဖူးကို လက်ညှိုးဖြင့်ပုတ်လိုက်ကာ အသိဉာဏ်ပင်လယ်နှင့် ဝိညာဉ်ကို တိုက်ရိုက်ချေမှုန်းပစ်လိုက်၏။ ထို့နောက် သူက အလောင်းကို ဝမ်ရွှင်ထံသို့ ပစ်ပေါက်လိုက်ပြီး ရယ်မောလိုက်သည်။
"ဒီမှာကြည့်လိုက်။"
"ဥပမာပြောရရင် ရှင့်ရဲ့ အရှေ့မှာတင်သေသွားတဲ့ ပဉ္စမမြောက် နန်းဆောင်သခင်ပေါ့။ သူက ဒီလောက် စောစော သေလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး မဟုတ်လား။ စိတ်မပူပါနဲ့။ မကြာခင်မှာ ရှင်ကိုယ်တိုင် သေရမယ့် အကြောင်းကိုလည်း မျှော်လင့်ထားမှာ မဟုတ်ဘူး။"
ဝမ်ရွှင်၏အမူအရာ မည်းမှောင်သွားသည်။ လုံးဝသေဆုံးသွားပြီဖြစ်သော သူ့ရှေ့တွင် မျောလွင့်နေသည့် ရှန်ကွမ်းပီယွီကို ကြည့်ကာ ရယ်လိုက်သည်။ "ဟီးဟီး။"
"ရည်မှန်းချက် ကြီးတာပဲ။"
ရှန်ကွမ်းပီယွီ၏ မျက်လုံးများက သေဆုံးချိန်တွင် ပြူးကျယ်နေပြီး ကရုဏာသက်ရန် နက်ရှိုင်းသော တောင်းပန်မှုများဖြင့် ပြည့်နှက်နေသည်။
သူက လူသားဧကရာဇ်ကို မတွေ့ရသေးပေ။ လူသားဧကရာဇ်ကို လူချင်းတွေ့ပြီး ကျေးဇူးတင်စကား မပြောရသေးပေ။ သူက ဘယ်လိုလုပ် ဤမျှလောက် အလွယ်တကူ သေသွားနိုင်နည်နည်း။
သူ သဘောမတူပေ။ ထို့ပြင် သူက မသေချင်ပေ။
"ကောင်းတယ်။ သိပ်ကောင်းတယ်။"
"ခေတ်ဟောင်းရဲ့အကြွင်းအကျန်တွေ တစ်ခုပြီးတစ်ခု ညှိုးနွမ်းသွားသလိုပဲ။ ခေတ်သစ်ရဲ့ ပန်းတွေလည်း တဖြည်းဖြည်း ပွင့်လန်းလာနေတယ်။"
ဝမ်ရွှင်က ရှေးဟောင်းကြေးဝါဓားကို ဓားအိမ်ထဲမှ ဆွဲထုတ်လိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။
"လာခဲ့စမ်း။"
"ရှေးဟောင်းရွက်လှေကြီး ဆက်ပြီးတော့ ရွက်လွှင့်မလား။ ဒါမှမဟုတ် လူသစ်တွေက အဟောင်းတွေကို အစားထိုးပြီး အသစ်တစ်စင်းလုပ်ဖို့ ကျိုးပဲ့နေတဲ့လှေကို ဖျက်ဆီးပစ်မလားဆိုတာ ကြည့်ကြတာပေါ့။"
"ကောင်းကင်ကြည့်ဆောင်ထဲကို ဝင်ရတဲ့ ငါ့ရဲ့ရည်မှန်းချက်က ဘာလဲလို့ တစ်ယောက်ယောက်က မေးခဲ့ဖူးတယ်။ အခုတော့ ငါ အဲဒါကို ပြောနိုင်ပြီ ထင်တယ်..."
"ငါက လူသားဧကရာဇ်ခေတ်ရဲ့ အစောင့်အရှောက်၊ ယခင်ခေတ်ကာလရဲ့ တံခါးစောင့်တစ်ယောက်ပဲ။ ငါ ကာကွယ်ရမယ့်အရာက ဖျက်ဆီးခံလိုက်ရတဲ့ ရွှေခေတ်တစ်ခုရဲ့ မှေးမှိန်နေတဲ့ ဂုဏ်ကျက်သရေပဲ။"
ဝုန်း။
သူ၏စကားများ ကျဆင်းသွားသည့် အခိုက်အတန့်တွင် လူ့လောကမှ လက်နက်များက ကောင်းကင်ကို ဖောက်ထွင်းရန်တက်လာသည်။
ထိုတောက်ပသော ဓားအလင်းတန်းသည် ရှေးခေတ်ကာလမှ နှုတ်ဆက်သီချင်းတစ်ပုဒ် ဖြစ်ပြီး သွေးများဖြင့် ပြည့်နှက်နေသော ဖရိုဖရဲပင်လယ်ပြင်ကို ခုတ်ပိုင်းကာ ဓားအလင်းတန်းအတွင်းရှိ ရွှေခေတ် တစ်ခု၏ အရိပ်အယောင်လေးကို ပြသနေသည်။
ကောင်းကင်နယ်ပယ်တစ်ပိုင်း၊
ပြိုင်ဖက်ကင်းဓားဧကရာဇ်။
ဝမ်ရွှင်သည် လူသားဧကရာဇ်ခေတ်၏ အဆုံးသတ်တွင် မွေးဖွားခဲ့ပြီး ခေတ်ဟောင်းနှင့် ခေတ်သစ် ကြားတွင် ပိတ်မိနေခဲ့သည်။ သူက လူသားဧကရာဇ်ခေတ်၏ ကောင်းကင်နယ်ပယ်တစ်ပိုင်းဖြစ်ပြီး ခေတ်သစ်၏ ပထမဆုံး ပြိုင်ဖက်ကင်းဓားဧကရာဇ်လည်း ဖြစ်သည်။
"ဧကရာဇ်တာအို ကောင်းကင်ကျမ်းစာ။"
"ဧကရာဇ်တာအို ကံကြမ္မာ။ ငါ့ရဲ့ အမိန့်တော်အရ ဖိနှိပ်စမ်း။"
တုန်းဖန်လျူလီ ကြောက်ရွံ့ခြင်းမရှိဘဲ အနီရောင်မျက်ဆံများ မီးတောက်များဖြင့် လောင်ကျွမ်းနေသည်။ သူ၏နောက်တွင် တောရိုင်းမြေ၏ မရေမတွက်နိုင်သော အလင်းရောင်များ ရှိနေသည်။ ပိုးစုန်းကြူးနှင့် ဖယောင်းတိုင်မီး လင်းလက်မှုလေးများ စုဝေးလာကာ မြစ်များနှင့်သမုဒ္ဒရာများအဖြစ် ဖန်တီးပြီး ဧကရာဇ်တာအို ရွှေနဂါးတစ်ကောင်အဖြစ် တဖြည်းဖြည်း ပုံဖော်လာသည်။
ဧကရာဇ်တာအို နဂါးအရှိန်အဝါသည် ဟိန်းဟောက်အော်မြည်လေသည်။ အဝေးမှနေ၍၊ ရွှေနဂါးသည် ခွေပတ်လိုက်ပြီး တောရိုင်းမြေတစ်ခုလုံးကို ၎င်း၏အခြေစိုက်စခန်းအဖြစ် အသုံးပြုကာ မီးများကို မှုတ်ထုတ်ပြီး ကောင်းကင်ပြည်နယ်ဆီသို့ ဟိန်းဟောက်လိုက်လေသည်။
ဝုန်း။
ကောင်းကင်ပြည်နယ်သည် ပြင်းထန်စွာ တုန်ခါသွားပြီးနောက် ကောင်းကင်မည်းမှောင်သွားကာ သက်ရှိအားလုံး သေဆုံးသွားသည်။
နယ်မြေတစ်ခုလုံး၏ကံကြမ္မာကို လက်နက်တစ်ခုအဖြစ် စုစည်းကာ ရန်သူများကိုခုခံပြီး တိုင်းပြည်ကို ကာကွယ်ရန် ဖြစ်သည်။
ပြိုင်ဖက်ကင်းသောဓားတိုက်ခိုက်မှုသည် ဧကရာဇ်တာအို နဂါးအရှိန်အဝါ၏ ဟိန်းဟောက်မှုကြောင့် ပျက်ပြယ်သွားသည်။ သူတို့၏တိုက်မိမှုတွင် ကြီးမားသော ရုတ်ရုတ်သဲသဲဖြစ်မှုမျိုးပင် မဖြစ်ပေါ်ဘဲ နှစ်ခုစလုံးက တိတ်ဆိတ်စွာ ပျောက်ကွယ်သွားကြသည်။
"မင်းက ကံကြမ္မာကို တကယ်ပဲ လှုပ်ရှားနိုင်စွမ်း ရှိတယ်။ ဆိုလိုတာက တောရိုင်းမြေရဲ့ ကံကြမ္မာက မင်းကို အရှင်သခင်အဖြစ် အသိအမှတ်ပြုထားတာ ကြာပြီပေါ့။ အဲဒီလိုဆိုရင်တော့ မင်း သေရမယ်။" ဝမ်ရွှင်သည် ရှေးဟောင်းကြေးဝါဓားကို ချိန်ဆလိုက်ပြီး သူ၏မျက်ခုံးများ တွန့်ကွေးသွားလေသည်။
"တိရုံ၊ ခုန်းရွှမ်၊ စတုတ္ထမြောက် နန်းဆောင်သခင်... မဟာကျင်း ဧကရီကို ဝိုင်းရံကြ။"
စတုတ္ထမြောက် နန်းဆောင်သခင် ခုန်းရွှမ်သည် လက်ဗလာဖြင့်ပင် အဆုံးအစမဲ့ အသက်စွမ်းအင်များကို ထုတ်လွှတ်နေသည်။ ဖြန့်ကားထားသော သူ၏လက်ငါးချောင်းကိ ပိတ်ကာ နောက်သို့ ဆွဲလိုက်ရာ မိုင်တစ်ထောင် အတွင်းရှိ ဟင်းလင်းပြင်က စက္ကူတစ်ရွက်ကဲ့သို့ အားနည်းသွားပြီး သူ့ဆီသို့ ဆွဲငင်ခံလိုက်ရသည်။
တစ်ချိန်တည်းမှာပင်။
သူသည် တုန်းဖန်လျူလီကို သူ့အနီး မီတာတစ်ရာအတွင်းသို့ ဆွဲခေါ်လာခဲ့သည်။
"မင်း သူ့ကို ဓားတစ်ချက်တည်းနဲ့ အဆုံးသတ်လိုက်မယ်လို့ ငါ ထင်ခဲ့တာ။ ဒီလောက်ပြိုင်ဖက်ကင်းတဲ့ အလှတရားတစ်ခု ဆုံးရှုံးရတာ ကောင်းကင်ရဲ့အရင်းအမြစ်တွေကို ဖြုန်းတီးရာကျတယ်လို့ ငါ တိတ်တဆိတ် ဝမ်းနည်းနေခဲ့တာ။ ဒါပေမဲ့ ကောင်းကင်က ငါ့ကို သနားပြီး နောက်ထပ် အခွင့်အရေးတစ်ခု ပေးလိမ့်မယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး။"
စတုတ္ထမြောက် နန်းဆောင်သခင် ခုန်းရွှမ်သည် စည်းကမ်းမဲ့ပြီး မောက်မာကာ သူ၏ကာမရာဂကို မဖုံးကွယ်ထားပေ။ သူသည် မဟာကျင်းဧကရီကို ခေါင်းမှခြေဖျားအထိ လောဘတကြီး စူးစိုက်ကြည့်ကာ ရယ်လိုက်သည်။
"ငါ့အကြောင်းက တိုတိုလေး မိတ်ဆက်ပါရစေ။ ငါ့အဖေက လူသားဧကရာဇ် လက်အောက်က စစ်ဗိုလ်ချုပ်ကြီး တစ်ယောက်၊ လူသားဧကရာဇ်နောက်ကိုလိုက်ခဲ့တဲ့ အစောဆုံး စစ်မှုထမ်းဟောင်းတွေထဲက တစ်ယောက်ပါ။ ငါ့အမေက ရှေးဟောင်းအထွတ်အမြတ်ခန္ဓာရဲ့ တိုက်ရိုက်ဆင်းသက်လာသူ တစ်ယောက်ပါ။ ပြီးတော့ ငါကိုယ်တိုင်က အဲဒီနှစ်ခုစလုံးရဲ့ သွေးကြောတွေကို အမွေဆက်ခံထားပြီးတော့ ဒီခေတ်ရဲ့ နံပါတ်တစ် အထွတ်အမြတ်ခန္ဓာကိုယ်ကို ဖန်တီးနိုင်ခဲ့တာ။
"ရှေးခေတ်ကတည်းက ငါ နာမည်ကြီးခဲ့တာ။ လွန်ခဲ့တဲ့နှစ်တစ်သောင်းက ငါ ကောင်းကင်ထောက်တိုင် နယ်ပယ်ရဲ့ အထွတ်အထိပ်မှာ ရှိနေခဲ့တယ်။ အမြင့်ဆုံးအခြေအနေကို ရောက်ဖို့အတွက် ငါက ကိုယ့်ကိုယ်ကိုယ် ပြုပြင်မွမ်းမံဖို့ ကောင်းကင်ထောက်တိုင်နယ်ပယ်မှာ တမင်တကာနေခဲ့တာ။ ကောင်းကင်နယ်ပယ်တစ်ပိုင်းကို ရောက်သွားတိုင်း ငါက ကျင့်ကြံမှုကို တမင်တကာပြန်လျှော့ချပြီး ကိုယ့်ကိုယ်ကိုယ် ပြန်ပြုပြင်မွမ်းမံခဲ့တာ။ အဲဒီလို အကြိမ်ပေါင်း ဒါဇင်ပေါင်းများစွာ ထပ်ခါတလဲလဲ လုပ်ခဲ့တယ်။"
"ငါ့ရဲ့ကျင့်ကြံမှုကို နောက်ဆုံးအကြိမ် လျှော့ချတုန်းကဖြစ်ခဲ့တဲ့ မတော်တဆမှုကြောင့်သာ မဟုတ်ရင် အဲဒီမတော်တဆမှုက ဒဏ်ရာအပြင်းအထန် ရစေခဲ့ပြီးတော့ ငါ့မိဘတွေကို ငါ့ကို ဖုံးကွယ်ထားဖို့အတွက် ဒီခေတ်ရောက်တဲ့အထိ အေးခဲထားဖို့ အတင်းအကျပ်လုပ်ခဲ့ရတာသာ မဟုတ်ရင် ငါက လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်သောင်းကတည်းက ကောင်းကင်နယ်ပယ်ကို ရောက်နေလောက်ပြီ။"
"ပါရမီအနေနဲ့ဆိုရင် ငါက သမိုင်းတစ်လျှောက်လုံး နံပါတ်တစ်ပဲ။ ခွန်အားအနေနဲ့ဆိုရင်တော့ ကောင်းကင်နယ်ပယ်အောက်မှာ ငါက ပြိုင်ဖက်ကင်းပဲ။ အဆင့်အတန်းနဲ့ သွေးကြောအနေနဲ့ ဆိုရင်လည်း ဒီလောကမှာ ငါ့ထက်ပိုမြင့်မြတ်တဲ့သူ ရှားတယ်။"
စတုတ္ထမြောက် နန်းဆောင်သခင် ခုန်းရွှမ်သည် သူ၏လက်မောင်းများကို ဖြန့်ကားကာ တုန်းဖန်လျူလီကို စူးစိုက်ကြည့်ရင်း ပြောလိုက်သည်။
"ငါ့နောက်ကို လိုက်ခဲ့ပါ။ အမြင့်ဆုံးဂုဏ်ကျက်သရေတွေ ငါ မင်းကို ပေးသနားမယ်။ အဲဒီမုန့်ချင်ကျိုးမှာ မင်းလို ပြိုင်ဖက်ကင်းတဲ့အလှတရားမျိုးကိုပိုင်ဆိုင်ဖို့ ဘယ်လိုအရည်အချင်းမျိုး ရှိလို့လဲ။"
ဝမ်ရွှင်၏ပါးစပ် တွန့်ကွေးသွားပြီး မျက်နှာမည်းမှောင်သွားကာ ပြောလိုက်သည်။
"အိုး။"
"မင်းက ကောင်းကင်နယ်ပယ်အောက်မှာ ပြိုင်ဖက်ကင်းတယ် ဟုတ်လား။ ဒါဆိုရင် မင်း ဘယ်လိုလုပ် စတုတ္ထမြောက် နန်းဆောင်သခင် ဖြစ်လာရတာလဲ။"
ထိုစကားကိုကြားသောအခါ၊ စတုတ္ထမြောက် နန်းဆောင်သခင် ခုန်းရွှမ်၏အမူအရာက အနည်းငယ် တောင့်တင်းသွားသည်။ သူ အသက်ပြင်းပြင်းရှူပြီး ဝမ်ရွှင်ကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။
တိရုံက ကူကယ်ရာမဲ့စွာ ခေါင်းခါပြီး ပြောလိုက်သည်။
"စတုတ္ထမြောက် နန်းဆောင်သခင်... ရန်သူနဲ့ ရင်ဆိုင်နေရချိန်မှာ အာရုံမလွဲပါနဲ့။"
နန်းဆောင်သခင် (၁၀)ဦးထဲတွင် စတုတ္ထမြောက် နန်းဆောင်သခင် ခုန်းရွှမ်သာလျှင် အလောတကြီး အဖြစ်ဆုံး ဖြစ်လေသည်။ အသက်သောင်းချီ ရှိနေပြီဖြစ်သော်လည်း တကယ်တမ်း သူ နိုးထနေသည့်အချိန်မှာ အနှစ်တစ်ရာပင် မပြည့်သေးပေ။
အလှအပနှင့် ဂုဏ်သတင်းကဲ့သို့သော အရာများကို သူ အလွန်တန်ဖိုးထားနေဆဲ ဖြစ်သည်။
သူက ကျင့်ကြံရာတွင် ပြဿနာများနှင့် ကြုံတွေ့ခဲ့ရပြီး ချိတ်ပိတ်ခံထားရရန် ဖိအားပေးခံခဲ့ရသော်လည်း ကံကြမ္မာ၏အလှည့်အပြောင်းကြောင့် လူသားဧကရာဇ်ခေတ်၏ အဆုံးသတ်ရှိ ကပ်ဘေးကို ရှောင်လွှဲနိုင်ခဲ့ပြီး သေခြင်းမှလွတ်မြောက်ကာ ဤခေတ်သို့ ကံကောင်းစွာ အသက်ရှင်လာနိုင်ခဲ့သည်။ နိုးထလာပြီးနောက်တွင် စတုတ္ထမြောက် နန်းဆောင်သခင် ခုန်းရွှမ်သည် ပို၍မောက်မာလာပြီး သူသည် ကံကြမ္မာ၏ကောင်းချီးပေးခံရသူ ဖြစ်သည်ဟု ယုံကြည်ကာ အထိန်းအကွပ်မရှိ ပြုမူလာခဲ့သည်။
"ရှင် ဘယ်လိုသေချင်လဲ။" တုန်းဖန်လျူလီ၏ အမူအရာက အေးစက်နေပြီး စတုတ္ထမြောက် နန်းဆောင်သခင် ခုန်းရွှမ်ကို ကြည့်လိုက်သည့် သူ၏အကြည့်မှာ လူသေတစ်ယောက်ကို ကြည့်နေသကဲ့သို့ ဖြစ်နေသည်။
စတုတ္ထမြောက် နန်းဆောင်သခင် ခုန်းရွှမ်က ပြုံးလိုက်သည်။ "ပျိုနီပန်းလေးရဲ့အောက်မှာပေါ့။"
ထိုအချိန်တွင်ပင်။
အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာ၏။ "အသက်ရှင်ရတာ ငြီးငွေ့နေပြီလား။ ကောင်ကလေး။"
ဤရင်းနှီးသောအသံက အားလုံး၏အာရုံစိုက်မှုကို ချက်ချင်း ဆွဲဆောင်သွားလေသည်။
စတုတ္ထမြောက် နန်းဆောင်သခင် ခုန်းရွှမ်က ခေါင်းလှည့်လိုက်ရာ ရောက်လာသူကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသောအခါ သူ အလွန်အံ့အားသင့်သွားပြီး နောက်သို့ ခြေတစ်လှမ်းဆုတ်သွားကာ မျက်လုံးများ ပြူးကျယ်လျက် အော်ဟစ်လိုက်သည်။
"မင်း..."
"မင်း ဘယ်လိုလုပ်တော့ အပူအပင်ကင်းမဲ့တာအိုကနေ လွတ်မြောက်နိုင်မှာလဲ။ ပြီးတော့... ပြီးတော့ ဟုန်ယီကို ဘယ်လိုလုပ် သတ်လိုက်နိုင်တာလဲ။"
ရောက်လာသူသည် အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး မျက်လုံးများကို အနက်ရောင် ပိုးသားဖြင့် ပတ်ထားကာ လက်တစ်ဖက်တွင် ဓားကိုကိုင်ထားပြီး အခြားလက်တစ်ဖက်တွင် ခေါင်းတစ်လုံးကို ကိုင်ထားသည်။ ထိုခေါင်းသည် ဒွါရ(၇)ပေါက်လုံးမှ သွေးများစီးကျနေပြီး အလွန်ဆိုးရွားသော သေဆုံးမှုမျိုးနှင့် ကြုံတွေ့ထားရ၏။ ၎င်းမှာ ဟုန်ယီ၏ခေါင်းမှလွဲ၍ အခြားမဟုတ်ပေ။
စတုတ္ထမြောက် နန်းဆောင်သခင် ခုန်းရွှမ်က လှည့်ကြည့်ပြီး ရောက်လာသူ၏မျက်နှာကို ရှင်းလင်းစွာ မြင်လိုက်ရသည့် အခိုက်အတန့်တွင်ပင်။
အနက်ရောင်ဝတ်လူငယ်သည် နေရာမှ ချက်ချင်း ပျောက်ကွယ်သွားပြီး စတုတ္ထမြောက် နန်းဆောင်သခင် ခုန်းရွှမ်၏ရှေ့သို့ ရောက်ရှိလာသည်။ သူသည် ဓားကို စတုတ္ထမြောက် နန်းဆောင်သခင် ခုန်းရွှမ်၏ ခေါင်းထဲသို့ ထိုးစိုက်လိုက်ပြီးနောက် လက်သီးတစ်ချက်ဖြင့်ထိုးလိုက်ရာ သူ၏မျက်နှာကို တိုက်ရိုက်ပေါက်ကွဲသွားစေသည်။ စတုတ္ထမြောက် နန်းဆောင်သခင် ခုန်းရွှမ်သည် ကျိုးသွားသောနှာခေါင်းရိုးကို ကိုင်ထားပြီး သူ၏မျက်နှာတွင် ဒဏ်ရာဒဏ်ချက်များ ပြည့်နှက်နေသည်။ နက်ရှိုင်းသော လက်သီးရာတစ်ခုသည် သူ၏မျက်နှာတစ်ခုလုံးကို ပုံပျက်သွားစေပြီး နှာခေါင်းစောင်းသွားကာ မျက်လုံးများ စွေသွားစေသည်။ သူက မျက်နှာကို အချိန်အတော်ကြာ ပွတ်သပ်ပြီးနောက် မနည်းပြန်လည်ကောင်းမွန်လာခဲ့သည်။ သူ ဒေါသထွက်လုနီးပါး ဖြစ်နေချိန်တွင် ရုတ်တရက် ရပ်တန့်သွားပြီး အနက်ရောင်ဝတ်လူငယ်ကို စူးစိုက်ကြည့်ကာ မျက်မှောင်ကြုတ်လျက် ပြောလိုက်သည်။
"နေဦး၊။ မင်း ဘယ်တုန်းက ဟုန်ယီကို သတ်လိုက်တာလဲ။"
ဟုန်ယီသည် အပူအပင်ကင်းမဲ့တာအိုကို နှစ်ပေါင်းငါးထောင်ကြာအောင် ခက်ခက်ခဲဲဲ သုတေသန လုပ်ခဲ့သည်။ လူသားဧကရာဇ်တာအိုမှလွဲ၍ အရာအားလုံးကို ၎င်းက ကန့်သတ်နိုင်၏။
လူသားဧကရာဇ်တာအိုကို မကန့်သတ်နိုင်ခြင်း၏ အကြောင်းရင်းမှာ လူသားဧကရာဇ်တာအိုသည် မြင့်မားသောအဆင့်အတန်း သို့မဟုတ် နက်ရှိုင်းသောအလားအလာ ရှိနေ၍မဟုတ်ဘဲ လူသားဧကရာဇ်တာအိုက ကောင်းကင်တာအိုနှင့် တိုက်ရိုက်ဆက်စပ်နေသောကြောင့်သာ။ ကောင်းကင်တာအို၏ အဆင့်အတန်းက အရမ်း မြင့်မားနေခြင်းပင်။ အပူအပင်ကင်းမဲ့တာအိုက ကောင်းကင်ကို မည်မျှပင် ဖီဆန်နိုင်စေကာမူ ၎င်းသည် ကောင်းကင်တာအိုကို အကျိုးသက်ရောက်နိုင်မည် မဟုတ်ပေ။
မုန့်ချင်ကျိုး ဘယ်လိုလုပ်နိုင်ခဲ့တာလဲ။
ရုတ်တရက်။
စတုတ္ထမြောက် နန်းဆောင်သခင် ခုန်းရွှမ်က နေ့ခင်းကြောင်တောင် သရဲတစ်ကောင်ကို မြင်လိုက်ရသလို ဖြစ်သွားပြီး နောက်သို့ ခြေလှမ်းဒါဇင်ပေါင်းများစွာ ဆုတ်သွားသည်။ သူ စကားထစ်သွားပြီး အနက်ရောင်ဝတ် လူငယ်ကို လက်ညှိုးထိုးကာ ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
"မင်း၊ မင်း၊ မင်း..."
"မင်းမှာ ဘယ်လိုလုပ်ပြီးတော့ လူသားဧကရာဇ်တာအိုရဲ့ ကိုးကွယ်မှုရွှေရောင်ခန္ဓာကိုယ် ရှိနေတာလဲ။"
တစ်ခဏမျှ စတုတ္ထမြောက် နန်းဆောင်သခင် ခုန်းရွှမ်၏ဦးနှောက် လုံးဝ အလုပ်မလုပ်တော့ပေ။ သူသည် မုန့်ချင်ကျိုးကို ကြည့်လိုက် တုန်းဖန်လျူလီကို ကြည့်လိုက်နှင့် သူ၏မျက်လုံးများ ပို၍ပို၍ ရှုပ်ထွေးလာပြီး သူ၏မေးရိုးပင် ပြုတ်ထွက်လုနီးပါး ဖြစ်သွားလေသည်။
တခြားရွေးချယ်စရာ မရှိတော့ပေ။
စတုတ္ထမြောက် နန်းဆောင်သခင် ခုန်းရွှမ်သည် ဝမ်ရွှင်ထံသို့ လှည့်ကြည့်လိုက်ပြီး ဤနည်းဗျူဟာမှူးက သူ့ကို အဖြေပေးနိုင်မည်ဟု မျှော်လင့်နေသည်။ သို့သော်လည်း ဝမ်ရွှင်၏အမူအရာကို မြင်လိုက်ရသောအခါ၊ သူ ပါးစပ်ကို တိတ်တဆိတ် ပိတ်ထားလိုက်သည်။
ဝမ်ရွှင်၏ မျက်လုံးများသည် ငါးမျက်လုံးများကဲ့သို့ ပြူးထွက်နေပြီး သူ၏ရင်ဘတ်သည် လေများ ပြည့်နေသကဲ့သို့ မြင့်တက်နေကာ နှုတ်ခမ်းများ နောက်သို့လန်နေပြီး ပြင်းပြင်းထန်ထန် အသက်ရှူနေလေသည်။
"မဖြစ်နိုင်ဘူး။"
"အဓိပ္ပာယ်မရှိတာ။ လုံးဝကို အဓိပ္ပာယ်မရှိတာပဲ။"
ဝမ်ရွှင်၏မျက်လုံးများ နီရဲနေပြီး မုန့်ချင်ကျို နှင့် တုန်းဖန်လျူလီကို အသေအချာ စူးစိုက်ကြည့်နေသည်။ သူ၏မျက်လုံးများက လျင်မြန်စွာ မျက်တောင်ခတ်နေပြီး ရှေ့မှစုံတွဲကို ဖောက်ထွင်းမြင်နိုင်ရန် ကြိုးစားနေသကဲ့သို့ ဖြစ်နေသည်။
ပိုနားလည်လေ လူသားဧကရာဇ်တာအိုက မည်သည်ကိုကိုယ်စားပြုကြောင်း ပိုရှင်းလင်းလာလေပင်။
"လောကမှာ ဧကရာဇ်ဖြစ်လာဖို့အတွက် လမ်းကြောင်းတစ်ခုတည်းပဲ ရှိတယ်။ ပြိုင်ဖက်ကင်းတဲ့ အောင်မြင်မှုတွေကိုရယူဖို့၊ ထာဝရကြီးကျယ်ခမ်းနားမှုတွေကို ဖန်တီးဖို့၊ ပြီးတော့ လက်ရှိနဲ့ မျှော်မှန်းနိုင်တဲ့ အနာဂတ်က လူသားအားလုံးရဲ့နှလုံးသားတွေကို ဖမ်းစားနိုင်ဖို့ပဲ။ ဥပမာ၊ လူသားဧကရာဇ်ဟာ နှစ်တစ်သောင်းကြာ ပျောက်ဆုံးနေခဲ့ရင်တောင်မှ ဒီကမ္ဘာမြေပေါ်က မရေမတွက်နိုင်တဲ့လူတွေဟာ သူ့ကို ချီးကျူးဂုဏ်ပြုနေတုန်းပဲ။"
"သေချာတာကတော့ တကယ်လို့ ကောင်းကင်တာအိုက လှုပ်ရှားဖို့ဆန္ဒရှိရင် ဧကရာဇ်ဖြစ်လာဖို့အတွက် ဒုတိယလမ်းကြောင်း တစ်ခုကိုလည်း ဖွင့်ပေးနိုင်တယ်။ ဒါပေမဲ့ ဒီလမ်းကြောင်းကို ကြိုးစားအားထုတ်မှု တစ်ခုတည်းနဲ့ ရယူလို့ မရဘူး။ ကောင်းကင်တာအိုရဲ့ဆန္ဒအပေါ် လုံးဝ မူတည်တယ်။"
"ဒါတွေကလွဲရင် တတိယလမ်းကြောင်းဆိုတာ လုံးဝမရှိဘူး။ လုံးဝ လုံးဝကို မဖြစ်နိုင်ဘူး။"
ဝမ်ရွှင်က ရူးသွပ်လုနီးပါး ဖြစ်နေပြီး အံကြိတ်ကာ တင်းကျပ်နေသောမေးရိုးများကြားမှ စကားလုံးများကို ထွေးထုတ်လိုက်သည်။
သို့သော် သူ သူ့ဘာသာ မည်မျှပင် ပြောပါစေ၊၊ သူ့ရှေ့မှ ထူးဆန်းသောမြင်ကွင်းကို မည်မျှပင် အဓိပ္ပာယ်ဖွင့်ဆိုရန် အတင်းအကျပ် ကြိုးစားပါစေ နားမလည်နိုင်ခဲ့ပေ။
ထိုအရာက ဝမ်ရွှင်၏ နားလည်နိုင်စွမ်းထက် ကျော်လွန်နေ၏။
"ငါ့ကိုပြောစမ်း။ မင်းရဲ့ ကိုးကွယ်မှုရွှေရောင်ခန္ဓာကိုယ်ကို ဘယ်လိုရခဲ့တာလ။" ဝမ်ရွှင်က မုန့်ချင်ကျိုးကို စူးစိုက်ကြည့်ကာ သူ၏လေသံမှာ စွဲလမ်းမှုနှင့် ရူးသွပ်မှုများ ရောယှက်နေသည်။
မုန့်ချင်ကျိုး မဖြေဆိုနိုင်မီမှာပင် ဝမ်ရွှင်သည် ခေါင်းကို ရုတ်တရက်လှည့်လိုက်ပြီး တုန်းဖန်လျူလီ အပေါ်သို့ ပစ်မှတ်ထားလိုက်သည်။
"မဟုတ်ဘူး။ ဖြေရမှာက မင်းပဲ။ မင်းရဲ့ ကိုးကွယ်မှုရွှေရောင်ခန္ဓာကိုယ်ကို ဘယ်လိုရခဲ့တာလဲ။"
"မင်းတို့နှစ်ယောက်စလုံး မမှန်ဘူး။ နှစ်ယောက်စလုံး မမှန်ဘူး။ မင်းတို့ထဲက တစ်ယောက်ယောက်က လိမ်နေတာသေချာတယ်။ ငါ့ကို ပြောစမ်း။ ဘယ်သူက ဒီအဘိုးကြီးကို လှည့်စားနေတာလဲ။"
"လောကမှာ တတိယမြောက် လူသားဧကရာဇ်တာအို ဘယ်လိုလုပ်ပြီးတော့ ရှိနိုင်မှာလဲ။"
...
တုန်းဖန်လျူလီသည် မှင်သက်တွေဝေနေသော စတုတ္ထမြောက် နန်းဆောင်သခင် ခုန်းရွှမ်ကို ကြည့်လိုက်ပြီးနောက် ရူးသွပ်နေသော ဝမ်ရွှင်ကို ကြည့်လိုက်သည်။ တစ်ခဏမျှ သူ၏ သတ်ဖြတ်လိုသည့် ရည်ရွယ်ချက် သိသိသာသာ လျော့ကျသွားသည်။ သူက မုန့်ချင်ကျိုးကို ကြည့်လိုက်သည်။၊ သူ၏ နှုတ်ခမ်းနီနီများ အနည်းငယ် ပွင့်သွားပြီး သူကလည်း အလွန်နားမလည်နိုင် ဖြစ်နေသည်။
ငါးပိကောင်မှာ လူသားဧကရာဇ်တာအိုရဲ့ ကိုးကွယ်မှုရွှေရောင်ခန္ဓာကိုယ် ဘယ်လိုလုပ် ရှိနေတာလဲ။
"တိတ်တိတ်လေး ပြောပြပါလား။ သူတို့ကို မပြောပါဘူး။" တုန်းဖန်လျူလီ တိုးတိုးလေး မေးလိုက်သည်။
မုန့်ချင်ကျိုးက တိတ်ဆိတ်သွားပြီးနောက် ခေါင်းကို ကုတ်လိုက်သည်။
အချိန်အတော်ကြာပြီးနောက်။
သူလည်း တိတ်တဆိတ် ပြန်ဖြေလိုက်သည်။ "ရိုးရိုးသားသား ပြောရရင်တော့ ကိုယ် တကယ်မသိဘူး။ အဲဒါကြောင့် မင်းကို မပြောပြခဲ့တာ။"
တုန်းဖန်လျူလီ ချက်ချင်း ခေါင်းညိတ်ပြီး ပြောလိုက်သည်။ "ကောင်းပြီလေ။ ကျွန်မ ရှင့်ကို ယုံတယ်။ ဒါပေမဲ့ ဒီကိစ္စနဲ့ ပတ်သက်ပြီး သံသယတွေ ရှိနေတုန်းပဲ။ နောက်မှ ဆွေးနွေးကြတာပေါ့။"
သူတို့နှစ်ဦး၏ စကားစမြည်ပြောဆိုမှုကို တိတ်တဆိတ် နားထောင်နေကြသော ကောင်းကင်ကြည့်ဆောင် နန်းဆောင်သခင်အချို့မှာ စကားမပြောနိုင် ဖြစ်သွားကြသည်။ "..."
...
လက်ရှိတွင် သတ္တမမြောက် နန်းဆောင်သခင် တိရုံက အတည်ငြိမ်ဆုံး ဖြစ်သည်။
သူက လူသားဧကရာဇ်တာအိုအကြောင်း မသိဘဲ ၎င်း၏ရှုပ်ထွေးမှုများကို ရှင်းလင်းစွာ မသိသောကြောင့် တတိယမြောက် လူသားဧကရာဇ်တာအိုဆိုသည်မှာ မည်သည်ကို ဆိုလိုကြောင်း နားမလည်ခဲ့ပေ။ ၎င်းသည် ထူးခြားကြောင်း မှုန်ဝါးဝါး သိသော်လည်း သိပ်ဂရုမစိုက်ခဲ့ပေ။
"မင်းတို့နှစ်ယောက်လုံး လူသားဧကရာဇ်တာအိုနဲ့ ကိုးကွယ်မှုရွှေရောင်ခန္ဓာကိုယ်အကြောင်း ဆက်ပြီး မတွေးကြနဲ့တော့။ ဟုန်ယီလည်း အသတ်ခံလိုက်ရပြီ။ ကောင်းကင်ကြည့်ဆောင်ရဲ့ နန်းဆောင်သခင် (၁၀)ထဲမှာ ငါတို့သုံးယောက်ပဲ ကျန်တော့တယ်။ ငါတို့ရဲ့ခွန်အားတွေကို ထပ်ဖုံးကွယ်ထားလို့ ဒါမှမဟုတ် တွန့်ဆုတ်နေလို့ မရတော့ဘူး။ သူတို့ကို ချက်ချင်း ဖြေရှင်းပစ်ရမယ်။" တိရုံ က ပြောလိုက်သည်။
သူ စကားပြောနေစဉ်။
တစ်စုံတစ်ဦး၏လက်ထဲတွင် ဆံပင်မှကိုင်ထားသော ဟုန်ယီ၏ခေါင်းကို တိရုံ ကြည့်လိုက်မိသည်။ သူ၏ ကျောရိုးတစ်လျှောက် စိမ့်တက်သွားလေသည်။ တိုက်ခိုက်ရေးစွမ်းအားအနေဖြင့် ဟုန်ယီသည် သူ့ထက် ပိုမို၍ အစွမ်းထက်သော်လည်း လူတိုင်း၏ရှေ့တွင် ဘယ်သူမှသတိမထားမိဘဲ ခေါင်းဖြတ်ခံလိုက်ရသည်။
ဝမ်ရွှင် အသက်ပြင်းပြင်း ရှူလိုက်ပြီး ရှုပ်ထွေးနေသော အတွေးများကို ဖယ်ရှားလိုက်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။
"စိတ်မပူပါနဲ့။ အစွမ်းကုန် တိုက်ခိုက်ကြ။"
"တိုက်ပွဲမစခင်မှာ ဂိုဏ်းချုပ်ကို ငါ အကြောင်းကြားပြီးပြီ။ သူ အချိန်မရွေး အကူအညီ ပေးလိမ့်မယ်။ ဒီနေ့ အချိန်-နေရာလွတ် ဓားသူတော်စင်ကို သေချာပေါက် သတ်နိုင်အောင် လုပ်ပေးလိမ့်မယ်။"
ထိုစကားကိုကြားရာ တိရုံက စကားပြောရန် တွန့်ဆုတ်သွားသည်။ နန်းဆောင်သခင် အများအပြား သေဆုံးသွားသည်အထိ ဂိုဏ်းချုပ်က အဘယ်ကြောင့် မလှုပ်ရှားရကြောင်းကို သူ တကယ် မေးချင်နေခဲ့သည်။ အများကြီး တွေးတောပြီးနောက် သူ ရုတ်တရက် သဘောပေါက်သွားပြီး သူ၏အမူအရာ မှုန်မှိုင်းသွား၏။
ချီးပဲ။
ဒါဆို ဂိုဏ်းချုပ်ရဲ့ အမြင်မှာ တတိယမြောက် နန်းဆောင်သခင်ကလွဲရင် ကျန်တဲ့သူအားလုံးက စွန့်ပစ်လို့ရတဲ့ နယ်ရုပ်လေးတွေ သက်သက်ပဲပေါ့...
"ချင်ကျိုး၊ စတုတ္ထမြောက် နန်းဆောင်သခင် ခုန်းရွှမ်ကို ကျွန်မ ကိုင်တွယ်မယ်။ သူက ဒီဧကရီကို ရန်စရဲတယ်ဆိုတော့ သေဖို့ ပြင်ဆင်ထားရမယ်။" တုန်းဖန်လျူလီသည် သူ၏ကိုယ်ပိုင်ခွန်အားကို အလွန် ရှင်းလင်းစွာ နားလည်ထားသဖြင့် ပြိုင်ဘက်တစ်ဦးတည်းကိုသာ ရွေးချယ်ပြီး ကျန်နှစ်ဦးကို ငါးပိကောင်ထံသို့ ချန်ထားခဲ့သည်။
"ကောင်းပါပြီ။ သတိထားပါ။"
မุန့်ချင်ကျိုး ခေါင်းညိတ်လိုက်ပြီး တုန်းဖန်လျူလီ၏ပခုံးကို ပေါ့ပေါ့ပါးပါး ပုတ်လိုက်သည်။ တကယ်တမ်းတွင်မူ သူ့အား တောရိုင်းမြေသို့ ချက်ချင်း ပြန်လည်ရွှေ့ပြောင်းပေးနိုင်သည့် "အချိန်-နေရာလွတ် တာအိုမျိုးစေ့"တစ်ခုကို စိုက်ပျိုးလိုက်ခြင်း ဖြစ်သည်။
နောက်ဆုံးတွင် တတိယမြောက် နန်းဆောင်သခင် ဝမ်ရွှင် စစကားပြောသောအခါ သူသည် ဘာကိုမှ မဖုံးကွယ်ခဲ့ဘဲ ဂိုဏ်ချုပ်က အကူအညီပေးမည်ဖြစ်ကြောင်း ပွင့်ပွင့်လင်းလင်း ပြေားခဲ့သည်။
ပထမအချက်အနေဖြင့် စတုတ္ထမြောက် နန်းဆောင်သခင် ခုန်းရွှမ်နှင့် တိရုံတို့၏ နှလုံးသားများကို တည်ငြိမ်စေရန် ဖြစ်သည်။
ဒုတိယအချက်အနေဖြင့် မုန့်ချင်ကျိုးနှင့် တုန်းဖန်လျူလီတို့ကို ဟန့်တားရန်ဖြစ်ပြီး သူတို့၏ဆန္ဒများကို နှောင့်ယှက်ကာ လာမည့်အဆုံးအဖြတ်တိုက်ပွဲတွင် အသာစီးရရန် ကြိုးစားခြင်း ဖြစ်သည်။
တုန်းဖန်လျူလီ ဆွဲဆောင်မှုရှိစွာ ပြုံးလိုက်ပြီး နူးညံ့ပြီး အရိုးမရှိသကဲ့သို့ ဖြစ်နေသော လက်ကလေးသည် သူ၏ခါးကို ညင်သာစွာ ပွတ်သပ်လိုက်ကာ တောရိုင်းမြေ၏ ကံကြမ္မာဖြင့် ဖုံးလွှမ်းပြီး သူ့ကို ချက်ချင်း နောက်သို့ ဆွဲခေါ်သွားနိုင်သည့် [ဧကရာဇ်တာအိုအမိန့်တော်] တစ်ခုကို ချန်ထားခဲ့လေသည်။
သူတို့နှစ်ဦး တစ်ပြိုင်နက်တည်း လှည့်လိုက်ပြီး သက်ဆိုင်ရာရန်သူများကို ရင်ဆိုင်လိုက်ကြသည်။
"ဂရုစိုက်ပါ။"
"သတိထား။"
လင်မယားနှစ်ဦးသည် ရဲဘော်ရဲဘက်များကဲ့သို့ပင် အချင်းချင်း သတိပေးစကား ပြောဆိုလိုက်ကြပြီး ထို့နောက် ဘာမှမပြောတော့ဘဲ အရှိန်အဟုန်ကို စုစည်းကာ ကောင်းကင်ကြည့်ဆောင်၏ နန်းဆောင်သခင်များဆီ လျှောက်လှမ်းသွားကြလေသည်။
ဝမ်ရွှင်သည် လက်ညှိုးနှစ်ချောင်းကို ပူးကာ ရှေးဟောင်းကြေးဝါဓားကို ပွတ်သပ်လိုက်သည်။ သူ၏ လက်ချောင်းများ ဖြတ်သွားသည်နှင့်အမျှ အကွက်လိုက်ဖြစ်နေသော သံချေးများ ကျွတ်ကျသွားပြီး နတ်ဘုရား ဓားတစ်လက်ကို သွေးနေသကဲ့သို့ အောက်တွင် ဖုံးကွယ်နေသော ထက်မြက်သည့်အစွန်းကို ပြသနေသည်။
ရှေးဟောင်းကြေးဝါဓားသည် အသစ်စက်စက် အန္တိမဧကရာဇ်အဆင့်လက်နက် တစ်ခုအဖြစ်သို့ လုံးဝ အသွင်ပြောင်းသွားသောအခါ ဝမ်ရွှင်က အေးစက်စွာ ပြောလိုက်သည်။
"စိတ်မပူပါနဲ့။"
"မင်းတို့ထဲက တစ်ယောက်ကိုပဲ ငါ သတ်မှာပါ။ မင်းတို့နှစ်ယောက်လုံးကို ဖမ်းမိပြီးရင် တတိယမြောက် လူသားဧကရာဇ်လမ်းစဉ်ကို လျှောက်လှမ်းခဲ့သူက ဘယ်သူလဲဆိုတာကို တစ်ယောက်ချင်းစီ ငါ ခွဲခြားမယ်။ အဲဒီလူ သေရမယ်။ ပြီးတော့ ကျန်တဲ့တစ်ယောက်က ကောင်းကင်ကြည့်ဆောင် ဇာတ်ညွှန်းအတိုင်း ဆက်ပြီးကရမယ်။"
"အိုး။"
...
အပိုင်း(၃၅၅) အပျက်အစီးဓားတာအို၊ ကောင်းကင်တိုက်ပွဲ
ကြမ်းတမ်းသောအဝတ်အစားနှင့် လျှော်တေဝတ်ရုံကို ဝတ်ဆင်ထားပြီး စုတ်ပြဲနေသောဖိနပ်များကို စီးကာ ဥက္ကာပျံတစ်ခုကဲ့သို့ ဆွဲငင်သွားသော ဓားတစ်လက်ကို သယ်ဆောင်လာသည်။
ဝမ်ရွှင်သည် ပထမဆုံးတိုက်ခိုက်သူ ဖြစ်ပြီး အလျားလိုက် ဓားခုတ်ချက်တစ်ချက်တည်းဖြင့် သူ့ကို တိုက်ခိုက်လာသော မရေမတွက်နိုင်သည့် အချိန်-နေရာလွတ် ဓားအသိများက ရေတံခွန်တစ်ခုကဲ့သို့ ပြောင်းပြန် ဖြစ်သွားပြီး ၎င်းတို့အားလုံး ကျိုးကြေသွားလေသည်။
[အပျက်အစီးဓားတာအို]
[ဆောင်းဦးရွက်ကြွေဓား၊ မြားတစ်စင်လိုအချိန်]
[ပိုးစာပင်နဲ့ လျှော်ပင်တွေအကြောင်း]
ဓားအရိပ်များက အဆက်မပြတ်စီးဆင်းနေသော ရေစီးကြောင်းတစ်ခု အဖြစ် ဖန်တီးသွားပြီး ဆည်းဆာ အချိန်၏ ရှုခင်းများကဲ့သို့ ပြန့်ကျဲနေလေသည်။ ဤဓားသည် ရှေးခေတ်ကာလ၏ နှုတ်ဆက်သီချင်းဖြင့် ပဲ့တင်ထပ်နေပြီး အလင်းနှင့်အရိပ်များအတွင်းတွင် မျိုးနွယ်စုအားလုံး ဝတ်ပြုနေကြပြီး ကောင်းကင်ဘုံအားလုံး ရိုသေလေးစားနေကြသည့် ကျယ်ပြောလှသော မြင်ကွင်းများ ရှိနေသည်။
မှုန်ဝါးဝါးမြင်နေရသည်မှာ ဘိုးဘေးတုန်းမင်သည် လှံတစ်လက်ကို ကိုင်ဆောင်ကာ ကောင်းကင်ကို ဖောက်ထွင်းနေသည်။ဘိုးဘေးရှစ်ဟိုင်သည် ကျက်သရေရှိပြီး သွက်လက်ကာ သူ၏လက်ချောင်းသွေးများဖြင့် နတ်ဘုရားများကို သတ်ဖြတ်နေသည်။ ဘိုးဘေးစန်းလန်သည် သက်ရှိသတ္တဝါအားလုံးကို ကျောခိုင်းပြီး တင်ပလ္လင်ခွေထိုင်ကာ အန္တိမတာအိုနိယာမများကို စိတ်ကူးယဉ်နေသည်။ လိပ်မြွေများက လမ်းခင်းပေးနေသည်။ မီးငှက်များက မီးများ သယ်ဆောင်နေသည်။ အနီရောင်နဂါးများ ပျံသန်းနေသည်။ ဘိုးဘေးချင်းလွမ်သည် ခန္ဓာကိုယ်ကို အတားအဆီးတစ်ခုအဖြစ် အသုံးပြုကာ နယ်မြေတစ်ခုကို ဝန်းရံပြီးနောက် ကြီးမားလှသော ရန်သူ အမြောက်အမြားကို ထောင်ချောက်ဆင်နေသည်။
ထို့အပြင် ခမ်းနားကြီးကျယ်သော ပုံရိပ်တစ်ခုက ဓားတစ်လက်ကို ကိုင်ဆောင်ပြီး သူ၏ကျောပေါ်တွင် လေးတစ်လက်ကိုလွယ်ထားကာ အထွတ်အထိပ်တွင် တစ်ယောက်တည်းရပ်နေပြီး ပတ်ဝန်းကျင်ကိုကြည့်ကာ မည်သူမျှ သူ၏ခြေလှမ်းကို မမီနိုင်ပေ။
ဤဓားတိုက်ခိုက်မှုက ကောင်ကင်နယ်ပယ်သို့ အကန့်အသတ်မရှိ နီးကပ်နေပြီ ဖြစ်သည်။
ကောင်းကင်နှင့်မြေကြီးကို တကယ်ပင် ခွဲခြားပစ်နိုင်သော ဓားတိုက်ခိုက်မှု တစ်ခုပင်။
"ရှေးခေတ်ကာလရဲ့ အလင်းရောင် အကြွင်းအကျန်တွေနဲ့ ရောနှောနေတဲ့ဓားတာအို။ လော့ရှန်းမြား၊ ကောင်းကင်ခွဲသုံးကွက်၊ စိတ်ကူးယဉ်တာအို၊ သွေးတာအိုနဲ့ အမှောင်တာအိုအပြင် မရေမတွက်နိုင်တဲ့ တာအို နိယာမတွေနဲ့ နတ်ဘုရားစွမ်းအားတွေကို ငါ အာရုံခံမိသလိုပဲ။"
"ခေတ်တစ်ခုလုံးကို တွေးတောဆင်ခြင်ပြီးတော့ ဓားသိုင်းကျမ်း တစ်ခု ဖြစ်လာတာပဲ။"
"ဒါဆိုရင် မင်းရဲ့ ဓားတိုက်ခိုက်မှုရဲ့ ဆည်းဆာနဲ့ ညနေခင်းကိုဖျက်ပစ်ဖို့ အချိန်ကို ငါ သုံးမယ်။"
မုန့်ချင်ကျိုးသည် ဓားဖြင့် တစ်ယောက်တည်း လျှောက်လှမ်းနေပြီ၊ ခြေအောက်မှ အချိန်-နေရာလွတ် မြစ်တစ်စင်း ဆန့်ထွက်လာကာ ဝမ်ရွှင်ထံသို့ တည့်တည့် ဦးတည်သွားလေသည်။ သူ၏ ဓားအသိပိုင်နက်ဖြင့် ဝမ်ရွှင်၏ ဓားတာအိုမှ တာအိုစည်းချက်ကို သူ ရှင်းလင်းစွာ သိမြင်နိုင်သည်။
သူ၏လက်ငါးချောင်းကို ဖြန့်ကားလိုက်ပြီး ဓားအလင်းတန်းကို တိုက်ရိုက် ကြားဖြတ်တားဆီးလိုက်ရာ ကြီးမားသော အဖြူရောင်မြူခိုးများက လက်ဖဝါးထဲမှ စိမ့်ထွက်လာပြီး ဓားအလင်းတန်းကို ကျူးကျော်၍ ဝင်ရောက်သွားလေသည်။
[အချိန်-နေရာလွတ်။ အချိန်နောက်ပြန်လှည့်]
အချိန်က နောက်ပြန်စီးဆင်းသွားပြီး ခေတ်ကာလများ ပြေးလွှားသွားသည်။
ဓားအရိပ်များအတွင်းရှိ ရှေးဟောင်းအလင်းရောင်အကြွင်းအကျန်များ ပြောင်းလဲသွား၏။ စည်ပင်သော ခေတ်ကြီး ပြိုလဲသွားသည်။ မဏ္ဍိုင်လေးခုနှင့် လူသားဧကရာဇ်တို့ အသီးသီး ထွက်ခွာသွားကြသည်။ ဧကရာဇ်နန်းတော်သည် ပြည်တွင်းစစ်အတွင်းသို့ ကျဆင်းသွားသည်။ တိုက်ပွဲအော်ဟစ်သံများ အဆက်မပြတ် ထွက်ပေါ်နေပြီး တဖြည်းဖြည်းနှင့် အမှောင်ထု၏ ပရမ်းပတာအခြေအနေတစ်ခုကို ဖန်တီးလိုက်တော့သည်။ နံနက်ခင်းအလင်းနယ်ပယ်အထက်ရှိ ကျင့်ကြံသူ အားလုံးက ဤပြည်တွင်းစစ်တွင် ပါဝင်ခဲ့ကြသည်။
အချို့က ပုန်ကန်မှုများကို နှိမ်နှင်းခဲ့ကြသည်၊ အချို့က ၎င်းမှ အမြတ်ထုတ်ခဲ့ကြသည်။ ထို့ပြင် အချို့က အလံကြီးများကို လွှင့်ထူခဲ့ကြသည်။
အလင်းနှင့်အရိပ်များ အဆက်မပြတ် တောက်ပနေ၏။ လူသားဧကရာဇ် တိုးတက်စည်ပင်သောခေတ်မှ လူအားလုံးသည် အမှောင်ထု၏ ပရမ်းပတာအခြေအနေတွင် သေဆုံးသွားသောအခါ ဤဓားတိုက်ခိုက်မှု၏ စွမ်းအားက ချက်ချင်း ကျဆင်းသွားတော့သည်။
"ဖြိုခွဲစမ်း။" မုန့်ချင်ကျိုးက စကားတစ်ခွန်းတည်း ပြောလိုက်သည်။
ဂွက်။
ဓားအလင်းတန်းက တစ်လက်မချင်း အက်ကွဲသွားပြီး ထို့နောက် သူ၏လက်များကို ပူးလိုက်ရာ ၎င်းသည် ထိုနေရာမှာပင် ကျယ်လောင်သော အသံနှင့်အတူ ပေါက်ကွဲထွက်သွားသည်။
"'အပျက်အစီးဓားတာအိုရဲ့ ပထမဆုံးအကွက်ကို ဒီလောက် အလွယ်တကူ ချိုးဖျက်နိုင်တာက တကယ်ကို အံ့သြစရာပဲ။" ဝမ်ရွှင်က မှတ်ချက်ပေးလိုက်သည်။
စကားပြောပြီးနောက်။
ဝမ်ရွှင်သည် အသက်ရှူရန် အချိန်မပေးဘဲ ဒုတိယတိုက်ကွက်ကို ပြုလုပ်လိုက်သည်။
[အပျက်အစီးဓားတာအို။ ဒုတိယအကွက်]
[လူသားမျိုးနွယ် တိုးတက်လာမယ်။ သတ်ဖြတ်မှုတွေ ရပ်တန့်မှာ မဟုတ်ဘူး]
[လူတိုင်းမျက်မြင်တွေ့ရမယ့် အဆုံးအဖြတ် တိုက်ပွဲတစ်ပွဲ]
ဒုတိယ ဓားတိုက်ခိုက်မှု ကျဆင်းလာ၏။
ချက်ချင်းပင်။
မုန့်ချင်ကျိုးသည် ရှေးဟောင်း စစ်မြေပြင်တစ်ခုသို့ ဆွဲသွင်းခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။ နားကွဲမတတ် တိုက်ပွဲဟစ်သံများသည် သူ၏နားထဲတွင် ပဲ့တင်ထပ်နေပြီး ကျူးကျော်လာသော ရန်သူများကို ဖျက်ဆီးရန် ကောင်းကင်ဘုံအားလုံးမှ နတ်ဘုရားများနှင့်နတ်ဆိုးများကစွမ်းအားများကို အထိန်းအကွပ်မရှိ ထုတ်လွှတ်နေကြသည်။
"ကောင်းကင်ပြစ်ဒဏ်။"
"လော့ရှန်း။"
"ငါဟာ ဧကရာဇ်အဖြစ် ထီးနန်းတက်ပြီး လူသားမျိုးနွယ်ပိုင်ဆိုင်တဲ့ ခေတ်သစ်တစ်ခုကို ဖွင့်လှစ်မယ်။ ဒီခေတ်မှာ လူသားမျိုးနွယ်ဟာ ကောင်းကင်နဲ့မြေကြီးရဲ့ အဓိကဇာတ်လိုက် ဖြစ်လာရမယ်။"
ဟိန်းဟောက်သံတစ်ခု ပဲ့တင်ထပ်သွား၏။
မုန့်ချင်ကျိုး မှင်သက်သွားပြီး ဒုတိယအကွက်တွင် ပါဝင်သော ဓားအသိ၏ မူလအစကို ချက်ချင်း သဘောပေါက်သွားသည်။ ၎င်းမှာ လူသားဧကရာဇ်က လူသားမျိုးနွယ်ကို ဦးဆောင်ပြီး နတ်ဘုရားများကို အဆုံးအဖြတ်တိုက်ပွဲ ဆင်နွှဲခဲ့သည့်နေ့ပင်။
ဝုန်း။
နေရာတိုင်းတွင် ဒါဇင်ပေါင်းများစွာသော သို့မဟုတ် ရာပေါင်းများစွာသော ကောင်းကင်နယ်ပယ် ကျွမ်းကျင်သူများသည် ပြင်းထန်သောတိုက်ပွဲတွင် ပိတ်မိနေပြီး သွေးများ ပြင်းပြင်းထန်ထန် ယိုစိမ့်နေသည်။ သို့သော်လည်း များစွာသော ပြိုင်ဖက်ကင်း လူသားစွမ်းအားရှင်များသည် ဤတိုက်ပွဲတွင် ပေါင်းပင်များကဲ့သို့ ရိတ်သိမ်းခံလိုက်ရသည်။
နောက်ဆက်တွဲ ဂယက်များသည် ဓားတစ်လက် အလျားလိုက် ခုတ်ပိုင်းသွားသကဲ့သို့ပင် ဖြတ်သန်း တိုက်ခတ်သွားလေသည်။
မုန့်ချင်ကျိုး အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ ပုစဉ်းရင်ကွဲတေးသံဓားသည် သူ၏ရှေ့တွင် အလိုအလျောက် ကာကွယ်လိုက်သည်။ ဝိညာဉ်ပါရှိသော နတ်ဘုရားဓားသည် ၎င်း၏သခင်ကို ကာကွယ်ရန် ရောက်ရှိလာသည်။
"ပုန်းစရာနေရာ မရှိသလို ချိုးဖျက်ဖို့နည်းလမ်းလည်း မရှိတဲ့ပုံပဲ။"
"ငါ တည့်တည့်ပဲ ခံရတော့မယ်။"
[အချိန်-နေရာလွတ်။ သမုဒ္ဒရာစီးကြောင်း]
ထောင်ပေါင်းများစွာသော အချိန်-နေရာလွတ် မြစ်လက်တက်များသည် စုစည်းလာပြီး မိုးရွာသကဲ့သို့ ကျဆင်းလာသော ဓားသန္ဓေသားများ ဖြစ်ပေါ်လာလေသည်။
ဓားမိုးက ထိုစစ်မြေပြင်၏ နောက်ဆက်တွဲ ဂယက်များကို ပျက်ပြယ်သွားစေသည်။
မှန်ပေသည်။
အခြားမြင်ကွင်းအားလုံးသည် ထင်ယောင်ထင်မှားများသာ ဖြစ်ပြီး စစ်မြေပြင်၏ နောက်ဆက်တွဲ ဂယက်များသာ အစစ်အမှန် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းမှာ ဝမ်ရွှင်၏ အပျက်အစီးဓားတအို ဒုတိယ အကွက်၏ ဖုံးကွယ်ထားသော သတ်ဖြတ်ရေးလှည့်ကွက် ဖြစ်သောကြောင့်ပင်။
"မပြီးသေးဘူးလား။"
မုန့်ချင်ကျိုး အနည်းငယ် တွေဝေသွားသည်။ သူ၏နားထဲတွင် စစ်မြေပြင်၏ အဆက်မပြတ် ဆူညံသံများ ဆက်လက်ထွက်ပေါ်နေပြီး ပို၍ပြင်းထန်လာကာ နှစ်ဖက်စလုံးသည် မျက်လုံးများနီရဲလျက် တိုက်ခိုက်နေကြပြီး ဆူညံသံများ ပို၍ပို၍ ကျယ်လောင်လာကာ ကောင်းကင်ဘုံအားလုံးနှင့် မရေမတွက်နိုင်သော ကမ္ဘာများကိုပင် ပြိုကျသွားစေလုနီးပါး ဖြစ်နေသည်။
ရုတ်တရက်။
အထွတ်အထိပ်နတ်ဘုရားအချို့သည် လူသားဧကရာဇ်နှင့် ရင်ဆိုင်တွေ့ပြီး သူတို့၏ အစွမ်းထက်ဆုံး အမြင့်ဆုံးပညာရပ်များဖြင့် အချင်းချင်း ရင်ဆိုင်လိုက်ကြသည်။ တိုက်မိမှုတွင် အထွတ်အထိပ်နတ်ဘုရားအချို့ သွေးထွက်ကာ နောက်ဆုတ်သွားရပြီး လူသားဧကရာဇ်လည်း ဒဏ်ရာများဖြင့် ပြည့်နှက်နေသည်။ ၎င်းသည် ကောင်းကင်နှင့်မြေကြီးကို ဖွင့်လှစ်လိုက်သည့် တိုက်မိမှုတစ်ခုကဲ့သို့ ဖြစ်ပြီး တိုက်ကြီးတစ်ခုလုံးကို အလယ်မှ တိုက်ရိုက် နှစ်ပိုင်း ကွဲသွားစေသည်။။
ဝုန်း။
ကွဲထွက်သွားသော တိုက်ကြီးနှစ်ခုမှ ကြောက်မက်ဖွယ်ကောင်းပြီး ကျယ်ပြောလှသော နောက်ဆက်တွဲ ဂယက်များ လှိုင်းထလာပြီး ကောင်းကင်အထိမြင့်မားသော လှိုင်းလုံးကြီးများကိုပင် ဖြစ်ပေါ်စေလုနီးပါး ဖြစ်နေ၏။
"ဒါဆို ကောင်းကင်ပြည်နယ်နဲ့ တောရိုင်းမြေဟာ လူသားနဲ့ နတ်ဘုရားတွေကြားက နောက်ဆုံးတိုက်ပွဲမှာ တကယ်ပဲ နှစ်ပိုင်းဖြစ်သွားခဲ့တာပေါ့။"
"ကောင်းကင်နယ်ပယ် ကျွမ်းကျင်သူတွေတောင် မနည်းခံရတဲ့ နောက်ဆက်တွဲဂယက်တွေလား။"
မုန့်ချင်ကျိုး၏ ကျောရိုးတစ်လျှောက်တွင် စိမ့်တက်သွားလေသည်။ စစ်မြေပြင်ရှိ မရေမတွက်နိုင်သော သက်ရှိသတ္တဝါများနှင့် နတ်ဘုရားများက နောက်ဆက်တွဲဂယက်များကြောင့် ချေမွခံရပြီး သူတို့၏အရိုးများနှင့် အသားများကွဲသွားသည့် စူးရှသောအသံများကိုပင် ကြားလိုက်ရသည်။ ကောင်းကင်ထောက်တိုင်နယ်ပယ်ကဲ့သို့ အစွမ်းထက်သော စွမ်းအားရှင်တစ်ဦးပင်လျှင် ဤကောင်းကင်ခွဲလှိုင်းလုံးကြီးကို တိုက်ရိုက်ရင်ဆိုင်ရပါက ချက်ချင်း ချေမွခံရပြီး ပေါက်ကွဲသွားမည် ဖြစ်သည်။
"ဝမ်ရွှင်က လူသားဧကရာဇ်ခေတ်ရဲ့ အဆုံးသတ်မှာ မွေးဖွားခဲ့တာ။ ဒီသမိုင်းဝင်အဖြစ်အပျက်တွေကို သူ ဘယ်လိုလုပ် မျက်မြင်တွေ့ခဲ့တာလဲ။ ရှေးဟောင်းမှတ်တမ်းတွေကနေ ဒီတိုက်ပွဲ မြင်ကွင်းကို သဘောပေါက်ပြီး စိတ်ကူးကို အားကိုးပြီးတော့ သူ့ရဲ့ဓားတာအိုထဲမှာ ပုံဖော်ခဲ့တာများလား..."
"တကယ့်ကို ပါရမီရှင်တစ်ယောက်ပဲ။"
[အချိန်-နေရာလွတ်။ တာအိုအလုံးစုံ အစနှင့်အဆုံး]
[ဒြပ်(၅)ပါး စွမ်းအား။ သစ်သား]
[ဒြပ်(၅)ပါး စွမ်းအား။ မြေကြီးထု]
အလွှာ(၃)ခုထပ်ထား၍ မုန့်ချင်ကျိုး၏ကာကွယ်ရေးစွမ်းအားမှာ ကြောက်မက်ဖွယ်ကောင်းလှသော်လည်း သူသည် နောက်ဆက်တွဲဂယက်တစ်ခုကြောင့် နောက်သို့ဆုတ်သွားရသေးပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးရှိ သွေးကြောများမှ သွေးများ စီးကျလာသည်။
ကံကောင်းစွာပင် သူ မသေခဲ့ပေ။
[တာအိုအလုံးစုံ အစနှင့်အဆုံး]သည် သူ့ကို အချိန်အတိုင်းအတာတစ်ခုအထိ မသေနိုင်၊ မပျက်စီးနိုင်သော အခြေအနေတွင် ရှိနေစေပြီး သွေးတစ်စက်မှ ပြန်လည်မွေးဖွားနိုင်ကာ သေခြင်းမှ ပြန်လည် အသက်ရှင်လာနိုင်သည်။
ဝီ။
မဟာ တိုက်ပွဲကြီး ပြန်စလေပြီ။
နှစ်ဖက်စလုံးသည် ပြင်းထန်စွာဒဏ်ရာရပြီး သေလုနီးပါးဖြစ်နေသော်လည်း အံကြိတ်ကာ အချင်းချင်း ပြန်လည်ရင်ဆိုင်သည်။ ဤအခြေအနေတွင် အထွတ်အထိပ် နတ်ဘုရားများက နောက်ဆုံးတွင် တောင့်မခံနိုင်တော့ဘဲ လူသားဧကရာဇ်နှင့် မဏ္ဍိုင်လေးခုတို့၏ အဆက်မပြတ်သတ်ဖြတ်ခြင်းကို ခံလိုက်ရ၏။
အထွတ်အထိပ် နတ်ဘုရားတစ်ပါးစီ၏ ကျဆုံးမှုသည် ကောင်းကင်နှင့်မြေကြီး ကွဲထွက်သွားခြင်းထက် မလျော့သောလှိုင်းများကို ဖြစ်ပေါ်စေလေသည်။
အလွှာ တစ်ခုပြီးတစ်ခု၊ အဆက်မပြတ်ပင်။
"ဖွတ်။"
မုန့်ချင်ကျိုး သွေးအန်လိုက်ပြီး သူ၏လက်ကို အခက်အခဲဖြင့် မြှောက်ကာ ဓားကို အဆက်မပြတ် ဝှေ့ယမ်းနေသည်။
မည်မျှ ကြာသွားသည်ကို မသိလိုက်ပြီးနောက် နောက်ဆက်တွဲ ဂယက်အလွှာများသည် သူ၏ ပထမဆုံး အသက်ကို ကုန်ခမ်းသွားစေပြီး သူသည် ချက်ချင်းပင် ပြာအဖြစ် ပြောင်းလဲသွားကာ ထိုနေရာမှာပင် ပြန်လည် အသက်ရှင်လာသည်။
"နောက်ဆုံးဓားဧကရာဇ်ဆိုတဲ့နာမည်နဲ့ တကယ်ကို ထိုက်တန်ပါတယ်။"
"ငါ ဒီနယ်ပယ်ကို ရောက်နေပြီးတော့ ကောင်းကင်နယ်ပယ်အောက်မှာ ပြိုင်ဖက်ကင်း ဖြစ်နေပေမယ့် ဒုတိယအကွက်ကိုတောင် ငါ မခံနိုင်ဘူး။"
မုန့်ချင်ကျိုးက အသက်ပြင်းပြင်း ရှူလိုက်ပြီး အလွန်ပင် လေးနက်သွားသည်။
သူ၏ လက်ရှိနယ်ပယ်မှာ ကောင်းကင်နယ်ပယ်တစ်ပိုင်းနှင့် ကောင်းကင်ထောက်တိုင် အထွတ်အထိပ် အကြားတွင် ရှိနေပြီး တိုးတက်မှု ၄၄၀% ရှိကာ ကောင်းကင်နယ်ပယ်တစ်ပိုင်းမှာ ၅၀၀% ဖြစ်လေသည်။ ဆံပင်တစ်မျှင်စာ ကွာခြားချက်က မိုင်တစ်ထောင် အလွဲအချော်ကို ဖြစ်စေနိုင်ပြီး ကောင်းကင်နယ်ပယ်နှင့် ကောင်းကင်ထောက်တိုင်နယ်ပယ်သည် အခြားကြီးမားသော ကွာခြားချက်တစ်ခု ဖြစ်လေသည်။
ရှေးခေတ်ကာလများတွင်။
ကောင်းကင်ထောက်တိုင်နယ်ပယ်က စစ်ဗိုလ်ချုပ်တစ်ဦး ဖြစ်နိုင်သော်လည်း ကောင်းကင်နယ်ပယ်သာ လောက၏ အတက်အကျကို လွှမ်းမိုးနိုင်သည်။ ၎င်းက သူတို့ကြားရှိ ကွာဟချက် မည်မျှကြီးမားကြောင်း ပြသနေသည်။
ဝမ်ရွှင်သည် ဓားအတတ်ကို နှစ်တစ်သောင်းကြာ လေ့ကျင့်ခဲ့ပြီး လူသားဧကရာဇ်ခေတ်၏ အမွေအနှစ် အားလုံးကို အကျဉ်းချုပ်ကာ သူ၏ကိုယ်ပိုင်ဓားတာအိုတွင် ပေါင်းစပ်ခဲ့သည်။ ထို့အပြင် သူသည် ကောင်းကင်နယ်ပယ်တစ်ပိုင်း ဖြစ်ပြီး ခြေတစ်ဖက်က လောက၏ လှိုင်းဂယက်များကို လွှမ်းမိုးနိုင်သည့် နယ်ပယ်ထဲသို့ ရောက်ရှိနေပြီဖြစ်သဖြင့် သဘာဝကျကျပင် ထူးကဲလှသည်။
တဖြည်းဖြည်းနှင့်။
မုန့်ချင်ကျိုး၏နားထဲရှိ စစ်မြေပြင်၏ဆူညံသံများ မှေးမှိန်သွားသည်။
ဝမ်ရွှင်သည် မုန့်ချင်ကျိုးကို စူးစိုက်ကြည့်ကာ အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် တိုးတိုးလေး သက်ပြင်းချလိုက်သည်။ "မင်းနဲ့ တရားဝင် မတိုက်ခိုက်ခင်က တစ်ဖက်ကမ်းကနေ မီးကိုကြည့်နေရသလိုပဲ။ ပြင်းထန်မှုကိုပဲ သိပြီးတော့ တကယ့်မီးတောက်ထဲကို ဝင်သွားတဲ့အခါ ကြုံတွေ့ရမယ့်ပူပြင်းမှုကို မသိခဲ့ဘူး။"
"ငါ ဓားပညာကို နှစ်တစ်သောင်းလေ့ကျင့်ခဲ့ပြီးတော့ စုစုပေါင်း သုံးကွက်ပဲရှိတဲ့ အပျက်အစီးဓားတာအိုကို ဖန်တီးခဲ့တယ်။ ဒါပေမဲ့ တိုက်ခိုက်မှုနှစ်ခုကို အနာအဆာကင်းကင်းနဲ့ မင်း ခံနိုင်ရည် ရှိခဲ့တယ်။ အထင်ကြီးစရာပဲ။"
"တစ်နည်းအားဖြင့် ပြောရရင် မင်းက လူသားဧကရာဇ်ထက်တောင် ပိုပြီးတော့ ထူးချွန်တယ်။ ခေတ်တွေက အမြဲတမ်း ပြောင်းလဲနေပြီး အရင်လူတွေကို ကျော်လွန်သွားတဲ့သူတွေ အမြဲတမ်း ရှိနေမှာပဲ။"
"ဒီတတိယတိုက်ကွက်က အပျက်အစီးတာအိုရဲ့ နောက်ဆုံးအခန်းလည်း ဟုတ်တယ်။ ပထမတိုက်ကွက် နှစ်ခုကို ငါက နှစ်တစ်ထောင်အတွင်းမှာပဲ နားလည်သဘောပေါက်ခဲ့ပေမယ့် တတိယ တိုက်ကွက်ကိုတော့ နှစ်(၈)ထောင်အပြည့် အချိန်ယူခဲ့ရတယ်။ အဲဒီအချိန်မှ အဲဒါရဲ့ မူလပုံစံလေးကို ငါ မနည်း ပုံဖော်နိုင်ခဲ့တာ။ မင်း ဒါကို အထင်မသေးသင့်ဘူး။"
သူ စကားပြောနေစဉ်။
ဝမ်ရွှင်သည် ဓားကိုဆွဲထုတ်ကာ သူ၏ပါးပြင်တွင် ကပ်ထားပြီး သိမ်းငှက်မျက်လုံးများကဲ့သို့ သူ၏ မျက်လုံးများက အနက်ရောင်ဝတ်လူငယ်ကို စူးစိုက်ကြည့်နေသည်။ ဓားကိုယ်ထည် တုန်ခါသွား၏။
[အပျက်အစီးဓားတာအို]
[နောက်ဆုံးအခန်း]
[မျှော်လင့်ချက်မရှိတဲ့ ဓမ္မရဲ့အဆုံးသတ်၊ ကောင်းကင်တာအို နိုးထလာတယ်]
[ကောင်းကင်ကိုတိုက်ခိုက်တဲ့ လမ်းကြောင်း လျှောက်သွားရင်း သီချင်းဆိုတယ်၊ ကောင်းကင်နဲ့မြေကြီးကို ပြောင်းလဲတယ်]
ဝှစ်။
ဓား ခုတ်ချလိုက်လေပြီ။
ကောင်းကင်နှင့် မြေကြီးသည် ကျယ်ပြောလှပြီး အပိုင်းနှစ်ပိုင်း ကွဲသွားသည်။ တစ်ဝက်က နံနက်ခင်း နေရောင်ခြည်နှင့် ဆည်းဆာ၊ အခြားတစ်ဝက်က အမှောင်တွင်းနက်ကြီး
လက်ချောင်းများကိုပင်မမြင်နိုင်သည့် အမှောင်ထုထဲတွင် လေပြင်းများတိုက်ခတ်ပြီး လှုပ်ရမ်းနေသော အလံများကို လှုပ်ခတ်နေစေသည်။ အမှောင်ထဲတွင် မှုန်ဝါးဝါး မြင်နေရသည်မှာ စိုက်ထူထားသော အလံများ ဖြစ်ပြီး လူသားမျိုးနွယ်စုများ၏ အမည်များကို ရေးထိုးထားသည်။ ခမ်းနားကြီးကျယ်ပြီး ကျယ်ပြောလှသော ဖိအားများကို ထုတ်လွှတ်နေသည့် မရေမတွက်နိုင်သော ပုံရိပ်များက ထိုလူများ၏ရှေ့တွင် ရပ်နေကြသည်။ ခမ်းနားထည်ဝါသော ပုံရိပ်တစ်ခုက သူတို့ကြား ရပ်နေပြီး ဓားကို ကောင်းကင်သို့ညွှန်ပြကာ ကြေညာလိုက်သည်။
"ကောင်းကင်တာအိုဟာ ကရုဏာကင်းမဲ့ပြီးတော့ သက်ရှိသတ္တဝါတွေ အားလုံးကို နယ်ရုပ်တွေလို သဘောထားတယ်။"
"လူသားမျိုးနွယ် တကယ်ပဲ တိုးတက်လာဖို့အတွက် ကောင်းကင်တာအိုကို ငါတို့ ဖျက်သိမ်းရမယ်။"
"သက်ရှိသတ္တဝါတွေဟာ သူတို့ရဲ့ကိုယ်ပိုင်ကံကြမ္မာကို သူတို့ ထိန်းချုပ်ဖို့ လိုအပ်တယ်။ တစ်ယောက်က သရုပ်ဆောင်ပြီး နောက်တစ်ယောက်က စင်မြင့်ကိုယူတဲ့ ဇာတ်ညွှန်းတွေကို ခွဲဝေပေးခံရဖို့ မဟုတ်ဘူး။ ဒါက မတရားဘူး။ မတရားဘူးဆိုမှတော့ ငါတို့တွေ သွားတိုက်ကြမယ်။"
"အားလုံးပဲ... ကောင်းကင်ကိုတိုက်ခိုက်ဖို့ ငါ့နောက်ကို လိုက်ပါဖို့ ဆန္ဒရှိကြလား။"
"ဆန္ဒရှိပါတယ်။"
"တိုက်ကြ။"
၎င်းက မေ့ပျောက်ခံထားရသော သမိုင်းတစ်ခုပင်။
ဘယ်နှစ်လဲမသိ၊ ဘယ်အချိန်လဲမသိ၊ ဘယ်နေရာလဲမသိဘဲ လူတစ်စုသည် ကောင်းကင်တာအိုကို တိုက်ခိုက်ရန်ကြိုးစားပြီး ကောင်းကင်ကိုတိုက်ခိုက်သော လမ်းကြောင်းပေါ် ခြေချခဲ့သည်ကိုသာ သိကြသည်။
နံနက်ခင်းနေရောင်ခြည်နှင့် ဆည်းဆာက ကောင်းကင်တာအိုဩ အဆုံးသတ်ကို ကိုယ်စားပြုသည်။ လူတစ်စုက အမှောင်ထဲမှ ထွက်ပေါ်လာပြီးခိုင်မာသော ခြေလှမ်းများနှင့် ကောင်းကင်ဘုံ နယ်နိမိတ်များဆီကို သတ်ဖြတ်သွားသည်။
စစ်ဗုံများ တီးသည်။ ခရာများ မှုတ်သည်။
လူသားတို့၏ ဝမ်းနည်းဖွယ်သီချင်း စတင်ခဲ့သည်။ အချိန်မည်မျှ ကြာသွားသည်ကို မသိပေ။ တစ်နှစ်လည်း ဖြစ်နိုင်သည်။ နှစ်ရာချီလည်း ဖြစ်နိုင်သည်။ ကောင်းကင်ဘုံများ သွေးထွက်လာပြီး ကောင်းကင် တစ်ခုလုံး သွေးကဲ့သို့ နီရဲသွားသည်။
ကောင်းကင်တာအိုက ညည်းတွားနေသကဲ့သို့၊ မရေမတွက်နိုင်သော လူသားစွမ်းအားရှင်များ နာကျင်စွာ အော်ဟစ်နေသကဲ့သို့ ဖြစ်နေပြီး ပြိုင်ဖက်ကင်းလှိုင်းတစ်ခုက ကောင်းကင်နှင့် မြေကြီးကြားတွင် ပေါက်ကွဲ၍ ထွက်လာသည်။
မုန့်ချင်ကျိုးသည် ကျယ်ပြောလှသော အမှောင်ထုထဲတွင် ထိုအဖွဲ့၏ တိုက်ခိုက်မှုစတင်ရာနေရာ၌ ရပ်နေသည်။ ရုတ်တရက် ကောင်းကင်မှ တစ်ခုခု ပြုတ်ကျလာပြီး မြေကြီးကို ဖုန်းခနဲဝင်တိုက်ကာ အသားနှင့် အရိုးများ လွင့်စင်သွားပြီး ကျိုးနေသောဓားတစ်လက် မြေကြီးထဲတွင် စိုက်ဝင်သွားသည်။
"ဒါက..."
"ကောင်းကင်ကိုတိုက်ခိုက်တဲ့ တန်ခိုးရှင်တွေထဲက တစ်ယောက်လား။ သူ သေသွားပြီ..."
မုန့်ချင်ကျိုး မှင်သက်စွာ ရပ်နေသည်။ နောက်အခိုက်အတန့်တွင် မိုးရွာနေသကဲ့သို့ ဖြစ်သွားပြီး မရေမတွက်နိုင်သောအလောင်းများ အဆက်မပြတ်ကျဆင်းလာကာ ပြတ်တောက်နေသော ခြေလက်အင်္ဂါများနှင့် ကျိုးနေသော လက်မောင်းများက သူ၏ပတ်ဝန်းကျင်ရှိ ဗလာကျင်းနေသောနေရာကို ပြည့်နှက်သွားလေသည်။
တစ်ခဏချင်းမှာပင်။
သူက ကြောက်မက်ဖွယ် သားသတ်ရုံတစ်ခုတွင် ရောက်နေသကဲ့သို့ ခံစားလိုက်ရသည်။
"သူတို့ ရှုံးနိမ့်သွားတာလား။"
"ကောင်းကင်တာအိုကို တိုက်ခိုက်တာ..."
"ဘာလို့ ဒီသမိုင်းကို ဘယ်တော့မှ မပြောခဲ့တာလဲ။ အပိုင်းအစလေး တစ်ခုတောင် မရှိဘူးလား။ တမင်တကာ ဖျက်ပစ်ခံလိုက်ရတာလား။"
"ရှေးခေတ်ကာလက တကယ်တမ်း ဘာတွေ ဖြစ်ခဲ့တာလဲ။ ဘာလို့ လူသားဧကရာဇ်က ကောင်းကင်ကို တိုက်ခိုက်မယ်ဆိုတဲ့အလံကို လွှင့်ထူခဲ့တာလဲ။ သူ ပျောက်ဆုံးသွားတာက ကောင်းကင်တာအိုနဲ့ ဆိုင်နေမလား။"
မုန့်ချင်ကျိုးက အချိန်အတော်ကြာ မှင်သက်နေပြီး အနည်းငယ်တွေဝေကာ ကူကယ်ရာမဲ့သလို ဖြစ်သွားရသည်။
သူ ရုတ်တရက် ၎င်းကို ခံစားလိုက်ရ၏။
ယခင်က သူ စွဲမြဲနေခဲ့သော အထင်အမြင်များအားလုံးက မှောက်လှန်ခံလိုက်ရလေပြီ။ မူလက တဖြည်းဖြည်း ရှင်းလင်းလာသော သူ၏လောကအမြင်မှာ နောက်တစ်ကြိမ် ပြန်လည်မှုန်ဝါးသွားခဲ့သည်။
အရာအားလုံးက လျှို့ဝှက်ချက်များနှင့် ပြည့်နှက်နေ၏။ အမှန်တရားဟာ အဆုံးအစမရှိ ဝေးကွာနေသလို ထင်ရသော်လည်း လက်လှမ်းမီသောနေရာတွင် ရှိနေပြီး စက္ကူပါးလေးတစ်ရွက် ဖောက်လိုက်ရုံနှင့် တွေ့ရတော့မလိုပင်။
ထိုအချိန်တွင်။
ဓားအလင်းတန်းတစ်ခု ကောင်းကင်ကို ဖောက်ထွင်းသွား၏။ ဝိညာဉ်နယ်ပယ်တွင် ကောင်းကင်တာအိုက တိတ်ဆိတ်သွားပြီး လုံးဝပျောက်ကွယ်သွားပုံရသည်။
သို့သော်လည်း။
မရေမတွက်နိုင်သော ဓားအပိုင်းအစများလည်း ဥက္ကာပျံများအဖြစ် ပြောင်းလဲသွားပြီး နေရာအနှံ့သို့ ပြန့်ကျဲသွားသည်။
အဲဒါတွေက... "ကောင်းကင်ပြစ်ဒဏ်"ရဲ့ အပိုင်းအစတွေပဲ။
"ဒါဆိုရင် ကောင်းကင်ကို တိုက်ခိုက်တဲ့စစ်ပွဲဟာ အောင်ပွဲလား။ ရှုံးနိမ့်မှုလား။"
"အဲဒီတုန်းက တကယ်တမ်း ဘာတွေဖြစ်ခဲ့တာလဲ..."
မုန့်ချင်ကျိုး၏ ခန္ဓာကိုယ်တစ်ခုလုံး ကြက်သီးမွေးညင်းများ အဆက်မပြတ် ထနေ၏။ လူသားဧကရာဇ်ကို ကောင်းကင်တာအိုဆီသို့ သားသတ်ဓားမြှောက်ကာ ဤမျှကြီးမားသော အန္တရာယ်ကိုယူရန် ဖိအားပေးခဲ့သည့် အကြောင်းရင်းမှာ အဘယ်နည်း။
ထို့ပြင် ဤတိုက်ပွဲတွင် လူသားမျိုးနွယ်က ရှင်းရှင်းလင်းလင်း အနိုင်ရခဲ့သည်။ ကောင်းကင်တာအိုက အိပ်မောကျသွား၏။ သို့သော်လည်း ကောင်းကင်တာအို အိပ်မောကျသွားပြီးနောက် လူသားဧကရာဇ်၏ ကောင်းကင်ပြစ်ဒဏ်ဓား ကျိုးကြေသွား၏။ သူ့ဓားကို မည်သူ ချိုးလိုက်သနည်း။
သူ သေချာ မစဉ်းစားနိုင်ခင်မှာပင်။
ကောင်းကင်ကိုတိုက်ခိုက်သောစစ်ပွဲ၏ နှောင့်နှေးနေသော နောက်ဆက်တွဲဂယက်များသည် ကောင်းကင် ပြိုကျလာသကဲ့သို့ လှိုင်းလုံးကြီးများအဖြစ် ကျဆင်းလာပြီး မုန့်ချင်ကျိုးအပေါ် ပြင်းပြင်းထန်ထန် ရိုက်ချလိုက်၏။
ဖွတ်။
မုန့်ချင်ကျိုး၏ ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ် ကျိုးကြေသွားပြီး ချက်ချင်း သေဆုံးသွားကာ သွေးတစ်စက်မှ ချက်ချင်း ပြန်လည်အသက်ရှင်လာသည်။ ထို့နောက်တွင် သူက ထပ်ခါတလဲလဲ သေဆုံးပြီး ပြန်လည် အသက်ရှင်လာခဲ့သည်။
[တာအိုအလုံးစုံ အစနှင့်အဆုံး]၏ ကြာချိန် ကုန်ဆုံးသွားသည်အထိပင်။ ဤနောက်ဆက်တွဲဂယက်သည် မပျက်ပြယ်သေးဘဲ ဆက်လက်ရှေ့တိုးလာလေသည်။
"ဟူး။"
"ငါ့ကို အဖြေပေးမယ့်သူတစ်ယောက် လိုအပ်တယ်။ အဲဒါကြောင့်..."
"ဒီအရူးပြဇာတ်ကို အဆုံးသတ်သင့်ပြီ။"
မုန့်ချင်ကျိုးက လေပူမှုတ်ထုတ်လိုက်ပြီး ဓားအိမ်ထဲမှ ဓားဆွဲထုတ်လိုက်သည်။ ပုစဉ်းရင်ကွဲတေးသံဓားက အဆုံးမရှိသော တောက်ပမှုဖြင့် ပွင့်လန်းလာသည်။
[နောက်ဆုံးနာရီ]
ဂျက်၊ ဂျက်၊ ဂျက်၊ ဂျက်…
ပေတစ်သောင်း ကျယ်ဝန်းပြီး ရှည်လျားသော စက်ဝိုင်းပုံနာရီကြီးသည် အလွန်ပင် ကြီးမားလေသည်။ အတွင်းတွင် အမျိုးမျိုးသောပန်းပုများ ထွင်းထုထားပြီး သမိုင်းတစ်လျှောက် ပေါ်ပေါက်ခဲ့သော သက်ရှိမျိုးစိတ် အားလုံးသည် ၎င်းပေါ်တွင် အမှတ်အသားများကို ချန်ထားခဲ့ကြလေသည်။ နာရီက တဂျက်ဂျက် မြည်ကာ လည်ပတ်နေသည်။
လျှို့ဝှက်ဆန်းကြယ်ပြီး ရှေးကျကာ ဝေးကွာသောအရှိန်အဝါများဖြင့် ပြည့်နှက်နေ၏။
အချိန်-နေရာလွတ်မြစ်၏ ခရီးသွားတစ်ဦးကဲ့သို့ပင်။
[အရုဏ်တက်ချိန်]
နာရီသည် တဂျက်ဂျက်မြည်ကာ အရုဏ်တက်ချိန်တွင် ရပ်တန့်သွားသည်။ အမှောင်ထုထဲတွင် နံနက်ခင်း အလင်းရောင်တစ်တန်း ဖောက်ထွင်းဝင်ရောက်လာပြီး အရုဏ်ဦး၏ ပထမဆုံးအလင်းရောင်သည် အမှောင်ထုကို အရည်ပျော်သွားစေကာ အလင်းရောင်ကို ယူဆောင်လာသည်။
အရုဏ်တက်ချိန်သည် နေ့သစ်တစ်နေ့၏ ရောက်ရှိလာခြင်းကို ကိုယ်စားပြုပြီး ဝိညာဉ်စွမ်းအင်များ အစုစည်းဆုံးအချိန် ဖြစ်သည်။ ရှေးဟောင်း ကျင်းခေတ်တွင် ယခင်ဘဝမှ ကျင့်ကြံသူများသည် သူတို့၏ ကျင့်ကြံမှုကို တိုးမြှင့်ရန် နံနက်ခင်းအလင်းရောင်၏ ပထမဆုံးရောင်ခြည်ကို စုပ်ယူသည့် အလေ့အထ ရှိခဲ့ကြပြီး ၎င်းကို "မြူခိုးများကိုစားသုံးခြင်း"ဟု ခေါ်ဆိုခဲ့ကြသည်။
ထို့ပြင် "နောက်ဆုံးနာရီ"ပေါ်မှ ၎င်း၏သရုပ်ဖော်မှုမှာ ကိုယ်ပိုင်အနာဂတ်နဲ့ ကိုယ်ပိုင်အတိတ်တို့ ပေါင်းစပ်သွားခြင်း ဖြစ်ပြီး လက်ရှိလောကတွင် ပြိုင်ဖက်ကင်းပြီး ရှုံးနိမ့်မှုမရှိသော အခြေအနေတစ်ခုကို ရရှိစေခြင်း ဖြစ်သည်။ အပြစ်အနာအဆာကင်းသော အလင်းရောင်က လက်ခံသူအတွက် လေဟာနယ်ထဲမှ နယ်ပယ်တစ်ခုကို ဖန်တီးပေးပြီး မူလအခြေခံအပေါ်မှာ နယ်ပယ်ကို ယာယီမြှင့်တင်ပေးမည် ဖြစ်ပေသည်။
ခြေတစ်လှမ်း လှမ်းလိုက်၏။
ကောင်းကင်နယ်ပယ်တစ်ပိုင်း။
တစ်ခဏချင်းမှာပင် မုန့်ချင်ကျိုးသည် ကောင်းကင်နယ်ပယ်တစ်ပိုင်းသို့ ရောက်ရှိသွားလေသည်။ ၎င်းသည် ယာယီနေထိုင်မှုသက်သက်သာ ဖြစ်သော်လည်း သူ့အတွက်မူ လုံလောက်၏။
ဝမ်ရွှင်၏မျက်နှာက အံ့အားသင့်မှုကြောင့်ဖြူရော်သွားပြီး မယုံကြည်နိုင်စွာ ပြောလိုက်သည်။
"မင်းရဲ့နာရီက အခြေအနေကို ပြန်လည်ကောင်းမွန်စေတာ မဟုတ်ဘူးလား။ ဒီအတိုင်းကြီး မင်းရဲ့ နယ်ပယ်ကို ဘယ်လိုလုပ် မြှင့်တင်ပေးနိုင်တာလဲ။"
အချိန်-နေရာလွတ် ဓားသူတော်စင်တွင် စက်ဝိုင်းပုံ နာရီလေးနှင့်တူသော ဝှက်ဖဲတစ်ခု ရှိကြောင်းကို သူ သိထားသည်မှာ ကြာလေပြီ။ ၎င်းက သူ့ကို အထွတ်အထိပ်အခြေအနေကို ပြန်လည်ရောက်ရှိစေနိုင်ပြီး သူ့ကိုယ်ပိုင်နယ်ပယ်ဒ အစွမ်းအထက်ဆုံး အခိုက်အတန့်ကို ရောက်ရှိစေနိုင်သည်။
ထိုအတွက် ဝမ်ရွှင်သည် ဒုတိယအစီအစဉ်တစ်ခုကို ကြိုတင်ပြင်ဆင်ထားခဲ့သည်။
"အပျက်အစီးဓားတာအို တတိယအကွက်"ကို အချိန်မရွေး ထပ်မံထုတ်လွှတ်ပြီး သူ့ကို သေအောင် ကြိတ်ခြေရန်ပင်။။
ယခုတစ်ကြိမ် စက်ဝိုင်းပုံနာရီက ယူဆောင်လာသော အကျိုးသက်ရောက်မှုက လုံးဝကွာခြားလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။
၎င်းက အချိန်-နေရာလွတ် ဓားသူတော်စင်ကို နယ်ပယ်တစ်ခုမြှင့်တင်ရန် ကူညီပေးလိုက်ခြင်းပင်။
ကောင်းကင်ကို ဖီဆန်နေခြင်း ဖြစ်သည်။
"အန္တိမ အချိန်-နေရာလွတ်ရဲ့ အမြင့်ဆုံး သရုပ်ဖော်မှုက ဒီစက်ဝိုင်းပုံနာရီလား။ ငါ နားလည်ပြီ။ နာရီမှာ အမှတ်(၁၂)ခု ရှိပြီးတော့ အန္တိမ အချိန်-နေရာလွတ် တာအိုနတ်ဘုရားစွမ်းအား (၁၂)ကို ကိုယ်စားပြုတယ်..."
"အခြေအနေကို ပြန်လည်ကောင်းမွန်စေတာက နာရီ(၁၂)လုံးထဲက တစ်ခုပဲ..."
ဝမ်ရွှင်က နောက်ကျမှ သဘောပေါက်သွားပြီး အမူအရာ အကြီးအကျယ် ပြောင်းလဲသွားသည်။
သူ၏တွက်ချက်မှုများအားလုံး ရှိနေသော်လည်း သူ၏ပြိုင်ဘက်ကို အထင်သေးမိဆဲ ဖြစ်သည်။ မူလက သေချာနေသောအောင်ပွဲသည် တတိယမြောက် လူသားဧကရာဇ်တာအို ရုတ်တရက် ပေါ်ထွက်လာခြင်းကြောင့် ပထမဆုံး ချိုးဖျက်ခံလိုက်ရပြီးနောက် မျှော်လင့်မထားလောက်အောင် အစွမ်းထက်သော "အန္တိမ အချိန်-နေရာလွတ်"ကြောင့် ထပ်မံ ချိုးဖျက်ခံလိုက်ရသည်။
တွက်ချက်မှုနှစ်ခု မှားယွင်းခြင်းက တိုက်ပွဲတွင် တစ်ဖက်သတ် ရှုံးနိမ့်မှုသို့ ဦးတည်သွားစေခဲ့သည်။
ထိုသို့မဟုတ်လျှင် ဤတိုက်ပွဲက သေချာပေါက် နိုင်ရမည့် တိုက်ပွဲပင်။
"ဒီလိုရှုံးနိမ့်မှုကို ငါ လက်မခံဘူး။"
"အချိန်-နေရာလွတ် ဓားသူတော်စင်။ မင်းကို ငါ မရှုံးဘူး။" ဝမ်ရွှင်က အော်ဟစ်လိုက်သည်။
အရုဏ်ဦးအလင်းရောင်၏ အပြစ်အနာအဆာကင်းမှုအတွင်း ဓားအလင်းတန်းတစ်ခုက တတိယမြောက် ဓားအလင်းတန်းကို ဖောက်ထွင်းသွားသည်။
ဝီ။
ပုစဉ်းရင်ကွဲတေးသံဓားသည် ဝမ်ရွှင်၏မျက်ခုံးကြားတွင် ရပ်တန့်သွား၏။
"တတိယမြောက် နန်းဆောင်သခင်။ အားလုံး ပြီးသွားပြီ။" မုန့်ချင်ကျိုး အေးစက်စွာ ပြောလိုက်သည်။ "အခု ကျုပ် မေးတာကိုဖြေဖို့ အလှည့်ရောက်ပြီ။”
...
အပိုင်း(၃၅၆) ကောင်းကင်မဟာမိတ်အဖွဲ့၏နိဂုံး၊ နန်းဆောင်သခင် သေဆုံးခြင်း
ဝမ်ရွှင်၏ မျက်နှာ ဖြူရော်နေသည်။ ပိုးချည်မျှင်ကဲ့သို့သော အချိန်-နေရာလွတ် ဓားအသိများသည် သူ၏ ခန္ဓာကိုယ် ချွေးပေါက်များမှတစ်ဆင့် ဝင်ရောက်လာကာ သူ့ကို တစ်လက်မချင်း ချုပ်ကိုင်ထားလေသည်။ သူ၏ အတွင်းစကြဝဠာကိုပင် ကျူးကျော်ဝင်ရောက်ပြီး အချိန်-နေရာလွတ်မြစ်တစ်စင်း ဆက်သွယ်ရောက်ရှိလာကာ အတွင်းစကြဝဠာ၏အလယ်ဗဟိုကို ဖြတ်သန်းသွားသဖြင့် စွမ်းအား အနည်းငယ်ကိုမျှ အသုံးမပြုနိုင်တော့ပေ။
"ငါ ရှုံးသွားပြီ။ နှစ်တစ်သောင်းလောက် ဓားပညာကို ကြိုးကြိုးစားစား လေ့ကျင့်ခဲ့ပေမယ့် နောက်ဆုံးမှာ ကံကြမ္မာကို ရှုံးနိမ့်သွားခဲ့ပြီ။"
"ခေတ်ရေစီးကြောင်းကို ဆန့်ကျင်လို့ မရဘူး။ ဒီနေ့မှပဲ ဒီအမှန်တရားကို ငါ နားလည်တော့တယ်။"
"ဒါပေမဲ့ ငါ့ဆီကနေ သတင်း တစ်စက်လေးတောင် ရမယ်လို့ မမျှော်လင့်နဲ့။ ပြီးတော့လည်း မင်း ငါ့ကို သတ်လို့ မရပါဘူး။ ဂိုဏ်းချုပ်က လှုပ်ရှားလိမ့်မယ်။"
ဝမ်ရွှင် သက်ပြင်းချလိုက်သည်။ သူ ရှုံးနိမ့်သွားသော်လည်း ကြောက်ရွံ့ခြင်း လုံးဝ မရှိသေးပေ။
ကောင်းကင်ကြည့်ဆောင် ဂိုဏ်းချုပ်ကိုယ်တိုင် ကတိပေးထားသည်မှာ အရေးကြီးသော အချိန်တွင် ကောင်းကင်တာအို၏ ပစ်မှတ်ထားခံရမည့်အန္တရာယ်ကို စွန့်စားပြီး အချိန်-နေရာလွတ် ဓားသူတော်စင်ကို ကိုယ်တိုင် သတ်ဖြတ်ပေးမည်ဟူ၍ ဖြစ်သည်။ ၎င်းကပင် သူ၏ ယုံကြည်မှု အရင်းအမြစ်ပင်။
ထိုစကားကို ကြားသောအခါ... မုန့်ချင်ကျိုး မျက်မှောင် အနည်းငယ် ကြုတ်လိုက်သည်။
ကောင်းကင်ကြည့်ဆောာင် ဂိုဏ်းချုပ်...
သူက တကယ်ကို အတော်လေး အန္တရာယ်များတဲ့ကောင်ပဲ။ ခန့်မှန်းခြေအရတော့ အနည်းဆုံး ကောင်းကင်နယ်ပယ်ထက် မနိမ့်နိုင်ဘူး။
တကယ်လို့ သူသာ တကယ်လှုပ်ရှားဖို့ဆန္ဒရှိရင် တောရိုင်းမြေရဲ့ ရှုံးနိမ့်မှုက သေချာသွားပြီ။
"ခင်ဗျား ပြောသလိုဆိုရင် ကျုပ်က ဘာပဲဖြစ်ဖြစ် သေချာပေါက် သေရမှာပေါ့။" မုန့်ချင်ကျိုးက ပြန်မေးလိုက်သည်။
ဝမ်ရွှင်က ခေါင်းညိတ်လိုက်ပြီး တည်ငြိမ်စွာ ပြုံးလျက် ပြောသည်။
"သေချာတာပေါ့။ ရေစီးကြောင်းက ဘယ်လောက်ပဲ ကြမ်းတမ်းနေပါစေ၊ မင်းရဲ့ကံကြမ္မာက ဘယ်လောက်ပဲ အားကောင်းနေပါစေ။ အကြွင်းမဲ့စွမ်းအား အရှေ့မှာတော့ အားလုံးက ရေမြှုပ်တွေနဲ့ ထင်ယောင်ထင်မှားတွေလိုပဲ။ ထိလိုက်တာနဲ့ ပေါက်ကွဲသွားမှာ။"
"ဘယ်သူမှ ပြောင်းလဲလို့ မရဘူး။ အချိန်-နေရာလွတ် တာအိုနိယာမတွေကိုသုံးပြီး တောရိုင်းမြေ ကို မင်း ပြန်သွားနိုင်တယ်ဆိုတာ ငါ သိတယ်။ ဧကရီမှာလည်း ကံကြမ္မာရဲ့ကာကွယ်မှု ရှိတယ်။ သူ ဆန္ဒရှိရင် ကံကြမ္မာကို အသုံးပြုပြီး ထွက်သွားနိုင်တယ်။ ဒါပေမဲ့ ကောင်းကင်ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပာယ်ကို မင်း သိပ်ပြီးရှင်းလင်းပုံ မရဘူး။"
"ကောင်းကင်ရဲ့ နောက်ထပ် အဓိပ္ပာယ်တစ်ခုက...."
"ကောင်းကင်ဘုံသို့သွားရာလမ်းပဲ။"
"ကောင်းကင်ထောက်တိုင်က နယ်မြေနှစ်ခုရဲ့ အထွတ်အထိပ်၊ လက်ရှိ ကျင့်ကြံရေးလောကရဲ့ ထိပ်ဆုံးကို ကိုယ်စားပြုတယ်။ ဒါပေမဲ့ ကောင်းကင်ကတော့ တောင်တန်းတွေရဲ့ အပြင်ဘက်က လူတွေပဲ။ ဒီအဆင့်ကို ရောက်သွားရင် နယ်ရုပ်ဘဝကနေ ကစားပွဲကို ကြိုးကိုင်သူအဖြစ် လုံးဝကို ပြောင်းလဲသွားပြီ။ မင်းတို့ရဲ့ ဒီလှည့်ကွက်လေးတွေက ဂိုဏ်းချုပ်ရဲ့ ပစ်မှတ်ထားမှုကနေ ဘယ်လိုမှ ရှောင်လွှဲလို့ မရဘူး။ တောရိုင်းမြေထဲကို ပုန်းနေရင်တောင် အလကားပဲ။"
ဝမ်ရွှင်သည် မုန့်ချင်ကျိုး၏ ထိတ်လန့်ပြီး ကူကယ်ရာမဲ့သောအမူအရာကို မြင်လိုသဖြင့် ပြုံးရွှင်၍ နေလေသည်။
သို့သော်လည်း။
မုန့်ခင်ကျိုးသည် အမြဲတမ်း တည်ငြိမ်နေပြီး တစ်ခုခုကို အားကိုးနေပုံရလေသည်။
ဝမ်ရွှင် အနည်းငယ် စိတ်ပျက်သွားပြီး ရယ်ကာ ပြောလိုက်သည်။ "သတ္တိတော့ ရှိသားပဲ။ မင်းအပေါ်မှာ ရှိနေတဲ့ ကံကြမ္မာနဲ့ ထိုက်တန်ပါတယ်။"
မုန့်ချင်ကျိုးသည် လက်များကို ဖြန့်ကားကာ ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။ "ဘယ်လိုပဲဖြစ်ဖြစ် ကျုပ် သေရမယ် ဆိုမှတော့ လေးစားရတဲ့ စီနီယာအဘိုးကြီးတစ်ယောက် အနေနဲ့ ကျုပ်ကို ရှင်းရှင်းလင်းလင်း သိပြီးမှ သေခွင့်ပေးတာ မကောင်းဘူးလား။ သေသွားတဲ့အခါ တွေဝေမနေရအောင်လို့ အကြောင်းအရာတချို့ကို ကျုပ် သိချင်တယ်။"
"ဘယ်လိုထင်လဲ။"
ထိုစကားကို ကြားသောအခါ...
ဝမ်ရွှင်က အနည်းငယ် စဉ်းစားလိုက်ပြီး အစမှအဆုံးထိ ဘေးတွင်ပုန်းအောင်းကာ တုန်ရီနေသော တိရုံကို ဘေးတိုက် တစ်ချက်ကြည့်လိုက်ပြီးနောက် သူ့ကိုယ်သူ ငုံ့ကြည့်ကာ ပြောလိုက်သည်။
"ရပါတယ်။ ဒါပေမဲ့ ငါ့ရဲ့ အတွင်းစကြဝဠာထဲမှာ စိုက်ပျိုးထားတဲ့ အချိန်-နေရာလွတ်မြစ်ကို မင်း အရင် ရုပ်သိမ်းပေးရမယ်။"
ထိုကောင်လေး၏ ကောက်ကျစ်စဉ်းလဲမှုများကို မြင်ဖူးထားတာကြောင့် သဘာဝကျကျပင် သတိထားပြီး ကာကွယ်ရန် လိုအပ်လေသည်။
"ကျုပ် မသေခင် ပြန်တိုက်ခိုက်ပြီးတော့ ခင်ဗျားကိုပါ အတူတူသေအောင် ဆွဲခေါ်သွားမှာကို ကြောက်နေတာလား။" မုန့်ချင်ကျိုးက မေးလိုက်သည်။
ဝမ်ရွှင် စကားမပြောပေ။ ၎င်းမှာ သဘောတူကြောင်း တိတ်တဆိတ် ဝန်ခံလိုက်ခြင်းနှင့် အတူတူပင်။
မုန့်ချင်ကျိုးက ဆက်လက် မေးခွန်းထုတ်လိုက်သည်။ "ဒါဆိုရင် ခင်ဗျားရဲ့ ဂိုဏ်းချုပ်ကြီးက ကျုပ်ကို အချိန်မီ မသတ်နိုင်ဘူးပေါ့။ အဲဒါကြောင့် ကျုပ် သေခါနီး တန်ပြန်တိုက်ခိုက်မှာကို ခင်ဗျား စိုးရိမ်နေရတာလား။ ကောင်းကင်နယ်ပယ် ဆရာကြီးတွေရဲ့ အရည်အသွေးက ဒီလောက်တောင် နိမ့်ကျတာလား။"
သူ စကားပြောနေစဉ် မုန့်ချင်ကျိုးသည် သံသယဖြစ်နေသောအမူအရာဖြင့် အလွန်ပင် အဓိပ္ပာယ်ပါပါ စုပ်သပ်ကာ အံ့ဩဟန်ပြလေသည်။
ဝမ်ရွှင်၏နဖူးပေါ်ရှိ သွေးကြောများ ထောင်လာပြီး အေးစက်စွာ ပြောလိုက်သည်။ "ပြောစရာရှိတာပြော။ ငါ မင်းကို ပြောပြနိုင်တဲ့ ရာတချို့ကိုပဲ ဖြေပေးမယ်။"
ငါးစာမိသွားပြီ။
မုန့်ချင်ကျိုးသည် အရိပ်အယောင်မပြဘဲ ပြုံးလိုက်ပြီး ချက်ချင်းပင် သူ၏အမူအရာ လေးနက်သွားကာ ပြောလိုက်သည်။
"ခင်ဗျားရဲ့ တတိယဓားအသိထဲမှာ လူသားမျိုးနွယ်က ကောင်းကင်ကို တိုက်ခိုက်တာကို တွေ့ခဲ့ရတယ်။ နောက်ဆုံးတော့ ကောင်းကင်တာအိုက အိပ်မောကျသွားပြီးတော့ လူသားဧကရာဇ်ကလည်း အမည်မသိ တည်ရှိမှု တစ်ခုရဲ့ တိုက်ခိုက်တာကို ခံလိုက်ရလို့ ကောင်းကင်ပြစ်ဒဏ်ဓား ကျိုးကြေသွားခဲ့တယ်။"
"လူသားဧကရာဇ်ကို ဘယ်သူက အလစ်တိုက်ခိုက်ခဲ့တာလဲ။ ပြီးတော့ ဘယ်လိုအခြေအနေမျိုးက လူသားဧကရာဇ်ကို ကောင်းကင်ကို တိုက်ခိုက်ဖို့ဆိုတဲ့အတွေး ဖြစ်လာစေခဲ့တာလဲ။"
ဝမ်ရွှင်၏မျက်နှာ အနည်းငယ် ပြောင်းလဲသွားပြီး ပထမတွင် တိတ်ဆိတ်နေကာ၊ ထို့နောက် ဖြည်းညှင်းစွာ ပြောလိုက်သည်။
"တကယ်တော့ ဓားအသိထဲက မြင်ကွင်းတွေဟာ ငါသိထားတဲ့ အကြောင်းအရာအားလုံးပဲ။ ကောင်းကင်ကြည့်ဆောင်ရဲ့ အတွင်းရေး လျှို့ဝှက်မှတ်တမ်းအချို့ အရ သိရတာပါ။ ကျန်တဲ့အရာတွေကတော့ ငါ မသိတာကို မပြောနဲ့။ လူသားဧကရာဇ်ကိုယ်တိုင်ကလွဲပြီး လောကမှာ ဘယ်သူမှသိမယ် မထင်ဘူး။"
"ဒါပေမဲ့ ကောင်းကင်ကိုတိုက်ခိုက်တဲ့စစ်ပွဲ ဖြစ်ပွားခဲ့တဲ့ ခေတ်ကာလကိုတော့ ငါ သိတယ်။"
မုန့်ချင်ကျိုး အလျင်အမြန် မေးလိုက်သည်။ "ဘယ်အချိန်တုန်းကလဲ။"
ဤအချက်သို့ ရောက်သောအခါ ဝမ်ရွှင်၏အမူအရာမှာ ခန့်မှန်းရခက်လာပြီး သူ၏လက်သီးများကို ဆုပ်ကာ အလွန်လေးလံသောစိတ်ဖြင့် ပြောလိုက်သည်။
"ဧကရီ ကျိရှီးယွဲ့ ကွပ်မျက်ခံရပြီး နောက်တစ်နှစ်မှာပဲ။"
ဧကရီ ကျိရှီးယွဲ့...
ဝုန်း။
မုန့်ချင်ကျိုး၏စိတ်ထဲတွင် ရုတ်တရက်ပေါက်ကွဲသွားသလို ဖြစ်သွားပြီး ကြောက်မက်ဖွယ်အတွေးတစ်ခု စိတ်ထဲတွင် ပေါ်လာသော်လည်း။ သူ ထုတ်မပြောရဲပေ။ ပို၍ပင် မတွေးရဲပေ။
ဧကရီ သေဆုံးသွားတာနဲ့ လူသားဧကရာဇ်က ဘာလို့ ကောင်းကင်ကိုတိုက်ခိုက်ဖို့ အတွေးပေါ်လာရတာလဲ။
အဲဒီနှစ်ခုကြားမှာ သေချာပေါက် ဆက်စပ်မှုတစ်ခု ရှိရမယ်။
ပိုပြီးနက်နက်ရှိုင်းရှိုင်းစဉ်းစားကြည့်ရင် နတ်ဘုရားတွေဟာ ကောင်းကင်တာအိုက ဖန်တီးထားတဲ့ ထုတ်ကုန်တွေ ဖြစ်ပြီးတော့ သူတို့ရဲ့အာဏာတွေက ကောင်းကင်တာအိုကနေ မြစ်ဖျားခံတယ်။ ဒါဆိုရင် ကျိရှီးယွဲ့နဲ့ လူသားဧကရာဇ် ငယ်စဉ်က တွေ့ဆုံခဲ့တာဟာ တိုက်ဆိုင်မှုတစ်ခုလား။ တကယ်လို့များ တိုက်ဆိုင်မှု မဟုတ်ဘဲနဲ့ ကောင်းကင်တာအို ၏က တမင်တကာ စီစဉ်ထားတာ ဆိုရင်ကော...
ဟောင်တု ငါ့ကို တစ်ခါက ပြောဖူးတယ်။
လူသားဧကရာဇ်ဟာ နတ်ဘုရားတွေရဲ့ခေတ်ကို ဖျက်ဆီးပစ်လိမ့်မယ်လို့ လူသားဧကရာဇ် မမွေးဖွားခင် ကတည်းက နတ်ဘုရားမျိုးနွယ်စုရဲ့ ယဇ်ပုရောဟိတ်ချုပ်က ဟောကိန်းးထုတ်ခဲ့တယ်။ နှစ်ထောင်ပေါင်းများစွာ ကြာတဲ့အထိ ဘာအရိပ်အယောင်မှ မတွေ့ခဲ့ရဘဲ လူသားဧကရာဇ်ဟာ သူ့ရဲ့အရှိန်အဟုန်ကို အပြည့်အဝ တည်ဆောက်ပြီးသွားမှသာ နတ်ဘုရားတွေက နောက်ကျမှ သတိထားမိခဲ့ကြပေမယ့် အရမ်း နောက်ကျသွားခဲ့ပြီ။
အခုတော့ နောက်ထပ် ဖြစ်နိုင်ချေတစ်ခု ပေါ်ထွက်လာပြီ။
လူသားဧကရာဇ်ရဲ့မွေးဖွားလာမှုနဲ့ကြီးထွားလာမှုဟာ ကောင်းကင်တာအိုက တစ်ကိုယ်တော် စီစဉ်ထားတာ ဖြစ်ဖို့အရမ်းများတယ်...
အဲဒါကြောင့် ဧကရီကျိရှီးယွဲ့က ကံကြမ္မာနတ်ဘုရားမဆိုတဲ့ သရုပ်မှန် ဖော်ထုတ်ခံရပြီး အသတ်ခံရပြီးနောက် လူသားဧကရာဇ်က ဒီကိစ္စတွေကို သိသွားလို့ ဒေါသထွက်ပြီး သူ့ရဲ့ကံကြမ္မာကို တစ်ကိုယ်တော်စီစဉ်ခဲ့တဲ့ ကောင်းကင်တာအိုကို မုန်းတီးသွားပြီ ကောင်းကင်ကို သွားတိုက်ခဲ့တာပဲ...
ဒါက...
ကောင်းကင်တာအိုနဲ့ နတ်ဘုရားတွေက တစ်ဖွဲ့တည်း မဟုတ်ဘူးလား။
"မဟုတ်ဘူး၊ မဟုတ်ဘူး။"
"ဒါတွေ အားလုံးက ငါ့ရဲ့ခန့်မှန်းချက်တွေ သက်သက်ပဲ။ သေချာပေါက် မှန်ချင်မှမှန်မှာ။"
မုန့်ချင်ကျိုးသည် သူ၏အတွေးများ ရပ်တန့်လုနီးပါး ဖြစ်သွားသည်ကို ခံစားလိုက်ရပြီး နောက်ထပ် နက်နက်ရှိုင်းရှိုင်း မတွေးရဲတော့ပေ။ ဤကိစ္စများက လက်ရှိသူ့အတွက် နည်းနည်း ဝေးကွာနေသေးသည်။
"ကြည့်ရတာ မင်းက အရမ်းမိုက်မဲလွန်းတာတော့ မဟုတ်ဘူးပဲ။ ဒီအဘိုးကြီး မင်းကို ရှင်းရှင်းလင်းလင်း သိပြီးမှသေအောင် မနည်းရှင်းပြပေးလိုက်ပြီ။ အခု မင်း သွားလို့ရပြီ။" ဝမ်ရွှင်က ပြောလိုက်သည်။
သို့သော်လည်း။
မုန့်ချင်ကျိုးသည် ရုတ်တရက် ပြုံးလိုက်ပြီး လျင်မြန်စွာ ရွေ့လျားကာ သတ္တမမြောက် စံအိမ်သခင် တိရုံ၏ ခေါင်းကို ဖမ်းဆုပ်ပြီး ပြောလိုက်သည်။ "ကျုပ်ရဲ့သံသယတွေကို ရှင်းလင်းပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ခဏနေရင် ခင်ဗျားကို နာကျင်မှု မရှိစေဘဲနဲ့ အမြန်သတ်ပေးမယ်။"
သူ စကားပြောနေစဉ်။
သူ၏လက်ငါးချောင်းမှ အားယူလိုက်ရာ သံညှပ်တစ်ခုကဲ့သို့ပင် တိရုံ၏ခေါင်းထဲသို့ စိုက်ဝင်သွားပြီး အနီနှင့်အဖြူရောင်အရည်များ ထွက်ကျလာလေသည်။
"မလုပ်ပါနဲ့။ အဲဒါ ငါနဲ့ မဆိုင်ဘူးလေ။ အစကနေ အဆုံးထိ ငါ လုံးဝမလှုပ်ရှားခဲ့ဘူး။ မင်းက ဘာလို့ ငါ့ကို ပထမဆုံး ပစ်မှတ်ထားရတာလဲ။" တီရုံက ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
အချိန်-နေရာလွတ် ဓားအသိသည် သူ၏ အသိဉာဏ်ပင်လယ်ထဲသို့ စိမ့်ဝင်လာပြီး သူ၏ဝိညာဉ်ကို ဖြည်းဖြည်းချင်း ရစ်ပတ်နေကြောင်း သူ အာရုံခံမိသည်။
တိရုံသည် သေမင်း၏ သတိပေးဗုံသံများ မြည်နေသည်ကို ကြားလိုက်ရသကဲ့သို့ ဖြစ်နေသည်။ ကြောက်ရွံ့မှုက သူ၏ နှစ်ပေါင်းများစွာ ရေကဲ့သို့တည်ငြိမ်နေသော စိတ်အခြေအနေကို အက်ကွဲကြောင်းများ ဖြစ်ပေါ်စေပြီး တုန်လှုပ်မှုများက အက်ကွဲကြောင်းများမှတစ်ဆင့် ဝင်ရောက်လာကာ သူ၏နှလုံးသားတစ်ခုလုံးကို ပြည့်နှက်သွားစေသည်။
မုန့်ချင်ကျိုးက တည်ငြိမ်စွာ ပြောလိုက်သည်။
"ခင်ဗျား လုံးဝမလှုပ်ရှားခဲ့တာ မှန်ပါတယ်။ အဲဒါက ဒီတိုက်ပွဲမှာ လုံးဝပါဝင်လို့မရဘူးဆိုတာ ခင်ဗျား သိနေလို့ပဲ။ တကယ်လို့ ခင်ဗျားရဲ့တိုက်ခိုက်မှု လွဲချော်သွားရင် ကျုပ်ကို ဒေါသထွက်စေဖို့ ပိုလွယ်ကူပြီးတော့ ကျုပ် အချိန်နည်းနည်းလေးရတာနဲ့ ခင်ဗျားကို အလွယ်လေး သတ်ပစ်နိုင်တယ်လေ။"
"ပြောရမယ်ဆိုရင် ကောင်းကင်ကြည့်ဆောင်ရဲ့ နန်းဆောင်သခင် (၁၀)ဦးစလုံးဟာ မြင့်မြတ်တဲ့ စံနမူနာတွေကို နှလုံးသားထဲမှာ ကိုင်စွဲထားကြတယ်။ သူတို့ရဲ့စံနမူနာတွေကို လိုက်ရှာတဲ့လမ်းမှာ သူတို့ သေဆုံးသွားတာဟာ လေးစားစရာကောင်းပါတယ်။ ဒါပေမဲ့ ခင်ဗျားကတော့ အသက်ရှင်ဖို့ လောဘတကြီးနဲ့ သေရမှာကိုကြောက်နေတဲ့ ကပ်ပါးကောင်တစ်ကောင် သက်သက်ပဲ။ နန်းဆောင်သခင်ရဲ့ အခွင့်ထူးတွေကို နေရာယူပြီး အကျိုးအမြတ်တွေရယူဖို့ပဲ မျှော်လင့်နေတာ။"
"ခင်ဗျားလိုလူမျိုးက အသေသင့်ဆုံးပဲ။"
မုန့်ချင်ကျိုး၏အသံမှာ အေးစက်နေပြီး အချိန်-နေရာလွတ်ဓားအသိက တဖြည်းဖြည်း ပိုးချည်မျှင်များ အသွင်သို့ ပြောင်းလဲသွားကာ တိရုံ၏ ဝိညာဉ်ခန္ဓာကိုယ်ကို တင်းကျပ်စွာရစ်ပတ်လိုက်ရာ ၎င်းကို အပိုင်းပိုင်း ပြတ်တောက်သွားစေလုနီးပါး ဖြစ်နေသည်။
တိရုံ၏ အသက်စွမ်းအင်သည် အလွန်လျင်မြန်စွာ ပျောက်ကွယ်နေပြီး ကြီးမားသောနာကျင်မှုကို ခံစားနေရကည မျက်လုံးများတွင် တောင်းပန်မှုများ ပြည့်နှက်နေပြီး အခက်အခဲဖြင့် ပြောလိုက်သည်။
"ကျေး... ကျေးဇူးပြုပြီး..."
"ကျွန်တော့်ကို အသက်ချမ်းသာပေးပါ..."
မုန့်ချင်ကျိုး၏ သတ်ဖြတ်လိုသည့်ရည်ရွယ်ချက်မှာ ပြတ်သားနေသည်ကို မြင်သောအခါ တိရုံသည် မျှော်လင့်ချက်မဲ့သွားပြီး ဘေးတွင် မလှုပ်မယှက်ရပ်ကြည့်နေသော ဝမ်ရွှင်ထံသို့သာ သူ၏မျှော်လင့်ချက်ကို ပုံအပ်ထားရလေသည်။ သူ၏ခေါင်းမှာ အဖမ်းခံထားရသဖြင့် လှုပ်ရှား၍မရနိုင်ဘဲ မျက်လုံးများကို အခက်အခဲဖြင့် ရွှေ့ကာ ဝမ်ရွှင်ကို မျက်လုံးထောင့်မှကြည့်ရင်း ပြောလိုက်သည်:
"တတိယမြောက်... နန်းဆောင်သခင်..."
"ဂိုဏ်းချုပ်ကြီးကို မြန်မြန်... လှုပ်ရှားခိုင်းလိုက်ပါ။ ငါ သေတော့မယ်။"
ဝမ်ရွှင်သည် ထိုနေရာတွင် မှင်သက်စွာ ရပ်နေပြီး သူ၏မျက်လုံးများ ဗလာကျင်းနေကာ သူ မည်သည့်အရာများ တွေးနေသည်ကို မသိနိုင်ပေ။ သူ၏နဖူးမှ ချွေးစေးလေးများ ထွက်နေပြီး သူ၏ခန္ဓာကိုယ်မှာ မသိမသာ တုန်ရီနေသည်။ သူ၏မျက်ဆံများမှာ ရုတ်တရက် ကျဉ်းလိုက်ကျယ်လိုက် ဖြစ်နေပြီး ရေတိမ်ပိုင်းတွင် ပိတ်မိနေသော ငါးခူတစ်ကောင်ကဲ့သို့ ပါးစပ်ကိုအနည်းငယ်ဟကာ အသက်ရှူနေလေသည်။
သူ၏စိတ်ထဲတွင် အတွေးများ ပြင်းထန်စွာ တိုက်ခိုက်နေချိန်၌ ဝမ်ရွှင် တံတွေးမျိုချလိုက်ပြီး တိရုံကို လုံးဝဂရုမစိုက်ဘဲ မုန့်ချင်ကျိုးကိုသာ သေချာစူးစိုက်ကြည့်ကာ ပြောလိုက်သည်။
"ဂိုဏ်းချုပ်ကြီးက ဘာလို့ မလှုပ်ရှားသေးတာလဲ။"
"အခြေအနေက ဒီအထိ ရောက်နေပြီကို။ သူ လှုပ်ရှားသင့်ပြီလေ။ မင်း တစ်ခုခု သိနေတာများလား။"
"အဲဒီလိုမှ မဟုတ်ရင် မင်းက ဒီလောက်တောင် ကြောက်ရွံ့မှုကင်းမဲ့နေမှာ မဟုတ်ဘူး။ မင်းက... မင်းက ကြိုသိနေသလိုပဲ။"
ထိုစကားများ ထွက်ပေါ်လာသောအခါ။
တိရုံ၏မျက်နှာ အကြီးအကျယ် ပြောင်းလဲသွားပြီး သူ၏နောက်ဆုံးခွန်အားများကို အသုံးပြုကာ ဒေါသတကြီး အော်ဟစ်လိုက်သည်။ "ဝမ်ရွှင်။ ခွေးမသား။ မင်းပါးစပ်ကနေ အဓိပ္ပာယ်မရှိတာတွေ ပြောနေတာလား။ ဂိုဏ်းချုပ်ကြီးက ငါတို့ကို နောက်ကနေ ကျောထောက်နောက်ခံပေးမယ်လို့ ကြိုတင်ပြီး အကြိမ်ကြိမ် အတည်ပြုထားတာကို ဘယ်လိုလုပ်ပြီး ရုတ်တရက် ပြောင်းသွားရတာလဲ။"
ဝမ်ရွှင်၏မျက်နှာ ရုတ်တရက် မည်းမှောင်သွားပြီး အခက်အခဲဖြင့် ပြောလိုက်သည်။ "ငါ သေချာ မသိဘူး။၊ ဒါပေမဲ့ အခု အခြေအနေက... တကယ်ကို နည်းနည်း မှားနေတယ်။"
"ယုတ္တိတန်တန် တွေးကြည့်ရင် ကောင်းကင်ကြည့်ဆောင်ရဲ့ရှုံးနိမ့်မှုက သေချာနေပြီဆိုတော့ အခြေအနေ တစ်ခုလုံးကို ပြောင်းပြန်လှန်ဖို့ ဂိုဏ်းချုပ်ကြီး လှုပ်ရှားရတော့မှာ။ သူ ဆက်ပြီး စောင့်ကြည့်မနေသင့်ဘူး။ ဆက်ပြီး စောင့်မနေသင့်တော့ဘူး။"
တစ်ခဏမျှ လေထုထဲတွင် သေမင်းတမျှ တိတ်ဆိတ်မှုကြီး ကျရောက်သွား၏။
တိရုံ၏ နှလုံးသားထဲတွင် ကြောက်ရွံ့မှုများ ပြည့်နှက်နေပြီး သူ၏အသက်ကို ဆုပ်ကိုင်ထားသော အနက်ရောင်ဝတ်လူငယ်ကို မော့ကြည့်လိုက်သည်။ သူ၏နှုတ်ခမ်းများ ဖြူရော်နေပြီး မျက်နှာချိုသွေးကာ အတင်းအကျပ် ပြုံးလျက် ပြောလိုက်သည်။
"တောင်း...တောင်းပန်ပါတယ်။ ကျွန်တော့်ကို ချမ်းသာပေးပါ။ ကျန်တဲ့ဘဝမှာ ကျွန်အဖြစ် အမှုထမ်းပါ့မယ်..."
"ဟီးဟီး။" မုန့်ချင်ကျိုးသည် သူ၏ခေါင်းကို ဆုပ်ကိုင်ထားသောလက်ကို လျှော့ပေးလိုက်ပြီး ညင်သာစွာ အကြိမ်အနည်းငယ် ပွတ်သပ်ပေးကာ စကားတစ်ခွန်းမျှ မဆိုဘဲ ရယ်မောနေသည်။
တိရုံ မျက်လုံးများ တောက်ပသွားပြီး တစ်ဖက်လူက သဘောတူလိုက်သည်ဟု ထင်ကာ အလျင်အမြန် ပြောလိုက်သည်။ "ကျေးဇူးတင်ပါတယ်။ ကျေးဇူးတင်ပါတယ်။ တိရုံက နောင်ဆိုရင်..."
"စိတ်မကောင်းပါဘူး။ အိမ်မှာ အိမ်စောင့်ခွေး ရှိပြီးသားပါ။ ခင်ဗျားလို အိုမင်းပြီး စွမ်းအင်ကင်းမဲ့နေတဲ့ ခွေးမျိုးကို မလိုဘူး။ ဒါကြောင့် ခင်ဗျား သေလိုက်တာပဲ ကောင်းတယ်။"
မုန့်ချင်ကျိုးသည် နွေးထွေးစွာ ပြုံးလျက် တိရုံ၏ခေါင်းကို ချက်ချင်း ချေမှုန်းပစ်လိုက်သည်။ ထိုသို့ လုပ်ဆောင်စဉ်တွင် သူ၏ဝိညာဉ်၊ တာအိုအသီးအပွင့်နှင့် အတွင်းစကြဝဠာတို့ကိုပါ လုံးဝဖျက်ဆီးပစ်လိုက်ပြီး ပြန်လည်အသက်ရှင်လာနိုင်မည့် အလားအလာအနည်းငယ်ကိုပင် ဖြတ်တောက်လိုက်သည်။
တိရုံ၏ ခေါင်းမဲ့အလောင်းသည် အကြိမ်အနည်းငယ် ယိမ်းယိုင်သွားပြီး မကျေနပ်မှုများ ရင်ဝယ်ပိုက်ကာ မြေကြီးပေါ် ဘုန်းခနဲ လဲကျသွားသည်။ လောကကို နှစ်တစ်သောင်းကြာ လွှမ်းမိုးခဲ့သော ရည်မှန်းချက်ကြီးသည့် လူဆိုးကြီးတစ်ယောက် ဤသို့ဖြင့် အသက်ဆုံးရှုံးသွားလေသည်။
ဝမ်ရွှင်သည် တိရုံ အချေမှုန်းခံရပြီး သေဆုံးသွားသည်ကို ကြည့်နေရင်း ဂိုဏ်းချုပ်ကြီး ဝင်ရောက် စွက်ဖက်ခြင်း မရှိသည်ကို မြင်သောအခါ သူ၏ ကျောရိုးတစ်ခုလုံး ဆွဲထုတ်ခံလိုက်ရသကဲ့သို့ ဖြစ်သွားပြီး တွေဝေစွာဖြင့် မြေကြီးပေါ် လဲကျသွားကာ ဗလာကျင်းစွာ ပြောလိုက်သည်။
"အချိန်-နေရာလွတ် ဓားသူတော်စင်... ဂိုဏ်းချုပ်ကြီးက ဘာလို့မလှုပ်ရှားတာလဲဆိုတာ ငါ့ကို ပြောပြနိုင်မလား။"
"အဲဒါမှ ငါ ရှင်းရှင်းလင်းလင်းသိပြီး သေနိုင်မှာ။ တွေဝေပြီးတော့ သေမသွားရအောင်လေ။"
အချိန်-နေရာလွတ် ဓားသူတော်စင်တွင် အတွေ့အကြုံနုနယ်ပြီး နောက်ခံလည်းမရှိဟု သူ မူလက ထင်ခဲ့သည်။ နှစ်တစ်သောင်းအတွေ့အကြုံနှင့် နက်ရှိုင်းသော နောက်ခံနှင့်ဆိုလျှင် သူ့ကို ကိုင်တွယ်ရသည်မှာ လက်တစ်ဖက်တည်းနှင့်ပင် လွယ်ကူလိမ့်မည်ဟု ထင်ထားခဲ့သည်။
သို့သော် အမှန်တရားက လုံးဝကို ဆန့်ကျင်ဘက်ပင်။ အစမှအဆုံးထိ ဖိနှိပ်ခံခဲ့ရသည်မှာ သူနှင့် ကောင်းကင်ကြည့်ဆောင်မှ နန်းဆောင်သခင်များချည်းသာ။
ကောင်းကင်ကြည့်ဆောင် နန်းဆောင်သခင် (၁၀)ဦးစလုံးက သူ့လက်ထဲမှာပင် သေဆုံးသွားခဲ့ရသည်။
ယခု တိုက်ခိုက်မှုနှင့် ကာကွယ်မှုများက ပြောင်းလဲသွားလေပြီ။ ကောင်းကင်ကြည့်ဆောင် ဂိုဏ်းချုပ်၏ အတွေးများကိုပင် သူ ခန့်မှန်းနိုင်နေလေပြီ။
ဒီလိုအဆင့်ရှိတဲ့ သဘာဝလွန် ပါရမီရှင်မျိုးက ဒီခေတ်မှာ တကယ်ပဲ ပေါ်ထွက်လာခဲ့တာပဲ...
မုန့်ချင်ကျိုး တည်ငြိမ်စွာ ပြောလိုက်သည်။
"ကောင်းကင်ကြည့်ဆောင် ဂိုဏ်းချုပ်ကြီး ဘာတွေတွေးနေလဲဆိုတာကိုတော့ သေချာ မသိဘူး။ ဒါပေမဲ့ အမှန်တရားတစ်ခုကိုတော့ နားလည်တယ်။ အသက်ကြီးလေ ပိုပြီးတော့ ပါးနပ်လေ၊ အသက်ကြီးလေ ပိုပြီးတော့ လည်ပတ်လေပဲ။"
"ကျုပ် ပေါ်ထွက်လာကတည်းက ကြုံတွေ့ခဲ့ရတဲ့ရန်သူတွေဟာ တစ်ယောက်မကျန် အားလုံး ထွက်လာရင် ထွက်လာ၊ မဟုတ်ရင် လုံးဝမလှုပ်ရှားဘဲ နေတတ်ကြတယ်။ တကယ်လို့ ကျုပ်ကိုသတ်ဖို့ ဆုံးဖြတ်လိုက်ပြီဆိုရင် ဘာခြွင်းချက်မှမရှိဘဲ သူတို့ရဲ့ အရင်းအမြစ်အားလုံးကို တိုက်ရိုက်ထုတ်သုံးပြီး အရာအားလုံးကိုစတေးပြီး ကျုပ်ကို သေအောင် သတ်ကြတယ်။ တကယ်လို့ ကောင်းကင်ကြည့်ဆောင် ဂိုဏ်းချုပ်ကြီးက တကယ်ပဲ ကျုပ်ကို သတ်ချင်တယ်ဆိုရင် သူ့ရဲ့အတွေ့အကြုံနဲ့ ခင်ဗျားတို့ကိုပဲ ကျုပ်နဲ့ ရင်ဆိုင်ဖို့ လွှတ်မပေးသင့်ဘူး။"
ထိုစကားကို ကြားသောအခါ ဝမ်ရွှင်၏မျက်လုံးများတွင် အလင်းရောင် အနည်းငယ် ပြန်ရောက်ရှိလာပြီး တွေဝေစွာဖြင့် ခေါင်းစောင်းကာ မေးလိုက်သည်။ "ဒါပဲလား။"
မုန့်ချင်ကျိုး သွားဖြီးကာ ပြုံးလိုက်ပြီး ပြောလိုက်သည်။
"သေချာတာပေါ့ ဒါတင်မကဘူး။ အကြောင်းပြချက်တွေ အများကြီး ရှိသေးတယ်။ ဒါပေမဲ့ ကျုပ် ခင်ဗျားကို ပြောပြလို့ မရဘူး။"
"ခင်ဗျားက တွေဝေနေတဲ့အနေအထားနဲ့ပဲ သေသွားတာပိုကောင်းမယ်လို့ ထင်တယ်။"
သူ စကားပြောပြီးနောက်။
ဓားတစ်ချက် ထိုးသွင်းလိုက်ရာ ဝမ်ရွှင်၏နဖူးကို ဖောက်ထွင်းသွားပြီး သူ၏ဝိညာဉ်နှင့် တာအို အသီးအပွင့်ကို ချေမှုန်းပစ်လိုက်လေသည်။
ဖုန်း...
ဝမ်ရွှင်၏ခန္ဓာကိုယ် တုန်ခါသွားပြီး သွေးထွက်နေသော သူ၏နှုတ်ခမ်းထောင့်တွင် လွမ်းဆွတ်ဖွယ် အပြုံးတစ်ခု ပေါ်လာလေသည်။ အတိတ်က အဖြစ်အပျက်များ ကောင်းကင်ကြည့်ဆောင် နန်းဆောင်သခင်၏ တာဝန်များ အပါအဝင် အားလုံးကို မေ့ပျောက်သွားလေသည်။
သူသည် သွေးအိုင်ထဲတွင် လဲကျသွားသည်။
သေလုဆဲဆဲအချိန်တွင် အဝေးမှ သွေးနှင့်မီးကဲ့သို့ နီရဲနေသော နေဝင်ဆည်းဆာကို ကြည့်ရင်း သစ်သားတိုင်ပေါ်တွင် မတ်တတ်ရပ်ကာ သိုင်းပညာလေ့ကျင့်နေသည့် ငယ်ရွယ်စဉ်က လူငယ်လေးကို သူ မြင်ယောင်လာသကဲ့သို့ ဖြစ်သွားသည်။ တိုးတက်စည်ပင်သော နံနက်ခင်းနေရောင်ခြည်အောက်တွင် ချွေးများ ကျဆင်းကာ လေထဲသို့ လက်သီးများ အဆက်မပြတ်ထိုးရင်း မျက်နှာတွင် အမြဲတမ်း အပြုံးများ ပြည့်နေခဲ့သည်။
"အဲဒီအချိန်တုန်းက တစ်ဘဝလုံး လက်သီးထိုးပြီး တစ်ဘဝလုံး ဓားပညာကို လေ့ကျင့်ရင်း စိုးရိမ်ပူပန်မှုကင်းကင်းနဲ့ ထာဝရပျော်ရွှင်နေနိုင်မယ်လို့ ငါ တကယ်ထင်ခဲ့တာ..."
"တိုးတက်စည်ပင်တဲ့ခေတ်ကြီး ပြိုကျသွားပြီး အမှောင်ထုရဲ့ ပရမ်းပတာအခြေအနေတွေ ရောက်လာတဲ့ အချိန်အထိပေါ့။ ငါ ကံကောင်းလို့ အသက်ရှင်ကျန်ရစ်ခဲ့ပြီးတော့ သွေးပင်လယ်ကြီးတွေကို မြင်ခဲ့ရတယ်။ မိုင်တစ်သောင်းရှည်လျားတဲ့ တံတိုင်းကြီးတစ်ခုလိုပုံနေတဲ့ အလောင်းတောင်ကြီးတွေကို ငါ မြင်ခဲ့ရတယ်..."
"အဲဒီအချိန်ကစပြီး လူသားဧကရာဇ်ခေတ်ရဲ့ နောက်ဆုံးအလင်းရောင်ကို ဆက်ခံပြီး ကမ္ဘာကြီး အားလုံး အပေါ် ဖြန့်ကျက်ပေးဖို့ လောကကြီးမှာ ဘေးအန္တရာယ်တွေ ထပ်မဖြစ်စေဖို့နဲ့ အမှောင်ထုရဲ့ ပရမ်းပတာ အခြေအနေတွေ ထပ်မရှိတော့ဖို့ ငါ ဆုံးဖြတ်ခဲ့တာ။ ဒါပေမဲ့ ဘယ်အချိန်ကစပြီးတော့ ငါ မေ့သွားခဲ့တာလဲ။ တဖြည်းဖြည်းနဲ့ ကောင်းကင်ကြည့်ဆောင်ရဲ့ အမိန့်တွေကိုပဲ လိုက်နာတဲ့ကောင်တစ်ယောက် ဖြစ်လာခဲ့ပြီးတော့ ငါကိုယ်တိုင်လည်း အမှောင်ထုရဲ့ ပရမ်းပတာအခြေအနေတွေကို ဖန်တီးတဲ့ အဓိကတရားခံ ဖြစ်လာခဲ့တယ်..."
ဝမ်ရွှင်၏မျက်လုံးများက အတိတ်ကို လွမ်းဆွတ်မှုများထဲ နစ်မြုပ်သွားပြီး တီးတိုးရေရွတ်နေသည်။ စကားပြောနေရင်း သူ ရယ်မောလိုက်သည်။
သူ၏ စကားများ ကျဆင်းသွား၏။
ဝမ်ရွှင်၏ ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်က အလင်းစက်လေးများအဖြစ် ပြောင်းလဲသွားပြီး ပျောက်ကွယ်၍ သွားလေသည်။
ဝေလငါးတစ်ကောင် ကျဆုံးသွားသောအခါ အခြား သက်ရှိအားလုံး ရှင်သန်လာသကဲ့သို့ပင် ကောင်းကင်နယ်ပယ်တစ်ပိုင်း သေဆုံးသွားသောအခါ သူ၏စွမ်းအင်များသည် ကောင်းကင်နှင့်မြေကြီးထံသို့ ပြန်လည်ရောက်ရှိသွားသည်။
မုန့်ချင်ကျိုး မျက်မှောင်ကြုတ်လိုက်ပြီး အနည်းငယ် သံသယဖြစ်သွားသည်။
"ဟမ်၊ ဒီပျောက်ကွယ်သွားတဲ့အမြန်နှုန်းက နည်းနည်းမြန်လွန်းနေသလားလို့။"
မိနစ်အနည်းငယ်အတွင်းမှာပင် လုံးဝ ပျောက်ကွယ်သွားခဲ့၏။ ယုတ္တိတန်တန် တွေးကြည့်ရမည်ဆိုလျှင် ကောင်းကင်နယ်ပယ်တစ်ပိုင်း ကျင့်ကြံသူတစ်ဦးတွင် ကြီးမားကျယ်ပြန့်သော စွမ်းအင်များ ပါဝင်နေသည်ဖြစ်ရာ ပျောက်ကွယ်သွားရန် အချိန်အတိုင်းအတာတစ်ခု လိုအပ်သည်။
"လူတိုင်းရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံက မတူညီလို့များလား။"
မုန့်ချင်ကျိုး ဆက်လက်၍ မစဉ်းစားနိုင်မီမှာပင် ဘေးဘက်ရှိလှုပ်ရှားမှုတစ်ခုက သူ၏အာရုံကို ဆွဲဆောင်သွားသည်။ တုန်းဖန်လျူလီနှင့် ခုန်းရွှမ်တို့၏ တိုက်ပွဲလည်း အဆုံးသတ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
နယ်မြေတစ်ခု၏ကံကြမ္မာကို ပိုင်ဆိုင်ထားသော တုန်းဖန်လျူလီသည် မကြာသေးခင်ကပင် ကောင်းကင်ထောက်တိုင်နယ်ပင် နှောင်းပိုင်းအဆင့်သို့ ဖောက်ထွင်းဝင်ရောက်သွားခဲ့ပြီး သူ၏ ကျင့်ကြံရေး အမြန်နှုန်းမှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင်မြန်ဆန်ကာ မုန့်ချင်ကျိုးကိုပင် မီလုနီးပါး ဖြစ်နေသည်။
ကောင်းကင်တာအိုက သန့်စင်ပေးထားသော [ဧကရာဇ်တာအို]ကြောင့် အတိုင်းအတာ တစ်ခုအထိ တုန်းဖန်လျူလီ၏ အလုံးစုံပါရမီသည် မုန့်ချင်ကျိုးပြီးလျှင် နံပါတ်တစ် ဖြစ်နေပြီဖြစ်ကာ ရှေးဟောင်းနှင့် ခေတ်သစ်ကာလများမှ ထိပ်တန်းထူးချွန်သူများနှင့် ယှဉ်ပြိုင်နိုင်စွမ်း ရှိလေသည်။
ခုန်းရွှမ်၏ ဝါကြွားမှုများက အလွန်အမင်းကြီးမားနေသော်လည်း တကယ်တမ်းတွင်မူ အခွံလွတ်များသာ ဖြစ်သည်။
သူသည် တုန်းဖန်လျူလီ၏ဖိနှိပ်ခြင်းကို တစ်ဖက်သတ်နီးပါး ခံနေရပြီ၊ တုန်းဖန်လျူလီ၏ မီတာတစ်ရာ အတွင်းသို့ပင် မကပ်နိုင်ဘဲ သူ၏ခန္ဓာကိုယ်တစ်ခုလုံး ဒဏ်ရာများဖြင့် ပြည့်နှက်နေကာ သေလုနီးပါး ပြင်းထန်စွာ ဒဏ်ရာရနေသည်။
"ငါက မိန်းမတစ်ယောက်ကို ဘယ်လိုလုပ် ရှုံးရတာလဲ..."
"ငါက မွေးရာပါပြိုင်ဖက်ကင်းပဲ။ ခေတ်တစ်ခုကို ဖြတ်ကျော်ပြီး ဒီလက်ရှိလောကမှာ ပြန်နိုးလာတာ။ ဒီခေတ်က ငါပိုင်ဆိုင်ရမယ့်ခေတ်ပဲ။"
ခုန်းရွှမ်သည် မြေကြီးပေါ်တွင် ဒူးထောက်နေပြီး သွေးများက သူ၏အမြင်အာရုံကို ဖုံးကွယ်ထားသဖြင့် ရှေ့သို့မမြင်ရတော့ပေ။ သူက ဝမ်းနည်းခြင်း၊ ဒေါသထွက်ခြင်းနှင့် မျှော်လင့်ချက်မဲ့ခြင်းများဖြင့် တိုးညင်းစွာ ဟိန်းဟောက်နေလေသည်။
တုန်းဖန်လျူလီသည် ကောင်းကင်ဘုံကိုးထပ်မှ နတ်သမီးတစ်ပါးကဲ့သို့ အေးစက်သော မျက်လုံးများဖြင့် ငုံ့ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။
"ဒီဧကရီကို ရှုံးနိမ့်သွားတာက ရှင့်တစ်ဘဝလုံးအတွက် ဂုဏ်ယူစရာပဲ။ ငရဲပြည်မှာ ပြုံးပြီး ကျေနပ်နေဖို့ လုံလောက်ပါတယ်။"
သူ စကားပြောပြီးနောက်။
လက်ညှိုးတစ်ချောင်းကို အဝေးမှနေ၍ အောက်သို့ညွှန်ပြလိုက်သည်။
ခုန်းရွှမ်၏နဖူးတွင် သွေးထွက်နေသော အပေါက်ကြီးတစ်ပေါက် ပွင့်သွားပြီး သွေးများပန်းထွက်လာကာ သူ၏ဝိညာဉ်သည် ထိုနေရာမှာပင် ချက်ချင်း ပျက်စီးသွားလေသည်။
"ငါ..."
ခုန်းရွှမ်သည် ပါးစပ်ဟသွားပြီး မြေကြီးပေါ်လဲကျသွားသည်နှင့် တစ်ပြိုင်နက် သူ၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်သည် ကြယ်ရောင်မျာ အဖြစ် ပြောင်းလဲသွားပြီး ပျောက်ကွယ်သွားလေသည်။
တုန်းဖန်လျူလီ မျက်မှောင်ကြုတ်သွား၏။ "ဘာလို့ ဒီလောက်မြန်မြန် ပျောက်ကွယ်သွားတာလဲ။”