အခန်း (၃၆၆-၃၆၈)
Vol. 25 Ch. 366-368
အပိုင်း(၃၆၆) ဝိညာဉ်ဆိုး(၅)ကောင်၊ ဝါးမျိုခြင်းဝိညာဉ်ဆိုး၊ ခွဲထုတ်ခြင်းဝိညာဉ်ဆိုး
ရှုဘုရင် ကျောက်ယွီဟွမ်ပြီးနောက်တွင် ဒုတိယမြောက် ဧကရာဇ်နန်းတော်ကို တံခါးလာခေါက်သူ ရောက်လာခဲ့ပြီ ဖြစ်သည်။
ဧကရာဇ်နန်းတော်မှ ပြည်သူများသည် ကြောက်ရွံ့တုန်လှုပ်စွာဖြင့် အလောတကြီး ထွက်ပြေးနေကြသည်။ "ယွီထင်ဂိတ်"မှ အစောင့်တပ်သားများမှာ လမ်းသွယ်များမှ ရေစီးသကဲ့သို့ စီးဆင်းလာကြပြီး တရွှတ်ရွှတ် မြည်သော သံချပ်ကာများဖြင့် စနစ်တကျ ပြည်သူများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးနေသည်။
လီတိုင်ယွမ်က ဧကရာဇ်နန်းတော်ကို အပေါ်စီးမှ ငုံ့ကြည့်လိုက်ရာ တာအိုလမ်းစဉ်ပေါင်းစုံမှာ ဟိန်းထွက်နေပြီး သူ၏ဧကရာဇ်အရှိန်အဝါမှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် ကြီးမားလှသည်။ သူက လက်ညှိုးတစ်ချောင်းဖြင့် ထိုးပြလိုက်သည်။
[စစ်တုရင်တာအို - အရုပ်ချခြင်း]
[ကောင်းကင်ကို ဗျူဟာခင်း၊ မြေပြင်ကို ကွက်ရိုက်၊ တောင်နဲ့မြစ်ကို လမ်းကြောင်းဆွဲပြီးတော့ သတ္တဝါ အပေါင်းကို စစ်တုရင်ရုပ်တွေအဖြစ် အသုံးချမယ် ]
[ကောင်းကင်မဟာမိတ် ရှုံးနိမ့်ရတဲ့ အရှိန်အဝါကို စုစည်းပြီးတော့ နောက်ဆုံးတိုက်ပွဲဝင်မယ့်စွမ်းအားနဲ့ ဒီစစ်တုရင်ကွက်ကို ဧကရာဇ်နန်းတော်မှာ အရုပ်ချလိုက်မယ်]
လီတိုင်ယွမ်၏ နှုတ်ခမ်းဖျားလေး လှုပ်ရှားသွားကာ စကားလုံး နှစ်လုံးကို ဆိုလိုက်သည်။ "ချက်မိတ်။"
ချက်ချင်းဆိုသလိုပင် ရာသီဥတုက ပြောင်းလဲသွားသည်။ ဧကရာဇ်နန်းတော်အထက်တွင် ကံကြမ္မာ ရွှေနဂါးကြီး ပုံဖော်ပေါ်ထွက်လာပြီးနောက် နဂါးအာငွေ့များကို မှုတ်ထုတ်လိုက်သည်။ အနီရောင်နှင့်ရွှေရောင် တောက်ပနေသော နဂါးမျက်လုံးများက ဒေါသတကြီးဖြင့် လီတိုင်ယွမ်ကို စိုက်ကြည့်နေပြီး သူ့ကို မျိုချလိုက်တော့မည့်ဟန် ရှိသည်။
စစ်တုရင်ကွက်ကို ဧကရာဇ်နန်းတော်တွင် အရုပ်ချလိုက်ခြင်းမှာ တောရိုင်းမြေတစ်ခုလုံး၏ကံကြမ္မာကို စစ်တုရင်ကွက်ထဲ သွင်းလိုက်ခြင်းပင်။
ကံကြမ္မာရွှေနဂါးမှာ မွေးရာပါအသိစိတ်ရှိပြီး သတ္တဝါအပေါင်း၏ စိတ်ဆန္ဒကို ကိုယ်စားပြုလေသည်။ ပြည်သူပြည်သားများ ကြောက်ရွံ့နေသည့်အပြင် ဒေါသထွက်နေကြသဖြင့် ကံကြမ္မာရွှေနဂါးမှာလည်း အလိုလို ဒေါသထွက်နေခြင်း ဖြစ်သည်။
"စစ်တုရင်တာအို။"
"နဂါးကို ချည်နှောင်၊ လင်းယုန်ကို ဖမ်းဆီး။"
လီတိုင်ယွမ်သည် စစ်တုရင်ကွက်ကို ဆက်လက်ချမှတ်လိုက်ရာ၊ တောင်နှင့်မြစ်ကဲ့သို့ အဖိုးတန်သော အနက်ရောင်နှင့်အဖြူရောင် စစ်တုရင်ရုပ်များက ဧကရာဇ်နန်းတော် ပတ်ပတ်လည်သို့ အရှိန်အဟုန်ဖြင့် ကျရောက်လာပြီး ရှုပ်ထွေးလှသော စစ်တုရင်ကွက်ကို ဖြစ်ပေါ်စေသည်။
အနက်ရောင် စစ်တုရင်ရုပ် (၉)ခုက ဧကရာဇ်နန်းတော်ကို ပိတ်လိုက်ပြီး ကံကြမ္မာရွှေနဂါးကိုလည်း တစ်ခါတည်း ချည်နှောင်လိုက်သည်။
တောရိုင်းမြေ၏ကံကြမ္မာမှာ ရှုပ်ထွေးသွား၏။ ထိုကံကြမ္မာများသည် ချည်မျှင်လေးများကဲ့သို့ ဖြစ်နေပြီး စစ်တုရင်ကွက်က ထိုချည်မျှင်များကို ရှုပ်ထွေးသွားစေကာ ကံကြမ္မာရွှေနဂါးကို ကိုယ့်ကြိုးနှင့်ကိုယ် ချည်နှောင် လိုက်သကဲ့သို့ ဖြစ်သွားသည်။
ရွှေနဂါးကြီးက နာကျင်စွာဖြင့် အော်ဟစ်လိုက်ပြီး ပြင်းထန်စွာ ရုန်းကန်နေသည်။
"မြွေနဂါးက နဂါးကိုမျိုမယ်။ မြွေက နဂါးဖြစ်လာမယ်။ စာကလေးက ဇာမဏီ ဖြစ်လာမယ်။"
"ကောင်းကင်ပြည်နယ်၏ကံကြမ္မာ၊ ထစမ်း။"
လီတိုင်ယွမ်၏မျက်ဝန်းများ တောက်ပလာသည်။ သူမကားပြောပြီးသည်နှင့် ကောင်းကင်ပြည်နယ်ဘက်မှ ပုံပန်းသဏ္ဌာန် ဆင်တူသည့် ကံကြမ္မာရွှေနဂါးတစ်ကောင် ပေါ်ထွက်လာပြီး ပါးစပ်ကြီးကိုဟကာ တောရိုင်းမြေ၏ ကံကြမ္မာဆီသို့ အရူးအမူး ဝင်ရောက်ကိုက်ဖြတ်မျိုချလိုက်သည်။
မြို့တော်အတွင်း။
ကျန်းစန်းဟိုင်နှင့် အနက်ရောင်ဝတ်လူငယ်တစ်ဦးမှာ ဘေးချင်းယှဉ်လျက် ရပ်နေကြပြီး ဤမြင်ကွင်းကို ကြည့်ကာ တစ်ချိန်တည်းမှာပင် သက်ပြင်းချလိုက်ကြသည်။
ကျန်းစန်းဟိုင်က ပြောလိုက်သည်။
"လီတိုင်ယွမ်ဆိုတဲ့ကောင်မလေးက ပါရမီ ကြီးမားတယ်။ ကောင်းကင်မဟာမိတ်ကို တစ်နှစ်တည်းနဲ့ ပြန်ပြီးတော့ အင်အားကြီးအောင် လုပ်နိုင်တာ အကြောင်းမဲ့တော့ မဟုတ်ဘူး။"
အနက်ရောင်ဝတ်လူငယ်က လက်နှစ်ဖက်ကို နောက်ပစ်ထားပြီး မျက်ဝန်းများမှာ ဗလာနတ္ထိ ဖြစ်နေ၏။ သူက အပြုံးတစ်ခု ပေါ်လာပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
"အရင်ကဆိုရင် သူ့ရဲ့ လုပ်ရပ်တွေကို ကျုပ် နားမလည်ခဲ့ဘူး။ အခုတော့ နည်းနည်း နားလည်လာပြီ။ တောရိုင်းမြေရဲ့စစ်မြေပြင်မှာ အပြည့်အဝ ရှုံးနိမ့်သွားအောင် လုပ်တာက သူ့ရဲ့ ရည်ရွယ်ချက်ပဲ။ အင်အားကို စုစည်းဖို့ပေါ့။ ကျင့်ကြံသူတွေရဲ့ တိုက်ပွဲပဲဖြစ်ဖြစ်၊ ကိုယ်ခံပညာပဲဖြစ်ဖြစ် အရှိန်အဟုန်ကို အဓိကထားတယ်။"
"စစ်တပ်တစ်ခုလုံး ပြိုကွဲသွားအောင်လုပ်ပြီးတော့ သူကိုယ်တိုင်ထွက်လာပြီး မဟာကျင်းတိုင်းပြည်ရဲ့ ကောင်းကင်ထောက်တိုင်နယ်ပယ် (၅)ဦးကို အနိုင်ယူလိုက်ခြင်းဖြင့် ဒီအရှိန်အဟုန်ကို အထွတ်အထိပ်အထိ ဆွဲတင်လိုက်တာပဲ။"
"ပြီးတော့ ပြည်သူတွေရဲ့ ဧကရာဇ်နဲ့ဧကရီအပေါ် သံသယဝင်မှုတွေကြောင့် တောရိုင်းမြေရဲ့ ကံကြမ္မာတွေက နိမ့်ကျနေတဲ့အချိန် သူက နန်းတော်ကို ရောက်လာပြီး နဂါးကို ထောင်ချောက်ဆင်လိုက်တာ။ နောက်ဆုံးတော့ မြွေနဂါးက နဂါးကို မျိုလိုက်တာပဲ။"
ကျန်းစန်းဟိုင်မှာ စဉ်းစားခန်း ဝင်သွားသည်။ သူက နားလည်သွားသည်။ သူ၏အားနည်းချက်မှာ ကျင့်ကြံမှုအဆင့်ဖြစ်ပြီး အဆင့်မမြင့်သဖြင့် အမြင်ကျဉ်းနေခြင်းသာ ဖြစ်သည်။
လီတိုင်ယွမ်၏ အတွေးကို နားလည်သွားသောအခါ ကျန်းစန်းဟိုင်မှာ အသက်ရှူရခက်ခဲလာပြီး အံ့ဩစွာ ပြောလိုက်သည်။
"ဒါဆိုရင် မဟုတ်တာ့ဘူးလေ။"
"လီတိုင်ယွမ်က ကောင်းကင်ပြည်နယ်ရဲ့ကံကြမ္မာနဲ့ တောရိုင်းမြေရဲ့ကံကြမ္မာကို မျိုချခိုင်းနေတာ။ အောင်မြင်သွားရင် နယ်မြေနှစ်ခုလုံးရဲ့အာဏာကို ပေါင်းစည်းလိုက်သလို မဖြစ်သွားဘူးလား။ သူက ဧကရာဇ် အနေနဲ့ နန်းတက်လို့ရသွားမှာပေါ့!!"
အနက်ရောင်ဝတ်လူငယ်၏ဆံပင်များ လေထဲတွင် လွင့်ပျံနေပြီး ခေါင်းအနည်းငယ် ညိတ်လိုက်သည်။
"အဲဒီလို ပြောလို့ရပါတယ်။"
ဆိုလိုသည်မှာ လီတိုင်ယွမ်က [ကမ္ဘာပေါင်းစုံတာအို]၊ [စစ်တုရင်တာအို]နှင့် အင်အားစုအသီးသီး၏ [အရှိန်အဟုန်] ကို အသုံးပြု၍ လူသားဧကရာဇ် ဖြစ်လာမည့် လမ်းကြောင်းသစ်တစ်ခုကို ရှာဖွေနေခြင်းလား။
"အရင်တုန်းကတော့ လောကမှာ လူသားဧကရာဇ်တာအိုတစ်ခုပဲ ရှိတယ်။ နယ်မြေနှစ်ခု ပေါင်းစည်းမှ လူအများရဲ့ဆန္ဒနဲ့ ကိုက်ညီမှာ။ ပြီးတော့လည်း ဧကရာဇ်ရဲ့ ကိုးကွယ်မှုရွှေရောင်ခန္ဓာကိုယ်နဲ့ ဧကရီကို ကောင်းကင်တာအိုက ရွေးချယ်ထားတာဆိုတော့ ဒါက လူသားဧကရာဇ်တာအို သုံးခုမြောက်ပဲ။ ဒါက..."
"လီတိုင်ယွမ်က တစ်စစီစုစည်းပြီး စတုတ္ထမြောက် လူသားဧကရာဇ်တာအိုကို ဖန်တီးလိုက်တာလား။"
ကျန်းစန်းဟိုင်မှာ တုန်လှုပ်သွားသည်။
အသက်ငယ်ငယ်လေးနဲ့ ဘယ်လိုလုပ်ပြီး ဒီလောက်တောင် စွမ်းနိုင်ရတာလဲ။
ဘယ်သူမှ မအံ့ဩဘဲ မနေနိုင်ပေ။
လွန်ခဲ့သောတစ်နှစ်က လီတိုင်ယွမ်သည် မိသားစုခေါင်းဆောင် ဖြစ်ရန်လောက်သာ စဉ်းစားနိုင်ပြီး လီမိသားစုအတွက်သာ အာရုံစိုက်နေသူ ဖြစ်သည်။ တစ်နှစ်အတွင်းမှာင် ဤမျှလောက် ကြီးထွားလာခဲ့သည်။
ကံကြမ္မာကို လုယူတယ်။ တာအိုကို ဆွဲနှုတ်တယ်။ ကောင်းကင်ကြည့်ဆောင်ကို အသုံးချတယ်။ လူသားဧကရာဇ်တာအိုကို ကြံစည်တယ်...
"ဒီကောင်မလေးကို တခြားတစ်ယောက်က ဝင်ပူးနေတာများလား။ ဘယ်သူက ဒီလောက် တစ်ညတည်းနဲ့ ပြောင်းလဲနိုင်မှာလဲ။" ကျန်းစန်းဟိုင်က သံသယဖြင့် ပြောလိုက်သည်။
အနက်ရောင်ဝတ်လူငယ်က အသက်ကို ပြင်းပြင်းရှူလိုက်ပြီး မြစ်ကမ်းပါးသို့သွားကာ ငါးမျှားတံကို ဖန်တီး၍ ထိုင်မျှားလိုက်သည်။
မြို့ပြင်မှပြောင်းလဲမှုများကို ဂရုမစိုက်တော့ပေ။
ကျန်းစန်းဟိုင်က အနက်ရောင်ဝတ်လူငယ်၏ကျောပြင်ကို လှမ်းကြည့်လိုက်သည်။
သူ စကားပြောချင်သော်လည်း အကြိမ်ကြိမ် တွန့်ဆုတ်နေမိသည်။
"ဧကရာဇ်၊ တကယ်ပဲ မတားတော့ဘူးလား။ ဒီအတိုင်းသာဆိုရင် သူ အောင်မြင်သွားတော့မှာ။"
အနက်ရောင်ဝတ်လူငယ်က ပြုံးလျက် ပြောလိုက်သည်။
"တားရမှာလား။"
"ကျုပ်က အိပ်မက်တစ်ခုလိုပဲ အားနည်းနေတဲ့ လူတစ်ယောက်လေ။ ဘာမှ မတားနိုင်ဘူး။"
ကျန်စန်းဟိုင်မှာ စိုးရိမ်လာပြီး ပုရွက်ဆိတ်လိုပင် ဟိုဟိုဒီဒီ လျှောက်နေမိသည်။
"ဧကရီက ကိုယ်ဝန်ရှိနေတယ်။ အရှင်က သူ့ကို အန္တရာယ်မဖြစ်စေဖို့ အမြဲ မှာထားတာ။ မဟာကျင်းက ကောင်းကင်ထောက်တိုင်နယ်ပယ်တွေက အစောပိုင်း၊ အလယ်ပိုင်းပဲ ရှိသေးတော့ သူ့ကို မနိုင်နိုင်ဘူးလေ။ ဘယ်လိုလုပ်မလဲ။"
"ဧကရာဇ်၊ ကောင်းကင်နယ်ပယ်ကို ဘယ်တော့ တက်လှမ်းမှာလဲ။"
ထိုစကားကိုကြားသောအခါ အနက်ရောင်ဝတ်လူငယ်က တွေးမနေဘဲ အေးဆေးစွာ ပြောလိုက်သည်။ "(၆)လ။"
(၆)လ ဟုတ်လား။
(၆)လဆိုရင်တော့ အကုန်လုံး ပြီးသွားလောက်ပြီ။
ကျန်းစန်းဟိုင်က ခေါင်းကုတ်လိုက်ပြီး အားမလိုအားမရ ဖြစ်လာသည်။
မည်မျှ ဉာဏ်ကောင်းပါစေ၊ အဆင့်မြင့်ကျင့်ကြံသူများ၏ပြဿနာများကို ဖြေရှင်းရန် ခက်ခဲလွန်းသည်။
ဤအဆင့်မြင့် ကျင့်ကြံသူများ၏ ကြံစည်မှုများက ကမ္ဘာကြီးကို ပြောင်းလဲပစ်နိုင်စွမ်း ရှိသည်။
"ဒါပေမဲ့ ကျုပ် တံခါးပိတ်ကျင့်ကြံဖို့ မဖြစ်နိုင်တော့ဘူး။ အခုချက်ချင်း ထွက်တော့မယ်။ လီတိုင်ယွမ်က နတ်ဘုရားတွေကို ဒေါသထွက်အောင် လုပ်လိုက်ပြီ။ သူတို့က ဒေါသတွေကို ဘယ်မှာထုတ်ရမှန်းမသိဘဲ ဖြစ်နေတုန်း အဓိကတရားခံက တောရိုင်းမြေမှာရှိနေတော့ နတ်ဘုရားတွေရဲ့ဒေါသက ဒီကို ရောက်လာတော့မယ်။" အနက်ရောင်ဝတ်လူငယ်က စိုးရိမ်စွာ ခေါင်းခါလိုက်သည်။
ကျန်းစန်းဟိုင်မှာ မျက်လုံးများ ပြူးကျယ်သွားပြီး မုတ်ဆိတ်မွေးများကို ဆွဲနုတ်မိမတတ် ဖြစ်သွားသည်။ "ရေကို အခြားနေရာသို့ လွှဲပြောင်းခြင်းပဲ။ ဒါကလည်း လီတိုင်ယွမ်ရဲ့ အစီအစဉ်ထဲကတစ်ခုလား။"
"မဟုတ်ရင် ဘာဖြစ်မလဲ။ သူက နတ်ဘုရားတွေကို ဒေါသထွက်အောင်လုပ်တာ ဘာအတွက်လဲ။ ရေတိမ်နစ်နေတဲ့ပြဿနာတွေကို ဖော်ထုတ်ဖို့ မဟုတ်ဘူးလား။"
.....
.....
"ရပ်လိုက်စမ်း။ နင် ဘာလုပ်နေတာလဲ။" အလင်းတန်းတစ်ခုက နေရာလွတ်ကို ဖောက်ထွက်ပြီး ရောက်လာသည်။
လီတိုင်ယွမ်က လှည့်ကြည့်လိုက်၏။ ရောက်လာသူမှာ လွန်ခဲ့သော တစ်နှစ်အတွင်း ကျော်ကြားလာသည့် ဝိညာဉ်တာအိုသခင်မ ဝူတျဲ ဖြစ်သည်။
သူက အလျင်အမြန် ရောက်လာပြီး မျက်နှာချင်းဆိုင် တိုက်ခိုက်လိုက်သည်။
[ဝိညာဉ်ဆိုး(၅)ကောင်]
[ဝါးမျိုးခြင်းဝိညာဉ်ဆိုး - ဝိညာဉ်ဝါးမျိုခြင်း]
ငရဲတံခါးတစ်ခုက နေရာလွတ်အက်ကွဲကြောင်းထဲမှ ထွက်ပေါ်လာ၏။ ကောင်းကင်ထက် ပိုမိုမြင့်မားပြီး ရှေးဟောင်းအငွေ့အသက်များ ပါဝနေင်သည်။ တံခါးအက်ကြောင်းထဲမှ သေခြင်းအနံ့များ စိမ့်ထွက်လာသည်။
ဝုန်း...
ဝုန်း...
တံခါးနောက်မှာ လူသေကောင်များက တံခါးကို ကုတ်ခြစ်နေသလိုမျိုး အသံများ ကြားနေရပြီး ကြောက်စရာကောင်းသော အော်ဟစ်သံများလည်း ကြားနေရ၏။
အသံများ တိတ်သွားပြီးနောက် အနီရောင်လက်သည်းများက တံခါးပေါက်မှ ထွက်ပေါ်လာလေသည်။ ထို့နောက်တွင် ကြီးမား၍ ကြောက်စရာကောင်းသော လက်တစ်ဖက် ထွက်ပေါ်လာသည်။ အသားအရေပေါ်တွင် သံကြိုးများကဲ့သို့ အမွှေးအမျှင်များ ရှိနေသည်။
ဦးခေါင်းတွင် ထက်မြက်သောဦးချိုနှစ်ခု၊ မီးအိမ်ကဲ့သို့ မျက်လုံးများ၊ နှာခေါင်းပေါက်များမှာ အပေါ်သို့ ငေါထွက်နေပြီး ပါးစပ်မှာ အနည်းငယ် ပိတ်ထားလေသည်။ လက်မောင်းမှာ ဒူးခေါင်းအထိ ရှည်လျားပြီး ကျောကုန်းတွင် အရိုးဆူးများ ရှိနေ၏။
ဝါးမျိုခြင်းဝိညာဉ်ဆိုး ပေါ်လာသည့်အခါ လီတိုင်ယွမ်ကို စိုက်ကြည့်လိုက်ပြီး ရက်စက်စွာ ပြုံးလိုက်သည်။
"ဝိညာဉ်တာအို(၅)ကောင်၊ မွေးရာပါဝိညာဉ်ကျင့်ကြံသူ၊ ကောင်းကင်ထောက်တိုင်နယ်ပယ်ရောက်ရင် ငရဲတံခါး အလိုလိုပွင့်လာပြီးတော့ ငရဲကဝိညာဉ်တွေကို ခေါ်ဆောင်လာနိုင်တယ်။ အဲဒီထဲ အကြောက်ရဆုံးက ဝိညာဉ်ဆိုး(၅)ကောင်ပဲ။"
"ဒီလိုဆိုရင် ဌာန(၆)ခုနဲ့ ဂိတ်(၈)ခုမှာ အသုံးမကျတဲ့သူတွေချည်းတော့ မဟုတ်ဘူးပဲ။"
လီတိုင်ယွမ်က အနည်းငယ် စိတ်ဝင်စားသွားသည်။
ဝူတျဲက စကားများ ပြောမနေတော့ဘဲ ဒေါသအပြည့်ဖြင့် အော်လိုက်သည်။
"သူ့ကို ဝါးမျိုလိုက်။"
ဝါးမျိုခြင်းဝိညာဉ်ဆိုး၏အပြုံးမှာ ပိုမို၍ပင် ကြောက်မက်ဖွယ်ကောင်းလာသည်။ အဖိုးတန်ရတနာကို တွေ့လိုက်ရသကဲ့သို့ပင်။ သူ၏လှုပ်ရှားမှုမှာ အလွန်မြန်ဆန်ပြီး မျက်စိတစ်မှိတ်အတွင်း လီတိုင်ယွမ်၏ရှေ့သို့ ရောက်သွားသည်။
"မြန်လိုက်တာ။"
လီတိုင်ယွမ်က မျက်မှောင်ကြုတ်လိုက်သည်။ စစ်တုရင်ကွက်ကို ထိန်းချုပ်ရင်းနှင့် တောရိုင်းမြေ၏ ကံကြမ္မာကို ဆွဲဆောင်နေရပြီး ကောင်းကင်ပြည်နယ်၏ ရွှေနဂါးကို မျိုချနေရသည့် အကြားထဲမှ ဝူတျဲ၏ တိုက်ခိုက်မှုကိုလည်း ရင်ဆိုင်နေရသည်။
သူက ဝါးမျိုခြင်းဝိညာဉ်ဆိုး၏ ပါးစပ်မှ ထွက်လာသော အနံ့ဆိုးများကိုပင် ခံစားနေရသည်။
"ပျက်စီးစမ်း။"
လီတိုင်ယွမ်က တာအိုများအားလုံးကို အသုံးပြုလိုက်သည်။ တာအိုနိယာမအမျိုးမျိုးက ဝါးမျိုခြင်း ဝိညာဉ်ဆိုးကို ဝန်းရံထားသည်။
သို့သော်လည်း။
မည်သို့ပင်တိုက်ခိုက်ပါစေ ဝါးမျိုခြင်းဝိညာဉ်ဆိုးမှာ လုံးဝ မထိခိုက်ပေ။
"ဪ။"
ရုတ်တရက် လီတိုင်ယွမ် တစ်စုံတစ်ခုကို မြင်လိုက်ရသည်။ ဝါးမျိုခြင်းဝိညာဉ်ဆိုး ပျောက်ကွယ်သွား၏။
သူ၏ကျောနောက်တွင် အသံတစ်ခု ထွက်ပေါ်လာသည်။ ကြီးမားသော လက်မည်းကြီးတစ်ခုက လီတိုင်ယွမ်၏ပခုံးကို ဆုပ်ကိုင်လိုက်ပြီး သူ၏ဦးခေါင်းဆီသို့ ပါးစပ်ကိုဟလိုက်သည်။
နောက်ခဏတွင် လီတိုင်ယွမ် သိလိုက်ရသည်မှာ ဝါးမျိုခြင်းဝိညာဉ်ဆိုးက သူ၏အသိဉာဏ်ကို မြိုချနေခြင်းပင် ဖြစ်သည်။
သူ၏ဝိညာဉ်က ရွှေရောင်ပင်လယ်ကဲ့သို့ လှိုင်းထန်နေ၏။
"ဧကရာဇ်နန်းတော်ကို တိုက်ခိုက်ခြင်းတဲ့အပြစ်က သေဒဏ်ပဲ။" ဝူတျဲ၏အသံက ထွက်ပေါ်လာသည်။
[ဝိညာဉ်ဆိုး(၅)ကောင်!]
[ခွဲထုတ်ခြင်းဝိညာဉ်ဆိုး - ဝိညာဉ်လုယူခြင်း]
ငရဲတံခါးမှာ ထပ်မံ၍ ပွင့်သွားသည်။ အဝါရောင်အဝတ်ဟောင်းကို ဝတ်ဆင်ထားပြီး တရားဓမ္မသရဖူကို ဆောင်းထားသောသူတစ်ဦး ထွက်လာသည်။ သူက လူတစ်ဦးပင် ဖြစ်သည်။
သို့သော် သူက သေဆုံးသွားသူ ဖြစ်သည်။ မျက်လုံးများမှာ ငါးသေကောင်ကဲ့သို့ ဖြူနေ၏။
ခွဲထုတ်ခြင်းဝိညာဉ်ဆိုးက အဝေးမှနေ၍ လီတိုင်ယွမ်ကို "စိုက်ကြည့်"နေသည်။
ထို့နောက် သူက သူ့ခေါင်းကို သူကိုယ်တိုင် ဆွဲဖြုတ်လိုက်ပြီး တုတ်ထိပ်တွင် စိုက်လိုက်သည်။
ဦးခေါင်းထဲမှအရည်များက တုတ်တစ်လျှောက် စီးဆင်းလာပြီး မြေကြီးပေါ်တွင် မျဉ်းကြောင်းတစ်ခု ဖြစ်သွားသည်။ ထိုမျဉ်းကြောင်းမှာ လီတိုင်ယွမ်၏ ခြေဖဝါးဆီသို့ တရွေ့ရွေ့တိုးလာပြီးနေုာက် လီတိုင်ယွမ်၏ ခြေထောက်ထဲသို့ စိုက်ဝင်သွားသည်။
ချက်ချင်းပင်။
လီတိုင်ယွမ်မှာ အရုပ်တစ်ရုပ်လိုဖြစ်သွားပြီး အသက်ဓာတ်များပျောက်ကွယ်သွားကာ အော်လိုက်သည်။
ကြောက်စရာအကောင်းဆုံးမှာ ဝိညာဉ်ခွဲငါး၏ တုတ်ထိပ်ရှိခေါင်းက မျက်လုံးကို ဖွင့်လိုက်ခြင်းပင်။ ထိုမျက်လုံးမှာ လီတိုင်ယွမ်၏မျက်လုံးများနှင့် တစ်ထပ်တည်း ဖြစ်သည်။
"ဘယ်လိုနေလဲ။" ဝူတျဲက ဓားမြှောင်ကိုကိုင်ကာ ရယ်မောလျက် ပြောလိုက်သည်။
ခေါင်းက လီတိုင်ယွမ်၏အသံဖြင့် ပြောလိုက်သည်။
"တော်တော်လေးဆန်းသစ်တဲ့ အရသာပဲ။"
ဝူတျဲက ဆက်ရယ်မောကာ လီတိုင်ယွမ်၏ ခန္ဓာကိုယ်ဆီသို့ လျှောက်သွားပြီး ဓားမြှောင်ဖြင့် နှလုံးကို ထိုးလိုက်သည်။
"တောင်းပန်ပါတယ်။ နေရာမှားသွားတယ်။ တစ်ချက်လောက် ထပ်ထိုးလိုက်ဦးမယ်။"
သူက ဓားမြှောင်ကို ထုတ်လိုက်သည်။ လီတိုင်ယွမ်၏ မျက်ခုံးကြားကို ထိုးလိုက်၏။
သူက ဓားမြှောင်ကို ထုတ်ကာ ဗိုက်ကို ထိုးလိုက်သည်။
ထို့နောက် ဓားမြှောင်ကို ထုတ်ကာ လက်မောင်းများကို ဖြတ်လိုက်သည်။
သူက အမြဲတမ်း ရယ်မောနေသည်။ နောက်ဆုံးတွင် သူက လီတိုင်ယွမ်၏ ခေါင်းကို ဖြတ်ပစ်ရန်ပင် ကြိုးစားလိုက်သည်။
ဤမြင်ကွင်းကို လူအများ မြင်တွေ့လိုက်ရ၏။
လူအချို့မှာ ဖြူဖျော့သွားပြီး တုန်လှုပ်စွာ ပြောလိုက်သည်။
"ဧကရာဇ်ကို မထိခိုက်နိုင်ရင်တောင် ဝိညာဉ်တာအိုသခင်မကိုတော့ မထိခိုက်မိစေနဲ့။ ဒီမိန်းမက... တော်တော်လေး ကြောက်ဖို့ကောင်းတာပဲ။"
လာရောက်ကူညီမည့်သူများပင် တုံ့ဆိုင်းသွားကြသည်။
လီယဲ့မှာ ကျောက်ရုပ် ဖြစ်သွား၏။
"မိတ်ဆွေ၊ စိတ်မကောင်းပါဘူး။ ဒါ သူ့ရဲ့ ရွေးချယ်မှုပဲ။" ချင်းဖုန်းဟော်က လီယဲ့ကို နှစ်သိမ့်လိုက်သည်။
တုတ်ထိပ်ရှိ ခေါင်းမှာ ဒေါသထွက်လာ၏။
...
...
ဝူတျဲက လီတိုင်ယွမ်၏လည်ပင်းကို ဓားမြှောင်ဖြင့် လှီးဖြတ်ရင်း ရယ်မောလိုက်သည်။ "ဒီလည်ပင်းက တော်တော်မာတာပဲ။"
သူက လီတိုင်ယွမ်ကို အမြန်ဆုံး မသတ်နိုင်ခြင်းမှာ ခန္ဓာကိုယ်၏ကာကွယ်ရေးစနစ်များကြောင့် ဖြစ်သည်။
"နင် ငါ့ကို စိုးရိမ်စိတ်ဖြစ်အောင် လုပ်နိုင်ခဲ့ပြီ။" ခေါင်းက ပြောလိုက်သည်။
ထိုစကားပြောပြီးသည်နှင့် လီတိုင်ယွမ်မှာ မျက်လုံးကို ချက်ချင်း ဖွင့်လိုက်သည်။
"မကောင်းတော့ဘူး။" ဝူတျဲ ကြောက်ရွံ့သွားသည်။
ရုတ်တရက် လက်တစ်ဖက်က သူ၏လည်ပင်းကို ဆုပ်ကိုင်လိုက်ပြီး ကောင်းကင်သို့ မြှောက်လိုက်သည်။
လီတိုင်ယွမ်က ဝူတျဲကို မျက်နှာချင်းဆိုင် ကြည့်လိုက်သည်။
"အခု နင် စကားပြောရမယ့်အလှည့်ပဲ။ ဘယ်လိုနေလဲ။"
ဝူတျဲက ခက်ခဲစွာ ရယ်မောလိုက်သည်။ "ကောင်းပါတယ်။"
ဝိညာဉ်ဆိုး(၅)ကောင်မှာ အဆင့်မြင့်လွန်းသည်။ သူ့အနေဖြင့် တစ်ခါတည်းနှင့် နှစ်ကောင်သာ ခေါ်နိုင်ပြီး တတိယတစ်ကောင် ခေါ်ရန် မဖြစ်နိုင်ပေ။
လီတိုင်ယွမ်သည် ဝါးမျိုခြင်းဝိညာဉ်ဆိုးက သူ၏ကျောပေါ်တွင် ရှိနေသေးသည်ကို သတိထားမိပြီး နောက်သို့ လှည့်ကြည့်ကာ ခေါင်းကို ခြေလက်များဖြင့် ဆွဲဖြဲလိုက်သည်။
ဝုန်း။
ဝါးမျိုခြင်းဝိညာဉ်ဆိုးမှာ ပျက်စီးသွားသည်။
နတ်ဘုရားတံခါးများ ပျောက်ကွယ်သွား၏။
"တော်တော် ရက်စက်တာပဲ။"
"ငါသာ ကြိုတင်ပြင်ဆင်မှု မရှိထားခဲ့ရင် တကယ်ပဲ နင့်လက်ထဲမှာ သေသွားနိုင်တယ်။" လီတိုင်ယွမ်က သွေးများကိုသုတ်လိုက်ပြီး သူ၏သွေးကို လျှာဖြင့် လျက်လိုက်သည်။
လီတိုင်ယွမ်က ဝူတျဲ၏ဓားမြှောင်ကို လုယူလိုက်ပြီး သူ့ကို ပြန်ထိုးရန် ပြင်လိုက်သည်။
ရုတ်တရက်။
ဒေါသထွက်ဖွယ် အော်ဟစ်သံတစ်ခု ထွက်ပေါ်လာ၏။
"မိန်းမယုတ်၊ ရပ်လိုက်စမ်း။"
ချင်းဖုန်းဟော်က ဓားကိုကိုင်ကာ ရောက်လာလေသည်။
...
အပိုင်း(၃၆၇) ထူးခြားမှတ်ကို ရှာဖွေခြင်း၊ ဧကရာဇ် တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာပြီ
ဝိညာဉ်တာအိုသခင်မ ရှုံးနိမ့်သွားလေပြီ။
မရေမတွက်နိုင်သော တားမြစ်ချည်နှောင်မှုများခံရပြီးနောက် လက်သီးချက်တစ်ချက်ကြောင့် အသက် တစ်ဝက်ခန့် ပျောက်ကွယ်လုနီးပါး ဖြစ်သွားရသည်။
ယခုအချိန်အထိ။
မဟာကျင်းတိုင်းပြည်၏ ကောင်းကင်ထောက်တိုင်နယ်ပယ် (၆)ဦးစလုံး ရှုံးနိမ့်သွားခဲ့ပြီဖြစ်သည်။
၎င်းတို့နောက်တွင် ချင်းဖုန်းဟော်၊ ဝမ်ရှန်ကျား၊ လုချင်းလျိုနှင့် အရာရှိဝန်ကြီး လျန်ချွီတို့ (၄)ဦးတို့က ပူးပေါင်းကာ ဝင်ရောက်တားဆီးခဲ့ကြသည်။
သို့သော် ဆယ်မိနစ်ပင် မတောင့်ခံနိုင်ဘဲ၊ ထို(၄)ဦးသည်လည်း ထပ်မံ၍ ဆုတ်ခွာခဲ့ရပြန်သည်။
ချင်းဖုန်းဟော်က ခြေလက်လေးဖက်လုံး ကျိုးကြေကာ မြေပြင်ပေါ်တွင် မှောက်လျက် သတိလစ် သွားခဲ့သည်။ ဝမ်ရှန်ကျားမှာမူ လှံတစ်ချောင်းဖြင့် မြို့ရိုးပေါ်တွင် သံမှိုရိုက်ခံထားရသကဲ့သို့ စိုက်ခံထားရသည်။ လုချင်းလျိုမှာ အခင်းအကျင်းထဲတွင် ပိတ်မိနေပြီး ရုန်းထွက်ရန် ခက်ခဲနေလေသည်။ အရာရှိဝန်ကြီးလျန်ချွီ၏ အခြေအနေမှာ အဆိုးရွားဆုံးဖြစ်ပြီး ခန္ဓာကိုယ်တစ်ခုလုံးကို ကူပိုးကောင်များ ဖောက်ထွင်းဝင်ရောက်နေကာ မြေပြင်ပေါ်တွင် တင်ပလ္လင်ခွေထိုင်၍ ကျင့်စဉ်စွမ်းအင်ဖြင့် ခုခံနေရသည်။
"မဟာကျင်းတိုင်းပြည်က ဒီလောက်ပဲလား။"
လီတိုင်ယွမ် အေးစက်သောအသံဖြင့် ပြောလိုက်သည်။ သူက ဧကရာဇ်မြို့တော်ပြင်ပ ဟင်လင်းပြင်တွင် ရပ်တန့်နေပြီး မြို့ကာကွယ်ရေး အခင်းအကျင်းကို လက်လှမ်းကာ စမ်းသပ်လိုက်သည်။
ဤသည်မှာ ယခင်က မုန့်ချင်းကျိုးကိုယ်တိုင် ဖန်တီးတည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ထိုစဉ်က ကောင်းကင်ထောက်တိုင်နယ်ပယ်သို့ ဝင်ရောက်ခါစသာ ရှိသေးသဖြင့် အခင်းအကျင်း၏ စွမ်းဆောင်ရည်မှာ သာမန်ကောင်းကင်ထောက်တိုင် အစောပိုင်းနှင့်အလယ်အလတ်အဆင့် ကျင့်ကြံသူများကိုသာ ရည်ရွယ်ထားခြင်း ဖြစ်သည်။
သို့သော်လည်း ယခု လီတိုင်ယွမ်၏ မျက်လုံးထဲတွင်တော့ ၎င်းက ဟာကွက်များ အပြည့်ဖြစ်နေသည်။
"ဘယ်သူမှ မတားဆီးနိုင်ရင်တော့ ငါ မြို့ထဲဝင်တော့မယ်။" လီတိုင်ယွမ်က တည်ငြိမ်စွာပြောရင်း အထဲသို့ လက်ဝါးဖြင့် ဖိချလိုက်သည်။
အခင်းအကျင်း၏အတားအဆီးမှာ ဖန်အုပ်ဆောင်းတစ်ခု အထဲသို့ ခွက်ဝင်သွားသကဲ့သို့ ဖြစ်သွားပြီး နောက်ဆုံးတွင် ခံနိုင်ရည်ကန့်သတ်ချက်သို့ ရောက်ရှိသွားကာ မခံမရပ်နိုင်သော စူးရှသံကြီး ထွက်ပေါ်လာသည်။
ဘုန်း။
အခင်းအကျင်း ကျိုးပဲ့ပျက်စီးသွားပြီး အပိုင်းအစများသည် ကောင်းကင်မှ ပန်းပွင့်များကြွေကျသကဲ့သို့ လွင့်ဝဲကျဆင်းလာကာ ကာလကြာရှည် ငြိမ်းချမ်းနေခဲ့သော ဧကရာဇ်မြို့တော်အပေါ်သို့ အချိန်ကြာမြင့်စွာ ပျောက်ဆုံးနေခဲ့သော မိုးတစ်ပေါက်အဖြစ် ရွာသွန်းပေးလိုက်သည်။
မြို့လုံးကျွတ်ရှိ စစ်သည်များနှင့် ဘေးလွတ်ရာကမ္ဘာငယ်လေးထဲသို့ ဆုတ်ခွာရန် အချိန်မမီလိုက်သော ပြည်သူများသည် လေထဲတွင် ရပ်နေသော လှပသည့်ပုံရိပ်ကို အကူအညီမဲ့စွာဖြင့် မော့ကြည့်နေကြသည်။
တစ်ကိုယ်တော် မြို့တံခါးကို လာခေါက်ခြင်းပင်။
မေ့ပျောက်နေခဲ့သော မှတ်ဉာဏ်များစွာက လူအများ၏ စိတ်ထဲသို့ ပြန်လည်ဝင်ရောက်လာခဲ့သည်။ ထိုနှစ်က ကျောက်ယွီဟွမ်သည်လည်း ဧကရာဇ်မြို့တော်သို့ ဤကဲ့သို့ပင် ရောက်ရှိလာခဲ့ဖူးသည်။ သို့သော်လည်း သူ သေဆုံးသွားသည့်တိုင် ဧကရာဇ်မြို့တော်ထဲသို့ ခြေတစ်လှမ်းမျှ မချနိုင်ခဲ့ချေ။ သို့သော် ယခုအခါတွင်တော့ ကောင်းကင်မဟာမိတ်အဖွဲ့၏ အရှင်သခင် လီတိုင်ယွမ်က အင်အားကြီးမားစွာဖြင့် ဝင်ရောက်လာခဲ့ပြီဖြစ်သည်။
ပြည်သူများမှာ ထိတ်လန့်ကြောက်ရွံ့နေကြပြီး အနည်းငယ်မျှပင် မလှုပ်ရှားရဲကြပေ။
ခြင်လို တိုးညှင်းသော တီးတိုးသံများ ထွက်ပေါ်လာပြီး ထိုအသံများထဲတွင် ကြောက်ရွံ့မှုနှင့် မလုံခြုံမှုများ ပြည့်နှက်နေသည်။
"(၂)နှစ်ကြာပြီးတဲ့နောက် ဧကရာဇ်မြို့တော်ရဲ့တံခါးကို နောက်တစ်ကြိမ် လာခေါက်ခံရပြန်ပြီ။ အခုတော့ မဟာမိတ်ခေါင်းဆောင်လီက မဟာကျင်းရဲ့ သူရဲကောင်းတွေ အားလုံးကို တစ်ယောက်တည်း အနိုင်ယူပြီးတော့ ဧကရာဇ်မြို့တော်ထဲ ဝင်ရောက်လာပြီဆိုတော့ မဟာကျင်းရဲ့ နောက်ဆုံးထွန်းတောက်ချိန်ရောက်ပြီ ဆိုတာကို သက်သေပြနေတာလား။"
"ငါ မယုံဘူး။ မဟာကျင်းက ဘေးအန္တရာယ် ဘယ်လောက်တောင် ကျော်ဖြတ်ခဲ့ရလဲ။ ဘယ်လိုလုပ်ပြီး နောက်ဆုံးအချိန်ကျမှ သူများရဲ့ အသီးအပွင့်ကိုအခူးခံရမှာလဲ။"
"မဟာကျင်းရဲ့ ကံကြမ္မာက ဒီအချိန်လေးအတွက်ပဲလား။ လီတိုင်ယွမ်ကို လွယ်လွယ်ကူကူ ကံကြမ္မာ စွမ်းအင်တွေ ယူသွားခွင့်ပေးပြီးတော့ ဧကရာဇ်အဖြစ် နန်းတက်ခွင့်ပြုဖို့အတွက်ပဲလား။ သူကပဲ တကယ့် မွေးရာပါ ဧကရာဇ်ဖြစ်ပြီးတော့ ကောင်းကင်ဘုံက ကူညီပေးနေတာများလား။"
...
...
ထိုသို့သော ဆွေးနွေးသံများကြားတွင်။
လူအုပ်ကြီး၏အနောက်ဘက်မှ အသံတစ်သံ ထွက်ပေါ်လာသည်။ "လီတိုင်ယွမ်၊ ကောင်းကင်မဟာမိတ် အဖွဲ့ရဲ့ အရှင်သခင်။ ခင်ဗျားရဲ့လမ်းက ဒီမှာတင် ရပ်တန့်သင့်ပြီ။"
လူငယ်တာအိုဘုန်းတော်ကြီးတစ်ပါးက ပြုံးရွှင်စွာဖြင့် လျှောက်လှမ်းထွက်လာပြီး လူစည်ကားနေသော လူအုပ်ကြားတွင်ရပ်ကာ လေထဲရှိလီတိုင်ယွမ်ကို တာအိုဂါရဝပြုလိုက်သည်။
လီတိုင်ယွမ်က အထက်စီးမှနေ၍ ရောက်လာသူကို စိုက်ကြည့်ကာ ပြောလိုက်သည်။
"ရှင်က... တာအိုဂိုဏ်း မြင့်မြတ်သားတော် ခူကျင်းလား။"
ခူကျင်းက ပြုံးကာ ပြောသည်။ "မဟာမိတ်ခေါင်းဆောင်လီရဲ့ မှတ်မိတာကို ခံရတာက ကျုပ်အတွက် ဂုဏ်ယူစရာပါပဲ။ ဒါပေမဲ့ ခင်ဗျား တကယ်ကို ထွက်သွားသင့်ပြီ။"
"ဒီလိုမှမဟုတ်ရင် နောက်ဆက်တွဲအကျိုးဆက်က အရမ်းဆိုးရွားသွားနိုင်တယ်။"
လီတိုင်ယွမ် မျက်ခုံးအနည်းငယ် ပင့်သွားပြီး စိတ်ဝင်စားသွားပုံရသည်။ သူ့နောက်ရှိ ရှုံးနိမ့်သွားသော ကောင်းကင်ထောက်တိုင်နယ်ပယ် (၁၀)ဦးကို လက်ညှိုးထိုးပြကာ တည်ငြိမ်စွာ ပြောလိုက်သည်။
"မဟာကျင်းရဲ့ အဓိကမဏ္ဍိုင် (၁၀)ဦးစလုံး ရှုံးနိမ့်သွားပြီ။ မင်းတစ်ယောက်တည်းက သူတို့(၁၀)ယောက်နဲ့ ညီမျှနိုင်မယ်လို့ ထင်နေတာလား။ ဒီလိုစကားမျိုးပြောဖို့ ဘယ်ကနေ သတ္တိတွေရလာတာလဲ။"
ထိုအချိန်မှာပင်။
မိစ္ဆာမီးတောက်တစ်ခုသည် မိုင်သုံးသောင်းခန့် ရှည်လျားစွာဖြင့် ကောင်းကင်ယံကို ဖြတ်သန်းသွားပြီး ချောက်နက်ကြီးတစ်ခုကဲ့သို့ အဆုံးအစမရှိ မည်းမှောင်သွားသည်။
"ကျုပ်ကိုပါ ထပ်ပေါင်းထည့်မယ်ဆိုရင်ရော။"
မှောင်မိုက်နေသော ချောက်နက်ကြီးထဲတွင် ငရဲပြည်၏မြင်ကွင်းများကို မသဲမကွဲ မြင်တွေ့နိုင်သည်။ ထိုအထဲတွင် ရေတွက်မရနိုင်သော လူပုံရိပ်များ ဖမ်းဆီးခံထားရပြီး ငရဲတွင် အော်ဟစ်ငိုယိုကာ လူမဆန်သော နှိပ်စက်မှုများကို အချိန်တိုင်း ခံစားနေရသည်။
ချောက်နက်ကြီးထဲမှ အရပ်ရှည်ရှည်ပုံရိပ်တစ်ခုက ရေဆန်ကို ဆန်တက်လာပြီးနောက် လူ့လောကသို့ ထွက်ပေါ်လာသည်။ ဆံပင်အနက်၊ မျက်လုံးအနက်နှင့် နတ်ဆိုးမီးတောက်များ ကောင်းကင်အထိ လွှမ်းမိုးနေ၏။
တာအိုဂိုဏ်းသားတော်က လမ်းပိတ်ထားပြီ မိစ္ဆာတာအိုက နောက်ကနေ ဖြတ်တောက်ထားသည်။ လီတိုင်ယွမ်က ယခုအခါ နှစ်ဖက်ညှပ်တိုက်ခံရမည့် အခြေအနေသို့ ရောက်ရှိနေသည်။
"မိစ္ဆာတာအိုရဲ့ခေါင်းဆောင် ဝူဟွေ့လား။" လီတိုင်ယွမ်၏မျက်လုံးများ အနည်းငယ် လေးနက်သွားသည်။ သေချာပေါက် အနည်းငယ်မျှသာ သတိထားသွားခြင်း ဖြစ်သည်။
ဝူဟွေ့က အခြားသူများနှင့် မတူပေ။ ယခင်က အဋ္ဌမမြောက် နန်းဆောင်သခင်သည် တောရိုင်းမြေတွင် ပုန်းအောင်းကာ ပြဿနာရှာပြီး ပါရမီရှင်များကို အဆင့်သတ်မှတ်ပေးခဲ့စဉ်က ဝူဟွေ့သည် ကောင်းကင်အဆင့် စာရင်းတွင် ဒုတိယနေရာ၌ ရှိခဲ့သည်။ ယခုအခါ ကောင်းကင်ထောက်တိုင်နယ်ပယ်သို့ တက်လှမ်းနိုင်ခဲ့ပြီဖြစ်ပြီး အလယ်အလတ်အဆင့်ပင် ဖြစ်နေလေပြီ။
သူ၏အရည်အသွေးမှာ အလွန်မြင့်မား၏။
ခူကျင်း၏ အဆင့်သတ်မှတ်ချက်မှာ အနည်းငယ် နိမ့်သော်လည်း သူ၏ခန္ဓာကိုယ်တွင် တာအိုဂိုဏ်း၏ ကံကြမ္မာစွမ်းအင်များ ပါရှိပြီး တာအိုဂိုဏ်း၏ အမြင့်ဆုံးပညာရပ်အားလုံးကို တတ်ကျွမ်းထားသောကြောင့် သူ၏ ခြိမ်းခြောက်နိုင်စွမ်းမှာ ဝူတျဲထက် အနည်းငယ်မျှပင် မလျော့နည်းချေ။
ထို့နောက်။
လီတိုင်ယွမ်က ဝူဟွေ့၏ခြေအောက်ရှိ ချောက်နက်ကြီးကို စိုက်ကြည့်ကာ ပြောလိုက်သည်။
"ဌာန(၆)ခုနဲ့ ဂိတ်(၇)ခုက တကယ်တော့ ဌာန(၆)ခုနဲ့ ဂိတ်(၈)ခုလား။ မင်းက ကမ္ဘာပေါ်မှာရှီတဲ့ မကောင်းမှုတွေကို သိမ်းဆည်းဖို့ တာဝန်ယူထားပြီးတော့ တောရိုင်းမြေက အပြစ်တွေ အားလုံးကို စုဆောင်းထားတယ်။ အပြင်ပန်းကြည့်ရင်တော့ ဘယ်သူမှဂရုမစိုက်တဲ့ နတ်ဆိုးတွေရဲ့ပျော်ရွှင်ရာနေရာလို့ ထင်ရပေမဲ့ တကယ်တမ်း အဲဒီအထဲကိုဝင်သွားရင် ထောင်ချောက်ထဲကို ကျသွားမှာပဲ။"
"ပြီးတော့ ဒီလူတွေက လောင်စာလိုပဲ။ မင်းရဲ့ ကျင့်ကြံမှုကို အထောက်အကူဖြစ်စေတယ်။ မကောင်းမှုကို မကောင်းမှုနဲ့ ပြန်မွေးမြူတာပေါ့လေ။ မဟာကျင်းဧကရီက တကယ်ပဲ တွက်ချက်မှု ကောင်းတာပဲ။"
ထိုသို့ပြောပြီးနောက်။
လီတိုင်ယွမ်က သူ၏လက်ညှိုးကို ထောင်ကာ ဝူဟွေ့ဘက်သို့ ကွေးယမ်းပြရင်း ပြောလိုက်သည်။ "လာလေ။ အတူတူ တိုက်ကြတာပေါ့။"
"မဟာကျင်းတိုင်းပြည်ရဲ့ ထိပ်တန်းစာရင်းဝင် ပါရမီရှင်တွေရဲ့အရည်အချင်းက ဘယ်လိုရှိလဲဆိုတာ ငါ့ကို ပြစမ်းပါ။"
ဝူဟွေ့က သွားဖြဲလိုက်ပြီး မျက်လုံးထ ကမ္ဘာဖျက်အနက်ရောင်မီးတောက်များ တောက်လောင်လာကာ ရဲတင်းစွာ ပြောလိုက်သည်။
"ခင်ဗျားကို စိတ်ပျက်စေမှာ မဟုတ်ပါဘူး။ ခင်ဗျားရဲ့ ခေါင်းကိုဖြတ်ပြီး မော့ထုံဂိတ်ထဲကို ပစ်ထည့်ပြီး ဘဝပေါင်းများစွာ သန့်စင်ပစ်မယ်။ ကမ္ဘာကြီးကို ကမောက်ကမဖြစ်စေတဲ့ အပြစ်က လူ့လောကရဲ့ အကြီးမားဆုံး အပြစ်ပဲ။ ခင်ဗျားရဲ့ထောက်ပံ့မှုနဲ့ဆိုရင် ကျုပ်က သေချာပေါက် နောက်တစ်ဆင့်ကို ထပ်တက်လှမ်းနိုင်လိမ့်မယ်။"
ခူကျင်းကလည်း ချက်ချင်း သဘောပေါက်သွားသည်။ ဝူဟွေ့နှင့်အတူ တွဲဖက်လာသည်မှာ ကြာပြီဖြစ်၍ သူတို့နှစ်ဦးကြား အပြန်အလှန် နားလည်မှုရှိပြီးသား ဖြစ်သည်။ ထို့ကြောင့် သူက ဦးစွာ လှုပ်ရှားကာ လေထဲသို့ ပျံတက်သွားသည်။
တာအိုလမ်းစဉ်က ကမ္ဘာကြီးကို လွှမ်းခြုံထားပြီး မဟာတာအိုက စာလိပ်အဖြစ် ပုံပေါ်လာသည်။
[ကောင်းကင်ပင်စည်နှင့် မြေကြီးအကိုင်းအခက်၊ စကြဝဠာကို ပိုင်းခြားခြင်း]
[ကြယ်တာရာများဖြန့်ကျက်ခြင်း၊ သုံးပါးသန့်စင်ကာကွယ်ခြင်း]
ခူကျင်းက စတင်လိုက်သည်နှင့်တစ်ပြိုင်နက် သူ၏ အစွမ်းအထက်ဆုံး တာအိုနိယာမကို တိုက်ရိုက် ထုတ်လွှတ်လိုက်သည်။ တာအို၏နယ်ပယ်က ဧကရာဇ်မြို့တော်ကို လွှမ်းခြုံသွားပြီး၊ ကောင်းကင်ပင်စည်နှင့် မြေကြီးအကိုင်းအခက်များ၏ တည်နေရာက တိကျသောစက်ပစ္စည်းတစ်ခုလို ဧကရာဇ်မြို့တော်ကို ပြင်ညီအဖြစ် ပင့်တင်ကာ ကာကွယ်ပေးလိုက်သည်။
ဤအခြေအနေကိုမြင်ရာ လီတိုင်ယွမ်က အံ့သြသွားပြီး ခူကျင်းကို စူးစိုက်ကြည့်ကာ ပြောလိုက်သည်။
"ဒါက မင်းရဲ့ဝှက်ဖဲ မဟုတ်လား။ ငါ့ကို ရင်ဆိုင်ဖို့ မချန်ထားတော့ဘူးလား။"
ခူကျင်းက ခေါင်းခါရင်းနှင့် ပြုံးကာ ပြောသည်။ "မတတ်နိုင်ဘူးလေ၊ ဘိုးဘေးတွေရဲ့သွန်သင်ချက်ကို ချိုးဖောက်လို့မှမရတာ။ ခင်ဗျားကို ရှုံးသွားတာက ကြောက်စရာမရှိဘူး။ မြို့တစ်မြို့လုံးရဲ့ အသက်ကို ကယ်တင်နိုင်စွမ်းရှိလျက်နဲ့ မလုပ်ဘူးဆိုရင် နတ်ပြည်ရောက်တဲ့အခါ ဘိုးဘေးတွေက ကျုပ်ကို အသိအမှတ်ပြုမှာ မဟုတ်ဘူး။ အဲဒီအခါကျရင် ကျုပ်က သေတောင်မျက်စိမှိတ်နိုင်မှာ မဟုတ်ဘူး။"
တာအို၏ အမြင့်ဆုံးအဆင့်ကို ဧကရာဇ်မြို့တော်အတွက် ပေးအပ်လိုက်သည်။
ထို့ကြောင့် ခူကျင်း၏တိုက်ခိုက်နိုင်စွမ်းမှာ တစ်ဝက်တိတိ လျော့ကျသွားသည်။
သို့သော်လည်း ထိုသူနှစ်ဦးသည် လုံးဝ ကြောက်ရွံ့ခြင်း မရှိပေ။
"မိစ္ဆာသမုဒ္ဒရာက အဆုံးအစမရှိဘူး။"
"စိတ်ကို လှေအဖြစ်ဖန်တီးတယ်။"
"တာအိုစိတ်ဆန္ဒက ငြိမ်သက်ဖို့ခက်ခဲတယ်။"
"ချည်နှောင်မှုတွေကို ရုန်းထွက်တယ်။"
"မိစ္ဆာရှေ့မှာ ဦးညွှတ်ပြီး အန္တိမတာအိုက ယမမင်းထံ ဝင်ရောက်တယ်။"
ဝူဟွေ့က တိုးတိုးလေး ရေရွတ်လိုက်သည်။ သူ၏စွမ်းအင်မှာ ပိုမိုကြီးမားလာပြီး ကောင်းကင်အထိ လွှမ်းမိုးနေသော မိစ္ဆာမီးတောက်များက တောရိုင်း၏တစ်ဝက်ခန့်ကို ထင်ဟပ်နေသည်။
သူ၏အနောက်တွင် မိစ္ဆာရိပ်များစွာ ထွက်ပေါ်လာသည်။
ရင်သားကိုမျက်လုံးအဖြစ်၊ ချက်ကိုပါးစပ်အဖြစ် အသုံးပြုကာ လက်နက်ကိုင်ဆောင်၍ ကခုန်နေသော ခေါင်းမဲ့မိစ္ဆာနတ်ဘုရား၊ နွားခေါင်းနှင့် နောက်ကျောတွင် အတောင်ပံနှစ်ဖက်ပါရှိသူ၊ ချွန်ထက်သောနှုတ်သီးနှင့် အစွယ်များရှိကာ ခက်ရင်းခွကို ကိုင်ဆောင်ထားပြီး လင်းနို့အတောင်ပံများ ပေါက်နေသောယက္ခ...
မရေမတွက်နိုင်သော မိစ္ဆာပုံရိပ်များသည် သူ၏အသက်စွမ်းအင်နှင့် ဆက်နွယ်နေပြီး သူ့အတွက် အဆုံးအစမရှိသော မိစ္ဆာစွမ်းအင်များကို ထောက်ပံ့ပေးနေသည်။
"လာစမ်းပါ။ တိုက်ကြမယ်။" ဝူဟွေ့က ခြေလှမ်းကျဲကြီးများဖြင့် ချဉ်းကပ်လာ၏။ သူ၏ အငွေ့အသက်မှာ အကန့်အသတ်မရှိ မြင့်တက်လာပြီး ကောင်းကင်ထောက်တိုင်နယ်ပယ် နောက်ဆုံးအဆင့်ကိုပင် ကျော်လွန်ကာ ကောင်းကင်နယ်ပယ်တစ်ပိုင်းသို့ပင် ချဉ်းကပ်လာပြီဖြစ်သည်။
လီတိုင်ယွမ်က မျက်မှောင်ကြုတ်သွားပြီး ပြောလိုက်သည်။
"မင်းမှာ ဒီလိုစွမ်းရည်မျိုး ရှိနေတာတောင် ဘာလို့ မဟာကျင်းကို လိုလိုလားလား အညံ့ခံနေရတာလဲ။"
"အဟက်။ ခင်ဗျား နားမလည်ပါဘူး။" ဝူဟွေ့က လှောင်ပြောင်လိုက်သည်။
လွန်ခဲ့သည့်(၆)လက သူသည် တားမြစ်နယ်မြေအတွင်းသို့ ဝင်ရောက်ကာ ဧကရာဇ်ကို တစ်ကြိမ် တွေ့ခဲ့ဖူးသည်။ မော့ထုံဂိတ်ကြောင့် သူ၏ မိစ္ဆာသဘာဝကို ထိန်းချုပ်ရန် ခက်ခဲလာသောကြောင့် ဧကရာဇ်ထံမှ အကူအညီ တောင်းခံခဲ့ရခြင်းဖြစ်သည်။
ထိုတွေ့ဆုံမှုကြောင့်ပင် ဝူဟွေ့သည် တကယ့်ပြီးပြည့်စုံသော ဧကရာဇ်၊ ဖုံးကွယ်ထားခြင်းမရှိဘဲ အပြည့်အဝဖွင့်ချထားသော ဧကရာဇ်က မည်မျှ ကြောက်မက်ဖွယ်ကောင်းပြီး ကြီးကျယ်ခမ်းနားကြောင်းကို မျက်မြင်ကိုယ်တွေ့သိခဲ့ရသည်။ သူ၏ရှေ့တွင် ဝူဟွေ့က မိမိကိုယ်ကို အလွန် သေးငယ်သည်ဟုပင် ခံစားခဲ့ရသည်။
ထို့ကြောင့် ဝူဟွေ့သည် သူ့ရှေ့မှ ဤအမျိုးသမီးသည် မည်မျှပင် ရောင့်တက်နေပါစေ အဆုံးတွင် အချည်းနှီးသာ ဖြစ်သွားမည်ဆိုတာကို နက်နက်ရှိုင်းရှိုင်း နားလည်ထားသည်။
ထိုသူ တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာချိန်ရောက်လျှင် ဤပြဇာတ်က ပြီးဆုံးသွားတော့မည် ဖြစ်သည်။
ခူကျင်းက ပြုံးကာ ပြောလိုက်သည်။
"ဧကရီက အခုအထိ ပေါ်မလာသေးတာကို ခင်ဗျား သတိမထားမိဘူးလား။ တကယ်လို့ မဟာကျင်းသာ တကယ့် အသက်အန္တရာယ်ကြုံနေရရင် ဒီတိုင်း လျစ်လျူရှုထားပါ့မလား။ နှမြောစရာပဲ၊ ခင်ဗျား နားမလည်ဘူး။"
လီတိုင်ယွမ်၏ မျက်လုံးထဲတွင် အံ့သြသွားသည့် အရိပ်အယောင်တစ်ခု လင်းလက်သွားပြီးနောက် ဝမ်းနည်းမှုနှင့် သက်သာရာရမှုတစ်ခု ပေါ်လာသည်။ ဤခံစားချက်များသည် ခဏတာမျှသာ ဖြစ်ပေါ်လာပြီး မျက်နှာထားမှာ ယခင်အတိုင်း အေးစက်နေဆဲပင်။ ခြေလှမ်းကျဲကြီးများဖြင့် ဝင်ရောက်လာသော ကြီးမားလှသည့် မိစ္ဆာပုံရိပ်ကြီးကို ကြည့်နေသော်လည်း သူ့တွင် စိတ်အားထက်သန်မှု မရှိသေးပေ။
သူက ဟင်းလင်းပြင်ကိုသာ မော့ကြည့်နေသည်။
တောရိုင်းမြေနှင့် သက်ဆိုင်သည့် ကံကြမ္မာရွှေနဂါးက အကြပ်အတည်းနှင့် ရင်ဆိုင်နေရပြီး ကံတရားကို လက်ခံလိုက်သကဲ့သို့ နဂါးခေါင်းကို အားလျော့စွာငိုက်စိုက်ကျကာ မျိုချခံရမည့် ကံကြမ္မာကို စောင့်ဆိုင်းနေသည်။
သို့သော် အကြောင်းရင်းကို မသိရဘဲ။
ကောင်းကင်ပြည်နယ်၏ ကံကြမ္မာစွမ်းအင်က အမြဲလိုလို မြင်ရခက်သော အတားအဆီးတစ်ခုနှင့် ကြုံတွေ့နေရသကဲ့သို့ တားဆီးခံထားရပြီး ဆက်လက်၍ မျိုချနိုင်ခြင်းမရှိတော့ပေ။
"ရှင် ဝင်စွက်ဖက်နေတာလာ။ မဟာကျင်းရဲ့... ဧကရာဇ်။" လီတိုင်ယွမ်က နောက်ကြောင်းပြန်လှည့်ကာ နန်းတော်၏အတွင်းပိုင်းရှိ တားမြစ်နယ်မြေကို စိုက်ကြည့်လိုက်သည်။
တစ်ချိန်တည်းမှာပင်။
ခူကျင်းကလည်း စတင်တိုက်ခိုက်လိုက်သည်။
[အသံလှိုင်းဖမ်းယူခြင်း - စမ်းရေ]
[ဗလာနယ်ပျက်သုဉ်းခြင်း - မွန်းလွဲပိုင်း၏ အဆုံးသတ်]
[နတ်နှင့်မကောင်းဆိုးဝါး - ကြွယ်ဝမှုနတ်ဘုရား]
တာအိုလမ်းစဉ်၏ အမြင့်ဆုံး နတ်ဘုရားစွမ်းအင်သုံးခုစလုံး တစ်ပြိုင်နက်တည်း ပေါက်ကွဲထွက်လာပြီး မည်သည့်အရာကိုမျှ ချန်လှပ်ထားခြင်း မရှိပေ။
မြင်ရခက်သောအနေအထားတွင် ကမ္ဘာမြေ၏ အမြင့်မြတ်ဆုံး ပုဂ္ဂိုလ်တစ်ဦးက ခါးညွှတ်ကာ ကမ္ဘာကြီး တစ်ခုလုံးကို ရေတစ်ခွက်ထဲသို့ ထည့်လိုက်သကဲ့သို့ဖြစ်သွားပြီး လီတိုင်ယွမ်၏ ပတ်ပတ်လည် ပေတစ်ရာ အကွာအဝေးကို ထိုအထဲသို့ အတိအကျ ထည့်သွင်းလိုက်သည်။
ထို့နောက်။
နေရောင်ခြည်က ငြိမ်းအေးသွားသည်။ ကောင်းကင်ယံတွင် တွဲလွဲဆွဲထားသော နေမင်း မဟုတ်ဘဲ လီတိုင်ယွမ်၏ ဝိညာဉ်အလင်းရောင်များ ငြိမ်းအေးသွားခြင်းဖြစ်သည်။ သူ့တွေးခေါ်နိုင်စွမ်းများ နှေးကွေးသွား၏။ ဤမျှသာမက သူ၏အတွင်းစကြဝဠာသည်လည်း မှောင်မိုက်သောအရိပ်များဖြင့် ဖုံးလွှမ်းသွားကာ စွမ်းအားများ ကန့်သတ်ခံလိုက်ရသည်။
[ကြွယ်ဝမှုနတ်ဘုရား]ကို အသက်သွင်းလိုက်သည်။ မူလက အခြားသူများအတွက် မင်္ဂလာရှိသော ကံကောင်းခြင်းများကို တိုးပွားစေသည့် နတ်ဘုရားစွမ်းအင်ဖြစ်သော်လည်း ပထဝီဝင်အနေအထားအချို့ ပြောင်းလဲမှုများကြောင့် အကျိုးသက်ရောက်မှုမှာ လုံးဝဆန့်ကျင်ဘက်သို့ ပြောင်းလဲသွားသည်။ ကံကောင်းခြင်း ပျောက်ကွယ်သွားပြီး ဘေးဒုက္ခများက ရစ်ပတ်လာသည်။
ဆက်တိုက်ဖြစ်ပေါ်နေသော ကန့်သတ်မှုသုံးခုက အာရုံစိုက်ရန်နှင့် အားစိုက်ထုတ်ရန် လိုအပ်နေသော လီတိုင်ယွမ်ကို နောက်ထပ် အကြီးအကျယ် အားနည်းသွားစေသည်။
"ငါ့ရဲ့ကျင့်စဉ်တွေက များလွန်းတော့ တိုက်ခိုက်ရေးမှာ မကျွမ်းကျင်ဘူး။ ပြီးတော့ အတွေ့အကြုံလည်း မလုံလောက်သေးဘဲ ကောင်းကင်ထောက်တိုင်နယ်ပယ် ကနဦးအဆင့်မှာပဲ ရှိသေးတော့ သိပ်ပြီး အကူအညီ ပေးနိုင်မှာ မဟုတ်ဘူး။ သူ့ကို တတ်နိုင်သလောက် အားနည်းသွားအောင် လုပ်ပေးဖို့ပဲ တတ်နိုင်တယ်။" ခူကျင်းက မြေပြင်ပေါ်တွင် ပင်ပန်းနွမ်းနယ်စွာ ထိုင်ချလိုက်ပြီးနောက် အမောတကောဖြင့် ဝူဟွေ့ထံသို့ အသံလှိုင်းပို့ကာ ပြောလိုက်သည်။
"တာအိုမိတ်ဆွေ။ သတိထားပြီး ရင်ဆိုင်ပါ။"
ဝူဟွေ့က ခေါင်းညိတ်ပြပြီး 「စမ်းရေ」 အတွင်းသို့ ခြေလှမ်းကျယ်ကျယ်ဖြင့် ဝင်ရောက်သွားသည်။
ထိုအထဲသို့ ဝင်ရောက်သွားသည်နှင့်တစ်ပြိုင်နက် တာအိုလမ်းစဉ်၏ အမြင့်ဆုံး နတ်ဘုရားစွမ်းအင် သုံးခုစလုံး၏ အကျိုးသက်ရောက်မှုများက သူ၏အပေါ်တွင် အလိုအလျောက် ထပ်မံသက်ရောက်သွားသည်။ သို့သော် လီတိုင်ယွမ်နှင့်တော့ မတူပေ။
「စမ်းရေထဲမှရေ」က လီတိုင်ယွမ်ကို ကန့်သတ်ထားသော်လည်း ဝူဟွေ့ကို မကန့်သတ်ထားပေ၊ 「မွန်းလွဲပိုင်း၏အဆုံးသတ်」က လီတိုင်ယွမ်ကို အားနည်းစေသော်လည်း ဝူဟွေ့ကို အားမနည်းစေပေ။ 「ကြွယ်ဝမှုနတ်ဘုရား」က လီတိုင်ယွမ်အတွက် ဆန့်ကျင်ဘက် အကျိုးသက်ရောက်မှုကို ပေးသော်လည်း ဝူဟွေ့အတွက်မူ အပြုသဘောဆောင်သော အကျိုးသက်ရောက်မှုကို ပေးသည်။
"လုံလောက်ပါပြီ။ ကျေးဇူးအများကြီးတင်ပါတယ်။" ဝူဟွေ့က သွားဖြဲကာ ရယ်လိုက်သည်။ သူ၏ အခြေအနေမှာ ယခင်ကထက် များစွာ ကောင်းမွန်နေသည်။
ကောင်းကင်ထောက်တိုင်နယ်ပယ်နှစ်ဦး၏ တိုက်ပွဲက အချင်းချင်း အပြန်အလှန် ကြည့်လိုက်ပြီးနောက် တိတ်ဆိတ်စွာပင် စတင်ပေါက်ကွဲသွားတော့သည်။
...
...
ရေကန်ဘေးတွင်။
ကျန်းစန်းဟိုင်သည် ဖရဲစေ့များကိုစားကာ ပျင်းရိပျင်းတွဲဖြင့် ဖရဲစေ့ခွံများကို ထွေးထုတ်နေသည်။ သူက မျက်စိတစ်ဖက်မှိတ်ကာ မြို့ပြင်ဘက်တွင် ခွေးသေတစ်ကောင်လို မှောက်လျက်ဖြစ်နေသော ချင်းဖုန်းဟော်ကို ခိုးကြည့်ရင်း ပါးစပ်စွန်းများ အနည်းငယ် တွန့်ကွေးသွားသည်။
ကောင်းကင်ထောက်တိုင်နယ်ပယ်သို့ တက်လှမ်းပြီးကတည်းက တစ်နေကုန် မာနထောင်လွှားနေခဲ့သမျှ၊ အခုတော့ ဆုံးမတာကို ခံလိုက်ရပြီထင်ပါရဲ့။
"ဧကရာဇ်။ တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာဖို့အတွက် ဘယ်လောက်ကြာဦးမှာလဲ။ ဒီဝန်ကြီး ကြည့်ရသလောက်တော့ ခူကျင်းနဲ့ ဝူဟွေ့တို့လည်း သိပ်ကြာကြာ တောင့်ခံနိုင်မှာ မဟုတ်ဘူး။ အရှင် နည်းနည်း နှေးသွားရင် ဧကရာဇ်မြို့တော်တော့ တကယ်အဖျက်ဆီးခံရတော့မယ်။"
ကျန်းစန်းဟိုင်၏အကြည့်က ရှေ့တွင်ငါးမျှားနေသော အနက်ရောင်ဝတ်ရုံနှင့် လူငယ်ထံ ရောက်သွားပြီး ဆက်ပြောလိုက်သည်။
"ဒီလီတိုင်ယွမ်က တကယ်ကို တော်တာပဲ။ ဒါနဲ့ အရှင် တကယ်ပဲ သူ့ကို နှိမ်နင်းနိုင်မှာလား။"
"သူက ကောင်းကင်ပြည်နယ်ရဲ့ တိုက်ခိုက်နိုင်စွမ်း တစ်စိတ်တစ်ပိုင်းကို ပိုင်ဆိုင်ထားတဲ့ပုံပဲ။ ဧကရာဇ်မြို့တော် တစ်ခုလုံးကို ထိန်းချုပ်ဖို့ စစ်တုရင်ခုံကို တစ်ဖက်က ကိုင်တွယ်ရင်း စစ်တုရင်တာအိုကို သုံးပြီးတော့ တောရိုင်းမြေရဲ့ ကံကြမ္မာရွှေနဂါးကို ကန့်သတ်ထားတယ်။ အခက်အခဲက ဘယ်လောက် ကြီးမားလဲဆိုတာ တွေးကြည့်လို့ရတယ်။ ပညာရပ်တချို့ကို သုံးထားတယ်ဆိုပေမဲ့ သာမန်လူတစ်ယောက် ခံနိုင်ရည်ရှိတဲ့ အရာမျိုး မဟုတ်ပါဘူး။"
"ပြီးတော့ ကောင်းကင်ပြည်နယ်ရဲ့ ကံကြမ္မာစွမ်းအင်ကိုဝါးမျိုဖို့ လမ်းညွှန်ပေးဖို့လည်း လိုသေးတယ်။ ဒါက သူ့ရဲ့ တိုက်ခိုက်နိုင်စွမ်း တစ်ဝက်နီးပါးကို အားနည်းသွားစေတယ်။ ဒီလိုအခြေအနေမှာတောင် မဟာကျင်းရဲ့ ကောင်းကင်ထောက်တိုင်နယ်ပယ် (၁၀)ယောက်ကို အလဲထိုးနိုင်သေးတယ်။ ခူကျင်းက အားအင်အများကြီး စိုက်ထုတ်ပြီး တာအိုလမ်းစဉ်ရဲ့ ကန့်သတ်ချက်သုံးခုကို ဖန်တီးလိုက်ပြီးတော့ နောက်ထပ် အားနည်းအောင် ထပ်လုပ်တာတောင်မှ သူက ဝူဟွေ့ကို ဖိနှိပ်ထားနိုင်သေးတယ်... ဒါက..."
"ဒီဝန်ကြီးအိုက အရှင့်အတွက် နည်းနည်း စိတ်ပူနေတယ်။ ဧကရာဇ်။"
ကျန်းစန်းဟိုင်၏ မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှုများ ရှိနေပြီး ခေါင်းခါရင်း သက်ပြင်းချလိုက်သည်။
သူပြောနေသည့် စကားများက သွေးထိုးလှုံ့ဆော်သည့် နည်းလမ်းမဟုတ်ဘဲ ဧကရာဇ်၏ ဘေးကင်းရေးအတွက် တကယ်ကို စိုးရိမ်နေခြင်း ဖြစ်သည်။
လီတိုင်ယွမ်ပြသခဲ့သည့် တိုက်ခိုက်နိုင်စွမ်းမှာ မယုံနိုင်လောက်အောင်ပင်။ ကောင်းကင်ပြည်နယ်၏ ကံကြမ္မာ ၈၀%ကို ဆက်ခံခြင်းဖြင့် ဤမျှအထိ ရက်စက်ကြမ်းကြုတ်နိုင်စွမ်း ရှိနေသည်။
"ရှေးခေတ်မှ အခုအချိန်အထိ၊ သူရဲကောင်းပေါင်းများစွာက လူသားဧကရာဇ်ရာထူးဆိုတာ ကောင်းကင်တာအိုရဲ့ ရုပ်သေးရုပ်မှန်း သိသိရက်နဲ့တောင် ဂရုမစိုက်ဘဲ ဆက်ခံချင်နေကြတာ အံ့သြစရာတော့ မဟုတ်ဘူး။ ကံကြမ္မာစွမ်းအင်တစ်ဝက်ရဲ့ ၈၀%လောက်နဲ့တင် ဒီလောက် သိသိသာသာ တိုးတက်လာနိုင်တယ် ဆိုရင်တော့ အားလုံးကိုသာ ဆက်ခံနိုင်ခဲ့ရင် လုံးဝကို စိတ်ကူးယဉ်လို့တောင် မရနိုင်ဘူး။"
ထိုအကြောင်းကို တွေးမိသော် ကျန်းစန်းဟိုင်က ပစ္စုပ္ပန်ရွာဘက်သို့ လှည့်ကြည့်မိသွားပြီး အနက်ရောင်ဝတ်ရုံနှင့်လူငယ်ကို နောက်တစ်ကြိမ်ပြန်ကြည့်ကာ မရပ်မနား ပြောဆိုနေပြန်သည်။
"ဧကရာဇ်၊ အရှင်က ကိုယ်ပွားတစ်ခု ဖန်တီးနိုင်တယ်ဆိုမှတော့ ဧကရီဆီ ဘာလို့ ပြန်သွားပါလား။"
အနက်ရောင်ဝတ်ရုံနှင့်လူငယ်က နားကလော်ရင်း အနည်းငယ် ပြောရခက်သွားကာ နောက်ကိုလှည့်၍ ပြောလိုက်သည်။
"အဘိုးကြီးကျန်း၊ ခင်ဗျားရဲ့ပါးစပ်ကို နည်းနည်းလောက် အနားပေးထားလို့ ရမလား။ ကျုပ်ရဲ့ ငါးတွေ အကုန်လုံး ခင်ဗျားကြောင့် လန့်ပြေးကုန်ပြီ။"
ကျန်းစန်းဟိုင်က ဟက်ဟက်ပက်ပက်နှင့် ရယ်မောလိုက်သည်။ "ဘယ်လိုဖြစ်နိုင်မှာလဲ။ ငါးတွေက ကျုပ်ပြောတဲ့စကားကို နားလည်နိုင်လို့လား။"
သို့သော်လည်း။
သူက သိချင်စိတ်ဖြင့် လည်ပင်းကိုဆန့်ထုတ်ကာ ရေကန်ထဲသို့ ကြည့်လိုက်သောအခါ ကန်ဘေးတွင် ဝပ်နေသော ရွှေငါးကြင်းတစ်ကောင်နှင့် အကြည့်ချင်း ဆုံသွားသည်။
ကျန်းစန်းဟိုင် - "......"
ရွှေငါးကြင်းက မျက်တောင်ခတ်လိုက်ပြီး မိမိကို လူများတွေ့သွားသည်ကို မြင်သောအခါ လူသားဆန်စွာ ကောက်ကျစ်သော အကြည့်တစ်ချက်ပြသကာ အမြီးကိုခါရမ်းပြီး ရေအောက်သို့ ငုပ်လျှိုးသွားသည်။
"နောက်ကျရင် အိမ်ပြန်တော့မယ်။ တစ်နေကုန် ငါးမျှားပြီးရင် ဇနီးသည်အတွက် အားဖြည့်ပေးရဦးမယ်။ မဟုတ်ရင် ကျုပ် ဒီမှာထိုင်နေတာက ပျော်စရာကောင်းလို့များ ထင်နေလား။" အနက်ရောင်ဝတ်ရုံနှင့်လူငယ်က ပြောလိုက်သည်။
ကျန်းစန်းဟိုင်က လည်ပင်းကိုဆန့်ထုတ်ကာ လူငယ်၏မျက်နှာအမူအရာကို သေချာ ကြည့်ရှုလိုက်သည်။ အကြည့်များက ထူးဆန်းနေပြီး ရေကန်ထဲမှ ရွှေငါးကြင်းတစ်ကောင်ကို ဖမ်းယူကာ ငါးထည့်သည့်တောင်းထဲသို့ ပစ်ထည့်လိုက်ရင်း ပြောလိုက်သည်။ "ဒီလိုမျိုး မဟုတ်ဘူးလား။"
အနက်ရောင်ဝတ်ရုံနှင့် လူငယ်က လက်သီးဆုပ်လိုက်ရာ ကျန်းစန်းဟိုင် လန့်သွားပြီး နောက်ဘက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားသည်။ ထို့နောက်မှ လူငယ်က လက်သီးဖြင့်ပါးစပ်ကိုကာကာ ချောင်းအနည်းငယ် ဟန့်လိုက်ပြီး ပြောသည်။
"စိတ်ချပါ။ ဝူဟွေ့တို့သေမှာ မဟုတ်ပါဘူး။ ကျုပ်က အရေးကြီးတဲ့အချိန်တစ်ခုကို စောင့်နေတာ။"
"ဒီ「ထူးခြားမှတ်」ကို ကျုပ် ရှာတွေ့ဖို့ မဝေးတော့ဘူးလို့ ခံစားနေရတယ်။ ဒီအခွင့်အရေးကို စောင့်ဖို့ တစ်နှစ်တိတိ အချိန်ယူခဲ့ရတာ။ ဘာပဲဖြစ်ဖြစ် ကျုပ်က ဒီအခွင့်အရေးကို လက်လွတ်ခံလို့ မဖြစ်ဘူး။"
မှန်ပေသည်။
တားမြစ်နယ်မြေတွင် တံခါးပိတ်ကျင့်ကြံနေသော မုန့်ချင်းကျိုးသည် တစ်နှစ်တိတိ အချိန်ယူပြီးနောက် အတွင်းစကြဝဠာနှင့် အချိန်-နေရာလွတ် တာအိုနိယာမတို့ လုံးဝဟန်ချက်ညီစေမည့် 「ထူးခြားမှ」ကို နောက်ဆုံးတွင် ရှာတွေ့တော့မည် ဖြစ်သည်။
ဤအချိန် ဇနီးက အန္တရာယ်ကျရောက်ခြင်းမျိုးမှလွဲ၍ ကောင်းကင်ပြိုကျပြီး မြေကြီးပွင့်ထွက်သွားပါစေ သူက စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေမည်သာဖြစ်သည်။
ကျန်းစန်းဟိုင်က ခေါင်းညိတ်လိုက်ပြီး ချက်ချင်း သဘောပေါက်သွားသည်။ "ဒီလိုကိုး။ ကျုပ်က အရှင် တမင်တကာ လုပ်နေတာလို့ ထင်နေတာ။"
"ပုံပြင်ပြောတဲ့ သူတွေကလည်း ပြောဖူးပါတယ်။ များသောအားဖြင့် နောက်ဆုံးမှ ထွက်လာတဲ့သူက အထင်ရှားဆုံးနဲ့ အတောက်ပဆုံး ဖြစ်တတ်တယ်တဲ့။"
ကျန်းစန်းဟိုင်၏စကားသံ အဆုံးတွင်ပင်။
တားမြစ်နယ်မြေရှိ စကြဝဠာသည် ဟာကွက်တစ်ခု ပွင့်ဟသွားပြီး ထိုအထဲမှ အလွန်ကြီးမြတ်သော အရှိန်အဝါလှိုင်းများ ပျံ့နှံ့ထွက်ပေါ်လာကာ နယ်မြေနှစ်ခုလုံးတွင် ဟိန်းညံသွားသည်။ ကမ္ဘာကြီးတစ်ခုလုံးကို တုန်လှုပ်သွားစေ၏။
"အဲဒါက... ဧကရာဇ် တံခါးပိတ်ကျင့်ကြံနေတဲ့နေရာ မဟုတ်လား။" ကျန်းစန်းဟိုင်က ရုတ်တရက် မတ်တတ်ရပ်လိုက်ပြီးနောက် အနက်ရောင်ဝတ်ရုံနှင့်လူငယ်ကို ရုတ်ချည်း လှည့်ကြည့်လိုက်သည်။
"ဟားဟားဟား..."
အနက်ရောင်ဝတ်ရုံနှင့် လူငယ်က ငါးမျှားတံကို မြှောက်လိုက်ရာ ငါးမျှားကြိုးပေါ်တွင် ရွှေငါးကြင်း တစ်ကောင် ရုန်းကန်ခတ်လှုပ်နေပြီး ကျယ်လောင်စွာဖြင့် ရယ်မောလိုက်သည်။
"နောက်ဆုံးတော့ ငါးမိသွားပြီဟေ့။"
တစ်ချိန်တည်းမှာပင်။
၎င်းသည် အတွင်းစကြဝဠာနှင့် အချိန်-နေရာလွတ် တာအိုနိယာမတို့ လုံးဝဟန်ချက်ညီစေသော 「ထူးခြားမှတ်」ကို အောင်မြင်စွာ ရှာဖွေတွေ့ရှိသွားပြီဖြစ်ကြောင်း ပြသနေခြင်းလည်း ဖြစ်သည်။
ကောင်းကင်နယ်ပယ်သို့ ရောက်ရှိရန် အလွန်အရေးကြီးသော ကြိုတင်လိုအပ်ချက်ကို နောက်ဆုံးတွင် ပြီးမြောက်သွားလေပြီ။
....
အပိုင်း(၃၆၈) တိုးတက်မှုအဆင့် ပြည့်ဝသွားခြင်း၊ လောကကို စိုးမိုးခြင်း
ဧကရာဇ်မြို့တော်။
"စမ်းရေ" အခင်းအကျင်း ကျိုးပျက်သွားပြီးနောက် လီတိုင်ယွမ်သည် လုံးဝသတိလစ်နေပြီဖြစ်သော ဝူဟွေ့ကိုဆွဲမရင်း ဖြည်းညင်းစွာ လျှောက်ထွက်လာသည်။ သူ၏ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာအနည်းငယ် ရှိနေသော်လည်း မျက်စိတစ်မှိတ်တွင်းမှာပင် မူလအတိုင်း ပြန်လည်ကောင်းမွန်သွားသည်။
ခူကျင်းသည် မြို့ထဲတွင် တင်ပလ္လင်ခွေထိုင်ကာ ကောင်းကင်ပင်စည်နှင့် မြေကြီးအကိုင်းအခက်၏ လည်ပတ်မှုကို ထောက်ပံ့ပေးရင်း မြို့သူမြို့သားများကို ကာကွယ်ရန် အခင်းအကျင်း အသစ်တစ်ခုကို ပြန်လည် တည်ဆောက်နေသည်။
လီတိုင်ယွမ်က ဧကရာဇ်မြို့တော်ကို လွှမ်းခြုံထားသော ထိုအခင်းအကျင်းကို လက်ဝါးဖြင့် ဖိထားလိုက်ပြီး မမြင်ရသောပိုက်ကွန်ကြီးတစ်ခုဖြင့် ဖမ်းချုပ်ခံထားရသည့် ကံကြမ္မာရွှေနဂါးကို လှည့်ကြည့်ကာ ပြောလိုက်သည်။
"သြော်၊ မင်းကိုး။ ကောင်းကင်ပင်စည်က တောရိုင်းမြေရဲ့ ကံကြမ္မာကို အမျိုမခံရအောင် ကာကွယ်ပေးပြီး မြေကြီးအကိုင်းအခက်က မြို့သူမြို့သားတွေအားလုံးကို ကာကွယ်ပေးထားတယ်။ တကယ်လို့ မင်းက ဒီလို ဘေးထွက်လမ်းစဉ်တွေအစား လမ်းမှန်ပေါ်မှာသာ စိတ်နှစ်ထားမယ်ဆိုရင် ဝူဟွေ့ထက် အားနည်းမှာ မဟုတ်ဘူး။"
ကံကြမ္မာရွှေနဂါးကို ကာကွယ်ပေးနေသူမှာ အမှောင်ထဲတွင် ပုန်းကွယ်နေသော မဟာကျင်းဧကရာဇ်ဟု သူ ထင်မှတ်ထားခဲ့သည်။ သို့သော် သူ့ရှေ့ရှိ တာအိုဘုန်းကြီးငယ်လေး ဖြစ်နေမည်ဟု မထင်မှတ်ထားခဲ့ပေ။
"တာအိုမိတ်ဆွေ။ ခဏနေပါဦး။" ခူကျင်းက အလျင်အမြန် လက်ကာပြလိုက်သည်။
လီတိုင်ယွမ်က ခြေလှမ်းရပ်တန့်သွားပြီး သူ့ကို ကြည့်လိုက်သည်။ သူ၏ပုံစံမှာ တည်ငြိမ်အေးဆေးနေပြီး အလျင်လိုနေသည့်ပုံ မပေါ်ပေ။
ထို့နောက်တွင်တော့ ခူကျင်းထံမှ မည်သည့်စကားမှ ဆက်မထွက်လာတော့။
"..." လီတိုင်ယွမ် မျက်မှောင်ကြုတ်သွား၏။ ရုတ်တရက် သူ၏နားဘေးတွင် လေကိုခွင်းလာသော ဓားသွားနှစ်လက်၏အသံကို ကြားလိုက်ရသည်။
သားအမိ တာအိုဓားနှစ်လက်က လီတိုင်ယွမ်၏ နှလုံးနှင့် ဦးခေါင်းဆီသို့ တိုက်ရိုက်ထိုးစိုက်လာသည်။ သို့သော် သူက လက်ချောင်းနှစ်ချောင်းဖြင့် ခေါက်ထုတ်လိုက်ပြီး ဆွံ့အသွားကာ ပြောလိုက်သည်။
"မင်းရဲ့ ဒီဓားနှစ်လက်နာမည်က တာအိုမိတ်ဆွေနဲ့ ခဏနေပါဦး လား။"
ခူကျင်းက မျက်နှာမပျက် စိတ်မလှုပ်ရှားဘဲ တည်ငြိမ်စွာ ခေါင်းညိတ်ပြလိုက်သည်။ "ဟုတ်တယ်လေ။ စိတ်အာရုံကို မန္တန်ပညာရပ်တွေအပေါ်မှာပဲ အကုန်သုံးထားတော့ တိုက်ခိုက်နိုင်စွမ်းက မကောင်းဘူး။ ဒါကြောင့် ခိုးကြောင်ခိုးဝှက် တိုက်ကွက်လေးတွေပဲ သုံးရတော့တာပေါ့။"
လီတိုင်ယွမ်က ကောင်းကင်ပင်စည်နှင့် မြေကြီးအကိုင်းအခက်ကို လက်ညှိုးထိုးပြကာ ပြောလိုက်သည်။
"မင်းက အခြေအနေကိုနားလည်တဲ့သူလို့ ငါမြင်တယ်။ မင်းဘာသာမင်း ရုပ်သိမ်းမလား။ ငါကိုယ်တိုင် ဖြိုခွဲရမလား။"
ခူကျင်းက လက်ခါပြရင်း ပြောလိုက်သည်။
"လောင်းကြေးထပ်ရဲရင် ရှုံးတာကိုလည်း လက်ခံရမှာပေါ့။"
ထိုသို့ပြောရင်း သူက မတ်တတ်ရပ်ကာ ကောင်းကင်ပင်စည်နှင့် မြေကြီးအကိုင်းအခက်ကို ရုပ်သိမ်းမည့် ပုံစံမျိုး လုပ်သော်လည်း အချိန်ကြာသည်အထိ ဘာမှ မလှုပ်ရှားပေ။
လီတိုင်ယွမ်၏စိတ်ထဲတွင် ရင်းနှီးနေသောခံစားချက်တစ်ခု ရုတ်တရက် ပေါ်လာပြီးနောက် အလျင်အမြန် ခေါင်းလှည့်ကြည့်လိုက်သည်။ ခုနက ခေါက်ထုတ်ခံလိုက်ရသော ဓားနှစ်လက်က သူ၏အနောက်သို့ တိတ်တဆိတ် ပြန်ရောက်နေပြီး ဘာအသံမှ မထွက်ပေ။ ရုတ်တရက် အတွေ့ခံလိုက်ရသောအခါ ထိုဓားနှစ်လက်က ချက်ချင်း တောင့်တင်းသွားပြီး သူခိုးလူမိသွားသကဲ့သို့ ဘာလုပ်ရမှန်းမသိ ရှက်ရွံ့နေပုံပေါက်နေသည်။
"ပြီးပြီလား။ မပြီးသေးဘူးလား။" လီတိုင်ယွမ်၏မျက်နှာမှာ အနည်းငယ် မည်းမှောင်သွားပြီး ပြောလိုက်သည်။ "ဒါကရော ဘာလဲ။"
ခူကျင်းက ရှက်ကိုးရှက်ကန်းဖြင့် ချောင်းအနည်းငယ် ဟန့်လိုက်သည်။
"ငယ်နာမည်တွေပါ။"
ခူကျင်းက သက်ပြင်းချကာ ခေါင်းခါရင်း တင်ပလ္လင်ခွေထိုင်ချလိုက်ကာ မတတ်နိုင်သည့်ဟန်ဖြင့် ပြောလိုက်သည်။ "ကျုပ်ကို ရုပ်သိမ်းခိုင်းဖို့ကတော့ မဖြစ်နိုင်ဘူး။ ခင်ဗျားဘာသာခင်ဗျားပဲ ဖြိုခွဲလိုက်တော့။ ဘာပဲဖြစ်ဖြစ် ကျုပ်မှာလည်း သုံးစရာနည်းလမ်း မရှိတော့ပါဘူး။"
"ဧကရာဇ်၊ ဧကရီ။ ဒီဘုန်းကြီးငယ်လေးက အစွမ်းကုန် ကြိုးစားခဲ့ပါပြီ။"
ရှေ့စကားက လီတိုင်ယွမ်ကို ပြောခြင်းဖြစ်ပြီး နောက်စကားက ဧကရာဇ်နှစ်ပါးကိုပြောခြင်း ဖြစ်သည်။
သူ၏လုပ်ရပ်များက တာအိုဘိုးဘေးများ မြင်စေရန် ပြုလုပ်ခြင်း ဖြစ်သည်။ ခူကျင်းသည် မိမိကိုယ်ကို ပြန်လည်မေးခွန်းထုတ်ကြည့်ရာ ဤအကြိမ်တွင် လိပ်ပြာသန့်သည်ဟု ခံစားရသဖြင့် ဆက်လက် မရုန်းကန်တော့။
"ကောင်းပြီလေ။"
လီတိုင်ယွမ်က လေးကြိုးဆွဲသကဲ့သို့ ကိုယ်ကိုကိုင်းကာ လက်သီးဆုပ်လိုက်ပြီး လက်မောင်းကို လခြမ်းပုံစံ ကွေးကာ မြှားတစ်စင်းကဲ့သို့ ကောင်းကင်ပင်စည်နှင့် မြေကြီးအကိုင်းအခက် အခင်းအကျင်းပေါ်သို့ ပြင်းထန်စွာ ထိုးချလိုက်သည်။
ဝုန်း။ ဧကရာဇ်မြို့တော် တစ်ခုလုံးနှင့် မိုင်တစ်ထောင် ပတ်လည်မှာ တုန်လှုပ်သွား၏။
မြို့သူမြို့သားအားလုံး၏ ထိတ်လန့်နေသော အကြည့်များအောက်တွင် နောက်ဆုံးကျန်ရှိနေသော ကောင်းကင်ပင်စည်နှင့်မြေကြီးအကိုင်းအခက် အကာအကွယ်က အကြိမ်အနည်းငယ် ယိမ်းယိုင်သွားပြီးနောက် လုံးဝပြိုကျပျက်စီးသွားလေပြီ။
တစ်ခဏချင်းအတွင်း။
လူတို့၏စိတ်နှလုံးထဲရှိ ကာကွယ်ရေးစည်းများလည်း ပြိုကျသွားပြီး တွေဝေမှု၊ ကြောက်ရွံ့မှု၊ အကူအညီမဲ့မှု စသည့်အဆိုးမြင်စိတ်များ ပြည့်သွားရာ မူလကတည်းက အားနည်းနေသော ကံကြမ္မာရွှေနဂါး၏ ခန္ဓာကိုယ်ပေါ်ရှိ အကြေးခွံများမှာ ပို၍မှေးမှိန်သွားတော့သည်။
ကောင်းကင်ပင်စည်က တောရိုင်းမြေ၏ ကံကြမ္မာကို ဆက်လက်၍ မကာကွယ်နိုင်တော့သဖြင့် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေခဲ့ရသော ကောင်းကင်ပြည်နယ်၏ရွှေနဂါးသည် ချက်ချင်း ပါးစပ်ကြီးဟကာ တောရိုင်းမြေ၏ အားနည်းနေသော ရွှေနဂါးကို သမုဒ္ဒရာရေကို မျိုချသကဲ့သို့ စုပ်ယူဝါးမျိုလိုက်သည်။
"ဧကရာဇ် ဘယ်မှာလဲ။ ဘာလို့ မျက်လုံးဖွင့်ပြီးတော့ လူ့လောကကို မကြည့်တာလဲ။ မဟာကျင်းတိုင်းပြည် ဘေးဒုက္ခရောက်နေပြီလေ။"
"သူ့ကို မြန်မြန် တားပေးပါ!"
"ဧကရာဇ်က တကယ်ပဲ အထွတ်အထိပ်မှာ မရှိတော့ဘဲနဲ့ ခေတ်ရေစီးကြောင်းရဲ့ စွန့်ပစ်တာကို ခံလိုက်ရပြီလား။"
"ဧကရာဇ်..."
မြို့သူမြို့သားအားလုံးက ဧကရာဇ်၏အမည်နာမကို ဟစ်အော်ခေါ်တမ်းတနေကြသည်။
လမ်းအဆုံး၌ အစိမ်းရောင်ဝတ်ရုံနှင့်လူငယ်တစ်ဦး ဖြည်းညင်းစွာ လျှောက်ထွက်လာပြီး လီတိုင်ယွမ်နှင့် အဝေးမှ ရင်ဆိုင်ရပ်လိုက်သည်။
"ဧကရာဇ်က ပြောဖူးတယ်။ တကယ်လို့ တစ်နေ့ မဟာကျင်း ဘေးဒုက္ခရောက်ပြီး ဧကရာဇ်နှစ်ပါးစလုံး မဖြေရှင်းနိုင်တဲ့အခြေအနေမျိုး ကြုံလာခဲ့ရင် ကျုပ်က နောက်ဆုံးဝှက်ဖဲပဲတဲ့။"
"အခုအချိန်အခါက တော်တော်လေး သင့်တော်နေပြီလို့ ထင်တယ်။"
လီတိုင်ယွမ်က ရပ်တန့်သွားပြီး ရှေ့မှလူကို စူးစိုက်ကြည့်လိုက်သည်။ သာမန်ရုပ်ရည်သာရှိသော ဤလူငယ်ထံမှ ပြင်းထန်သော ခြိမ်းခြောက်မှုကို အကြောင်းမဲ့သက်သက် ခံစားလိုက်ရပြီး မေးလိုက်သည်။
"မင်းက ဘယ်သူလဲ။"
လူငယ်က ပြုံးလျက် ဖြေလိုက်သည်။ "တွမ့်ယာပါ။"
"ကောင်းကင်အဆင့်စာရင်းမှာ ပထမရပြီးတော့ သူရဲကောင်းအားလုံးကို ဖိနှိပ်နိုင်ခဲ့တဲ့သူက မင်းလား။" လီတိုင်ယွမ် ချက်ချင်း သတိထားသွားသည်။
ဂိုဏ်းဂဏမရှိ၊ အဆက်အနွယ်မရှိသည့် တကိုယ်တည်း ကျင့်ကြံသူတစ်ဦးအနေဖြင့်၊ မိမိကိုယ်ပိုင် ကြိုးစားအားထုတ်မှုဖြင့် ပါရမီရှင်များကို ဖြတ်ကျော်ကာ ကောင်းကင်အဆင့်စာရင်း၏ ပထမနေရာကို ခိုင်မာစွာ ရယူနိုင်ခဲ့သူဖြစ်ရာ ဤလူမှာ သေချာပေါက် သာမန်မဟုတ်ပေ။
ထိုအချိန်မှာပင်။
နန်းတော်အတွင်းပိုင်းရှိ တားမြစ်နယ်မြေ ပွင့်ထွက်သွားပြီး ကမ္ဘာတစ်ခုက ဟာကွက်တစ်ခု ပွင့်ဟလာကာ ထိုအထဲမှ ကောင်းကင်နှင့်မြေကြီးကို တုန်လှုပ်စေသော အရှိန်အဝါလှိုင်းများ ပေါက်ကွဲထွက်ပေါ်လာသည်။
အချိန်-နေရာလွတ် မြစ်ကြီးတစ်စင်းက သမုဒ္ဒရာရေလှိုင်းများကဲ့သို့ အဆုံးအစမရှိ ကြီးမားကျယ်ပြန့်စွာ ကောင်းကင်နှင့် မြေကြီးကြားတွင် ဖြတ်သန်းစီးဆင်းသွားသည်။
[ကောင်းကင်ထောက်တိုင်နယ်ပယ်၏ တိုးတက်မှုအဆင့် - ၅၉၆%...]
[ကောင်းကင်ထောက်တိုင်နယ်ပယ်၏ တိုးတက်မှုအဆင့် - ၅၉၇%...]
[ကောင်းကင်ထောက်တိုင်နယ်ပယ်၏ တိုးတက်မှုအဆင့် - ၅၉၈%...]
…
[၅၉၉%]
[တွီ]
[ဂုဏ်ယူပါတယ်။ လက်ခံသူ၏ မဟာတာအို ပြည့်ဝသွားပါပြီ။ အဓိကမစ်ရှင် ကောင်းကင်ဘုံသို့ သွားရာလမ်းကို ပိတ်သိမ်းလိုက်ပါပြီ။ နောက်ဆုံးခြေလှမ်းကို လက်ခံသူကိုယ်တိုင် လှမ်းတက်ပါ]
[တွီ]
[နတ်ဘုရားအနှစ်သာရ စုဆောင်းခြင်း အပိုမစ်ရှင်ကို အဓိကမစ်ရှင်အဖြစ် အဆင့်မြှင့်တင်လိုက်ပါပြီ။ ပစ်မှတ်တိုးတက်မှုအဆင့်မှာ ၆/၁၀၀ ဖြစ်သည်]
စနစ်၏အသိပေးသံများ ဆက်တိုက် ထွက်ပေါ်လာသည်။
အနက်ရောင်ဝတ်ရုံ လွင့်ခါနေပြီး မျက်လုံးကို နက်ရောင်ပိုးစဖြင့် စည်းနှောင်ထားသော လူငယ်တစ်ဦးက နန်းတော်တားမြစ်နယ်မြေအတွင်းမှ ဟင်းလင်းပြင်ကိုနင်းကာ ထွက်ပေါ်လာသည်။ သူ၏ခြေလှမ်းတိုင်းသည် ကမ္ဘာဦးဘီလူးကြီးက ဖရိုဖရဲကမ္ဘာကြီးကို ခွဲထုတ်ပြီး ကမ္ဘာသစ်ဖန်တီးနေသကဲ့သို့ ခံစားရစေသည်။
တိုးတက်မှု ၅၉၉%ရှိသော ပြီးပြည့်စုံသည့်အခြေအနေ ကောင်းကင်နယ်ပယ်သို့ သက်သေပြရန် နောက်ဆုံး ၁% သာ လိုတော့သည်။
"တစ်နှစ်နဲ့ ခြောက်လ... နောက်ဆုံးခြေလှမ်းကို လှမ်းနိုင်ခဲ့ပြီပဲ။"
"ကျင့်စဉ်တွေ ပြည့်ဝသွားပြီဆိုတော့ တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လို့ရပြီ။"
အနက်ရောင်ဝတ်ရုံနှင့်လူငယ်၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လွင်နေ၏။ သူက အကြော ဆန့်လိုက်ရာ အရိုးအဆစ်များမှ ပဲလှော်ပေါက်သကဲ့သို့ တဖြောက်ဖြောက် အသံများ ထွက်ပေါ်လာသည်။ သူ၏ လှုပ်ရှားမှုများကြားတွင် ကောင်းကင်ယံရှိ တိမ်မည်းများ ချက်ချင်းပင် လွင့်စင်သွားပြီး နေသာနေသော ကောင်းကင်ယံတွင် လျှပ်စီးမြွေများ သိပ်သည်းစွာ သွားလာနေကြသည်။
သူ၏လှုပ်ရှားမှုတိုင်းက လောကကြီးကို ခံနိုင်ရည်မရှိအောင် ဖြစ်စေသည်။
...
...
ဤမြင်ကွင်းကို မြို့ထဲရှိ ပြည်သူများ ရှင်းလင်းစွာ မြင်တွေ့လိုက်ရသည်။ မူလက ထိတ်လန့်နေသူများ ရုတ်တရက် ခေါင်းဆောင်ကို ရှာတွေ့သွားသကဲ့သို့ အလွန်တက်ကြွသော မျက်နှာထားများဖြင့် အစုလိုက် အပြုံလိုက် ဒူးထောက်ချကာ ကျယ်လောင်စွာ ဟစ်ကြွေးကြသည်။
"ဧကရာဇ်ပဲ။ ဧကရာဇ် ကိုယ်ထင်ပြပြီ။ ဧကရာဇ် သက်တော်ရာကျော် ရှည်ပါစေ။"
"ဧကရာဇ် သက်တော်ရာကျော် ရှည်ပါစေ။"
...
တွမ့်ယာက ကောင်းကင်နှင့်မြေကြီးကို ပြိုကွဲစေနိုင်လောက်သည့် ကောင်းကင်ယံမှပုံရိပ်ကို လှည့်ကြည့်ကာ အေးအေးဆေးဆေး ပြုံးလိုက်သည်။ "ကျုပ် ဝင်ပါဖို့ မလိုတော့ဘူး ထင်ပါတယ်။ မဟာမိတ်ခေါင်းဆောင်လီ... ကံကောင်းပါစေလို့ ဆုတောင်းလိုက်တော့။"
ထိုသို့ပြောပြီးနောက် တွမ့်ယာက လှည့်ထွက်သွားသည်။
လီတိုင်ယွမ်က တွမ့်ယာကို ဂရုမစိုက်တော့ဘဲ သူ၏မျက်နှာထားမှာ အလွန်တရာပင် လေးနက်သွားပြီး ယခင်ကတစ်ခါမှမဖြစ်ဖူးအောင် တည်ကြည်လေးနက်နေသည်။
ထိုအနက်ရောင်ဝတ်ရုံနှင့်လူငယ် ထွက်ပေါ်လာသည့် အခိုက်အတန့်တွင် ပြည်သူများ၏ ယုံကြည်မှုမှာ အမြင့်ဆုံးအထွတ်အထိပ်သို့ ရောက်ရှိသွားသည်။ တောရိုင်းမြေ၏ ကံကြမ္မာရွှေနဂါး ချက်ချင်း နာလန်ထူလာပြီး ပြင်းထန်ရက်စက်စွာဖြင့် စစ်တုရင်တာအို၏ ချည်နှောင်မှုမှ တိုက်ရိုက်ရုန်းထွက်လိုက်သည်။ ထို့နောက်တွင်တော့ ကောင်းကင်ပြည်နယ်၏ ကံကြမ္မာကို ပြန်လည်၍ မျိုချပစ်လိုက်သည်။ နဂါးမျက်လုံးများမှာ သွေးကဲ့သို့ နီရဲနေပြီး နတ်ဆိုးဝင်ပူးသွားသကဲ့သို့ ဖြစ်နေသည်။
"အသုံးမကျတဲ့ကောင်... နောက်ဆုံးတော့ ဧကရာဇ်ကိုယ်တိုင် ထွက်လာပြီး ရှင်းလင်းပေးရတော့တာပဲ။" ခူကျင်းက မြေပြင်ပေါ်တွင်ထိုင်လျက် ဘေးတွင်မှောက်နေသော ဝူဟွေ့ကို နှိမ်ချသော အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်သည်။
ဝူဟွေ့က အနက်ရောင်ဝတ်ရုံနှင့်လူငယ်ကို ငေးမောကြည့်နေပြီး တံတွေးမျိုချလိုက်သည်။ ခူကျင်း၏ လှောင်ပြောင်မှုကို လုံးဝဂရုမစိုက်တော့ဘဲ တုန်ယင်သောအသံဖြင့် ပြောလိုက်သည်။
"လွန်ခဲ့တဲ့(၆)လကနဲ့ယှဉ်ရင် ဧကရာဇ်က ပိုသန်မာလာတယ်။ သူ့ရှေ့မှာ ငါက သမုဒ္ဒရာကြီးထဲက ရေတစ်ပေါက်လိုပဲ။ ဧကရာဇ်က ကောင်းကင်နယ်ပယ်ကို ရောက်သွားပြီလား။"
အမြဲတမ်း ခိုင်မာသောတာအိုစိတ်ထားရှိသည့် ဝူဟွေ့ထံမှ ဤကဲ့သို့သော ခံစားချက်မျိုးကို ပထမဆုံး အကြိမ် မြင်တွေ့လိုက်ရသဖြင့် ခူကျင်းလည်း နောက်ပြောင်ချင်စိတ် ပျောက်ကွယ်သွားပြီး လေးနက်စွာဖြင့် ခေါင်းခါရင်း ပြောလိုက်သည်။
"မသိဘူး။ ဒါပေမဲ့ ငါတို့ နားလည်နိုင်တဲ့အဆင့်တော့ သေချာပေါက် မဟုတ်ဘူး။"
...
…
မြို့ပြင်တွင်။
အားလုံး ရှုပ်ပွနေပြီး ကောင်းကင်ထောက်တိုင်နယ်ပယ် (၁၀)ဦးမှာ ဟိုဘက်ဒီဘက် လဲကျနေကြသည်။ အချို့က ချုပ်နှောင်ခံထားရပြီး အချို့က ပြင်းထန်စွာ ဒဏ်ရာရကာ မထနိုင်တော့ပေ။ မြို့ရိုးပေါ်တွင် လှံဖြင့် အစိုက်ခံထားရသူလည်း ရှိနေသည်။
ချင်းဖုန်းဟော်က လှည့်ကြည့်ကာ သက်သာရာရသည့် အပြုံးဖြင့် ပြောလိုက်သည်။ "ဧကရာဇ်က နောက်ဆုံးတော့ တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာပြီပဲ။ ငါတို့တွေ စိတ်အေးလက်အေးနဲ့ လှဲနေပြီးတော့ ကယ်ဆယ်ရေးကို စောင့်လို့ရပြီ။"
အရာရှိဝန်ကြီး လျန်ချွီက မြေပြင်ပေါ်မှောက်လျက် အသက်ရှူကျပ်စွာ ပြောလိုက်သည်။ "ဒီအဘိုးကြီးက တကယ်ကို အရှက်မရှိတာပဲ။ တိုင်းပြည်မဏ္ဍိုင်ကြီးဖြစ်ရက်နဲ့ သူများအရိုက်ခံရတာ ခွေးသေလို ဖြစ်နေတာကိုများ။ မင်းပုံစံကြည့်ရတာ ဂုဏ်ယူနေသေးတယ်ပေါ့။"
အမြဲတမ်း ရေခဲတုံးဓာသခင်မဟု လူသိများသော စုချင်ချိုးသည် ဧကရာဇ်ကို မြင်လိုက်ရသည့် အခိုက်အတန့်တွင် မျက်လုံးထဲမှအေးစက်မှုများ ချက်ချင်း အရည်ပျော်သွားပြီး သူ၏ကိုယ်ပိုင်ဟန်ဖြစ်သော ချစ်စရာကောင်းပြီး ငတုံးပုံစံလေး ပေါ်လာကာ တဟီးဟီးဖြင့် ရယ်မောနေသည်။
"ဟီးဟီး... သခင်လေးက လောကမှာ ပြိုင်ဘက်ကင်းပဲ။ ဟီးဟီး... သခင်လေး..."
ဝူတျဲက ဘာမှမပြောသော်လည်း မျက်လုံးထဲမှ အလင်းရောင်များက အလွန်တောက်ပပူပြင်းနေသည်။ ရင်ထဲလှိုင်းထန်နေပြီး နှလုံးသားနှင့် မျက်လုံးထဲတွင် လောကကြီးကို အရောင်အဆင်း ကင်းမဲ့သွားစေနိုင်သော ထိုပုံရိပ်လေး တစ်ခုတည်းသာ ရှိနေတော့သည်။
ဒဏ္ဍာရီထဲမှ ပြန်လည်၍ရောက်ရှိလာသော သူရဲကောင်းတစ်ဦးကဲ့သို့ပင် ယခုအချိန်တွင် မည်သူကမျှ မုန့်ချင်းကျိုး နှင့် ယှဉ်ပြိုင်နိုင်မည် မဟုတ်ပေ!
...
…
ပစ္စုပ္ပန်ရွာတွင်။
အနီရောင်ဝတ်စုံနှင့် ပြိုင်ဘက်ကင်းအလှပိုင်ရှင် မိန်းမပျိုက သူ၏ဝမ်းဗိုက်လေးကို ပွတ်သပ်ရင်း ကောင်းကင်ယံကို မော့ကြည့်ကာ နူးညံ့သောအသံဖြင့် ပြောလိုက်သည်။
"အန်းအန်းလေး ကြည့်လိုက်ပါဦး... အဲဒါ သမီးရဲ့ဖေဖေပဲ။ တကယ့်ကို မိုးထိအောင် မြင့်မားတဲ့ ယောက်ျားကောင်း တစ်ယောက်ပေါ့။"
အစအဆုံး သူသည် အလွန်တည်ငြိမ်နေခဲ့ပြီး ကိုယ်ထင်ပင် မပြခဲ့ပေ။
အကြောင်းမှာ ခင်ပွန်းဖြစ်သူက မဟာကျင်းနှင့် သူတို့သားအမိနှစ်ယောက်ကို ဘေးကင်းအောင် ကာကွယ်ပေးမည်ဟု ပြောခဲ့ဖူးသောကြောင့်ပင်။ သူ ကတိဖျက်မည် မဟုတ်ကြောင်း လျူလီ ယုံကြည်ထားသည်။
...
…
ဧကရာဇ်မြို့တော် ပတ်လည်တွင် ကျဆင်းနေသော တောင်နှင့်မြစ်စစ်တုရင်ရုပ် (၉)ရုပ်သည် လုံးဝ ပျောက်ကွယ်သွားပြီး ကောင်းကင်ပြည်နယ်ဘက်မှ ပျံတက်လာသော ကံကြမ္မာရွှေနဂါးမှာ ထိန်းချုပ်မှုကင်းမဲ့ကာ ပြိုကွဲသွားသည်။
လီတိုင်ယွမ်က သူ၏စိတ်အာရုံနှင့် စွမ်းအားအားလုံးကို ပြန်လည်ရုပ်သိမ်းလိုက်ပြီး မိမိကိုယ်ကို အမြင့်ဆုံး အထွတ်အထိပ် အခြေအနေသို့ ရောက်ရှိစေလိုက်သည်။
အရှိန်အဝါများ တစ်ဟုန်ထိုး မြင့်တက်လာပြီးနောက် ကောင်းကင်နယ်ပယ်တစ်ပိုင်းကို ကျော်လွန်ကာ ကောင်းကင်နယ်ပယ်သို့ အကန့်အသတ်မရှိ ချဉ်းကပ်သွား၏။
ဤအခိုက်အတန့်တွင် လီတိုင်ယွမ်က မဟာကျင်းဧကရာဇ်၏ အခြေအနေကိုလည်း မြင်တွေ့နိုင်ခဲ့သည်။ သူလည်း ကောင်းကင်နယ်ပယ်သို့ သက်သေပြရန်တံခါးဝတွင် တစ်ဆို့နေပြီး တံခါးကိုချိုးဖျက်ဝင်ရောက်ရန် အနည်းငယ်မျှသာ လိုတော့သည်။
သူတို့နှစ်ဦး၏ အခြေအနေမှာ အတူတူနီးပါးပင် ဖြစ်သည်။ သူက ကောင်းကင်ပြည်နယ်၏ ကံကြမ္မာ ၈၀%ကို အားကိုး၍သာ ဤအဆင့်သို့ သီသီလေး ရောက်ရှိလာခြင်း ဖြစ်သော်လည်း တကယ်တမ်းတွင် သူတို့နှစ်ဦး၏ အခြေအနေမှာ ကွာခြားမှု သိပ်မရှိလှပေ။
ရုတ်တရက်။
အနက်ရောင်ဝတ်ရုံနှင့် လူငယ်က ခေါင်းလှည့်လာသည်။ အနက်ရောင်ပိုးစ တစ်လွှာခြားနေသော်လည်း အကြည့်တစ်ချက်က လီတိုင်ယွမ်ကို စိုက်ကြည့်နေသကဲ့သို့ ခံစားရသည်။ သို့သော် ၎င်းမှာ အထင်အမြင် လွဲမှားမှုသာ ဖြစ်သည်။ သူ့အပေါ်သို့ တကယ်တမ်း ကျရောက်လာသည်မှာ ချောက်နက်ကြီးကဲ့သို့ နက်ရှိုင်းသော နတ်ဘုရားအာရုံတစ်ခုပင်။
ခဏချင်းအတွင်းမှာပင်။
လီတိုင်ယွမ်၏ မျက်စိရှေ့မှ အရာအားလုံး ဝေဝါးမှုန်မှိုင်းသွားသလို ခံစားလိုက်ရသည်။ မြင်ကွင်းအားလုံး အခြေခံအရောင်သုံးရောင်အဖြစ် ပြောင်းလဲသွားပြီးနောက် ပုံသဏ္ဌာန်ရှိသော အရာအားလုံး ပြိုကွဲသွားကာ အသံအားလုံးသည် မျဉ်းကြောင်းများအဖြစ် ပြောင်းလဲသွားသည်။
ဆိုလိုသည်မှာ မမြင်ရ၊ မကြားရ၊ မထိတွေ့နိုင်တော့ခြင်းပင်။
ကောင်းကင်နှင့်မြေကြီး ပျောက်ကွယ်သွားပြီး ပတ်ဝန်းကျင်မှာ ဟာလာဟင်းလင်း ဖြစ်နေသည်။ ရှေ့တည့်တည့်တွင် အနက်ရောင်ပုံရိပ်တစ်ခု လျှောက်လှမ်းလာသည်သာ ရှိတော့သည်။
ထိုခြေသံမှာ အလွန် ပြတ်သားနေသည်။
ဖျတ်... ဖျတ် ဖျတ်...
လီတိုင်ယွမ်သည် ရေနစ်နေသူတစ်ဦးကဲ့သို့ အသက်ရှူရ ခက်ခဲလာပြီး ခန္ဓာကိုယ်မှာ အလိုအလျောက် တုန်ယင်လာသည်။ သူက အစွမ်းကုန် ကြိုးစား၍ ရှေ့မှလူနှင့် အကြည့်ချင်းဆုံကာ "ကျွန်မ ရှင့်ကို မကြောက်ဘူး" ဟု ပြောချင်နေသည်။
သို့သော် သူက နေမင်းကြီးနှင့် ကြုံတွေ့ရသော ပိုးဖလံတစ်ကောင်ကဲ့သို့ ဖြစ်နေသည်။ အနီးကပ်သွားရန် မဆိုထားနှင့်၊ မျက်လုံးဖွင့်ကြည့်ရန်ပင် မစွမ်းသာတော့ဘဲ ခေါင်းငုံ့ကာ နောက်သို့ ဆက်တိုက် ဆုတ်ခွာနေရသည်။
"ဘာလို့... ဘာလို့ ဒီလောက်တောင် ကွာဟသွားရတာလဲ..."
"ဒီလို မဖြစ်သင့်ဘူး။"
လီတိုင်ယွမ်သည် နောက်သို့ဆုတ်ရင်း ခေါင်းငုံ့ကာ တီးတိုးရေရွတ်နေသည်။
"မလာနဲ့။ ကျွန်မအနားကို မကပ်နဲ့။ ရပ်နေ။ မလှုပ်နဲ့။"
ပြောရင်းဆိုရင်း။
ရွှေရောင်အလင်းလမ်းမကြီးထဲတွင် တိုအိုပေါင်း သောင်းသိန်းချီ ပေါက်ကွဲထွက်လာပြီး ရေတွက်၍ မရနိုင်သော တာအိုနိယာမများ ဖြစ်ပေါ်ပျက်သုဉ်းကာ အရောင်အသွေး စုံလင်စွာဖြင့် ဟာလာဟင်းလင်းပြင် တစ်ခုလုံးကို လွှမ်းခြုံသွားသည်။
အမျိုးအစားစုံလင်လှသော တာအိုနိယာမများက အကြီးကျယ်ဆုံးနှင့် အခမ်းနားဆုံး အရှိန်အဝါများကို ထုတ်လွှတ်လိုက်ရာ လီတိုင်ယွမ်သောင်းသိန်းချီက တစ်ပြိုင်နက်တည်း တိုက်ခိုက်လိုက်သကဲ့သို့ ဖြစ်နေသည်။
အာရုံမလွင့်၊ စိတ်မလွင့်သော လီတိုင်ယွမ်သည် တောရိုင်းမြေကို ဖြတ်ကျော်တိုက်ခိုက်ပြီး မဟာကျင်း၏ ကောင်းကင်ထောက်တိုင်နယ်ပယ် (၁၀)ဦးကျော်ကို အနိုင်ယူခဲ့စဉ်ကထက် ပို၍ ကြောက်မက်ဖွယ်ကောင်းနေ၏။
ယခုလက်ရှိ သူ၏အခြေအနေဖြင့် ယခင်လမ်းကို ပြန်လျှောက်မည်ဆိုပါက မဟာကျင်းတိုင်းပြည်ရှိ ထိုမဏ္ဍိုင်သည် သူ၏တိုက်ကွက် တစ်ကွက်ကိုပင် ခံနိုင်မည် မဟုတ်ပေ။
ရုတ်တရက်။
လက်သီးတစ်လုံးက တာအိုလမ်းစဉ်သောင်းသိန်းချီကို ဖောက်ထွင်းလာပြီး လီတိုင်ယွမ်၏ ရင်ဘတ် တည့်တည့်သို့ တိုက်ရိုက်ကျရောက်လာသည်။ ရင်အုပ်ရိုးများ ချက်ချင်း ချိုင့်ဝင်သွားပြီး နှလုံးက ရုတ်တရက် ရပ်တန့်ကာ ပေါက်ကွဲသွားလေပြီ။
ဖွတ်။
လီတိုင်ယွမ်၏မျက်နှာမှာ ရဲတက်သွားပြီး သွေးတစ်ပွက် အန်ချလိုက်လေသည်။ သွေးများထဲတွင် နှလုံးအပိုင်းအစများ ရောနှောနေပြီး ယိုင်နဲ့နဲ့ဖြင့် မီတာရာနှင့်ချီ နောက်ဆုတ်သွားရသည်။
မုန့်ချင်းကျိုး၏ မျက်နှာထားမှာ အေးစက်ပြီး ခံစားချက်ကင်းမဲ့နေ၏။ သူက လီတိုင်ယွမ်၏ ဆံပင်များကို ဆွဲကိုင်လိုက်ပြီး အခြားလက်တစ်ဖက်ဖြင့် သူ၏ပါးပြင်ကိုညှစ်ကာ အေးစက်သောအသံဖြင့် ပြောလိုက်သည်။
"ငြိမ်သက်နေတဲ့ရေကန်ကို ဖျက်ဆီးပြီးတော့ အရပ်လေးမျက်နှာရဲ့ ငြိမ်းချမ်းရေးကို နှောင့်ယှက်တာက အဆုံးသတ်ကို မြန်မြန်ရောက်လာစေချင်လို့လား။"
"လီရွှမ်ကျင်း သေဆုံးသွားတာကနေ မင်းရလိုက်တဲ့ သင်ခန်းစာက ဒီလိုအရာမျိုးတွေ လုပ်ဖို့လား။ ကောင်းကင်ပြည်နယ်ရဲ့ ဇာတ်လမ်းက ပြီးဆုံးသွားသင့်တာ ကြာပြီ။ မင်းက သဘောမကျလို့ ရှေ့ဆက်သွားမယ့် လမ်းကို ကိုယ်တိုင် ရှာဖွေနိုင်ပေမဲ့ ဘာလို့ အပြစ်ကင်းတဲ့ပြည်သူတွေနဲ့ စစ်သည်တွေကို မင်းရဲ့ကစားပွဲထဲကို ဆွဲသွင်းရတာလဲ။"
"မင်းက ဒီလောကကြီးကို ကမောက်ကမ လုပ်ချင်တာလား။ ရတယ်။ ဒါပေမဲ့ ဘာလို့ တောရိုင်းမြေရဲ့ ကံကြမ္မာကို ဝါးမျိုချင်ရတာလဲ။ မင်းက ကောင်းကင်တာအိုကို ပြန်လည်နိုးထလာစေဖို့ အဲဒီလောက်တောင် အလောတကြီး ဖြစ်နေတာလာ။"
"ပြောစမ်း၊။ မင်း ဘာတွေ တွေးနေတာလဲ။"
လီတိုင်ယွမ်၏နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာသည်။ ဆံပင်များက ဖရိုဖရဲဖြစ်နေကာ အလွန်တရာ ဝမ်းနည်းစရာကောင်းသော်လည်း လှပနေဆဲ ဖြစ်သည်။ သူက ဟက်ဟက်ပက်ပက် ရယ်မောကာ ပြောလိုက်သည်။ "ရှင် နားမလည်ပါဘူး။"
"ဟုတ်လား။"
မုန့်ချင်းကျိုးက ရုတ်တရက် ရှေ့သို့ ခြေကန်ချက်နှစ်ချက် ဆက်တိုက်ကန်လိုက်ရာ လီတိုင်ယွမ်၏ ခြေသလုံးရိုးများကို ထိမှန်သွားပြီး ကျိုးကြေသွားစေသည်။ အရိုးများက အသားများကို ဖောက်ထွက်လာပြီး အပြင်သို့ ပြူထွက်လာ၏။
ဘုန်း…
လီတိုင်ယွမ်၏ ခြေထောက်နှစ်ဖက်စလုံး ကျိုးသွားသဖြင့် တိုက်ရိုက် ဒူးထောက်ကျသွားသည်။ သို့သော် သူက ခေါင်းကိုမော့ထားဆဲဖြစ်ပြီး ရှေ့မှလူကို စူးစိုက်ကြည့်ကာ ပြောလိုက်သည်။
"ရှင် သိလား... နဝမမြောက် နန်းဆောင်သခင်က ကျွန်မခန္ဓာကိုယ်ကို သိမ်းပိုက်ထားတဲ့ အချိန်တုန်းက ကျွန်မ အမြဲတမ်း သတိရှိနေခဲ့တယ်။ ဘေးကကြည့်နေတဲ့လူတစ်ယောက်လိုပဲ ကြည့်နေလို့ပဲ ရပြီးတော့ ဝင်စွက်ဖက်ခွင့် မရခဲ့ဘူး။ ရှင်နဲ့ ပတ်သက်ခဲ့တဲ့ အသေးအမွှားလေးတွေကအစ ကျွန်မ မှတ်မိနေတယ်..."
ဘုန်း။
စကားပင်ဆုံးအောင် မပြောရသေးခင်မှာပင် လက်သီးတစ်ချက်က သူ၏ဝမ်းဗိုက်ကို ထိုးချလိုက်ရာ ဒန်တျန် လုံးဝ ကွဲကြေသွားလေသည်။
"အဟွတ်... အဟွတ်..." လီတိုင်ယွမ်က ခါးသီးစွာ ပြုံးလိုက်ပြီး ပြောသည်။
"ရှင်က တကယ်ကို ရက်စက်ပြီးတော့ အေးစက်တာပဲ။ မိန်းမလှလေးတွေကို သနားကြင်နာရကောင်းမှန်း နည်းနည်းလေးတောင် မသိဘူး။"
မုန့်ချင်းကျိုး မျက်မှောင်ကြုတ်သွား၏။
သူက လီတိုင်ယွမ်ကို အမှန်တကယ် မသတ်ချင်ပေ။ အခြားအကြောင်းပြချက်မရှိဘဲ လီမိသားစု၏ ဘိုးဘေးဖြစ်သူ လီရွှမ်ကျင်းကို လေးစားသောကြောင့်သာ။
အကြောင်းမှာ သူက လီရွှမ််ကျင်းကို ကတိတစ်ခု ပေးခဲ့ဖူး၍ပင်။ တစ်နေ့နေ့တွင် လီမိသားစုဝင်များ အမှားလုပ်ခဲ့ပါက တစ်ကြိမ်အသက်ချမ်းသာပေးရန်တောင်းဆိုခဲ့ရာ ထိုစဉ်က မုန့်ချင်းကျိုး သဘောတူခဲ့သည်။
သူ၏စိတ်ထဲတွင် သက်ပြင်းချမိသည်။
လီရွှမ်ကျင်း။ လီရွှမ်ကျင်း။ ခင်ဗျားရဲ့တွက်ချက်မှုထဲကို ထပ်ပြီးရောက်သွားပြန်ပြီပေါ့။ ဒီအဘိုးကြီးက တကယ်ကို သရဲတစ္ဆေလို လိုက်နှောင့်ယှက်နေတာပဲ။'
ထိုသို့တွေးမိပြီးနောက်။
"နိုးလာသင့်ပြီ။"
"ဒီကစားပွဲက မင်းမွှေနှောက်လို့ရတဲ့အရာ မဟုတ်ဘူး။"
မုန့်ချင်းကျိုးက အေးစက်သောအသံဖြင့် ပြောလိုက်သည်။
"မင်းလုပ်ခဲ့တာတွေက အရမ်းအောင်မြင်ပြီး ပြီးပြည့်စုံတယ်လို့ ထင်နေတာလား။ တကယ်လို့ မင်းက အဲဒီလို ထင်နေရင်တော့ ငါ ပြောနိုင်တာက... မင်းက စောက်ရမ်းတုံးတာပဲ။"
"ငါ ခန့်မှန်းကြည့်မယ်။ မင်းက ကမ္ဘာပေါင်းစုံတာအိုကို လုယူနိုင်ခဲ့တယ်။ ကောင်းကင်ရဲ့အလိုတော်ကို ဆက်ခံနိုင်ခဲ့တယ်။ ပြီးတော့ ကောင်းကင်ကြည့်ဆောင်ကို မင်းရဲ့အလံတော်အောက်မှာ နေရာအနှံ့ စစ်ကြေညာခွင့် ပေးဖို့ လိုလိုလားလား ဖြစ်စေခဲ့တာတွေက... မင်းက ကောင်းကင်ရဲ့အလိုတော်ကို ဆက်ခံထားတဲ့ မင်းရဲ့အသက်နဲ့ ကောင်းကင်ကြည့်ဆောင်ကို ခြိမ်းခြောက်ခဲ့လို့ မဟုတ်လား။"
"ကောင်းကင်ကြည့်ဆောင် မင်းကို မသတ်ရဲတာက ကောင်းကင်တာအိုရဲ့ပစ်မှတ်ထားတာ ခံရမှာကို ကြောက်လို့။ ပြီးတော့ နယ်မြေနှစ်ခု စောစီးစွာ ပေါင်းစည်းသွားမှာကို ကြောက်လို့ပဲ။ မဟာကျင်းက နောက်ဆုံးမှာ ဧကရာဇ်အဖြစ် နန်းတက်သွားမှာကို ကြောက်လို့လို့ မင်း ထင်နေတာလား။"
ထိုစကားကို ကြားသောအခါ လီတိုင်ယွမ်၏မျက်နှာပေါ်တွင် ပထမဆုံးအကြိမ်အဖြစ် တွေဝေသွားသော အမူအရာ ပေါ်လာပြီး မေးလိုက်သည်။
"မဟုတ်လို့လား။"
မုန့်ချင်းကျိုးက အေးစက်စွာ ပြောလိုက်သည်။
"ငတုံး။"
"တကယ်လို့ ကောင်းကင်ကြည့်ဆောင်က အခုအလုပ်ချင်ဆုံးက နယ်မြေနှစ်ခု ပေါင်းစည်းသွားဖို့လို့ ငါ ပြောရင်ရော။ လောကကြီးကို ပေါင်းစည်းမယ့်သူက ဘယ်သူပဲဖြစ်ဖြစ် မင်း ဘယ်လို ခံစားရမလဲ။"
"နှစ်ပေါင်း သောင်းချီပြီးတော့ လောကကြီးကို လျို့ဝှက်ကြံစည်နေတဲ့ ကောင်းကင်ကြည့်ဆောင်က မင်းရဲ့ စကားနှစ်ခွန်း သုံးခွန်းလောက်နဲ့ ထိန်းချုပ်ခံရမယ်တဲ့လာ။ လူတိုင်းကို ငတုံးလို့ မင်း တကယ် ထင်နေတာလား။"အပိုင်း(၃၆၆) ဝိညာဉ်ဆိုး(၅)ကောင်၊ ဝါးမျိုခြင်းဝိညာဉ်ဆိုး၊ ခွဲထုတ်ခြင်းဝိညာဉ်ဆိုး

"နှစ်ပေါင်း သောင်းချီပြီးတော့ လောကကြီးကို လျို့ဝှက်ကြံစည်နေတဲ့ ကောင်းကင်ကြည့်ဆောင်က မင်းရဲ့ စကားနှစ်ခွန်း သုံးခွန်းလောက်နဲ့ ထိန်းချုပ်ခံရမယ်တဲ့လာ။ လူတိုင်းကို ငတုံးလို့ မင်း တကယ် ထင်နေတာလား။"