← Chapters

အခန်း (၃၆၃-၃၆၅)

Vol. 25 Ch. 363-365

အခန်း (၃၆၃-၃၆၅)

Vol. 25 Ch. 363-365

အပိုင်း(၃၆၃) နေ့စဉ်နှင့်အမျှပြောင်းလဲခြင်း၊ ကောင်းကင်နယ်ပယ်တစ်ပိုင်း

ဧကရာဇ်နန်းတော်။

နန်းတော်၏ အနက်ရှိုင်းဆုံးနေရာတွင် ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်ခွင့်မရှိသည့် တားမြစ်နယ်မြေတစ်ခု ရှိသည်။ ထိုနယ်မြေရှိနေကြောင်း သိရှိသူများပင် အလွန်နည်းပါးပြီး မဟာကျင်း၏ အဓိကဗဟိုချက်ဖြစ်သော ပစ္စုပ္ပန်ရွာမှ ရွာသားများမဟုတ်ပါက ဤနေရာအကြောင်း သိရှိပိုင်ခွင့် မရှိပေ။

တားမြစ်နယ်မြေထဲတွင် မည်သည့်အရာများ ရှိသနည်း။

လူတိုင်းက အပြန်အလှန် နားလည်ထားကြပြီး မည်သူမျှ အပြင်သို့ ထုတ်မပြောရဲကြပေ။

တားမြစ်နယ်မြေအတွင်း။

ကမ္ဘာကြီး ဒါဇင်ပေါင်းများစွာကို အရည်ကျိုကာ ကမ္ဘာတစ်ခုတည်းအဖြစ် ပေါင်းစပ်ထား၏။ ကမ္ဘာသို့ ဝင်ရောက်ရာလမ်းကြောင်းတွင် အမျိုးမျိုးသော အန္တရာယ်ရှိသည့် တားမြစ်ချက်များ ပြည့်နှက်နေပြီး ကောင်းကင်ထောက်တိုင်နယ်ပယ် ကျင့်ကြံသူတစ်ဦးပင်လျှင် သတိမထားမိပါက ထိုထဲတွင် နစ်မွန်းသွားနိုင်သည်။

ကြယ်တာရာများ ဝန်းရံထားပြီး သေခြင်းရှင်ခြင်းကို ဖန်တီးနေသည်။

နဂါးငွေ့တန်းများက ဆွဲငင်နေပြီး ရံဖန်ရံခါတွင် တောက်ပလိုက် မှိန်ဖျော့လိုက် ဖြစ်နေသည်။

အချိန်-နေရာလွတ် မြစ်ကြီးမှာ မိုင်သန်းပေါင်းများစွာ ရှည်လျားကာ လမ်းကြောင်းကြားတွင် အတိတ်သမိုင်းကြောင်းများ စီးဆင်းနေသည်။

ဟူး...

ကြယ်တာရာများက ဗဟိုကို ဝန်းရံထားပြီး အသက်ရှူသံမှာ ရှည်လျားကာ နှေးကွေးနေ၏။ အသက်ရှူတိုင်းတွင် ဆက်စပ်နေသော တာအိုမှာ ဟိန်းထွက်နေသည်။

[တိုင်းပြည်၏စွမ်းအား တိုးတက်လာသဖြင့် တိုးတက်မှုနှုန်း ၁၀% တိုးလာသည်]

အနက်ရောင်ဝတ်လူငယ်သည် ခြေထောက်နှစ်ဖက်ကို တပလ္လင်ခွေ အနေအထားဖြင့် ထိုင်နေသည်။ သူ၏ခန္ဓာကိုယ်တစ်လျှောက်တွင် သွေးစွမ်းအင်များ ပြင်းထန်စွာ လှုပ်ရှားနေပြီး သွေးမြူငွေ့များအဖြစ်သာ စိမ့်ထွက်နေသော်လည်း ထိုငွေ့များက ကြယ်တစ်လုံးကိုပင် ဖုံးလွှမ်းသွားစေကာ ထိုကြယ်မှာ ဖောင်းပွပြီး ပေါက်ကွဲသွားရသည်။

လွန်ခဲ့သော တစ်နှစ်အတွင်း။

မုန်ချင်ကျိုးသည် တားမြစ်နယ်မြေမှ ခြေတစ်လှမ်းမျှပင် ထွက်ခွာခြင်းမရှိဘဲ ကျင့်ကြံခြင်းကိုသာ အာရုံစိုက်နေခဲ့သည်။

လွန်ခဲ့သော သုံးလက သူသည် ကောင်းကင်ထောက်တိုင်နယ်ပယ်တစ်ပိုင်းသို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့သည်။

ယခုအခါ ကောင်းကင်နယ်ပယ်သို့ ချိုးဖျက်ရန် ခြေတစ်လှမ်းသာ လိုတော့သည်။

"ကောင်းကင်ထောက်တိုင်မှ ကောင်းကင်သို့သို့" တိုးတက်မှုနှုန်းမှာ ၅၈၀%တွင် ရပ်တန့်နေပြီး နောက်ဆုံး ၂၀%သာ လိုတော့သည်။

စနစ်မှ တစ်ခါတစ်ရံ ဆုလာဘ်များ ပေးလေ့ရှိရာ တစ်နှစ်အတွင်း စုစုပေါင်း ၃၀% တိုးတက်မှုရရှိခဲ့ပြီး ကျန်ရှိသည်များကိုမူ သူကိုယ်တိုင် ကျင့်ကြံခြင်းဖြင့်သာ ရရှိခြင်းဖြစ်သည်။

"ကောင်းကင်နယ်ပယ်ကို ချိုးဖျက်ခြင်းက အရေးကြီးဆုံး ခြေလှမ်းပဲ။ အတွင်းစကြဝဠာထဲမှာ ပျိုးထောင်ထားတဲ့ တာအိုနိယာမတွေကို အမြစ်တွယ်စေပြီးတော့ ဧရာမသစ်ပင်ကြီးအဖြစ် ကြီးထွားလာစေဖို့။"

"ပျိုးထောင်ထားတဲ့ တာအိုနိယာမတွေကို အတွင်းစကြဝဠာရဲ့ အခြေခံအုတ်မြစ်အဖြစ် ပြောင်းလဲပြီး အတွင်းစကြဝဠာတစ်ခုလုံးကို ထမ်းထားနိုင်ရမယ်။"

"ရှေးခေတ်တုန်းက လူသားတွေ အားနည်းချိန် နေထိုင်ဖို့ သစ်ပင်ကြီးတစ်ပင်ကို ရှာဖွေခဲ့ကြပေမဲ့ အဲဒီသစ်ပင်မှာ မိုးဖွဲဖွဲနှင့် နေရောင်ကိုသာ ကာကွယ်နိုင်ပြီးတော့ ဆိုးရွားသောရာသီဥတုကို မကာကွယ်နိုင်တာကို သိရှိလာကြတယ်။ အဲဒါကြောင့် လူသားတွေက သစ်ပင်ပေါ်တွင် အိမ်ဆောက်ခဲ့ကြတယ်။"

"အတွင်းစကြဝဠာဆိုတာက အဲဒီအိမ်တွေနဲ့ တူပြီးတော့ စိုက်ပျိုးထားတဲ့ တာအိုနိယာမတွေက အိမ်ကို ထမ်းထားတဲ့ အခြေခံအုတ်မြစ်တွေပဲ။"

"အခုလက်ရှိမှာ အိမ်ကို သစ်ပင်ပေါ်မှာ ဘယ်လို ခိုင်မာအောင် တည်ဆောက်ရမလဲ၊ လေတိုက်တိုင်း မပြိုကျအောင် ဘယ်လိုလုပ်ရမလဲ ဆိုတာက အခက်ဆုံး ပြဿနာပဲ။"

"ဩေသာ်... ဟုတ်ပြီ။"

"နှစ်ခုလုံးမှာ ဟန်ချက်ညီမှုတစ်ခုကို ရောက်ရှိရမယ်။ အလွန်အမင်း ဟန်ချက်ညီမှသာ အပြန်အလှန် မှီခိုပြီးတော့ သဟဇာတဖြစ်တဲ့ ထူးခြားမှတ်အဖြစ်ကို ရောက်ရှိမှာ။"

ထိုအချိန်အတွင်း။

မုန့်ချင်ကျိုးက အကြိမ်ကြိမ် နားလည်သဘောပေါက်လာပြီး အတွင်းစကြဝဠာတွင် ပျိုးထောင်ထားသော အချိန်-နေရာလွတ် တာအိုနိယာမများကို အမြဲမပြတ် ပြုစုပျိုးထောင်နေသည်။

တစ်နှစ်ပတ်လုံး အလုပ်များခဲ့ပြီးနောက် ပြန်ကြည့်မှပင် လမ်းမှားနေမှန်း သိလိုက်ရသည်။

အတွင်းစကြဝဠာကိုလည်း အချိန်-နေရာလွတ် တာအိုနိယာမနှင့် ဟန်ချက်ညီစေမည့် "ထူးခြားမှတ်" အထိ ပြည့်စုံအောင် တည်ဆောက်ရမည် ဖြစ်သည်။

ဤထူးခြားမှတ်ကို ဖြည်းဖြည်းချင်း ရှာဖွေရပေမည်။

နည်းနည်းများလျှင်လည်းမရ၊ နည်းနည်းလျော့လျှင်လည်းမရ။ တစ်ချက်မှားယွင်းလျှင်ပင် ကြီးမားသော အကျိုးဆက်များကို ဖြစ်ပေါ်စေသည်။ များလွန်းသည်ဖြစ်စေ၊ နည်းလွန်းသည်ဖြစ်စေ အောင်မြင်မှု မရနိုင်ဘဲ အတွင်းစကြဝဠာ ပျက်စီးသွားကာ ကျင့်ကြံသူမှာ ချက်ချင်း သေဆုံးသွားနိုင်၏။

"လမ်းက ရှေ့ကိုသွားလေ ပိုခက်ခဲလေလေပဲ။ တစ်ချက်မှားတာနဲ့ အောက်မှာက ချောက်ကမ်းပါးကြီးပဲ။"

"ကျင့်ကြံတဲ့နေရာမှာ တစ်ချက်မှားတာနဲ့ အသက်ဆုံးရှုံးနိုင်တယ်။"

"ကောင်းကင်နယ်ပယ်ကို မတက်လှမ်းခင်မှာ ဟန်ချက်ညီတဲ့ ထူးခြားမှတ်ကို ရှာတွေ့အောင် လုပ်ရမယ်။"

"များရင်ဖြုတ်၊ နည်းရင် ဖြည့်။ ကြိုးစားရင်တော့ အောင်မြင်မှာပဲ။ ဒီလိုလုပ်တာ နည်းနည်းနှေးပေမယ့် စိတ်ချရတယ်။ အန္တရာယ်များတဲ့ နည်းလမ်းတွေကို မသုံးရင် အဆောက်အအုံပြိုကျမှာ မဟုတ်ဘူး။"

မုန့်ချင်ကျိုး၏ ဦးနှောက်ထဲတွင် အတွေးများ လည်ပတ်နေပြီး နောက်တစ်ဆင့်သွားရမည့် လမ်းကြောင်းကို ချမှတ်လိုက်သည်။

အနားရချိန်တွင် သူက နတ်ဘုရားအာရုံကို ဖြန့်ကျက်ကာ ပစ္စုပ္ပန်ရွာရှိ အိမ်လေးကို စစ်ဆေးလိုက်သည်။

ကောင်းကင်ထောက်တိုင်နယ်ပယ်တစ်ဝက်ကို ကျော်လွန်ပြီးနောက်။

သူ၏ နတ်ဘုရားအာရုံ ပိတ်လှောင်မှုမှာ အလိုလို ပွင့်သွားခဲ့ပြီး မျက်လုံးကို မဖွင့်လျှင်ပင် ၎င်းကို လွတ်လပ်စွာ ဖြန့်ကျက်နိုင်ပြီ ဖြစ်သည်။

မှန်ပေသည်။ နတ်ဘုရားအာရုံတွင် အကန့်အသတ်တော့ ရှိနေဆဲပင်။ အရာဝတ္ထုများကို တိုက်ရိုက် မမြင်နိုင်ဘဲ အာရုံခံနိုင်ရုံသာ ဖြစ်သည်။ ယခင်ဘဝက ရေဒါစကင်ဖတ်သလိုမျိုး ဖြစ်သော်လည်း ပို၍ပင် ခေတ်မီသည်။

သူ့အတွက်မူ ၎င်းက မမျှော်လင့်ထားသည့် အကျိုးကျေးဇူးတစ်ခုပင်။

အချိန်အတော်ကြာသည်အထိ နတ်ဘုရားအာရုံက အားနည်းချက် ဖြစ်နေခဲ့သည်။ တိုက်ပွဲဖြစ်သည့်အခါ နှစ်ဖက်စလုံး၏ စွမ်းအားချင်း တူနေလျှင် အနိုင်ရမည့် လျှို့ဝှက်ချက်မှာ "သတင်းအချက်အလက်"ပင် ဖြစ်သည်။ ပြိုင်ဘက်၏ လှုပ်ရှားမှုကို တစ်လှမ်းကြိုတင်သိရှိခြင်းက အနိုင်ရစေသော သော့ချက် ဖြစ်သည်။

သူက ရင်းနှီးသော အငွေ့အသက်ကို အာရုံခံလိုက်သည်။

ထို့နောက် နတ်ဘုရားအာရုံကို ဖြန့်ကျက်ကာ အိမ်လေးထဲထိုင်၍ ငေးမောနေသော တုန်းဖန်လျူလီ၏ ပခုံးကို ထိလိုက်သည်။

တုန်းဖန်လျူလီ အံ့အားသင့်သွားပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။

"ကိုယ်ပါ။"

နူးညံ့သော အသံတစ်ခုက သူ၏နားထဲတွင် ပေါ်လာသည်။

"ငါးပိကောင်လား။"

တုန်းဖန်လျူလီ၏ဗိုက်မှာ တဖြည်းဖြည်း ဖောင်းကားလာပြီး တစ်လ၊ နှစ်လလောက် ရှိပြီဟု ထင်ရသော်လည်း တကယ်တမ်းမှာ တစ်နှစ်ပင် ရှိသွားပြီ ဖြစ်သည်။

"ရှင် တံခါးပိတ်ကျင့်ကြံရာက ထွက်လာတာလား။" တုန်းဖန်လျူလီက တံခါးပေါက်သို့ အမြန်ပြေးသွားပြီး ဖွင့်ကြည့်လိုက်သော်လည်း သူရည်မှန်းထားသူကို မမြင်ရသဖြင့် အံ့အားသင့်စွာ ပြောလိုက်သည်။

"အမ်။"

"ငါ ငါးပိကောင်ရဲ့ အသံကို ကြားလိုက်တာလေ။ သူက ဘယ်ကိုရောက်သွားတာလဲ။ လွမ်းလွန်းလို့ ထင်ယောင်ထင်မှား ဖြစ်တာလား။"

"မဖြစ်နိုင်ဘူး။ ငါ ကောင်းကင်ထောက်တိုင်နယ်ပယ် နှောင်းပိုင်းတောင် ရောက်နေပြီကို ဘယ်လိုလုပ်..."

တုန်းဖန်လျူလီက ဗိုက်ကိုကိုင်ကာ နားမလည်နိုင်စွာ ရေရွတ်လိုက်သည်။

"ကိုယ်ပါ။၊ မင်းကြားတာ မမှားပါဘူး။ ကိုယ်က နတဘုရားအာရုံနဲ့ စကားပြောနေတာ။ တောင်းပန်ပါတယ် မိန်းမ။ ကိုယ် နောက်ထပ် အချိန်တစ်ခုလောက် တံခါးပိတ် ကျင့်ကြံဦးမယ်။ ဘယ်တော့ ထွက်လာမလဲ ဆိုတာ မသေချာသေးဘူး။" မုန့်ချင်ကျိုးက အလွန်တရာမှဂရုစိုက်သည့် လေသံဖြင့် ပြောလိုက်သည်။

ကောင်းကင်နယ်ပယ်သို့ မြန်မြန် တက်လှမ်းရမည်။

မဟုတ်လျှင် သူ့ဇနီးနှင့် မွေးဖွားလာမည့် သမီးလေးကို ကာကွယ်ပေးနိုင်မည် မဟုတ်ပေ။

တုန်းဖန်လျူလီ အံ့အားသင့်သွားပြီး လေထဲကို စကားပြောလိုက်သည်။ "အမ်။ ရှင် နတ်ဘုရားအာရုံကို သုံးလို့ရပြီလား။ ရှင်ပြောဖူးတာက အဲဒီမျက်လုံးကိစ္စနဲ့ နတ်ဘုရားအာရုံ ပိတ်လှောင်ထားတာက အထူးချိပ်ပိတ် တစ်ခုလို့ မဟုတ်ဘူးလား၊ အဲဒီချိပ်ပိတ်ကို ဖွင့်လိုက်တာလား။"

ထိုသို့ပြောရင်း တုန်းဖန်လျူလီ၏ လှပသောမျက်နှာလေးတွင် စိုးရိမ်စိတ်များ ပေါ်ပေါက်လာသည်။

ထိုချိပ်ပိတ်ကို ဖွင့်လိုက်လျှင် ဘာဖြစ်လာမလဲ သူ မသိပေ။ သို့သော် သူ သိသည်မှာ ငါးပိကောင်သည် အကြောင်းရင်းမရှိဘဲ မလုပ်တတ်သူ ဖြစ်သည်။

ဆိုးကျိုးများရှိလာနိုင်မည်ကို သူ စိုးရိမ်နေ၏။

"မိုက်မဲတာတွေ မလုပ်ပါနဲ့။ ကျွန်မတို့သားအမိ နှစ်ယောက်လုံးက ရှင်ပြန်လာတာကို စောင့်နေတာပါ။" တုန်းဖန်လျူလီက ပြောလိုက်သည်။

မုန့်ချင်ကျိုးက ရယ်လိုက်သည်။

"မိုက်မဲတဲ့ဇနီးလေး။ မင်းရဲ့ခင်ပွန်းက အသက်ကို တန်ဖိုးထားတဲ့သူပါ။ ဒီချိပ််ပိတ်က ရှိနေတုန်းပါပဲ။ ကန့်သတ်ချက်တချို့ကိုပဲ အရင်ဖွင့်ထားတာပါ။"

ထိုစကားကိုကြားမှသာ တုန်းဖန်လျူလီက ရင်ဘတ်ကို ပုတ်ကာ ပြုံးလိုက်သည်။ "ဒါဆိုလည်း ကောင်းပြီ။ ရှင် ထွက်လာတဲ့အခါ အတူတူ ထမင်းစားကြမယ်။"

မုန့်ချင်ကျိုးက လှောင်ပြောင်လိုက်သည်။

"အသက်ကြီးတဲ့သူလိုမျိုး မပြောပါနဲ့။ မှတ်ထား။ မင်းက ဒီနှစ်မှ (၂၂)နှစ်ပဲ ရှိသေးတယ်လေ။ လောကမှာပဲဖြစ်ဖြစ် ကျင့်ကြံရေးလောကမှာပဲဖြစ်ဖြစ် မင်းက အပျိုလေးပဲ။"

တုန်းဖန်လျူလီက ဗိုက်ကိုကိုင်ကာ ပက်လက်ကုလားထိုင်ပေါ်တွင် လှဲလျောင်းရင်း ရယ်မောလိုက်သည်။

"ဘာလုပ်ရမှာလဲ။"

"ရှင်သိလား။ ဒီတစ်နှစ်အတွင်းမှာ အဖြစ်အပျက်တွေ အများကြီးပဲ။ ချင်ချိုးနဲ့ ဝူတျဲတို့က နာမည်ကြီးတဲ့ ဂိတ်မှူးတွေ ဖြစ်လာကြပြီ။ ကျွန်မတို့ကိုယ်စား ကမ္ဘာအနှံ့ သွားနေကြတယ်။"

"ချင်ချိုးက ကောင်းကင်ပြာရဲ့ နံပါတ်(၁) ဓားသခင်မတဲ့။ ဝူတျဲကတော့ ဝိညာဉ်တာအိုသခင်မတဲ့။"

မုန့်ချင်ကျိုး အံ့အားသင့်သွား၏။

"ဟမ်။ ကောင်းကင်ပြာရဲ့ နံပါတ် (၁) ဓားသခင်မ ဟုတ်လား။ သူက ကောင်းကင်နယ်ပယ်ကို ရောက်သွားပြီလား။"

အစွမ်းကုန် ဟန်ဆောင်နေသောစကားကို ကြားသောအခါ တုန်းဖန်လျူလီ ရယ်မောလိုက်သည်။

"အရူး။"

"ရှင်က ကောင်းကင်ပြာရဲ့ အထက်မှာ ရှိနေတာလေ။"

"လူတွေက ရှင်အကြောင်းကို ဘယ်သူမှ မပြောရဲကြဘူး။ ရှင်က အဆင့်သတ်မှတ်ချက်တောင် မပါတာ။”

…

အပိုင်း(၃၆၄) ငါဟာ ကောင်းကင်ဧကရာဇ်၊ အရပ်လေးမျက်နှာကို စစ်ကြေညာခြင်း

"ချင်ကျိုး၊ ရှင်သိလား။ ကျွန်မ အန်းအန်းရဲ့ ပြင်းထန်တဲ့အသက်ဓာတ်ကို ခံစားမိတယ်။ သူက ရှင်နဲ့ ကျွန်မရဲ့ ပါရမီနှင့်ကိုယ်ခန္ဓာဖွဲ့စည်းပုံကို အမွေဆက်ခံထားတဲ့ပုံပဲ။ သူရဲ့အနာဂတ် သေချာပေါက် ထူးခြားလာမှာ။"

ဤသည်မှာ မုန့်ချင်ကျိုး တံခါးပိတ်ကျင့်ကြံခြင်းမပြုခင် လျူလီက သူ့ကို နောက်ဆုံး ပြောလိုက်သော စကားဖြစ်သည်။

သူ့ကို အားပေးစကား ဆိုလိုက်ခြင်းဖြစ်ပြီး "ရှင်လည်း ဘေးကင်းပါစေ။ အန္တရာယ် မများပါနဲ့။ ကလေးရဲ့ အနာဂတ်က အရမ်းကျယ်ပြန့်တော့ ရှင် ဘေးနားမှာ ရှိနေပေးဖို့ လိုတယ်" ဟူ၍ ပြောနေသကဲ့သို့ပင်။

"ကောင်းကင်နယ်ပယ်ကို တက်လှမ်းရမယ်။"

"အချိန်ဖြုန်းလို့ မဖြစ်ဘူး။"

ကြယ်တာရာများ အသံတိတ်ပေါက်ကွဲကာ ကြေမွသွားပြီး အမှောင်ထဲတွင် တိုးတိုးလေး ပြောလိုက်သော အသံတစ်ခု ထွက်ပေါ်လာသည်။

...

...

ဧကရာဇ်ခေတ် ဒုတိယနှစ်။

ဆောင်းဦးပေါက်ချိန်။

"ရှီကျန့်ဂိတ်"၏ စစ်ကြေညာစာတမ်းတစ်ခုက လောကကြီးကို တုန်လှုပ်သွားစေသည်။ ဓားသခင်မ စုချင်ချိုး၏ လက်ရေးဖြင့် ရေးသားထားပြီး ကောင်းကင်မဟာမိတ်ကို စစ်ချီရန် ဖြစ်သည်။

တစ်နှစ်တာကာလအတွင်း ကောင်းကင်မဟာမိတ်၏ အရှိန်အဟုန်မှာ ပိုမိုပြင်းထန်လာခဲ့သည်။

ပထမဦးစွာ မဟာမိတ်ခေါင်းဆောင်လီတိုင်ယွမ်က ကံကြမ္မာကို ဆက်ခံကာ ကောင်းကင်ထောက်တိုင် နယ်ပယ်သို့ တက်လှမ်းခဲ့ပြီး၊ ထို့နောက် ဂိုဏ်း(၁၈)ဂိုဏ်းမှ ကောင်းကင်ထောက်တိုင်နယ်ပယ် (၁၀)ဦးက အညံ့ခံခဲ့သည်။ ထို့နောက်တွင် စစ်သည်စုဆောင်းပြီး အဆောက်အအုံများကိုတိုးချဲ့ကာ ပြုပြင်ပြောင်းလဲမှုများစွာ ပြုလုပ်ခဲ့ပြီး စစ်ပွဲအတွက် ပြင်ဆင်နေခဲ့သည်။

လွန်ခဲ့သောနှစ်လတွင် လီတိုင်ယွမ်က ထပ်မံ၍ အတားအဆီးများကို ကျော်ဖြတ်ကာ ကောင်းကင်ထောက်တိုင်နယ်ပယ် နောက်ပိုင်းအထိ တက်လှမ်းနိုင်ခဲ့သည်။

ထိုမျှမြန်ဆန်သော တိုးတက်မှုနှုန်းမှာ လူတိုင်းကို အံ့အားသင့်စေခဲ့ပြီး တစ်နှစ်အတွင်း နံနက်ခင်းအလင်း နယ်ပယ်နှောင်းပိုင်းမှ ကောင်းကင်ထောက်တိုင်နယ်ပယ် နှောင်းပိုင်းအထိ မည်သို့တက်လှမ်းနိုင်ခဲ့သနည်းဟု လူတိုင်းက စူးစမ်းနေကြသည်။

"လော်ဝမ်"ဂိတ်မှူး ဝမ်ရှန်ကျားက ကောင်းကင်မဟာမိတ်၏ ကိစ္စရပ်များကို အစီရင်ခံစာ တင်ပြခဲ့ရာတွင် လီတိုင်ယွမ်က ကောင်းကင်ပြည်နယ်၏ ကံကြမ္မာအထောက်အပံ့ ဆယ်ပုံရှစ်ပုံကို သူမစ်ယောက်တည်းအပေါ် စုစည်းထားကြောင်း ဖော်ပြခဲ့သည်။

ဆိုလိုသည်မှာ။

လီတိုင်ယွမ်သည် နယ်မြေတစ်ခုလုံး၏ ကံကြမ္မာအထောက်အပံ့ဖြင့် အမြဲတမ်းပြုစုပျိုးထောင်ခြင်းကို ခံနေရသည်ဖြစ်ရာ လျှို့ဝှက်ချက်မှာ ပွင့်သွားခဲ့ပြီဖြစ်သည်။

လူများစွာက ဆွေးနွေးနေကြသည်။

"ဓားသခင်မ ရူးသွားပြီလား၊ သူက ကောင်းကင်ထောက်တိုင်နယ်ပယ် အစောပိုင်းပဲ ရှိသေးတာကို။ ကောင်းကင်မဟာမိတ်ခေါင်းဆောင်က ကောင်းကင်ထောက်တိုင်နယ်ပယ် နှောင်းပိုင်းဖြစ်ပြီးတော့ လက်အောက်မှာလည်း ကောင်းကင်ထောက်တိုင်နယ်ပယ် ဒါဇင်ပေါင်းများစွာ ရှိနေတာ။ ရှီကျန့်ဂိတ်က ဘယ်လိုလုပ် ယှဉ်နိုင်မလဲ။"

"ဟာမိတ်ခေါင်းဆောင်လီက တကယ်ပဲ ပြန်လည်အင်အားစုနိုင်ကောင်းစုနိုင်မယ်။ မဟာကျင်းဧကရာဇ် နှစ်ပါးတုန်းက သူ့ရဲ့စွမ်းအားနဲ့ နှိုင်းယှဉ်ရင် သိပ်မကွာခြားဘူး။ သူ့ကို အချိန်နည်းနည်းပေးလိုက်ရင် ဧကရာဇ် နှစ်ပါးကို ကျော်ဖြတ်ပြီး ကောင်းကင်နယ်ပယ်ကို ရောက်သွားမှာပဲ။"

"ဟုတ်တယ်။ တကယ်သာ ဖြစ်လာခဲ့ရင် ဘယ်သူက သူ့ကို တားနိုင်မလဲ။"

"ဧကရာဇ်နှစ်ပါး ဘာတွေ စဉ်းစားနေလဲဆိုတာကို ငါ တကယ်ပဲ နားမလည်ဘူး။ လွန်ခဲ့တဲ့တစ်နှစ်တုန်းက အနိုင်ရနေလျက်နဲ့ ကောင်းကင်မဟာမိတ်အဖွဲ့ကို ဘာလို့ အသက်ရှင်ခွင့်ပေးခဲ့ရတာလဲ။ မဟုတ်ရင် လီတိုင်ယွမ် ဒီလောက်တောင် ပျက်စီးအောင် လုပ်နိုင်ပါ့မလား။"

"တောင်ပိုင်းမဟာမိတ်နဲ့ မြောက်ပိုင်းဧကရာဇ်။ နှစ်ဖက်စလုံးက တန်းတူတွေ ဖြစ်လာပြီ။ ရှုပ်ထွေးတဲ့ ခေတ်ကာလကို ပြန်ရောက်တော့မှာလား။"

...

...

ထိုနှစ်မှာပင်။

လီတိုင်ယွမ်သည် ဧကရာဇ်အဖြစ် တရားဝင်နန်းတက်ခဲ့ပြီး၊ ကောင်းကင်မဟာမိတ်၏ ကောင်းကင်နှင့် ဧကရာဇ်ဟူသော စာလုံးကို ပေါင်းစပ်ကာ "ကောင်းကင်ဧကရာဇ်" ဟု ခေါ်ဆိုခဲ့သည်။

ကောင်းကင်ဧကရာဇ်။

နာမည်အရဆိုလျှင် မဟာကျင်းဧကရီကို တိုက်ရိုက်ဖိနှိပ်လိုက်ခြင်း ဖြစ်သည်။

ဤကိစ္စကြောင့်ပင် ဓားသခင်မ စုချင်ချိုးမှာ အလွန်ဒေါသထွက်ပြီး မဟာကျင်း၏ ပြည်နယ်(၃၃)ခုရှိ ရှီကျန့်ဂိတ်အားလုံးသို့ လက်ရှိလုပ်နေသော အလုပ်နှင့်ကျင့်စဉ်များကို ရပ်တန့်ကာ ကောင်းကင်မဟာမိတ်ကို အဓိကထား၍ ရင်ဆိုင်ရန် ကြေညာခဲ့သည်။

ကောင်းကင်မဟာမိတ်။

ခမ်းနားလှသောနန်းတော်။

လီတိုင်ယွမ်၏ မျက်ဝန်းများမှာ ယခင်ကဲ့သို့ အေးစက်ပြီး ဂုဏ်ယူဝံ့ကြွားမှု မရှိတော့ဘဲ တည်ငြိမ်၍ အာဏာရှင်ဆန်သော အရှိန်အဝါများဖြင့် ပြည့်နှက်နေ၏။

နန်းပလ္လင်အောက်တွင် ကောင်းကင်မဟာမိတ်၏ ထိပ်ပိုင်းခေါင်းဆောင်များ အားလုံး စည်းချက်ညီညီ ဒူးထောက်နေကြသည်။ ဤသည်မှာ ကောင်းကင်မဟာမိတ်၏ စည်းကမ်းပင်။ ဧကရာဇ်ကို မရိုသေသူမှာ သေဒဏ်ပေးခံရမည်!

"ကောင်းကင်ဧကရာဇ်အရှင်မ။ ကျွန်တော်မျိုး အစီရင်ခံစရာ ရှိပါတယ်။" လူတစ်ယောက်မှာ မျက်နှာဖြူဖျော့ကာ ဒူးထောက်ရင်း ချွေးများ အလွန်အမင်းထွက်လာသဖြင့် ခေါင်းအောက်တွင် ရေအိုင်ငယ်လေး တစ်ခုပင် ဖြစ်နေသည်။

ကောင်းကင်ဧကရာဇ် နန်းတက်ပြီးနောက်။

သူက ပို၍ အေးစက်လာ၏။ စိတ်တိုင်းမကျပါက နည်းနည်းလေး ဆန့်ကျင်သည်နှင့် သေဆုံးသွားရမည်။ သို့မဟုတ် မိသားစုကိုပါ ရှင်းပစ်ခံရမည်။ မည်သူက မကြောက်ဘဲ နေနိုင်မည်နည်း။

"ပြော။" လီတိုင်ယွမ်သည် မျက်လုံးကိုမှိတ်ကာ လက်မဖြင့် လက်ရန်းကို ပွတ်နေသည်။

"ပင်လယ်ပြင်အလွန် ကောင်းကင်ခုံရုံး နတ်ဘုရားခန်းမက နတ်ဘုရားတွေရဲ့ လှုပ်ရှားမှုတွေ ပိုများလာတယ်။ သူတို့အနီးမှာ မွေးထားတဲ့ ခွေးဝါကြီးနဲ့ ကိုရင်တစ်ပါးက ကောင်းကင်မဟာမိတ်ကို အမြဲတမ်း ပစ်မှတ်ထားပြီးတော့ နတ်ဘုရားတွေကို တိုက်ခိုက်ခိုင်းနေတယ်။ မဟာကျင်းကလည်း ကောင်းကင်မဟာမိတ်ကို မနှစ်မြို့ဘူး။ ဌာန(၆)ခုနဲ့ ဂိတ်(၈)ခုကလည်း လှုပ်ရှားနေတယ်။"

"ရှီကျန့်ဂိတ် ဓားသခင်မက စစ်ကြေညာလိုက်ပြီ။ ကောင်းကင်မဟာမိတ်ကို အမျိုးမျိုးသော ပိတ်ဆို့မှုတွေ လုပ်နေပါတယ်။"

"ကောင်းကင်မဟာမိတ်က ပင်လယ်ပြင်မှာ သယံဇာတတွေ ရှာဖွေနေတဲ့နေရာတွေကို ရှီကျန့်ဂိတ်က ဓားကျင့်ကြံသူတွေက ရာပေါင်းများစွာ ဖျက်ဆီးပစ်လိုက်ပြီ။ ဆုံးရှုံးမှုတွေ အများကြီးပဲ။ ကောင်းကင်ဧကရာဇ် မြန်မြန် ဆုံးဖြတ်ပေးပါ။"

ထိုသူက တုန်ရီစွာဖြင့် အစီရင်ခံပြီးနောက် ခေါင်းငုံ့ကာ မလှုပ်ဘဲငြိမ်နေသည်။

လီတိုင်ယွမ်က မည်သို့မျှ မတုံ့ပြန်ဘဲ တည်ငြိမ်စွာ ပြောလိုက်သည်။

"ခွေးအုပ်စုတွေပဲလေ။ သူတို့တွေကို ဂရုမစိုက်နေနဲ့။ ကောင်းကင်မဟာမိတ်က ကျားဖြစ်လာတဲ့အခါ အဲဒီခွေးအုပ်စုတွေ အကုန်ပျက်စီးသွားလိမ့်မယ်။"

ထိုအချိန်တွင်။

ကောင်းကင်ထောက်တိုင်နယ်ပယ် ကျင့်ကြံသူတစ်ဦး ထွက်လာပြီး ပြောလိုက်သည်။

"ကောင်းကင်ဧကရာဇ်အရှင်မ။"

"ကျွန်တော်မျိုးမှာ အစီရင်ခံစရာ ရှိပါတယ်။ ကောင်းကင်တာအိုနဲ့ ပတ်သက်ပြီးတော့..."

ထိုစကားကို ကြားသောအခါ။

လီတိုင်ယွမ်က ချက်ချင်းမျက်လုံးဖွင့်လိုက်ပြီး ထိုသူကို စိုက်ကြည့်လိုက်သည်။ အတန်ကြာမှ နှုတ်ခမ်းကို လှုပ်ရှားလိုက်သည်။ "ပြော။"

ထိုကျင့်ကြံသူက စိုးရိမ်တကြီးဖြင့် လီတိုင်ယွမ်၏ အရှိန်အဝါကို သည်းခံကာ ပြောလိုက်သည်။

"နိမိတ်ဖတ်သူတွေရဲ့ ခန့်မှန်းချက်အရ ကောင်းကင်တာအို နိုးထလာတဲ့ဖြစ်စဉ်က မြန်ဆန်လာတယ်။ ဒါပေမဲ့ တစ်စုံတစ်ခုက ဖိနှိပ်ထားတဲ့အတွက်ကြောင့်လို့ ထင်ရပါတယ်။ တကယ်တော့ လွန်ခဲ့တဲ့ ခြောက်လက ကောင်းကင်နိယာမ ပြန်လည်နိုးထလာဖို့ အချိန်တန်နေပေမယ့် ပြင်ပအင်အားစုတစ်ခုက ဖိနှိပ်ထားလိုက်တာပါ။"

"ဒီကိစ္စက ထူးဆန်းနေတယ်။ သတိထားဖို့လိုတယ်။"

လီတိုင်ယွမ်က မျက်နှာတည်ဖြင့်ပင် ရုတ်တရက် ရယ်လိုက်ပြီး အသံမှာ အနည်းငယ် အက်ကွဲသွားသည်။ "ဟား... ဟားဟား..."

"ကောင်းကင်တာအို၊ ကောင်းကင်ကြည့်ဆောင်၊ မဟာကျင်း၊ ဧကရာဇ်နှစ်ပါး၊ နတ်ဘုရားတွေ..."

"ဒီခေတ်က တကယ်ကို စည်ကားတာပဲ၊ ကောင်းလိုက်တာ။ ပိုရှုပ်ထွေးလေ ကောင်းကင်မဟာမိတ် အတွက်တော့ ပိုကောင်းလေပဲ။"

လီတိုင်ယွမ် မတ်တတ်ရပ်လိုက်ပြီး အမှောင်ထုကဲ့သို့ မည်းနက်သော ဝတ်ရုံကြီးကိုဆွဲကာ အေးစက်စွာ ပြောလိုက်သည်။

"မလုံလောက်သေးဘူးလို့ ထင်တယ်။"

"အားလုံးက စောင့်ကြည့်နေကြတယ်ဆိုရင် ငါကပဲ မီးစမွှေးလိုက်တော့မယ်။ ကောင်းကင်မဟာမိတ်ကို ရှုပ်ထွေးတဲ့စစ်ပွဲရဲ့ အဓိကဇာတ်ကောင် ဖြစ်လာစေမယ်။"

"ငါ့အမိန့်ကို ကြေညာလိုက်။"

"ကောင်းကင်မဟာမိတ်က ကောင်းကင်ကြည့်ဆောင်ရဲ့ အမိန့်အတိုင်း အရပ်လေးမျက်နှာကို စစ်ကြေညာလိုက်တယ်။ တိုက်ခိုက်မယ့်သူတွေက နတ်ဘုရားတွေ၊ ရှီကျန့်ဂိတ်၊ လော်ဝမ်ဂိတ်၊ ရှန်းဟိုင်ဂိတ်..."

ထိုစကားကို ကြားသောအခါ။

ခန်းမတစ်ခုလုံး တိတ်ဆိတ်သွား၏။

လူတိုင်း အံ့အားသင့်သွားပြီး မယုံနိုင်စရာအဖြစ် ကြည့်နေကြသည်။

(၁၀)စက္ကန့်ကျော်ကြာမှသာ လူတိုင်း တိဝင်လာပြီး ကြောက်လန့်တုန်လှုပ်စွာဖြင့် တားမြစ်လိုက်သည်။

"ကောင်းကင်ဧကရာဇ်အရှင်မ၊ မလုပ်ပါနဲ့။ ဒါက ကိုယ့်ကိုယ်ကိုယ် သတ်သေတာနဲ့ အတူတူပဲ။"

"မဟာကျင်းမှာတောင် ကောင်းကင်ထောက်တိုင်နယ်ပယ် (၁၅)ဦး ရှိနေပြီးတော့ နတ်ဘုရားတွေကလည်း နက်နဲလွန်းတယ်။ အဓိကနတ်ဘုရားဖြစ်တဲ့ သိုင်းပညာတာအို ယွီထန်တောင် ကောင်းကင်နယ်ပယ်မှာ ရှိနေတာ။"

"အရပ်လေးမျက်နှာကို တစ်ပြိုင်နက် စစ်ကြေညာရင် ကောင်းကင်မဟာမိတ် ဘယ်လိုလုပ် ခံနိုင်မှာလဲ။"

လီတိုင်ယွမ်က သူတို့ကို ဂရုမစိုက်ဘဲ လေထဲတွင်ပေါ်လာသော လူမျက်နှာတစ်ခုကို ကြည့်နေသည်။ အခြားသူများမမြင်ရဘဲ သူ၏မျက်လုံးထဲတွင်သာ မြင်နေရသည်။ ထိုမျက်နှာက အလွန်ဒေါသထွက်နေပြီး မေးလိုက်သည်။

"မင်း ဘာလုပ်နေတာလဲ။"

"ဘယ်သူက မင်းကို ကောင်းကင်ကြည့်ဆောင်နာမည်နဲ့ စစ်ကြေညာခိုင်းတာလဲ။ မမေ့နဲ့ဦး။ မင်းက ကောင်းကင်ကြည့်ဆောင်ရဲ့ ခွေးတစ်ကောင်ပဲ။ သခင်ကို ပြန်ပုန်ကန်ရဲလား။"

ကောင်းကင်ကြည့်ဆောင်နာမည်ဖြင့် စစ်ကြေညာလိုက်ပါက ကောင်းကင်တာအို၏ ပိတ်ပင်မှုကို မခံရသော်လည်း ကောင်းကင်ကြည့်ဆောင်မှာ ထိုရှုပ်ထွေးမှုထဲသို့ ဆွဲသွင်းခံရတော့မည် ဖြစ်သည်။

လီတိုင်ယွမ်က ပြုံး၍ ပြောလိုက်သည်။

"ကျွန်မကို ကျိဝူရွှမ်လို့ ထင်နေတာလား။ ကျွန်မက ရှင်တို့ရဲ့ အစီအစဉ်တွေကို ယုံကြည်နေမှာလား။ တကယ်တော့ ကျွန်မက ရှင်တို့ကို တစ်ခါမှ မယုံခဲ့ဘူး။"

"ရှင်တို့က ကျွန်မကို အသုံးချနေတယ်လို့ ထင်နေတာလား။ ကျွန်မလည်း ရှင်တို့ကို အသုံးချနေတာပဲ။ ပြဿနာရှာချင်ရင် အမှောင်ထဲမှာ ပုန်းမနေပါနဲ့။ အားလုံး အလင်းထဲ ထွက်လာခဲ့ကြပေါ့။"

လေထဲရှိလူမျက်နှာက အေးစက်စွာ ပြောလိုက်သည်။

"လီတိုင်ယွမ်၊ မင်း မေ့နေပြီလား။ မင်း ကံကြမ္မာကို ဆက်ခံခွင့်ရဖို့ ငါတို့တွေ ပိတ်ပင်မှုတွေကို ချိပ်ပိတ်ပေးခဲ့တယ်။ ဒီလောက်ထိဆန့်ကျင်ရင် ဘာဖြစ်မလဲ စဉ်းစားပြီးပြီလား။"

သို့သော်။

ထိုလူမျက်နှာ၏အကြည့်အောက်မှာပင် လီတိုင်ယွမ်က ရယ်မောလိုက်ပြီး သူ၏နဖူးကို ရိုက်ချလိုက်ရာ သွေးများ စီးကျလာပြီး အသိဉာဏ်ပင်လယ်ထဲမှ ချိပ်ပိတ်ကို ဆွဲထုတ်လိုက်သည်။

"ရှင်ပြောတာ ဒါကိုလား။" လီတိုင်ယွမ်က ချိပ်ပိတ်ကို လက်ထဲတွင် ဆုပ်ကိုင်ထားကာ ချက်ချင်း ချေဖျက်ပစ်လိုက်သည်။

"ဒီနှစ်တွေအတွင်းမှာ ကျွန်မ ဘာလုပ်နေလဲထင်လဲ။"

"ကျင့်ကြံရုံပဲ လုပ်နေတာလား။"

"ကောင်းကင်ပြည်နယ်ရဲ့ ကံကြမ္မာအထောက်အပံ့က ၈၀%ရှိတယ်။ ကျွန်မ တစ်ယောက်တည်းကို ၄၀% ပေးထားတာ။ ကျွန်မက ကျင့်ကြံရုံပဲ လုပ်နေရင် ကောင်းကင်နယ်ပယ်တစ်ပိုင်းတောင် ဖြစ်နေပြီ။"

"၄၀%ကိုတော့ ရှင်ပေးတဲ့ ချိပ်ပိတ်ကိုဖြုတ်ပစ်ဖို့ သုံးလိုက်တာ။ အဘိုးကြီး။ ရှင်က ကျွန်မကို အရမ်း အထင်သေးနေတာပဲ။"

ဆိုလိုသည်မှာ လီတိုင်ယွမ်သည် ကောင်းကင်ပြည်နယ်၏ ကံကြမ္မာအထောက်အပံ့ ၄၀%ကိုသာ သုံးပြီး ကောင်းကင်ထောက်တိုင်နယ်ပယ်နှောင်းပိုင်းအထိ တက်လှမ်းနိုင်ခဲ့ခြင်းဖြစ်သည်။

မယုံနိုင်စရာပင်။

လေထဲရှိ လူမျက်နှာမှာ ငြိမ်ကျသွားပြီးနောက် မေးလိုက်သည်။ "ပြောပါ။ မင်း ဘာလိုချင်တာလဲ။"

အောက်ရှိ ကောင်းကင်မဟာမိတ်၏ ခေါင်းဆောင်များမှာ အချင်းချင်းကြည့်ကာ ဘာဖြစ်နေမှန်း မသိဘဲ ဖြစ်နေကြသည်။

သူတို့က လီတိုင်ယွမ် ပြောနေသည်ကို ခိုးနားထောင်နေပြီး အလွန်ပင် တုန်လှုပ်သွားကြသည်။

ကောင်းကင်ဧကရာဇ်က ချိပ်ပိတ် ခံထားရပြီးတော့ ဒီနှစ်တွေအတွင်းမှာ ကောင်းကင်ကြည့်ဆောင်၊ မဟာကျင်း၊ နတ်ဘုရားတွေနဲ့အပေးအယူလုပ်နေရင်းမှ တစ်ဖက်ကလည်း အင်အားကြီးမားသော နတ်ဘုရားတွေကို ကာကွယ်နေရပြီးတော့ မဟာကျင်းကို ဆန့်ကျင်ဖို့ အစီအစဉ်တွေ လုပ်နေရတယ်။ အဲဒီလို အခြေအနေမှာတောင် ကံကြမ္မာ ၄၀%နဲ့ ကောင်းကင်ထောက်တိုင်နယ်ပယ် နှောင်းပိုင်းကို ရောက်အောင် လုပ်ခဲ့တာ။

ဘယ်လောက်တောင် ထူးချွန်လိုက်သလဲ။

"ဧကရာဇ်" ဟူသော နာမည်နှင့် လုံးဝထိုက်တန်၏။

"ဒါကိုပဲ လူတွေက အောင်မြင်မှု နောက်ကျမှရတယ်လို့ ပြောကြတာပေါ့။" တစ်ယောက်က တိုးတိုးလေး ပြောလိုက်သည်။

လီတိုင်ယွမ်က တည်ငြိမ်စွာ ပြောလိုက်သည်။

"ကျွန်မ ဘာလိုချင်လဲဆိုတာ အခုလေးတင် ရှင်းရှင်းလင်းလင်း ပြောပြီးပြီ။ အခု ကျွန်မ ထပ်ပြောမယ်။ သေချာနားထောင်။"

"ကောင်းကင်ကြည့်ဆောင်..."

"ရှင်တို့ကစားကွက် လွန်သွားပြီ။ ကျွန်မက ရှင်တို့ရဲ့ ထိန်းချုပ်မှုအောက် ရှိတော့မှာ မဟုတ်ဘူး။ တကယ်တော့ ရှင်တို့က ကံကြမ္မာကို ကျွန်မဆီ ပေးအပ်လိုက်ကတည်းက ရှင်တို့ ရှုံးသွားပြီ!"

"ကျိဝူရွှမ်က ဘယ်လောက်တောင် ရူးမိုက်လိုက်သလဲ။ အသုံးဝင်မယ့် အရာတွေကိုတောင် မသုံးတတ်ဘဲ အခုတော့ ထောင်ထဲမှာ ခွေးသေကောင်လို ဖြစ်နေပြီ။ သနားစရာပဲ။"

"ဒီနေ့ကစပြီး ကျွန်မ စစ်ချီတက်တော့မယ်။ ဒီလောကကြီး ရှုပ်ထွေးသွားအောင် လုပ်ပစ်မယ်။ ရှင်တို့ ဆုတောင်းကြ။ ကျွန်မ အသက်ရှင်နေအောင် အစွမ်းကုန် ကာကွယ်ပေးထားပါ။ ဘာလို့လဲဆိုတော့ ကျွန်မသာ သေသွားရင် အကုန်လုံး ပျက်စီးသွားမှာမိုု့လို့ပဲ။"

"မဟာကျင်းလက်ထဲသေရင် လူသားဧကရာဇ် ဖြစ်လာမယ်။ နတ်ဘုရားတွေလက်ထဲ သေရင် ကောင်းကင်ပြည်နယ်ရဲ့ကံကြမ္မာကို နတ်ဘုရားတွေ သိမ်းပိုက်သွားမယ်။ ရှင်တို့တွေ ကျွန်မကို အမှောင်ထဲမှာ လုပ်ကြံသတ်ဖြတ်ရင် ကံကြမ္မာက ကောင်းကင်ကြည့်ဆောင်ကို ရောက်သွားပြီးတော့ ကောင်းကင်တာအိုက ကောင်းကင်ကြည့်ဆောင်ကို ပိတ်ပင်လိမ့်မယ်။"

ထိုသို့ပြောရင်း လီတိုင်ယွမ်က ပြုံးလျက် ပြောလိုက်သည်။

"ဒါကြောင့်မို့လို့ ကျွန်မ ထာဝရ အသက်ရှင်နေဖို့ ဆုတောင်းထား။ မဟုတ်ရင် ကောင်းကင်ကြည့်ဆောင်ရဲ့ နှစ်ထောင်ချီ ကြိုးစားမှုတွေ အကုန်ပျက်စီးသွားမှာမို့လို့ပဲ။"

လူမျက်နှာက အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် သူ့ကို စူးစိုက်ကြည့်ကာ ပြောလိုက်သည်။

"မင်း... ငါ့ကို အံ့အားသင့်စေခဲ့တယ်။"

"ပုရွက်ဆိတ်... မဟုတ်ဘူး... ကောင်းကင်ဧကရာဇ်လီ။ မင်း ကံကောင်းပါစေ။"

လီတိုင်ယွမ်က ပြုံးလျက် ပြောလိုက်သည်။ "ကျေးဇူးတင်ပါတယ်။"

လူမျက်နှာ ပျောက်ကွယ်ခါနီးတွင် ရပ်တန့်သွားပြီး ပြောလိုက်သည်။

"မင်း နိုင်သွားပြီ။ သုံးရက်နေရင် ဒုတိယမြောက် နန်းဆောင်သခင်က ကောင်းကင်ကြည့်ဆောင်နဲ့ ပတ်သက်တဲ့ မှတ်ဉာဏ်တွေကို ဖျက်ပစ်ပြီးတော့ လောကထဲ ဝင်လာလိမ့်မယ်။ သူက မင်းကို အန္တရာယ်ကနေပဲ ကာကွယ်ပေးမှာ။ မင်း အမိန့်ကို နာခံမှာ မဟုတ်ဘူး။"

"ဒုတိယမြောက် နန်းဆောင်သခင်က ဘယ်အဆင့်လဲ။"

"ကောင်းကင်နယ်ပယ်။"

...

...

အချိန်အတန်ကြာ ကုန်လွန်သွားပြန်သည်။

တားမြစ်နယ်မြေကမ္ဘာထဲတွင်။

မုန့်ချင်ကျိုး၏ အရှိန်အဝါမှာ ပိုမိုကြီးမားလာပြီး တစ်ခါတစ်ရံနက်နဲ၍ တစ်ခါတစ်ရံ ကြမ်းတမ်းနေသည်။

ကောင်းကင်ထောက်တိုင်နယ်ပယ် တိုးတက်မှုနှုန်း - ၅၉၀%။

ခြောက်လကြာမှ ၁၀%သာ တိုးတက်သည်။ ကောင်းကင်နယ်ပယ်သို့ နီးကပ်လေလေ ပိုခက်လေလေ ဖြစ်သည်။

အတွင်းစကြဝဠာနှင့် အချိန်-နေရာလွတ် တာအိုနိယာမတို့၏ ဟန်ချက်ညီမှုမှာ ရှာရခက်၏။

နှေးကွေးရခြင်း၏ အကြောင်းရင်းမှာ ထူးခြားမှတ်ကို ရှာရခက်သောကြောင့်ပင်။ အန္တရာယ်ကင်းရန် သူသည် အမှားအယွင်းမရှိအောင် လုပ်ဆောင်ရပေမည်။

သူ့နောက်တွင် မိသားစု ရှိနေ၍ပင်။

ဟူး...

မုန့်ချင်ကျိုးက အသက်ရှူထုတ်လိုက်ပြီး နတ်ဘုရားအာရုံကို ဖြန့်ကျက်ကာ ပစ္စုပ္ပန်ရွာတွင် ကိုယ်ဝန်ဆောင်နေသည့် တုန်းဖန်လျူလီကို ကြည့်လိုက်သည်။ ဗိုက်လေးမှာ ပိုမိုကြီးထွားလာ၏။

နောက်ထပ် ခြောက်လဆိုလျှင် အန်းအန်းလေး မွေးဖွားလာတော့မည်။

ဒုတိယနှစ်တွင်လည်း တံခါးပိတ်ကျင့်ကြံရင်း ကုန်လွန်သွားခဲ့ပြီး နှစ်သစ်ကူး၌ပင် ဇနီးသည်နှင့်အတူ မနေခဲ့ရ၍ မုန့်ချင်ကျိုး အားနာမိသည်။

"တောင်းပန်ပါတယ် မိန်းမ။"

သူက တိုးတိုးလေး ပြောလိုက်သည်။

ထို့နောက် နတ်ဘုရားအာရုံကို ဆက်လက်၍ ဖြန့်ကျက်ကာ လောကကြီး၏ သတင်းစကားများကို နားထောင်လိုက်သည်။

"ကောင်းကင်ဧကရာဇ် လီတိုင်ယွမ်က အရပ်လေးမျက်နှာကို စစ်ကြေညာလိုက်တယ်။ နတ်ဘုရားတစ်ပါးကို သတ်ပစ်လိုက်တယ်။ ရှီကျန့်ဂိတ်ကို ထိခိုက်အောင် လုပ်လိုက်တယ်။ စုချင်ချိုးနဲ့ တိုက်ခိုက်လိုက်တယ်။"

"ကောင်းကင်ကြည့်ဆောင်နာမည်နဲ့ စစ်ပွဲတွေ လုပ်နေတာပဲ။ အရှိန်အဟုန်ကလည်း ကောင်းတယ်။"

"ဪ။"

"ချင်းဖုန်းဟော်က ကောင်းကင်ထောက်တိုင်နယ်ပယ်ကို တက်လှမ်းသွားပြီလား။ တော်သေးတာပေါ့။ ဒီအဘိုးကြီးလည်း ဝန်ကြီးချုပ်နာမည်နဲ့ လိုက်ဖက်ပါပေတယ်။"

မုန့်ချင်ကျိုးက ပြုံးလိုက်သည်။ လွန်ခဲ့တဲ့ တစ်နှစ်က သူသည် ကောင်းကင်ထောက်တိုင်နယ်ပယ် တိုးတက်ရန် ခက်ခဲသည်ဟု ညည်းတွားနေသည်ကို သတိရမိသည်။

"နေပါဦး..."

"ဝါကြီးနဲ့ ဟွေ့နန်းက ဘာလို့ နတ်ဘုရားခန်းမရဲ့ လက်အောက်ခံတွေ ဖြစ်သွားတာလဲ။ ဝါကြီးတောင် ကောင်းကင်ထောက်တိုင်နယ်ပယ် ရောက်သွားပြီလား။ ဟွေ့နန်းကတော့ ကောင်းကင်ထောက်တိုင်နယ်ပယ် တစ်ပိုင်းမှာပဲ ရပ်နေတယ်။ နတ်ဘုရားတွေနာမည်နဲ့ ကောင်းကင်မဟာမိတ်ကို ဒုက္ခပေးနေတာပဲ။ ဟားဟား။ ခွေးကောင်းပဲ။"

"ဝူတျဲက မနေ့က ကောင်းကင်မဟာမိတ်ရဲ့ ကောင်းကင်ထောက်တိုင်နယ်ပယ်ကို သတ်လိုက်တယ်တဲ့။ အဝေးကြီးကနေ ကျိန်စာတိုက်တာလား။ ကြောက်ဖို့ကောင်းလိုက်တာ။"

"ကောင်းကင်မဟာမိတ်က စစ်ချီလာပြီ။ လီတိုင်ယွမ်က ဦးဆောင်ပြီး စစ်တိုက်နေတယ်..."

"ကောင်းကင်ကရာဇ်လီက တောရိုင်းမြေကို အင်အားကြီးမားစွာနဲ့ သိမ်းပိုက်နေတယ်..."

မုန့်ချင်ကျိုး၏ မျက်လုံးများ နက်ရှိုင်းသွားပြီး နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာသည်။

ကောင်းကင်ဧကရာဇ်လီ ဟုတ်လား။

...

အပိုင်း(၃၆၅) လူတိုင်းကြောင်အမ်းနေ။ မြို့တော် ဖျက်ဆီးခံလိုက်ရပြီ

ပင်လယ်ပြင်နှင့် ကပ်လျက်ရှိပြီး တိုင်းပြည်၏ အလယ်အလတ်နှင့် အောက်ခြေနယ်မြေတွင် ပါဝင်သော "ဟွာယန်ပြည်နယ်"၊ ဝူဟော့ခရိုင်။

"ရှီကျန့်ဂိတ်" ဌာနခွဲ။

ဌာနခွဲဂိတ်မှူး ဝေချီဟုန်ရွှမ်းသည် ဓားကျင့်ကြံသူ ထိပ်ပိုင်းခေါင်းဆောင် အုပ်စုတစ်စုကို အလျင်အမြန် ခေါ်ဆောင်လာပြီး အဓိကခန်းမဆောင်သို့ ဓားသခင်မကို ဦးညွှတ်ရန် သွားရောက်ခဲ့သည်။

"ဂိတ်မှူး၊ ဓားသခင်မကိုယ်တိုင် ကြွလာတာက ကောင်းကင်မဟာမိတ်အဖွဲ့ ကိစ္စအတွက်လား။" ထိပ်ပိုင်း ခေါင်းဆောင်တစ်ဦးက မေးသည်။

ဝေချီဟုန်ရွှမ်းက မျက်မှောင်ကြုတ်လျက် ခေါင်းညိတ်ကာ ပြောလိုက်သည်။ "ဓားသခင်မ ကိုယ်တိုင် မလာမဖြစ်လောက်တဲ့ကိစ္စဆိုရင် ဒီကိစ္စပဲ ဖြစ်ရမယ်။"

အဓိကခန်းမဆောင်။

စုချင်ချိုးက ကျယ်ဝန်းပြီး လူသူကင်းမဲ့သော ခန်းမထဲတွင် လမ်းလျှောက်နေရင်း စာရွက်စာတမ်းတစ်ခုကို ဖတ်ရှုနေသည်။ အလျင်အမြန် လျှောက်လှမ်းလာသော ခြေသံများကို ကြားရာတွင် မျက်လုံးကို မြှောက်ကြည့်ကာ ပြောလိုက်သည်။

"ကောင်းကင်မဟာမိတ်က ပြန်ပြီးတော့ အင်အားကြီးလာပြီ။ လီတိုင်ယွမ်က ကောင်းကင်ဧကရာဇ်လို့ ကိုယ့်ကိုယ်ကိုယ် ခေါ်နေတယ်။ လက်ရှိအခြေအနေ ဘယ်လိုရှိလဲ။ ပြောပြ။"

ဝေချီဟုန်ရွှမ်းက ဦးစွာ ရိုရိုသေသေ ဦးညွှတ်ပြီးနောက် အသေးစိတ်ကို တင်ပြလိုက်သည်။

"ပင်လယ်ကမ်းစပ်က တိုင်းပြည်တွေကို ကောင်းကင်မဟာမိတ်က သိမ်းပိုက်လိုက်ပါပြီ။ လီတိုင်ယွမ်က သူ့လက်အောက်ငယ်သားတွေကို အပြစ်မဲ့သူတွေကို သတ်ဖြတ်ခြင်းမပြုဖို့ အမိန့်ပေးထားပြီးတော့ သာမန် ပြည်သူတွေနဲ့ တကိုယ်တည်းကျင့်ကြံသူတွေကို လွှတ်ပေးထားပါတယ်။ ကျွန်တော် ထင်မြင်တာကတော့ သူက လူစိတ်ကို ဖမ်းစားဖို့ ကြိုးစားနေတာပါ၊ တိုင်းပြည်ကို အဆုံးထိရင်ဆိုင်ဖို့ တကယ်ပဲ စိတ်ဆုံးဖြတ်ထားတာပါ။"

"တောရိုင်းမြေမှာ သံသယတွေ ထွက်ပေါ်နေပါတယ်..."

"ပြောကြတာကတော့..."

ထိုနေရာသို့ရောက်သောအခါ ဝေချီဟုန်ရွှမ်းက ဆက်ပြောရန် မဝံ့ရဲတော့ပေ။ ကောင်းကင်ထောက်တိုင် နယ်ပယ် အစွမ်းထက်သူတစ်ဦး ဖြစ်သော်လည်း ထိုပုဂ္ဂိုလ်၏နာမည်ကိုပင် ထုတ်ပြောရန် ကြောက်ရွံ့နေသည်။

စုချင်ချိုးက အေးစက်စွာ ပြောလိုက်သည်။

"ဧကရာဇ်နှစ်ပါးရဲ့ အရင်ဆုံးဖြတ်ချက်တွေကို သံသယဝင်ပြီးတော့ ဘာကြောင့် ကောင်းကင်မဟာမိတ်ကို လွှတ်ထားခဲ့တာလဲလို့ မေးနေကြတာ မဟုတ်လား။"

ဝေချီဟုန်ရွှမ်းက ပတ်ဝန်းကျင်ကို သတိကြီးစွာဖြင့် ကြည့်လိုက်ပြီး မသိမသာ ခေါင်းညိတ်လိုက်သည်။

စုချင်ချိုးက စာရွက်စာတမ်းကိုချလိုက်ပြီး နေရာလွတ်သအက်ကွဲကြောင်းကိုဖောက်ကာ ခြေတစ်လှမ်းဖြင့် ဝင်ရောက်သွားသည်။ ထွက်ခွာခါနီးတွင် စကားတစ်ခွန်း ချန်ရစ်ခဲ့သည်။

"ပြည်နယ်(၃၃)ခုက ရှီကျန့်ဂိတ်အားလုံးကို စုစည်းပြီးတော့ ကောင်းကင်မဟာမိတ်ကို ပြန်လည် တိုက်ခိုက်မယ်။"

...

...

တစ်လခန့် အကြာတွင်။

ရှီကျန့်ဂိတ်သည် တိုက်ပွဲဝင်ရန် အလံကို မြှောက်လိုက်ပြီး ဓားကျင့်ကြံသူ တစ်သိန်းကျော် နယ်စပ်သို့ ရောက်ရှိလာကာ အေးစက်သော ဓားအရှိန်အဝါများဖြင့် ဖုံးလွှမ်းသွားသည်။

ဓားသခင်မ စုချင်ချိုးက ဓားကျင့်ကြံသူ တစ်သိန်းကို ဦးဆောင်ကာ ပြန်လည်တိုက်ခိုက်ရန် အချက်ပေးလိုက်သည်။

စုချင်ချိုးက ကောင်းကင်ထောက်တိုင်နယ်ပယ်တစ်ဦးကို အရင်ဦးဆုံး သတ်ဖြတ်လိုက်သည်။ ကောင်းကင်မဟာမိတ်၏ ကောင်းကင်ထောက်တိုင်နယ်ပယ် (၁၀)ဦးမှာ တစ်ဦး လျော့နည်းသွားခဲ့သည်။

ထို့နောက် ရှီကျန့်ဂိတ်၏ တိုက်ခိုက်မှုမှာ ပိုမိုပြင်းထန်လာပြီးနောက် သုံးရက်အတွင်း မြို့(၁၈)မြို့ကို သိမ်းပိုက်လိုက်သည်။ ပင်လယ်ကမ်းစပ်နယ်မြေ တစ်ဝက်ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်။

တစ်လခန့် အကြာတွင်။

ရှန်းကျန့်ဂိတ်မှူး ချူရှီရန်က စစ်သည်တော် သိန်းပေါင်းများစွာကိုဦးဆောင်ကာ နယ်စပ်သို့ အလျင်အမြန် စစ်ကူပေးခဲ့သည်။

ထိုအချက်က ကွင်းဆက်တုံ့ပြန်မှုကို ဖြစ်ပေါ်စေခဲ့သည်။

တစ်ဝက်နေ့ခန့် အကြာတွင် "ရွှင်ထျန်း"ဂိတ်မှူး လီကွမ်းယန်သည် အနောက်ဘက် ဗုဒ္ဓတိုင်းပြည်ဟောင်း၊ လက်ရှိ"အနောက်ဘက်နယ်မြေ"တွင် စစ်ဆေးနေစဉ် သတင်းရရှိ၍ ရွှင်ထျန်းဂိတ်၏ထက်ဝက်ကို ခေါ်ဆောင်ကာ အနောက်ဘက်မှနေ၍ ကမ်းရိုးတန်းစစ်မြေပြင်သို့ အလျင်အမြန် ချီတက်သွားသည်။

နောက်တစ်နေ့တွင်။

ဖုန်းဟော်ဂိတ်မှူး လင်းလုက စစ်ချီရန် ကြေညာလိုက်သည်။

စစ်ရေးဌာန၏ မျိုးဆက်သစ် နတ်ဘုရား(၁၀)ပါးနှင့် စစ်ရေးဝန်ကြီးတို့သည် ဧကရာဇ်စစ်တပ်ကို ဦးဆောင်ကာ နန်းတော်မှ စတင်ထွက်ခွာလာပြီး ဓားသခင်မကို ပံ့ပိုးရန် နယ်စပ်သို့ သွားရောက်ကြသည်။

ရုတ်တရက်။

ဌာန(၆)ခုနှင့် ဂိတ်(၈)ခုအနက် ဌာနတစ်ခုနှင့် ဂိတ်(၄)ခု ထွက်ခွာသွားရာ တိုင်းပြည်၏ တပ်ဖွဲ့ဝင် သုံးပုံတစ်ပုံခန့် ထွက်သွားခြင်းဖြစ်ပြီး ကောင်းကင်ထောက်တိုင်နယ်ပယ် (၅)ဦး ပါဝင်ကာ သူတို့အားလုံးမှာ ထူးချွန်ထက်မြက်သူများ ဖြစ်ကြသည်။

...

...

ကမ်းရိုးတန်း နယ်စပ်။

ကောင်းကင်မဟာမိတ်၏ ယာယီစခန်း။

စခန်းအတွင်းတွင် အခြေအနေမှာ အလွန်ဆိုးရွားနေပြီး စစ်သည်တော်များ၏မျက်နှာမှာ မှိုင်းညှိုနေကာ တစ်ဦးနှင့်တစ်ဦး ကြည့်နေကြသည်။ လူတိုင်းနီးပါးမှာ ဒဏ်ရာများ ရရှိထားကြသည်။

ယခင်က မဟာကျင်းဧကရာဇ်လက်မှ လွတ်မြောက်ခဲ့သော "ဂိုဏ်း(၁၈)ဂိုဏ်း"မှ ကောင်းကင်ထောက်တိုင် နယ်ပယ် (၁၀)ဦးမှာ ကျိဝူရွှမ် အင်အားကြီးစဉ်ကလည်း လွတ်ခဲ့၊ နယ်မြေနှစ်ခု စစ်ပွဲတုန်းကလည်း လွတ်ခဲ့ပြီး မဟာကျင်းဧကရာဇ်၏ အသတ်အဖြတ် အများဆုံးအချိန်တွင်လည်း လွတ်မြောက်ခဲ့သည်။ သို့သော်လည်း ယခု လီတိုင်ယွမ်လက်ထဲတွင် တစ်ပွဲတိုက်ရုံနဲ့ နှစ်ဦး လျော့နည်းသွားခဲ့သည်။

ထို့ပြင်။

အဆိုးဆုံးမှာ လီတိုင်ယွမ်က ကောင်းကင်မဟာမိတ်၏ စစ်သည်များကို နှစ်ပိုင်းခွဲလိုက်ခြင်း ဖြစ်သည်။ သူဦးဆောင်သောအဖွဲ့မှာ တောရိုင်းမြေကို တိုက်ခိုက်ရန်ဖြစ်ပြီး အင်အားအများစုကို ပင်လယ်ပြင်သို့ ပို့လိုက်သည်။ နတ်ဘုရားခန်းမကို ခိုးတိုက်ရန် ဖြစ်သည်။ ကောင်းကင်ထောက်တိုင်နယ်ပယ် (၁၀)ဦးအနက် (၄)ဦးသာ သူ့နောက်သို့ လိုက်ပါလာခဲ့သည်။

ပထမတစ်ဦးမှာ စုချင်ချိုး၏ လက်ချက်ဖြင့် သေဆုံးသွားပြီး ဒုတိယတစ်ဦးမှာ ဝိညာဉ်တာအိုသခင်မ၏ လက်ချက်ဖြင့် သေဆုံးသွား၏။

နောက်တစ်ခဏတွင်။

စစ်သည်တစ်ဦးက စခန်းထဲသို့ အလန့်တကြားဝင်လာပြီး မြေကြီးပေါ်သို့ ပစ်လဲကျကာ အစီရင်ခံသည်။

"အစီရင်ခံပါတယ်။"

"စစ်သူကြီးဟောင်းဝမ်က ဖုန်းဟော်ဂိတ်မှူးရဲ့ ဓားချက်နဲ့ သေဆုံးသွားပါပြီ။ စစ်မြေပြင်တစ်ခုလုံး ပြိုလဲနေပါပြီ။ စစ်တပ်က ပြိုကွဲမယ့်အန္တရာယ် ရှိနေပါတယ်။"

ထိုစကားကို ကြားသောအခါတွင် စခန်းအတွင်းတွင် အပ်ကျသံပင် မကြားရတော့ပေ။ အားလုံးက အလွတ်ဖြစ်နေသော စစ်သူကြီး ခုံနေရာကို ကြည့်လိုက်ကြသည်။ ထိုနေရာတွင် မည်သူမျှ မရှိပေ။

ဘာလုပ်ရမလဲ။

လူတိုင်း၏နဖူးမှ ချွေးစက်များ ကျဆင်းလာ၏။

ဆက်တိုက်ပါက ကောင်းကင်မဟာမိတ် ပြိုကွဲသွားပြီး နတ်ဘုရားများနှင့် မဟာကျင်းတိုင်းပြည်၏ အကြိတ်ခြေခြင်းကို ခံရတော့မည် ဖြစ်သည်။

သို့သော် စစ်တပ်များ ထွက်သွားပြီဖြစ်၍ နတ်ဘုရားခန်းမကို တိုက်ခိုက်နေလောက်ပြီ ဖြစ်သည်။ မဟာကျင်းဘက်ကလည်း အလွန်ဒေါသထွက်နေပြီဖြစ်ရာ နောက်ပြန်လှည့်ရန် မဖြစ်နိုင်တော့ပေ။

"လက်ရှိ စစ်မြေပြင်မှာ ကောင်းကင်ထောက်တိုင်နယ်ပယ် တစ်ဦးပဲ ကျန်ပါတော့တယ်။ မဟာကျင်းရဲ့ ကောင်းကင်ထောက်တိုင်နယ်ပယ် (၅)ဦးက ဝိုင်းတိုက်နေပြီ။"

"အစီရင်ခံပါတယ်။"

"ပင်လယ်ပြင်က နတ်ဘုရားခန်းမကို အောင်မြင်စွာ ခိုးတိုက်နိုင်ခဲ့ပြီးတော့ နတ်ဘုရားတွေ အများကြီး သေဆုံးခဲ့ပါတယ်။ ကောင်းကင်ထောက်တိုင်နယ်ပယ် နတ်ဘုရားတစ်ပါးလည်း သေဆုံးသွားပါတယ်။ ဒါပေမဲ့..."

"ဒါပေမဲ့ ဘာဖြစ်လဲ။ မြန်မြန်ပြော။"

ရောက်လာသူက ချွေးစက်များဖြင့် တုန်ရီစွာ ပြောလိုက်သည်။ "[ယွီထန်] နတ်ဘုရား လှုပ်ရှားလိုက်ပြီ။ တစ်ချက်တည်းနဲ့ ကျင့်ကြံသူ ၈၀%ကို ဖျက်ဆီးပစ်လိုက်တယ်။ ကောင်းကင်မဟာမိတ်ရဲ့ ကောင်းကင်ထောက်တိုင် နယ်ပယ် (၆)ဦးထဲမှာ (၄)ဦး သေဆုံးသွားပါပြီ။"

ထိုစကားကို ကြားသောအခါ။

အရာရှိများမှာ ကျောရိုးမရှိတော့သလို ဖြစ်သွားပြီး အားအင်များ ပျောက်ကွယ်သွား၏။

တစ်ယောက်က တဟားဟား ရယ်မောလိုက်သည်။ "ရှုံးပြီ။ လုံးဝ ရှုံးသွားပြီ။ အချိန်အကြာကြီး စုဆောင်းထားတဲ့ အင်အားတွေအကုန် ပျက်စီးသွားပြီ။ လီတိုင်ယွမ်၊။ မင်း ဘာလုပ်ချင်တာလဲ။"

ကောင်းကင်ထောက်တိုင်နယ်ပယ် (၁၀)ဦးအနက် (၃)ဦးသာ ကျန်ရှိတော့ပြီး စုစည်းထားသော စစ်သည် သိန်းပေါင်းများစွာမှာလည်း ၈၀%ပျက်စီးသွားပြီဖြစ်ရာ မည်သို့ ဆက်တိုက်မည်နည်း။

"မဟာကျင်းဧကရာဇ်က သဘောကောင်းလို့ လွှတ်ပေးထားတာကို မင်းက အမြန်ဆုံး ဖြစ်ချင်နေတာ။ အချိန်ပိုစုထားရင် မကောင်းဘူးလား။"

"လီတိုင်ယွမ်။ မင်း ဘာပြစ်မှု ကျူးလွန်ထားတာလဲ။"

"သတ်ချင်ရင် ငါ့ကို သတ်လိုက်။ ဒီလိုမိုက်မဲတဲ့ ဆုံးဖြတ်ချက်မျိုးကို ငါ မနေချင်တော့ဘူး။"

သေရမည်ကိုမကြောက်သော စစ်သူကြီးအချို့မှာ လက်အောက်ငယ်သားများသေဆုံးမှုကို မြင်ရသဖြင့် ဒေါသထွက်ကာ အလွတ်ဖြစ်နေသောထိုင်ခုံကို ညွှန်ပြ၍ အော်ဟစ်လိုက်ကြသည်။

[ယွီထန်]၏လှုပ်ရှားမှုမှာ ခန့်မှန်းထားပြီးသားပင်။ ယခင်က နတ်ဘုရားအချို့ သေဆုံးခဲ့ဖူးသော်လည်း ထိုသူတို့က ကောင်းကင်ခုံရုံး နတ်ဘုရားခန်းမမှ ထွက်လာပြီး ချောင်းမြောင်းနေကြသူများသာ ဖြစ်သည်။ ယခုအကြိမ်မှာမူ ကောင်းကင်မဟာမိတ်က ကောင်းကင်ခုံရုံး နတ်ဘုရားခန်းမကို ခိုးတိုက်ခြင်းဖြစ်သောကြောင့် အလွန်ပင် ပြင်းထန်သည်။

နတ်ဘုရားများတွင် ကောင်းကင်နယ်ပယ် နတ်ဘုရားတစ်ပါး ရှိနေသည်ကို သိလျက်နှင့် လီတိုင်ယွမ် မည်သို့တိုက်ခိုက်မည်နည်း။

"နတ်ဘုရားတွေ လှုပ်ရှားတော့မယ်။ ကောင်းကင်ပြည်နယ်ရဲ့ကံကြမ္မာကို လုယူဖို့ ကြိုးစားနေကြပြီ။" နိမိတ်ဖတ်သူတစ်ဦးက ကောင်းကင်ကို ကြည့်ကာ သက်ပြင်းချလိုက်သည်။

ထိုစကားကို ကြားသောအခါ လူတိုင်းမှာ ထိတ်လန့်သွားကြသည်။

"သွားပြီ။" တစ်ယောက်က ရေရွတ်လိုက်သည်။

ထိုအချိန်မှာပင်။

တည်ငြိမ်သောအသံတစ်ခုက စခန်းအတွင်း ပဲ့တင်ထပ်သွားသည်။ "အချိန်တန်ပြီ။"

ဘယ်သူပြောလိုက်တာလဲ။

အားလုံး အံ့အားသင့်သွားကြပြီးနောက် မျက်နှာအမူအရာ ပြောင်းလဲသွားကြသည်။

လီတိုင်ယွမ်ရဲ့ အသံပဲ။

သူ ဘာလုပ်မလို့လဲ။

နောက်တစ်ခဏတွင် တောက်ပသော နေလုံးကြီးတစ်ခုသည် တောရိုင်းမြေ ကမ်းရိုးတန်းနယ်စပ်တွင် ပေါ်ထွက်လာပြီး ကောင်းကင်တစ်ဝက်ကို လင်းထိန်သွားစေသည်။

[ကမ္ဘာပေါင်းစုံတာအို]

[လက်သီးအတတ် - ကျောက်တုံးများကွဲ၍ ကောင်းကင်တုန်လှုပ်ခြင်း]

လက်သီးချက်မှာ ကောင်းကင်ထက် ပေါ်ထွက်လာပြီး မဟာကျင်း၏ ကောင်းကင်ထောက်တိုင်နယ်ပယ် (၅)ဦးဆီသို့ တိုက်ရိုက် ဦးတည်သွားသည်။

ဓားသခင်မ စုချင်ချိုးက အရင်တုံ့ပြန်လိုက်ပြီး ဓားအလင်းတန်းဖြင့် ရင်ဆိုင်လိုက်ရာ ကောင်းကင်ကို လင်းထိန်သွားစေပြီး လက်သီးချက်နှင့် ထိပ်တိုက်တွေ့သွားသည်။

ဓားအလင်းတန်းက လက်သီးချက်ကို နှစ်ပိုင်းခွဲလိုက်ပြီး ပျောက်ကွယ်သွားစေသည်။

စုချင်ချိုးက အေးစက်စွာ ကြည့်ကာ အော်ဟစ်လိုက်သည်။ "လီတိုင်ယွမ်။ ထွက်လာခဲ့စမ်း။"

ရုတ်တရက်။

သူ၏နောက်ကျောမှ အေးစက်သောအသံတစ်ခု ထွက်ပေါ်လာသည်။

"ငါ ရောက်နေပြီလေ။ မသိဘူးလား။"

စုချင်ချိုး ထိတ်လန့်သွားပြီး နောက်မလှည့်ဘဲ ဓားဖြင့်ခုတ်လိုက်သော်လည်း နောက်ကျသွားပြီ ဖြစ်သည်။ လက်သီးချက်တစ်ခုက သူ၏ကျောပြင်ကို ပြင်းထန်စွာ ရိုက်ချလိုက်သည်။

ဝုန်း။

နေရာလွတ်တစ်ခုလုံး တုန်ခါသွားပြီး ကြီးမားသော ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။ ဓာသခင်မ စုချင်ချိုးမှာ ကြယ်တံခွန်ကဲ့သို့ ပြုတ်ကျသွားပြီး တောင်တန်းများကြားသို့ ရိုက်ချခံလိုက်ရကာ မြေကြီးတွင် နက်ရှိုင်းသော ချိုင့်ကြီးတစ်ခု ဖြစ်ပေါ်သွား၏။

မျက်စိတစ်မှိတ်အတွင်း။

အကြည့်အားလုံးမှာ လူတစ်ယောက်ဆီသို့ စုပြုံရောက်ရှိသွားသည်။

သူက ရွှေရောင်လမ်းကြောင်း အပေါ်တွင် နင်းလျှောက်လာနေသည်။ ဧကရာဇ်တစ်ပါး ပုံစံမျိုးဖြင့် တာအိုနိယာမတရားအားလုံး သူ၏ ခြေဖဝါးအောက်တွင် ပေါ်လွင်နေသည်။ ယခင်ကအတိုင်းပင် အတွင်းတွင် သံချပ်ကာကိုဝတ်ဆင်ထားပြီး အပြင်တွင ဝတ်ရုံဖြူကို ခြုံထားသည်။ သို့သော် အရှိန်အဝါမှာမူ လုံးဝကို ကွဲပြားခြားနားနေပြီး ထာဝရမရှုံးနိမ့်သော သူတစ်ယောက်ကဲ့သို့ ခန့်ညားနေသည်။

အဝေးတွင်။

လီယဲ့က လီတိုင်ယွမ်ကို တိတ်ဆိတ်စွာ ကြည့်နေသည်။

အတန်ကြာမှ သက်ပြင်းချကာ အိုမင်းသွားသကဲ့သို့ ဖြစ်သွား၏။

"အရူးမလေး၊။ မင်း ဘာလို့ ဒီလောက်တောင် ပင်ပန်းခံနေတာလဲ။ အခြေအနေကို တစ်ယောက်တည်း ရင်ဆိုင်ဖို့ ကြိုးစားနေတာက ကောင်းတဲ့အဆုံးသတ် မရနိုင်ဘူး။"

လင်းလု၊ လီကွမ်ယန်၊ ချူရှီရန်နှင့် စစ်ရေးဝန်ကြီးတို့က လီတိုင်ယွမ်ကို ချက်ချင်းပင် ဝိုင်းလိုက်ပြီး အရပ်လေးမျက်နှာကို ပိတ်ဆို့လိုက်သည်။

ချူရှီရန်က ပြောလိုက်သည်။

"တိုင်ယွမ်။ မင်း ငါ့ကို ဦးလေးလို့ အသိအမှတ်ပြုသေးရင် အခုချက်ချင်း အညံ့ခံလိုက်။ ငါ ဧကရာဇ်နှစ်ပါးဆီကို တောင်းပန်ပေးမယ်။ နောက်ထပ် မှားယွင်းတဲ့လမ်းကြောင်းကို မလျှောက်ပါနဲ့။"

လီတိုင်ယွမ်က ရယ်လိုက်သည်။

"တောင်းပန်မယ် ဟုတ်လား။"

"ဒီနေ့ ဘယ်သူနိုင်မလဲ၊ ဘယ်သူရှုံးမလဲဆိုတာ မသိသေးဘူး။ ရှင်က ဘယ်လိုလုပ် သေချာနေတာလဲ။ ရှုံးမယ့်သူက ကျွန်မ ဖြစ်မယ်လို့။"

"ကျွန်မက မဟာကျင်းဧကရာဇ်နှစ်ပါးကို အနိုင်ယူပြီးရင် စိတ်ချပါ ဦးလေး၊ ကျွန်မ ရှင်တို့ကို အသနားခံခွင့်ပေးပါ့မယ်။"

ထိုစကားကို ကြားသောအခါ လင်းလုက ဒေါသတကြီး အော်ဟစ်လိုက်သည်။ "ရိုင်းစိုင်းလိုက်တာ။ အောက်တန်းကျတဲ့သူပုန်မ။ ဧကရာဇ်က ကောင်းကင်ပြည်နယ်ကို သဘောကောင်းလို့ လွှတ်ပေးထားတာကို အခုတော့ မြွေပွေးလို ပြန်ကိုက်တယ်။ သေဖို့ ပြင်ထားလိုက်တော့။"

အဆောင်အယောင်ရှိသောလင်းလုက လှံကိုကိုင်ကာ ရှေ့သို့ တိုးလာခဲ့လေသည်။ လက်ကောက်ဝတ်ကို လှည့်လိုက်ရာ လှံထိပ်မှာ မြန်ဆန်စွာ လည်ပတ်သွားပြီးနောက် ပတ်ဝန်းကျင် နေရာလွတ်ကို မွှေနှောက်ကာ အပေါက်ငယ်တစ်ခု ဖြစ်ပေါ်လာသည်။

သူက အရင်ဆုံး လီတိုင်ယွမ်ကို ရင်ဆိုင်လိုက်သည်။

ထို့နောက်။

ချူရှီရန်ကလည်း ပုခုံးချင်းယှဉ်ကာ လှံကို အသုံးပြုသည်။ နှစ်ဦးစလုံးမှာ ရှေ့တန်းမှ ကာကွယ်ပေးသူများ ဖြစ်ကြပြီး လီကွမ်ယန်နှင့် စစ်ရေးဝန်ကြီးမှာ ဘေးမှ ဝင်တိုက်ကြသည်။

ဝုန်း။

စုချင်ချိုးကလည်း နောက်မှလိုက်ပါလာပြီး ဓားအရှိန်အဝါများဖြင့် တိုက်ခိုက်သည်။

"ကောင်းလိုက်တဲ့ဦးလေး။ ရှင့်ရဲ့လှံက တုံးလိုုက်တာ။" လီတိုင်ယွမ်က ချူရှီရန်၏လှံထိပ်ကို လက်ညှိုးဖြင့် ဖိထားလိုက်သည်။ ကောင်းကင်ထောက်တိုင်နယ်ပယ် (၅)ဦး၏ ဝိုင်းဝန်းတိုက်ခိုက်မှုကို သူက အေးဆေးပင် ရင်ဆိုင်နေသည်။

ထိုသို့ပြောပြီးနောက်။

တာအိုနိယာမများ ပေါက်ကွဲထွက်လာပြီး တာအိုနိယာမများကို အသုံးပြုလိုက်သည်။

တာအိုတိုင်းမှာ လီတိုင်ယွမ်၏ လက်တစ်ဖက်နှင့် တူသည်။ ကျိဝူရွှမ်ကဲ့သို့ တစ်မျိုးချင်းစီ သို့မဟုတ် နယ်ပယ်တစ်ခုချင်းစီ တည်ဆောက်ရန် မလိုပေ။

တာအိုများကို ပေါင်းစပ်စရာ မလိုပေ။

လီတိုင်ယွမ်က လမ်းကြောင်းသစ်ကို လျှောက်လှမ်းလိုက်သည်။ [ကမ္ဘာပေါင်းစုံတာအို]ကို အခြေခံမှ ပြုပြင်လိုက်ခြင်းဖြစ်ပြီး တာအိုအားလုံး တစ်ပြိုင်နက်ပေါက်ကွဲထွက်လာသည်မှာ သူကိုယ်တိုင် အယောက် တစ်သောင်း ပေါ်လာပြီး တစ်ပြိုင်နက် တိုက်ခိုက်နေသကဲ့သို့ပင်။

တစ်ခါတစ်ရံတွင် ရွှေရောင်အလင်းတန်းဖြင့် ပိတ်လှောင်လိုက်သည်။ တစ်ခါတစ်ရံ ရုပ်သေးရုပ်များဖြင့် တိုက်ခိုက်လိုက်သည်။ တစ်ခါတစ်ရံတွင် ကူပိုးကောင်များဖြင့် ဖန်တီးလိုက်သည်။ တစ်ခါတစ်ရံတွင် တရားသံများဖြင့်...

"အစွမ်းထက်လိုက်တာ။ ကျိဝူရွှမ် အကောင်းဆုံးအချိန်တုန်းကထက်တောင် ပိုသန်မာတယ်။" လင်းလုက လက်မောင်းတစ်ဖက် ပြတ်တောက်သွားပြီး သွေးများအန်ထွက်ကာ နောက်သို့ လွင့်စင်သွားသည်။

လင်းလုက ဆေးဝါးများ သောက်သုံးလိုက်ပြီးနောက် ပြတ်သွားသော လက်မောင်းမှာ ချက်ချင်းပင် ပြန်လည်ကောင်းမွန်သွားကာ အစွမ်းကုန် တိုက်ခိုက်သည်။

ဤတိုက်ပွဲမှာ လောကကြီးတစ်ခုလုံးကို တုန်လှုပ်သွားစေသည်။

ကောင်းကင်ထောက်တိုင်နယ်ပယ် (၅)ဦးမှာ လီတိုင်ယွမ်တစ်ဦးတည်းကို ဝိုင်းတိုက်နေသော်လည်း လီတိုင်ယွမ်မှာ ပေါ့ပါးစွာပင် ရင်ဆိုင်နေပြီး မဟာကျင်းတိုင်းပြည်၏ ကောင်းကင်ထောက်တိုင်နယ်ပယ် (၅)ဦးမှာ အစကတည်းက အရေးနိမ့်ကာ နောက်သို့ ဆုတ်ခွာနေရသည်။

လီတိုင်ယွမ်က မဟာကျင်းနန်းတော်သို့ဦးတည်ကာ ရှေ့ဆက် တိုးဝင်နေသည်။

"အချိန်-နေရာလွတ် ဓားသူတော်စင်... မဟုတ်ဘူး... မဟာကျင်းဧကရာဇ်လို့ ခေါ်ရမှာပေါ့။ လာခဲ့စမ်းပါ။ တစ်ပွဲတိုက်ကြရအောင်။"

"ဒီတိုက်ပွဲနဲ့ပဲ ကောင်းကင်ပြည်နယ် မရှုံးနိမ့်သေးဘူးဆိုတာကို လောကသားတွေကို သက်သေပြမယ်။ ရှင်လည်း ဘယ်သူ့ကိုမှ မနိုင်ဘူးဆိုတာ ပြမယ်။"

စုချင်ချိုးက သွေးများပန်းထွက်နေသော်လည်း ဇွဲမလျှော့ပေ။

"မဖြစ်ဘူး။ သူ့ရဲ့အဆင့်က အရမ်းမြင့်တယ်။ [ကမ္ဘာပေါင်းစုံတာအို]ကို ပေါင်းစပ်လိုက်တာကြောင့် ကျိဝူရွှမ်ထက် ပိုသန်မာတယ်။ ပြီးတော့ ကောင်းကင်ပြည်နယ်ရဲ့ကံကြမ္မာ ၈၀%ကလည်း ရှိနေတော့ သူ့ရဲ့ တကယ့်စွမ်းအားက ကောင်းကင်နယ်ပယ်တစ်ပိုင်းကို ရောက်နေပြီ။ ကောင်းကင်နယ်ပယ်နဲ့ နီးကပ်နေပြီ။" လီကွမ်ယန်က ပြောလိုက်သည်။

ဤမြင်ကွင်းကို တောရိုင်းမြေနှင့် ကောင်းကင်ပြည်နယ်ရှိ လူအားလုံးတို့က ရှင်းလင်းစွာ မြင်နေရ၏။

မဟာကျင်း၏ ကောင်းကင်ထောက်တိုင်နယ်ပယ်များက ဝိုင်းတိုက်နေသော်လည်း လီတိုင်ယွမ်မှာ တစ်ဦးတည်းဖြင့်ပင် မိုင်ပေါင်းများစွာအထိ တိုးဝင်လာပြီး နန်းတော်သို့ နီးကပ်လာနေသည်။

ထိုအချိန်တွင်။

မဟာကျင်းဧကရာဇ်နှစ်ပါးမှာ ဘာမျှတုံ့ပြန်ခြင်း မရှိပေ။

ဤသည်က လူတို့အား အံ့အားသင့်ပြီး နားမလည်နိုင်အောင် ဖြစ်စေသည်။

"ဧကရာဇ် ဘယ်ရောက်သွားလဲ။ ဘာလို့ မနှိမ်နင်းတာလဲ..."

"ကောင်းကင်ဧကရာဇ်ကို ကြောက်နေတာလား..."

"ဧကရာဇ်ရဲ့ အင်အားတွေ ကုန်သွားပြီလား။"

"ဧကရာဇ်ကမနိုင်ရင် ဧကရီကရော..."

တစ်ခဏအတွင်း နယ်မြေနှစ်ခုလုံးတွင် ကောလာဟလများ ပျံ့နှံ့သွားသည်။ လူတိုင်းက ဧကရာဇ်၏ အင်အားများ ပျောက်ကွယ်သွားပြီဟု ထင်မှတ်နေပြီး ဒီခေတ်ကြီးမှာ လီတိုင်ယွမ်၏ခေတ် ဖြစ်လာတော့မည်ဟု ထင်နေကြသည်။

ဘာမှ လုပ်မရတော့။

လီတိုင်ယွမ်၏ဘဝမှာ အောင်မြင်မှု လမ်းကြောင်းပင်။

လီမိသားစုခေါင်းဆောင် ဖြစ်စဉ်က ကောင်းကင်ပြည်နယ်တစ်ခုလုံး ဒုက္ခရောက်နေပြီး အင်အားကြီး ဂိုဏ်းများ၏ အုပ်ချုပ်မှုမှာ ပျက်စီးနေသည်။ ကောင်းကင်ကြည့်ဆောင်ကို အားကိုးပြီး ကောင်းကင်မဟာမိတ် ခေါင်းဆောင် ဖြစ်လာသည်။ သို့သော် မဟာကျင်းဧကရာဇ်က အိမ်တိုင်ရာရောက် လာတိုက်သည်။

ဧကရာဇ်က ကောင်းကင်ပြည်နယ်ကို လွှတ်ပေးလိုက်သော်လည်း အန္တရာယ်မှာ ရှိနေဆဲ ဖြစ်သည်။ မည်သူမျှ မဖြေရှင်းနိုင်ပေ။

သို့သော် လီတိုင်ယွမ်က မည်သို့လုပ်လိုက်သည်မသိ၊ အသက်ရှင်သန်နိုင်မည့် လမ်းကြောင်းတစ်ခုကို ရှာတွေ့ခဲ့သည်။ ကံကြမ္မာကို ဆက်ခံခြင်း၊ ကျိဝူရွှမ်၏ တာအိုကို ဆွဲနှုတ်ခြင်း၊ ကောင်းကင်ကြည့်ဆောင် နာမည်ဖြင့် စစ်ကြေညာခြင်း။ ကောင်းကင်ကြည့်ဆောင်ကပင် လက်ခံခဲ့ရသည်။ ကျိဝူရွှမ်ပင် မရခဲ့သော အခွင့်အရေးပင်။

မျက်စိရှေ့တွင် ဖြစ်ပျက်နေသော မြင်ကွင်းကြောင့်။

ဤခေတ်ကြီး၏ အဓိကဇာတ်ဆောင်မှာ လီတိုင်ယွမ် ဖြစ်နေပြီလားဟု လူတိုင်း တွေးနေမိသည်။

"လှိုင်းတစ်ခုပြီးတစ်ခု လာနေတာပဲ။ မဟာကျင်းတိုင်းပြည်က ဒီလိုမျိုး ကောင်မလေးလက်ထဲမှာပဲ ပျက်စီးသွားတော့မှာလား။"

"မဖြစ်နိုင်ဘူး။ မဟာကျင်းမှာ ကောင်းကင်ထောက်တိုင်နယ်ပယ် (၁၅)ဦး ရှိတယ်။ အခုက (၅)ဦးပဲ တိုက်နေသေးတာ။ ကျန်တဲ့ (၁၀) ဦးသာ ထွက်လာရင်..."

လူများ ဆွေးနွေးနေကြစဉ် စကားမဆုံးခင်မှာပင်။

လီတိုင်ယွမ်က ဝိုင်းတိုက်နေသော (၅)ဦးကို အပြတ်အသတ် နှိမ်နင်းလိုက်ပြီး နန်းတော်တံခါးပေါက် အရှေ့သို့ ရောက်ရှိသွားလေသည်။ မြို့တော်ကိုကြည့်ကာ အမှောင်ရိပ်များဖြင့် ဖုံးလွှမ်းလိုက်ပြီး နန်းတော်ကို ပစ်မှတ်ထားကာ အေးစက်စွာ ပြောလိုက်သည်။

"နောက်ထပ် ဘယ်သူ တိုက်ချင်သေးလဲ။"

ကောင်းကင်ကြီး တိတ်ဆိတ်သွား၏။ လူတိုင်း ကြောင်အမ်းနေကြသည်။

လီတိုင်ယွမ်က နန်းတော်ကို ရောက်သွားပြီ။ ဒါဆို ဧကရာဇ်က တကယ်ပဲ အဆုံးသတ်သွားပြီလား။

All Chapters