← Chapters

အကျပ်အတည်း (၂)

Vol. 74 Ch. 1157

အကျပ်အတည်း (၂)

Vol. 74 Ch. 1157

“ကြယ်နက်လွင်ပြင် ကျောက်ဖြစ်ရုပ်ကြွင်းတောအုပ် Hဇုန်ကနေ သံမဏိထင်းရှူးကုန်းပြင်မြင့်အထိ သတ္တဝါဆန်း အမျိုးအစားပေါင်း ၁၆ မျိုးထက်မက ကြုံခဲ့ရတယ်၊၊ ဒါပေမဲ့ အဆန်းကြယ်ဆုံးကတော့ ဒီနေရာပဲ”

ရှောက နေရာတစ်ခုကို ထောက်ပြလိုက်သည်။

“Gဇုန်ရဲ့ အပိုင်း ၃ မှာ ဖုတ်ကောင်လှိုင်းတွေရဲ့ ဖိအားက လျော့နည်းသွားတယ်လို့ ယာဉ်တန်းအတော်များများဆီက သတင်းရထားတယ်၊၊ မဟုတ်ဘူး… လျော့နည်းသွားတယ်လို့ ပြောတာထက် အမျိုးအစားပေါင်းစုံရှိနေရာကနေ စုန်းလင်းနို့လိုမျိုး မိုးပျံသတ္တဝါတွေ ဒါမှမဟုတ် ကောင်းကင်ကနေ ပစ်ချခံလိုက်ရတဲ့ အင်းဆက်အချို့ပဲရှိတော့တဲ့ ပုံစံမျိုးပြောင်းသွားတယ်၊၊ မြေပြင်က မွန်းစတားလှိုင်းတွေနဲ့ အခြားသတ္တဝါတွေက သိသိသာသာလျော့နည်းသွားတယ်၊၊ ငါ့အမြင်အရ ဒီလိုအကူးအပြောင်းက အရမ်းထူးဆန်းတယ်”

“ဒါပေမဲ့ အနက်ရောင်ကျွန်းပြားကျဆုံးသွားတဲ့ နေရာကို ဗဟိုပြုပြီး အချင်းဝက်တစ်ခု ဆွဲကြည့်မယ်ဆိုရင်တော့...”

သူက ဟိုလိုဂရမ်မြေပုံပေါ်တွင် လက်ညှိုးဖြင့် မျဉ်းကွေးတစ်ခုဆွဲလိုက်သည်။ ဤအတိုင်းအတာအတွင်း၌ မွန်းစတားလှိုင်းအမျိုးအစားများနှင့် ရိုက်ခတ်မှုနယ်ပယ်များသည် သိသာထင်ရှားစွာ ကွဲပြားခြားနားသော ဝိသေသလက္ခဏာများကို ပြသနေသောကြောင့် လူအနည်းငယ်က မျက်မှောင်ကြုတ်လိုက်ကြသည်။

“အနက်ရောင်ကျွန်းပြားရဲ့ လွှမ်းမိုးမှုနယ်ပယ်က အကန့်အသတ်ရှိတယ်၊၊ အဲဒီသတ္တဝါက ရွေ့လျားနေပေမဲ့ အခြားနေရာတွေက နှောင့်ယှက်မှုတွေကတော့ ဒီသတ္တဝါကြောင့် ဖြစ်ချင်မှဖြစ်မှာ”

ဗိုလ်ချုပ်လီရှန်းက လေးနက်သောအသံဖြင့် ပြောလိုက်သည်။

“ဒါဆို ဒုတိယမြောက် S-Class မွန်းစတားရှိနေတာလား”

ကျန်းဝေကောင်းက ချက်ချင်းမေးသည်။

“အဓိပ္ပာယ်ကတော့ ရှင်းပါတယ်”

ထိုအချိန်တွင် အနန္တမဟာမိတ်အဖွဲ့မှ တစ်ဦးက ဝင်ပြောသည်။ သူကတော့ ချန်ဆီရွှမ်၏အနားတွင်ရှိနေသည့် ကျန်းရှု့ဝေဖြစ်ပြီး သဲပုံစံငယ်မြေမျက်နှာသွင်ပြင်၏ နောက်ဘက်အခြမ်းကို ထောက်ပြလိုက်သည်၊၊

“ကော်လိုရာဒိုချောက်နက်ကြီးထဲက ထွက်လာကတည်းက ဒီနေရာက ဧရိယာအားလုံးဟာ တစ်ပြိုင်နက်တည်းတိုက်ခိုက်ခံနေရတယ်၊၊ ဒါက ကျွန်မတို့ကို ဝိုင်းရံထားတဲ့ S-Class အနည်းဆုံး ၄ ကောင်ကနေ ၅ ကောင်အထိ ရှိနေပြီး ကျွန်မတို့ နေ့ဘက်စစ်ကူပြောင်းရွှေ့တဲ့အချိန်မှာ ထူးဆန်းတဲ့ ပုံစံခွက်တစ်ခုအတိုင်း ဖုတ်ကောင်လှိုင်းတွေနဲ့ တိုက်ခိုက်နေတာကို ညွှန်ပြနေတယ်၊၊ ဒါမှမဟုတ်ရင် အနက်ရောင်ကျွန်းပြားအပါအဝင် ထူးဆန်းတဲါသတ္တဝါအားလုံးက ပေါင်းစည်းထားတဲ့ ကွပ်ကဲမှုတစ်ခုအောက်မှာ ရှိနေတာပဲ”

“မှန်တယ်၊၊ ကျွန်မတို့အားလုံးလည်း ဒီလိုပဲ ယူဆတယ်” ချန်ဆီရွှမ်ကလည်း ထိုအချိန်တွင် ဝင်ပြောသည်။

“ယုတ္တိဗေဒအရဆိုရင် ဒီသွေးနီရောင်သတ္တဝါတွေက မှောင်မိုက်တဲ့ညတွေမှာ ပိုပြီးရူးသွပ်လာရမှာလေ၊၊ ဒါပေမဲ့ မွန်းစတားလှိုင်းတွေက နေ့ဘက်မှာ ပေါ်လာတယ်၊၊ ဒါက ပထမဆုံးပြဿနာပဲ”

“ငါတို့ လျှိုမြောင်ထဲကနေ အောင်အောင်မြင်မြင်ထိုးဖောက်လာနိုင်ပြီးတဲ့နောက် မရပ်မနားတိုက်ခိုက်နေတဲ့ ဖုတ်ကောင်လှိုင်းတွေက ရုတ်တရက် ပုံမှန်နှောင့်ယှက်မှုတွေဖြစ်လာတယ်၊၊ ဒါက ဒုတိယမြောက်ပြဿနာပဲ”

ကျန်းယွမ်ကလည်း ထပ်ပြောသည်။

“ပြီးတော့ တတိယမြောက်ပြဿနာလည်း ရှိသေးတယ်”

စွမ်းအားဝတ်စုံကို ဝတ်ဆင်ထားသည့် ရှီတိယွမ်က လက်ပိုက်လျက် ဟိုလိုဂရမ်အတွင်းမှနေ၍ စူးရှသောအသံဖြင့် ပြောလိုက်သည်။

“ငါတို့ ညဘက် အနားယူချိန်ကျရင် သူတို့လည်း နားတယ်၊၊ ငါတို့ ချီတက်တာနဲ့ မွန်းစတားလှိုင်းက ချက်ချင်းရောက်လာတာပဲ၊၊ ဒါက တမင်ဟာသလုပ်နေသလိုပဲ”

ဗိုလ်ချုပ်လီရှန်းက အနည်းငယ်တွေးလိုက်ပြီး “သူတို့က ငါတို့ရဲ့ လှုပ်ရှားမှုတွေကို သိနေပြီး ငါတို့ကို တမင်ကစားနေသလိုပဲ”

“ဒါပေမဲ့ ငါနားမလည်ဘူး”

ဗိုလ်ချုပ်ကျန်းဝေကောင်းက ရှုပ်ထွေးနေသောမျက်နှာဖြင့် အနန္တမဟာမိတ်အဖွဲ့နှင့် ရှောရှိရာဘက်သို့ ကြည့်လိုက်သည်၊၊

“အဲဒီကမ္ဘာ့အဆင့်က မြောက်အမေရိကတိုက်မှာရှိနေသေးတယ်ဆိုရင် ဘာလို့ထွက်လာပြီး ငါတို့အားလုံးကို တစ်ခါတည်းအပြတ်မရှင်းပစ်တာလဲ၊၊ အခု အဲဒီသတ္တဝါတွေက စစ်ဗျူဟာတွေပါ သုံးနေကြတာလား”

ဗိုလ်ချုပ်လော့သည် စစ်ဆင်ရေးခန်းမအတွင်း၌ နောက်ထပ်စီးကရက်တစ်လိပ်ကို ထပ်မံမီးညှိလိုက်သည်။ သူ၏ ရာသီဥတုဒဏ်ခံထားရပြီး အရေးအကြောင်းများထင်နေသည့် မျက်နှာထံမှ မီးခိုးငွေ့များ ထွက်ပေါ်လာသည်။ သူသည် စစ်ဆင်ရေးပြမျက်နှာပြင်ကြီးကို မျက်မှောင်ကြုတ်ကြည့်ကာ ဖြည်းညှင်းစွာ ပြောလိုက်သည်။

“စည်းကမ်းရှိမှု၊ ထိန်းချုပ်မှု၊ ဒီလိုနာမဝိသေသနတွေကို ဒီသတ္တဝါတွေအပေါ် သုံးနှုန်းပြီး မျှော်စင်လူသားတွေရဲ့ ယဉ်ကျေးမှုရှုထောင့်ကနေ ကြည့်မယ်ဆိုရင်တော့ ဒီထိပ်တန်းကွပ်ကဲမှုနောက်ကွယ်မှာ မဟာဗျူဟာမြောက်ရည်ရွယ်ချက်ရှိကိုရှိရမယ်”

ထို့နောက် သူက ခေါင်းညိတ်ပြသည်။

“အနန္တမဟာမိတ်အဖွဲ့နဲ့ ယူတိုးပီးယာရဲ့ ဆိုလိုရင်းက ရှင်းရှင်းလေးပဲ၊၊ ငါတို့ မလှုပ်ရှားသရွေ့ သူတို့ တိုက်ခိုက်မှာမဟုတ်ဘူး၊၊ ဒါပေမဲ့ ငါတို့ ချီတက်တာနဲ့ မွန်းစတားလှိုင်းက ရပ်မှာမဟုတ်ဘူး၊၊ ဒီလိုကြောင့်မို့လို့လည်း ညမိုးချုပ်သွားတဲ့အခါ ဘာမှပေါ်မလာတာပဲ၊၊ ဒါက ထူးဆန်းတဲ့သတ္တဝါတွေရဲ့ အလေ့အထကြောင့်မဟုတ်ဘဲ ငါတို့ရဲ့ အလေ့အထကြောင့်ပဲ၊၊ ဒီသတ္တဝါတွေက ငါတို့ကို အချိန်ဆွဲနေတာ... သူတို့က...”

ဗိုလ်ချုပ်လော့က မီးခိုးငွေ့များကို အားပါပါမှုတ်ထုတ်လိုက်ပြီး သူ၏မျက်လုံးများက လင်းလက်သွားသည်၊၊

“ထိပ်တန်းအမဲလိုက်သတ္တဝါတွေ ရောက်လာမှာကို စောင့်နေကြတာပဲ”

သူ့စကားအဆုံးတွင် မြင်ကွင်းတစ်ခုလုံး ချက်ချင်း တိတ်ဆိတ်သွားသည်။ တူညီသောမဟာမိတ်အဖွဲ့၊ အီတာနယ်ဒေးယာဉ်တန်းနှင့် အခြားကြီးမားသော ယာဉ်တန်းအဖွဲ့ပေါင်းများစွာမှ ခေါင်းဆောင်များ၏ မျက်နှာထက်တွင် မွန်းကျပ်သည့်အမူအရာများဖြစ်ပေါ်လာကြသည်။

ဗိုလ်ချုပ်လီရှန်းက မျက်လုံးပင့်ကာ ရှောကို ကြည့်လိုက်သည်။

“ကပ္ပတိန်ရှော၊၊ ဒါဆို ခုနက မင်းမပြောရသေးတဲ့ အဆိုပြုချက်က ဘာလဲ”

လူတိုင်း၏ အကြည့်က သူ့ထံသို့ ရောက်ရှိသွားသည်။

ရှောက ထိုအချိန်တွင် စကားဆိုလိုက်သည်။

“ငါတို့မှာ မဟာဗျူဟာနှစ်ခုရှိပါတယ်”

သူက မြေမျက်နှာသွင်ပြင်မြေပုံပေါ်တွင် နယ်ပယ်တစ်ခုကို အလျင်အမြန်မှတ်သားလိုက်သည်။

“လက်ရှိ တည်နေရာကနေ ကြည့်ရင် မြောက်အမေရိက TC1765 အရှေ့ဘက်လိုင်း ရထားလမ်းပိုင်းရဲ့ အနီးဆုံးနေရာကို ရောက်ဖို့ ကီလိုမီတာ ၁၅၀ ခန့် လိုသေးတယ်၊၊ ယာကီလိုတောင်တန်းကို ပတ်ပြီး မြေပြန့်လမ်းကနေ သွားမယ်ဆိုရင်တော့ အနည်းဆုံး ကီလိုမီတာ ၂၀၀ ထက်မနည်းဘူး၊၊ လက်ရှိအရှိန်အတိုင်း ဆက်သွားရင်တောင် ငါတို့ရဲ့ ခဲယမ်းမီးကျောက်တွေက တောင့်ခံနိုင်မှာ မဟုတ်ဘူး၊၊ ဥပမာ- သံမဏိအစောင့်တပ်ရင်း ၁၃၊ ၂၂တွေရဲ့ လက်နက်အင်အားဖြန့်ကျက်မှုအရ စွမ်းအင်လက်နက်နဲ့ ရွေ့လျားစွမ်းအင်လက်နက်အချိုးက ၆၀ ရာခိုင်နှုန်းနဲ့ ၄၀ ရာခိုင်နှုန်းလောက် ရှိပါတယ်၊၊ စွမ်းအင်လက်နက်က အချိုးအစားပိုများပေမဲ့ အဓိကအားဖြင့် စွမ်းအားမြင့်ယာဉ်တွေ၊ မီကာတွေနဲ့ သင်္ဘောတွေပေါ်မှာပဲ တပ်ဆင်ထားတာပါ၊၊ သာမန်စစ်သည်တွေရဲ့ လေဆာသေနတ်တွေရဲ့ စွမ်းအားကတော့ သတ္တဝါတွေရဲ့ ဇီဝစွမ်းအင်ဒိုင်းကို ရင်ဆိုင်တဲ့နေရာမှာ မျှော်မှန်းထားသလောက်ဖြစ်မလာပါဘူး၊၊ ဒါကြောင့် ငါတို့ရဲ့ ရွေ့လျားစွမ်းအင်လက်နက် ခဲယမ်းတွေ ကုန်သွားတာနဲ့ အနည်းဆုံး တိုက်ခိုက်ခုခံနိုင်စွမ်း ၅၀ ရာခိုင်နှုန်း ဆုံးရှုံးသွားမှာဖြစ်ပြီး ဒါက သေလုမျောပါးဖြစ်သွားစေနိုင်တယ်၊၊ ဒါကြောင့် အချိန်က ငါတို့ဘက်မှာ မရှိတော့ဘူး”

“လက်ရှိအခြေအနေအရဆိုရင် အနန္တမဟာမိတ်အဖွဲ့ရဲ့ ရထားလမ်းစီမံကိန်းအပေါ် အခြေခံပြီး ပထမဆုံးအစီအစဉ်ကို နည်းနည်းပြုပြင်ပြောင်းလဲလို့ရမယ်လို့ ငါယုံကြည်တယ်”

“ဘာတွေပြောင်းလဲမှာလဲ” ကျန်းရှု့ဝေက မေးလိုက်သည်။

ယခုအချိန်တွင် ရထားလမ်းလုပ်ငန်းအားလုံးကို သူမက တာဝန်ယူထားရခြင်းဖြစ်ပြီး ငွေကြယ်မှ အင်ဂျင်နီယာအဖွဲ့သည် ရထားများနှင့် သံမဏိအစောင့်တပ်ရင်းများထံမှ အရင်းအမြစ်အားလုံးနီးပါးကို ဤဆောက်လုပ်ရေးစီမံကိန်းများထဲသို့ ပုံအောထည့်ထားသည်။ ဗိုင်အိုလာ၏ စူပါကွန်ပြူတာစွမ်းရည်ဖြင့် တွက်ချက်ထားခြင်းဖြစ်ရာ ကျန်းရှု့ဝေအနေဖြင့် အရင်းအမြစ်များကို အစွမ်းကုန်အသုံးချထားသည်ဟု အသေအချာပြောနိုင်သည်။

“ပထမဆုံးအနေနဲ့ ညဘက်တွေမှာ ဒရုန်းတွေနဲ့ ရထားလမ်းခင်းမယ့် အကွာအဝေးကို ၅ ကီလိုမီတာကနေ ၂၀ ကီလိုမီတာ၊ ဒါမှမဟုတ် ဒီထက်မက ပိုတိုးလိုက်မယ်၊၊ ဒါကတော့ စွန့်စားရမယ့် အစီအစဉ်တစ်ခုပဲ”

“မဖြစ်နိုင်ဘူး”

ကျန်းရှု့ဝေက ချက်ချင်းပင် ပြန်လည်တုံ့ပြန်သည်။

“အဓိကပြဿနာက ဒရုန်းတွေရဲ့ ဆက်သွယ်ရေးဧရိယာအကွာအဝေးပဲ၊၊ ပြီးတော့ ဒရုန်းတွေနဲ့ ရထားလမ်းခင်းစက်တွေ လည်ပတ်မှုကို ကျွန်မတို့ရဲ့ အဓိကစွမ်းအားရှင်တွေက တစ်ညလုံး ကာကွယ်ပေးထားရမှာလေ… ဒါမှမဟုတ်ရင် မိနစ် ၂၀ အတွင်းမှာတင် စွမ်းအင်ဝါးမျိုကောင်တွေက ကျွန်မတို့ရဲ့ ဆောက်လုပ်ရေးဒရုန်းတွေကို လုံးဝဝါးမျိုသွားလိမ့်မယ်၊၊ ဒါတင်မကသေးဘူး… သွေးနီရောင်လွှမ်းမိုးမှုကြောင့် အမှောင်အမှတ်အသားရဲ့ သက်ရောက်မှုမရှိဘူး၊၊ လှုပ်ရှားမှုကြီးလေဖြစ်လာနိုင်တဲ့ ဘေးအန္တရာယ်က ပိုများလေပဲ၊၊ ဒါက စိတ်ကူးယဉ်ဆန်လွန်းတဲ့ အတွေးအခေါ်ပဲ”

“ခဏလေး ကပ္ပတိန်ကျန်း”

ရှောက အေးအေးလူလူပင် ပြောလိုက်သည်။

“ငါ ပြောခဲ့သလိုပဲ ဒါက စွန့်စားရမယ့် အစီအစဉ်တစ်ခုပါ၊၊ ကြိုတင်လမ်းခင်းထားတာက နေ့ဘက်မှာ ငါတို့ ချီတက်မယ့်အရှိန်ကို အများကြီး မြှင့်တင်ပေးနိုင်လိမ့်မယ်၊ နဂါးတိုင်းပြည်မှာ ‘မျက်လှည့်ပြပြီး ပင်လယ်ကို ဖြတ်ကျော်တယ်’ ဆိုတဲ့ စကားပုံရှိတယ်မလား၊၊ အဲဒီသဘောတရားပါပဲ၊၊ မင်းပြောတဲ့ ပြဿနာတွေက ဖြေရှင်းလို့မရတာမျိုး မဟုတ်ပါဘူး၊၊ ဥပမာ- ဆောက်လုပ်ရေးအဖွဲ့ကို ကာကွယ်ပေးမယ့် လူအင်အားကို တိုးမြှင့်မယ်၊၊ ကာကွယ်ရေးဧရိယာကို ချဲ့ထွင်ပြီး ဆောက်လုပ်ရေးအဖွဲ့နဲ့အတူ ရှေ့တိုးမယ်၊၊ ငါတို့ရထားရဲ့ ပင်မတပ်ဖွဲ့ကြီးက မလှုပ်ရှားသေးတာမို့လို့ စွမ်းအားတွေ အကြီးအကျယ်ထိုးတက်လာတာမျိုးကို နှိုးဆွမိမှာ မဟုတ်ဘူး”

ကျန်းရှု့ဝေက မျက်မှောင်ကြုတ်လိုက်သည်။

“ရှင်က အသေခံတပ်ဖွဲ့ကို သုံးဖို့ ပြောနေတာလား”

ရှောက ပုခုံးတွန့်ပြကာ “စွန့်စားရမယ့် အစီအစဉ်တွေမှာ စွန့်လွှတ်အနစ်နာခံမှုနဲ့ ဘေးအန္တရာယ်ကတော့ အမြဲဒွန်တွဲနေတာပဲ၊၊ ဒါပေမဲ့သာ ဖြစ်နိုင်ခြေရှိတယ်လို့ သက်သေပြနိုင်ရင် ငါတို့ ဘာပဲပေးရပေးရ လမ်းတစ်ခုဖောက်ထွက်နိုင်လိမ့်မယ်၊၊ အဲဒီအခါကျမှ ပင်မတပ်ဖွဲ့ကြီးက အလျင်အမြန် ပြောင်းရွှေ့လို့ရမယ်၊၊ စွမ်းဆောင်ရည်နဲ့ အောင်မြင်မှုနှုန်းက အများကြီး မြင့်တက်သွားလိမ့်မယ် မဟုတ်ဘူးလား”

ပြောပြီးနောက် သူက ကျန်းရှု့ဝေကို ကြည့်လိုက်သည်။

“ဒါပေါ့၊၊ ဒီလိုအစီအစဉ်မျိုးကို အဆိုပြုတယ်ဆိုကတည်းက ငါတို့ရဲ့ ယူတိုးပီးယာက အရင်ဆုံးအင်အားစိုက်ထုတ်ပါ့မယ်၊၊ လွန်ခဲ့တဲ့ မိနစ် ၃၀ ကပဲ ငါက အဓိကအဖွဲ့ကို ခေါ်ပြီး ဆွေးနွေးထားတယ်၊၊ ကြည့်လိုက်ပါဦး”

ရှောက မှတ်စုစာအုပ်တစ်အုပ်ကို ထုတ်ပြကာ “ဒါကတော့ အမည်စာရင်းပဲ”

All Chapters