အခန်း ၄၉၁
Vol. 50 Ch. 491
လော့ချန်နှင့် သူ၏စွန့်စားခန်းများ
အခန်း (၄၉၁) - ဆေးလုံးစိမ်းသခင်၏ စိုးရိမ်ပူပန်မှု
အချိန်ကာလများကား လျင်မြန်စွာ ကုန်ဆုံးသွားသည်။
လော့ချန်တစ်ယောက် ချင်ယွင်တောင်ရှိ ဂိုဏ်းမျိုးဆက် စံအိမ်တော်တွင် ဧည့်သည့်တော်အဖြစ် ရောက်ရှိနေသည်မှာ ခြောက်လ ကျော်လွန်သွားခဲ့လေပြီ။
ကျင့်ကြံသူများသည် ရာသီဥတုကို သတိပြုမိခဲသော်လည်း နွေဦးနှင့် ဆောင်းဦး အပြောင်းအလဲမှာမူ မျက်မြင်ထင်ရှားဖြစ်၏။ ဤမျှ ကြာရှည်သော အချိန်ကာလတွင် ဆေးလုံးစိမ်းချိုင့်ဝှမ်း တောင် (၅၀) ၏ အလှတရားကို လေ့လာလည်ပတ်ရန် သူ့တွင် စိတ်ကူးရှိခဲ့သော်လည်း အမှန်စင်စစ် မလေ့လာဖြစ်ခဲ့ပေ။
အကြောင်းမှာ ထောင်ဝမ် အလွန် အလုပ်များနေသောကြောင့်ပင်။ ဂိုဏ်းမျိုးဆက် ဖြစ်လာပြီးနောက် သူမအတွက် ကျင့်ကြံခြင်းသည် အရေးအကြီးဆုံးကိစ္စ မဟုတ်တော့ပေ။ လက်အောက်ခံ တပည့်များကို စုစည်းခြင်း၊ လူမှုဆက်ဆံရေးကို တိုးချဲ့ခြင်း၊ ဂုဏ်သတင်းကို မြှင့်တင်ခြင်းတို့မှာ သူမ မဖြစ်မနေ လုပ်ဆောင်ရမည့် ကိစ္စများ ဖြစ်သည်။ ထို့အပြင် ဂိုဏ်းချုပ် ချင်ယွင်ဇီနှင့်အတူ ဂိုဏ်း၏ ကိစ္စရပ်များကို မည်သို့ စီမံခန့်ခွဲရမည်ကို အခါအားလျော်စွာ လေ့လာနေရသည်။
ဆေးလုံးစိမ်းချိုင့်ဝှမ်းက သူမအား ဤမျှ များပြားသော အကူအညီနှင့် အရင်းအမြစ်များကို ပေးအပ်၍ ရွှေအမြုတေအဆင့် ရောက်အောင် ကူညီပေးခြင်းသည် အကျိုးမမျှော်လင့်ဘဲ လုပ်ပေးခြင်း မဟုတ်ပေ။
သူမ ရွှေအမြုတေအဆင့် ရောက်ရှိပြီးနောက် ချင်ယွင်ဇီ၏ ဂိုဏ်းချုပ်နေရာကို ဆက်ခံရမည် ဖြစ်သည်။ ထို့နောက် ဆေးလုံးစိမ်းချိုင့်ဝှမ်းအတွက် နှစ်ပေါင်းတစ်ရာကြာအောင် တာဝန်ထမ်းဆောင်ပေးကာ နောက်ထပ် ဂိုဏ်းမျိုးဆက် တစ်ဦး ပေါ်ပေါက်လာသည်အထိ စောင့်ဆိုင်းရမည် ဖြစ်သည်။ ထိုအချိန်ကျမှသာ သူမ အကြီးအကဲတစ်ဦး ဖြစ်လာပြီး ကျန်တောင် ၄ လုံးထဲမှ တစ်လုံးတွင် တိတ်ဆိတ်စွာ ကျင့်ကြံနိုင်ပေမည်။ အပြင်လူများက အလွန် ရှုပ်ထွေးသည်ဟု ထင်ကောင်းထင်နိုင်သော်လည်း အခြေတည်အဆင့် ကျင့်ကြံသူများအတွက်မူ ဤသည်မှာ ရရန် ခက်ခဲသော ကံကောင်းခြင်းမျိုး ဖြစ်သည်။ ဂိုဏ်းမျိုးဆက်အတွက် ထပ်မံ ယှဉ်ပြိုင်ရမည်ဆိုလျှင်ပင် ထောင်ဝမ် အစွမ်းကုန် ကြိုးစားဦးမည် ဖြစ်သည်။
သူမ ဤမျှ အလုပ်များနေသလို လော့ချန်လည်း အပြင်သို့ ထွက်ခဲလှသည်။
နေ့စဉ် ဂိုဏ်းမျိုးဆက်၏ စံအိမ်တော်တွင် သူ တံခါးပိတ် ကျင့်ကြံနေသည်။ ၎င်းမှာ ချီစွမ်းအားများကို စုပ်ယူခြင်းသက်သက်သာ မဟုတ်ပေ။ သူသည် ထောင်ဝမ်အား နေရာလွတ်တစ်ခု တောင်းဆိုခဲ့ပြီး ထိုနေရာ၌ အခါအားလျော်စွာ မှော်အတတ်များကို လေ့ကျင့်လေ့ရှိသည်။ မည်သို့ပင်ဖြစ်စေ ချီစွမ်းအား သိပ်သည်းဆက ဤမျှ မြင့်မားနေသည်။ သူ စိတ်ကြိုက် မှော်အတတ်များ သုံး၍ ချီစွမ်းအားများကို သုံးစွဲပစ်လိုက်သော်လည်း လျင်မြန်စွာ ပြန်လည် ဖြည့်တင်းနိုင်သည်။ ပုံမှန်အတိုင်း ချီစွမ်းအားကို နှမြောတသတွက်ချက်နေစရာ မလိုတော့ဘဲ မှော်အတတ်များ၏ ကျွမ်းကျင်မှုကို မြန်ဆန်စွာ မြှင့်တင်နိုင်သည်။
သူတို့နှစ်ဦးလုံး အလုပ်များလွန်းသဖြင့် ရက်ပေါင်းများစွာ မတွေ့ရသည့် အခါများပင် ရှိသည်။
သို့သော် "အပြင်သို့ ထွက်ခဲသည်" ဟု ပြောရခြင်းမှာ ရံဖန်ရံခါ အပြင်သို့ ထွက်သေးသည်ဟု ဆိုလိုခြင်း ဖြစ်သည်။ သူသွားသည့် နေရာမှာလည်း ထူးထူးဆန်းဆန်း မဟုတ်ပေ။ ၎င်းမှာ ဆေးလုံးစိမ်းချိုင့်ဝှမ်းမှ လူငယ် ဆေးဖော်ဆရာများ အိပ်မက်မက်လေ့ရှိသည့် နေရာ ဖြစ်သည်။
‘တန်ရန်တောင်၊ ဆေးဖော်ပညာရှင်အသင်း’
မည်သို့ပင်ဆိုစေ လော့ချန်သည် ဂိုဏ်းမျိုးဆက်ပြိုင်ပွဲ ဒုတိယပွဲစဉ်တွင် သုံးပွဲဆက်တိုက် အနိုင်ရခဲ့သူဖြစ်သည်။ ထောင်ဝမ်က သူ့အား ဆွဲဆောင်ထားနိုင်ပြီဖြစ်ရာ ဆေးဖော်ပညာရှင်အသင်းမှလည်း ထိုအခွင့်အရေးကို လက်လွတ်ခံမည် မဟုတ်ပေ။
အခါအားလျော်စွာ ဒုတိယအဆင့် ဝါရင့်ဆေးဖော်ဆရာများက သူ့အား ဖိတ်ခေါ်၍ ဆေးဖော်ပညာရပ်ကို ဆွေးနွေးလေ့ ရှိကြသည်။
လော့ချန်သည် စီရင်စုသခင်ရှင်းယွင်ဆိုသည့် ဆေးလုံးစိမ်းချိုင့်ဝှမ်း၏ တတိယအဆင့် အမျိုးသမီး ဆေးဖော်ဆရာကြီးတစ်ဦးနှင့်ပင် ရင်းနှီးသွားခဲ့သည်။ သူမသည် ဆံပင်ဖြူဖြူနှင့် နုပျိုသော မျက်နှာရှိပြီး စိတ်ဓာတ် တက်ကြွသော အဘွားအိုတစ်ဦး ဖြစ်သည်။
ဆေးဖော်စပ်ရာတွင် သူမ၏ အရည်အချင်းမှာ အလွန် မြင့်မားသည်။
လော့ချန် သူမ၏ ဆေးဖော်စပ်ပုံကို တစ်ကြိမ်မြင်ခဲ့ဖူးရာ အလွန်ပင် အံ့အားသင့်ခဲ့ရသည်။ သို့သော် အချိန်ကာလများ ကုန်ဆုံးလာသည်နှင့်အမျှ ဤကဲ့သို့ ဆွေးနွေးမှုများမှာ နောက်ပိုင်းတွင် ပို၍ နည်းပါးလာခဲ့သည်။
....
တန်ရန်တောင်တွင် ဖြစ်သည်….။
စီရင်စုသခင်ချီတင်းနှင့် စီရင်စုသခင်ရှင်းယွင်တို့သည် နဂါးနှင့် ဖီးနစ်ငှက်ကဲ့သို့ အရှိန်အဝါရှိသည့် ခန့်ညားလှသော လူငယ်တစ်ဦး၏ နောက်တွင် ရိုသေစွာ ရပ်နေကြသည်။
သူတို့ သုံးဦးစလုံးသည် အဝေးသို့ ထွက်ခွာသွားသော ပုံရိပ်တစ်ခုကို ငေးကြည့်နေကြသည်။
အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် ထိုလူငယ်က ဖြည်းဖြည်းချင်း မေးလိုက်သည်။
"မရဘူးလား”
စီရင်စုသခင်ရှင်းယွင်က ချက်ချင်းပင် ပြန်ဖြေလိုက်သည်။
"ကျွန်မ သေချာ စစ်ဆေးကြည့်ပြီးပါပြီ အစ်ကိုကြီး…. လော့ချန်ရဲ့ ဆေးဖော်ပညာအခြေခံက သိပ်ကို ခိုင်မာတယ်၊ ဆေးဖော်လက်ကွက်တွေကို အလွယ်တကူ ထုတ်သုံးနိုင်တယ်၊ ကျွန်မနဲ့ မခြားနားပါဘူး၊ ကျွန်မ သူ့ရှေ့မှာ တမင် ပြသခဲ့တဲ့ ကြယ်တာရာလက်ကွက်ကိုတောင် သူ လိုက်လုပ်နိုင်ခဲ့ပါသေးတယ်၊ ဒါပေမဲ့...."
ထို ‘ဒါပေမဲ့’ ဆိုသည့် စကားလုံးတစ်လုံးထဲတွင်ပင် ပြဿနာ၏ လေးလံမှုက ပါဝင်နေခဲ့သည်။
စီရင်စုသခင်ချီတင်းက သက်ပြင်းတစ်ချက်ချလိုက်ရင်း ဝင်ပြောလိုက်သည်။
"ဒီလိုပါ အစ်ကိုကြီး…. လော့ချန်ဆိုတဲ့ လူငယ်လေးက အရည်အချင်းရှိတာမှန်ပေမယ့် အရမ်းကြီးမဟုတ်ပါဘူး၊ ကျွန်တော်တို့ အားလုံး ဆေးဖော်ပြိုင်ပွဲတုန်းက သူ့ရဲ့ စွမ်းဆောင်ရည်ကြောင့် အငိုက်မိသွားတာပါ"
စီရင်စုသခင်ရှင်းယွင်က ခေါင်းခါလိုက်ရင်း
"အငိုက်မိသွားတယ်လို့လည်း မပြောနိုင်ပါဘူး…. ဆေးဖော်ပြိုင်ပွဲ မေးခွန်းတွေက အဲ့လောက်မှ မခက်တာ…. ဆေးနည်းနှစ်ခုက အသစ်စက်စက် ဖြစ်ပေမဲ့ ဖော်စပ်ရတာက အရမ်း လွယ်တယ်…. လော့ချန်မှာ ကြောက်ခမန်းလိလိ ဆေးဖော်ပညာ အခြေခံ ရှိနေတော့ ဆေးလုံးစိမ်းချိုင့်ဝှမ်းရဲ့ ပါရမီရှင် ၇ ယောက်ကို အနိုင်ယူနိုင်တာပေါ့…. တကယ်တော့ ကျွန်မတို့တွေ တန်ရန်ဇီကို အလွန်အကျွံ ကန့်သတ်ထားမိလို့ပါ"
ထိုစကားကို ကြားပြီးနောက် လူငယ်လေး၏ မျက်ခုံးများ အနည်းငယ် တွန့်သွားရသည်။
"ဒါဆိုရင် မင်းတို့ပြောချင်တာက လော့ချန်ကို တတိယအဆင့် ဆေးဖော်ဆရာအဖြစ် မွေးထုတ်ပေးလို့ မရဘူးပေါ့"
ချီတင်းက ခါးသီးစွာ ရယ်မောလိုက်ရင်း
"မှန်ပါတယ်…. ပါရမီ မလုံလောက်ရင် အခြေခံကောင်း ဘယ်လောက်ပဲ ရှိနေပါစေ၊ တန်းတူ ဆေးဖော်ဆရာတွေကြားထဲမှာပဲ ကြွားဝါနိုင်မှာပါ…. ဒီကလေးက အဆင့်ကျော်ပြီး ဝိညာဉ်သန္ဓေတည်အဆင့် ဆေးလုံးကို ဖော်စပ်ဖို့ အရည်အချင်း မမီသေးပါဘူး၊ အစ်ကိုကြီး…. ကျွန်တော်တို့တွေ တိမ်ပြိုဂိုဏ်းက မိန်းကလေးမူဆီပဲ အကူအညီသွားတောင်းရတော့မယ် ထင်ပါတယ်"
သူ အစ်ကိုကြီး ဟု ခေါ်သော လူငယ်လေးမှာ အခြားမဟုတ်။ ဆေးလုံးစိမ်းချိုင့်ဝှမ်း တည်ထောင်သူ ဘိုးဘေး၏ အမည်ကို ဆက်ခံထားသည့် ‘ဆေးလုံးစိမ်းသခင်’ ပင် ဖြစ်၏။
ငယ်ရွယ်ပုံ ပေါက်သော်လည်း အမှန်စင်စစ် အသက် ၅၀၀ နီးပါး ရှိနေလေပြီ။ ကျောက်စိမ်းအိုးနယ်မြေ၏ ရွှေအမြုတေ နှောင်းပိုင်း ကျင့်ကြံသူများထဲတွင်လည်း အသက် အကြီးဆုံးထဲတွင် တစ်ဦးအပါအဝင်ဖြစ်သည်။
ဆေးလုံးစိမ်းသခင်က ခေါင်းခါလိုက်ရင်း
“တိမ်ပြိုဂိုဏ်းက ဟန်ကျန်းက ဝိညာဉ်သန္ဓေတည်ဆေးနည်းကို အပေးအယူလုပ်ပြီး ငါတို့ ဆေးလုံးစိမ်းချိုင့်ဝှမ်းကို စစ်ပွဲထဲမှာ သူတို့ဘက်ကနေ ဝင်တိုက်ခိုက်ပေးခိုင်းတာ…. ဒါက သူပေးနိုင်တဲ့ အကန့်အသတ်ပဲ…. တကယ်လို့ မူယွင်ယန်ဆီကနေ အကူအညီထပ်တောင်းမယ်ဆိုရင်တော့ ငါတို့ ပိုပြီး အဖိုးအခကြီးကြီး ပေးရလိမ့်မယ်”
ချီတင်းက သက်ပြင်းချလိုက်ရင်း
"ဒါဆို ဘာဆက်လုပ်ရမလဲ အစ်ကိုကြီး…. စတုတ္ထအဆင့် ဝိညာဉ်သန္ဓေတည် ဆေးလုံးကို အဆင့်ကျော် ဖော်စပ်ဖို့ဆိုရင် ပုလဲပြာဆေးအိုးရဲ့ အကူအညီ ရှိရင်တောင် အနည်းဆုံး တတိယအဆင့် ဆေးဖော်ဆရာ ၆ ယောက်တော့ လိုအပ်မှာပဲ"
"အခု ကျွန်တော်တို့ ဆေးလုံးစိမ်းချိုင့်ဝှမ်းမှာ တတိယအဆင့် ဆေးဖော်ဆရာ ၃ ယောက်ပဲ ရှိသေးတယ်…. ညီငယ်ချင်ယွင်ကတော့ ပါရမီ ရှိတယ်ဗျ၊ သူသာ ဂိုဏ်းချုပ်နေရာကို ထောင်ဝမ်ဆီ လွှဲပေးပြီးရင် ဆေးဖော်လမ်းစဉ်မှာ တတိယအဆင့်ထိ ရောက်နိုင်တယ်၊ ဒါပေမဲ့ အဲ့လိုဆိုရင်တောင် ၄ ယောက်ပဲ ရှိဦးမှာပါ"
ဆေးလုံးစိမ်းသခင်က တည်ငြိမ်စွာဖြင့် ဆိုသည်။
"ငါ မနက်ဖြန် လုံရှို့တောင်ကို ကိုယ်တိုင်သွားပြီး တန်ရန်ဇီကို ပြန်ခေါ်လာမယ်၊ သူ့ရဲ့ အရည်အချင်းက လော့ချန်ထက် အများကြီး သာတယ်မလား၊ သူသာ ရွှေအမြုတေအဆင့် ရောက်ရင် ငါတို့ကို ကူညီပေးနိုင်လိမ့်မယ်"
"ရပါ့မလား"
ချီတင်းက စိုးရိမ်စွာ မေးသည်။
"မရလည်း ရအောင် လုပ်ရမယ်"
ဆေးလုံးစိမ်းသခင်က အေးစက်စက် ပြန်ဖြေလိုက်သည်။
"သူက ငါတို့ ဆေးလုံးစိမ်းချိုင့်ဝှမ်းရဲ့ တပည့်ပဲ၊ ဆရာသခင်ရဲ့ စကားကို ဘယ်လိုလုပ် မနာခံနိုင်မှာလဲ၊ ပြီးတော့ ငါ သူ့ကို ဂိုဏ်းမျိုးဆက်တစ်ဦးနဲ့ တူညီတဲ့ အရင်းအမြစ်တွေ ပေးမယ်၊ သူ သဘောတူမှာပါ"
‘ဂိုဏ်းမျိုးဆက်တစ်ဦးနဲ့ တူညီတဲ့ အရင်းအမြစ်တွေ ပေးမယ် ဟုတ်လား.... အဲ့ဒါဆိုရင် လက်ရှိ ဂိုဏ်းမျိုးဆက် ထောင်ဝမ်ရဲ့ အာဏာကို လျော့ကျသွားအောင် လုပ်လိုက်တာ မဟုတ်ဘူးလား’
ချီတင်း ပါးစပ်ဟလိုက်သော်လည်း ဘာမှ မပြောဖြစ်ခဲ့ပေ။ အစ်ကိုကြီးဖြစ်သူ အသက်ကြီးလာပြီကို သူ သိသည်။ ညီငယ်ဖူကဲ့သို့ သေခါနီး မဟုတ်သေးသော်လည်း အချိန် သိပ်မကျန်တော့ပေ။ အသက်ရှည် ဆေးလုံးနှင့် လျှို့ဝှက်နည်းလမ်းများ ရှိသော်လည်း နောက်ထပ် နှစ် (၁၀၀) ထက် ပို၍ ခံမည်မဟုတ်တော့ပေ။ နှစ် (၁၀၀) အတွင်း ဝိညာဉ်သန္ဓေတည်ဆေးလုံးကိုသာ မဖော်စပ်နိုင်လျှင် အစ်ကိုကြီး သေဆုံးသွားပေလိမ့်မည်။ လက်ရှိ အရေးအကြီးဆုံးမှာ နှစ် (၁၀၀) အတွင်း တတိယအဆင့် ဆေးဖော်ဆရာ ၆ ဦးကို စုစည်းပြီး ပုလဲပြာဆေးအိုး၏ အစွမ်းဖြင့် ဝိညာဉ်သန္ဓေတည်ဆေးလုံးကို ဖော်စပ်ရန် ဖြစ်သည်။
ထိုဆေးအား အဆင့်ကျော်၍ ဖော်စပ်ရပေမည်။ ပြီးလျှင် စတုတ္ထအဆင့် ဝိညာဉ်ကြောကိုလည်း ရှာဖွေရပေဦးမည်။ အချိန်မှာ သိပ်ကြပ်လွန်းနေလေပြီ။ မဟုတ်ပါက ရွှမ်ယွင်ကျီဆိုသည့် လူငယ်လေးအား လက်သတ်မွေးထားနိုင်သည်။ ရွှမ်ယွင်ကျီသည် ဆေးဖော်ပညာတွင် အရည်အချင်း ရှိသူဖြစ်လေရာ နှစ် (၁၀၀) ကျော်ပါက အကူအညီ ပေးကောင်းပေးနိုင်လိမ့်မည်။
သို့သော်လည်း နှစ် (၁၀၀) ဆိုလျှင်ပင် မရနိုင်သေးပေ။ ရွှမ်ယွင်ကျီ၏ ကျင်ကြံခြင်းပါရမီမှာ အလွန်ပင် ညံ့ဖျင်းလှသဖြင့် ယခုအချိန်အထိ အခြေတည်အဆင့် (၃) တွင်သာ ရှိနေသေးသည်။ ဘဝတစ်လျှောက်လုံး ရွှေအမြုတေအဆင့်သို့ ရောက်ရှိရန် မျှော်လင့်ချက် မရှိတော့ပေ။
"အစ်ကိုကြီး…. ဒါပေမဲ့ တန်ရန်ဇီ ပါလာရင်တောင် ၅ ယောက်ပဲ ရှိဦးမှာလေ၊ မူယွင်ယန်ဆီ အကူအညီ သွားတောင်းရဦးမှာ မဟုတ်ဘူးလား"
စီရင်စုသခင်ရှင်းယွင်က မေးလိုက်သည်။
ထိုစကားကြောင့် ဆေးလုံးစိမ်းသခင် တိတ်ဆိတ်သွားသည်။
ကျယ်ပြောလှသော ကျောက်စိမ်းအိုးနယ်မြေတွင် တတိယအဆင့် ဆေးဖော်ဆရာများမှာ လက်ချိုးရေတွက်ရုံလောက်ပင် ရှိသည်။ ကျောက်စိမ်းအိုးနယ်မြေအပြင်ဘက်တွင် သူ သိသူများရှိသော်လည်း ထိုသူအားလုံးမှာ ဂိုဏ်းကြီးများ၏ အဓိက ဆေးဖော်ဆရာများ ဖြစ်ကြသည်။ ထိုသို့သော သူများကို ဖိတ်ခေါ်ရန်မှာ ငွေကုန်ကြေးကျ များသည်က တစ်ကြောင်း၊ အရေးအကြီးဆုံးက ဝိညာဉ်သန္ဓေတည်ဆေးနည်း ပေါက်ကြားသွားမည်ကို စိုးရိမ်ရသည်။ ထိုလျှို့ဝှက်ချက်မှာ ပေါက်ကြား၍ မရပေ။ မဟုတ်ပါက ဂိုဏ်းပျက်စီးသည်အထိ ဖြစ်သွားနိုင်သည်။ ဟန်ကျန်းဆိုသည့် အဘိုးကြီးသည် ထိုဝိညာဉ်သန္ဓေတည်ဆေးနည်းအား မည်သည့်နေရာမှ ရခဲ့သည်၊ မည်သည့် စတုတ္ထအဆင့် ဝိညာဉ်ကြောတွင် ရွှေအမြုတေအဆင့်သို့ တက်လှမ်းသွားသည်ကို မည်သူမှ မသိကြပေ။
အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် သူ အေးစက်စက် ပြောလိုက်သည်။
"တန်ရန်ဇီကို ပံ့ပိုးဖို့ အရင် ပြင်ဆင်ထားလိုက်ကြပါ…. နောက်ဆုံး မရရင်တော့ မူယွင်ယန်ကိုပဲ ဖိတ်ခေါ်ရတော့မှာပေါ့"
သို့သော် ထိုသို့ဆိုလျှင် ဆေးလုံးစိမ်းချိုင့်ဝှမ်းဘက်မှ ကြီးမားသော အဖိုးအခကို ပေးရပေလိမ့်မည်။ ဟန်ကျန်းဆိုသူမှာ လူကောင်း မဟုတ်ဘဲ အမြဲ အမြတ်ထုတ်တတ်သူ ဖြစ်သည်။ မူယွင်ယန်သည် ရွှေအမြုတေကျင့်ကြံသူ ဖြစ်လင့်ကစား ဟန်ကျန်း၏ တပည့် ဖြစ်ပြီး ထိုဘီလူးကြီး၏ စကားကိုသာ မြေဝယ်မကျ နားထောင်သော တပည့်လိမ္မာလေး ဖြစ်သည်။ မူယွင်ယန်ကို အကူအညီတောင်းခြင်းက ဟန်ကျန်းကို အကူအညီတောင်းခြင်းနှင့် အတူတူပင် ဖြစ်သည်။ ထို့အပြင် ဤကဲ့သို့ ကိစ္စရပ်များကို လိုအပ်မှ သွားတောင်း၍ မရပေ၊ ကြိုတင်၍ ပူးပေါင်းဆောင်ရွက်မှု ရယူထားရပေမည်။
စတုတ္ထအဆင့် ဆေးနည်းကို နားလည်ရန်မှာ အချိန်များစွာ လိုအပ်သည် မဟုတ်လော။
"ဟူး…. ရှန်းဟူသာ အသက်ရှိနေသေးရင် သိပ်ကောင်းမှာ"
ဆေးလုံးစိမ်းသခင်သည် သူငယ်ချင်းဟောင်း ဖြစ်သူကို ရုတ်တရက် သတိရမိသွားသည်။ တစ်ကိုယ်တော်ကျင့်ကြံသူဘဝနှင့် ရွှေအမြုတေ ဖြစ်လာခြင်းမှာ ကံကောင်းလွန်းသော်လည်း နောက်ဆုံးတွင် ရေခဲခံတပ်သို့ ဝင်ရောက်ကာ ချစ်ရသူလက်ချက်ဖြင့် သေဆုံးခဲ့ရရှာသည်။
ကံကြမ္မာ၏ ပြက်ရယ်ပြုမှုပင် ဖြစ်ပေလိမ့်မည်။ သူ၏သေဆုံးမှုက ထိုမိန်းကလေး၏ ကရုဏာမဲ့နတ်သမီး ဟူသည့် ဂုဏ်သတင်းကိုသာ တိုးပွားစေခဲ့သည်။
....
ဆေးလုံးစိမ်းချိုင့်ဝှမ်း အထက်တွင် အရိပ်တစ်ခုသည် တိမ်စီး၍ ပျံသန်းနေခဲ့သည်။
ဆေးလုံးစိမ်းချိုင့်ဝှမ်း၏ ဂိုဏ်းဝတ်စုံကို မဝတ်ဆင်ထားသော်လည်း တပည့်များ တွေ့ဆုံလျှင် လေးစားစွာဖြင့် အစ်ကိုကြီးတန်ချန်ဇီဟု နှုတ်ဆတ်ကြသည်။
ကျင့်ကြံရေးလောကသည် ဤသို့ပင် ဖြစ်သည်။ လူ့ကျင့်ဝတ်ကို အလေးမထားဘဲ အရည်အချင်းကိုသာ ဦးစားပေးသည်။
လော့ချန်၏ အဆင့်သည် မမြင့်မားသော်လည်း သူ၏ ဆေးပညာမှာ ဆေးလုံးစိမ်းချိုင့်ဝှမ်းမှ တပည့်များစွာကို လေးစားစေခဲ့သည်။ အစပိုင်းတွင် ဆေးဖော်ပြိုင်ပွဲ၌ တန်ရန်ဇီတို့ကို အနိုင်ယူခဲ့သဖြင့် မနာလိုသူများ ရှိခဲ့ပေမည်။ သို့သော် အချိန်ကြာလာသည်နှင့်အမျှ ဆေးဖော်ပညာရှင်အသင်းသို့ မကြာခဏ သွားရောက်ခြင်းကြောင့် ဤအဆင့်နိမ့် တပည့်များလည်း သူ့အား လက်ခံလာကြသည်။
လော့ချန် အခြားသူများ၏ အမြင်ကို အရေးမစိုက်ပေ။ သူ၏ အဆင့်အတန်းမှာ ကိုယ်တိုင် ကြိုးစား၍ ရယူထားခြင်း ဖြစ်သည်။ သူ အရေးစိုက်သည်မှာ လက်ထဲသို့ ရောက်လာသော အကျိုးအမြတ်များ ဖြစ်သည်။
"ဆေးဖော်ပညာရှင်အသင်းက တကယ်ကို နေရာကောင်းပဲ"
"အကြိမ်အနည်းငယ် သွားလည်ရုံနဲ့တင် အကျိုးအမြတ်တွေ အများကြီး ရလိုက်တယ်"
"ကြယ်တာရာလက်ကွက်တစ်ခု၊ ရှေးဟောင်းဆေးနည်းသုံးခု"
ဤအကျိုးအမြတ်များကို တွေးတောရင်း လော့ချန် ပျော်ရွှင်နေမိသည်။ သို့သော်လည်း ထိုဆေးဖော်ပညာရှင်အသင်း၏ သူ့အပေါ်ထားရှိသော စိတ်သဘောထားမှာ တဖြည်းဖြည်း လျော့ကျလာကြောင်း သူ ခံစားမိသည်။ ထို ဝါရင့် ဒုတိယအဆင့် ဆေးဖော်ဆရာများသည်လည်း ယခင်ကဲ့သို့ အလွန်အမင်း မဖော်ရွေတော့ပေ။
အကြောင်းမှာ သူသည် ရှေးဟောင်းဆေးနည်းများကို ပြန်လည်ဖော်ထုတ်ရာတွင် အရည်အချင်း မပြနိုင်၍ ဖြစ်နိုင်သည်။
သို့သော်လည်း လော့ချန် ဂရုမစိုက်ပေ။ အရည်အချင်း ကောင်းကောင်းပြသနိုင်မှသာ ထူးဆန်းနေပေလိမ့်မည်။
သူ့အကြောင်း သူသာ အသိဆုံးပင်။ သူ့တွင် ဆေးဖော်အရည်အချင်း အနည်းငယ် ရှိသည်မှာ မှန်သော်လည်း ထူးချွန်သည်ဟု မဆိုနိုင်ပေ။ အကယ်၍သာ ထိုသို့ ထူးချွန်နေပါက ယခင် ချီလမ်းကြောင်းဆေးလုံးနှင့် ကျောက်စိမ်းနှင်းစက်ဆေးလုံးတို့၏ ဆေးနည်းများကို ပြန်လည်ဖော်ထုတ်ရာတွင် အချိန်များစွာ ကုန်ဆုံးလိမ့်မည် မဟုတ်ပေ။ ဤသည်မှာ ပထမအဆင့်နှင့် ဒုတိယအဆင့် ဆေးနည်းများသာ ဖြစ်သော်လည်း သူ နှစ်အတော်ကြာ အချိန်ယူခဲ့ရသည်။
ဆေးဖော်ပညာရှင်အသင်းက သူ့အား ပြန်လည်ဖော်ထုတ်ခိုင်းသည်မှာ တတိယအဆင့် ဆေးနည်း ဖြစ်သည်။ ထို့အပြင် ဤခေတ်အခါက မဟုတ်ဘဲ လွန်ခဲ့သော နှစ်ပေါင်းထောင်ချီက ရှေးဟောင်း ဆေးနည်းများ ဖြစ်သည်။ ဖော်စပ်ရ ခက်ခဲပြီး၊ အချို့သော အဓိက ဆေးဖက်ဝင်အပင်များမှာလည်း မျိုးတုံးပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ နှစ်ပေါင်းများစွာ အသည်းအသန် လေ့လာခြင်းမရှိဘဲ ၎င်းတို့ကို ပြည့်စုံအောင် ဖော်ထုတ်နိုင်မည့် နည်းလမ်း သူ့တွင် မရှိပေ။
လော့ချန် သူ၏ ထိုစဉ်က စွမ်းဆောင်ရည်ကို ကျေနပ်ခြင်း မရှိပေ။ သို့သော် အခြားသူများ၏ စိတ်သဘောထားကိုမူ သူ ချက်ချင်း သတိပြုမိခဲ့သည်။
"ထားပါ…. ဘယ်လိုပဲဖြစ်ဖြစ် ငါက ဆေးလုံးစိမ်းချိုင့်ဝှမ်းမှာ ကြာကြာနေမှာမှ မဟုတ်တာ၊ လျစ်လျူရှုရင်လည်း ရှုပစေပေါ့၊ သူတို့ သဘောပဲ"
"အခြေတည်အဆင့် (၆) ကို ရောက်ဖို့ အချိန် မလိုတော့ဘူးဆိုတော့ ဒီကို နောက်ထပ် မလာတော့ဘူး…. တစ်ယောက်ယောက်က အမြဲစောင့်ကြည့်နေသလိုမျိုးကြီး"
လော့ချန် လည်ပင်းကို ပွတ်သပ်လိုက်ပြီး တိမ်စီးသည့် အရှိန်ကို အနည်းငယ် မြှင့်လိုက်သည်။
....
ချင်ယွင်တောင်ပေါ်သို့ ရောက်သောအခါ လော့ချန် မနှောင့်နှေးဘဲ ဂိုဏ်းမျိုးဆက် စံအိမ်တော်သို့ တန်းတန်းမတ်မတ် ပြန်လာခဲ့သည်။ သူ ထင်ထားခဲ့သည့်အတိုင်း ထောင်ဝမ် ရှိမနေပေ။ ဂိုဏ်းချုပ်နှင့်အတူ အပြင်သို့ ထွက်သွားပုံရသည်။
"ဒီဂိုဏ်းမျိုးဆက် ဆိုတာကလည်း တကယ်ကို မလွယ်ပါလား"
လော့ချန် သက်ပြင်းချကာ ရေရွတ်လိုက်ပြီး ဘေးဘက်အခန်းသို့ ပျော်ရွှင်စွာ ဝင်သွားခဲ့တော့သည်။
အခန်းထဲသို့ရောက်သည်နှင့် အခြေအနေပြကြေးမုံပြင်ကို ဖွင့်ကြည့်လိုက်သည်။
‘အဆင့် - အခြေတည်အဆင့် ၅ (၅၅/၁၀၀)၊ သွေးမြစ်အဆင့် - (၅၀/၁၀၀)’
သူ ဤနေရာ၌ ခြောက်လတာ ကျင့်ကြံခဲ့မှုကြောင့် ကျင့်ကြံတိုးတက်မှုနှုန်းမှာ ယခင်ကထက် သိသိသာသာ မြင့်တက်နေခဲ့ပြီ ဖြစ်သည်။
ဆေးလုံးစိမ်းချိုင့်ဝှမ်းသို့ ရောက်ရှိခဲ့သည်မှာ တစ်နှစ် ရှိပြီဖြစ်သည်။
ပထမ ခြောက်လတွင် ဂိုဏ်းမျိုးဆက်ပြိုင်ပွဲကြောင့် အလုပ်ရှုပ်နေခဲ့ရပြီး၊ ဒုတိယအဆင့် အဆင့်လတ် ဝိညာဉ်ကြောသာ အသုံးပြုခွင့် ရရှိခဲ့သဖြင့် သူ၏ တိုးတက်မှုမှာ လွန်စွာ နှေးကွေးခဲ့ရသည်။ သို့သော် ဂိုဏ်းမျိုးဆက်၏ ဘေးအခန်းတွင် စတင်ကျင့်ကြံခွင့် ရရှိခဲ့သည့် အချိန်မှစ၍ သူ၏ ကျင့်ကြံနှုန်းမှာ ကြောက်ခမန်းလိလိ မြင့်တက်လာခဲ့သည်။
ထောင်ဝမ် ပြောခဲ့သော ခုနစ်ဆ၊ ရှစ်ဆမှာ နည်းနေသေးသည်။ သူမသည် လူတစ်ဦးနှင့် တစ်ဦး၏ ခန္ဓာကိုယ် ပုံစံ ကွာခြားချက်ကို မျက်ကွယ်ပြုခဲ့ခြင်းဖြစ်သည်။
လော့ချန်သည် သာမန် အခြေတည်အလယ်ပိုင်း ကျင့်ကြံသူ မဟုတ်ပေ။ သူ၏ ခန္ဓာကိုယ်မှာ သန်မာပြီး သွေးကြောများ အပြည့်အဝ ဖွင့်လှစ်ထားသဖြင့် ပိုမိုများပြားသော ချီစွမ်းအားများကို လက်ခံနိုင်သည်။ ဆေးဘုရင်ဂိုဏ်း၏ အဓိကကျင့်စဉ်လည်း ရှိနေသဖြင့် အပြင်ဘက်မှ ချီစွမ်းအားကို စုပ်ယူရာတွင် ဂိုဏ်းကြီးများ၏ တပည့်ရင်းများထက်ပင် သာလွန်နေသည်။
တစ်ခုတည်းသော အားနည်းချက်မှာ စိတ်ဝိညာဉ်စွမ်းအား ဖြစ်သည်။
သို့သော် လော့ချန်၏ စိတ်ဝိညာဉ်စွမ်းအားသည်လည်း မနိမ့်ကျပေ။ အခြေတည်အဆင့် (၃) တွင် ရှိစဉ်ကတည်းက ရွှေအမြုတေနှောင်းပိုင်း ကျင့်ကြံသူနှင့် ညီမျှနေပြီ ဖြစ်သည်။ နောက်ပိုင်း နှစ်များတွင် အဆင့် ၄၊ အဆင့် ၅ သို့ တိုးတက်လာသဖြင့် စိတ်ဝိညာဉ်စွမ်းအားမှာလည်း မြင့်တက်လာသည်။ ထို့အပြင် သူ အပြင်းအထန် ဖော်စပ်ထားသော ထိပ်တန်းအဆင့် ချီလမ်းကြောင်းဆေးလုံးများကို အခါအားလျော်စွာ သောက်သုံးခြင်းဖြင့် ယခု သူ၏ စိတ်ဝိညာဉ်စွမ်းအားမှာ အခြေတည်အဆင့် (၈) နှင့် ညီမျှနေပြီ ဖြစ်သည်။
ထိုကဲ့သို့သော အခြေခံအုတ်မြစ်များကြောင့် လော့ချန်သည် ယခုအခါတွင် မည်သည့် အားနည်းချက်မျှ မရှိသလောက် ဖြစ်နေခဲ့လေပြီ။ သူသည် စစ်မှန်သော တတိယအဆင့် ဝိညာဉ်ကြောတွင် ကျင့်ကြံရန် ကြောက်ရွံ့နေသေးသည်။ ဆေးလုံးစိမ်းချိုင့်ဝှမ်းက ထောင်ဝမ်အတွက် စီစဉ်ပေးထားသည်မှာ တတိယအဆင့် အဆင့်နိမ့် ဝိညာဉ်ကြော ဖြစ်သည်။ တစ်နည်းအားဖြင့် ပြောရလျှင် အထူးတလည် လျှော့ချထားသော ဝိညာဉ်ကြော ဖြစ်ပြီး လော့ချန် ကျင့်ကြံရန် အသင့်တော်ဆုံး ဖြစ်သည်။ အတွင်းအပြင် လုံးဝ ကိုက်ညီနေသဖြင့် လော့ချန်၏ ကျင့်ကြံနှုန်းမှာ တစ်ခါမျှ မကြုံဖူးလောက်အောင် မြင့်တက်လာသည်။ သူ ယခင်က ကြုံတွေ့ခဲ့ဖူးသမျှသော အရှိန်မြှင့်တင်မှုများထက် ဆယ်ဆနီးပါးအထိ ပိုမိုမြန်ဆန်လာခဲ့တော့သည်။
ဤကဲ့သို့ အဆင်ပြေနေသဖြင့် သူ အရာရာကို လျစ်လျူရှုကာ ကျင့်ကြံခြင်းတွင်သာ အာရုံစူးစိုက်ထားတော့သည်။
"တကယ်ကို ဂိုဏ်းကြီးတွေပဲ.... သာမန် ကျင့်ကြံသူတွေသာ ဒီလို အခွင့်အရေး ရမယ်ဆိုရင် အခြေတည်အဆင့် (၈) ရောက်တဲ့သူတွေ ဘယ်လောက်တောင် များပြားလာမလဲ.... မဟုတ်သေးဘူး…. သာမန် ကျင့်ကြံသူတွေမှာ အခြေခံအုတ်မြစ်ကောင်းကောင်းမရှိရင် ဒီလောက် ပြင်းထန်တဲ့ ကျင့်ကြံမှုကို ခံနိုင်ရည် ရှိမှာ မဟုတ်ဘူး.... ပြီးတော့ ဒီလို ပတ်ဝန်းကျင်ကို ဖန်တီးဖို့ကလည်း အရမ်း ခက်ခဲလိမ့်မယ်.... ကျယ်ပြောလှတဲ့ ဒီဆေးလုံးစိမ်းချိုင့်ဝှမ်းမှာ ဂိုဏ်းမျိုးဆက် တစ်ယောက်တည်းပဲ ဒီ အခွင့်အရေးကို ခံစားခွင့် ရှိတာ.... ငါကတော့ ကံကောင်းလို့ပေါ့"
လော့ချန် ပြုံးလိုက်ပြီး နောက်ထပ်အဆင့်တက်လှမ်းမည့် အချိန်ကို ခန့်မှန်းကာ မျက်လုံးကို မှိတ်၍ ကျင့်ကြံခြင်း အခြေအနေသို့ ဝင်ရောက်သွားတော့သည်။
ဆေးလုံးစိမ်းချိုင့်ဝှမ်းသည် ရေရှည်နေထိုင်ရမည့် နေရာ မဟုတ်ပေ။ ဆေးဖော်ပညာရှင်အသင်း၏ စိတ်ဝင်စားမှုမှာလည်း လျော့ကျသွားခဲ့လေပြီ။ ထောင်ဝမ်တစ်ယောက် ဂိုဏ်းရေးရာများကို ကျွမ်းကျင်သွားလျှင်လည်း မကြာခဏ ပြန်လာ ကျင့်ကြံလိမ့်မည် ဖြစ်သည်။ ချစ်သူများ မဟုတ်ပါဘဲနှင့် နှစ်ယောက်သား တစ်အိမ်တည်း နေထိုင်ကာ အမြဲတွေ့နေရလျှင်လည်း အဆင်မပြေပေ။ ထိုသို့ အမြဲ နေထိုင်ခြင်းမှာ ဂုဏ်သိက္ခာနှင့်လည်း မညီပေ။
တစ်ဖက်တွင်လည်း ကရုဏာမဲ့နတ်သမီးထံ သူ ချန်ထားခဲ့သော ကျောက်စိမ်းနှင်းစက်ဆေးလုံးများမှာ လျော့နည်းလာနေလောက်ပြီ ဖြစ်သည်။ ထို့အပြင် ထျန်းလန်နတ်ဘုရားမြို့တော်တွင် သူ ခဲရာခဲဆစ် တည်ထောင်ထားသော လော့ထျန်းအဖွဲ့ ရှိပြီး၊ မိတ်ဆွေသူငယ်ချင်းများကလည်း စောင့်မျှော်နေကြသည်။
မဖြစ်မနေ ပြန်သွားရမည် ဖြစ်သည်။
“ခြောက်လ.... နောက်ထပ် အများဆုံး ခြောက်လပဲ”
လော့ချန် စိတ်ပိုင်းဖြတ်လိုက်သည်။ ထိုအချိန်ကျရင် အခြေတည်အဆင့် (၆) ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ဤနေရာမှ ထွက်ခွာတော့မည် ဖြစ်သည်။