အခန်း ၄၉၂
Vol. 50 Ch. 492
လော့ချန်နှင့် သူ၏စွန့်စားခန်းများ
အခန်း (၄၉၂) - ဒီအစ်မက တကယ့် မိတ်ဆွေစစ်ပဲ
ဂိုဏ်းမျိုးဆက် စံအိမ်တော်တွင် ဖြစ်သည်။
တစ်နေ့တာလုံး အလုပ်ရှုပ်ခဲ့ရသော ထောင်ဝမ် ဂိုဏ်းပြင်ပမှ ပြန်လည်ရောက်ရှိလာသည်။
သူမ နားထင်ကို နှိပ်နယ်ရင်း အနည်းငယ် ပင်ပန်းနွမ်းနယ်နေသည်။ ခန္ဓာကိုယ် ပင်ပန်းခြင်း မဟုတ်ဘဲ စိတ်ပင်ပန်းခြင်း ဖြစ်သည်။
လွန်ခဲ့သော ရက်အနည်းငယ်က သူမ ဆေးလုံးစိမ်းချိုင့်ဝှမ်းကို ကိုယ်စားပြုပြီး လက်အောက်ခံ ဂိုဏ်းတစ်ခု၏ ရွှေအမြုတေ အခမ်းအနားသို့ သွားရောက်ခဲ့ရသည်။ ယခင်က အလွန် အားနည်းသော ထိုဂိုဏ်းကို ဆေးလုံးစိမ်းချိုင့်ဝှမ်းက အရေးမစိုက်ခဲ့ပေ။
ဘိုးဘေးများ၏ ကောင်းချီးကြောင့် ဖြစ်မည်။ ထိုဂိုဏ်းမှ အသက်အရွယ် ကြီးရင့်နေသော အခြေတည်အထွတ်အထိပ်ကျင့်ကြံသူတစ်ဦးက ကံကောင်းစွာဖြင့် ရွှေအမြုတေအဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့သည်။ ထိုသို့ဖြင့် သာမန် ဂိုဏ်းငယ်လေးမှ ပထမတန်းစား အင်အားစုအဖြစ် ချက်ချင်း ပြောင်းလဲသွားခဲ့သည်။
ထိုကဲ့သို့သော လက်အောက်ခံဂိုဏ်းကို နောက်နောင်တွင် ပေါ့ပေါ့တန်တန် ဆက်ဆံ၍ မရတော့ပေ။ သာမန်အခြေအနေမျိုးတွင်မူ ဆေးလုံးစိမ်းချိုင့်ဝှမ်းအနေဖြင့် အဆင့်တူ ရွှေအမြုတေ အကြီးအကဲ တစ်ဦးကို ဂုဏ်ပြုရန် စေလွှတ်လေ့ ရှိသည်။ သို့သော် ဤတစ်ကြိမ်တွင်မူ ဂိုဏ်းချုပ်ချင်ယွင်ဇီက ကွဲပြားသော ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ခဲ့သည်။ အသစ်ခန့်အပ်ခံထားရသော လက်ရှိ ဂိုဏ်းမျိုးဆက် ထောင်ဝမ်၏ အသိုင်းအဝိုင်းကို ချဲ့ထွင်ပေးရန် ရည်ရွယ်ချက်ဖြင့် သူမကို စေလွှတ်ခဲ့သည်။
ထောင်ဝမ် ဝမ်းမြောက်ဝမ်းသာ သွားရောက်ခဲ့သည်။ အခြားဘက်မှလည်း သူမအား အကြီးအကျယ် ကြိုဆိုခဲ့ကြသည်။ ထိုနေရာရှိ မည်သူမျှ သူမ အခြေတည်အဆင့် (၉) သာ ရှိနေသေးသည့်အချက်ကို စိတ်ထဲထားပုံမရချေ။ ဆန့်ကျင်ဘက်အနေဖြင့် အလွန် သဘောကျ နှစ်သက်နေကြပုံရသည်။
မည်သို့ပင်ဆိုစေ ထောင်ဝမ်သည် အမှားမလုပ်မိသရွေ့ အနာဂတ်တွင် ဆေးလုံးစိမ်းချိုင့်ဝှမ်း၏ ဂိုဏ်းချုပ် ဖြစ်လာမည်မှာ သေချာသည်။ အကယ်၍ ယခုအချိန်ကတည်းက သူမနှင့် ဆက်ဆံရေးကောင်း တည်ဆောက်ထားနိုင်လျှင် အနာဂတ်တွင် အေးချမ်းစွာ နေထိုင်နိုင်ပေလိမ့်မည်။ ပို၍ကောင်းသည်မှာ သူမသည် အသစ်ဆက်ဆက် ဂိုဏ်းမျိုးဆက်တစ်ဦးဖြစ်ပြီး နောက်လိုက် အနည်းငယ်သာ ရှိသေးသဖြင့် ယခုလို အချိန်တွင် သူမနှင့် မိတ်ဖွဲ့ထားရန် အားလုံးက ကြိုးစားနေကြသည်။ ထို့ကြောင့် အထူးပင် ဂရုစိုက် ဆက်ဆံကြသည်။
သို့သော် ထောင်ဝမ်အတွက်မူ ခရီးပန်းရခြင်းနှင့် စိမ်းသက်သော မျက်နှာသစ်များစွာကို ရင်းနှီးအောင် လုပ်ရခြင်းမှာ အလွန် ပင်ပန်းလှသည်။
သို့သော်လည်း ထိုပင်ပန်းမှုများကြားမှပင် သူမသည် ဤဆုံတွေ့မှုများ၏ တန်ဖိုးကို အသိအမှတ်ပြုမိသည်။ ၎င်းမှာ ဆုံးရှုံးမှုထက် အကျိုးအမြတ်တစ်ခုသာ ဖြစ်ခဲ့သည်။ ယခုအခါ ထောင်ရိရှန်းက ထောင်မျိုးနွယ်စုကို ဦးဆောင်နေပြီး သူမကလည်း ဂိုဏ်း၏ ကိစ္စရပ်များကို စတင် ကိုင်တွယ်နေပြီ ဖြစ်သည်။ သို့ဖြစ်လေရာ အနာဂတ် နှစ် (၁၀၀) တွင် သူမ၏ ထောင်မျိုးနွယ်စုကြီး ကြီးပွားတိုးတက်လာမည်မှာ သေချာသည်။
ခေတ္တ အနားယူပြီးနောက် ထောင်ဝမ် အစောင့်အရှောက်တစ်ဦးကို ဆင့်ခေါ်လိုက်သည်။
ခဏအကြာတွင် အခြေတည်အလယ်ပိုင်းအဆင့် ကျင့်ကြံသူတစ်ဦး ဝင်ရောက်လာပြီး ရိုသေစွာဖြင့် ဦးညွှတ်လိုက်သည်။
"ဂိုဏ်းမျိုးဆက်ကို ဂါရဝပြုပါတယ်"
ဂိုဏ်းမျိုးဆက်ကို အလုပ်အကျွေးပြုရန် တာဝန်ပေးခံထားရသော ထိုသူကို ကြည့်ကာ ထောင်ဝမ် ဖြည်းညင်းစွာ မေးလိုက်သည်။
"ဒီရက်ပိုင်းအတွင်းမှာ သူ့ရဲ့ လှုပ်ရှားမှုက ဘယ်လိုရှိလဲ"
သူ ဆိုသည်မှာ မည်သူမှန်း ပြောစရာပင် မလိုချေ။
အစောင့်အရှောက်လေးက လေးစားစွာ ပြန်လည်ဖြေကြားလိုက်သည်။
"ပထမ ခြောက်လကတော့ ဆေးဖော်ပညာရှင်အသင်းကို မကြာခဏ သွားလေ့ရှိပေမဲ့ အခုတော့ အဲ့ဘက်ကို မသွားတော့ပါဘူး…. နေ့တိုင်း ကျင့်ကြံတာ၊ မှော်အတတ် လေ့ကျင့်တာပဲ လုပ်နေပါတယ်…. နားနေတဲ့ အချိန်ဆိုရင်တောင် ကျမ်းစာတွေကိုပဲ ဖတ်နေလေ့ ရှိပါတယ်"
ထောင်ဝမ်၏ မျက်နှာထက်ဝယ် အံ့ဩရိပ်တစ်ခု ဖြတ်ပြေးသွားခဲ့သည်။
"ရသေ့ တစ်ယောက်လိုပါပဲလား"
သူမ သိသလောက်ဆိုလျှင် လော့ချန်သည် ရသေ့နှင့် လားလားမျှ မဆိုင်ပေ။ လော့ချန်ထံ အကူအညီတောင်းရန် ဆုံးဖြတ်ခဲ့စဉ်ကတည်းက သူမ လော့ချန်အကြောင်း စုံစမ်းခဲ့သည်။ နောက်ပိုင်း ဂိုဏ်းမှ ဆရာသခင်များက လော့ချန်အား ဆေးလုံးစိမ်းချိုင့်ဝှမ်းတွင် ခေတ္တ ထားရှိရန် တိတ်တဆိတ် မှာကြားပြီးနောက် သူ့အကြောင်း အသေးစိတ် ပို၍ သတင်းစုဆောင်းခိုင်းခဲ့သည်။ ဂိုဏ်း၏ အတွင်းပိုင်း စုံစမ်းစစ်ဆေးမှုမှာ ပိုမိုနက်ရှိုင်းသွားခဲ့ပြီး လော့ချန် ထျန်းလန်နတ်ဘုရားမြို့တော်သို့ ရောက်ရှိလာကတည်းက ရှိခဲ့သမျှသော အသေးစိတ်အချက်အလက်အားလုံးကို တူးဆွဖော်ထုတ်ခဲ့ကြသည်။
သတင်းများအရ ရေခဲခံတပ်၏ မျက်နှာသာပေးမှုကို ရရှိအောင် ပြုလုပ်ခဲ့သည်ဖြစ်စေ၊ မြို့တော်အတွင်းရှိ နိုင်ငံရေး အကွက်ချစီမံမှုများမှတစ်ဆင့် လော့ထျန်းအဖွဲ့၏ အခြေခံအုတ်မြစ်ကို ချမှတ်ခဲ့သည်ဖြစ်စေ လော့ချန်သည် ငြိမ်ငြိမ် မနေနိုင်သူ ဖြစ်သည်။
သို့သော် ဆေးလုံးစိမ်းချိုင့်ဝှမ်းသို့ ရောက်ပြီးနောက် ဂိုဏ်းမျိုးဆက်အတွက် ယှဉ်ပြိုင်ပွဲမတိုင်မီရော၊ ပြီးနောက်မှာပါ အလွန် ငြိမ်နေပြီး အပြင်သို့ ထွက်ခဲလှသည်။ ဤသို့သော လုပ်ရပ်မှာ ဂိုဏ်းအတွင်းမှ လောကီရေးရာများကို လျစ်လျူရှုပြီး တိတ်ဆိတ်စွာ ကျင့်ကြံနေသော ရွှေအမြုတေ အကြီးအကဲများနှင့် ဆင်တူလှသည်။
ထို့အပြင် အခြားသော အချက်တစ်ချက်လည်း ရှိသေးသည်။ ထို တတိယအဆင့် အဆင့်နိမ့် ဝိညာဉ်ကြောသည် သူမ ကဲ့သို့ အခြေတည်အဆင့် (၉) ရှိသူများအတွက် အထူး သတ်မှတ်ထားသော ပတ်ဝန်းကျင် ဖြစ်သည်။ သာမန် အခြေတည်အဆင့် (၅) ကျင့်ကြံသူဆိုလျှင် တစ်ရက်၊ နှစ်ရက်လောက်သာ နေနိုင်သည်။ လော့ချန်ကဲ့သို့ မည်သည့်နေရာမှ မသွားဘဲ လပေါင်းများစွာ ဆက်တိုက် ကျင့်ကြံခြင်းမှာ အံ့သြစရာ ကောင်းလှသည်။ သူမသည်ပင် ရက်အနည်းငယ် ကျင့်ကြံပြီးတိုင်း တစ်ရက်၊ နှစ်ရက် နားရလေ့ရှိသည်။ အကြောင်းမှာ ထိုကဲ့သို့ သိပ်သည်းလှသော ချီစွမ်းအားများသည် ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်အတွက် ဝန်ပိစေသောကြောင့်ပင်။
"သူက ဒီလောက် ကောင်းမွန်တဲ့ ကျင့်ကြံရာနေရာကို တွေ့လို့ အချိန်မဖြုန်းချင်ဘဲ ဇွဲရှိရှိ ကျင့်ကြံနေတာ ဖြစ်မလား"
ထောင်ဝမ် တီးတိုး ရေရွတ်လိုက်သည်။
ဘေးဘက်ရှိ အစောင့်အရှောက်မှာလည်း အလွန် အံ့သြနေသည်။
"ဒီလောက် ကြိုးစားတဲ့သူကို ကျွန်တော်ဖြင့် မမြင်ဖူးဘူး.... ပါရမီသာ ကောင်းရင် ကျောက်စိမ်းအိုးနယ်မြေရဲ့ နာမည်ကျော် ရွှေအမြုတေစီရင်စုသခင်ကြီး တစ်ဦးဖြစ်လာမှာ သေချာတယ်…. ဒါပေမဲ့ နှမြောစရာက...."
ထိုနှမြောစရာကောင်းသည့် အချက်မှာ မည်သည့်အရာဖြစ်ကြောင်း ထောင်ဝမ် ကောင်းစွာ သိပေသည်။ လော့ချန်၏ ပါရမီမှာလည်း ဂိုဏ်းမှစုဆောင်းထားသော သတင်းများထဲတွင် ပါသည်။ သူသည် ဝိညာဉ်အမြစ် (၅) မျိုးကို ပိုင်ဆိုင်ထားခြင်းဖြစ်သည်။
အမှန်အတိုင်း ပြောရလျှင် ဝိညာဉ်အမြစ် (၅) မျိုးခန္ဓာကိုယ်မှာ အမှိုက်မဟုတ်ချေ။ ဓာတ်ကြီးငါးပါးဂိုဏ်းတွင်မူ ထိပ်တန်း အရည်အချင်းအဖြစ် သတ်မှတ်ခံရပြီး သူမ၏ ဝိညာဉ်အမြစ် (၄) မျိုးထက်ပင် သာလွန်ပေသေးသည်။ သို့သော် သာမန် ကျင့်ကြံသူများအတွက်မူ ၎င်းမှာ အညံ့ဖျင်းဆုံး အဆင့်တွင်သာ ရှိပြီး၊ ဝိညာဉ်အမြစ် လုံးဝမရှိခြင်းနှင့် တူလှပေသည်။ မြောက်မြားစွာသော အရင်းအမြစ်များမရှိလျှင် တစ်သက်လုံး အခြေတည်အဆင့်ကိုပင် ရောက်ရန် ခက်သည်။
ထိုအချက်ကြောင့်ပင် လော့ချန် အခြေတည်အဆင့်သို့ ရောက်ရှိနိုင်ခဲ့ခြင်းက သူမအား အံ့အားသင့်စေခဲ့သည်။ သို့သော် လော့ချန်၏ ရှေ့ဆက်ရမည့်လမ်းစဉ်မှာ ပို၍ ခက်ခဲလာပေလိမ့်မည်။
"ပါရမီ.... အရင်းအမြစ်...."
ထောင်ဝမ် အတွေးနယ်ချဲ့လိုက်ပြီး နောက်ဆုံးတွင် တဖြည်းဖြည်း နားလည်သွားသည်။ ငြိမ်ငြိမ်မနေနိုင်သော လော့ချန်သည် အရင်းအမြစ်များအတွက် ရုန်းကန်နေရခြင်း ဖြစ်သည်။ ထိုသို့ အရင်းအမြစ်များ ရရှိရန် ကြိုးစားခြင်းမှာလည်း ကျင့်ကြံရန်အတွက်ပင် ဖြစ်သည်။ ထို့ကြောင့် ယခုကဲ့သို့ အကောင်းဆုံး ဝိညာဉ်ကြောကို တွေ့သောအခါ သူ အရာရာကို လျစ်လျူရှုပြီး ကြိုးစားနေခြင်း ဖြစ်သည်။ ထို့ကြောင့် အစမှ အဆုံး လော့ချန်သည် လော့ချန်ပင် ဖြစ်နေသေးသည်။
ထိုအချက်ကို နားလည်ပြီးနောက် ထောင်ဝမ် သက်ပြင်းချလိုက်သည်။
"ဂိုဏ်းကပေးတဲ့ အရင်းအမြစ်တွေ အားလုံး ရောက်ပြီလား"
အစောင့်အရှောက်လေးက ခေါင်းညိတ်လိုက်ရင်း
"အများစု ရောက်ပါပြီ…. ဂိုဏ်းမျိုးဆက်ရဲ့ အမိန့်အတိုင်း ချီလင်ယွမ်၊ ထန်ရှောင်၊ ထောင်ရိရှန်း၊ ကျားရှောင်ချွမ်၊ တင်းကော့.... သူတို့အားလုံးအတွက် ခွဲဝေပေးလိုက်ပါပြီ၊ နောက်ပိုင်း နှစ်တိုင်း ပုံမှန် ပေးသွားပါမယ်"
"မင်းကို သီးသန့် ချန်ထားခိုင်းတဲ့ အဆင့်မြင့် နဂါးပျံဆေးလုံး တွေကော…."
အစောင့်အရှောက်လေးသည် လော့ချန်ရှိရာ ဘေးအခန်းကို တစ်ချက်ကြည့်ရင်း တိုးတိုးလေး ကပ်ပြောလိုက်သည်။
"ဂိုဏ်းမျိုးဆက်…. သူ့အတွက်လား၊ ဒါကတော့ နည်းနည်း...."
"ဟွန့်"
ထောင်ဝမ် နှာခေါင်းရှုံ့လိုက်ရာ အစောင့်အရှောက်လေးခမျာ ကြောက်လန့်သွားရသည်။
အချိန်တိုအတွင်းမှာပင် ရွှေအမြုတေကျင့်ကြံသူများစွာနှင့် ထိတွေ့ဆက်ဆံခဲ့ရသဖြင့် သူမ၏ အရှိန်အဝါမှာ ပို၍ မြင့်မားလာသည်။
အစောင့်အရှောက်လေးက ခေါင်းငုံ့ကာ တရိုတသေ ပြန်ဖြေလိုက်သည်။
"အားလုံး အဆင်သင့်ပါပဲဗျာ"
"ကောင်းပြီ…. နောင်ကိုလည်း နှစ်တိုင်း သီးသန့် ချန်ထားပေး၊ စိတ်မပူပါနဲ့…. အလကား ပေးတာ မဟုတ်ဘူး၊ တန်ချန်ဇီက ဝိညာဉ်ကျောက်တုံးတွေ ပေးလိမ့်မယ်၊ ဂိုဏ်းချုပ်ကိုလည်း ငါ ပြောထားပြီးသားပါ"
ထိုသို့ ပြောပြီးနောက် ထောင်ဝမ် စကားစရပ်လိုက်သည်။ လော့ချန် မကြာသေးမီက ဈေးကွက်တွင် သွေးကြောကာကွယ်ဆေးလုံးများ ဝယ်ယူနေသည်ကို သူမ သတိရလိုက်သည်။ ထိုဆေးများသည် အဆင့် နိမ့်လွန်းသည်။ လော့ချန်၏ တတိယအဆင့် ဝိညာဉ်ကြော ကျင့်ကြံခြင်းအတွက် အသုံးမဝင်ပေ။
"ဒုတိယအဆင့် အဆင့်မြင့် သွေးကြောကာကွယ်ဆေးလုံး တစ်ပုလင်းယူပြီး မနက်ဖြန် ဘေးအခန်းကို ပို့လိုက်ပါ"
အစောင့်အရှောက်လေး၏ ရင်ထဲတွင် တုန်လှုပ်သွားခဲ့ရသည်။
‘ဟမ်.... ဒုတိယအဆင့် အဆင့်မြင့်’
ဤသည်မှာ ဂိုဏ်းမျိုးဆက်သာ သုံးနိုင်သည့် အထူး ဆေးလုံးများဖြစ်သည်။ ဆေးလုံးတစ်လုံးတည်းဖြင့်ပင် သွေးကြောကို ၁၀ ရက်တိုင် ကာကွယ်ပေးနိုင်သည်။ ထိုဆေးလုံးများသည် သွေးကြောပြင်ဆင်ဆေးရည်ထက်ပင် ပို၍ တန်ဖိုးရှိသည်။ တစ်ဂိုဏ်းလုံးတွင် စီရင်စုသခင်ရှင်းယွင်သာ တစ်ခါတစ်ရံ ဖော်စပ်နိုင်ခြင်း ဖြစ်သည်။
သူ တားချင်သော်လည်း ထောင်ဝမ်၏ တည်ငြိမ်သော မျက်နှာကို ကြည့်ကာ ဘာမှ မပြောဝံ့တော့ပေ။
ဂိုဏ်းမျိုးဆက်၏ အမိန့်ကိုမူ သူ နာခံရပေမည်။
....
"ဒုတိယအဆင့် အဆင့်မြင့် သွေးကြောကာကွယ်ဆေးလုံး ဟုတ်လား"
ဘေးဘက်အခန်းတွင် ကျင့်ကြံရာမှ ထွက်လာသော လော့ချန်တစ်ယောက် အစောင့်အရှောက်ချန် ပို့ပေးသော ပစ္စည်းကို ကြည့်ကာ အံ့အားသင့်သွားသည်။
အစောင့်အရှောက်ချန်က ပုလင်းငယ်လေးကို မနာလိုစွာ ကြည့်ကာ
"ဒါကို ကျွန်တော်တို့ ဂိုဏ်းမျိုးဆက်က အထူး ပို့ခိုင်းလိုက်တာပါ…. မကျင့်ကြံမီ သောက်သုံးရင် သွေးကြောကို ချီစွမ်းအားရိုက်ခတ်မှုဒဏ်ကနေ ကာကွယ်ပေးနိုင်ပါတယ်…. မိတ်ဆွေ အခုနောက်ပိုင်း အရမ်း ကြိုးစားနေတာ တွေ့ရလို့ပါ.... ကျေးဇူးပြုပြီး အားမစိုက်လွန်းပါနဲ့၊ အန္တရာယ် ဖြစ်မှာ စိုးလို့ပါ…. ဒီပစ္စည်းကလည်း ဂိုဏ်းမျိုးဆက်က မိတ်ဆွေကို စိုးရိမ်လို့ ပို့ပေးတာပါ"
လော့ချန်အား ထောင်ဝမ်၏ စေတနာကို နားလည်စေရန် သူ တမင် ပြောလိုက်ခြင်း ဖြစ်သည်။ အမှန်စင်စစ် ဤစကားလုံးများအား ထောင်ဝမ် မပြောခိုင်းခဲ့ပေ။ သူ ထောင်ဝမ်နောက်လိုက်ရန် ဆုံးဖြတ်ထားသဖြင့် ကိုယ့်ဘာသာ ထပ်ဖြည့်ပြောနေခြင်း ဖြစ်သည်။
နားထောင်ပြီးနောက် လော့ချန် အလွန် ဝမ်းသာသွားသည်။
"အစောင့်အရှောက်ချန်…. ဂိုဏ်းမျိုးဆက်ကို ကျေးဇူးတင်ကြောင်း ပြောပေးပါ၊ အယူဘဲရှိရင် မယဉ်ကျေးရာ ရောက်တယ်၊ အရင်က ဆေးဖော်ပညာရှင်အသင်းမှာ စီရင်စုသခင်ရှင်းယွင်ရဲ့ အကူအညီနဲ့ နုပျိုဆေးလုံး တစ်ပုလင်း ဖော်စပ်ထားပါတယ်…. ကျင့်ကြံသူတွေအတွက် သိပ်တန်ဖိုးမရှိပေမယ့် ကျွန်တော့် စေတနာကို ပြသတဲ့အနေနဲ့ပါ....”
“ဒါကို ပေးပေးပါ"
အစောင့်အရှောက်ချန်က အံ့အားသင့်စွာ လက်ခံလိုက်သည်။
ဤဆေးများမှာ ကျင့်ကြံခြင်းအတွက် အထူးတလည် အသုံးမဝင်သော်လည်း အမျိုးသမီး ကျင့်ကြံသူများကမူ အကြိုက်တွေ့ကြသည်။
သူစိတ်ထဲတွင် ‘ဒီ တန်ချန်ဇီက လူ့ကျင့်ဝတ်တွေ နားလည်သားပဲ’ ဟု တွေးမိလိုက်သည်။
သူ ပြန်သွားပြီးနောက် လော့ချန် ဆေးပုလင်းကို ကိုင်ကာ အတွေးနယ်ချဲ့နေမိသည်။
‘အစ်မထောင်က ငါ ဆေးလုံးစိမ်းချိုင့်ဝှမ်းမှာ အဆင့်နိမ့် သွေးကြောကာကွယ်ဆေးလုံးတချို့ ဝယ်ခဲ့ရုံနဲ့တင်.... ငါ ဒီဆေးလုံးကို လိုအပ်နေတယ်လို့ ထင်သွားတာလား.... ဒါပေမဲ့.... အဲဒါတွေက လော့ထျန်းအဖွဲ့က လူတွေ အခြေတည်အဆင့် တက်လှမ်းနိုင်ဖို့ ဝယ်ထားတာတွေလေ’
သူကိုယ်တိုင်အတွက်မူ ထိုဆေးလုံးမှာ အသုံးမဝင်ပေ။ အကြောင်းမှာ သွေးကြောတစ်ရာလုံးကို ဖွင့်ထားပြီး ဖြစ်သည့်အတွက်ကြောင့်ပင်။ ထို့ကြောင့် တတိယအဆင့် ဝိညာဉ်ကြောတွင် ကျင့်ကြံသည့်တိုင် သူ့အပေါ်သက်ရောက်သော ဝန်ထုပ်ဝန်ပိုးမှာ အနည်းငယ်မျှသာ ရှိပေသည်။ နာရီအနည်းငယ်မျှ နားလိုက်ရုံဖြင့်ပင် သူ့အား အပြည့်အဝ ပြန်လည်ကောင်းမွန်လာစေရန် လုံလောက်သည်။ မည်သို့ပင်ဆိုစေ ဤဆေးလုံးများ၏ တန်ဖိုးမှာ ငြင်းပယ်၍မရအောင် ကြီးမားလှပေသည်။ ထို့ပြင် ၎င်းတို့မှာ ဂိုဏ်းမျိုးဆက်အတွက်သာ သီးသန့်ဖယ်ထားသောအရာများ ဖြစ်ကြသည်။
"အစ်မထောင်က စေတနာ ရှိသားပဲ"
"အခု ဆေးဖော်ပညာရှင်အသင်းက မဖိတ်ခေါ်တော့တာ နှစ်လလောက် ရှိပြီ၊ တဖြည်းဖြည်း အေးစက်လာတယ်…. သူမကတော့ အရင်အတိုင်းပဲ၊ ပိုတောင် ဖော်ရွေလာသေးတယ်"
"ဒီအစ်မက တကယ့် မိတ်ဆွေစစ်ပဲ"
မိတ်ဆွေစစ်၊ သူငယ်ချင်း၊ ရန်သူ၊ စီးပွားဖက်၊ အသိမိတ်ဆွေတို့ကို လော့ချန် ကွဲပြားစွာ ခွဲခြားတတ်သည်။ သူသည် ထောင်ရိရှန်းအား သူငယ်ချင်းတစ်ဦးအဖြစ် သတ်မှတ်ထားသည်။ အပြန်အလှန် လျှို့ဝှက်ချက်များ ဖလှယ်ရလောက်အောင် ယုံကြည်သည်မဟုတ်လျှင်ပင် အနည်းဆုံးတော့ ပွင့်လင်းစွာ စကားပြောဆိုနိုင်သည်။ တစ်ဖက်တွင်မူ သူနှင့် ထောင်ဝမ်တို့၏ ဆက်ဆံရေးမှာ အမြဲ ပြောင်းလဲနေခဲ့သည်။ စတင်သိကျွမ်းခဲ့သည်မှစ၍ သူတို့နှစ်ဦးမှာ အကျိုးစီးပွားကြောင့် ဆက်ဆံနေခြင်းသာ ဖြစ်သည်။ ယခုအခါတွင်မူ သူတို့၏ ပူးပေါင်းဆောင်ရွက်မှုမှာ တရားဝင် ပြီးဆုံးသွားခဲ့ပြီဖြစ်သော်လည်း သူမကမူ သူ့အား တတိယအဆင့် ဝိညာဉ်ကြောနှင့် ဤဆေးလုံးများကိုပင် ပို့ပေးခဲ့သည်။ ထိုစေတနာမှာ သူ၏ စိတ်ထဲတွင် စွဲထင်ကျန်ရစ်နေလေပြီ။ သူ့ဦးနှောက်ထဲတွင် စတင်တွေ့ခဲ့စဉ်က ထောင်ဝမ်၏ မောက်မာသော ရုပ်ပုံလွှာများ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ ထိုအစား ကျန်ရစ်ခဲ့သည်မှာ လွန်ခဲ့သော လအနည်းငယ်က ချင်ယွင်တောင် တိမ်တိုက်များကြားတွင် "မင်း ငါ့ကို အိမ်ရှင် ဝတ္တရားအတိုင်း ဧည့်ခံခွင့်ပြုပါ" ဟု ပြောသော ပြုံးရွှင်နေသည့် ရုပ်ပုံသာ ဖြစ်သည်။
"ကျင့်ကြံလမ်းမှာ လေပြင်းနှင်းမုန်တိုင်းနဲ့ ဓားသွားတွေ အမြဲ ရှိနေတာ၊ ဒါပေမဲ့ အစ်ကိုဝမ်နဲ့ အစ်မထောင်လို လူမျိုးတွေသာ ငါ့ဘက်မှာ ရှိနေရင် ဒီလမ်းမှာ ငါ အထီးကျန်မှာ မဟုတ်တော့ဘူး"
လော့ချန် ပြုံးလိုက်ရင်း ဆေးပုလင်းကို သိမ်းဆည်းလိုက်တော့သည်။
....
ခြောက်လကြာပြီးနောက်....။
အလင်းတန်းတစ်ခုသည် ချင်ယွင်တောင် တိမ်တိုက်များကြားမှ ထွက်လာပြီး ယွမ်ဟွာတောင်ကို ဖြတ်ကျော်ကာ ရှောင်နန်တောင်သို့ ဆင်းသက်လာသည်။
ခဏမျှသာ ရပ်တန့်ပြီးနောက် ၎င်းသည် နောက်ထပ်တစ်ကြိမ် ဦးတည်ချက်ပြောင်းကာ ထျန်းလန်နတ်ဘုရားမြို့တော်ဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်သွားခဲ့တော့သည်။
ရှောင်နန်တောင်ပေါ်တွင် ဖြစ်သည်....။
ဆီးနှင်းများက တစ်တောင်လုံးကို ဖုံးလွှမ်းနေခဲ့သည်။ အရာအားလုံး ညှိုးနွမ်းသွားခဲ့သော်လည်း ရှားပါးလှသော ဂန္ဓမာပန်းများကမူ ဆောင်းရာသီ၏ အအေးဒဏ်ကို အန်တုလျက် ပွင့်လန်းနေဆဲ ဖြစ်သည်။
ထောင်ရိရှန်းသည် ဝေးကွာသွားသော ထိုအလင်းတန်းကို ငေးကြည့်ရင်း စိတ်မကောင်း ဖြစ်နေသည်။
"နောက်ထပ် ခြောက်လလောက် ဆက်နေဦးမယ်ဆို သိပ်ကောင်းမှာ…. ဒါဆို ငါ့မင်္ဂလာဆောင် အရက်ကို သောက်နိုင်မှာ"
"နှမြောစရာပဲပေါ့"
သူ၏ နောက်ဘက်မှ ညင်သာသော အမျိုးသမီးအသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
ထောင်ရိရှန်း နောက်ပြန်လှည့်ကြည့်လိုက်သည်။
"အစ်မ"
ဝတ်ရုံရှည်ကြီးအား ဝတ်ဆင်ထားသော ထောင်ဝမ်တစ်ယောက် သူ့ရှေ့သို့ လျှောက်လာသည်။
"သူက ငါတို့ ဆေးလုံးစိမ်းချိုင့်ဝှမ်းကလူ မဟုတ်ဘူးလေ၊ ဂိုဏ်းမျိုးဆက် စံအိမ်တော်မှာ တစ်နှစ်လောက် နေခဲ့တာတင် သူများတွေ အပြစ်ပြောစရာ ဖြစ်နေပြီ၊ ထပ်နေရင် ငါ့အတွက်ရော သူ့အတွက်ပါ အကျိုးမရှိဘူး၊ ပြီးတော့ ထျန်းလန်နတ်ဘုရားမြို့တော်မှာ သူ့ရဲ့ သူငယ်ချင်းမိတ်ဆွေတွေ၊ သူ့ရဲ့ ချစ်သူ၊ သူကိုယ်တိုင် တည်ဆောက်ထားတဲ့ အရာတွေ ရှိနေတာပဲ"
ထောင်ရိရှန်း ခေါင်းညိတ်လိုက်သည်။ သဘာဝကျစွာပင် သူ ဤအရာအားလုံးကို နားလည်ပေသည်။ ယခုအခါ မော့ဟယ်ခြံဝင်းတွင် လော့ချန်ပေးခဲ့သော လမ်းညွှန်ချက်အတိုင်း ထောင်မျိုးနွယ်စု၏ ရှုပ်ထွေးလှသော အုပ်ချုပ်ရေးကိစ္စရပ်များကို သူ စတင် ဖြေရှင်းနိုင်လာလေပြီ။ ထောင်ဝမ်၏ စကားများမှာ မှန်သော်လည်း လက်ခံရန်မူ မလွယ်ကူလှပေ။ သို့သော်လည်း စကားတစ်ခွန်းက သူ့အား အံ့ဩသွားစေခဲ့သည်။
"ချစ်သူ ဟုတ်လား.... အစ်ကိုလော့မှာ ချစ်သူရှိတယ်လို့ ကျွန်တော် တစ်ခါမှ မကြားဖူးဘူး.... ဘယ်သူလဲ.... မင်္ဂလာဆောင်လည်း မလုပ်ပါဘူး"
"လော့ထျန်းအဖွဲ့ရဲ့ စီမံခန့်ခွဲရေးမှူး စီမာဟွေ့နန်လေ.... တရားဝင် လူသိရှင်ကြားမဟုတ်ပေမယ့် သူတို့က ချစ်သူတွေ ဖြစ်နေကြပြီ"
ထောင်ဝမ် တည်ငြိမ်စွာ ပြောလိုက်သည်။
"ဟင်.... အဲ့တစ်ယောက်လား"
ထောင်ရိရှန်း ရုတ်ချည်း နားလည်သွားသည်။
“မထူးဆန်းတော့ပါဘူး.... အစ်ကိုလော့က သူမရဲ့ အခြေတည်ဂုဏ်ပြုပွဲကို ဘာလို့ အဲ့လောက် အင်တိုက်အားတိုက် လုပ်ပေးခဲ့ရလဲဆိုတာ.... နောက်ကွယ်က အကြောင်းအရင်းက ဒါကိုး.... ဒီလို ဆက်ဆံရေး ရှိနေတာကိုး”
"ဟူးး…. နှမြောလိုက်တာ"
ထောင်ရိရှန်း စိတ်ပျက်လက်ပျက်ဖြင့် သက်ပြင်းချလိုက်သည်။
"ဘာကို နှမြောတာလဲ"
"အစ်ကိုလော့ကို နှမြောတာပေါ့…. အစ်မသာ သူ့ချစ်သူဆိုရင် အပြင်ကိစ္စ အစ်မလုပ်၊ အတွင်းကိစ္စ သူလုပ်၊ အဲ့လိုသာဆို ဒီဆေးလုံးစိမ်းချိုင့်ဝှမ်းကြီးက မကြာခင် ကျွန်တော်တို့ ထောင်မျိုးနွယ်စု...."
စကားမဆုံးခင် ရပ်တန့်သွားသည်။ အန္တရာယ်ရှိသော မျက်လုံးစိမ်းများဖြင့် စိုက်ကြည့်နေသည့် အစ်မဖြစ်သူကို မြင်သည်နှင့် ထောင်ရိရှန်း ကြောက်ရွံ့စွာ နောက်ဆုတ်လိုက်သည်။
"အဲ.... မိန်းကလေးဖူက မနက်ဖြန် ပန်းလာကြည့်မလို့တဲ့၊ သူက ကျွန်တော့်ရဲ့ အနာဂတ် ဇနီးလောင်းလေးဆိုတော့ ကျွန်တော် စီစဉ်စရာရှိတာ သွားစီစဉ်လိုက်ဦးမယ်နော်...."
ပြောရင်းဆိုရင်း နှင်းများကြားတွင် သူ ပျောက်ကွယ်သွားသည်။
ထောင်ဝမ် မျက်လုံးများကို ဖွင့်ကာ နှင်းထူထပ်သော ကောင်းကင်ကို မော့ကြည့်လိုက်သည်။
ကောင်းကင်ကြီးမှာ ပုံမှန်ထက် ကြည်လင်နေခဲ့သည်။
နောက်ဆုံးတွင်မူ သူမ ရယ်မောလိုက်မိတော့သည်။