← Chapters

အကျပ်အတည်း (၃)

Vol. 74 Ch. 1158

အကျပ်အတည်း (၃)

Vol. 74 Ch. 1158

“ဟာသပဲ… အထူးမစ်ရှင်တွေကို ငါတို့ရဲ့ အထူးတပ်ဖွဲ့တွေကပဲ လုပ်ရမှာပေါ့”

ထိုစကားကို ကြားသောအခါ ဗိုလ်ချုပ်ကျန်းဝေကောင်းက ကြားဖြတ်ပြောလိုက်သည်။

“ဒီနည်းလမ်းက မဆိုးဘူးလို့ ငါ ထင်တယ်၊၊ သတ္တဝါတွေက ပင်မတပ်ဖွဲ့ကြီးကိုပဲ အာရုံစိုက်နေကြတယ်၊၊ ငါတို့က အဖွဲ့ငယ်လေးတစ်ခုနဲ့ လမ်းခင်းခိုင်းမယ်၊၊ အခုအချိန်မှာ လူသန်းပေါင်းများစွာကို ရွှေ့ပြောင်းဖို့ ရထားလမ်းပြဿနာက အရေးကြီးဆုံးပဲ၊၊ မဟုတ်ရင် ငါတို့ လွတ်မြောက်သွားတာ ကြာပြီ”

“ငါလည်း ဒီအကြံက ကောင်းတယ်လို့ ထင်တယ်”

“မှန်တယ်၊၊ လျှို့ဝှက်လမ်းခင်းပြီးမှ အရှိန်ပြင်းပြင်းနဲ့ ရှေ့တိုးမယ်၊၊ ငါတို့ရထားက ဒီလောက်ရှည်တာ ဘယ်သတ္တဝါမှ တားလို့ရမှာ မဟုတ်ဘူး”

“…”

လူအများက စိတ်အားထက်သန်စွာ ဆွေးနွေးနေကြစဉ် အသံတစ်ခုက ကြားဖြတ်ထွက်ပေါ်လာသည်။

“နေဦး”

ဗိုလ်ချုပ်လီရှန်းက သူ၏စိုးရိမ်ပူပန်မှုကို ထုတ်ဖော်လိုက်သည်။

“အားလုံးပဲ ကိစ္စတွေကို လွယ်လွယ်မတွေးကြပါနဲ့… မမေ့ကြနဲ့ဦး… ငါတို့ ရင်ဆိုင်နေရတာက သားရဲတွေ မဟုတ်ဘူး၊၊ ရန်သူကို သားရဲတွေရဲ့ စိတ်ဓာတ်နဲ့ တိုင်းတာလို့မရဘူး၊၊ ငါတို့ရဲ့ ရန်သူတွေက အဆင့်မြင့်ဒိုင်မေးရှင်းက ဉာဏ်ကောင်းတဲ့သတ္တဝါတွေဖြစ်တဲ့ မျှော်စင်လူသားတွေပဲ၊၊ ယဉ်ကျေးမှုချင်းကွာခြားချက်ရှိပေမယ့် ရန်သူကို အထင်သေးတာက အကြီးမားဆုံးအမှားပဲ၊၊ အပြန်အလှန်အားဖြင့် လက်ရှိအခြေအနေက ရန်သူက သန်မာပြီး ငါတို့က အားနည်းနေတယ်၊၊ ငါတို့ ဘာကိုအားကိုးမှာလဲ… ငါတို့ရဲ့ မဟာဗျူဟာမြောက်ရည်ရွယ်ချက်က ပေါက်ကြားသွားရင် ဒါမှမဟုတ် ညဘက်လမ်းခင်းတာက မွန်းစတားလှိုင်းတွေကို နှိုးဆွမိသွားရင် ဒါက ကိုယ့်တွင်းကိုယ်တူးတာနဲ့ အတူတူပဲ မဟုတ်ဘူးလား၊၊ ညမွန်းစတားတွေက ဆောက်လုပ်ရေးအဖွဲ့ကိုပဲ တိုက်ခိုက်ပြီး ပင်မတပ်ဖွဲ့ကြီးကိုတော့ နေ့ဘက်ထက် အဆပေါင်းပိုများတဲ့ အင်အားနဲ့ ဝိုင်းမတိုက်ပါဘူးလို့ ဘယ်သူအာမခံနိုင်မလဲ”

သူ့စကားကြောင့် ဟိုလိုဂရမ်မျက်နှာပြင်တစ်ခုလုံး ချက်ချင်းတိတ်ဆိတ်သွားသည်။

ထိုအချိန်တွင် ချန်ဆီရွှမ်က ပြောလိုက်သည်၊၊

“တကယ်တော့ ကျွန်မတို့လည်း ဒီအစီအစဉ်ကို အရင်က စဉ်းစားခဲ့ဖူးပါတယ်၊၊ ဒါပေမဲ့ ကော်လိုရာဒိုမှာ ကြုံခဲ့ရတာကို အားလုံးမှတ်မိကြမှာပါ… ညမိုးချုပ်သွားတဲ့အခါ သွေးနီရောင်လွှမ်းမိုးမှုက ဘယ်လောက်တောင်ကြောက်ဖို့ကောင်းလဲဆိုတာ… ဒါကြောင့်မို့လို့ ကျွန်မတို့ ဒီလိုစွန့်စားမှုမျိုး မလုပ်ရဲတာပဲ… ကမ္ဘာပျက်ကပ်နေ့ကတည်းက ညဘက်လှုပ်ရှားမှုတွေကို ရှောင်ရှားဖို့က အားလုံးရဲ့ ဘုံသဘောတူညီချက်ဖြစ်ခဲ့တယ်… ဒါကြောင့်...”

“မှန်တယ်၊၊ ဒါက အသေခံတပ်ဖွဲ့ ကိစ္စတစ်ခုတည်းမဟုတ်ဘူး၊၊ တကယ့်အကြောက်တရားက ညဘက်မှာ ယမ်းအိုးကို မီးရှို့လိုက်သလိုဖြစ်ပြီး လူတွေအားလုံး အိပ်ပျော်နေတုန်း သတ္တဝါတွေရဲ့ ကိုက်ခဲဝါးမျိုတာကို ခံရမှာပဲ”

ဘုံမဟာမိတ်အဖွဲ့မှ လဲ့ကျန်းက ဝင်ပြောသည်။

ထိုအတောအတွင်း ကောင်းကင်အမိုးခုံးရထားပေါ်တွင် ကျန်းယွမ်က ချန်ဆီရွှမ်၏အနားသို့ ချဉ်းကပ်ကာ ပြောလိုက်သည်။

“ရှော... မင်းရဲ့ လေသံအရဆိုရင် မင်းမှာ ပိုပြီးစိတ်ချရတဲ့ အစီအစဉ်တစ်ခုရှိနေဦးမှာပဲ”

“ဟုတ်ပါတယ်”

ရှောက ပုခုံးတွန့်ပြရင်း သူ့အနားတွင် စမတ်မျက်မှန် တပ်ဆင်ထားသည့် အဖွဲ့ဝင်တစ်ဦးကို ကြည့်လိုက်သည်။

“ငါ့ရဲ့ လက်ထောက် မားကပ်စ်က အရင်က Ouqiao ပိုလီတက်ကနစ်မှာ အင်ဂျင်နီယာဘာသာရပ်နဲ့ ဒေါက်တာဘွဲ့ယူနေတဲ့သူပေါ့၊၊ သူ စိတ်ဝင်စားစရာတစ်ခုပြောဖူးတယ်၊၊ ငါတို့ ဒီအကျပ်အတည်းကို စစ်မြေပြင်ရှုထောင့်ကနေ မကြည့်ပဲ အင်ဂျင်နီယာရှုထောင့်ကနေ ကြည့်မယ်ဆိုရင်တော့ ဒါက လုံးဝကွဲပြားသွားလိမ့်မယ်”

“ဘာကိုဆိုလိုတာလဲ”

ဗိုလ်ချုပ်လီရှန်းက စူးစမ်းချင်စိတ်ဖြစ်သွားသည်၊၊

ရှောက သူ့အနားတွင်ရှိပြီး စမတ်မျက်မှန်ထဲ၌ အချက်အလက်များဆက်တိုက်စီးဆင်းနေသည့် နီညိုရောင် ဆံပင်ကောက်ကောက်နှင့် လူကို အချက်ပြလိုက်သည်။ ထိုလူက ခေါင်းမော့ကာ အေးစက်စွာ ပြောလိုက်သည်။

“ငါတို့ရဲ့ တိုးတက်မှုက ခဲယမ်းမီးကျောက် ဒါမှမဟုတ် တိုက်ခိုက်မှုစွမ်းအားကြောင့် နှောင့်နှေးနေတာမဟုတ်ဘူး၊၊ ရထားလမ်းဆောက်လုပ်ရေးကြောင့်ပါ၊၊ ကျွန်တော်တို့ရဲ့ ရထားလမ်းခင်းတဲ့စွမ်းဆောင်ရည်ညံ့ဖျင်းနေရတာက ရထားလမ်းသံမဏိထုတ်လုပ်ဖို့ အကြီးစားစက်မှုလုပ်ငန်းစွမ်းအားမရှိလို့ပဲ၊၊ ငါတို့ရဲ့ ဆောက်လုပ်ရေးဒရုန်းတွေနဲ့ အင်ဂျင်နီယာပစ္စည်းကိရိယာတွေအားလုံးက အရေးပေါ်ပစ္စည်းကိရိယာတွေ ထုတ်လုပ်ဖို့အတွက်ပဲ အသုံးပြုနေရတယ်၊၊ ငါတို့ ခဏရပ်နားဖို့ လိုအပ်နေတယ်ဆိုမှတော့ ဘာလို့ ပိုပြီးကြာကြာမရပ်နားဘဲ ဒီလွင်ပြင်ကျယ်ပေါ်က အချိန်ကို အသုံးမချရမှာလဲ...”

“အခြေခံပုံကြမ်းထုတ်လုပ်ရေးကိုသုံးပြီး အသေးစားရထားလမ်းသံမဏိစက်ရုံတစ်ရုံ တည်ဆောက်ဖို့ပေါ့”

….

အရီဇိုးနားတောရိုင်းမြေ၏ မြေနီလွင်ပြင်သည် ကောင်းကင်တစ်ခုလုံး သွေးနီရောင်လွှမ်းမိုးမှုအောက်ကျရောက်သွားပြီးနောက်တွင် ဂြိုဟ်သားစစ်မြေပြင်တစ်ခုကဲ့သို့ပင်၊၊

ညမိုးချုပ်သွားသည့်အခါ သွေးနီရောင်လွှမ်းမိုးမှုသည် ပိန်းပိတ်နေသောအမှောင်ထုအဖြစ် ပြောင်းလဲသွားပြီး အနှုတ် ၅၀ ဒီဂရီရှိသော လေပြင်းမုန်တိုင်းက မြေပြင်ပေါ်ရှိ သွေးနှင်းခဲလွှာများကို တိုက်စားနေသည်။ ပေါင်းစည်းယာဉ်တန်း၏ ရထားလမ်းကြောင်းကြီးသည် လွင်ပြင်ကျယ်ကြီးပေါ်တွင် ကွေ့ကောက်လျက် ရပ်တန့်နေပြီး ဘေးတစ်ဖက်တစ်ချက်စီတွင် မော်တော်ယာဉ်တန်းများနှင့် သံမဏိအစောင့်တပ်ရင်း၏ တပ်ဖွဲ့များ ဝန်းရံရပ်နားထားရာ အဝေးက အမှောင်ထုထဲအထိ မျက်စိတစ်ဆုံးရှည်လျားလှသည်။

လူဦးရေ နှစ်သန်းကျော်သည် ဤလွင်ပြင်ကျယ်ကြီးထဲ၌ ရွှေ့ပြောင်းအခြေချနေကြသည့်အလားဖြစ်နေပြီး ကြီးမားလှသော သံမဏိနဂါးကြီးသည် အမြဲတမ်းစစ်ပြင်ထားသည့် အနေအထားတွင် ရှိနေသည်။ အမှောင်ထုထဲတွင် အမှောင်စွမ်းအင်ထပ်တူပြုကိရိယာများတပ်ဆင်ထားသည့် ကင်းလှည့်ဒရုန်းများနှင့် လူမောင်းမီကာများမှလွဲ၍ ကျန်လူများအားလုံးသည် မိမိတို့၏ ယာဉ်များထဲ၌သာ ပုန်းအောင်းနေကြလေသည်။

၎င်းမှာ သွေးနီရောင်လွှမ်းမိုးမှုကြောင့်တင်မကဘဲ အရိုးထဲအထိအေးစက်လှသော အအေးဒဏ်ကြောင့်လည်းဖြစ်သည်။ ဤငရဲကဲ့သို့သော ပတ်ဝန်းကျင်တွင် အကာအကွယ်မဲ့ထွက်မိသူတိုင်း သေမင်းက အနားသို့ တဖြည်းဖြည်းချဉ်းကပ်လာသည်ကို ရှင်းရှင်းလင်းလင်းခံစားရလိမ့်မည်။ ဤလိုအခြေအနေမျိုးတွင် သွေးပဲစေ့ဖြင့် မောင်းနှင်သည့် တုံးရှီကိရိယာများသည် အစားအစာနှင့် ရေထက်ပင် ပိုမိုအရေးကြီးလှသည်၊၊ ဤအရာများကသာ လူတိုင်းအသက်ရှင်သန်ရေးအတွက် မှီခိုနေရသည့် ခိုလှုံတွဲများကို ဆက်လက်လည်ပတ်စေနိုင်သော သော့ချက်ပစ္စည်းများဖြစ်သည်။

မြောက်ဘက်မှ တောင်ဘက်အထိ ပုံသဏ္ဌာန်မျိုးစုံနှင့် အရွယ်အစားမျိုးစုံရှိသော ရထားတွဲထောင်ပေါင်းများစွာသည် တစ်စင်းနှင့်တစ်စင်းထိပ်ချင်းဆက်ထားကြသည်။ ဤရထားများသည် အတွင်းပိုင်းချိတ်ဆက်ထားခြင်းမျိုးမဟုတ်ဘဲ ယာဉ်တန်းအဖွဲ့ပေါင်း နှစ်ရာကျော်က စစ်မျက်နှာတစ်ခုတည်းအဖြစ် တန်းစီထားသည့် အသက်သွေးကြောလိုင်းများသာဖြစ်သည်။

အချို့သော ရထားတွဲများထဲတွင် အေးစက်သောဖလိုရက်ဆင့်မီးရောင်သည် ခဲယမ်းပြင်ဆင်ရေးစားပွဲခုံများပေါ်သို့ ကျရောက်နေပြီး လတ်လတ်ဆတ်ဆတ်ပုံသွင်းထားသည့် ကြေးဝါကျည်ခွံပုံကြီးများသည် တောင်ငယ်တစ်ခုပမာရှိနေသည်။ လူအများအပြားသည် အချိန်မရွေးပေါက်ကွဲထွက်လာနိုင်သည့် တိုက်ပွဲအတွက် ခဲယမ်းမီးကျောက်များအဆင်သင့်ဖြစ်စေရန် ညလုံးပေါက်အလုပ်လုပ်နေကြရသည်။ အခြားရထားတွဲများထဲတွင်မူ ဆေးတပ်သားများက ထိခိုက်ဒဏ်ရာရသူများကို သွေးစွန်းနေသော ပတ်တီးများကို ဆွဲခွာရင်း ဖိထားရန်အော်ဟစ်ကာ အကိုက်အခဲပျောက်ဆေးများ ချက်ချင်းထိုးပေးနေရသဖြင့် အော်ဟစ်ညည်းတွားသံများက တစ်ခုပြီးတစ်ခု ထွက်ပေါ်နေသည်။

လှိုင်းပျံရထားတွဲ၏ နေထိုင်မှုတွဲအတွင်း၌ အမျိုးသမီးများသည် အစားအစာများကို လိုက်လံဝေငှနေကြသည်။ သူတို့ကို ဦးဆောင်သည့် သက်လတ်ပိုင်းအမျိုးသမီးက ယောက်ချိုစောင်းဖြင့် သံပုံးကို ခေါက်လျက် အော်နေသည်၊၊

“တိုက်ပွဲဝင်မယ့်သူတွေ အရင်စား… ကျန်တဲ့သူတွေ စောင့်ဦး”

တပ်ရင်း ၂၂၏ တပ်စိတ် ၃၊ ၉ ၏ သံချပ်ကာထရပ်ကားပေါ်တွင် သံမဏိအစောင့်တပ်ရင်း စစ်သည်များသည် စွမ်းအားဝတ်စုံ မျက်နှာဖုံးများကို ပင့်တင်လိုက်ကြသည်၊၊ အလိုအလျောက်အပူပေးရိက္ခာဗူးများထဲမှ ရေနွေးငွေ့များ ပန်းထွက်လာသည်။ စစ်သားသစ်လေး ဝမ်လဲ့က သူ၏ရိက္ခာဗူးထဲမှ ပျစ်ချွဲချွဲအာလူးနှင့် အမဲသားများကို စိုက်ကြည့်ရင်း ရုတ်တရက် အော့အန်ချင်သလိုဖြစ်နေစဥ် တပ်စိတ်မှူး၏ လက်ဝါးက သူ့ဦးခေါင်းနောက်စေ့သို့ ဖြန်းခနဲ ရောက်လာသည်။

“ခွေးကောင်လေး… မနက်ဖြန်ကျရင် မင်း ပူပူနွေးနွေးစားရဦးမလားဆိုတာ ဘယ်သူမှ အာမမခံနိုင်ဘူး၊၊ အခုချက်ချင်းစားစမ်း”

ဆက်ရွှေ့ကြည့်ပါက ရထားတွဲတိုင်းတွင် ခရီးသည်များ ပြည့်နှက်နေသည်ကို တွေ့ရမည်။ အချို့သောယာဉ်တန်းများသည် ပျက်စီးသွားသော ရထားတွဲများကို အပြေးအလွှားပြုပြင်နေကြပြီး ဂဟေဆော်သည့်နေရာမှ မီးပွားများလွင့်စင်နေသည်။ လွင်ပြင်ကျယ်ကြီးထဲတွင်မူ စွမ်းအားဝတ်စုံအပြည့်အစုံဝတ်ဆင်ထားသည့် အသက်ရှင်ကျန်ရစ်သူအချို့သည် အမှောင်ထုထဲ၌ စမ်းတဝါးဝါးဖြင့် သတ္တဝါအလောင်းပုံကြီးများထဲမှ သွေးပဲစေ့များကို လိုက်လံကောက်ယူရန် ကြိုးစားနေကြသော်လည်း ကင်းလှည့်နေသည့် သံမဏိအစောင့်တပ်ရင်းယန္တရားအဖွဲ့ဝင်များ၏ အော်ဟစ်မောင်းထုတ်ခြင်းကို ခံလိုက်ရသည်။

ကျောက်တုံးနီလျှိုမြောင်ဘက်ရှိ မှောင်မိုက်ပြီး ထူထပ်သောမြူခိုးများထဲတွင် ဗိုင်အိုလာ၏ ကွပ်ကဲမှုအောက်ရှိ ဒရုန်းဆောက်လုပ်ရေးတပ်ဖွဲ့ကြီးသည် ရထားလမ်းကို အရေးပေါ် ခင်းနေကြသည်။ ဒီညတွင် ဆောက်လုပ်ရေးဒရုန်းအုပ်စုကို ကာကွယ်ရမယ့်တာဝန်ခံအဖွဲ့ကို ရူဂျီနှင့် လုချန်တို့က ဦးဆောင်ထားပြီး လုချန်သည် မီးနတ်ဘုရားမီကာကို မောင်းနှင်နေသည်။

ကောင်းကင်အမိုးခုံးရထား၏ ပင်မကွပ်ကဲမှုတံတားအတွင်း၌ ဆက်သွယ်ရေးလိုင်းများသည် တစ်ချက်လေးမျှ တိတ်ဆိတ်မသွားချေ။ စစ်ဆင်ရေးအစည်းအဝေးတွင် လူအများစုက ယူတိုးပီးယာမှ ပေးအပ်သော အဆိုပြုချက်ကို လက်ခံလိုက်ကြပြီး ယူတိုးပီးယာ၊ သံမဏိအစောင့်တပ်ရင်း၏သတင်းအချက်အလက်တပ်ဖွဲ့၊ ငွေကြယ်၊ အနန္တမဟာမိတ်အဖွဲ့နှင့် တူညီသောမဟာမိတ်အဖွဲ့တို့ ပူးပေါင်းထားသည့် သံမဏိစက်ရုံတည်ဆောက်ရေးအဖွဲ့ကို ဖွဲ့စည်းလိုက်ကြသည်။ တစ်ပြိုင်နက်တည်းမှာပင် ဒရုန်းများဖြင့် ရထားလမ်းခင်းခြင်းလုပ်ငန်းကိုလည်း ရပ်တန့်မထားခဲ့ချေ။

အစည်းအဝေးပြီးသည်နှင့် ယူတိုးပီးယာမှ မားကပ်စ်နှင့် ရှောတို့သည် နေရာရွေးချယ်ခြင်းနှင့် တည်ဆောက်ရေးလုပ်ငန်းများကို ချက်ချင်းစတင်တွန်းအားပေးတော့သည်။ ပင်မတပ်ဖွဲ့အသီးသီးမှ လူအင်အား သုံးသောင်းနီးပါးကို တာဝန်ခွဲဝေပေးခဲ့ပြီး ယာဉ်တန်းအားလုံးနီးပါးထံမှ အရင်းအမြစ်များကို စုဆောင်းကာ စတင်သယ်ယူလာကြသည်။

ခဏချင်းအတွင်းမှာပင် ယာဉ်တန်းအကြီးအသေးအားလုံး လှုပ်ရှားလာကြသည်။ ရထားလမ်းအဖွဲ့တွဲများအတွင်း၌ မီးများထိန်ထိန်လင်းနေပြီး စက်ယန္တရားပစ္စည်းမျိုးစုံနှင့် ဒရုန်းအုပ်စုများသည် လျှိုမြောင်ဆီသို့ စတင်ဦးတည်လာကြတော့သည်။

ကောင်းကင်အမိုးခုံးရထား၏ ကောင်းကင်တံတားပေါ်တွင် ချန်ဆီရွှမ်သည် အောက်ခြေရှိ စက်ယန္တရားမီးရောင်အုပ်စုကြီးကို ငုံ့ကြည့်ရင်း မျက်နှာထားလေးနက်နေသည်။ သူမသည် မိုနီကာ၊ ချီလီတို့နှင့် တစ်စုံတစ်ခုကို ဆွေးနွေးနေစဉ် အသံတစ်သံထွက်ပေါ်လာသည်။

“၄၈ နာရီအတွင်းမှာ သံမဏိစက်ရုံတစ်ရုံတည်ဆောက်ဖို့ဆိုတာ အမှန်တိုင်းပြောရရင် အစကတော့ အဲဒီလူတစ်ယောက်ပဲ ဒီလိုအစီအစဉ်မျိုးကို စဉ်းစားနိုင်လိမ့်မယ်လို့ ငါထင်ခဲ့တာ”

ကျန်းရှု့ဝေသည် ငွေရောင်စွမ်းအားဝတ်စုံကို ဝတ်ဆင်လျက် လျှောက်လှမ်းလာပြီး ဘေးတွင် ကျန်းယွမ်လည်း ပါလာသည်။

ချန်ဆီရွှမ်က ကျန်းရှု့ဝေကို လှည့်ကြည့်လိုက်သည်။ ပြီးခဲ့သည့် လအနည်းငယ်အတွင်း ကျန်းရှု့ဝေသည် ငွေကြယ်ကို အခြေခံအုတ်မြစ်အဖြစ်အသုံးပြုကာ အာရုဏ်ဦးမြို့တော်၏ ရထားလမ်းအရင်းအမြစ်များနှင့် ယာဉ်တန်းအများစုကို ကြီးမားလှသောအင်အားစုတစ်ခုအဖြစ် လက်တွေ့ကျကျပေါင်းစည်းနိုင်ခဲ့သည်။ ချန်ဆီရွှမ်၏ အမြင်တွင် ဤအမျိုးသမီးသည် ထူးခြားထက်မြက်သော ခေါင်းဆောင်ပုံရိပ်မျိုးကို ပိုင်ဆိုင်ထားပြီး ဤသွေးနီရောင်ကောင်းကင်အောက်တွင်ပင် အထင်သေး၍မရသောသူဖြစ်သည်။

တည်ငြိမ်ခြင်း၊ ဆင်ခြင်တုံတရားရှိခြင်း၊ အင်ဂျင်နီယာများကို စုစည်းတာဝန်ချထားခြင်း၊ မြေမျက်နှာသွင်ပြင်ကို တိုင်းတာခြင်းနှင့် ထိုးဖောက်မည့်လမ်းကြောင်းများကို ရေးဆွဲခြင်း… စသည့် ရထားလမ်းအတိုင်း ရှေ့တိုးမည့် အစီအစဉ်တစ်ခုလုံးသည် ဤအမျိုးသမီးထံမှသာ ထွက်ပေါ်လာခြင်းဖြစ်သည်။ ၎င်းက အံ့ဖွယ်ပင်၊၊

“နင်က လင်းရှန်ကို ပြောတာလား”

ချန်ဆီရွှမ်၏ မျက်မှောင်များ အနည်းငယ်ကြုတ်သွားပြီးနောက် “သူ့အတွက်ကတော့ သံမဏိစက်ရုံတစ်ရုံ တကယ်မလိုပါဘူး”

ကျန်းယွမ်က ပြုံးလိုက်သည်။ “ဒါကတော့ အမှန်ပဲ၊ သူကိုယ်တိုင်က စက်ရုံတစ်ရုံပဲလေ… မဟုတ်သေးဘူး၊၊ သူက စက်မှုလုပ်ငန်းစုတစ်ခုလုံးပဲ၊၊ သာမန်စက်ရုံတစ်ရုံကတော့ အပိုပစ္စည်းထောက်ပံ့ရေးကွင်းဆက်မရှိဘဲ ရထားတစ်စင်းတည်းကိုတောင် ထုတ်လုပ်နိုင်မှာ မဟုတ်ဘူး”

သူတို့၏ အကြည့်ချင်းဆုံသွားပြီး ညင်သာစွာပြုံးလိုက်ကြသည်။

“ဒါနဲ့ အဲဒီသံမဏိစက်ရုံက တကယ်ပဲ အကောင်အထည်ဖော်နိုင်မှာလား”

ချီလီက လက်ရန်းကို မှီရင်း လက်ပိုက်ကာ ကျန်းရှု့ဝေကို ကြည့်လိုက်သည်။

“ငါကတော့ ဒီလိုနည်းပညာပိုင်းဆိုင်ရာကိစ္စတွေကို သိပ်နားမလည်ဘူး၊၊ ဒါပေမဲ့ သတ္တုအရည်ကျိုတာနဲ့ ပြင်ဆင်တာကတော့ လွယ်ကူတဲ့ကိစ္စမဟုတ်နိုင်ဘူးလို့ ထင်တာပဲ”

“သီအိုရီအရဆိုရင်တော့ မဖြစ်နိုင်ဘူး၊၊ ရိုးရှင်းတဲ့ရထားလမ်းတစ်ခုလိုမြင်ရပေမဲ့ အဲဒီနောက်ကွယ်က စက်မှုလုပ်ငန်းကွင်းဆက်နဲ့ နည်းပညာအဆင့်အတန်းက ဘယ်လိုမှမရိုးရှင်းဘူး”

ကျန်းရှု့ဝေ၏ မျက်နှာထားက တည်ငြိမ်နေသည်။

“စွမ်းအားမြင့်ရထားလမ်းတွေက အထူးသံမဏိစက်ရုံတွေနဲ့ သံနဲ့ သံမဏိသတ္တုလုပ်ငန်းတွေ လိုအပ်တယ်၊၊ အဲဒီကနေတစ်ဆင့် မြို့ပြအင်ဂျင်နီယာလုပ်ငန်း၊ လမ်းအောက်ခြေနဲ့ တံတားတွေ… ပြီးတော့မှ ဆက်သွယ်ရေး၊ အချက်ပြစနစ်၊ ဆွဲငင်အားလျှပ်စစ်ဓာတ်အားထောက်ပံ့မှုနဲ့ ဓာတ်အားခွဲဝေမှုဆိုတဲ့ လျှပ်စစ်စနစ်ကြီးလေးခုကို ပေါင်းစပ်ရတာပဲ...”

“ဒါကြောင့် အခုငါတို့မှာရှိတဲ့ အရင်းအမြစ်တွေနဲ့ဆိုရင် ဒီသွေးနီရောင်လွှမ်းမိုးမှုထဲမှာ စက်ရုံတစ်ရုံတည်ဆောက်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူး၊၊ ဒါပေမဲ့ ဒါကို မားကပ်စ်တို့လည်း သိတာပေါ့၊၊ သူတို့ရဲ့ အစီအစဉ်က တကယ်တော့ သတ္တုပုံသွင်းဒရုန်းတွေကို အတိုင်းအတာတစ်ခုအထိ ချဲ့ထွင်ဖို့ပဲ၊၊ ပြီးတော့ အသုံးပြုလို့ရတဲ့ သတ္တုအရင်းအမြစ်အားလုံးကို စုစည်းပြီး လက်ရှိဒရုန်းတွေရဲ့ စွမ်းဆောင်ရည်ပြဿနာကို ဖြေရှင်းဖို့ပဲ၊၊ ဒါကတော့ အလွယ်တကူအောင်မြင်နိုင်ပါတယ်၊၊ အမှန်အတိုင်းပြောရရင် နည်းပညာပိုင်းဆိုင်ရာအရမ်းကြီးမြင့်မားဖို့ မလိုပါဘူး”

All Chapters