အခန်း (၃၆၀-၃၆၂)
Vol. 25 Ch. 360-362
အပိုင်း(၃၆၀) ဌာန(၆)ခုနှင့် ဂိတ်(၈)ခု၊ အရေးပေါ် စစ်ရေးပြင်ဆင်ခြင်း
မဟာကျင်းတိုင်းပြည်။
နန်းတော်ကို ပြန်လည်တည်ဆောက်ခဲ့ပြီးနောက် ပိုမိုကြီးမားခမ်းနားလာကာ အခြေခံ ဌာန(၆)ခုအပြင် ဂိတ်(၈)ခုကို ထပ်မံဖြည့်စွက် ဖွဲ့စည်းခဲ့သည်။
ဌာန(၆)ခုနှင့် ဂိတ်(၈)ခုသည် လက်ရှိနန်းတော်၏ ဖွဲ့စည်းပုံစနစ်ပင်။
ရွှေရောင်နန်းတော် ညီလာခံခန်းမ။
ဧကရီ ချင်းလျူလီ၏ အေးစက်ကြည်လင်သောအသံက ခန်းမတစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။
"ရှန်းဟိုင်ဂိတ်၊။ တောရိုင်းမြေနယ်မြေအတွင်းက တိုင်းတပါးမျိုးနွယ်စုပေါင်းသောင်းချီကို ပေါင်းစည်းပြီး သူတို့ရဲ့မျိုးဆက်တွေကို ယဉ်ပါးအောင်လေ့ကျင့်ပေးဖို့ တာဝန်ယူရမယ်။ သူတို့တွေရဲ့ ရိုင်းစိုင်းတဲ့သဘာဝကို လုံးဝ ယဉ်ပါးသွားအောင် လုပ်ပြီးရင် စစ်ပွဲတွေ၊ ပြည်သူ့အကျိုးပြုလုပ်ငန်းတွေ၊ ကုန်သွယ်ရေးတွေမှာ အများအပြား အသုံးချရမယ်။ ရှန်းဟိုင်ဂိတ်ရဲ့ ဂိတ်မှူးအဖြစ် တွမ့်ယာက တာဝန်ယူရမယ်။"
"ဖုန်းဟော်ဂိတ်။ ထူးခြားတဲ့ စွမ်းရည်ရှိသူတွေကို ဆက်လက် ရှာဖွေဖော်ထုတ်ပြီး သူတို့အားလုံးကို စုဆောင်းရမယ်။ လက်နက်သွန်းလုပ်တာပဲဖြစ်ဖြစ်၊ ဆေးဖော်စပ်တာပဲဖြစ်ဖြစ်၊ သားရဲထိန်းကျောင်းတာ၊ ကွန်ဖြူးရှပ်ကျင့်စဉ်၊ စက်မှုပညာစတဲ့နယ်ပယ်အသီးသီးက ထူးချွန်သူတွေကို လက်ခံရမယ်။ စစ်ဆေးမယ့် စံနှုန်းတွေကို ဖုန်းဟော်ဂိတ်မှူး လင်းလုက သတ်မှတ်ပြီး၊ နန်းတော်က သုံးကြိမ် ပြန်လည်စစ်ဆေးပြီးမှ အတည်ပြု အကောင်အထည်ဖော်ရမယ်။"
"ယွီထင်ဂိတ်။ အဓိကတာဝန်က အရာရှိတွေကို စောင့်ကြည့်စစ်ဆေးဖို့၊ အဂတိလိုက်စားမှုတွေ၊ အုပ်စုဖွဲ့ ကိုယ်ကျိုးရှာမှုတွေ၊ ဓားပြရန်တွေ၊ ပြည်သူတွေကို အမြတ်ထုတ်တဲ့ အဖွဲ့အစည်းတွေနဲ့ ထူးဆန်းတဲ့ အမှုအခင်းတွေကို စုံစမ်းဖို့ပဲ။ ဘယ်သူ့အမိန့်ကိုမှ နာခံစရာမလိုဘဲ ဂိတ်မှူးနဲ့ ငါ့ရဲ့အမိန့်ကိုပဲ နာခံရမယ်။ ဂိတ်မှူးအဖြစ် ဝူတျဲက တာဝန်ယူရမယ်။"
"ရှီကျန့်ဂိတ်။ နန်းတော်ရဲ့ အထက်မြက်ဆုံးဓားသွားပဲ။ အတွင်းလူတွေက တခြားဘယ်တာဝန်မှာမှ ပါဝင်စရာမလိုဘဲ အားလုံးကို ဓားကျင့်ကြံသူတွေနဲ့ပဲ ဖွဲ့စည်းထားမယ်။ အတွင်းမှာ ဧကရာဇ်ရဲ့ ဉာဏ်အလင်းတွေနဲ့ ဓားပညာအမွေအနှစ်တွေကို ထောက်ပံ့ပေးထားမယ်။ ဒါပေမယ့် အကျိုးပြုမှတ်တွေနဲ့ လဲလှယ်ရမယ်။ ဓားကျင့်ကြံသူတိုင်းက ပါရမီထူးချွန်သူတွေ ဖြစ်ရမယ်။ ဂိတ်မှူးအဖြစ် စုချင်ချိုးက တာဝန်ယူရမယ်။"
ခန့်အပ်လွှာများကို ဆက်တိုက် ကြေညာနေ၏။
ထိုအထဲတွင် ဂိတ်မှူးအဖြစ် ရာထူးတိုးမြှင့်ခံရသူ (၈)ဦးမှာ တွမ့်ယာ၊'လင်းလု၊ ဝူတျဲ၊ စုချင်ချိုး၊ ဝူဟွေ့့၊ ဝမ်ရှန်ကျား၊ လီကွမ်ယန့နှင့် ချူရှီရန်တို့ ဖြစ်ကြသည်။
ဂိတ်(၈)ခုမှာ ရှန်းဟိုင်ဂိတ်၊ ဖုန်းဟော်ဂိတ်၊ ယွီထင်ဂိတ်၊ ရှီကျန့်ဂိတ်၊ မော့ထုံဂိတ်၊ လော်ဝမ်ဂိတ်၊ ရွှင်ထျန်းဂိတ်နှင့် ရှန်းကျန့်ဂိတ်တို့ ဖြစ်ကြသည်။
မော့ထုံဂိတ်။ တစ်လောကလုံးရှိ လူဆိုးများကို စုစည်းထားမည်။ ခွင့်လွှတ်၍မရသော ပြစ်မှုကျူးလွန်သူ မှန်သမျှကို ဤအထဲတွင် သိမ်းသွင်းထားမည်ဖြစ်ပြီး အပြင်သို့ ထုတ်ပြန်ကြေညာမည် မဟုတ်ပေ။ ၎င်းကို နန်းတော်မှ ခွင့်ပြုထားသော ဥပဒေပြင်ပနေရာအဖြစ်သာ သတ်မှတ်မည်ဖြစ်ပြီး ဂိတ်မှူးဝူဟွေ့့က တာဝန်ယူမည်။
လော်ဝမ်ဂိတ်။ တစ်လောကလုံးရှိ သတင်းအချက်အလက်များကို စုဆောင်းမည်။ မသိသောအရာ၊ မကြားဖူးသောအရာ မရှိစေရ။
ရွှင်ထျန်းဂိတ်။ ကောင်းကင်ကိုယ်စား စစ်ဆေးမည်။ ဧကရာဇ်၏အမိန့်တော်ကို ကိုင်ဆောင်ကာ တစ်လောကလုံးကို လှည့်လည်စစ်ဆေးမည်။
ရှန်းကျန့်ဂိတ်။ ကျင့်ကြံခြင်းလောက၏ စစ်တက္ကသိုလ်ဖြစ်ပြီး စစ်သူကြီးနှင့် ခေါင်းဆောင်ကောင်းများကို လေ့ကျင့်မွေးထုတ်ပေးမည်။
ထိုအချိန်မှစ၍ ဌာန(၆)ခုနှင့် ဂိတ်(၈)ခု၏ အကြမ်းဖျင်းပုံစံ ပေါ်ပေါက်လာခဲ့သည်။ သေချာသည်မှာ အပြင်သို့ ကြေညာသည်က ဌာန(၆)ခုနှင့် ဂိတ်(၇)ခုသာဖြစ်ပြီး မော့ထုံဂိတ်ကိုမူ ဖုံးကွယ်ထားခဲ့သည်။
စုချင်ချိုးမှာ တစ်ခုခုကို ဆုံးရှုံးလိုက်ရသလို ခံစားလိုက်ရပြီး ဝူတျဲနှင့် အကြည့်ချင်းဖလှယ်လိုက်သည်။ အသိုက်မှခွာတော့မည့် ငှက်ငယ်လေးတစ်ကောင်က တောင်ပံဖြန့်ကာ လောကကြီးကို တစ်ကောင်တည်း ရင်ဆိုင်ရတော့မည့် စိုးရိမ်ပူပန်မှုမျိုးနှင့်အတူ တိတ်တဆိတ် မျှော်လင့်ချက်လေးတစ်ခုလည်း ရှိနေသည်။
ဝူတျဲက စုချင်ချိုးကို တိတ်တဆိတ် လက်မထောင်ပြကာ မျက်စိမှိတ်ပြပြီး ခွန်အားပေးလိုက်သည်။
ဝူတျဲ၏ ဉာဏ်ရည်ထက်မြက်မှုဖြင့် စုချင်ချိုးဦးဆောင်မည့် ရှီကျန့်ဂိတ်က မည်မျှအရေးကြီးသည်ကို မမြင်ဘဲနေမည်လား။ ၎င်းသည် ဂိတ်(၈)ခုထဲတွင် အရေးအကြီးဆုံးဂိတ်ဟုပင် ဆိုနိုင်ပေသည်။
ဤသည်မှာ ဧကရီက စုချင်ချိုးအပေါ် အလွန်ကြီးမားသော မျှော်လင့်ချက်ထားရှိခြင်း ဖြစ်သည်။
နှမြောစရာကောင်းသည်မှာ ဤကောင်မလေးက လောလောဆယ် ၎င်းကို သတိမထားမိသေးခြင်းပင်။
လူတိုင်း အရိုအသေပေး၊ ကျေးဇူးတင်စကား ဆိုပြီးနောက်တွင် မူဝါဒဆိုင်ရာ ကိစ္စရပ်အချို့ကို ဆက်လက်ဆွေးနွေးနေစဉ် ရုတ်တရက် လူတစ်ယောက် ထွက်လာသည်။
ထိုသူမှာ နန်းရင်းဝန် ကျန်းစန်းဟိုင်ပင်။
"ဧကရီအရှင်မ။"
"မကြာသေးခင်က ပြည်သူတွေကြားနဲ့ နန်းတွင်းမှာ ကောလာဟတွေ ထွက်ပေါ်နေပါတယ်။ ဧကရာဇ်က ဘာဖြစ်လို့ ကောင်းကင်ပြည်နယ်ကို မပေါင်းစည်းဘဲ အလိုလိုက်ထားပြီးတော့ ကောင်းကင်မဟာမိတ်အဖွဲ့ကို အာဏာလွှဲပြောင်းပေးပြီး ကောင်းကင်ပြည်နယ်ကို လွတ်လွတ်လပ်လပ် အုပ်ချုပ်ခွင့် ပေးထားရသလဲဆိုတာကို သံသယဝင်နေကြပါတယ်။ ဒီအချက်နဲ့ ပတ်သက်ပြီးတော့ ကျွန်တော်မျိုးလည်း သိပ်နားမလည်ပါဘူး။ အကယ်၍ သင့်တော်တဲ့ ရှင်းလင်းချက်တစ်ခု မရှိဘူးဆိုရင် ဧကရာဇ်ရဲ့ပုံရိပ်ကို ထိခိုက်လာနိုင်ပါတယ်။"
ရွှေရောင်နန်းတော် ညီလာခံခန်းမကြီး ချက်ချင်း တိတ်ဆိတ်သွား၏။
ဤသည်မှာ အလွန်အကဲဆတ်သော အကြောင်းအရာတစ်ခုဖြစ်သဖြင့်၊ ထိုနေရာရှိ ဝန်ကြီးများအားလုံး ထိတ်လန့်တုန်လှုပ်ကာ စိုးရိမ်ပူပန်သွားကြသည်။
ယခုအချိန်တွင် ဧကရာဇ်၏ဂုဏ်သတင်း ဩဇာအာဏာသည် ဧကရီထက် များစွာသာလွန်နေပြီဖြစ်ရာ မည်သူမဆို ဧကရာဇ်အား အလွယ်တကူဝေဖန်ရဲပါက သေလမ်းရှာခြင်းနှင့် အတူတူပင်။
သို့သော် ဤကိစ္စ၏ဂယက်ရိုက်ခတ်မှုမှာ အမှန်တကယ် ကြီးမားလွန်းလှသဖြင့် တောရိုင်းမြေအတွင်း၌ ဝေဖန်ပြောဆိုမှုများ များပြားနေပြီး လူတိုင်းက ဧကရာဇ် ဘာကြောင့် ဤသို့ပြုလုပ်ရသနည်းဟု ခန့်မှန်းနေကာ လုံးဝမယုံနိုင်စရာပင် ဖြစ်နေသည်။
ထို့ကြောင့်။
လျို့ဝှက်ကြံစည်မှု သီအိုရီအချို့ပင် ထွက်ပေါ်လာခဲ့၏။ ဧကရာဇ်က မကောင်းသော ရည်ရွယ်ချက်များကို ဖုံးကွယ်ထားပြီး တိုင်းပြည်ပြောင်းလဲရန် ကြံစည်နေကြောင်း၊ ဧကရီ၏အုပ်ချုပ်မှုကို လက်မခံဘဲ ဧကရီကို နန်းချကာ ကိုယ်တိုင် ဧကရာဇ်ဝတ်ရုံကိုခြုံပြီး ဘုရင်လုပ်ချင်နေကြောင်း စသည်ဖြင့် ပြောဆိုနေကြသည်။
ထို့ပြင် ဧကရာဇ်က ကောင်းကင်မဟာမိတ်အဖွဲ့ မဟာမိတ်ခေါင်းဆောင်ကို မျက်စိကျနေပြီး ဧကရီကို ကန်ထုတ်ကာ ကောင်းကင်မဟာမိတ်အဖွဲ့ခေါင်းဆောင်ကို ဇနီးအဖြစ် သိမ်းပိုက်ရန် ပြင်ဆင်နေသည်ဟုလည်း ပြောဆိုနေကြသေးသည်။
ထို့ထက်ဆိုးသည်မှာ။
ကောင်းကင်ပြည်နယ်တွင် ပိုမို၍ အစွမ်းထက်သူများ ရှိနေပြီး ဧကရာဇ်ကို အလွယ်တကူ သတ်နိုင်၍ ဧကရာဇ်က ရှေ့ဆက်မကျူးကျော်ရဲဘဲ ဆုတ်ခွာကာကွယ်ရန် ရွေးချယ်ခဲ့ခြင်းဖြစ်သည်ဟုလည်း ဆိုကြသည်။
ဤကဲ့သို့သော အဓိပ္ပာယ်မဲ့ ကောလာဟလ စကားများက အဆက်မပြတ် ထွက်ပေါ်လာခဲ့သည်။
သတ်ဖြတ်၍လည်းမကုန်နိုင် နှိမ်နင်း၍လည်းမပြတ်နိုင်ပေ။ ထို့အပြင် နန်းတွင်း အရာရှိများ၌လည်း ဖုံးကွယ်ရန်သင့်တော်သော အကြောင်းပြချက်မရှိပေ။ အဘယ်ကြောင့်ဆိုသော် သူတို့ကိုယ်တိုင်လည်း ဧကရာဇ်၏ အတွေးကို နားမလည်သောကြောင့်ပင်။ ထို့ကြောင့် ကောလာဟာလများမှာ ပိုမို၍ ထကြွသောင်းကျန်းလာပြီး ရေစီးကြောင်းတစ်ခုသဖွယ် ဖြစ်လာခဲ့သည်။
ဤကိစ္စ ပျံ့နှံ့နေသည်မှာ ရက်အတန်ကြာပြီ ဖြစ်သည်။
ဧကရာဇ်၏ဂုဏ်သတင်းဩဇာအာဏာမှာ ကြီးမားလွန်းလှသဖြင့် ညီလာခံတွင် မည်သူကမျှ အလွယ်တကူ လျှောက်တင်ရဲခြင်း မရှိပေ။ အဓိကဝန်ကြီးချုပ် နှစ်ဦးသာလျှင် ဤကိစ္စကို ပြောဆိုရန် အရည်အချင်းရှိသည်။
တုန်းဖန်လျူလီက ဦးစွာ တိတ်ဆိတ်နေပြီးနောက် ပြောလိုက်သည်။
"ဧကရာဇ် ဒီလိုလုပ်ရတာ စဉ်းစားဆင်ခြင်မှုတွေ ရှိလို့ပါ။ ကောလာဟလတွေနဲ့ ပတ်သက်လို့ကတော့ တတ်နိုင်သမျှ ထိန်းချုပ်ပါ။ ဒါပေမယ့် အရမ်းကြီးတော့ တင်းတင်းကျပ်ကျပ် တားမြစ်စရာ မလိုပါဘူး။ အရမ်း အရေးစိုက်နေစရာ မလိုပါဘူး။ တစ်နေ့ကျရင် လောကသားတွေ ဧကရာဇ်ရဲ့စေတနာကို နားလည်လာကြမှာပါ။"
တကယ်တော့ တုန်းဖန်လျူလီက ငါးပိကောင်၏ အတွေးအချို့ကို ခန့်မှန်းနိုင်ပေသည်။
ကောင်းကင်ပြည်နယ်ကို လွှတ်ထားရန် ရွေးချယ်ခဲ့သည့် အကြောင်းရင်းများအနက် တစ်ခုက သူ့ကို ကောင်းကင်တာအိုက လူသားဧကရာဇ်မျိုးစေ့အဖြစ် ရွေးချယ်ခဲ့ခြင်းနှင့် သေချာပေါက် ပတ်သက်နေမည် ဖြစ်သည်။
နယ်မြေနှစ်ခု ပေါင်းစည်းသွားသည်နှင့် တုန်းဖန်လျူလီသည် သေချာပေါက် နန်းတက်၍ ဧကရာဇ်အဖြစ် ခံယူရမည်ဖြစ်သည်။ ကောင်းကင်တာအို၏ ရုပ်သေးရုပ် ဖြစ်လာမည်ဆိုသည့် ကိစ္စကို ခဏထားဦး။ အကယ်၍ ထိုသို့သာ လုပ်လိုက်ပါက ရေနက်ထဲတွင် ပုန်းအောင်းနေသော နှစ်ထောင်ချီ၊ သောင်းချီ သက်တမ်းရှိသော လိပ်အိုကြီးများ အကုန်လုံး တစ်ကောင်ပြီးတစ်ကောင် ထွက်ပေါ်လာကြမည်ဖြစ်သည်။
ဥပမာအားဖြင့် ကောင်းကင်ကြည့်ဆောင်ဂိုဏ်းချုပ်က သေချာပေါက် ထွက်ပေါ်လာမည် ဖြစ်သည်။
သို့သော် ဤစကားများကို လောကသားများထံ ကြေညာရန် အဆင်မပြေသောကြောင့်၊ နှာခေါင်းကို ပိတ်ကာ သည်းခံနေရုံမှလွဲ၍ အခြားမရှိပေ။
ထိုစကားကို ကြားသောအခါ။
အရာရှိများအားလုံး အနည်းငယ် အံ့အားသင့်သွားကြသည်။ ဧကရီကိုယ်တိုင်ပင် တိကျပြတ်သားသော ရှင်းလင်းချက်ကို မပေးနိုင်ပေ။
ဤသည်က သေချာပေါက် လျှို့ဝှက်ချက် ကြီးကြီးမားမား ရှိနေကြောင်း ပြသနေသည်မဟုတ်ပါလား။
ကျန်းစန်းဟိုင်၏ မျက်ဝန်းများ တောက်ပသွားပြီး အနည်းငယ် စဉ်းစားကာ ပြောလိုက်သည်။ "ဧကရီ စိတ်အေးအေးထားတော်မူပါ။ ဧကရာဇ်ရဲ့ဂုဏ်သတင်းကို ပြန်လည်ဆယ်တင်နိုင်ဖို့နဲ့ အရှင်နှစ်ပါးရဲ့ ပူပန်မှုတွေကို ဖြေရှင်းပေးနိုင်ဖို့ ကျွန်တော်မျိုး အစွမ်းကုန် ကြိုးစားသွားပါ့မယ်။"
"ညီလာခံသိမ်းပြီ။"
"နောက်လာမယ့် တစ်လအတွင်း ညီလာခံတက်စရာ မလိုတော့ဘူး။ ထုတ်ပြန်ထားတဲ့ မူဝါဒတွေအတိုင်း ကိုယ့်ဟာကိုယ် ဖွံ့ဖြိုးတိုးတက်အောင် လုပ်ကြ။"
တုန်းဖန်လျူလီက ပင်ပန်းနွမ်းနယ်စွာဖြင့် မျက်ခုံးနှစ်ခုကြားကို ပွတ်သပ်လိုက်ပြီး လက်ယမ်းပြကာ ဧကရာဇ်ပလ္လင်ထက်မှ ပျောက်ကွယ်သွားလေသည်။
......
......
ပစ္စုပ္ပန်ကျေးရွာ။
အစိမ်းရောင်အုတ်ကြွပ်မိုးအိမ်လေး၏ ခြံဝင်းအတွင်း၌။
ယခင်နေ့များကဲ့သို့ စည်ကားသိုက်မြိုက်မှု မရှိတော့ဘဲ လူနေမှုဘဝ၏ အငွေ့အသက်များ ပျောက်ကွယ် သွားခဲ့သည်။ ချစ်စရာကောင်းပြီး အပြစ်ကင်းသော စုချင်ချိုး၊ ဆွဲဆောင်မှုအပြည့်ရှိသော်လည်း တည်ငြိမ် ရင့်ကျက်ဟန်ဆောင်ထားတတ်သော ဝူတျဲ၊ တစ်နေကုန် ဟောက်သံပေးကာ အိပ်တတ်သော ဝါကြီးတို့လည်း မရှိကြတော့ပေ။
မုန့်ချင်ကျိုးတစ်ယောက်တည်း ပက်လက်ကုလားထိုင်ပေါ်တွင် လှဲလျောင်းနေကာ နေစာလှုံနေပြီး ပြောပြ၍မရနိုင်လောက်အောင် တိတ်ဆိတ်အထီးကျန်နေသည်။
"ချင်ကျိုး၊ ကျွန်မ ခွင့်ယူထားတယ်။ ဒီအချိန်လေးကို အခွင့်ကောင်းယူပြီးတော့ ကျွန်မတို့ အပြင်ကို ထွက်လည်ကြရအောင်။ ဒါမှ စိတ်အပန်းပြေမှာ။" တုန်းဖန်လျူလီက တံခါးတွန်းဝင်လာပြီး သူ၏လက်မောင်းကို မစောင့်နိုင်တော့သည့်အလား ဆွဲကိုင်ကာ ချွဲနွဲ့၍ ပြောလိုက်သည်။
ကောင်းကင်မဟာမိတ်အဖွဲ့ကို တိုက်ခိုက်ရန် စစ်ရေးပြင်ဆင်ချိန်မှစ၍ သူနှင့် မုန့်ချင်ကျိုးတို့သည် အမြဲတမ်း စိတ်လှုပ်ရှား တင်းကျပ်နေသည့် အခြေအနေတွင် ရှိနေခဲ့ပြီး အချိန်တိုင်း စစ်ပွဲအတွက် အပြင်းအထန် ကြိုတင်ပြင်ဆင်နေခဲ့ရသည်။
ခက်ခက်ခဲခဲ အနိုင်ရသွားတော့လည်း စိတ်ညစ်စရာကိစ္စ တစ်ပုံတစ်ခေါင်း ရှိနေပြန်သဖြင့် လုံးဝကို အားလပ်ချိန် မရခဲ့ပေ။
နောက်ဆုံးတွင်တော့ တုန်းဖန်လျူလီ အတွေးပေါက်သွားခဲ့ပြီး သူ့ကိုယ်သူ့ အားလပ်ရက်အရှည်ကြီး တစ်ခုပေးပြီး ငါးပိကောင်နှင့်အတူ အပြင်ထွက်လည်ရန် ပြင်ဆင်လိုက်သည်။
သူ အလွန် စိတ်လှုပ်ရှားနေစဉ်။
"ကောင်းပြီ။ တစ်လနေရင် ကိုယ် တံခါးပိတ် ကျင့်ကြံတော့မယ်။ ဘယ်အချိန် ကောင်းကင်နယ်ပယ်ကို ရောက်မလဲဆိုတာပေါ် မူတည်ပြီး ဘယ်အချိန် တံခါးပိတ်ကနေ ထွက်လာမလဲဆိုတာကို ဆုံးဖြတ်ရမှာပဲ။" မုန့်ချင်ကျိုးက ပြုံးလျက် ပြန်ဖြေလိုက်သည်။
[ယွီထန်]နှင့် ကနဦးရင်ဆိုင်ခဲ့ရမှုတွင် သူတို့နှစ်ဦးကြားရှိကွာဟချက်က သူ့ကို အသက်ရှူရခက်စေခဲ့သည်။ ထိုအချိန်က ဟန်ဆောင်ခြောက်လှန့်ကာ ယွီထန်ကို ဆုတ်ခွာသွားအောင် မလုပ်နိုင်ခဲ့လျှင် နောက်ဆုံးဝှက်ဖဲကို ကောင်းကင်ကြည့်ဆောင်ဂိုဏ်းချုပ်နှင့် မတွေ့ရသေးခင်မှာပင် ဖွင့်ချလိုက်ရမည် ဖြစ်သည်။
ထို့ပြင်။
ယွီထန်၏ လေသံထဲတွင် ပါဝင်နေသော ကောင်းကင်ကြည့်ဆောင် ဂိုဏ်းချုပ်အပေါ် စိုးရိမ်မှုများကို ကြည့်ခြင်းအားဖြင့် ထိုသူ၏စွမ်းအားမှာ ထင်ထားသည်ထက် ပို၍ကြောက်မက်ဖွယ်ကောင်းနေနိုင်သည်။
စနစ်၏ဆုလာဘ်မှတစ်ဆင့် ကောင်းကင်နယ်ပယ်သို့မတက်နိုင်လျှင် ကိုယ့်ကိုယ်ကိုယ်သာ အားကိုးပြီး ကောင်းကင်နယ်ပယ်သို့ ဂုဏ်သိက္ခာရှိရှိ တက်လှမ်းရမည်သာ။
သူ အမြန်ဆုံးလုပ်ရန် လိုအပ်ပြီး အနည်းငယ်မျှပင် အချိန်ဆွဲနေ၍ မရတော့။ တုန်းဖန်လျူလီအတွက် တစ်လအချိန်ပေးထားခြင်းကပင် အကန့်အသတ်ဖြစ်နေပြီ ဖြစ်သည်။
ထိုစကားကို ကြားသောအခါ။
တုန်းဖန်လျူလီ၏ တောက်ပလှပသော မျက်ဝန်းများ ချက်ချင်း မှေးမှိန်သွားပြီး အသံတိုးတိုးလေးဖြင့် ပြောလိုက်သည်။
"အင်း။ ကောင်းပြီလေ။"
"တစ်လဆိုရင် လုံလောက်ပါတယ်။”
...
အပိုင်း(၃၆၁) သမီးလေးတစ်ဦးရပြီ၊ “အန်းအန်း”ဟု နာမည်မှည့်ခြင်း
ဧကရီက နန်းတော်ကိစ္စများကို ခေတ္တရပ်နားကာ ဧကရာဇ်နှင့်အတူ ခရီးထွက်ခဲ့သည်။ သူတို့နှစ်ဦးစလုံး စိတ်ညစ်စရာမှန်သမျှကို စွန့်ပစ်ကာ လောကီအာရုံခံစားမှုများထဲသို့ နစ်မြုပ်လိုက်ကြသည်။
မဟာကျင်းဧကရာဇ်နန်းတော်မှ စတင်ထွက်ခွာခဲ့ပြီး တောရိုင်းမြေ၏ ပြည်နယ် (၃၃)ခု၊ ခရိုင် (၁၀၈)ခုနှင့် မြို့ပေါင်း (၁၀၀၁)မြို့ကို ဖြတ်သန်းကာ ယခင်က တရားဓမ္မနှင့် မကောင်းဆိုးဝါးဘုန်းကြီးများ ဒုက္ခပေးခဲ့သော လန်ယတိုင်းပြည်သို့ ရောက်ရှိလာခဲ့သည်။ အတောင်ပံ(၆)ဖက်ပါသည့် ကောင်းကင်တမန်လေး လျန်ယွဲ့၏ စိတ်ရင်းစေတနာဖြင့် ပြောင်းလဲမှုများကြောင့် အခြေအနေများမှာ တဖြည်းဖြည်း တိုးတက်ကောင်းမွန်လာပြီး ဧကရီနှင့် ဧကရာဇ်တို့ကို ကိုးကွယ်သည့် ဗိမာန်များမှာ အတော်လေး များပြားလာသည်။
"နန်းတော်ပြန်ရောက်ရင် ကိုယ့်ရဲ့ရုပ်တုတွေကို နောက်ထပ်မကိုးကွယ်ဖို့ အမိန့်တော်စာ ထုတ်ပြန်လိုက်။" မုန့်ချင်ကျိုးက မှာကြားလိုက်သည်။
သူ၏ဝိညာဉ်ကိုယ်ထည်ကို ကိုးကွယ်မှုရွှေရောင်ကိုယ်ထည်အဖြစ် ပြောင်းလဲလိုက်ခြင်းက ကောင်းသော ကိစ္စမဟုတ်ဟု သူ အမြဲခံစားနေရသော်လည်း ပြန်လှည့်ပြင်ဆင်၍ မရနိုင်သဖြင့် တတ်နိုင်သလောက်သာ ပြန်လည်ကုစားရန် ကြိုးစားရမည်ဖြစ်သည်။
"ကောင်းပါပြီ။ ကျွန်မ မှတ်ထားလိုက်ပါမယ်။" တုန်းဖန်လျူလီက ခေါင်းညိတ်ကာ ထိုငါးပိကောင်၏ လက်မောင်းကို ဖက်တွယ်ထားသည်။ သူ မသတိထားမိချိန်တွင် သူ၏ဗိုက်ကို ရံဖန်ရံခါ ပွတ်သပ်နေမိပြီး သူ၏ လှပသောမျက်ဝန်းများထဲတွင် မိခင်မေတ္တာဓာတ်များ ပေါ်လွင်နေ၏။
"ချင်ကျိုး၊ ကျွန်မ ကန့်ကော်သီးသကြားလုံး စားချင်တယ်။ ကျွန်မနဲ့အတူ စားပေးနော်။"
...
ထို့နောက်။
သူတို့နှစ်ဦးက အနောက်ဘက်သို့ ဆက်လက်ခရီးနှင်ကြသည်။
လမင်းမျိုးနွယ်စုများက မဟာကျင်းစစ်သည်များကို ဦးဆောင်ကာ လေမုန်တိုင်းများကို ထိန်းချုပ်ပြီး သဘာဝဘေးအန္တရာယ်များကို ပြေလည်အောင် လုပ်ဆောင်နေသည်ကို တွေ့ရသော်လည်း သူတို့က မည်သူ့ကိုမျှ မနှောင့်ယှက်ဘဲ ခပ်လှမ်းလှမ်းမှသာ စောင့်ကြည့်နေကြသည်။ ထို့နောက် ရှေးဟောင်းအဆောက်အအုံများ ဖြစ်လာသော ဗုဒ္ဓတိုင်းပြည်သို့ ရောက်ရှိလာခဲ့ကြသည်။
သူတို့က အချိန်ကိုပင် မေ့လျော့နေပြီး ခရီးလမ်းတစ်လျှောက်တွင် အလျင်စလိုမရှိဘဲ ဖြည်းညှင်းစွာဖြင့် လည်ပတ်နေကြသည်။
တစ်လခန့် ကြာပြီးနောက်။
သူတို့နှစ်ဦး တောရိုင်းမြေကမ်းရိုးတန်းသို့ ရောက်ရှိလာ၏။ တုန်းဖန်လျူလီက ကောင်းကင်ပြည်နယ်ဘက် လှမ်းမျှော်ကြည့်ကာ ပြောလိုက်သည်။
"ကံကြမ္မာကို ဆက်ခံတဲ့သူက ကျိဝူရွှမ် မဟုတ်တော့ဘူး။ ကောင်းကင်မဟာမိတ်အဖွဲ့ရဲ့ ခေါင်းဆောင်က ကျိဝူရွှမ်ရဲ့အရာအားလုံးကို သိမ်းယူပြီးတော့ ကောင်းကင်ထောက်တိုင်နယ်ပယ်ကို တက်လှမ်းသွားတယ်။ ကောင်းကင်ပြည်နယ်ရဲ့ ရှုပ်ထွေးနေတဲ့အခြေအနေတွေကို အပြတ်အသတ် နှိမ်နင်းပြီး စည်းမျဉ်းသစ်တွေ ပြန်ချမှတ်ပြီးတော့ ပြုပြင်ပြောင်းလဲမှုတွေကို စတင်နေပြီ။"
"လီတိုင်ယွမ်က မဟာကျင်းကို ရန်သူအဖြစ် သတ်မှတ်မယ်လို့ ပြောခဲ့တာက လေထဲမှာ စကားပြောရုံ သက်သက်တော့ မဟုတ်တဲ့ပုံပဲ။"
မုန့်ချင်ကျိုးက သိပ်ဂရုမစိုက်ဘဲ တည်ငြိမ်စွာ ပြောလိုက်သည်။
"သူ့သဘောအတိုင်းပဲ ထားလိုက်ပါ။ ဂရုစိုက်စရာ မလိုဘူး။ ကောင်းကင်ပြည်နယ်ကိစ္စတွေကို ဌာန(၆)ခုနဲ့ ဂိတ်(၈)ခုကို လွှဲပေးထားလိုက်၊ သူတို့ဖြေရှင်းနိုင်ပါလိမ့်မယ်။"
တုန်းဖန်လျူလီက သူ့ပခုံးပေါ်တွင် ခေါင်းမှီထားရင်းနှင့် ဗိုက်ကိုတစ်ဖက်မှ ပွတ်သပ်ကာ တိုးညှင်းစွာ ပြောလိုက်သည်။
"အချိန်တန်ပြီ၊ ကျွန်မတို့ ပြန်ကြရအောင်။"
"ကောင်းပါပြီ။" မုန့်ချင်ကျိုးက စိတ်မကောင်းသလိုဖြစ်သွားပြီး တစ်စုံတစ်ခု ပြောရန်ပြင်လိုက်စဉ်။
ရုတ်တရက်။
တုန်းဖန်လျူလီက ရုတ်ချည်းပင် ပြောလိုက်သည်။
"ချင်ကျိုး။ ရှင့်ကို သတင်းတစ်ခု ပြောပြမယ်၊ နားထောင်ချင်လား။"
"နားထောင်ချင်တယ်။"
"ရှင် ကလေးအဖေ ဖြစ်တော့မယ်..."
"အမ်..."
"ဟင်။"
မုန့်ချင်ကျိုး၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်လှုပ်သွားပြီး တစ်ကိုယ်လုံး ရပ်တန့်သွား၏။ ရုတ်တရက် လှည့်ကြည့်ကာ တုန်ရီသော အသံဖြင့် ပြောလိုက်သည်။ "မင်း... မင်း... မင်း နောက်နေတာ မဟုတ်ဘူးမလား။"
ထိုစကားကို ပြောပြီးမှ သူကိုယ်တိုင်ပင် မှားပြောမိမှန်း သိလိုက်သည်။
လျူလီ၏စရိုက်အရ ဤကဲ့သို့သော စ္စမျိုးကို နောက်ပြောင်စရာ အကြောင်းမရှိပေ။
"ကိုယ်က ကလေးအဖေ ဖြစ်တော့မှာလား။" မုန့်ချင်ကျိုးက လျူလီ၏ ပခုံးကိုကိုင်ကာ အသက်ရှူနှုန်းများကိုမထိန်းနိုင်ဘဲ အိပ်မက်ထဲတွင်ရှိနေသကဲ့သို့ ခံစားနေရသည်။ သတိကြီးစွာဖြင့် ထိုင်ချလိုက်ပြီး လျူလီ၏ဗိုက်ကို အသာအယာပွတ်သပ်ကာ နားကပ်၍ သေချာစွာ နားထောင်ကြည့်သည်။
အသက်ကို အောင့်ထားရင်း ခဏကြာသည်အထိ။
မုန့်ချင်ကျိုး၏ မျက်နှာအမူအရာများ ပြောင်းလဲသွားပြီး လျူလီ၏ဝမ်းဗိုက်ထဲတွင် အသက်ငယ်ငယ်လေးတစ်ခု တကယ်ရှိနေကြောင်း သေချာသွားသည့်အခါ မြေကြီးပေါ်တွင် ဖင်ထိုင်လျက် လဲကျလုမတတ် ဖြစ်သွားပြီး ကြောင်အမ်းအမ်းဖြင့် ပြောလိုက်သည်။
"မဖြစ်နိုင်တာ။ မကြာသေးခင်က ကိုယ်တို့ အတူနေတာ နည်းသွားတာကို ဘယ်တုန်းက ရသွားတာလဲ။"
တုန်းဖန်လျူလီက ပေါ့ပေါ့ဆန်ဆန်နှင့် ခေါင်းကုတ်နေသောပုံစံလေးကို ကြည့်ကာ မျောက်ငယ်လေး တစ်ကောင်နှယ် ဖြစ်နေသည်ကို မြင်ရပြီး ရယ်မောလိုက်ကာ ပြောလိုက်သည်။
"လွန်ခဲ့တဲ့ နှစ်လကတည်းကပါ။ ဒါပေမယ့် အဲဒီတုန်းက အခြေအနေက တင်းမာနေတော့ ရှင့်စိတ်ကို မထိခိုက်စေချင်လို့ မပြောရဲခဲ့တာပါ။"
နှစ်လကတည်းက...
မုန့်ချင်ကျိုး ရုတ်တရက် သတိဝင်လာပြီး မတ်တတ်ရပ်ကာ စိတ်ဆိုးဟန်ဆောင်၍ လျူလီ၏နဖူးကို ခေါက်ကာ ဆူလိုက်သည်။
"ကိုယ်ဝန်ရှိနေတာကို ကောင်းကင်ပြည်နယ်အထိ လိုက်လာပြီးတော့ စစ်တိုက်သေးတယ်ပေါ့လေ။ ကလေးကို ထိခိုက်သွားရင် ဘယ်လိုလုပ်မလဲ။"
တုန်းဖန်လျူလီက နှုတ်ခမ်းမဲ့ကာ ချွဲနွဲ့၍ ပြောလိုက်သည်။
"ကျွန်မတို့ကလေးကို မွေးကတည်းက အဖေမရှိတာမျိုး ဖြစ်စေချင်လို့လား။ တစ်မိသားစုလုံး အတူတူသွားရင်တောင် ကျွန်မတို့သားအမိ နှစ်ယောက်တည်းကို ဒုက္ခရောက်အောင် ပစ်ထားခဲ့တာထက် ပိုကောင်းသေးတယ်။"
"ဖတ်... ဖတ်... ဖတ်။" မုန့်ချင်ကျိုးက ချက်ချင်းပင် ပြန်လည်ခုခံလိုက်ပြီး ယုံကြည်မှုအပြည့်ဖြင့် ခါးထောက်ကာ ပြောလိုက်သည်။ "မှတ်ထား။ မင်းရဲ့ခင်ပွန်းက လောကမှာ ပြိုင်ဘက်ကင်းတယ်။"
ထိုသို့ပြောရင်း။
မုန့်ချင်ကျိုး၏အမူအရာမှာ တည်ကြည်သွားပြီး အလွန်အလေးအနက် ပြောလိုက်သည်။
"ကလေး မမွေးခင်အထိ မင်း အလုပ်တွေလုပ်ပြီး ပင်ပန်းမခံနဲ့။ နန်းတွင်းကိစ္စတွေကို ဝန်ကြီးနှစ်ပါးကို အကုန်လွှဲပေးထား။ စစ်တိုက်တာမျိုးတွေ လုံးဝမလုပ်နဲ့။ ဗိုက်ကို ဂရုစိုက်ပြီး အေးအေးဆေးဆေးနေ။ ကောင်းကင်ကြီး ပြိုကျလာရင်တောင် ကိုယ်တို့ကလေး အန္တရာယ်ကင်းကင်း ကြီးပြင်းလာတာထက် ဘာမှ အရေးမကြီးဘူး။"
"နားလည်လား။"
တုန်းဖန်လျူလီက သူ့ကို ငေးကြည့်နေပြီး ရင်ထဲမှစိုးရိမ်စိတ်များ ချက်ချင်း ပျောက်ကွယ်သွားသည်။
မူလက သူသည် ငါးပိကောင်းကို ဤသတင်းပြောပြလိုက်လျှင် သူ့ပခုံးပေါ်၌ ဝန်ထုပ်ဝန်ပိုး ပိုများသွားပြီး စိတ်ဓာတ်ကျသွားမည်ဟု ထင်ထားခဲ့သည်။ သူ ဤမျှလောက် စိတ်လှုပ်ရှားနေလိမ့်မည်ဟု မထင်ခဲ့မိပေ။
"ရှင် အဖေကောင်းတစ်ယောက် ဖြစ်လာမှာပါ။" တုန်းဖန်လျူလီက သူ့ကို ပွေ့ဖက်လိုက်သည်။
မုန့်ချင်ကျိုးက လက်မလျှော့ဘဲ ပြောလိုက်သည်။ "စကားမလွှဲနဲ့။ ကိုယ်ပြောတာ ကြားလား။"
"သိပါပြီ။ ဘာလို့ ရုတ်တရက် ဒီလောက်တောင် စကားများလာရတာလဲ။" တုန်းဖန်လျူလီက အပြစ်တင်သလိုလို ပြန်ပြောလိုက်သည်။
မုန့်ချင်ကျိုးက ချောင်းအနည်းငယ်ဆိုးကာ စိတ်ကိုတည်ငြိမ်အောင် ပြန်လုပ်ပြီးနောက် မျက်နှာအမူအရာ တဖြည်းဖြည်း တည်ကြည်သွားသည်။
ထိုအခြေအနေကို မြင်သောအခါ တုန်းဖန်လျူလီ၏ စိတ်ထဲတွင် ရုတ်တရက် လှုပ်ရှားသွားသည်။
နောက်ဆုံးတော့ ဝန်ထုပ်ဝန်ပိုးကို ခံစားလိုက်ရပြီပေါ့...
ဟုတ်လည်း ဟုတ်တာပဲလေ။
လက်ရှိအချိန်မျိုးတွင် ရုတ်တရက် ကိုယ်ဝန်ရသွားခြင်းက ကြီးမားသောတာဝန်တစ်ခု ဖြစ်လာသည်။
ရုတ်တရက် သူက ပေါင်ကို တစ်ချက်ပုတ်လိုက်ပြီး ပြောလိုက်သည်။
"သေပြီ။ ကိုယ်က ကိုယ့်ကိုယ်ကိုယ်တောင် ကလေးအဖေဖြစ်မှန်း မသိသေးတာကို ဒီတာဝန်ကို ဘယ်လိုယူရမှာလဲ။"
တုန်းဖန်လျူလီမှာ အံ့အားသင့်သွားပြီးနောက် သူက အချိန်အတော်ကြာ စဉ်းစားပြီးမှ ဤစကားကို ပြောထွက်လာလိမ့်မည်ဟု မထင်ထားပေ။
"အင်း..."
"ပြောရရင်တော့ ကျွန်မလည်း အမေ မဖြစ်ဖူးဘူး။ လွန်ခဲ့တဲ့ (၄)နှစ်ကဆိုရင် ကျွန်မက သန့်စင်တဲ့ မိန်းကလေးငယ်လေးပဲ ရှိသေးတာ။ ကိုယ့်ဘာသာတောင် အလည်မဝသေးဘူး။ အခုတော့ ရှင်တွန်းအားပေးလို့ အမေ ဖြစ်လာရပြီ။ အဆင့်အတန်းတောင် ပိုမြင့်သွားသလိုပဲ။ ဟွန့်။ လူဆိုးကြီး။"
"အဲ... အဲ... အဲ။ မင်း မဟုတ်ကဟုတ်က မပြောနဲ့။ မင်းက အရင်ကတည်းက ငါ့ကို အတင်းဆွဲခေါ်ပြီး အခန်းထဲ ခေါ်သွားတာလေ။ ဘဝ(၉)ခုတိုင်တိုင် ငါ့ကို မလွှတ်ပေးခဲ့တာ။ ဧကရီဖြစ်နေပြီးတော့ မမှန်မကန် စကားတွေ မပြောနဲ့လေ။"
"ဒီလိုဆိုတော့ ရှင်က တာဝန်ကနေ ရှောင်ချင်တာပေါ့လေ။"
"မဟုတ်ဘူး၊ တစ်ခုနဲ့တစ်ခု မရောနဲ့။ ကိုယ်က မင်းရဲ့ စကားလုံးအမှားတွေကို ပြင်ပေးနေတာ။"
"ဘာဖြစ်လဲ။ ဆင်ခြေပေးတာက မိန်းမတွေရဲ့ အခွင့်အရေးပဲ။"
"အယ်... မင်းက စွန့်ပစ်မယ့်မိန်းမတစ်ယောက်လိုပဲ။ ဘောင်းဘီချွတ်ပြီ လူမသိအောင် လုပ်မလို့လား။"
"တော်ပါတော့။ ရှင့်ရဲ့ ချစ်စရာဇနီးလေးလိုပုံစံမျိုးနဲ့ ခဏနေရင် ဆုလာဘ်နည်းနည်းယူပြီးတော့ ကိုယ့်ကိုယ်ကိုယ် ပြန်အားဖြည့်လိုက်ဦး။"
...
...
သူတို့နှစ်ဦးက စကားများလိုက် စနောက်လိုက်ဖြင့် နန်းတော်သို့ ပြန်လာခဲ့ကြသည်။
စိတ်လှုပ်ရှားမှုများ အေးစက်သွားသောအခါ မုန့်ချင်ကျိုးက အိတ်ထဲတွင် ဆေးလိပ်မပါသည်ကို တွေးမိပြီး စိတ်ပူပန်စွာဖြင့် မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
"မိန်းမ၊ ကိုယ်ဝန်က ယောက်ျားလေးလား၊ မိန်းကလေးလား။"
တုန်းဖန်လျူလီက မျက်ခုံးပင့်လိုက်သည်။ "ရှင် ဘာလိုချင်တာလဲ။"
မုန့်ချင်ကျိုးက အကြိမ်ကြိမ် စဉ်းစားပြီးနောက် အလွန်ရိုးသားစွာ ပြောလိုက်သည်။
"ကိုယ်တော့ ကိစ္စမရှိပါဘူး၊ ယောက်ျားလေးပဲဖြစ်ဖြစ်၊ မိန်းကလေးပဲဖြစ်ဖြစ် ရပါတယ်။ ဒါပေမဲ့လည်း မိန်းကလေးဆိုရင် ပိုကြိုက်တယ်။ မိန်းကလေးက နူးညံ့သိမ်မွေ့ပြီး ချစ်ဖို့ကောင်းတယ်။ ယောက်ျားလေး ဆိုရင်တော့ ဆိုးလွန်းလို့ ကိုယ့်ကိုဒုက္ခပေးမယ့်သူ ဖြစ်လာလိမ့်မယ်။ နူးညံ့လွန်းရင်လည်း ယောက်ျားပီသမှုမရှိမှာ စိုးတယ်။ စိတ်မချမ်းသာရင် ကိုယ့်ကို နှလုံးရောဂါ ဖြစ်အောင် လုပ်မယ့်သူတွေပဲ။"
"အဓိကကတော့ ယောက်ျားလေးလား၊ မိန်းကလေးလား ကြိုသိချင်တာ။ နာမည်ကို အမြန် မှည့်ပေးဖို့လေ။ အင်း... ကလေးနာမည် မှည့်ရတာက ကြီးမားတဲ့စီမံကိန်းပဲ။ ကိုယ် ပြင်ဆင်ရဦးမယ်။"
ထိုစကားကို ကြားသောအခါ တုန်းဖန်လျူလီက ပြုံးလိုက်သည်။
"ရှင်ဆန္ဒရှိတဲ့အတိုင်းပဲ မိန်းကလေးပါ။"
"ဟုတ်ပြီ။ ဟုတ်ပြီ။"
မုန့်ချင်ကျိုးမှာ အလွန်ပျော်ရွှင်သွားပြီးနောက် မျက်မှောင်ကြုတ်ကာ ခဏစဉ်းစားပြီး ပြောလိုက်သည်။
"ငါ့သမီးဆိုရင် သူ့ရဲ့အမေလို လှပတဲ့အသွင်အပြင်နဲ့ သူ့ရဲ့အဖေလို လွတ်လပ်ပြီးထက်မြက်တဲ့ စရိုက်မျိုး ရှိရမယ်။"
"နာမည်မှာလည်း အဲဒီအဓိပ္ပာယ်တွေပါရမယ်။ ဆိုတော့..."
"မုန့်အန်းအန်း။"
တုန်းဖန်လျူလီက စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။ "ဒီနာမည်က... ရှင်ပြောတဲ့အဓိပ္ပာယ်တွေနဲ့ ဘာဆိုင်လို့လဲ။"
"ဆိုင်တာပေါ့။ နာမည်က ရိုးရှင်းလေလေ သူရဲ့ ထူးခြားတဲ့ဘဝလမ်းစဉ်ကို ပိုပြီးတော့ ထင်ဟပ်စေလေပဲ။ ပြီးတော့ အဓိပ္ပာယ်ကလည်း ကောင်းတယ်။ ငြိမ်းချမ်းပြီး ဘေးအန္တရာယ်ကင်းရှင်းဖို့လေ။" မုန့်ချင်ကျိုးက ပြောလိုက်သည်။
တုန်းဖန်လျူလီမှာ ပို၍မူးဝေလာပြီး မျက်လုံးများ လှည့်နေသည်။
"မဖြစ်နိုင်တာ။ ဒါဆိုရင် ဖိန်ဖိန် ဆိုတာကရော။"
ထိုအခါ မုန့်ချင်ကျိုးက အဓိပ္ပာယ်ပါသောအပြုံးဖြင့် ရယ်မောလိုက်သည်။
"ဖိန်ဖိန်က မွေးဖို့ကျန်သေးတယ်လေ။ ကိုယ်တို့ ဆက်ပြီး ကြိုးစားကြရအောင်လေ။”
...
အပိုင်း(၃၆၂) ဆောင်းဦးနှင့်နွေဦးများ တခဏလေး ကုန်လွန်သွားခြင်း
မျက်စိတစ်မှိတ်အတွင်း။
တစ်နှစ်တာကာလ ကုန်လွန်သွားခဲ့ပြီဖြစ်သည်။
ဤတစ်နှစ်အတွင်း ဧကရာဇ်သည် လူတို့၏အမြင်အာရုံမှ လုံးဝပျောက်ကွယ်သွားခဲ့သည်။ ယခင်ကကဲ့သို့ တောင်ပိုင်းကိုစစ်ချီ၊ မြောက်ပိုင်းကိုစစ်တိုက်ကာ သတင်းကြီးများ ဖြစ်ပွားစေခြင်းမျိုး မရှိတော့ဘဲ မည်သည့်နေရာ ရောက်သွားမှန်း မည်သူမျှ မသိကြတော့ပေ။
ဧကရီသည်လည်း အာဏာကို တဖြည်းဖြည်း လွှတ်ပေးလိုက်ပြီး နန်းတွင်းကိစ္စများကို ဌာန(၆)ခုနှင့် ဂိတ်(၈)ခုထံ လွှဲအပ်ကာ သူကိုယ်တိုင်မှာမူ ပစ္စုပ္ပန်ကျေးရွာတွင် အနားယူလျက်ရှိသည်။
မဟာကျင်းတိုင်းပြည်တွင် ဧကရာဇ်နှစ်ပါး စိုးမိုးထားခဲ့ရာမှ ယခုအခါတွင် တစ်ပါးပြီးတစ်ပါး ကွယ်ပျောက်သွားခဲ့ကြသည်။
ဤအခြေအနေက နယ်မြေနှစ်ခုလုံး၏ အာရုံစိုက်မှုကို ရရှိစေပြီး ခန့်မှန်းချက်အမျိုးမျိုး ထွက်ပေါ်၍ လာခဲ့သော်လည်း ဧကရာဇ်၏ဂုဏ်သတင်းဩဇာအာဏာကို ကြောက်ရွံ့ကြသဖြင့် ဧကရာဇ်နှစ်ပါး ကွယ်ပျောက်၍ သွားသော်လည်း မည်သူမျှ မကျူးကျော်ရဲကြပေ။
ကောင်းကင်မဟာမိတ်တစ်ခုသာ ချွင်းချက်ဖြစ်ပြီး လွန်ခဲ့သော တစ်နှစ်အတွင်း အမြဲလိုလို ပြဿနာများ ဖြစ်ပွားစေနေသည်။
...
...
ပြည်နယ် (၃၃)ခုထဲမှ "လော့ဟွမ်ပြည်နယ်" နယ်မြေအတွင်း တောင်တန်းပေါင်း တစ်သောင်းကြားတွင် ဓားမျှော်စင်တစ်ခု မတ်မတ်ရပ်တည်နေပြီး ဓားတစ်လက်ပမာ တည့်မတ်ကာ တိမ်တိုက်များအထိ ထိုးထွက်နေသည်။
လာရောက်သူများမှာ ဓားကိုခါးတွင်ချိတ်ကာ လွတ်လပ်ပေါ့ပါးစွာ သွားလာနေသော ဓားကျင့်ကြံသူများ ဖြစ်ကြပြီး ကောင်းကင်တွင် ပျံသန်းသွားလာနေကြသည်မှာ အလွန်ပင် ခန့်ညားလှ၏။
ဓားမျှော်စင်အနီးတွင် အိမ်တွင်းပုန်းနေတတ်သော အလှမယ်လေးများ သူကောင်းကို ရှာဖွေနေသည့် ပွဲစားများကို အမြဲလိုလို မြင်တွေ့ရတတ်သည်။ သူတို့က "အလှမယ်နှင့် လူကြီးလူကောင်းတို့ မထင်မှတ်ဘဲ တွေ့ဆုံခြင်း" ဟူသော ဇာတ်လမ်းမျိုး ဖြစ်ပေါ်လာမလားဟု အခွင့်အရေး စောင့်ကြည့်နေကြခြင်းဖြစ်သည်။
တောင်လမ်းဘေးတွင်။
လော့ဟွမ်ပြည်နယ်မှ မိသားစုကြီးများမှ သမီးပျိုအချို့ အပန်းဖြေရန် လာရောက်ကြရင်း မသိစိတ်နှင့် တောင်တန်းတစ်သောင်း၏ အလယ်ဗဟိုသို့ ရောက်လာကြပြီး လမ်းမှားရာမှ "ရှီကျန့်ဂိတ်"ဌာနခွဲ အနီးသို့ ရောက်လာကြသည်။
ပန်းပွင့်လေးများကဲ့သို့လှပသော မိန်းကလေးများက မိတ်ကပ်များကို အနည်းငယ်သာ လိမ်းခြယ်ထားပြီး ကြယ်တာရာများကဲ့သို့ တောက်ပသော မျက်လုံးများဖြင့် ဖျတ်ခနဲ ဖျတ်ခနဲ ကြည့်နေကြသည်။ သူတို့၏ ခါးသွယ်သွယ်လေးများက လှုပ်ရှားလိုက်တိုင်း လှပနေပြီး စကတ်စလေးများမှာ လေတိုက်ရာသို့ လွင့်ပျံနေသည်။ သူတို့က တိုးတိုးလေး ဆွေးနွေးနေပြီး "ရှီကျန့်ဂိတ်"ထဲ ဝင်လိုက်ထွက်လိုက် လုပ်နေသော ဓားကျင့်ကြံသူများကို လှမ်းကြည့်နေကြသည်။
"ရှီကျန့်ဂိတ်က ကျင့်ကြံသူတွေဆိုတာ တိုင်းပြည်ရဲ့ အနာဂတ် ရှေ့ဆောင်တွေပဲ။ ပါရမီထူးချွန်တဲ့ ဓားကျင့်ကြံသူတွေကိုပဲ လက်ခံတာ။ အထဲကတစ်ယောက်ကို ကောက်ကိုင်လိုက်ရင်တောင် ပါရမီက သာမန်ထက် သာလွန်နေမှာပဲ။ အို... နေ့တိုင်း ဒီလိုဓားကျင့်ကြံသူတွေနဲ့ တွေ့ဆုံပြီး အချစ်ဇာတ်လမ်းလေး ဖြစ်လာမလားလို့ မျှော်လင့်နေတဲ့ မိန်းကလေးတွေ ဘယ်လောက်တောင် များမလဲ မသိဘူး..."
"ငါတို့ပဲ အရင်ဦးအောင် လုပ်ကြမလား။ အမြဲတမ်း စောင့်နေလို့ မဖြစ်ဘူးလေ။"
"ငါတော့ မထင်ဘူး၊ ရှီကျန့်ဂိတ်က ဓားကျင့်ကြံသူတွေရဲ့ နှလုံးသားထဲက နတ်သမီးက ဓားသခင်မ စုချင်ချိုးပဲလေ။ လွန်ခဲ့တဲ့ (၆)လက ကောင်းကင်ထောက်တိုင်နယ်ပယ်ကို တက်လှမ်းနိုင်ခဲ့လို့ ပြဿနာကြီး ဖြစ်ခဲ့သေးတယ်။ ကြားတာတော့ အောင်မြင်တဲ့နေ့မှာပဲ ပင်လယ်ပြင်က နတ်ဘုရားတစ်ပါး တောရိုင်းမြေကို လာတိုက်ဖို့ ကြိုးစားလို့ ဓာနတ်မိမယ်က ဓားချက်သုံးချက်နဲ့တင် သတ်လိုက်တာ။ နတ်ဘုရားအမြုတေတောင် ကောင်းကင်တာအိုက ပြန်သိမ်းသွားရတယ်တဲ့။"
"ဟုတ်တယ်လေ။ ဒီလိုအထွတ်အထိပ်မှာရှိနေတဲ့သူကို ဘယ်သူက ယှဉ်နိုင်မလဲ..."
"ဘယ်သူပြောလဲ။ အားလုံးက ဓားသခင်မကိုပဲ လိုချင်တာမဟုတ်ဘူး။ တချို့က ကိုယ့်အခြေအနေကို သိကြတာပေါ့။ ကွာခြားချက်က အရမ်းများတော့ လုံးဝ အဆင်မပြေနိုင်မှန်း သိကြတယ်။ အဲဒါကြောင့် ငါတို့က သူတို့ကိုပဲ ပစ်မှတ်ထားကြတာပေါ့။"
...
မိန်းကလေးအချို့မှာ အချိန်အတော်ကြာ တိုင်ပင်နေကြသည်။
"ဓားသခင်မစု"၏ နာမည်မှာ တစ်နှစ်အတွင်း ပိုမိုကြီးမားလာခဲ့သည်။ "မဟာယန်ဓားကျင့်စဉ်"နှင့် "ပန်းကြွေရေစီး"ကို ပေါင်းစပ်လိုက်ရာတွင် ပထမတစ်ခုက ဓားပညာနတ်ဆိုးအမွေအနှစ်ဖြစ်ပြီး ဒုတိယတစ်ခုက အချိန်တာအိုအနည်းငယ် ပါဝင်သည်။ ဤနှစ်ခုကို ပေါင်းစပ်လိုက်ခြင်းဖြင့် ကောင်းကင်ထောက်တိုင်နယ်ပယ်သို့ တက်လှမ်းနိုင်ခဲ့ပြီး အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။
ထို့ပြင် ဓားသခင်မမှာလည်း အရွယ်ရောက်လာသည်နှင့်အမျှ ပိုမို၍ လှပအေးစက်လာပြီး နန်းတွင်းမှ ဧကရီ၏အရိပ်အယောင်များပင် ပါလာသေးသည်။ သူသည် မဟာကျင်းတိုင်းပြည်တွင် အင်အားအကြီးမားဆုံး ဖြစ်လာပြီး အချက်အလက်များစွာ ပေါင်းစပ်လိုက်သောအခါ မဟာကျင်း၏ နံပါတ်တစ် ချမ်းသာပြီး လှပသည့် အမျိုးသမီး ဖြစ်လာခဲ့သည်။
ဧကရီပြီးလျှင် အမျိုးသမီးအားလုံး၏ခေါင်းပေါ်တွင် ဖိထားနိုင်သည့် ဒုတိယမြောက် မဏ္ဍိုင်ကြီး ဖြစ်လာ၏။
"မင်းတို့က ဘယ်သူတွေလဲ။ ရှီကျန့်ဂိတ်ရဲ့ ပတ်ပတ်လည် မိုင်တစ်ရာအတွင်းမှာ သက်ရှိတွေမလာရဘူး ဆိုတာကို မသိဘူးလား။"
ရုတ်တရက်။
အေးစက်စက် အသံတစ်ခု ထွက်ပေါ်လာသည်။
မိန်းကလေးများက အံ့အားသင့်ဝမ်းသာစွာဖြင့် လှည့်ကြည့်လိုက်ရာ အစိမ်းရောင်ဝတ်ရုံနှင့် ဓားကိုင်ထားပြီး ခန့်ညားသော လူငယ်တစ်ဦး ကောင်းကင်မှ အောက်သို့ငုံ့ကြည့်နေသည်ကို တွေ့လိုက်ရသည်။
"လူငယ်လေး။ စိတ်မဆိုးပါနဲ့။ ကျွန်မတို့ လာလည်ရင်း လမ်းမှားသွားလို့ပါ။ ကျေးဇူးပြုပြီး ကျွန်မတို့ကို လမ်းပြပေးပါလား။" မိန်းကလေးတစ်ဦးက သတ္တိမွေးကာ ပြောလိုက်သည်။
အခြားမိန်းကလေးများက ရောက်လာသူကို မြင်သောအခါ မျက်လုံးများ တောက်ပလာပြီး လျှို့ဝှက်စွာ စကားပြောလိုက်ကြသည်။
"အရမ်းချောတာပဲ။ သူ့ကိုတော့ ရအောင်သိမ်းပိုက်ရမယ်။ ညီမတို့။ ဘယ်သူကပိုတော်လဲ ကြည့်တာပေါ့။"
"ခဏနေရင် အချိန်ဆွဲထားလိုက်။ သူနဲ့အတူတူ အချိန်အကြာကြီး နေရအောင်လုပ်။ ငါတို့ရဲ့အလှနဲ့ဆိုရင် သူ့ကို မသိမ်းပိုက်နိုင်စရာအကြောင်း မရှိပါဘူး။"
"အမ်။ ငါ သူ့ကို သိတယ်။"
"လော့ဟွမ်ပြည်နယ် ဓားအဆင့်သတ်မှတ်ချက် (၃၆)။ နာမည်က လီကျန့်ဖေး။"
"သူလား။"
"ကြားတာတော့ လီကျန့်ဖေးက ငယ်ငယ်ရွယ်ရွယ်နဲ့ လရောင်ထွန်းလင်းနယ်ပယ် အစောပိုင်းမှာ ရှိနေပြီတဲ့။ တစ်ခါက လရောင်ထွန်းလင်းနယ်ပယ် နှောင်းပိုင်းကို ဓားချက်(၁၀)ချက်နဲ့တင် သတ်ခဲ့ဖူးတယ်တဲ့။"
"ပြည်နယ်(၃၃)ခုထဲက (၃၆)ယောက်မြောက်ကတောင် ဒီလောက်စွမ်းရင် တိုင်းပြည်ရံရဲ့ ထိပ်တန်း (၁၀)ဦးထဲကဆိုရင် ဘယ်လောက်တောင် ကြောက်ဖို့ကောင်းမလဲ။ တစ်ခါလောက် တွေ့ချင်လိုက်တာ။"
"အရူးမတွေ။ အမြင့်ကြီး မမျှော်လင့်ပါနဲ့။ တစ်ယောက်လောက်ရရင်ပဲ ကျေးဇူးတင်စရာ ကောင်းနေပြီ။ အဲဒီလိုလူတော်လူမွန်မျိုးဆိုရင် မိသားစုကြီးတွေက အရင်သိမ်းပိုက်ထားကြမှာ။"
"ဒါလည်း ဟုတ်တာပဲ။"
...
လီကျန့်ဖေးက မျက်မှောင်ကြုတ်ကာ သူတို့ကို ကြည့်လိုက်ပြီးနောက် စိတ်ပျက်စွာ ခေါင်းခါလိုက်သည်။
"ငါပြောမယ်။ မင်းတို့မိန်းကလေးတွေ နေ့တိုင်း အလုပ်မရှိကြဘူးလား၊ နေ့တိုင်း ဒီမှာ လာစောင့်နေတာ။ လမ်းမှားတယ်ဆိုတဲ့ အကြောင်းပြချက်ကလည်း အတူတူပဲ။ တောင်တန်းတစ်သောင်းထဲမှာ လမ်းမှားပြီးတော့ အဆင့်ဆင့် ပိတ်ပင်မှုတွေကို ကျော်ဖြတ်ပြီး ရှီကျန့်ဂိတ်အနီးကို တိတိကျကျ ရောက်လာရတာလား။"
ထိုစကားကို ကြားသောအခါ မိန်းကလေးများသည် အချင်းချင်း ကြည့်လိုက်ကြပြီး မျက်နှာလေးများ ရဲတက်သွားကြသည်။
သူတို့၏လျှို့ဝှက်ချက်ကို တိုက်ရိုက် ဖော်ထုတ်ခံလိုက်ရသည်။
ဓားကျင့်ကြံသူဆိုတော့လည်း အချစ်အကြောင်း ဘာမှမသိဘူး။ တစ်သက်လုံး တစ်ကိုယ်တည်းပဲ နေရလိမ့်မယ်။
မိန်းကလေးများက စိတ်ထဲတွင် မကျေမနပ်ဖြင့် ငြီးတွားလိုက်သည်။
"ငါ မင်းတို့ကို အပြင်ပို့ပေးမယ်။ နောက်တစ်ခါ ထပ်မလာကြနဲ့တော့။ ရှီကျန့်ဂိတ်အနီးမှာ ပိတ်ပင်မှုတွေ အများကြီးရှိတယ်။ တချို့က ရန်သူတွေကိုသတ်ဖို့အတွက် ပါတယ်။ နင်းမိရင်တော့ ဘုရားတောင် မကယ်နိုင်ဘူး။" လီကျန့်ဖေးက တည်ငြိမ်စွာ ပြောလိုက်သည်။
ထိုသို့ပြောရင်း။
လီကျန့်ဖေးက သူတို့ကို ဓားပျံပေါ်သို့တင်ကာ လမ်းပြပေးလိုက်သည်။
ထိုအခါ မိန်းကလေးများမှာ စိတ်ပူသွားကြသည်။
သွားပြီ။
ဒီအတိုင်းဆိုရင် မိနစ်ပိုင်းလောက်ပဲ ကြာတော့မှာ။ ဘယ်လိုလုပ်ပြီး အချစ်ဇာတ်လမ်း ဖြစ်လာမှာလဲ။
"အဲ။ ကျွန်မ ဓားပျံစီးရင် မူးတယ်။" မိန်းကလေးတစ်ဦးက နဖူးကိုကိုင်ကာ ထိုင်ချလိုက်သည်။
"အား။ ဗိုက်နာတယ်!" နောက်တစ်ဦးက ဗိုက်ကိုကိုင်ကာ ယိုင်လဲသွားသည်။
"အိုး။ ကျွန်မ ခြေထောက်နာတယ်!" အခြားမိန်းကလေးတစ်ဦးကလည်း သူ့ခြေထောက်ကို ကိုင်ကာ ညည်းတွားနေသည်။
လီကျန့်ဖေးက နဖူးကို လက်ဖြင့်ဖိကာ မျက်နှာမည်းသွားသည်။
"ဘယ်လောက်တောင် အကျင့်တွေ ဆိုးနေတာလဲ။ အားလုံး အပြင်ကို ထွက်သွားကြ။" လီကျန့်ဖေးက ဒေါသတကြီးဖြင့် သူတို့ကိုဖမ်းဆုပ်ကာ တောင်တန်းတစ်သောင်း အပြင်ဘက်သို့ ပစ်ထုတ်လိုက်တော့သည်။
ထိုအချိန်မှသာ။
လေထုတစ်ခုလုံး တိတ်ဆိတ်သွားတော့သည်။
ရုတ်တရက် မသင့်တော်သောအသံတစ်ခု ထွက်ပေါ်လာသည်။ "ဟားဟား။ မင်းက တကယ့်ကို အချစ်အကြောင်း မနားလည်တာပဲ။ မိန်းကလေးတွေက မင်းကို လိုချင်တာကို။ ငါးစာတောင် ထည့်ထားပြီးပြီ။ မင်းက ဘာလို့ မကိုက်တာလဲ။"
လီကျန့်ဖေးက ဤအသံကို ကြားလိုက်သည်နှင့် သူငယ်ချင်းဖြစ်ကြောင်း သိလိုက်ပြီး နောက်သို့မလှည့်ဘဲ ပြောလိုက်သည်။
"စကားများမနေနဲ့။ ကြိုက်ရင် မင်းပဲယူလိုက်။"
"ရှီကျန့်ဂိတ်ရဲ့ စည်းကမ်းကို မင်းသိပါတယ်။ ဓားသခင်မရဲ့ စည်းမျဉ်းအရ အကျင့်ပျက်သူ မှန်သမျှကို ချက်ချင်း ထုတ်ပယ်ရမယ်။ ငါရှာဖွေနေတာက ဧကရာဇ်နဲ့ ဓားသခင်မလို လွတ်လပ်တဲ့ ဓားပညာပဲ၊ အချစ် ဇာတ်လမ်းတွေနဲ့ မပတ်သက်ချင်ဘူး။"
"ဒီမိန်းကလေးတွေက တကယ်ကို စိတ်ညစ်စရာကောင်းတယ်။"
သူငယ်ချင်းက ရယ်မောလိုက်သည်။
"ထားလိုက်ပါ။ စိတ်မဆိုးပါနဲ့။ ဓားသခင်မက လော့ဟွမ်ပြည်နယ် ရှီကျန့်ဂိတ်ကို ရောက်လာပြီး လူတွေကို ပြန်လာဖို့ ခေါ်နေတယ်။"
ထိုစကားကိုကြားရာ လီကျန့်ဖေး၏ မျက်လုံးများ တောက်ပသွားပြီး အလျင်အမြန် မေးလိုက်သည်။
"အမ်။ ဓားသခင်မ ကြွလာတာလား။ ဘာကိစ္စလဲဆိုတာ သိလား။"
သူငယ်ချင်းက ရယ်မောခြင်းကို ရပ်တန့်လိုက်ပြီး တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။ "ငါခန့်မှန်းတာ မမှားဘူးဆိုရင် ကောင်းကင်မဟာမိတ်နဲ့ပတ်သက်ပြီးတော့ ဖြစ်ရမယ်။ ဓားသခင်မက ကောင်းကင်မဟာမိတ်ကို အမြဲတမ်း မနှစ်မြို့ဘူး။ စစ်ချီဖို့ ပြင်နေတာ..."
...
...
"ရှီကျန့်ဂိတ်" ဓားမျှော်စင် အတွင်းပိုင်း။
အထဲတွင် စကြဝဠာနိယာမများ ပါဝင်နေပြီး အပြင်ကကြည့်လျှင် မကြီးသလိုထင်ရသော်လည်း အထဲဝင်မှသာ ကမ္ဘာတစ်ခုလုံးနှင့် တူကြောင်း သိရလိမ့်မည်။
တိုက်ကြီးပေါ်တွင် အဆောက်အအုံအမျိုးမျိုး တည်ရှိနေသည်။ ရှီကျန့်ဂိတ် အတွင်းပိုင်းတွင်လည်း ဌာနများစွာ ခွဲထားပြီး ဓားကျင့်ကြံသူများ၏ နေ့စဉ်ဘဝ၊ ကျင့်စဉ်ခန်းမ၊ ရတနာတိုက်၊ ကုသိုလ်ရမှတ်ခန်းမ၊ ဓားပညာလေ့ကျင့်ခန်းမ စသည်တို့ အစုံအလင် ရှိနေလေသည်။ စားသောက်ဆိုင်၊ ပြဇာတ်ရုံ စသည့် ဖျော်ဖြေရေးနေရာများပင် ရှိသည်။
ယခုအခါ။
ဓားကျင့်ကြံသူများ အားလုံးက လက်ရှိလုပ်နေသော အလုပ်များကို ရပ်တန့်ကာ ဗဟိုခန်းမဆောင်သို့ အပြေးအလွှား သွားရောက်နေကြသည်။
လီကျန့်ဖေးသည် အဓိကခန်းမဆောင်သို့ ဝင်ရောက်လိုက်သောအခါ ပထမဦးဆုံး မြင်လိုက်ရသည်မှာ ဧကရာဇ်က ဓားကိုင်ဆောင်ကာ နတ်ဘုရားတစ်ပါးကို သတ်ဖြတ်နေသည့် ခန့်ညားလှသော ရုပ်တုကြီး ဖြစ်သည်။ လမ်းကြောင်းအတိုင်း ဝင်သွားသည့်အခါ နံရံနှစ်ဖက်တွင် ဧကရာဇ်၏ တစ်သက်တာ မှတ်တမ်းများကို ဓားသခင်မ ကိုယ်တိုင် ထွင်းထုထားသည်ကို တွေ့ရသည်။
ဧကရာဇ်က ဓားသူတော်စင်ဖြစ်ကြောင်း ပထမဆုံးအကြိမ် ပေါ်လွင်ခဲ့သည့်အချိန်မှစ၍၊ အင်အားကြီး နယ်မြေ(၇)ခုကို နှိမ်နင်းခဲ့ပုံနှင့် ဂိုဏ်းပေါင်းစုံမဟာမိတ်အဖွဲ့၏ နံနက်ခင်းအလင်းနယ်ပယ် ကျင့်ကြံသူ (၁၀၀)ကျော်ကို သတ်ဖြတ်ခဲ့ပုံများအထိ ဖြစ်သည်။
ဤမျှသာမကပေ။
အဓိကခန်းမသို့ သွားရာလမ်းကြောင်းတွင် ဧကရာဇ်၏ အချိန်-နေရာလွတ် ဓားအရှိန်အဝါ အနည်းငယ် ပါဝင်နေသဖြင့် ဂရုမစိုက်ပါက ထိုအရှိန်အဝါများ၏ ဝါးမျိုခြင်းကို ခံရနိုင်သည်။
ယုံကြည်ချက်ကို ခိုင်မြဲစွာထိန်းထားပြီး ဓားအရှိန်အဝါကို ထက်မြက်အောင် ထားကာ မလျှော့သော ဇွဲလုံ့လဖြင့် ရှေ့ဆက်နိုင်သူတိုင်းက ဓားတာအိုတွင် အနည်းငယ်မျှသော အကျိုးကျေးဇူးကို ရရှိနိုင်သည်။
လီကျန့်ဖေးက အသက်ပြင်းပြင်း ရှူလိုက်ပြီး အံ့အားသင့်စွာ ပြောလိုက်သည်။
"ဒီထဲကို ဘယ်နှစ်ခါပဲဝင်ဝင် အမြဲတမ်း နားလည်မှုအသစ်တွေ ရနေတာပဲ။ ဧကရာဇ်ရဲ့ ဓားတာအိုက လောကဓားတာအိုရဲ့ ၉၀%ကို သိမ်းပိုက်ထားတယ်လို့ ပြောရင် ကျန်တဲ့ဓားကျင့်ကြံသူတွေက ၁၀%ကိုပဲ ဝေမျှရတာ... မဟုတ်ဘူး... ၁၀%တောင် များလွန်းနေမှာပဲ။"
သူငယ်ချင်း ဝူချီဟန်၏အမူအရာမှာ အလွန်လေးနက်နေပြီး ဘုရားဖူးနေသည့်အလား အံ့ဩလျက် ပြောလိုက်သည်။
"မဟုတ်ဘူးလို့ ဘယ်သူပြောမလဲ။ အပြင်လူတွေဟာ ဓားကျင့်ကြံသူတွေက ရေစီးထဲကငါးတွေလိုပဲလို့ ထင်နေကြတယ်။ ရှီကျန့်ဂိတ်ကို ဝင်ဖို့အတွက် ဦးခေါင်းကို ချွန်ထားကြတာက ဓားသခင်မရဲ့ အလှတရားကို မြင်ချင်လို့ပဲ။ ဒါပေမဲ့ ဧကရာဇ်ရဲ့ဓားတာအိုက ဓားကျင့်ကြံသူတွေအတွက် ဘယ်လောက်တောင် ဆွဲဆောင်မှု ရှိတယ်ဆိုတာ မသိကြဘူး။ ဓားကျင့်ကြံသူအားလုံးက ဧကရာဇ်ရဲ့ ဓားတာအိုကိုပဲ လိုချင်ကြတာ။ တကယ်လို့ ကံကောင်းပြီး တစ်စက်ကလေးပဲ ရလိုက်ရင်တောင် အကျိုးကျေးဇူးတွေက အဆုံးမရှိဘူး။"
သူတို့နှစ်ဦး စကားပြောနေစဉ်။
ရုတ်တရက်။
လီကျန့်ဖေးက တစ်စုံတစ်ခုကို ခံစားမိလိုက်ပြီး မျက်လုံးကို မှိတ်လိုက်သည်။ အချိန်-နေရာလွတ် ဓားတာအိုမှ အဓိပ္ပာယ်တစ်စုံတစ်ရာကို နားလည်သွားပြီး လရောင်ထွန်းလင်းနယ်ပယ် အလယ်အလတ်သို့ ချောမောစွာ တက်လှမ်းနိုင်ခဲ့သည်။
"ဂုဏ်ယူပါတယ်။ ဂုဏ်ယူပါတယ်။" ဝူချီဟန်က ဘေးမှနေ၍ စောင့်ရှောက်ပေးရင်း အရိုအသေ ပေးလိုက်သည်။
သို့သော် လမ်းကြောင်းတစ်ခုလုံး ရုတ်တရက် လှုပ်ရှားသွားသည်။
စက္ကန့်ပိုင်းအတွင်းမှာပင် ပါရမီထူးချွန်သော ဓားကျင့်ကြံသူ ထောင်ပေါင်းများစွာက အေးခဲသွားပြီး၊ စိတ်ကူးစိတ်သန်း၊ ခန္ဓာကိုယ်နှင့် ဝိညာဉ်ပါမကျန် အချိန်-နေရာလွတ်၏ စားသောက်ခြင်းကို ခံလိုက်ရသည်။
နံနက်ခင်းအလင်းနယ်ပယ် ဓားကျင့်ကြံသူတစ်ဦးက မိသားစုအမွေအနှစ်မှော်ရတနာကို အသုံးပြု၍ ပထမဆုံး လွတ်မြောက်လာပြီး အော်ဟစ်လိုက်သည်။
"ဓားပိုင်နက်လမ်းကြောင်း ပေါက်ကွဲနေပြီ။ လူတွေ ချက်ချင်း ကူညီကြပါ။"
သို့သော် ထိုနံနက်ခင်းအလင်းနယ်အယ် ဓားကျင့်ကြံသူက လွတ်မြောက်လာသော်လည်း အရှိန်အဟုန်ပြင်းသော အချိန်-နေရာလွတ် ဓားတာအိုကို ရင်ဆိုင်ရသည့်အခါ ပင်လယ်လှိုင်းတံပိုးကြားရှိ လှေငယ်လေးတစ်စင်းပမာ ဖြစ်နေပြီးနောက် တစ်ကိုယ်လုံး ဒဏ်ရာများရရှိကာ သေဆုံးနိုင်သည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသည်။
"ဧကရာဇ်က မကောင်းဆိုးဝါးနတ်ဘုရားကို သတ်တဲ့အခါ ချန်ရစ်ခဲ့တဲ့ တစ်သောင်းပုံတစ်ပုံ ဓားအရှိန်အဝါနဲ့ တည်ဆောက်ထားတဲ့ လမ်းကြောင်းက ဒီလောက်တောင် စွမ်းအားကြီးတာလား။" ထိုနံခက်ခင်းအလန်းနယ်ပယ် ဓားကျင့်ကြံသူမှာ မျက်နှာဖြူဖျော့ကာ သွေးများ အန်ထွက်လာသည်။
နံနက်ခင်းအလင်းနယ်ပယ် ဓားကျင့်ကြံသူ ဒါဇင်ပေါင်များစွာ ရောက်လာကြသည်။
"တည်ငြိမ်ရေးအစီအရင်ကို အသက်သွင်း။ အချိန်-နေရာလွတ် လမ်းကြောင်းကို ဆွဲကိုင်ထားပြီးတော့ ပျက်စီးမသွားအောင် လုပ်ကြ။"
"မြန်မြန်လုပ်။ အရပ်လေးမျက်နှာကို လမ်းညွှန်ကြ။ တခြားကျင့်ကြံသူတွေ အစီအရင်နေရာမှာ နေရာယူပြီး အားဖြည့်ကြ။"
နံနက်ခင်းအလင်းနယ်ပယ် ကျင့်ကြံသူ တစ်ဒါဇင်ကျော်က ဧကရာဇ်အဆင့် အစီအရင်ကို ဖွင့်လိုက်ပြီး အချိန်-နေရာလွတ် လမ်းကြောင်းကို တည်ငြိမ်အောင် ဆွဲကိုင်ထားသည်။
အချိန်-နေရာလွတ် လမ်းကြောင်းမှာ ဆီပူထဲ ရေအေးလောင်းချလိုက်သကဲ့သို့ အစီအရင်၏ဆွဲငင်မှုကို ခံလိုက်ရပြီး ရုတ်တရက်ဆူပွက်လာကာ အလွန်အမင်း အရှိန်ပြင်းလာသည်။
ဝုန်း။
အချိန်က နောက်ပြန်စီးဆင်းသွားပြီး မြစ်ရေကဲ့သို့ စီးဆင်းလာ၏။
လမ်းကြောင်းအတွင်းပိတ်မိနေသော ကျင့်ကြံသူများမှာ ဆံပင်ဖြူများ မည်းသွားပြီး၊ မည်းသော ဆံပင်များမှာ ဖြူသွားကာ အချို့မှာ လူလတ်ပိုင်းမှ အိုမင်းသွားပြီး အချို့မှာ အသက်ကြီးသူမှ လူငယ်ဖြစ်လာကာ အချို့က အပြစ်ကင်းစင်သော မျက်လုံးများဖြင့် ပတ်ဝန်းကျင်ကို မယုံနိုင်ဘဲ ကြည့်နေသည့် ကလေးငယ်များ ဖြစ်သွားကြသည်။
"မကောင်းတော့ဘူ။ ထိန်းချုပ်လို့ မရတော့ဘူး။"
"ပြဿနာတက်တော့မယ်။"
နံနက်ခင်းအလင်းနယ်ပယ် ကျင့်ကြံသူများ၏ မျက်နှာအမူအရာက ပြောင်းလဲသွားပြီး တုံ့ပြန်ရန်ပင် အချိန်မရလိုက်ခင်မှာပင် ဟင်းလင်းပြင်နိယာမများ ပေါ်ထွက်လာကာ အစီအရင်ကို လိမ်ချိုးလိုက်ပြီး ဧရာမ လက်တစ်စုံက အစီအရင်ကို ဖျက်ဆီးနေသကဲ့သို့ ဖြစ်သွားသည်။
ဝုန်း။
အစီအရင်မှာ ပေါက်ကွဲသွားပြီး နံနက်ခင်းအလင်းနယ်ပယ် ကျင့်ကြံသူများ သွေးများအန်ကာ နောက်သို့ ဆုတ်သွားကြသည်။
"သွားပြီ။" နံနက်ခင်းအလင်းနယ်ပယ် ကျင့်ကြံသူတစ်ဦးမှာ မျက်လုံးများပြူးလျက် စိတ်ပျက်သွားသည်။
အချိန်-နေရာလွတ် တာအိုနိယာမများက ရေလွှမ်းမိုးမှုကဲ့သို့ သူတို့ဆီသို့ စီးဆင်းလာသည်ကိုသာ ကြည့်နေရတော့မည်။
ထိုအချိန်မှာပင်။
အေးစက်စက် အသံတစ်ခု ထွက်ပေါ်လာ၏။
"ရပ်။"
"နှိမ်။"
"ပြင်။"
လှပသောပုံရိပ်တစ်ခု ပျံသန်းလာပြီး အဖြူရောင်ဝတ်ရုံနှင့် ဆံပင်ရှည်များကို ဖြန့်ကျဲထားကာ တောက်ပသောမျက်ဝန်းများနှင့်အတူ နေရာလွတ်ကို ဖြတ်ကျော်ကာ ရောက်ရှိလာသည်။
ဓားလက်ညှိုးဖြင့် အကြိမ်အနည်းငယ် ထိုးလိုက်သောအခါ စီးဆင်းနေသော အချိန်-နေရာလွတ် တာအိုနိယာမများကို ပြန်လည် ဖိနှိပ်လိုက်နိုင်သည်။
နံနက်ခင်းအလင်းနယ်ပယ် ဓားကျင့်ကြံသူများက ရောက်လာသူကို မြင်သောအခါ ဝမ်းသာသွားပြီး ရှက်ရွံ့စွာဖြင့် ခေါင်းငုံ့ကာ ပြောလိုက်သည်။ "ဓားသခင်မကို အရိုအသေပေးပါတယ်။"
"ငါ့ကို ဓားသခင်မလို့ မခေါ်နဲ့။ ဂိတ်မှူးလို့ပဲ ခေါ်ပါ။" အေးစက်စက် အမျိုးသမီးက လက်ယမ်းလိုက်သည်။
ထို့နောက်။
သူက ဓားတစ်ချက်ဖြင့် လမ်းကြောင်းထဲရှိ ကျင့်ကြံသူများအားလုံး၏ ချုပ်နှောင်မှုကို ဖြတ်တောက်ကာ ကယ်တင်လိုက်သည်။
လူတိုင်းက ကျေးဇူးတင်လွန်းသဖြင့် ဦးညွှတ်လိုက်ကြသည်။
"ဂိတ်မှူးကို အရိုအသေပေးပါတယ်။"
ဤအမျိုးသမီးမှာ "ရှီကျန့်ဂိတ်"၏ဂိတ်မှူး စုချင်ချိုးပင် ဖြစ်သည်။
ကောင်းကင်ပြာအောက်တွင် အတော်ဆုံး ဓားနတ်မိမယ်။
ယခင်က လူများသည် စုချင်ချိုးကို အေးစက်လှပသော ဓားနတ်မိမယ်ဟု ခေါ်ကြသော်လည်း နောက်ပြောင်မှုသာဖြစ်ပြီး မည်သူမျှ အတည်မထင်ခဲ့ကြပေ။ အချိန်ကုန်လွန်သွားသည်မှာ တစ်နှစ်သာ ရှိသေးသော်လည်း ဓားနတ်မိမယ်ဟူသော အမည်မှာ အတည်ဖြစ်သွားခဲ့သည်။
ဧကရာဇ်၏ တစ်ဦးတည်းသောတပည့် ဧကရီ၏ အနီးကပ်အစောင့်အရှောက် ယခုအခါ "ဓားသခင်မ" ဟူသော အမည်တစ်ခု ထပ်တိုးလာသည်။
စုချင်ချိုး၏အရှိန်အဝါမှာ အခိုင်အမာ ဖြစ်သွားခဲ့လေပြီ။
"ထကြ။"
"အဓိကခန်းမကို လာခဲ့ကြ။ မင်းတို့ကိုပဲ စောင့်နေတာ။"
စုချင်ချိုး၏ပုံရိပ်မှာ အိမ်မက်ကဲ့သို့ ပျောက်ကွယ်သွားသည်။
ထိုအချိန်မှသာ လူတိုင်းက သူတို့ကိုကယ်တင်သွားသူမှာ စုချင်ချိုး၏ နတ်ဘုရားဝိညာဉ် တစ်စိတ်တစ်ပိုင်းသာ ဖြစ်ကြောင်း သိလိုက်ရသည်။
ဓားသခင်မကိုယ်တိုင် တကယ်တမ်း မလာခဲ့ပေ။
"နတ်ဘုရားဝိညာဉ် တစ်စိတ်တစ်ပိုင်းနဲ့တင် ဧကရာဇ်ချန်ရစ်ခဲ့တဲ့ ဓားအရှိန်အဝါကို ဖိနှိပ်နိုင်တယ် ဆိုတော့ ဓားသခင်မက တကယ်ကို နက်နဲလွန်းတယ်။" လီကျန့်ဖေးမှာ ကြောက်လန့်နေဆဲပင်။
ဝူချီဟန်က မျက်လုံးလှန်ကြည့်ကာ ပြောလိုက်သည်။
"ပါးစပ်ကို ပိတ်ထားလိုက်စမ်း။ ဒီအချိန်-နေရာလွတ် ပေါက်ကွဲမှုက မင်းကြောင့်ဖြစ်တာကို ဘယ်သူမှ မသိသေးခင်မှာ ညှဉ်းပန်းနှိပ်စက်တဲ့အခန်းကိုသွားပြီး အပြစ်ဝန်ခံလိုက်ရင် အပြစ်လျော့နိုင်သေးတယ်။"
"တခြားသူတွေသိသွားရင်တော့ အခြေအနေက လုံးဝပြောင်းသွားလိမ့်မယ်။"
ထိုစကားကို ကြားသောအခါ လီကျန့်ဖေးမှာ ကြောက်ရွံ့စွာဖြင့် ခေါင်းကို ဆုတ်လိုက်သည်။
ကံကောင်းစွာ တက်လှမ်းလိုက်မိရာမှ ကြီးမားသောအန္တရာယ်တစ်ခု ဖြစ်လုနီးပါး ဖြစ်သွားခြင်းဖြစ်သည်။ အပြစ်ဝန်ခံခြင်းကသာ အကောင်းဆုံးပင်။
...
...
အဓိကခန်းမ။
ဤသည်မှာ ကျယ်ဝန်းသောခန်းမတစ်ခုဖြစ်ပြီး နံရံများတွင် ဧကရာဇ်က နတ်ဘုရားများ နှိမ်နင်းနေသည့် ပုံများနှင့် ကောင်းကင်မဟာမိတ်ကို တစ်ယောက်တည်း ရင်ဆိုင်နေသည့်ပုံများကို ထွင်းထုထားသည်။
ရှေ့တည့်တည့်တွင် ပေရာနှင့်ချီသော ဧကရာဇ်ရုပ်တုကြီးမှာ အနည်းငယ်ဟောင်းနွမ်းနေပြီး မျက်နှာမှာ ဝေဝါးနေသော်လည်း ခန့်ညားလှသည်။
ဧကရာဇ်က ဓားကိုကိုင်ဆောင်ထားပြီး ဓားပေါ်တွင် စာသားတစ်ကြောင်း ရေးထားသည်။
[အန္တိမ အချိန်-နေရာလွတ်၊ ဓားတာအို ပြိုင်ဘက်ကင်း]
ယခုအခါ။
လော့ဟွမ်ပြည်နယ် "ရှီကျန့်ဂိတ်"ဌာနခွဲတွင် လူပေါင်း တစ်သောင်းနှစ်ထောင်ကျော် စုရုံးနေကြသည်။
စုချင်ချိုးက လူတိုင်း၏ ရိုသေလေးစားသောအကြည့်များကြားမှ အမြင့်ဆုံးနေရာတွင် ရပ်တည်ကာ အေးစက်စွာ ပြောလိုက်သည်။
"ကောင်းကင်မဟာမိတ်က မဟာကျင်းတိုင်းပြည်ကို အကြိမ်ကြိမ် စော်ကားနေတယ်။ ဧကရာဇ်နှစ်ပါးက အနားယူသွားကြပြီ။ ဒါဆိုရင် ဒီလိုလူမိုက်တွေကို ရှီကျန့်ဂိတ်ကပဲ ဖြေရှင်းလိုက်မယ်!"
"မဟာကျင်းရဲ့ အထက်မြက်ဆုံးဓားနဲ့အညီ တိုင်းပြည်အတွက် တာဝန်ယူရမယ်။"
"ဒီနေ့ကစပြီးတော့ ရှီကျန့်ဂိတ်က ကောင်းကင်မဟာမိတ်အဖွဲ့ကို တစ်ဖက်သတ် စစ်ကြေညာလိုက်ပြီ။ တစ်ဂိတ်တည်းနဲ့ နယ်မြေတစ်ခုလုံးကို ရင်ဆိုင်မယ်။”