← Chapters

အခန်း (၃၅၇-၃၅၉)

Vol. 25 Ch. 357-359

အခန်း (၃၅၇-၃၅၉)

Vol. 25 Ch. 357-359

အပိုင်း(၃၅၇) ဝါကြီးနှင့်ဟွေ့နန်း၊ နောက်ဆုံးအနိုင်ရသူ

တောရိုင်းမြေ ကမ်းရိုးတန်း။

လူသန်းပေါင်းဆယ်ချီ စုရုံးနေကြပြီး လူတိုင်းက ကောင်းကင်ပြည်နယ်စစ်မြေပြင်ဆီသို့ စိုးရိမ်တကြီး မျှော်လင့်ချက်များဖြင့် လှမ်းကြည့်နေကြသည်။

နယ်မြေနှစ်ခု၏စစ်ပွဲအရှုံးအနိုင်က လူများစွာ၏ ရှင်သန်ရေးကို အဆုံးအဖြတ်ပေးကာ နယ်မြေ တစ်ခုလုံး၏ အကျိုးစီးပွားနှင့်လည်း သက်ဆိုင်နေသည်။ အကယ်၍ ကောင်းကင်ပြည်နယ်သာ အနိုင်ရသွားပါက တောရိုင်းမြေဘက်မှ ကံကြမ္မာအထောက်အပံ့များ အလုယက်ခံရမည်ဖြစ်ပြီး အနည်းဆုံး ကံကြမ္မာအကာအကွယ် တစ်ခု ဆုံးရှုံးသွားလိမ့်မည်။

ထို့အပြင် အားကောင်းသော ကျင့်ကြံသူများ၏ကာကွယ်မှု မရှိတော့သည့် တောရိုင်းမြေသည် ကောင်းကင်ပြည်နယ်၏လက်အောက်ခံ ဖြစ်သွားမည်ဖြစ်ပြီး ကောင်းကင်ပြည်နယ်တွင် အမြဲနေထိုင်သော ကျင့်ကြံသူများလည်း မိုင်ပေါင်းထောင်ချီဝေးသော တောရိုင်းမြေသို့ လာရောက်အခြေချရန် ရှားပါးသွားလိမ့်မည်။

သို့ဆိုလျှင် တောရိုင်းမြေမှ ကျင့်ကြံသူများကို မည်သို့ စီမံအုပ်ချုပ်မည်နည်း။

အလွန်ရိုးရှင်းလှသည်။ လူကုန်ကူးခြင်းပင်။

သာမန်လူများကို အခမဲ့လုပ်သားများ (သို့) ကလေးမွေးစက်များအဖြစ် အသုံးချမည်။ ပါရမီထူးချွန်သော ကျင့်ကြံသူများမှာမူ ကျင့်ကြံရေးအိုး (သို့မဟုတ်) ကျွန်များအဖြစ် ဖမ်းဆီးခံရကာ ကောင်းကင်ပြည်နယ်သို့ ခေါ်ဆောင်အသုံးပြုခံရမည် ဖြစ်သည်။

ဤသည်မှာ ကြိုတင်မြင်တွေ့နိုင်သောကိစ္စ ဖြစ်သည်။

ရှေးခေတ်မှစ၍ ယနေ့အထိ ဤကဲ့သို့သော ဖြစ်ရပ်များမှာ ရေတွက်၍မရနိုင်အောင် များပြားလှပြီး လူတိုင်းက ဤအချက်ကို ရှင်းလင်းစွာ သိထားကြသည်။

ထို့ကြောင့်ပင်။

တောရိုင်းမြေရှိ အဖွဲ့အစည်းအသီးသီးက ဤစစ်ပွဲကို အထူးဂရုစိုက် စောင့်ကြည့်နေကြသည်။ သူတို့တွင် မည်သို့မျှစွမ်းဆောင်နိုင်စွမ်းမရှိဘဲ စစ်ပွဲထဲသို့ ဝင်ရောက်နိုင်ခြင်းလည်းမရှိ၍ ဆုတောင်းရန်သာ တတ်နိုင်သည်။

ထိုအချိန်မှာပင်။

လူသန်းပေါင်းများစွာ စုရုံးနေသော တောရိုင်းမြေနယ်စပ်တွင် လူတချို့က ဝမ်းသာလုံးဆို့ကာ ငိုကြွေးရင်း အသံကုန်ဟစ်အော်လိုက်ကြသည်။

"နိုင်ပြီဟေ့။"

"ဧကရာဇ်နဲ့ ဧကရီတို့က ကောင်းကင်မဟာမိတ်အဖွဲ့ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေကို နှိမ်နင်းနိုင်ခဲ့ပြီ။ အားလုံး ပြီးဆုံးသွားပြီဟေ့။"

"ဒါဆိုရင် ကောင်းကင်ပြည်နယ်နဲ့ တောရိုင်းမြေတို့ ပေါင်းစည်းသွားပြီးတော့ လူသားဧကရာဇ် ပေါ်ထွက်လာတော့မှာပေါ့။"

"ဧကရာဇ် ထာဝစဉ် ပြိင်စံရှားပါစေ။ ဧကရာဇ် အရပ်မျက်နှာခြောက်ပါးကို လွှမ်းမိုးပြီး လောကကြီးကို ပြန်လည်ပုံဖော်ပြီးတော့ ပျက်စီးယိုယွင်းနေတဲ့ခေတ်ကို ကယ်တင်ပြီး ရှေးယခင်နဲ့ အနာဂတ်က ရန်သူမှန်သမျှကို အနိုင်ယူနိုင်ပါစေ။"

ကမ်းရိုးတန်းဒေသတစ်လျှောက်ရှိ လူမြောက်မြားစွာ၏ မျက်ဝန်းများ၌ မျက်ရည်များ ရစ်သိုင်းနေသည်။ မည်သူကမျှ အမိန့်ပေးစရာမလိုဘဲ အလိုအလျောက် ဒူးထောက်ကာ ဦးညွှတ်ခစားလိုက်ကြသည်။ ဤသည်မှာ သူတို့ဖော်ပြနိုင်သော အမြင့်မားဆုံးသော ရိုသေလေးစားမှုပင်။

ကျင့်ကြံမှုအဆင့် မည်မျှမြင့်သည်ဖြစ်စေနိမ့်သည်ဖြစ်စေ ထိုနေရာ၌ ကောင်းကင်ထောက်တိုင်နယ်ပယ် ကျင့်ကြံသူများရှိနေလျှင်ပင် ရိုရိုသေသေ ဒူးထောက်ကာ ဦးညွှတ်နေကြသည်။

စုချင်ချိုးက အသက်အောင့်ထားခဲ့သည်မှာ ကြာပြီဖြစ်သည်။ တတိယမြောက် နန်းဆောင်သခင် ဝမ်ရွှင် သေဆုံးသွားသည်ကို မြင်လိုက်ရသည့်အခါ သူ၏မျက်လုံးဝိုင်းဝိုင်းလေးများ ပြူးကျယ်သွားပြီး စိတ်လှုပ်ရှားမှုကို ထပ်မံမထိန်းချုပ်နိုင်တော့ဘဲ စူးစူးဝါးဝါး အော်ဟစ်လိုက်သည်။ ပါးပြင်လေးများ ရဲတက်လာကာ နေရာမှာပင် ခုန်ပေါက်ရင်း အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်သည်။

"သခင်လေး၊ သခင်မ၊ ရှင်တို့က သိပ်တော်တာပဲ။ အရမ်းခန့်ညားပြီး အရမ်းလှတာပဲရှင်။ ကျွန်မတော့ သခင်လေးတို့အပေါ် ရူးသွပ်တော့မှာပ။။"

ဝူတျဲကမူ အတော်လေး ထိန်းချုပ်ထားနိုင်ပြီး တည်ငြိမ်မှုကို ထိန်းသိမ်းထားဆဲဖြစ်သည်။ သို့သော် သူ၏ လှပသောမျက်ဝန်းများမှ တောက်ပနေသော မျက်ရည်စများက ရင်တွင်းမှ မငြိမ်သက်မှုကို ဖော်ပြနေသည်။

အင့်...

ဝူတျဲက ခေါင်းကိုစောင်းကာ လက်ကောက်ဝတ်ဖြင့် မျက်ရည်များကို ခိုးသုတ်လိုက်သည်။

လွန်ခဲ့သောတစ်နှစ်က ဧကရာဇ်နှင့် ပထမဆုံးအကြိမ်တွေ့ဆုံခဲ့ရသည့် အမှတ်တရများကို ပြန်လည်၍ သတိရမိသည်။ ထိုအချိန်က ဧကရာဇ်သည် တစ်နေ့တွင် ဤကမ္ဘာလောက၏ထိပ်ဆုံး၌ ရပ်တည်ကာ အတိတ်နှင့် အနာဂတ်မှ ရန်သူများကို အမှန်တကယ် အနိုင်ယူပြီး နယ်မြေနှစ်ခုတွင် နှစ်ပေါင်းသောင်းချီ ဒုက္ခပေးနေသော တရားခံများကို အဆုံးသတ်နိုင်လိမ့်မည်ဟု သူ တစ်ခါမျှ မတွေးခဲ့မိပေ။

အချိန်တစ်နှစ်အတွင်း အခြေအနေတွေက လုံးဝကွာခြားသွားခဲ့သည်။

"အဘိုးကြီးချင်း။ နိုင်ပြီကွ။ ငါတို့ နိုင်ပြီ။" ကျန်းစန်းဟိုင်၏ ဆိတ်မုတ်ဆိတ်မွေးလေးများ တုန်ယင်နေပြီး ချင်းဖုန်းဟော်၏ ပခုံးကိုကိုင်ကာ စိတ်လှုပ်ရှားစွာဖြင့် အားရပါးရ လှုပ်ယမ်းနေသည်။

ချင်းဖုန်းဟော်မှာ လှုပ်ယမ်းခံရလွန်း၍ စိတ်ကြည်လင်နေမှုများပင် ပျောက်ကွယ်လုနီးပါးဖြစ်သွားပြီး ခါးသီးစွာ ပြုံးလျက် ပြောလိုက်သည်။ "အဘိုးကြီးကျန်၊ မင်း နည်းနည်းလောက် စိတ်အေးအေးထားပါလား။"

ကျန်းစန်းဟိုင်က ချင်းဖုန်းဟော်၏ခေါင်းကို ဖြတ်ခနဲရိုက်လိုက်ပြီး အသံကျယ်ကျယ် အော်လိုက်သည်။

"သောက်ရူး။ ဘယ်ကလာ စိတ်အေးအေးထားရမှာလဲ။"

"ဒါက သမိုင်းဝင်အခိုက်အတန့်ပဲ။ သမိုင်းမှတ်တမ်းတွေမှာ အခိုင်အမာ ရေးထိုးနိုင်မယ့်၊ နောင်လာ နောက်သားတွေ ငါတို့ရဲ့ရဲရင့်မှုကို ဦးညွှတ်နိုင်မယ့် သတင်းကောင်းကွ။ ငါတော့ ဒီနေ့ မမူးမချင်း မပြန်ဘူး။"

"ဒါနဲ့။"

"ချက်ချင်း အမိန့်တော် ထုတ်ပြန်ပြီး တစ်လောကလုံးကို ကြေညာရမယ်။ ဒီနေ့ကို အထိမ်းအမှတ်နေ့ အဖြစ် သတ်မှတ်ပြီးတော့ ပြည်နယ်နဲ့ ခရိုင်ရုံးတွေအားလုံးက ဂုဏ်ပြုဆုချီးမြှင့်တဲ့ မူဝါဒတွေ ထုတ်ပြန်ရမယ်။ ပြည်သူပြည်သားအားလုံး တိုင်းပြည်နဲ့အတူ အောင်ပွဲခံကြပါစေ။"

ချင်းဖုန်းဟော်က ရူးသွပ်လုနီးပါးဖြစ်နေသော ကျန်းစန်းဟိုင်ကို ကမန်းကတမ်း ဖိချုပ်ထားလိုက်ပြီး လက်မှိုင်ချကာ ပြောလိုက်သည်။

"မလောပါနဲ့ဦး။ ဒီလောက်အရေးကြီးတဲ့ကိစ္စကို ဧကရီနဲ့ ဧကရာဇ်ဆီကို ကြိုတင်အကြောင်းကြားစရာ မလိုဘူးလား။ အထိမ်းအမှတ်နေ့ဆိုတာလည်း နာမည်တစ်ခု လိုသေးတယ်။ မင်းဘာသာ နာမည်ပေးမလို့လား။"

ထိုအခါမှသာ ကျန်းစန်းဟိုင် သတိဝင်လာပြီး ရင်ဘတ်ကိုပုတ်ကာ ရှက်ကိုးရှက်ကန်း ပြုံးလိုက်သည်။

"အိုး။ ဟုတ်သားပဲ။ ငါ စိတ်လှုပ်ရှားလွန်းသွားလို့ နည်းနည်း သတိလွတ်သွားတယ်။"

ရုတ်တရက်ဆိုသလိုပင် တောရိုင်းမြေတစ်ခုလုံး ပျော်ပွဲရွှင်ပွဲများတွင် နစ်မြုပ်သွားခဲ့သည်။

မဟာကျင်း၏ အရာရှိများ အောင်ပွဲခံနေကြသည်။ အကြောင်းမှာ ယနေ့မှစ၍ မဟာကျင်းတိုင်းပြည်က အခိုင်အမာ ခြေကုပ်ယူနိုင်ပြီး နောက်ထပ် ကြောက်ရွံ့တုန်လှုပ်နေစရာမလိုတော့ဘဲ ထာဝရတည်တံ့တော့မည် ဖြစ်ကြောင်း သူတို့ သိထားသောကြောပင်။

သာမန်ပြည်သူများလည်း အောင်ပွဲခံနေသည်။ တောရိုင်းမြေက နောက်ဆုံးစစ်ပွဲကို အနိုင်ရသွား ပြီဆိုသည်မှာ ငြိမ်းချမ်းသောခေတ်ကြီး ရောက်လာတော့မည်ကို ကိုယ်စားပြုကြောင်း သူတို့က ရှင်းလင်းစွာ သိထားကြသည်။ ယခုနောက်ပိုင်းတွင် စစ်ပွဲများ ထပ်မံဖြစ်ပွားရန် ခဲယဉ်းသွားပြီဖြစ်သည်။

လင်းလုသည် သူ၏လှံကိုထောက်ကာ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာသည်။ ခါးတွင် ချိတ်ထားသော အရက်ဘူးကို ဖြုတ်၍ ပါးစပ်ထဲသို့ တစ်ငုံမော့သောက်လိုက်ပြီးနောက် ပစ္စုပ္ပန်ရွာဘက်သို့ မျက်နှာမူကာ မြေကြီးပေါ်သို့ အရက်များပက်ဖြန်းလျက် သူ့ဘာသာ ရေရွတ်လိုက်သည်။

"ဝူရှန်းဖျင်၊ ဖန့်ချန်၊ စစ်ရေးဌာနရဲ့ ကောင်းကင်နတ်ဘုရားဆယ်ပါး... မဟာကျင်းတိုင်းပြည်အတွက် အသွေးအသားတွေ စတေးခဲ့ကြတဲ့ စစ်သည်တော်အပေါင်းတို့၊ ခင်ဗျားတို့ မြင်ကြလား။ ခင်ဗျားတို့ရဲ့ စတေးမှုတွေ အလကားမဖြစ်ပါဘူး။ မဟာကျင်းက ထာဝရ တည်တံ့တောမှာ။၊ လောကကြီးနဲ့အတူ ထာဝရ တည်တံ့တော့မယ်။ ဒီခေတ်ကြီးက... မဟာကျင်းနဲ့ သက်ဆိုင်တယ်။"

"ငါတို့ရဲ့ဧကရာဇ်နဲ့ဧကရီတို့က ခေတ်သစ်ကို လမ်းပြမယ့်သူတွေ၊ ရှေ့ဆောင်လမ်းပြတွေ ဖြစ်ပြီးတော့ လူသားဧကရာဇ်နဲ့အတူ ယှဉ်တွဲရပ်တည်မယ့် ကြီးမြတ်တဲ့ရှေ့ဆောင်တွေ ဖြစ်လာလိမ့်မယ်။"

ထိုသို့ပြောရင်း လင်းလုသည် ခေါင်းမော့ကာ အရက်ကို ထပ်မံ၍ မော့သောက်လိုက်သည်။ စပ်ဖျင်းဖျင်း အရသာနှင့်အတူ ငန်ကျိကျိမျက်ရည်စက်များ လည်ချောင်းထဲစီးဆင်းသွားပြီး ရင်တွင်းကို ပူလောင်သွားစေသည်။ သူက အနည်းငယ်ရဲနေသော မျက်လုံးများကို သုတ်ကာ နှုတ်ခမ်းကို အတင်းဆွဲဆန့်၍ ပြုံးပြလိုက်သည်။

"အရက်ကျန်သေးလား။" တွမ့်ယာက သူ၏အနီးသို့ မည်သည့်အချိန်က ရောက်လာမှန်းမသိဘဲ မျက်နှာသေဖြင့် လက်ကမ်းတောင်းလိုက်သည်။

လင်းလုက မျက်စောင်းထိုးကြည့်ကာ ပြောလိုက်သည်။

"မင်းက ပင်လယ်ပြင်ကို စောင့်ကြပ်ဖို့ အမိန့်ပေးခံထားရတာ မဟုတ်ဘူးလား။ ဘယ်လိုလုပ်ပြီးတော့ တာဝန်ကနေ ခိုးထွက်လာတာလဲ။"

တွမ့်ယာက နှုတ်ခမ်းမဲ့ကာ ပြောလိုက်သည်။ "နန်းရင်းဝန်က ငါတို့ကို ပြန်လာခိုင်းတာလေ။ စစ်ပွဲလည်း အနိုင်ရသွားပြီဆိုတော့ နတ်ဘုရားတွေ အခုချိန်မှ လက်တုံ့ပြန်ရင်တောင် ချီးစားဖို့တောင် အချိန်မီမှာမဟုတ်ဘူး။ သူတို့ကို ဂရုစိုက်နေစရာ မလိုပါဘူး။"

လင်းလုက ခေါင်းညိတ်ကာ အရက်ဘူးကို ခါးတွင် ပြန်ချိတ်လိုက်ပြီး အေးစက်စက် ပြောလိုက်သည်။

"မင်းသောက်ဖို့ အရက်မရှိဘူး။ မင်းက မဟာကျင်း ခွန်အားကြီးလာတဲ့အချိန်မှ ဝင်လာတာဆိုတော့ ဘယ်မှာ ဒီလောက်ခံစားချက်ရှိမှာလဲ။ တခြားလူတွေ အောင်ပွဲခံတာကိုပဲလိုက်ပြီး အောင်ပွဲခံလိုက်ပါ။"

ထိုစကားကိုကြားသောအခါ တွမ့်ယာ၏မျက်နှာ အနည်းငယ် မည်းမှောင်သွားပြီး စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်သည်။

"ငါလည်း စိတ်မကောင်းပါဘူး။ ငါ ဧကရာဇ်ဆီ အညံ့ခံတုန်းက ဒီစစ်ပွဲမှာ အသက်စွန့်ပြီး ပါဝင်ပါ့မယ်လို့ ပြောခဲ့တာလေ။ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုတွေတောင် လုပ်ထားပြီးပြီ။ အဆုံးမှာကျတော့ ပင်လယ်ပြင်မှာ အစောင့်သွားလုပ်ရပြီး တစ်ပွဲမှတောင် မချလိုက်ရဘူး။ ဒီလိုရှုပ်ရှုပ်ယှက်ယှက်နဲ့ပဲ မဟာကျင်းက ရန်သူတွေကို အနိုင်ရသွားတယ်။ ငါဆိုရင် တိုင်းပြည်အတွက် စွမ်းဆောင်ခွင့်တောင် မရလိုက်ဘူး၊ စိတ်မညစ်ဘဲ နေမလား။ မြန်မြန်လုပ်။ ငါ့ကို တစ်ငုံလောက် တိုက်စမ်းပါ။"

လင်းလုက အဓိကသော့ချက်စကားလုံးကို ချက်ချင်းပင် ဖမ်းမိသွားပြီး မျက်လုံးများကို အနည်းငယ် ကျဉ်းမြောင်းလိုက်သည်။

"အညံ့ခံတယ် ဟတ်ုလား။"

"မင်း အရင်တုန်းက ငါ့ကိုပြောတုန်းက ဧကရာဇ် မင်းဆီကို သုံးကြိမ်တိတိ လူကိုယ်တိုင်လာရောက် အကူအညီတောင်းခံမှ မင်းက မဟာကျင်းတိုင်းပြည်ကို ဝင်လာခဲ့တာဆို။"

တွမ့်ယာ၏ မျက်နှာအမူအရာမှာ ချက်ချင်းပင် တောင့်တင်းသွားပြီး နှုတ်ခမ်းများ မသိမသာ တွန့်လိမ်သွားသည်။ သူ လက်သီးဖြင့်ပါးစပ်ကိုအုပ်ကာ အပြင်းအထန် ချောင်းဆိုးဟန်ဆောင်ရင်း လှည့်ထွက်၍ သွားလေသည်။ အရက်လည်း မသောက်တော့ပေ။

"မထွက်သွားနဲ့ဦးလေ။ ငါ့ကို ရှင်းပြသွားဦး။" လင်းလုက လက်မလျှော့ဘဲ သူ့နောက်မှ ကပ်လျက် လိုက်သွားသည်။

.....

ပင်လယ်ပြင်အလွန်။

ကမ္ဘာလောကနှင့် အဆက်အသွယ် ပြတ်တောက်ကာ အသက်ဓာတ်များ ပျောက်ကွယ်နေသော ပင်လယ်ပြင်။ မိုင်တစ်သောင်းပတ်လည်ရှိ ပင်လယ်ရေနေသတ္တဝါများအားလုံး သေကျေပျက်စီးသွားခဲ့သည်။

ပင်လယ်ရေပြင်အထက် မီတာတစ်သောင်းအမြင့်တွင် တလိမ့်လိမ့်တက်နေသော မီးခိုးတိမ်များကြား ရွှေရောင်ဝင်းလက်နေသော ခမ်းနားထည်ဝါလှသည့် အဆောက်အအုံများကို တည်ဆောက်ထားလေသည်။ အဆောက်အအုံများမှာ အလွန်မြင့်မားပြီး သာမန်သက်ရှိများ နေထိုင်ရန် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ဤအဆောက်အအုံများသည် ပေတစ်ထောင်၊ ပေတစ်သောင်းခန့် မြင့်မားသောကြောင့်ပင်။

အလယ်ဗဟိုတွင်ရှိသော ကျောင်းဆောင်စုများမှာမူ တစ်ခုချင်းစီက ကြယ်တာရာများနှင့်ပင် နှိုင်းယှဉ်၍ နိုင်လောက်သည်။

ကောင်းကင်ခုံရုံး နတ်ဘုရားခန်းမ။

အဓိကခန်းမ။

အတွင်းဘက်တွင် စကြဝဠာတစ်ခုဖြင့် ဖန်တီးထားသော နန်းတော်တစ်ခုဖြစ်ပြီး နတ်ဘုရားများက ကြယ်တာရာများကို အသုံးပြု၍ ထိုင်ခုံများ ပြုလုပ်ကာ နေရာထောင်ချီ၍ စီစဉ်ထားသည်။

အပေါ်ဆုံးတွင်မူ။

ကိုးပေပတ်လည်ရှိသော ထိုင်ခုံငယ်လေးတစ်ခုသာရှိပြီး တခြားသော နတ်ဘုရားများ၏ ထိုင်ခုံများနှင့် ကွဲပြားခြားနားနေသည်။ သို့သော် ထိုအရာသည် ထိပ်တန်းနတ်ဘုရား ယွီထန်၏နေရာ ဖြစ်သည်။

စကြဝဠာနယ်စပ်။

ရဟန်းငယ်တစ်ပါးနှင့် ခွေးဝါကြီးတစ်ကောင်တို့သည် စကြဝဠာထဲတွင် လွင့်မျောကာ ရည်ရွယ်ချက်မရှိဘဲ ဟိုဟိုဒီဒီ လျှောက်သွားနေကြသည်။

သို့သော် သူတို့နှစ်ဦး၏လှုပ်ရှားမှုများမှာ အနည်းငယ် မသင်္ကာစရာ ကောင်းနေသည်။

ဟွေ့နန်းက သူ၏ပြောင်နေသောခေါင်းကို ပွတ်သပ်ကာ ခွေးဝါကြီးကိုခေါ်၍ စွန့်ပစ်ခံဂြိုဟ်တစ်လုံးဆီသို့ ပုန်းအောင်းရန် သွားလိုက်သည်။ သူက အထုပ်တစ်ထုပ်ကို တိတ်တဆိတ် ထုတ်ယူလိုက်ပြီး လုယက်ထားသော ပစ္စည်းများကို စစ်ဆေးရန် ကောက်ကျစ်သော အမူအရာဖြင့် ဖွင့်လိုက်သည်။ အထုပ်မှာ သေးငယ်သော်လည်း အတွင်း၌ နေရာအကျယ်ကြီးပါရှိပြီး ရေတွက်၍မရနိုင်သော အဖိုးတန်ရတနာများ ထွက်ကျလာသည်။

"ဒြပ်စင်ငါးပါး စကြဝဠာလက်ကောက်ပဲ။ ပိတ်လှောင်ဖမ်းဆီးနိုင်တဲ့ ဧကရာဇ်အဆင့် မှော်ရတနာ။ ကျုပ်က သက်ရှိတွေကို သတ်ဖြတ်တာ မကြိုက်တော့ ဒါနဲ့ ကွက်တိပဲ။ ဒါက ကျုပ်အပိုင်။"

"ဟမ်။ ဒါမဆိုးဘူ။ တန်ခိုးရှင်ဖက်ပင်။ ညှိုးနွမ်းသေဆုံးသွားပေမယ့် သက်ရှိထင်ရှားရှိစဉ်က ဧကရာဇ် အဆင့်မှာ ရှိခဲ့တာ။ တစ်ခါသီးရင် အနှစ်သုံးထောင်ကြာပြီးတော့ တစ်ကြိမ်မှာ လက်ဖက်ရွက် (၉၉)ရွက်ပဲ ကြွေကျတယ်လို့ ကြားဖူးတယ်။ လက်ဖက်ရွက်တစ်ရွက်တည်းနဲ့တင် လရောင်ထွန်းလင််းနယ်ပယ်ကနေ နံနက်ခင်းအလင်းနယ်ပယ်ကို ချိုးဖျက်နိုင်တယ်။ တော်တော်လေး အဖိုးတန်တဲ့ ရတနာပဲ။ ဒါ သင့်အတွက်။"

"ရေနီး နဂါးဝိညာဉ်။ အဖော်အဖြစ် မွေးမြူရတဲ့ မှော်အိမ်မွေးတိရစ္ဆာန်။ အရည်အသွေးသတ်မှတ်ချက် မရှိဘဲ နောက်ပိုင်း ကြီးထွားလာမှုပေါ်မှာပဲ မူတည်တယ်။ ဒီအရာက သိပ်အသုံးမဝင်ဘူး။ ကျုပ်ပဲ ယူလိုက်ပါ့မယ်။"

"ဟေး။ ဒါလေးက ကောင်းတယ်။ ကောင်းကင်ထိုးဖောက်လှံရှည်။ ဧကရာဇ်လက်နက်။ ကျိုးသွားပေမယ့် ကောင်းကင်နယ်ပယ် ပန်းပဲဆရာတစ်ယောက်ကို ရှာပြီးတော့ ပြန်လည်အရည်ကျိုလိုက်ရင် ဧကရာဇ်အဆင့်ထိ ပြန်ရောက်နိုင်ပါတယ်။ ခွေးကြီး။ သင့်ရဲ့ကူညီမှုက ကြီးမားတဲ့အတွက် ဒါက သင့်အပိုင်ပဲ။"

...

...

ရဟန်းငယ်က လုယက်ထားသော ပစ္စည်းများကို ခွဲဝေပေးရန် တာဝန်ယူထားပြီး၊ "ကောင်းသောပစ္စည်း" မှန်သမျှကို ခွေးဝါကြီးထံ တွန်းပေးကာ "အမှိုက်"များကိုမူ သူကိုယ်တိုင် ဖြေရှင်းရန် သိမ်းထားလေသည်။

နေမင်းအရှင်သခင်က မြေကြီးပေါ်တွင် ဆောင့်ကြောင့်ထိုင်ကာ မျက်လုံးများကို ကောက်ကျစ်စွာလှိမ့်ရင်း ဟွေ့နန်းကို သံသယမျက်လုံးဖြင့် အကဲခတ်နေသည်။ ခွေးလက်ဝါးဖြင့် လုယက်ထားသော ပစ္စည်းများကို ရုတ်တရက် ဖိထားပြီး သွားဖြီးကာ သတိပေးလိုက်သည်။

ထို့နောက် ခွေးလက်ဖဝါးဖြင့် မြေကြီးပေါ်တွင် ရေးလိုက်၏။

"ငါတို့အတူတူ နတ်ဘုရားခန်းမကို ဝင်တိုက်တယ်။ အတူတူ ပစ္စည်းခိုးတယ်။ အတူတူ သေအတူရှင်မကွဲ အခက်အခဲတွေကို ရင်ဆိုင်ခဲ့တယ်။ မင်း ညီအစ်ကိုကောင်းကို ဒီလိုလိမ်ညာရတာ လိပ်ပြာမလုံ မဖြစ်ဘူးလား။"*

နေမင်းအရှင်သခင်က လှည့်ကွက်ကို ရိပ်မိသွားသည်မှာ ထင်ရှားသည်။

တစ်ကြိမ် နှစ်ကြိမ်လောက် သူသတိမထားမိခဲ့ပေ။ နောက်ပိုင်း ပြန်ထုတ်ကြည့်မှ လုံးဝအသုံးမဝင်သော အမှိုက်သရိုက်များသာ ဖြစ်နေမှန်း သိလိုက်ရသည်။ ယခုအချိန်မှသာ သူက သဘောပေါက်သွားခြင်းဖြစ်သည်။

လခွမ်းတဲ့မှ။ ဘုန်းကြီးတွေက မလိမ်ဘူးလို့ ဘယ်သူပြောလဲ။ ငါ့ရှေ့ ထွက်လာခဲ့စမ်း။ ကိုက်သတ်ပစ်မယ်။

ဒီထိပ်ပြောင်လေးက ပါးစပ်ကနေ အမိုက်တွေချည်း ပြောနေတာ။ လိမ်တာတောင် ဇာတ်တိုက်စရာ မလိုဘူး။ ပါးစပ်ဟလိုက်တာနဲ့ အကုန်လုံး အလိမ်အညာတွေချည်းပဲ။

"ဒါဆို ဘယ်လိုလုပ်ရမလဲ ပြောလေ။" ရဟန်းငယ်က လက်နှစ်ဖက်ကို ဖြန့်ကာ အကွက်ပေါ်သွား၍ ဘာမှမတတ်နိုင်သည့်ပုံစံ ပြုလုပ်လိုက်သည်။

နေမင်းအရှင်သခင်က ရဟန်းငယ်နှင့် မြေကြီးပေါ်ရှိ ပစ္စည်းများကို ဟိုဟိုဒီဒီ အကဲခတ်ကြည့်လိုက်သည်။ ခဏအကြာတွင် ခွေးလက်ဖဝါးဖြင့် ပစ္စည်းနှစ်ပုံကို နေရာလဲလိုက်ပြီး စာတစ်ကြောင်း ရေးလိုက်သည်။

"ဒီလိုစီစဉ်တာ အကောင်းဆုံးပဲ။"

ရဟန်းငယ်က သက်ပြင်းချကာ ပစ္စည်းများကိုပိုက်ပြီး သိုလှောင်လက်စွပ်ထဲထည့်ရင်း ပြောလိုက်သည်။

"အကျိုးအမြတ်တွေအားလုံး သင့်ကို ပေးလိုက်ပြီ။ ကဲ သွားကြစို့။ အလုပ်ကြီးလုပ်ရဦးမယ်။ မနေ့က ခိုးနားထောင်မိတာ။ ဟိုယွီထန်ဆိုတဲ့ နတ်ဘုရားက လွန်ခဲ့တဲ့ ရက်အနည်းငယ်ကတည်းက ကောင်းကင်ခုံရုံး နတ်ဘုရားခန်းမကနေ ထွက်သွားပြီး ကောင်းကင်ပြည်နယ်ကို သွားတယ်တဲ့။ ကျုပ်တို့တွေသွားပြီး သူ့ရဲ့ဂူဗိမာန်ကို မွှေကြရအောင်။ အဖိုးတန်ပစ္စည်းတွေ အများကြီးရှိမှာ သေချာတယ်။"

ထိုသို့ပြောရင်း ရဟန်းငယ်၏မျက်လုံးများ တောက်ပလာကာ မျှော်လင့်ချက်ဖြင့် လက်ကို ပွတ်သပ်ပြီး တံတွေးများပင် ကျလာသည်။

နေမင်းအရှင်သခင်၏ မျက်လုံးများမှာ ထူးဆန်းနေသည်။

အတ္တကင်းမဲ့ဗုဒ္ဓ တစ်သက်လုံး ကြိုးစားပမ်းစားဖန်တီးခဲ့တဲ့ အကောင်းဆုံးလက်ရာက ဒီလိုမျိုး အရှက်မရှိတဲ့ကောင် ဖြစ်နေတာလား။

ရှက်စရာကောင်းလိုက်တာ။

"နေဦး။ ငါ အရင်ဆုံး ပစ္စည်းတွေ စစ်ကြည့်ဦးမယ်။ မင်းလိုထိပ်ပြောင်က ကောက်ကျစ်လွန်းတော့ ငါက ကြိုတင်ကာကွယ်ထားရမယ်။"

နေမင်းအရှင်သခင်က စာတစ်ကြောင်းရေးပြီး ဒြပ်စင်ငါးပါး လက်ကောက်တစ်ကွင်းကို ကောက်ယူကာ ဝိညာဉ်စွမ်းအင်များ ထည့်သွင်းပြီး အသက်သွင်းလိုက်သည်။

ချက်ချင်းဆိုသလိုပင်။

ဒြပ်စင်ငါးပါးစကြဝဠာလက်ကောက်မှ ဒြပ်စင်ငါးပါး နိယာမတရားများ တောက်ပလာပြီး၊ နတ်ဘုရား အလင်းရောင်များက ကောင်းကင်ကိုးထပ်အထိ ထွန်းလင်းသွားသည်။ အလွန်တရာ မြင့်မြတ်ပြီး ကြီးမြတ်သော သွင်ပြင်နှင့်အတူ ကြောက်မက်ဖွယ်ကောင်းသော တာအိုအငွေ့အသက်များ ပြည့်နှက်သွားသည်။

"အဟား။ တကယ် ပစ္စည်းကောင်းပဲ။" နေမင်းအရှင်သခင်၏ ခွေးမျက်လုံးများ တောက်ပသွားပြီး လက်ကောက်ကို ပြန်လည်ရုပ်သိမ်းရန် ပြင်လိုက်စဉ် ရုတ်တရက် ဘေးဘက်သို့ လှည့်ကြည့်လိုက်ရာ ကိုရင်လေး၏ ပြောင်နေသောခေါင်းမှ ချွေးများထွက်နေပြီး အပြစ်ရှိသကဲ့သို့ နောက်သို့ဆုတ်ကာ ထွက်ပြေးရန် နေရာရှာနေသည်ကို မြင်လိုက်သည်။ ချက်ချင်းပင် မကောင်းသော နိမိတ်တစ်ခုက ရင်ထဲ၌ ပေါ်လာ၏။

ဝုန်း။

ဘုန်း။

စကြဝဠာ ဒြပ်စင်ငါးပါးလက်ကောက် ပေါက်ကွဲသွားလေသည်။

နေမင်းအရှင်သခင်၏ ခွေးမျက်လုံးများ ပြူးကျယ်သွားကာ လန့်ဖျပ်ပြီး မြေကြီးပေါ်သို့ ဖင်ထိုင်လျက် လဲကျသွားသည်။ ခွေးမျက်နှာမှာ ကြောင်အမ်းအမ်းဖြစ်သွားပြီး ထိုနေရာမှာပင် သူ့ခွေးဘဝကို သံသယ ဝင်သွားမိသည်။

"ဝုတ် ဝုတ် ဝုတ်။"

သတိပြန်ဝင်လာသော နေမင်းအရှင်သခင်က ဒေါသတကြီးဖြင့် သွေးဆာနေသောပါးစပ်ကြီးကိုဟကာ ထိုကောက်ကျစ်တဲ့ ထိပ်ပြောင်ကို ကိုက်သတ်ရန် အတင်းလိုက်တော့သည်။

အလွန်အရုပ်ဆိုး အကျည်းတန်စွာ ဆဲဆိုနေပြီး စကြဝဠာတစ်ခုလုံး ပဲ့တင်ထပ်သွား၏။

အချို့သောနတ်ဘုရားများ၏အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ခဲ့သော်လည်း ကံကောင်းထောက်မစွာဖြင့် ထိုနတ်ဘုရားများက နေမင်းအရှင်သခင်၏ ခွေးဘာသာစကားကို နားမလည်ကြပေ။

ဟွေ့နန်းကမူ နားလည်ပြီး အသက်လုပြေးရင်း အော်ဟစ်ဖြေရှင်းနေသည်။

"ဘာစကားလဲ။ ရဟန်းတွေက ဘာလို့ မလိမ်ရမှာလဲ။ မုသားမဆိုရဘူးဆိုတာ ဗုဒ္ဓဘာသာကျောင်းတော်က စည်းမျဉ်းတွေပါ။ ကျုပ်က အပေါ်တစ်နပ်စားပြီး အောက်တစ်နပ်မရှိတဲ့ဘဝမို့ သေချာမတွက်ချက်ဘဲနေရင် လူတွေကို မကယ်တင်နိုင်ခင်မှာတင် ငတ်သေသွားလိမ့်မယ်။"

"ကျုပ်ရဲ့ရင်ထဲမှာ ဘုရားမရှိဘူးလို့ သင်ပြောတာလား။"

"ဘုရားဆိုတာ ဘာလဲ။ တာအိုဆိုတာ တာအိုမဟုတ်ဘူး။ ဇန်ဆိုတာ ဇန်မဟုတ်ဘူး။ ကိုယ့်ကိုယ်ကိုယ် အရင်ရှင်သန်အောင်နေပြီးမှ လောကကြီးကို စွန့်ကြဲပေးရမှာ။"

"ဆင်းရဲရင် ကိုယ့်ကိုယ်ကိုယ် အရင်ကောင်းအောင်လုပ်။ ချမ်းသာမှ တစ်လောကလုံးကို ကူညီဆိုတာ နားမလည်ဘူးလား။ ကျုပ်က အစွမ်းထက်လာအောင် သိုသိုသိပ်သိပ် နေရမယ်၊။အဲဒီကျမှ သတ္တဝါတွေကို ကူညီနိုင်မှာ။ သင်က တစ်နေကုန် စားလိုက်အိပ်လိုက်နဲ့ဆိုတော့ ပစ္စည်းကောင်းတွေထားလည်း အလကားပဲ။ ကျုပ်ကိုပေးလိုက်တော့ ဘာဖြစ်သွားမှာမို့လို့လဲ။"

...

...

နတ်ဘုရားများက ၎င်းမှာ ပြဇာတ်တစ်ခုသာဖြစ်ကြောင်း မြင်သောအခါ သံသယမဝင်တော့ဘဲ ဆက်လက်၍လည်း စိတ်မဝင်စားတော့ပေ။ အာရုံများကို တိတ်တဆိတ် ပြန်လည်ရုပ်သိမ်းကာ ရုပ်တုများကဲ့သို့ ပြန်လည်တည်ငြိမ်သွားပြီး ကောင်းကင်နှင့်မြေကြီးကြားရှိ တာအိုနိယာမအပိုင်းအစများကို ဆက်လက်၍ စုပ်ယူနေကြသည်။

အတန်ကြာသော်။

ဟွေ့နန်းသည် ဒဏ်ရာပြင်းထန်စွာ ရရှိထားသော ခန္ဓာကိုယ်ကို သယ်ဆောင်ကာ စိမ်းလမ်းစိုပြေပြီး ပန်းမန်သစ်ပင်များ ပြည့်နှက်နေသော ကြယ်တာရာတောင်ထိပ်တစ်ခုပေါ်တွင် လှဲလျောင်းနေသည်။ ဘေးတွင် နေမင်းအရှင်သခင်က မှောက်လျက်ရှိနေပြီး သိုလှောင်လက်စွပ်ကိုဖက်ကာ ပြန်လုယူလာသော ပစ္စည်းများကို သေချာရေတွက်နေသည်။ ထိုအခါမှကျေနပ်သွားပြီး အမြီးကို လှုပ်ခါလိုက်သည်။

ရဟန်းငယ်က ပျင်းရိစွာလှဲလျောင်းရင်း လက်မောင်းကိုခေါင်းအုံးကာ မိုးကုပ်စက်ဝိုင်းရှိ တိမ်တိုက်များကို ငေးကြည့်ရင်း ရုတ်တရက် ပြောလိုက်သည်။

"သင့်ကို သတင်းတစ်ခု ပြောပြမယ်။ နားထောင်ချင်လား။"

နေမင်းအရှင်သခင်က သတိထားနေသောမျက်နှာဖြင့် စာတစ်ကြောင်း ရေးလိုက်သည်။ "ပိုက်ဆံပေးရမှာလား။"

ရဟန်းငယ်က ရယ်လိုက်သည်။ "အခမဲ့ပါ။"

"ဒါဆိုလည်း ပြောလေ။"

ရဟန်းငယ်က သက်ပြင်းရှည်ကြီးချကာ ဆိုသည်။ "နယ်မြေနှစ်ခုကြားကစစ်ပွဲ စတင်နေပြီ။ ဧကရာဇ်က ကောင်းကင်ပြည်နယ်တစ်ခုလုံးကို တစ်ယောက်တည်း ရင်ဆိုင်နေတယ်။ အိုး.. ဧကရီလည်းပါမယ် ထင်တယ်။"

ထိုစကားကို ကြားသောအခါ နေမင်းအရှင်သခင် လန့်ဖျပ်သွားပြီး ရုတ်တရက် မတ်တတ်ရပ်လိုက်သည်။ ခွေးမျက်လုံးများပြူးကျယ်သွားကာ စိုးရိမ်တကြီးဖြင့် ဟိုဟိုဒီဒီလမ်းလျှောက်ရင်း တဝုတ်ဝုတ် ဟောင်နေသည်။

"ပြန်ပြီး စစ်ကူသွားစရာမလိုတော့ပါဘူး။ စစ်ပွဲက ပြီးသွားပြီ။" ရဟန်းငယ်က ပြောလိုက်သည်။

နေမင်းအရှင်သခင်က မျက်တောင်တဖျတ်ဖျတ်ခတ်ကာ ထိပ်ပြောင်က စကားကို တစ်ဝက်တစ်ပျက်သာ ပြောပြီး ပါးစပ်ပိတ်သွားသည်ကို မြင်သောအခါ မျက်လုံးမှိတ်၍ ဟောက်သံပေးကာ အိပ်ဟန်ဆောင်နေသည်ကို တွေ့ရသဖြင့် ဒေါသထွက်ကာ အစွယ်များကို ကြိတ်လိုက်မိသည်။

အတန်ကြာ တွေဝေပြီးနောက်။

နေမင်းအရှင်သခင်က မျက်စိစုံမှိတ်၊ စိတ်တင်းကာ သိုလှောင်လက်စွပ်ထဲမှရွေးချယ်ပြီး တုတ်တစ်ချောင်း ပစ်ချပေးလိုက်သည်။

ရဟန်းငယ်၏ဟောက်သံ အနည်းငယ် တိုးသွားသော်လည်း မျက်လုံးဖွင့်မည့်အရိပ်အယောင် မပြသေး။

လခွမ်းတဲ့မှ။

ဝါကြီးမှာ ဒေါသထွက်လွန်း၍ သတိမေ့လုနီးပါး ဖြစ်သွားပြီး ပစ္စည်း(၁၀)ခုကျော်ကို ဆက်တိုက် ပစ်ချပေးလိုက်မှသာ ရဟန်ငယ်က ခေါင်းထိုးထကာ မတ်တတ်ရပ်လိုက်ပြီး ပစ္စည်းများအားလုံးကိုသိမ်းလျက် အံ့သြဟန်ဆောင်ကာ ပြောလိုက်သည်။

"ဟမ်။ ဘယ်သူ ပစ်ချသွားတာလဲ။ လိုချင်တဲ့သူ မရှိဘူးလား၊ ဒါဆိုရင် ကျုပ်ပဲ သိမ်းထားလိုက်တော့မယ်။"

"ဟုတ်တယ်။ ဧကရာဇ် နိုင်သွားပြီ။ အခုကစပြီး တောရိုင်းမြေက အင်အားအကြီးဆုံး ဖြစ်သွားပြီ။"

ထိုစကားကို ကြားသောအခါမှ နေမင်းအရှင်သည် ချွေးပြန်သွားပြီး စိတ်အေးသွားတော့သည်။ ခွေးမျက်နှာပေါ်တွင် လူလိုအပြုံးမျိုး ပေါ်လာပြီး အလွန်ကျေနပ်သွားသည်။

တကယ်ပဲ။ အဲဒီမျက်မမြင်က လောကမှာ ပြိုင်ဘက်ကင်းတယ်ဆိုတာ ဒီအရှင်သခင် သိပြီးသားပါ။

ဟွေ့နန်းက ရုတ်တရက် ခေါင်းလှည့်လာပြီး အပြုံးများ ပျောက်ကွယ်သွားသည်။

"ဒါပေမယ့် စောစောစီးစီး မပျော်နဲ့ဦး။ ယွီထန်က ဘာလို့ ပျောက်သွားလဲဆိုတာ သိလား။"

နေမင်းအရှင်သခင်က အံ့အားသင့်သွားပြီး ခေါင်းရမ်းလိုက်သည်။

ဟွေ့နန်းက အသက်ပြင်းပြင်းရှူကာ တည်ကြည်စွာ ပြောလိုက်သည်။

"ကျုပ်ခန့်မှန်းတာ မမှားဘူးဆိုရင် သူ ကောင်းကင်ပြည်နယ်ကို သွားတာက နောက်ဆုံးစစ်ပွဲရဲ့ လက္ခဏာတွေကို ကြိုတင်သိနေလို့ပဲ။ အဲဒါကြောင့် ကောင်းကင်ပြည်နယ်မှာ ကြိုတင်ချောင်းမြောင်းနေခဲ့တာ။ နယ်မြေနှစ်ခုစစ်ပွဲမှာ တစ်ဖက်ဖက်ကတော့ သေချာပေါက် ပျက်စီးရမှာပဲ။ ဘယ်သူနိုင်နိုင် ဘယ်သူရှုံးရှုံး ယွီထန်က သေဆုံးသွားတဲ့ ကျင့်ကြံသူတွေရဲ့ တာအိုနိယာမတွေကို စုပ်ယူပြီးတော့ သူ့ကိုယ်သူ အမြန်ဆုံး ဖြည့်တင်းနိုင်လိမ့်မယ်။ နောက်ဆုံးရသတင်းတွေအရဆို ကောင်းကင်မဟာမိတ်အဖွဲ့က ကောင်းကင်ထောက်တိုင် ကျင့်ကြံသူတော်တော်များများနဲ့ ကောင်းကင်နယ်ပယ်တစ်ပိုင်းရှိတဲ့သူ တစ်ယောက် စစ်ပွဲမှာ ကျဆုံးသွားတယ်..."

"ဒါဆို ယွီထန် ဒါကိုအခွင့်ကောင်းယူပြီး ကောင်းကင်နယ်ပယ်ကို ချက်ချင်း လှမ်းတက်သွားတော့မယ်လို့ တွေးကြည့်လို့ရတယ်။"

"ဆိုလိုတာက ဒီစစ်ပွဲရဲ့ အကြီးမားဆုံးအနိုင်ရသူက အမှောင်ထဲမှာ ပုန်းအောင်းနေတဲ့ ရှုံးနိမ့်ခြင်းမရှိတဲ့ သိုင်းပညာနတ်ဘုရား ယွီထန်ပဲ။”

…

အပိုင်း(၃၅၈) လက်ရှိအခြေအနေကို ဆက်ထိန်းထားခြင်း၊ ကောင်းကင်နယ်ပယ်၏ ဖိအားပေးမှု

ကောင်းကင်ပြည်နယ်။

မြူခိုးမိုးဖွဲလေးများ လွှမ်းခြုံနေပြီး လမ်းမများ စိုစွတ်နေသည်။ ခေါင်မိုးစွန်းများနှင့် စင်္ကြံတံတားများတွင် ပုလဲလုံးလေးများလိုရေစက်များ တွဲလောင်းကျနေသည်။ ဤနေရာသည် ချင်းလွမ်ထျန်းနယ်မြေ၏ အစွန်အဖျား မြို့ငယ်လေးတစ်မြို့ ဖြစ်သည်။

မျက်လုံးတွင် ပိုးသားအနက်ရောင်စည်းထားပြီး ဆံပင်ရှည်များကို ပခုံးပေါ်ချထားသည့် လူငယ်တစ်ဦးက လက်ဖက်ရည်ပူပူတစ်ခွက်ကိုကိုင်ကာ အရသာခံသောက်သုံးနေသည်။ ရင်ထဲမှဝမ်းထဲအထိ နွေးထွေးသွားကာ အသက်ပြင်းပြင်း ရှူလိုက်သည်။ နှာခေါင်းထဲတွင် မြေကြီးနံ့နှင့် ပန်းမန်သစ်ပင်များ၏ရနံ့တို့ ပြည့်နှက်နေပြီး လတ်ဆတ်သောလေထုက ဦးနှောက်ကို ကြည်လင်သွားစေသည်။

နယ်မြေနှစ်ခု၏စစ်ပွဲ ပြီးဆုံးသွားပြီ ဖြစ်သည်။

ကောင်းကင်မဟာမိတ်အဖွဲ့မှ ကျင့်ကြံသူများသည် သာမန်ပြည်သူများကို လှိုဏ်ဂူငယ်များနှင့် ကမ္ဘာငယ်လေးများထဲမှ ခေါ်ဆောင်လာပြီး နေရပ်သို့ ပြန်လည်ပို့ဆောင်ပေးနေကြသည်။ အချို့သော နေရာများမှာ ပျက်စီးသွားပြီဖြစ်၍ အခြားမြို့များသို့ ပြန်လည်နေရာချထားပေးရသည်။

ဤအရာအားလုံးကို ကောင်းကင်မဟာမိတ်အဖွဲ့၏ခေါင်းဆောင် လီတိုင်ယွမ်က ဦးဆောင်စီစဉ်နေခြင်း ဖြစ်သည်။

တုန်းဖန်လျူလီသည် မဟာကျင်းတိုင်းပြည်သို့ ပြန်သွားပြီ ဖြစ်သည်။ သူ့တွင် ဖြေရှင်းရန်ကိစ္စများစွာ ကျန်ရှိနေသေးပြီး ငါးပိကောင်လောက် သက်တောင့်သက်သာ အားလပ်မနေပေ။

ဖျောက်... ဖျောက်... ဖျောက်.

လမ်းမအဆုံးမှ ကိုယ်လုံးကိုယ်ပေါက် လှပသွယ်လျသော မိန်းမပျိုတစ်ဦးသည် ဆီစိမ်စက္ကူထီးလေးကို ဆောင်းကာ ဖြည်းညှင်းစွာ လျှောက်လာသည်။ မြို့ငယ်လေးတစ်ခုလုံးတွင် အနက်ရောင်ဝတ်လူငယ်တစ်ဦးတည်းသာ ရှိနေရာမှ ယခုအခါ ဝင်ရောက်လာသူ နောက်တစ်ဦး ထပ်တိုးလာခြင်းဖြစ်သည်။

မိန်းမပျို၏ မျက်ဝန်းများက တောက်ပနေပြီး ရင်သားများက စွင့်ကားနေသည်။ အတွင်းဘက်တွင် ငွေရောင်သံချပ်ကာကိုဝတ်ဆင်ထားပြီး အပြင်မှ ဝတ်ရုံဖြူကို ခြုံလွှမ်းထားကာ ဆံပင်ကို မြင်းမြီးပုံစံ အမြင့်စည်းထားသည်။ သူက ဝါးဓားတစ်လက်ကို ကိုင်ဆောင်ထားပြီး လက်ဖက်ရည်ဆိုင်ထဲသို့ တည့်မတ်စွာ ဝင်လာကာ အနက်ရောင်ဝတ်လူငယ်နှင့် မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်သည်။

သူတို့နှစ်ဦးစလုံးက စကားတစ်ခွန်းမှ မဆိုဘဲ အပြင်ဘက်မှ ရှုခင်းကိုသာ ခံစားရင်း လက်ဖက်ရည် သောက်နေကြသည်။ မည်သူကမျှ အရင်စကားမဟကြပေ။

အတန်ကြာသော်။

လီတိုင်ယွမ်က ရှေ့မှလူကို ရှုပ်ထွေးသော အကြည့်များဖြင့် စိုက်ကြည့်ရင်း ပြောလိုက်သည်။

"ရှင်က ကောင်းကင်ပြည်နယ်ကို ကောင်းကင်မဟာမိတ်အဖွဲ့ရဲ့ စီမံခန့်ခွဲမှုအောက်မှာ ဆက်ထားဖို့ တကယ် သဘောတူလိုက်တာလား။ ပြီးတော့ ကျိဝူရွှမ်ကိုလည်း မသတ်ဘဲ ကောင်းကင်ပြည်နယ်ရဲ့ ကံကြမ္မာ အထောက်အပံ့တွေကို ဆက်ပြီး သယ်ဆောင်ခိုင်းထားဦးမလို့လား။"

"နယ်မြေနှစ်ခု လုံးဝပူးပေါင်းသွားရင် ကံကြမ္မာအာဏာစက်တွေ ပေါ်ထွက်လာပြီး လူသားဧကရာဇ်နေရာ ပေါ်လာမှာကို ရှင် စိုးရိမ်နေတာလား။ အဲဒီအချိန်ကျရင် ရေနက်ထဲမှာ ပုန်းအောင်းနေတဲ့ နောက်ကွယ်က ကြိုးကိုင်သူတွေက လောကကြီးကိုထွက်လာပြီး ရှုပ်ထွေးအောင်လုပ်မှာကို စိုးရိမ်လို့လား။"

အနက်ရောင်ဝတ်လူငယ်က အေးတိအေးစက်ဖြင့် ပြောလိုက်သည်။

"ဟုတ်တယ်။"

"ဆယ်နှစ်အတွင်း နယ်မြေနှစ်ခုက တစ်ဖက်နဲ့တစ်ဖက် မကျူးကျော်ဘူး။ မနှောင့်ယှက်ဘဲ ကိုယ့်ဘာသာ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ကြမယ်။"

"မင်းက ရှုံးနိမ့်မှုကို မကျေနပ်ရင်လည်း ဒီဆယ်နှစ်အတွင်းမှာ ကြိုးစားပြီးတော့ အမီလိုက်နိုင်တယ်။ ဇာတ်သိမ်းကို ပြောင်းလဲနိုင်ကောင်း ပြောင်းလဲနိုင်လိမ့်မယ်။ ဒါပေမယ့် ငါ မင်းကို တစ်ခွန်း အကြံပေးချင်တယ်။ မင်းတို့မိသားစုရဲ့ဘိုးဘေး လီယဲ့က တိတ်တဆိတ် အညံ့ခံလိုက်ပြီ။ မင်းက ကောင်းကင်မဟာမိတ်အဖွဲ့ရဲ့ ခေါင်းဆောင်အဖြစ် ဆက်လုပ်ချင်သေးတယ်ဆိုရင် လီမိသားစုနဲ့ ချက်ချင်း အဆက်အသွယ်ဖြတ်လိုက်တော့။ ဒါမှ လီမိသားစုတစ်စုလုံး တောရိုင်းမြေကို ပြောင်းရွှေ့နိုင်မှာ ဖြစ်ပြီးတော့ မိသားစု မျိုးဆက်မပြတ်အောင် ချန်ထားနိုင်လိမ့်မယ်။"

လီတိုင်ယွမ်က ခပ်ဟဟ ရယ်လိုက်ပြီး သူ၏မျက်ဝန်းထဲတွင် ဝမ်းနည်းမှုများ ပြည့်နှက်နေသည်။

ကောင်းကင်မဟာမိတ်အဖွဲ့ မဟာမိတ်ခေါင်းဆောင်အဖြစ် ဆက်လုပ်မလား။ ဒါမှမဟုတ် လီမိသားစုဆီ ပြန်ပြီးတော့ မိသားစုခေါင်းဆောင်အဖြစ် ဆက်နေမလား။

အကယ်၍ ဒုတိယတစ်ခုသာဆိုလျှင် ကျန်ရှိနေသေးသော ဘဝတစ်လျှောက်လုံး သက်တောင့်သက်သာ ပို၍နေနိုင်မည် ဖြစ်သည်။

"ကျွန်မ မဟာမိတ်ခေါင်းဆောင်ရာထူးကနေ နုတ်ထွက်မှာ မဟုတ်ဘူး။"

အတန်ကြာ စဉ်းစားပြီးနောက် လီတိုင်ယွမ်က ခိုင်မာပြတ်သားစွာ ပြောလိုက်သည်။

"ရွှေရောင်ခေတ်ကြီးမှာ လူတိုင်းက နဂါးတွေလိုပဲ။ ကျွန်မကိုယ်ကျွန်မ ဘယ်သူ့ထက်မှ မညံ့ဘူးလို့ ထင်တယ်။ တစ်သက်လုံး ကြိုးစားရင်တောင် ရှင့်ခြေလှမ်းတွေကို မမီနိုင်ဘူးဆိုရင်တောင်၊ ရှင့်ရဲ့အကာအကွယ် အောက်မှာ အေးအေးဆေးဆေး ဘဝကိုဖြတ်သန်းသွားဖို့ ကျွန်မ ဆန္ဒမရှိဘူး။"

ထိုသို့ပြောရင်း။

လီတိုင်ယွမ် မတ်တတ်ရပ်လိုက်ကာ ဆီစိမ်စက္ကူထီးကိုဆောင်းပြီး မိုးထဲသို့ ထွက်သွားခဲ့သည်။ သူက ကျောခိုင်းထားလျက် ခေါင်းကို အနည်းငယ်စောင်းကာ ပြောလိုက်သည်။

"ဒီနေ့ကစပြီး ကျွန်မနဲ့ မဟာကျင်းက ပြိုင်ဘက်တွေဖြ စ်သွားပြီ။ ဧကရီတဲ့လား..."

"သူက မွေးရာပါဧကရာဇ်လို့ အားလုံးက ပြောကြပေမယ့်။ ဟင်း... ကျွန်မကတော့ လက်မခံဘူး။ စောင့်ကြည့်နေလိုက်ပါ။ သူ့ထက် ကျွန်မက တစ်လောကလုံးရဲ့အရှင်သခင်ဖြစ်ဖို့ ပိုသင့်တော်တယ်ဆိုတာ ရှင့်ကို သက်သေပြမယ်။"

ထိုသို့ပြောပြီးနောက်။

လီတိုင်ယွမ်သည် မြူခိုးမိုးဖွဲများကြားတွင် ပျောက်ကွယ်သွားပြီး သူ၏ခြေသံများလည်း တဖြည်းဖြည်း ဝေးကွာသွားကာ လုံးဝပျောက်ကွယ်သွားတော့သည်။

သူ ထွက်ခွာသွားချိန်တွင်။

လမ်းမအနှံ့ တိတ်တဆိတ်ပုန်းအောင်းနေသော အရိပ်အချို့လည်း တိတ်ဆိတ်စွာ ဆုတ်ခွာသွားကြသည်။

ထိုအထဲတွင် လုံညီအစ်မများ၊ လင်းမိသားစုမှ ပါရမီရှင်များ အစရှိသူတို့ ပါဝင်သည်။ သူတို့၏ မျက်ဝန်းများတွင် ရှုပ်ထွေးသော အရိပ်အယောင်များဖြင့် မဟာမိတ်ခေါင်းဆောင် ထွက်ခွာသွားသည်နှင့်အမျှ ဒီရေများလို လိုက်ပါသွားကြသည်။

မြို့ငယ်လေး၏ အပြင်ဘက်တွင်။

လီတိုင်ယွမ်သည် ဆီစိမ်စက္ကူထီးကို လွှင့်ပစ်လိုက်ပြီး ဖြူဝင်းချောမွေ့သော မျက်နှာပေါ်သို့ မိုးရေများ ကျဆင်းခွင့်ပြုကာ မျက်လုံးများကိုမှိတ်လျက် စကားတစ်ခွန်းမှ မဆိုဘဲ ရပ်နေသည်။

သူ၏နောက်မှ လူအချို့မှာလည်း တိတ်ဆိတ်စွာဖြင့် စကားမပြောရဲကြပေ။

"ငါ့အနားမှာ အစေခံအဖြစ် အယောင်ဆောင်ပြီးတော့ ကောင်းကင်ကြည့်ဆောင်ရဲ့ သခင်လေးအဖြစ် ဟန်ဆောင်ခဲ့တဲ့သူက မျက်စိတစ်မှိတ်အတွင်းမှာပဲ ငါလှမ်းမမီနိုင်တဲ့ နေရာမှာ ရပ်တည်နေလိမ့်မယ်လို့ ဘယ်သူ ထင်မှာလဲ။"

"ရှင် ကျွန်မကို နယ်ရုပ်လေးတစ်ရုပ်လို သဘောထားပြီးတော့ ကောင်းကင်မဟာမိတ်အဖွဲ့ကို ကြိုးကိုင်ပြီး ရှင့်အတွက် အချိန်ပိုရအောင် လုပ်ခဲ့တယ်။ ကောင်းပြီလေ... ရှင့်ရဲ့အဲဒီလျစ်လျူရှုမှုကိုပဲ အသုံးချပြီးတော့ ကျွန်မ ပြန်လည်အင်အားမွေးပြီးတော့ မဟာကျင်းတိုင်းပြည်ကို ခြေအောက်မှာ နင်းပြမယ်။"

လီတိုင်ယွမ်က သူ့ဘာသာ ရေရွတ်နေခြင်းဖြစ်သည်။ ဤစကားများက သူ့ကိုယ်သူ ပြောနေခြင်းသာ ဖြစ်သည်။

"သွားမယ်။ ကောင်းကင်မဟာမိတ်အဖွဲ့ကို ပြန်လည်တည်ဆောက်ဖို့ ပြန်ကြစို့။"

ခြေလှမ်းလှမ်းရန် ပြင်လိုက်စဉ်။

ရုတ်တရက်။

မြို့ပြင်လမ်းငယ်လေးပေါ်တွင် လူငယ်လေးတစ်ဦးက လွတ်လပ်ပေါ့ပါးစွာ လမ်းလျှောက်လာပြီး မြို့ငယ်လေးဆီသို့ တစ်လှမ်းချင်း ချဉ်းကပ်လာသည်။

သည်းထန်စွာ ရွာသွန်းနေသော မိုးရေများက လူငယ်လေး၏ခန္ဓာကိုယ်ကို ရှောင်ဖယ်သွားကာ ဘေးနှစ်ဖက်သို့ အလိုအလျောက် ကွဲထွက်သွား၏။ သစ်ရွက်တစ်ရွက်မျှပင် မတင်နိုင်အောင် ဖြစ်နေသည်။

လီတိုင်ယွမ်၏ မျက်ဝန်းများ ကျဉ်းမြောင်းသွားပြီး ရုတ်တရက် တစ်စုံတစ်ရာကို တွေးမိသွားဟန်ဖြင့် သူ့နောက်မှ လူများကို လက်ကာပြကာ ထိုလူငယ်လေးကို ဂရုမစိုက်ရန် အချက်ပြလိုက်သည်။

သူတို့နှစ်ဖက် ပခုံးချင်းယှဉ်လျက် ဖြတ်သွားချိန်တွင်။

လူငယ်လေးက အေးတိအေးစက်ဖြင့် ခေါင်းလှည့်ကာ လီတိုင်ယွမ်ကို တစ်ချက်ကြည့်လိုက်ပြီး၊ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခုပေါ်လာကာ ပြောလိုက်သည်။ "စိတ်ဝင်စားစရာပဲ။"

...

...

မုန့်ချင်ကျိုးက လက်ဖက်ရည်ပူကို ကိုင်ထားရင်း အတွေးပေါင်းစုံဝင်လာကာ စိတ်ထဲတွင် လွန်ဆွဲနေ၏။

ကောင်းကင်ပြည်နယ်ကို ပေါင်းစည်းလိုက်လျှင် စနစ်၏ဆုလာဘ်က သေချာပေါက် အလွန်များပြားမည် ဖြစ်ပြီး ကောင်းကင်နယ်ပယ်ကို တစ်ဟုန်ထိုး တက်လှမ်းနိုင်ရန် လုံးဝပြဿနာမရှိပေ။

သို့သော် မကြာသေးမီက တွေ့ကြုံသိမြင်ခဲ့ရသည်များက သူ့ကို တုံ့ဆိုင်းသွားစေ၏။

ကံကြမ္မာအာဏာစက် အပြည့်အစုံ ဖြစ်သွားသည်နှင့် တစ်ပြိုင်နက် တုန်းဖန်လျူလီသည် ဒုတိယမြောက် လူသားဧကရာဇ်အဖြစ် နန်းတက်လာနိုင်ပြီး ကောင်းကင်တာအိုတွင် ကြီးမားသော ပြဿနာရှိနေသည်မှာ သိသာပေသည်။

ပထမဆုံးလူသားဧကရာဇ် ပျောက်ဆုံးသွားမှုက ကောင်းကင်တာအိုနှင့် လုံးဝပတ်သက်မှုရှိနေသည်။

ထို့အပြင်။

ထိုစဉ်က လူသားဧကရာဇ်ကို အလစ်တိုက်ခိုက်ပြီး ကောင်းကင်ဘုံကို ပျက်စီးစေခဲ့သော နောက်ကွယ်က ကြိုးကိုင်သူများကို ယနေ့အထိ အရိပ်အယောင်မျှပင် မတွေ့ရသေးပေ။

နယ်မြေနှစ်ခုပေါင်းစည်းသွားလျှင် နောက်ကွယ်ကကြိုးကိုင်သူများ ပေါ်လာမည်လား။

ထို့ပြင် ကောင်းကင်ကြည့်ဆောင် ဂိုဏ်းချုပ်ကြီး၏ မရှင်းမလင်းဖြစ်နေသော သဘောထားများနှင့် ခန္ဓာကိုယ်ထဲတွင် အကြောင်းရင်းမရှိပေါ်လာသော ကိုးကွယ်မှုရွှေရောင်ခန္ဓာကိုယ်ကလည်း သံသယဖြစ်စရာများ ချည်းသာ ဖြစ်သည်။

ရုတ်တရက် ခြေသံများ နီးကပ်လာ၏။

ငယ်ရွယ်ပြီး အေးချမ်းသော အသံတစ်ခု ထွက်ပေါ်လာသည်။ "ညီအစ်ကို။ မိုးခိုရင်းနဲ့ ရေတစ်ခွက်လောက် တိုက်ပါလား။"

ထိုစကားကို ကြားသောအခါ။

မုန့်ချင်ကျိုးက အသံကို ရင်းနှီးနေသလိုခံစားရသော်လည်း သိပ်ဂရုမစိုက်ဘဲ လက်ဖက်ရည်တစ်ခွက် အပြည့်ငှဲ့ကာ တွန်းပေးလိုက်ပြီး ပြောလိုက်သည်။

"သောက်ပါ။"

လူငယ်လေးက သူ၏မျက်နှာချင်းဆိုင်တွင်ထိုင်ကာ ခွက်ကိုကိုင်ရင်း သက်ပြင်းချကာ ပြောလိုက်သည်။

"ဒီမိုးက တော်တော်လေး သည်းတာပဲ၊ ကောင်းကင်ကြီး ပေါက်သွားသလား အောက်မေ့ရတယ်။ မင်းက ဒီမြို့က ဒေသခံလား။"

မုန့်ချင်ကျိုးက ခေါင်းယမ်းကာ တည်ငြိမ်စွာ ပြောလိုက်သည်။ "မဟုတ်ဘူး။ ဖြတ်သွားရင်းနဲ့ မင်းလိုပဲ မိုးဝင်ခိုတာ။"

လူငယ်က ခေါင်းညိတ်လိုက်ပြီး တိတ်ဆိတ်သွားသည်။

အမွှေးတိုင်တစ်တိုင်စာ အချိန်ကြာပြီးနောက်။

မိုးတဖြည်းဖြည်း တိတ်သွားရာ လူငယ်က မတ်တတ်ရပ်ပြီး အရိုအသေပေးလျက် ပြောလိုက်သည်။ "ကျေးဇူးတင်ပါတယ်။"

"ဒါက ငါ့ဆိုင်မှ မဟုတ်တာ။ ကျေးဇူးတင်စရာ မလိုပါဘူး။" မုန့်ချင်ကျိုးက ပြောလိုက်သည်။

မည်သူထင်လိမ့်မည်နည်း။

လူငယ်က ပြောလိုက်သည်။ "မဟုတ်ဘူး။ ငါ မင်းကို ကျေးဇူးတင်တာက တခြားကိစ္စအတွက်ပါ။"

ထိုအခါမှသာ မုန့်ချင်ကျိုး၏ လွင့်မျောနေသောအတွေးများ ရုတ်တရက် ပြန်လည်စုစည်းလာပြီး၊ သူ၏အရှိန်အဝါများ ရုတ်ခြည်း ထက်မြက်လာသည်။ ဤအသံကို အဘယ်ကြောင့် ရင်းနှီးနေရသနည်းဆိုသည်ကို နောက်ဆုံးတော့ သူ သိသွားခဲ့ပြီ ဖြစ်သည်။

ထိုစဉ်က နံနက်ခင်းအလင်းနယ်ပယ်သို့ ချိုးဖျက်တက်ရောက်စဉ်တွင် ကောင်းကင်အတိဒုက္ခထဲ၌ နတ်ဘုရားငယ်တစ်ပါးနှင့် မျက်နှာချင်းဆိုင် တွေ့ခဲ့ဖူးသည်။ သူသည် [လင်း၊ ပိုင်၊ သော်၊ ကျဲ၊ ကျိ၊ ကျန်း၊ လီ၊ ချန်၊ ရှင်း] ဟူသော စကားလုံး(၉)လုံးကို အသုံးပြုခဲ့သည်။

"ဪ... ဒီလိုကိုး။" မုန့်ချင်ကျိုးက လက်ဖက်ရည်ပခွက်ကို ညှစ်ခွဲလုမတတ် ဖြစ်သွားသော်လည်း သူ၏ ထက်မြက်သော အရှိန်အဝါများကို ပြန်လည်လျှော့ချလိုက်ပြီး ပြောလိုက်သည်။

"နန်းဆောင်သခင်(၁၀)ယောက်ရဲ့ တာအိုနိယာမကျင့်ကြံမှုတွေကို စုပ်ယူသွားတာ ခင်ဗျားကိုး။"

လူငယ်က တောက်ပစွာဖြင့် ပြုံးလိုက်သည်။ "ဟုတ်တယ်လေ။ ဒါကြောင့် ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကောင်းမှုကုသိုလ် လုပ်တဲ့အဆုံးထိ ဆက်လုပ်တဲ့အနေနဲ့ ဟောင်တုကို လွှတ်ပေးလိုက်ပါ။ ဘယ်လိုပဲဖြစ်ဖြစ် သူက နတ်ဘုရားတွေထဲကတစ်ပါးပဲလေ။ မင်းရဲ့ ဖမ်းဆီးချုပ်နှောင်မှုကို မခံသင့်ဘူး။"

မုန့်ချင်ကျိုး လက်ထဲမှ လက်ဖက်ရည်ခွက်ကို လှည့်ရင်း မျက်မှောင်အနည်းငယ်ကြုတ်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။

"ခင်ဗျားကို တိတ်တဆိတ်နဲ့ အကျိုးအမြတ်တွေ ရယူခွင့်ပေးထားတာ ကျေးဇူးမတင်တဲ့အပြင် ထပ်ပြီး တောင်းဆိုချင်နေသေးတာပဲ။ ဘာက ခင်ဗျားကို ဒီလောက် ယုံကြည်မှုတွေ ပေးထားတာလဲ။"

"ငါ ကောင်းကင်နယ်ပယ်ကို ပြန်ရောက်နေပြီလေ။ ဒီလောက် နောက်ခံအင်အားဆို လုံလောက်ပြီလား။" လူငယ်က ပြုံးနေရင်း ဆက်လက်ပြောလိုက်သည်။

"ပြီးတော့ မင်းမွေးထားတဲ့ ခွေးဝါကြီးနဲ့ ရဟန်းငယ်လည်း နတ်ဘုရားခန်းမထဲမှာ ရောက်နေတယ်။ အခုချိန်လောက်ဆို သူတို့ ပစ္စည်းတွေ ခွဲဝေပြီးတော့ ငါ့ရဲ့ခန်းမထဲကို ဘယ်လိုဖောက်ထွင်းဝင်ပြီး ရတနာတွေ ခိုးရမလဲလို့ တိုင်ပင်နေလောက်ပြီ။"

လူငယ်က လက်ကိုဆန့်ထုတ်ကာ လက်ညှိုးကွေးယမ်းပြရင်း ပြောလိုက်သည်။ "ပေးပါ။"

အစအဆုံး သူက ပြုံးနေခဲ့သည်။ တောက်ပနွေးထွေးနေပြီး အိမ်နီးချင်းမှ ညီလေးတစ်ယောက်လိုပင်။

သို့သော် ထိုအပြုံးက အတုအယောင် ဖြစ်သည်။

သူ မည်သို့ပင် ဟန်ဆောင်နေပါစေ အရိုးထဲတွင် စိမ့်ဝင်နေသော မောက်မာမှု၊ အာဏာရှင်ဆန်မှုများကို မည်သည့်အခါမျှ ဖျောက်ဖျက်၍မရနိုင်ပေ။

နေမင်းအရှင်သခင်၊ ဟွေ့နန်း...

မုန့်ချင်ကျိုးက လက်တစ်ဖက်ဖြင့် ရုတ်တရက် ဖမ်းဆုပ်လိုက်ပြီး စိမ်းမြမြအရောင်ရှိသော ပုံမှန်မဟုတ်သည့် စိန်ပွင့်ပုံဆောင်ခဲတစ်ခုကို ပစ်ထုတ်လိုက်သည်။ စားပွဲပေါ်တွင် တလိမ့်လိမ့် လိမ့်သွားပြီးနောက် ပြောလိုက်သည်။ "ဟောင်တုရဲ့ နတ်ဘုရားအမြုတေပဲ။"

လူငယ်က မျက်မှောင်ကြုတ်လိုက်သည်။ "ဟောင်တုကော။"

"သေပြီ။"

လူငယ်က ရယ်မောလိုက်ပြီး ခေါင်းယမ်းကာ ပြောလိုက်သည်။ "ငါ့ကို လာမလိမ်ပါနဲ့။ ငါက ထိပ်တန်းအဆင့်နတ်ဘုရား၊ နတ်ဘုရားတွေကိုအုပ်စိုးတဲ့သူပါ။ ဟောင်တုရဲ့ အခြေအနေကို ရှင်းရှင်းလင်းလင်း မြင်နိုင်တယ်။ သူက ကောင်းကင်တာအိုဆီကို ပြန်မရောက်သေးဘူးဆိုတော့ အကောင်းကြီး သက်ရှိထင်ရှား ရှိနေသေးတယ်ဆိုတာ ပြနေတာပဲ။"

"ဟုတ်လား။"

မုန့်ချင်ကျိုးက အချိန်-နေရာလွတ် မြစ်ကြီးအောက်တွင် ဖိနှိပ်ထားသော ဟောင်တု၏ ခန္ဓာကိုယ် အစစ်အမှန်ကို ဆွဲထုတ်လိုက်ပြီး လက်ညှိုးနှင့်လက်ခလယ်ပူးကာ သူ၏ခေါင်းပေါ်ထောက်ပြီး ပြောလိုက်သည်။ "ကျုပ် အချိန်မရွေး သူ့ကို သေခိုင်းလို့ရတယ်။"

ထိုစကားကို ကြားသောအခါ။

လူငယ်က စကားမပြောတော့ဘဲ အပြုံးများ ပျောက်ကွယ်သွားသည်။ လက်ညှိုးဖြင့် စားပွဲကိုခေါက်ရင်း မုန့်ချင်ကျိုးကို အေးစက်စွာ စိုက်ကြည့်နေသည်။

အတန်ကြာသော်။

"နတ်ဘုရားတွေက သေရင်တောင် ပြန်ရှင်သန်နိုင်သေးတယ်။ မင်းရဲ့ အိမ်မွေးတိရစ္ဆာန်နဲ့ ရဟန်းငယ်က သေသွားရင်တော့ တကယ်ပဲ သေသွားပြီနော်။"

"သေချာစဉ်းစားပါ။"

"ငါ့ကို ဘယ်လိုသဘောထားမျိုးနဲ့ စကားပြောရမလဲဆိုတာ နားလည်လား။"

မုန့်ချင်ကျိုးက တိတ်ဆိတ်နေပြီး ဓားအရှိန်အဝါများ စုစည်းလာကာ နဂါးတစ်ကောင်အလား လှိုင်းထန်လာ၏။

လူငယ်က ဆက်ပြောလိုက်သည်။

"နောက်ထပ် သတိပေးလိုက်ဦးမယ်။ လှုပ်ရှားရဲရင် မင်း သေချာပေါက် သေမယ်။ မင်းကို မသတ်တာက မလိုအပ်ဘူးလို့ ထင်လို့ပဲ။ နတ်ဘုရားတွေက ကျင့်ကြံဖို့ မလိုဘူး။ ကံကြမ္မာဆိုတာတွေကိုလည်း မလိုအပ်ဘူး။"

"ငါလိုချင်တာက နှစ်မျိုးပဲ။ တစ်ခုက ကောင်းကင်ကြည့်ဆောင်လက်ထဲက နတ်ဘုရားတွေရဲ့အမြုတေ။ ဒုတိယတစ်ခုက ကောင်းကင်တာအို ပြန်လည်နိုးထလာဖို့ပဲ။ မင်းရဲ့အလားအလာ ဘယ်လောက်ရှိလဲ။ ပါရမီ ဘယ်လောက်ရှိလဲ ငါ ဂရုမစိုက်ဘူး။"

"ကောင်းကင်တာအို နိုးထလာတဲ့အခါ မင်းက ပထမဆုံး သေရမယ့်လူပဲ။ အခု မင်းကို သတ်စရာ အကြောင်းမရှိဘူး။"

"အခု သေချာ စဉ်းစားပြီးပြီလား။"

မုန့်ချင်ကျိုး၏ ပူးထားသော လက်ချောင်းနှစ်ချောင်းက ဟောင်တု၏မျက်ခုံးနှစ်ခုကြားသို့ တဖြည်းဖြည်း စိုက်ဝင်သွားသည်။

ဟောင်တုက ကူကယ်ရာမဲ့စွာဖြင့် ဟိုဟိုဒီဒီ ကြည့်နေပြီး ကြောင်အမ်းအမ်း ဖြစ်နေဆဲ ဖြစ်သည်။ လူငယ်၏မျက်နှာကို မြင်လိုက်ရသည့် အချိန်ကျမှသာ သူ၏မျက်နှာအမူအရာ ရုတ်တရက် ပြင်းထန်စွာ ပြောင်းလဲသွားပြီး အလန့်တကြား အော်ဟစ်လိုက်သည်။ " [ယွီထန်]"

ထို့နောက် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသော မုန့်ချင်ကျိုးကို ကြည့်လိုက်သောအခါ ဟောင်တုက လက်ရှိ အခြေအနေကို နောက်ဆုံးတွင် သဘောပေါက်သွားပြီး ပြောလိုက်သည်။

"ဓားသူတော်စင်အရှင်... ငါ မင်းကို တစ်ခွန်း သတိပေးပါရစေ။ [သိုင်းပညာတာအို ယွီထန်]က အရှုံးမရှိတဲ့ နတ်ဘုရားတစ်ပါးပါ။ မင်း လုံးဝ သူ့ပြိုင်ဘက် ဖြစ်နိုင်မှာ မဟုတ်ဘူး၊။ သူ့ကို အလွယ်တကူ မဆွပါနဲ့။"

အရှုံးမရှိတဲ့ နတ်ဘုရား ဟုတ်လား။

မုန့်ချင်ကျိုးက အေးစက်စွာ ပြုံးလိုက်ပြီး ပြောလိုက်သည်။ "ဟောင်တု။ အရင်တုန်းက ခင်ဗျားကို ကျုပ် ပြောခဲ့တာ မှတ်မိသေးလား။"

ဟောင်တုက အံ့အားသင့်သွားပြီး ကြောင်တောင်တောင်ဖြင့် မေးလိုက်သည်။ "ဘာကိုလဲ။"

"ခင်ဗျားရဲ့အပြစ်တွေက ကြီးလေးလွန်းတယ်။ အကြိမ်တစ်သောင်းသေရင်တောင် ဆပ်လို့ကုန်မှာ မဟုတ်ဘူး ဆိုတာကိုလေ။"

ထိုသို့ပြောပြီးနောက်။

မုန့်ချင်ကျိုးက ရုတ်တရက် ရာဇသံပေးလိုက်ပြီး အချိန်-နေရာလွတ် ပိုင်နက်ကို ပိတ်လှောင်ကာ ဟောင်တုကို သူ၏အတွင်းစကြဝဠာထဲသို့ ပြန်လည်ပစ်သွင်းလိုက်သည်။

အတွင်းစကြဝဠာထဲတွင်။

ဓားပေါင်းသောင်းချီ ကောင်းကင်ထက်၌ ဝဲပျံနေပြီး အချိန်-နေရာလွတ်မြစ်ကြီးက ဆူပွက်နေကာ အရှိန်အဟုန်ဖြင့် ဖိချိတ်ကြိတ်ခြေလိုက်သည်။

ဟောင်တု၏မျက်နှာမှာ ထိတ်လန့်သွားပြီး မခံမရပ်နိုင်ဘဲ ကျိန်ဆဲလိုက်သည်။ "ယွီထန်။ မင်းက ငါ့ကို ဒုက္ခပေးလိုက်တာပဲ..."

ဓားတစ်ချက်တည်းဖြင့် ခေါင်းပြတ်သွားကာ ဓားပေါင်းသောင်းချီက ခန္ဓာကိုယ်ကို အပိုင်းပိုင်းအစစ ခုတ်ထစ်လိုက်ပြီး အချိန်-နေရာလွတ် မြစ်ကြီးက ပြာကျသွားသည်အထိ ကြိတ်ခြေပစ်လိုက်သည်။

ကပ်ဘေးနတ်ဘုရား ဟောင်တု သေဆုံးသွားလေပြီ။

မုန့်ချင်ကျိုး၏နှုတ်ခမ်းထောင့်တွင် အေးစက်သောအပြုံးတစ်ခု ပေါ်လာပြီးနောက် ပြောလိုက်သည်။ "သတ်လိုက်ပြီလေ။ ဘာဖြစ်လဲ။"

[ယွီထန်]က မတ်တတ်ရပ်လိုက်သည်။ သူက လက်နှစ်ဖက်ကို ဘေးချထားပြီး မျက်ခုံးများက အေးစက်တည်ငြိမ်နေသည်။

"ခေါင်းမာလွန်းလှချည်လား။ မင်း အရမ်းကို ဘဝင်မြင့်နေပြီ။"

"မင်းကို ငါ တကယ် မသတ်ရဲဘူးလို့ ထင်နေတာလား။"

ထိုသို့ပြောရင်း။

ကောင်းကင်နယ်ပယ်၏ဖိအားများ ရုတ်တရက် ပေါက်ကွဲထွက်လာသည်။ ထို့အပြင် သူသည် အမြင့်ဆုံးအဆင့် နတ်ဘုရားတစ်ပါး ဖြစ်သောကြောင့် တူညီသော အဆင့်အတန်းအတွင်း လောကတွင် မည်သူမျှ သူ့ကို ယှဉ်နိုင်မည်မဟုတ်ပေ။

ပထမဆုံး လူသာဧကရာဇ်ပင်လျှင် သူ့ကို အမှန်တကယ် အနိုင်မယူနိုင်ခဲ့ဖူးပေ။

မုန့်ချင်ကျိုး၏ပခုံးပေါ်တွင် အလွန်လေးလံသော ဝန်ပိသွားသကဲ့သို့ ခံစားလိုက်ရပြီး ကုလားထိုင်များနှင့် လက်ဖက်ရည်ဆိုင်တစ်ခုလုံး မျက်စိတစ်မှိတ်အတွင်း ပြာကျသွားသည်။

ဝုန်း။

သူ ခြေတစ်လှမ်း နောက်ဆုတ်လိုက်ရပြီး သွေးများ အန်ထွက်လာသည်။ ကောင်းကင်ကြီးကို ထမ်းထား ရသကဲ့သို့ ခံစားရပြီး မြို့ငယ်လေးတစ်ခုလုံး မျက်စိတစ်မှိတ်အတွင်း ပြာအဖြစ်သို့ ပြောင်းလဲသွားသည်။

မိုင်ထောင်ချီ၊ သောင်းချီပတ်လည်ရှိ မြေကြီးများ ပြိုကျနေသည်။

အချိန်-နေရာလွတ် ဓားအရှိန်အဝါ အပြည့်အဝ မစုစည်းနိုင်ခင်မှာပင် ယွီထန်က အဝေးမှနေ၍ လက်ဖျောက်တစ်ချက်တီးကာ ခွဲခြမ်းပစ်လိုက်သည်။

"ဟိုးအရင်ကနေ အခုအထိ လောကရဲ့ သိုင်းပညာတွေက ငါနဲ့အတူ မွေးဖွားပြီးတော့ ငါနဲ့အတူ အတက်အကျ ရှိကြတယ်။"

"ရှေးခေတ်က လျှို့ဝှက်ပညာရပ်တစ်ခု ရှိတယ်။"

" [မူလသို့ပြန်ပေါင်းစည်းခြင်း]လို့ ခေါ်တယ်။ မင်းကို မြည်းစမ်းကြည့်ခိုင်းရသေးတာပေါ့။"

ယွီထန်က မုန့်ချင်ကျိုး၏ရင်ဘတ်ကို လက်ဝါးဖြင့် တစ်ချက်ရိုက်ချလိုက်ပြီး သူ၏အတွင်းစကြဝဠာကို ပိတ်လှောင်ဖမ်းဆီးလိုက်ရာ အချိန်-နေရာလွတ် တာအိုနိယာမများကို အနည်းငယ်မျှပင် ထုတ်သုံး၍ မရတော့ပေ။

ထို့နောက်။

သူက မုန့်ချင်ကျိုး၏ပခုံးပေါ်သို့ ပြင်းထန်စွာရိုက်ချလိုက်ရာ ကြီးမားလှသောဖိအားကြီး ကျဆင်းလာပြီး မုန့်ချင်ကျိုး၏ခန္ဓာကိုယ်ရှိ အရွတ်များနှင့်အရိုးများအားလုံး အက်ကွဲသံများ ထွက်ပေါ်လာကာ ခံနိုင်ရည်မ ရှိတော့သည့်အလား တုန်ခါသွားသည်။

"ဒူးထောက်စမ်း။" ယွီထန်က အေးစက်သောမျက်လုံးများဖြင့် ငုံ့ကြည့်ကာ မေးခွန်းထုတ်ခွင့်မရှိသော လေသံဖြင့် အမိန့်ပေးလိုက်သည်။

စွမ်းအားကြီးလိုက်တာ... မယုံနိုင်လောက်အောင် သန်မာလွန်းတယ်...

မုန့်ချင်ကျိုး၏ ဦးနှောက်ထဲတွင် အသံများ မြည်ဟည်းသွားပြီး မျက်လုံးများသည် အလိုအလျောက် ပြူးကျယ်သွားသည်။

ကောင်းကင်နှင့် ကောင်းကင်ထောက်တိုင်က စကားလုံးတစ်လုံးသာ ကွာခြားသော်လည်း တိမ်နှင့်ရွှံ့ကဲ့သို့ ကွာခြားနေသည်။

ဝမ်ရွှန်းက ကောင်းကင်နယ်ပယ်သည် ကောင်းကင်ဘုံသို့သွားရာလမ်း ဖြစ်သည်ဟု ပြောခဲ့သည်မှာ အံ့သြစရာ မဟုတ်တော့ပေ။ ကောင်းကင်ထောက်တိုင်နယ်ပယ်က မည်မျှပင် အစွမ်းထက်ပါစေ နယ်ရုပ်ဆိုသည့် အဆင့်အတန်းမှ ရုန်းထွက်နိုင်မည် မဟုတ်ပေ။ ကောင်းကင်နယ်ပယ်သို့ ရောက်မှသာ စစ်တုရင်ခုံမှ လွတ်မြောက်ပြီး စစ်တုရင်ကစားသူ ဖြစ်လာနိုင်မည် ဖြစ်သည်။

"ငါ့ကို ဒူးထောက်ဦးညွှတ်သူဟာ သိုင်းပညာတာအိုမှာ ထာဝရအသက်ရှင်ခွင့်ရပြီး သမိုင်းမှတ်တမ်းမှာ နာမည်တွင်ရစ်လိမ့်မယ်။ ကောင်းကင်နဲ့မြေကြီး ပြောင်းပြန်ဖြစ်သွားရင်တောင်မှ ဘာမှထိခိုက်မှာ မဟုတ်ဘူး။"

"ဒူးထောက်စမ်း။"

ယွီထန်၏အကြည့်များက အေးတိအေးစက်ဖြစ်နေပြီး လက်ဝါးမှဖိအားများ ပိုမို၍ ကြောက်မက်ဖွယ် ကောင်းလာသည်။

မုန့်ချင်ကျိုး၏ ခြေသလုံးအရိုးများကျိုးကြေသွားသော်လည်း အံကြိတ်ကာ အသေအလဲ တောင့်ခံထားဆဲ ဖြစ်သည်။ နှုတ်ခမ်းထောင့်မှ သွေးများစီးကျနေပြီး ကြမ်းတမ်းစွာ အော်ဟစ်လိုက်သည်။ "ဒူးမထောက်နိုင်ဘူး။"

သောက်ကျိုးနည်း။

မုန့်ချင်ကျိုးက နောက်ဆုံးတွင် သည်းမခံနိုင်တော့ဘဲ လက်ကို ခက်ခဲစွာဆန့်ထုတ်ကာ မျက်လုံးကို စည်းထားသော အနက်ရောင်ပိုးသားစကို ဆွဲဖြဲလိုက်သည်။ အသက်ဝင်မှုမရှိသော မျက်လုံးများကို တဖြည်းဖြည်း ဖွင့်လိုက်ပြီး နှုတ်ခမ်းများ အနည်းငယ်လှုပ်ရှားသွားသည်။

"ချိပ်ပိတ်..."

ယွီထန်၏စိတ်ထဲတွင် ထိတ်လန့်တုန်လှုပ်သွားသည်။ ဘာကြောင့်မှန်းမသိ မုန့်ချင်ကျိုး မျက်လုံးစည်းကို ဖြေချပြီး "ချိပ်ပိတ်"ဟူသော စကားလုံး ထွက်လာသည့်အချိန်တွင် သူ တစ်ခါမှ မခံစားဖူးသော အတွေ့အကြုံသစ် တစ်ခုက ရင်ထဲသို့ ရူးသွပ်စွာ ဝင်ရောက်လာသည်။

အဲဒါက...

သေဆုံးခြင်း၏ ခြိမ်းခြောက်မှု။

သူ့ကို ဆက်လုပ်ခွင့် ပေးလို့မဖြစ်ဘူး။

မဟုတ်ရင် ပြဿနာတက်လိမ့်မယ်။

ယွီထန်က ရုတ်တရက် လက်လွှတ်လိုက်ပြီး နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားသည်။ ရှေ့မှလူကို နက်နက်ရှိုင်းရှိုင်း ကြည့်လိုက်ရာ မျက်ဝန်းထဲတွင် ထိတ်လန့်မှုများ၊ တားဆီးချင်စိတ်များနှင့် နားမလည်နိုင်မှု အနည်းငယ်တို့ ပြည့်နှက်နေသည်။

ယခုလေးတင် စက္ကန့်ပိုင်းအတွင်းမှာပင် လွတ်မြောက်လာတော့မည့် ရှေးဟောင်း သားရဲကြီး တစ်ကောင်ကို ရင်ဆိုင်နေရသကဲ့သို့ သူ ခံစားလိုက်ရ၏။ သူကိုယ်တိုင်မှာမူ ပင်လယ်ပြင်ထက် သစ်သားချောင်းကို ဖက်တွယ်ပြီး မျောပါနေရသော သာမန်လူတစ်ယောက်ကဲ့သို့ လေပြင်းမုန်တိုင်းဒဏ်ကိုခံရကာ အားပြုစရာနေရာ တစ်ခုမျှပင် မရှိသလို ဖြစ်သွားသည်။

ယွီထန်က သူ၏မျက်လုံးများကိုစိုက်ကြည့်ကာ မျက်မှောင်ကြုတ်လျက် အလေးအနက် စဉ်းစားလိုက်၏။

အမည်မသိ ချိပ်ပိတ်မှုတစ်ခုလား...

အဲဒီထဲမှာ ဘာတွေများ ချိတ်ပိတ်ထားလို့ ငါ့ကို ဒီလောက်တောင် ရင်တုန်သွားစေရတာလဲ။

"ဆက်မလုပ်ပါနဲ့တော့။" ယွီထန်က ပြောလိုက်သည်။ "ငါ မင်းကို ရန်လိုတဲ့ရည်ရွယ်ချက် မရှိပါဘူး။ အခုလာတာက စမ်းသပ်ကြည့်ရုံသက်သက်ပါ။"

သို့သော်လည်း။

အနက်ရောင်ဝတ်လူငယ်က နတ်ပူးနေသကဲ့သို့ပင် ဒုတိယစကားလုံးကို အတင်းထုတ်ပြောရန် ကြိုးစားနေပြီး နှုတ်ခမ်းဖျားတွင် ခက်ခဲစွာဖြင့် ထွက်ပေါ်လာတော့မည် ဖြစ်သည်။

ယွီထန် ချက်ချင်း နောင်တရသွား၏။

လခွမ်းတဲ့မှ။ ဒီအရူးကို မသွားစမ်းမိသင့်တာ။ ကိုယ့်ကိုယ်ကိုယ် ပြဿနာရှာမိသလို ဖြစ်သွားပြီ။

"ငါ မင်းကို သတင်းတစ်ခုပေးမယ်။ ကောင်းကင်ကြည့်ဆောင်နဲ့ ပတ်သက်တာ။ နားထောင်ချင်လား။"

ထိုစကားကို ကြားသောအခါ အနက်ရောင်ဝတ်လူငယ်မှာ နောက်ဆုံး ရပ်တန့်သွားပြီး စိတ်ဝင်စားသွားဟန်ဖြင့် မိစ္ဆာတစ်ကောင်ကဲ့သို့ အသံသြသြဖြင့် ပြောလိုက်သည်။ "ပြောပါ။"

ယွီထန်က ပြုံးရွှင်စွာ ပြောလိုက်သည်။

"ကောင်းကင်ကြည့်ဆောင်က အဲဒီခေါင်းဆောင်ဟာ နတ်ဘုရားတွေကို ကိုယ်တိုင်ကိုယ်ကျ ချိပ်ပိတ်ဖြေပေးခဲ့တာ။ ပြီးတော့ အရင်တုန်းက ကတိကို နတ်ဘုရားတွေ ပြန်ဖြည့်ဆည်းပေးဖို့ သူက ပြောခဲ့တယ်။ နတ်ဘုရားတွေကိုကယ်တင်တဲ့ ဘယ်သူ့ကိုမဆို နတ်ဘုရားတွေက သူ့ရဲ့ဆန္ဒတစ်ခုကို ဖြည့်ဆည်းပေးရမယ်တဲ့။"

"အဲဒီခေါင်းဆောင်က ဘာတောင်းဆိုခဲ့တယ်လို့ မင်းထင်လဲ။"

"မင်း သေချာပေါက်ထင်ထားမှာ မဟုတ်ဘူး။ ပြီးတော့... မင်းနဲ့ ပတ်သက်နေတယ်။"

အနက်ရောင်ဝတ်လူငယ်က ပါးစပ်ကို ထပ်ဟလိုက်ပြီးနောက် "ချိပ်ပိတ်ဖွင့်"ဟူသော စကားလုံးကို ရေရွတ်ရန် ပြင်လိုက်ပြန်သည်။

ယွီထန်မှာ ခေါင်းကိုက်လွန်းလှသဖြင့် လက်ယမ်းကာ လက်မှိုင်ချလျက် ပြောလိုက်သည်။

"တော်ပါတော့။"

"တစ်ခေါက်၊ နှစ်ခေါက်ကလွဲပြီး သုံးခေါက်တော့ မရဘူးလေ။ ဒီနည်းလမ်းကိုပဲ ဆက်သုံးနေရင် မင်းရဲ့ အသုံးမကျမှုကိုပဲ ပြသရာရောက်လိမ့်မယ်။ မင်းသာ အဲဒီမျက်လုံးက တံဆိပ်ကို တကယ်ဖြေချင်ရင် ငါ လုံးဝ တားဆီးနိုင်မှာ မဟုတ်ဘူး။ ပြီးတော့ ပါးစပ်ကနေ အသံထွက်ပြောမှ ချိပ်ပိတ်ဖွင့်လို့ရတာလည်း မဟုတ်ဘူးလေ။ ငါ့ကို အရူးလို့များ ထင်နေသလား။"

"ကောင်းကင်ကြည့်ဆောင်က အဲဒီခေါင်းဆောင် တောင်းဆိုမှုတစ်ခုတည်းပဲ လုပ်ခဲ့တယ်။"

"[အချိန်-နေရာလွတ် ဓားသူတော်စင်က ကောင်းကင်နယ်ပယ်ကို မချိုးဖျက်နိုင်ခင်မှာ သူ့ကို မထိခိုက်စေရဘူး။ ချိုးဖျက်သွားတာနဲ့ တစ်ပြိုင်နက် နတ်ဘုရားတွေအားလုံးက အစွမ်းကုန်ဝိုင်းဝန်းတိုက်ခိုက်ပြီး ဘယ်လိုပေးဆပ်မှုမျိုးနဲ့မဆို သတ်ပစ်ရမယ်]တဲ့။"

"ထူးဆန်းတယ်လို့ မထင်ဘူးလား။"

ထိုသို့ပြောပြီးနောက်။

လူငယ်က လှည့်ထွက်သွားပြီး မိုးရေပေါက်များအကြား ရေပက်ဖြန်းသံများနှင့်အတူ ပျောက်ကွယ်၍ သွားတော့သည်။

...

အပိုင်း(၃၅၉) ကံကြမ္မာအသစ်နှင့် ကောင်းကင်မဟာမိတ်အဖွဲ့၏ လက်ရှိအခြေအနေ

ကောင်းကင်မဟာမိတ်အဖွဲ့။

လီတိုင်ယွမ်သည် သတင်းတစ်ခုကို လက်ခံရရှိခဲ့သည်။ ချင်းလွမ်ထျန်းနယ်မြေရှိ မြို့ငယ်လေးတစ်မြို့နှင့် မိုင်တစ်သောင်းပတ်လည်အထိလုံးဝ ပြိုကျပျက်စီးသွားခဲ့သည်။ ကောင်းကင်နယ်ပယ်မှ ကျင့်ကြံသူတစ်ဦး၏ လက်ချက်ဟု သံသယရှိရပြီး ဤကိစ္စက ကောင်းကင်မဟာမိတ်အဖွဲ့ကို အထူးအလေးထား ဂရုစိုက်လာစေသည်။

နယ်မြေနှစ်ခု၏ အစွမ်းအထက်ဆုံးမှာ ကောင်းကင်နယ်ပယ်တစ်ပိုင်းထက် မကျော်လွန်နိုင်ပေ။

ကောင်းကင်မဟာမိတ်အဖွဲ့ ရှုံးနိမ့်သွားလျှင်ပင် အစစ်အမှန် ကောင်းကင်နယ်ပယ်တစ်ဦး တစ်ခါမျှ ပေါ်လာခဲ့ဖူးခြင်းမရှိဘဲ စစ်ပွဲအပြီးတွင်မှ ရုတ်တရက်ထွက်ပေါ်လာကာ တိုက်ခိုက်ခဲ့ခြင်းမှာ နားလည်ရခက်စေ၏။

"ချန်းယွီမြို့... ငါနဲ့ အချိန်-နေရာလွတ်ဓားသူတော်စင်တို့ နောက်ဆုံးတွေ့ခဲ့တဲ့ နေရာမဟုတ်ဘူးလား။" လီတိုင်ယွမ်က ထိတ်လန့်တုန်လှုပ်သွားပြီး မြို့ပြင်တွင် တွေ့ခဲ့သော လူငယ်လေးကို သတိရသွားသည်။

ကောင်းကင်နယ်ပယ်ကျင့်ကြံသူ...

အချိန်-နေရာလွတ် ဓားသူတော်စင်ကို ရှာဖို့အတွက် တမင်သက်သက် သွားခဲ့တာပဲ။ ဒါဆို ဇာတ်သိမ်းက ဘယ်လိုဖြစ်သွားမလဲ။ ဘယ်သူနိုင်ပြီး ဘယ်သူရှုံးလဲ။ ထိခိုက်ဒဏ်ရာရတာတွေရော ရှိလား။

ဘာမှ မသိရပေ။

လီတိုင်ယွမ်သည် မျက်လုံးမှိတ်ကာ အနားယူလိုက်ပြီး အတန်ကြာမှ မျက်လုံးပြန်ဖွင့်ကာ ဒုတိယမြောက် သတင်းအချက်အလက်ကို လှန်ကြည့်လိုက်သည်။

[ချင်းလွမ်ထျန်းမှ လီမိသားစုသည် မိသားစုတစ်စုလုံး ပြောင်းရွှေ့သွားသည်။ ဘိုးဘေးလီယဲ့က မိသားစု၏ အဓိကလူများကိုစုစည်းကာ တောရိုင်းမြေသို့ သွားရောက်အခြေချရန် ထွက်ခွာသွား၏။ ချူမိသားစုခေါင်းဆောင် ချူရှီရန်ကလည်း နောက်မှလိုက်ပါသွားပြီး မိသားစုတစ်စုလုံး တောရိုင်းမြေသို့ ပြောင်းရွှေ့သွားကြသည်။]

"ဒီနေ့ကစပြီး ငါ့မှာ အိမ်ဆိုတာ မရှိတော့ဘူး။"

လီတိုင်ယွမ်က ခပ်ဟဟ ရယ်မောလိုက်ပြီးနောက် အနည်းငယ် ဝမ်းနည်းကြေကွဲသွားသော်လည်း မကြာခင် တည်ငြိမ်မှုကို ပြန်လည်ရယူကာ တတိယမြောက်သတင်းကို ဆက်လက်လှန်ကြည့်လိုက်သည်။

[ကောင်းကင်မဟာမိတ်အဖွဲ့၏ လက်ရှိကျန်သော ကောင်းကင်ထောက်တိုင်နယ်ပယ် ကျင့်ကြံသူများမှာ ဂိုဏ်း(၁၈)ဂိုဏ်းမှ (၁၀)ဦးသာ ကျန်ရှိတော့သည်။ သို့သော် သူတို့က ကောင်းကင်ပြည်နယ်တွင် အစွမ်း အထက်ဆုံးဟု မိမိကိုယ်ကိုယ်ယူဆထားပြီး သခင်ကို ပြန်လည်ပုန်ကန်လိုသော စိတ်များ ရှိနေကြပြီ ဖြစ်သည်]

[နံနက်ခင်းအလင်းနယ်ပယ် ကျင့်ကြံသူ စုစုပေါင်း (၁၀၃ဦးသာ ကျန်ရှိတော့ပြီး ကျန်ရှိသော (၂၃၀)ဦးအနက် အချို့က လွတ်လပ်သူများအဖြစ် ပြန်လည်နေထိုင်ရန် ရွေးချယ်ခဲ့ကြပြီးနောက် အချို့က မဟာကျင်းတိုင်းပြည်နောက်သို့လိုက်ကာ အမှုထမ်းရန် ဆန္ဒရှိနေကြသည်]

[ကောင်းကင်ပြည်နယ်တစ်ခုလုံး သိသိသာသာ ပျက်စီးဆုံးရှုံးမှု ကြီးမားခဲ့သည်။ တိုင်းတာချက်များအရ ကောင်းကင်ပြည်နယ်မြေပုံ၏ ဆယ်ပုံနှစ်ပုံခန့်မှာ နစ်မြုပ်သွားခဲ့ပြီး နောက်ထပ် နယ်မြေထက်ဝက်ခန့်မှာ ပျက်စီးသွားခဲ့သည်။ သက်ရှိများ သေကျေပျက်စီးကာ ဝိညာဉ်စွမ်းအင်များလည်း မကျန်ရှိတော့သဖြင့် ပြန်လည်ကုစားရန် အရင်းအမြစ်မြောက်မြားစွာ လိုအပ်နေသည်]

[လူအများ၏စိတ်ဓာတ်များ ပျက်ပြားနေပြီး ကောင်းကင်မဟာမိတ်အဖွဲ့ကို ပုန်ကန်ဖြုတ်ချလိုသော အဖွဲ့အစည်းပေါင်း လက်ရှိသိရသလောက် (၃၂၈၉)ဖွဲ့ ရှိနေလေသည်။ ၎င်းတို့အနက် အဖွဲ့(၈)ဖွဲ့တွင် ကောင်းကင်ထောက်တိုင်နယ်ပယ် ကျင့်ကြံသူများပင် ရှိနေသည်။ ထိုသူတို့သည် အမြဲတမ်းပင် တံခါးပိတ် ကျင့်ကြံနေသူများဖြစ်ဟန်တူပြီး ကောင်းကင်ပြည်နယ်ကိုစိုးမိုးရန် မကြာသေးမီကမှ ပေါ်လာခြင်း ဖြစ်နိုင်သည်]

[ကောင်းကင်မဟာမိတ်အဖွဲ့ အတွင်းတွင်လည်း ဆန့်ကျင်သော အသံများစွာ ထွက်ပေါ်နေသည်။ ကျန်ရှိနေရန် ဆန္ဒရှိသူများ၏ ဆယ်ပုံကိုးပုံခန့်မှာ လီတိုင်ယွမ်ကို မဟာမိတ်ခေါင်းဆောင်နေရာမှ ဖယ်ရှားကာ အခြားအရည်အချင်းရှိသူကို ရွေးချယ်ရန် တောင်းဆိုနေကြကာ ရည်မှန်းချက်ကြီးသူများမှာ မှိုပွင့်များသဖွယ် ပေါ်ထွက်နေသည်]

...

...

လီတိုင်ယွမ်က စားပွဲပေါ်တွင် တောင်လိုပုံနေသော စာရွက်စာတမ်းများကို ကြည့်လိုက်သည်။ ထိုအထဲမှ တစ်ဝက်ခန့်မှာ စစ်ပြီးခေတ်၏ ပြဿနာပေါင်းစုံဖြစ်ပြီး သူ၏လက်ရှိစွမ်းအားဖြင့် ထိုအထဲမှတစ်ခုကို ကောက်ယူလိုက်လျှင်ပင် ဖြေရှင်းနိုင်စွမ်း မရှိပေ။

တိတ်ဆိတ်သောအခန်းအတွင်း။

မီးရောင်များက မှိန်ပျပျလှုပ်ခါနေပြီး တစ်ဝက်မှာ အားနည်းသော အလင်းရောင်ရှိကာ ကျန်တစ်ဝက်မှာ လုံးဝအမှောင်ကျနေသည်။

လီတိုင်ယွမ်က အလင်းနှင့်အမှောင် နယ်နိမိတ်မျဉ်းပေါ်တွင် ထိုင်နေသဖြင့် သူ၏ အလွန်လှပသော မျက်နှာလေးမှာ တစ်ခြမ်းလင်းကာ တစ်ခြမ်းမှောင်နေသည်။

အချိန်အတန်ကြာ တိတ်ဆိတ်နေပြီးနောက်တွင် သူသည် ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည့်အလား အေးစက်သောအသံဖြင့် ပြောလိုက်သည်။

"လာခဲ့စမ်း။"

"ကျိဝူရွှမ်ကို ခေါ်လာခဲ့။"

လုံညီအစ်မများ တစ်ပြိုင်နက်တည်း ပေါ်လာကြသည်။ အပေါ်ယံတွင် ရိုသေလေးစားဟန်ရှိသော်လည်း တကယ်တမ်း၌ သူတို့၏ မျက်ဝန်းများထဲတွင် သံသယများပါရှိနေကာ မေးလိုက်သည်။

"မဟာမိတ်ခေါင်းဆောင်။ ရှင် ဘာလုပ်ချင်တာလဲဆိုတာ မေးခွင့်ပြုပါ။"

လီတိုင်ယွမ်က သူတို့၏မရိုသေမှုကို လျစ်လျူရှုကာ တည်ငြိမ်စွာ ပြောလိုက်သည်။

"ကံကြမ္မာကို ဆက်ခံမယ်။ ကောင်းကင်ပြည်နယ်ရဲ့ ကံကြမ္မာအထောက်အပံ့တွေကို ငါတစ်ယောက်တည်း အပေါ်မှာ စုစည်းမယ်။ ပြီးတော့လည်း သူ့ရဲ့ [ကမ္ဘာပေါင်းစုံတာအို]ကိုလည်း ငါကပဲ ဆက်ခံပြီးတော့ ကောင်းကင်ထောက်တိုင်နယ်ပယ်ကို တက်လှမ်းမယ်။"

လုံညီအစ်မများ အချင်းချင်း မျက်နှာချင်းဆိုင် ကြည့်လိုက်ကြပြီး မျက်ဝန်းထဲတွင် အံ့အားသင့်မှုများ ပြည့်နှက်သွားသည်။

"မဟာမိတ်ခေါင်းဆောင်။ ကျွန်မတို့ရဲ့ရိုင်းပျမှုကို ခွင့်လွှတ်ပါ။ ကျိဝူရွှမ်က ဘယ်လိုပဲဖြစ်ဖြစ် ကောင်းကင်ထောက်တိုင်နယ်ပယ် အလယ်အလတ်အဆင့်မှာ ရှိနေပြီးတော့ အဆင့်တူချင်းမှာတောင် ထိပ်တန်းကျတဲ့သူပါ။ ကောင်းကင်မဟာမိတ်အဖွဲ့မှာ ကောင်းကင်ထောက်တိုင်နယ်ပယ် မရှိတော့ဘူးဆိုတော့ သူ့ကိုအညံ့ခံအောင် ဘယ်သူက လုပ်နိုင်မှာလဲ။ ပြီးတော့ တာအိုနိယာမကို ဆွဲနှုတ်ဖယ်ရှားတယ်ဆိုတာကလည်း သာမန်လူတိုင်း လုပ်နိုင်တဲ့ကိစ္စ မဟုတ်ဘူးလေ။"

"ဟုတ်ပါတယ်။ တောရိုင်းမြေရဲ့ ကံကြမ္မာအထောက်အပံ့ဆိုတာက ကောင်းကင်ကြည့်ဆောင် သွေးချွေး အများကြီး ရင်းနှီးပြီး ဇာတ်ညွှန်းရေးပြီးတော့ ကျိဝူရွှမ်ကို ကောင်းကင်ပြည်နယ်မှာ ကြီးစိုးနိုင်အောင် တစ်ဆင့်ချင်း လမ်းပြပေးခဲ့လို့ ဆက်ခံခွင့်ရခဲ့တာပါ။ ကံကြမ္မာကို ဆွဲနှုတ်နိုင်တယ်လို့ တစ်ခါမှ မကြားဖူးဘူး..."

ထိုစကားကို ကြားသောအခါ။

လီတိုင်ယွမ်၏ မျက်နှာပေါ်တွင် အဓိပ္ပာယ်ဖော်မရသောအပြုံးတစ်ခု ပေါ်လာပြီး တည်ငြိမ်စွာ ပြောလိုက်သည်။

"ဒါကို ငါ သေချာပေါက် သိတာပေါ့။ ငါ့ကို ကူညီချင်တဲ့သူတစ်ယောက်ရှိတယ်။"

"ကောင်းကင်ကြည့်ဆောင်၊ ရှင်တို့ နားထောင်နေလား။"

"ကျွန်မကို ကံကြမ္မာဆက်ခံပြီး ကောင်းကင်ထောက်နယ်ပယ်ကိုရောက်အောင် ကူညီပေးပါ။ ကျိဝူရွှမ် မလုပ်နိုင်ခဲ့တဲ့ ကြီးမြတ်တဲ့အလုပ်တွေကို ကျွန်မ အဆုံးသတ်ပေးမယ်။ တောရိုင်းမြေကို ရင်ဆိုင်ပေးမယ်..."

"ပြီးတော့ နန်းတက်ပြီး ဧကရီအဖြစ်ခံယူတာကိုလည်း ကျွန်မကပဲ လုပ်မယ်။"

ထိုသို့ပြောလိုက်သည့်အခါ လီတိုင်ယွမ်၏ မျက်ဝန်းများတွင် မီးတောက်မီးလျှံများ တောက်လောင်လာပြီး ပြောလိုက်သည်။

"သမိုင်းတစ်လျှောက် ပထမဆုံးသောဧကရီက လီတိုင်ယွမ်ဆိုတဲ့ ကျွန်မပဲ ဖြစ်ရမယ်။"

အခန်းတစ်ခုလုံး တိတ်ဆိတ်သွား၏။

မည်သူမျှ တုံ့ပြန်ခြင်းမရှိပေ။

လုံညီအစ်မများ အချင်းချင်းကြည့်ကာ အထင်အမြင်သေးစွာဖြင့် နှုတ်ခမ်းမဲ့လိုက်ကြသည်။ ဘာတွေများ လာနောက်နေတာလဲ။ နန်းဆောင်သခင်(၁၀)ပါး သေဆုံးချိန်မှာတောင် ကောင်းကင်ကြည့်ဆောင်က တုံ့ပြန်မှု မလုပ်ခဲ့တာ။ နင်က ဘာမို့လို့လဲ။

လီတိုင်ယွမ်ကမူ ယုံကြည်မှုအပြည့်ရှိနေဆဲဖြစ်ပြီး မတ်တတ်ရပ်ကာ အသံကျယ်ကျယ် ပြောလိုက်သည်။

"ကောင်းကင်ကြည့်ဆောင်။"

"ကျွန်မ ရှင်တို့ကို သုံးစက္ကန့်ပဲ အချိန်ပေးမယ်။ တကယ်လို့ တုံ့ပြန်မှုမရှိရင် ကျိဝူရွှမ်ကို ကောင်းကင်ဘုံ နတ်ဘုရားခန်းမက နတ်ဘုရားတွေဆီ ပေးအပ်လိုက်မယ်။"

"အဲဒီအချိန်ကျရင် ရှင်တို့က ကျိဝူရွှမ်ကို သေစေချင်ရင်တောင် နတ်ဘုရားတွေက ရှင်တို့ဆန္ဒအတိုင်း လုပ်ပေးမှာ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့..."

"နတ်ဘုရားတွေကထိန်းချုပ်မှုအောက်က လွတ်ကင်းသွားပြီလေ။ [ယွီထန်]က ကောင်းကင်နယ်ပယ်ကို ပြန်ရောက်သွားပြီဆိုတော့ ရှင်တို့က သူတို့ကို တကယ်ပဲ ကန့်သတ်နိုင်သေးရဲ့လား။"

စကားပြောနေစဉ်မှာပင် သေလုမျောပါး ခွေးတစ်ကောင်ကဲ့သို့ သနားစရာကောင်းနေသော ကျိဝူရွှမ်ကို လူတစ်ယောက်က ဆွဲခေါ်လာပြီး မြေကြီးပေါ်သို့ ပစ်ချလိုက်သည်။

လီတိုင်ယွမ်၏မျက်ဝန်းများက တဖြည်းဖြည်း ရက်စက်လာပြီး ကျိဝူရွှမ်၏နဖူးကို လက်ဝါးဖြင့် တိုက်ရိုက် ရိုက်ခွဲလိုက်ကာ အသိဉာဏ်ပင်လယ်ထဲရှိ နတ်ဘုရားဝိညာဉ်ကိုယ်ထည်ကို ဆွဲထုတ်လိုက်သည်။ ထို့နောက်တွင် ပင်လယ်ပြင်အလွန်ရှိ ကောင်းကင်ခုံရုံး နတ်ဘုရားခန်းမသို့ တိုက်ရိုက်ဆက်သွယ်ထားသော ပို့ဆောင်ရေး အစီအရင်တစ်ခုကို လျင်မြန်စွာ အသက်သွင်းလိုက်ပြီး လက်သုံးချောင်းထောင်ပြကာ ရေတွက်လိုက်သည်။

"သုံး။"

"နှစ်။"

...

ပို့ဆောင်ရေးအစီအရင် အသက်ဝင်လာပြီး တဖြည်းဖြည်း လည်ပတ်လာသည်။

"တစ်။"

လီတိုင်ယွမ်က မည်သည့်တုံ့ဆိုင်းမှုမျှမရှိဘဲ လက်ကို တိုက်ရိုက်လွှတ်လိုက်သည်။

ထိုအချိန်မှာပင်။

ကြီးကျယ်ခမ်းနားသော အသံကြီးတစ်ခုက အခန်းထဲတွင် ပဲ့တင်ထပ်လာသည်။

"နေဦး။"

အိပ်မောကျနေသော ကျိဝူရွှမ်၏ဝိညာဉ်ကို လီတိုင်ယွမ်က လက်ထဲတွင် ပြန်လည်၍ ဖမ်းဆုပ်ထားလိုက်သည်။

ကောင်းကင်ကြည့်ဆောင် ဂိုဏ်းချုပ်၏မျက်နှာက ဟင်းလင်းပြင်ထဲတွင် ပုံပေါ်လာပြီး အေးစက်သော မျက်ဝန်းများဖြင့် လီတိုင်ယွမ်ကို စိုက်ကြည့်ကာ ပြောလိုက်သည်။

"ဒီလုပ်ရပ်က ဘာကိုဆိုလိုသလဲဆိုတာ မင်း သိရဲ့လား။"

"သိတာပေါ့။" လီတိုင်ယွမ်က တည်ငြိမ်စွာ ပြောလိုက်သည်။ "တကယ်လို့ ကျွန်မက ကိုယ်တိုင် နုတ်ထွက်လိုက်ရင် ကောင်းကင်ကြည့်ဆောင် နတ်ဘုရားတွေနဲ့ မဟာကျင်းတို့ သုံးပွင့်ဆိုင်ပဋိပက္ခက ကျွန်မနဲ့ ဘာမှမဆိုင်တော့ဘူး။ ကောင်းကင်ပြည်နယ်ရဲ့ ပြဇာတ်က ဒီနေရာမှာတင် ပြီးဆုံးသွားပြီ။"

"နောက်ဆိုရင် ကျွန်မက အစစ်အမှန်လွတ်လပ်သူ ဖြစ်သွားပြီ။ အခု ကျွန်မက ကိုယ့်သဘောနဲ့ကိုယ် ဒီကစားကွင်းထဲ ဝင်လာပြီးတော့ ကံကြမ္မာကို ဆက်ခံချင်တယ်။ အောင်မြင်သည်ဖြစ်စေ၊ ကျရှုံးသည်ဖြစ်စေ ဇာတ်သိမ်းကတော့ သနားစရာကောင်းမှာပဲ။ ကောင်းကင်တာအိုရဲ့နယ်ရုပ် ဖြစ်သွားမလား၊ ကောင်းကင်ကြည့်ဆောင်ရဲ့ခိုင်းဖတ် တစ်သက်လုံး ဖြစ်မလား၊ ဒါမှမဟုတ် မဟာကျင်းတိုင်းပြည်ရဲ့ အကြိတ်ခြေခံရမလားပေါ့။"

"ဒါပေမယ့် ကိစ္စမရှိပါဘူး။ ကျွန်မသာ လုံလောက်အောင် သန်မာရင် တစ်နေ့ကျရင် ဒီစစ်တုရင်ပွဲကို မှောက်လှန်ပြီး ရှင်တို့သုံးဖက်စလုံးကို လုံးဝဖိနှိပ်ပြမယ်။"

လီတိုင်ယွမ်က တက်ကြွစွာ ရယ်မောလိုက်ပြီး ပြောလိုက်သည်။

"လေဆင်နှာမောင်းရဲ့ဗဟိုချက်မှာ ရပ်နေရင် အပိုင်းပိုင်း ဆွဲဖြဲခံရနိုင်သလို လေနဲ့အတူ အထက်ကိုလည်း လွင့်တက်သွားနိုင်တယ်။ ကံတရားကပေးတဲ့ အခွင့်အရေးဆိုရင်တော့ အန္တရာယ်ကိုလည်း ရင်ဆိုင်ရမှာပဲ။"

ကောင်းကင်ကြည့်ဆောင်ဂိုဏ်းချုပ်က တစ်ခဏမျှ တိတ်ဆိတ်သွားပြီး ပြောလိုက်သည်။

"ကောင်းပြီလေ။"

"မင်းရဲ့ဆန္ဒကို ငါ ဖြည့်ဆည်းပေးမယ်။ မှတ်ထားပါ။ ဒီနေ့ကစပြီးတော့ မင်းက ကောင်းကင်ပြည်နယ်ရဲ့ ကံကြမ္မာကို အသစ်ဆက်ခံသူ ဖြစ်သွားပြီ။ မဟာကျင်းတိုင်းပြည်နဲ့ အဆုံးထိ ရင်ဆိုင်ရမယ်။ တစ်ဖက်ဖက်ကပဲ အသက်ရှင်ခွင့်ရလိမ့်မယ်။"

လီတိုင်ယွမ်က ထိုင်ခုံပေါ်တွင် နောက်မှီချလိုက်ပြီး ပျင်းရိသော်လည်း အာဏာပြည့်ဝသောဟန်ပန်ဖြင့် ခေါင်းညိတ်ကာ ပြောလိုက်သည်။

"သိပါပြီ။"

ဘေးတွင်ရှိနေသော လုံညီအစ်မများမှာ နေရာတွင်ပင် ကြောင်အမ်းသွားပြီး အတိုင်းအဆမသိအောင် တုန်လှုပ်သွားကြသည်။

ကောင်းကင်ကြည့်ဆောင်ဂိုဏ်းချုပ်က ဘာကြောင့် ကိုယ်ထင်ပြရန် သဘောတူလိုက်ကြောင်း သူတို့ နားမလည်နိုင်ပေ။

ထို့အပြင် လီတိုင်ယွမ်က ကျိဝူရွှမ်ကို အမြဲတမ်း အသက်ရှင်အောင်ထားမည်ဟု ကြားလိုက်မှသာ ကောင်းကင်ကြည့်ဆောင် ဂိုဏ်းချုပ်က အလောတကြီး တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။ ဤအချက်က မည်သည်ကို ဆိုလိုကြောင်း ပြောရမည်ဆိုလျှင်... ကောင်းကင်ကြည့်ဆောင်၏ ဇာတ်ညွှန်းထဲတွင် ကျိဝူရွှမ်မှာ သေချာပေါက် သေရမည့်သူ ဖြစ်နေခြင်းပင်။

၎င်းတင် မကသေးပေ။ လီတိုင်ယွမ်နှင့် ကောင်းကင်ကြည့်ဆောင် ဂိုဏ်းချုပ်တို့၏ စကားပြောဆိုမှုမှာ သာမန်ဟုထင်ရသော်လည်း အတွင်းတွင်ပါဝင်နေသော သတင်းအချက်အလက်များက အလွန်များပြားလှ၏။

ပို၍ သံသယဖြစ်စရာ ကောင်းသည်မှာ လီတိုင်ယွမ်က ဤအရာများကို မည်သို့ သိနေသနည်း ဆိုသည်ပင်...

တစ်ခဏအတွင်းမှာပင် လုံညီအစ်မများ၏ ရင်ထဲတွင် မသိမသာအေးစက်သွားပြီး အနည်းငယ် ထိတ်လန့်ကြောက်ရွံ့လာကြသည်။

ဤကောင်းကင်မဟာမိတ်အဖွဲ့ခေါင်းဆောင်မှာ တဖြည်းဖြည်းနှင့် သာမန်မဟုတ်တော့သလို ဖြစ်နေ၏။

All Chapters