အခန်း ၄၉၃
Vol. 50 Ch. 493
လော့ချန်နှင့် သူ၏စွန့်စားခန်းများ
အခန်း (၄၉၃) - ဆီးနှင်းထူထပ်သော ညဉ့်ယံ၌ အိမ်ပြန်လာသူ
ကောင်းကင်တစ်ခုလုံး ဆီးနှင်းများ ဖုံးလွှမ်းနေပြီး လှေပျံတစ်စင်းက အေးအေးလူလူ ပျံသန်းနေသည်။ ၎င်း၏ တောက်ပသော အကာအကွယ်အလွှာက ချမ်းအေးလှသော ရာသီဥတုအား ကာဆီးပေးထားသည်။
လှေပျံအတွင်း၌ ဝတ်ရုံနီဝတ်အမျိုးသားတစ်ဦးက တင်ပျဉ်ခွေထိုင်ကာ တည်ငြိမ်သော မျက်ဝန်းများဖြင့် ရှေ့သို့စူးစိုက်ကြည့်နေခဲ့သည်။
“လာတုန်းက အခြေတည်အဆင့် (၅)၊ ပြန်တော့ အခြေတည်အဆင့် (၆).... ဒီတစ်ခုတည်းနဲ့တင် ဆေးလုံးစိမ်းချိုင့်ဝှမ်း ခရီးစဉ်က တန်သွားပြီ”
“အခြား အကျိုးအမြတ်တွေကိုပါ ပေါင်းလိုက်ရင်တော့ အမြတ်ထွက်သွားတာပေါ့”
သူသည် ပထမအဆင့် ဆေးနည်း တစ်ခု၊ ဒုတိယအဆင့် ဆေးနည်း နှစ်ခု၊ တတိယအဆင့် ရှေးဟောင်း ဆေးနည်း သုံးခု၊ ဆေးဖော်လက်ကွက် အသစ်တစ်ခု တို့ကိုရရှိခဲ့သည်။ ထို့အပြင် မှော်အတတ်အချို့ကိုလည်း အထွတ်အထိပ်အဆင့်အထိ မြှင့်တင်နိုင်ခဲ့သည်။ အရေးအကြီးဆုံးမှာ ထောင်ဝမ်နှင့် အဆင့်မြင့် နဂါးပျံဆေးလုံးအတွက် အပေးအယူ လုပ်နိုင်ခဲ့ခြင်းဖြစ်သည်။ ယခုအခါ သူ၏ သိုလှောင်အိတ်အတွင်း၌ ထိုဆေးလုံး ပုလင်းပေါင်း ၄၀ ရှိနေပြီး၊ ၎င်းတို့ကို အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး တစ်သိန်းဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။
တစ်ပုလင်းလျှင် ဝိညာဉ်ကျောက်တုံး ၂၅၀၀ ခန့်ကျသင့်သဖြင့် အလွန်စျေးကြီးလှသော်လည်း တစ်လုံးချင်းစီက ပေးဆောင်ရသည့် တန်ဖိုးနှင့် ထိုက်တန်လှပေသည်။ စျေးကွက်ပေါက်စျေးမရှိသောအရာတစ်ခုအတွက် မည်သည့်ကုန်ကျစရိတ်မဆို ပေးချေရန် တန်လှသည်။ အခြားသော ဂိုဏ်းများအနေဖြင့်မူ ထိုဆေးလုံးများကို ဝိညာဉ်ကျောက်တုံးများဖြင့်ပင် ဝယ်ယူ၍ပင် မရနိုင်ဘဲ တန်ဖိုးတူ အရာချင်း လဲလှယ်ခြင်းဖြင့်သာ ရရှိနိုင်ပေမည်။
ဤဆေးလုံးတစ်သုတ်တည်းဖြင့်ပင် သူ့အဖို့ တစ်နှစ်စာ ကျင့်ကြံရန် ဖူလုံသွားပြီ ဖြစ်သည်။ နှစ်စဉ်နှစ်တိုင်းတွင်လည်း ထောက်ဝမ်က နောက်ထပ်တစ်သုတ်ကို စီစဉ်ပေးသွားမည် ဖြစ်သည်။ သို့ဖြစ်လေရာ ဆေးယဉ်ပါးမှုဖြစ်မလာသရွေ့ ဤဆေးလုံးများကို အားကိုးကာ သူ ကျင့်ကြံနိုင်မည်ဖြစ်သည်။
“တတိယအဆင့် ဝိညာဉ်ကြော မရှိတော့ပေမဲ့ အဆင့်မြင့်ဆေးရှိတော့ ကျင့်ကြံနှုန်းက အရမ်းကျသွားမှာ မဟုတ်ပါဘူး"
မိမိ၏ အကျိုးအမြတ်များကို လျင်မြန်စွာ စစ်ဆေးပြီးနောက် လော့ချန် အခြေအနေပြကြေးမုံပြင်ကို သိမ်းလိုက်သည်။ သူသည် ခရီးတစ်ဝက်တွင်သာ ရှိနေသေးလေရာ အာရုံခွဲခြားနိုင်သည့်တိုင် သတိထားရပေမည်။ မမျှော်လင့်ဘဲ ချုံခိုတိုက်ခိုက်ခံရခြင်းမျိုးကို သူ မလိုလားပေ။ ယခုအချိန်တွင်မူ ထျန်းလန်နတ်ဘုရားမြို့တော်သို့သာ သူအမြန်ပြန်ရောက်လိုနေသည်။
"ဟွေ့နန် ငါ့ဂူမှာ နေရတာ အဆင်ပြေရဲ့လားမသိဘူး…. ရှောင်လင်းရော ကျင့်ကြံတာ အဆင်ပြေရဲ့လား၊ လော့ထျန်းအဖွဲ့ရော ဘယ်လောက်တောင် တိုးတက်လာပြီလဲ၊ ကရုဏာမဲ့နတ်သမီးကရော ဘာတွေများ ကမ်းလှမ်းလာမလဲ...."
ပြန်ရောက်လျှင် လုပ်စရာများစွာ ရှိသော်လည်း လော့ချန် မပူပန်ဘဲ ပြုံးနေသည်။
သူ ဆေးလုံးစိမ်းချိုင့်ဝှမ်းသို့ ထွက်ခွာခဲ့သည်မှာ တစ်နှစ်ခွဲခန့် ရှိခဲ့ပြီ ဖြစ်သည်။ ခရီးစဉ်အတွင်း မည်သည့် အဆင်မပြေမှုမျှ မရှိခဲ့ဘဲ ကြီးမားသော ဆုလာဘ်များကိုသာ ရရှိခဲ့သည်။ ယခုအခါ တန်ချန်ဇီ ဟူသောအမည်မှာ ကျောက်စိမ်းအိုးနယ်မြေတစ်ခုလုံးတွင် ပျံ့နှံ့သွားခဲ့ပြီဖြစ်ရာ သူ အိမ်ပြန်လှခဲ့ပြီဖြစ်သည်။
မိမိ၏ သူငယ်ချင်းများ၊ မိတ်ဆွေများနှင့် ပြန်လည်ဆုံတွေ့ပြီး အရက်သောက်ရင်း ဆေးလုံးစိမ်းချိုင့်ဝှမ်းမှ အကြောင်းအရာများကို မျှဝေပြောဆိုရမည့် အချိန်ကို တွေးတောမိရုံမျှဖြင့်ပင် သူ့ရင်ထဲတွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်သွားခဲ့ရသည်။ လော့ချန် ချက်ချင်းပင် လှေပျံကို အရှိန်မြှင့်တင်လိုက်သည်။
အိမ်ပြန်ချင်စိတ်က နှင်းမုန်တိုင်းထက် ပိုပြင်းထန်နေပြီဖြစ်သည်။
....
အချိန်မှာ ညဉ့်နက်သန်းခေါင်ယံသို့ ရောက်ရှိနေပြီ ဖြစ်သည်။
နှင်းများ ဖုံးလွှမ်းနေသော ဒန်ရှားတောင်ခြေတွင်....။
လော့ချန် လှေပျံအား တောင်ခြေတွင် ဆင်းသက်လိုက်သည်။
"ညဉ့်နက်ပိုင်း ဖြစ်လို့ လော့ထျန်းအဖွဲ့က ဧည့်သည် လက်မခံဘူး…. ရပ်လိုက်ပါ"
ကင်းစောင့်တပည့်တစ်ဦးက ရှေ့သို့ တိုးလာသည်။ သို့သော် လော့ချန်၏ မျက်နှာကို မြင်လိုက်ရချိန်တွင် ကြောင်အန်းသွားခဲ့ရသည်။ သူ၏ မျက်လုံးများ ပြူးကျယ်သွားခဲ့ရပြီး ရိုသေစွာဖြင့် ဦးညွှတ်လိုက်သည်။
"အဖွဲ့ချုပ်ခေါင်းဆောင်ကို ဂါရဝပြုပါတယ်"
"အေးပါ၊ ပင်ပန်းသွားပြီ"
လော့ချန် ပြုံးရင်း လက်ဝှေ့ယမ်းလိုက်သည်။ သူ တောင်ပေါ် တက်ရန် ပြင်ရင်း မေးလိုက်သည်။
"ဒီည ကင်းစောင့်ဖို့ ဘယ်အခြေတည်ကျင့်ကြံသူက တာဝန်ကျတာလဲ"
လော့ထျန်းအဖွဲ့တွင် ထုံးစံတစ်ခုရှိသည်။ ညတိုင်း အခြေတည်အဆင့် ကျင့်ကြံသူတစ်ဦးကို ဒန်ရှားတောင်အား အလှည့်ကျ စောင့်ရှောက်ခိုင်းလေ့ ရှိသည်။
ကင်းစောင့်တပည့်က "အကြီးအကဲမုရုံပါ" ဟု ပြန်ဖြေသည်။
"ဪ.... ဟုတ်ပြီ.... ဟင်...."
လော့ချန် ထိတ်ထိတ်ပြာပြာ ဖြစ်သွားသည်။
"အကြီးအကဲမုရုံ ဟုတ်လား"
"ဟုတ်ပါတယ်၊ သူမပါ"
ကင်းစောင့်တပည့်က ခေါင်းညိတ်လိုက်သည်။ ထို့နောက် လော့ချန် ခရီးမှ ယခုလေးတင် ပြန်ရောက်လာခြင်းဖြစ်သဖြင့် အဖွဲ့တွင်းရေးရာများကို မသိသေးမှန်း သဘောပေါက်သွားသည်။
"အကြီးအကဲမုရုံက အဖွဲ့ချုပ်ခေါင်းဆောင် ထွက်သွားပြီး နှစ်လအကြာမှာ အခြေတည်အဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်ဗျ…. အခု ကျင့်ကြံမှု တည်ငြိမ်သွားလို့ ပြီးခဲ့တဲ့နှစ်လအတွင်းမှာ ကင်းစောင့် တာဝန်ကို ယူထားတာပါ"
လော့ချန်၏ မျက်လုံးများ လင်းလက်သွားခဲ့ရသည်။
‘ဒါက လုံးဝ သတင်းကောင်းပဲ’
သူသည် ဆေးလုံးစိမ်းချိုင့်ဝှမ်းမှ ယူဆောင်လာခဲ့သော အခြေတည် အရင်းအမြစ် အများစုအား မုရုံချင်းလျန်ထံ ပေးရန် စီစဉ်ထားခဲ့ခြင်းဖြစ်သည်။ သို့သော် သူမ အဆင့်တက်လှမ်းပြီးသား ဖြစ်နေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
‘အောင်မြင်သွားပြီပဲ.... ဒေါ်လေးက ငါ ထားခဲ့တဲ့ နတ်ဒေဝါပျားရည်ကို သောက်လိုက်တာ ဖြစ်မယ်.... အခွင့်အရေး နှစ်ဆယ်ရာခိုင်နှုန်းပဲ ရှိတာကို အောင်မြင်သွားတယ်တဲ့လား.... အရင်တစ်ခေါက်က ကျရှုံးခဲ့လို့ အတွေ့အကြုံ ရသွားတာလည်း ဖြစ်နိုင်တယ်’
ကင်းစောင့်တပည့်နှင့် အချိန်မဖြုန်းတော့ဘဲ လော့ချန် တောင်ပေါ် တက်လာခဲ့တော့သည်။
သူ၏ နောက်တွင်မူ သူ ပြန်လည်ရောက်ရှိလာသည့် သတင်းမှာ လော့ထျန်းအဖွဲ့တစ်ဖွဲ့လုံးသို့ တောမီးအလား လျင်မြန်စွာ ပျံ့နှံ့သွားခဲ့ရသည်။ စိတ်လှုပ်ရှားနေကြသော တပည့်များက တစ်ဦးမှတစ်ဦး ဆက်တိုက် လက်ဆင့်ကမ်း ပြောဆိုနေကြတော့သည်။
“အဖွဲ့ချုပ်ခေါင်းဆောင် ပြန်ရောက်ပြီတဲ့….”
ဆေးလုံးစိမ်းချိုင့်ဝှမ်း၏ ပါရမီရှင်ခုနစ်ဦးကို အနိုင်ယူကာ ကျောက်စိမ်းအိုးနယ်မြေတစ်ခုလုံးတွင် ကျော်ကြားမှုကို ရယူခဲ့သော တန်ချန်ဇီ ပြန်ရောက်လာလေပြီ။
....
"ဒေါ်လေး ဂုဏ်ယူပါတယ်ဗျာ.... အဲ မိတ်ဆွေမုရုံလို့ပဲ ခေါ်ရတော့မယ်ထင်တယ်"
ကုသိုလ်တော်နန်းဆောင်တွင် လော့ချန် ရယ်မောရင်း ပြောလိုက်သည်။
မုရုံချင်းလျန်က ပြုံးရွှင်စွာဖြင့်
"တော်ပါပြီ…. ဒေါ်လေးလို့ပဲ ခေါ်ပါ၊ မိတ်ဆွေလို့ ခေါ်တာက အရမ်းစိမ်းသလို ခံစားရတယ်"
လော့ချန် ပြုံးလိုက်ရင်း နှမြောတသစွာ ဆိုသည်။
"နှမြောလိုက်တာ…. ဒီတစ်ခေါက် ဆေးလုံးစိမ်းချိုင့်ဝှမ်းကိုသွားတော့ လက်ဆောင်ပစ္စည်းတွေ ဝယ်ခဲ့တာဗျ.... ကျွန်တော့်ဒေါ်လေးအတွက် ကျွန်တော်က အခြေတည်အဆင့်တက်လှမ်းတာနဲ့ ပတ်သက်တာတွေ ဝယ်ခဲ့တာ၊ အခုတော့ အသုံးမလိုတော့ဘူး… ကျွန်တော်လည်း တခြားလက်ဆောင် မယူလာမိဘူး"
"တကယ်လား.... လာလှည့်စားဖို့တော့ မကြိုးစားနဲ့နော်"
မုရုံချင်းလျန် ပြုံးရင်း ပြောလိုက်သည်။ အတိတ်ကာလကဆိုလျှင် ဤကဲ့သို့သော စကားလုံးမျိုးကို သူမ ပြောမည် မဟုတ်ပေ။ သို့သော် အခြေတည်အဆင့်ရောက်ရှိပြီးနောက် အဆင့်အတန်းကွာဟချက်များမှာ ရုတ်ချည်း ကျဉ်းမြောင်းသွားသည်။
သူတို့ နှစ်ဦး၏ ဆက်ဆံရေးမှာ တာဟဲဈေးမြို့တော်၊ မြို့တွင်းခြံဝင်းလေးထဲတွင် ရှိစဉ်ကကဲ့သို့ပင် ပြန်ဖြစ်သွားသည်။ မှန်ပေသည်။ ဤသည်မှာ သူတို့နှစ်ဦးတည်း သီးသန့်ရှိနေချိန်၌သာဖြစ်ပြီး အပြင်လူများ ရှိနေချိန်တွင်မူ သင့်တော်သော ကျင့်ဝတ်များကို ဆက်လက်ထိန်းသိမ်းရမည်သာ ဖြစ်သည်။
မိမိဖြူစင်ကြောင်း သက်သေပြရန် လော့ချန် ပစ္စည်းများ ထုတ်ပြလိုက်သည်။ ထိုထဲတွင် သွေးကြောကာကွယ်ဆေးလုံးများ၊ အဆင့်မြင့် ဟွမ်းယန်ဆေးရည်နှင့် အခြားသောအရာများ ပါဝင်နေခဲ့သည်။
"သိပ်တော့ တန်ဖိုးမကြီးပါဘူး…. ဒါပေမဲ့ အခြေခံတည်ဆေးလုံးနဲ့ တွဲသုံးရင်တော့ အခွင့်အရေး တစ်ဆယ်ရာခိုင်နှုန်းလောက် တိုးလာနိုင်တယ်၊ ဂိုဏ်းကြီးတွေရဲ့ အရင်းအမြစ်က ကျွန်တော်တို့လို ကျင့်ကြံသူတွေ လိုက်မမီနိုင်လောက်အောင်ပဲဲ ဒေါ်လေးရာ၊ ဒီလို ကောင်းတဲ့ အရာတွေ အများကြီး ရှိသေးတယ်၊ ကျွန်တော်လည်း လော့ထျန်းအဖွဲ့မှာ ၃ ယောက်တောင် ကျရှုံးခဲ့တော့ ကံမကောင်းဘူး ထင်ပြီး အဖွဲ့သားတွေ ယုံကြည်မှု ပြန်ရစေဖို့ ဝယ်လာတာ"
လော့ချန် စကားပြောနေစဉ်အတွင်း မုရုံချင်းလျန်သည် ထိုပစ္စည်းပုံကြီးကို ခံစားချက်အပြည့်ပါသော မျက်ဝန်းများဖြင့် စိုက်ကြည့်ကာ သက်ပြင်းချလိုက်သည်။ အကယ်၍ သူမ၏ ပထမဆုံး ကြိုးပမ်းမှုအတွင်း၌ ဤကဲ့သို့သော ပြည့်စုံလှသည့် အထောက်အပံ့များ ရှိခဲ့မည်ဆိုလျှင် သူမ ကျရှုံးခဲ့လိမ့်မည် မဟုတ်ပေ။ ဂိုဏ်းကြီးတစ်ခု၏ အရင်းအမြစ်များဟူသည် အမှန်ပင် မနာလိုစရာကောင်းလှပေသည်။ ရွှေအမြုတေအဆင့် ဂိုဏ်းတိုင်းတွင် အခြေတည်ကျင့်ကြံသူ ရာချီ၊ ထောင်ချီ ရှိနေကြခြင်းမှာ မဆန်းတော့ပေ။
နှမြောစရာကောင်းသည်မှာ သူမအတွက် ယခု အသုံးမလိုတော့ပေ။ သို့သော် သူမ အချို့ကို ယူလိုက်သည်။
"ဒေါ်လေး ဒါကို မင်းရဲ့ လက်ဆောင်လို့ပဲ သဘောထားလိုက်တော့မယ်"
လော့ချန် ရယ်မောလိုက်သည်။
"ဦးလေးချင် အတွက်လား"
မုရုံချင်းလျန် ခေါင်းခါလိုက်သည်။
"မင်းဦးလေးချင်က အခြေတည်အဆင့်ကို လက်လျှော့လိုက်ပြီ…. သူ့ရဲ့ နောက်ဆုံးကျရှုံးမှုက သူ့ကို ဒဏ်ရာမရစေခဲ့ပေမဲ့ ချီသန့်စင်အဆင့်မှာပဲ ရပ်ရတော့မယ်လို့ သိသွားခဲ့တယ်…. ဒီ ပစ္စည်းတွေကို ရှောင်ဟူဆီ ပို့ပေးလိုက်ပါမယ်"
သူတို့ ဇနီးမောင်နှံ၏ သားဖြစ်သူမှာ ရှောင်ဟူ၊ နာမည်ရင်း ချင်ယွမ်ကျန်း ဖြစ်သည်။ ချွီလင်ကျွင်းထက် အသက် တစ်နှစ်၊ နှစ်နှစ်သာ ကြီးပြီး ယခု အသက် ၃၂ နှစ်အရွယ်သို့ ရောက်ရှိနေလေပြီ။ သူ၏ ပါရမီကြောင့် တိမ်ပြိုဂိုဏ်းတွင်လည်း နေရာကောင်းတစ်ခုရထားကာ အခြေတည်အဆင့်သို့ တက်လှမ်းခါနီးပြီဖြစ်သည်။ စစ်ပွဲအစောပိုင်းကာလများတစ်လျှောက် သားအမိနှစ်ဦး စာအဆက်အသွယ်ပင် ပြတ်တောက်နေခဲ့ရသည်။ မကြာသေးမီကမှ အခြေအနေများ တဖြည်းဖြည်း တည်ငြိမ်လာသဖြင့် အဆက်အသွယ် ပြန်ရခဲ့ခြင်းဖြစ်သည်။
လော့ချန် ထိုစကားများကို ကြားသောအခါ သက်ပြင်းသာချနိုင်တော့သည်။ ချင်ဇနီးမောင်နှံ၏ သားဖြစ်သူအပေါ် ထားရှိသော မေတ္တာမှာ လွန်စွာကြီးမားလှသည်။ သားဖြစ်သူမှာမူ ဤမျှလောက်သော နှစ်ပေါင်းများစွာတစ်လျှောက် တစ်ကြိမ်တစ်ခါပင် မိဘများဆီပြန်မလာခဲ့ပေ။ ထိုပျက်ကွက်မှုကို ရှင်းပြနိုင်မည့် အကြောင်းပြချက်များစွာ ရှိနိုင်သော်လည်း ထိုအရာက ချင်ဇနီးမောင်နှံ၏ စိတ်ကို လေးလံစေဆဲဖြစ်သည်။
“လော့ချန်.... ဒေါ်လေးတို့မှာ အခြေတည်ကျရှုံးခဲ့တဲ့သူက ၃ ယောက် မဟုတ်ဘူး"
ရုတ်တရက် မုရုံချင်းလျန်က စကားဆိုလာသည်။
လော့ချန် ရယ်မောလိုက်ရင်း
"အာ.... ကျွန်တော် ဒေါ်လေးရဲ့ အရင်က ကြိုးပမ်းမှုကို ထည့်မတွက်မိလိုက်တာ.... ဒါပေမဲ့ အောင်မြင်မှု ဆိုတာ ကျရှုံးခြင်းရဲ့ ခြေလှမ်းပါပဲ.... အခု အောင်မြင်သွားပြီပဲလေ"
"ငါ မဟုတ်ဘူး"
မုရုံချင်းလျန်က ခေါင်းခါလိုက်သည်။
ထို့နောက် သူမ လော့ချန်အား ပါးစပ်အဟောင်းသား ဖြစ်သွားစေလောက်မည့် နာမည်တစ်ခုကို ထုတ်ပြောလိုက်သည်။
"ချိုင်ယီ ပါ"
လော့ချန်၏ အပြုံးများ ချက်ချင်းပင် ပျောက်ကွယ်သွားသည်။
မုရုံချင်းလျန်က လော့ချန်ကို ကြည့်ကာ သက်ပြင်းချလိုက်ရင်း
“မင်း သွားကြည့်လိုက်ပါဦးကွယ်"
....
"အဟွတ်…. အဟွတ်…. မမရှ.... အပြင်မှာ ဘာသံတွေလဲ"
ပူနွေးသော အိပ်ခန်းထဲတွင် မီးဖိုတစ်ခုက အနွေးဓာတ်များ ပေးနေပြီး ဆောင်းရာသီ၏ အအေးဒဏ်ကို အံတုပေးထားသည်။
ကူချိုင်ယီသည် အိပ်ရာပေါ်တွင် အားယူထလျက် အပြင်မှ အလျင်အမြန် ဝင်လာသော ဖုန်းရှအား စိုက်ကြည့်နေခဲ့သည်။ ဖုန်းရှ၏ မျက်နှာထက်ဝယ် ဝမ်းသာရိပ်အချို့ ရှိသော်လည်း ကူချိုင်ယီကို မြင်သောအခါ တည်ငြိမ်အောင် ထိန်းချုပ်လိုက်သည်။
"ဘာမှ မဟုတ်ပါဘူး…. ညဉ့်နက်သန်းခေါင် ဧည့်သည်တစ်ယောက်ရောက်လာလို့ အစ်မမုရုံက ဧည့်ခံနေတာပါ"
"ဪ.... ဘယ်လိုဧည့်သည်မျိုးမို့လို့ အပြင်မှာ ဒီလောက်ထိ အသံတွေ ဆူညံနေရတာလဲ”
ကူချိုင်ယီက စဉ်းစားဟန်ဖြင့် ဆိုလိုက်သည်။
"အဲ့ဒါတွေ လျှောက်မတွေးနဲ့တော့.... ကောင်းကောင်း အနားယူ….. ဒါနဲ့ နင့်ကို ဘယ်သူက ထထိုင်ခိုင်းလို့လဲ"
ဖုန်းရှ ပြေးလာပြီး ကူချိုင်ယီအား ပြန်လည်လဲလျှောင်းစေကာ စောင်ပြန်ခြုံပေးလိုက်သည်။
ကူချိုင်ယီသည် ဖုန်းရှ၏ လှုပ်ရှားမှုများကို ကြည့်ရင်း
“မမရှ.... ညီမ အခုဆိုရင် အများကြီး သက်သာလာပါပြီ၊ မမရှ ညတိုင်း ညီမကို လာပြီး စောင့်ရှောက်ပေးနေဖို့ မလိုပါဘူး၊ အစ်ကိုကြီးတွမ်ဖုန်းက....”
“သူ့ကို စိတ်ပူမနေနဲ့.... သူက ယောကျ်ားရင့်မာကြီးလေ၊ သူ့ဘာသာ အဆင်ပြေအောင် နေတတ်တယ်၊ နင်ကသာ အခုထိ ပြန်ပြီးတော့ မကောင်းသေးတာ၊ သမားတော်စွန်းက နင်အပြည့်အဝ ပြန်ကောင်းဖို့ နောက်ထပ် နှစ်အနည်းငယ်လောက် အနားယူရမယ် ပြောထားတာ”
"မမရှ.... ညီမ ပြန်သက်သာလာပါ့မလားဟင်"
ဖုန်းရှက ရင်နာစွာ ပြန်ဖြေလိုက်သည်။
"ဒီကောင်မလေးကတော့ အရမ်း မတွေးပါနဲ့ဆို.... မသေသေးသရွေ့ အကုန် အဆင်ပြေတယ်.... အစ်ကိုကြီးချင်တောင် အခြေတည်အဆင့်တက်တာ ကျရှုံးပေမဲ့ ပျော်ရွှင်နေတာပဲ.... အခု ရောင်နီနန်းဆောင်မှာ တပည့်တစ်ယောက်တောင် မွေးထားသေးတယ်"
“အစ်ကိုကြီးချင်က မတူဘူးလေ.... မမမုရုံ အောင်မြင်တော့ သူက သူကိုယ်တိုင် အောင်မြင်တာထက်တောင် ပျော်နေသေးတယ်.... ညီမမှာက ဘယ်သူမှ မရှိဘူး၊ နောက်ပိုင်း ကျန်းမာလာရင်တောင် ကျင့်ကြံမှုတွေ ဆုံးရှုံးရမှာပါ"
"ဘယ်သူက နင့်မှာ ဘယ်သူမှ မရှိဘူး ပြောလဲ.... နင့်မှာ ငါရှိတယ်.... တခြားသူငယ်ချင်းတွေလည်း ရှိတယ်၊ ပြီးတော့ သူလည်း...."
ကူချိုင်ယီက ခပ်ဖျော့ဖျော့ ပြုံးလိုက်ရင်း
"ခုနက သူ ပြန်ရောက်လာတာ မဟုတ်လား"
နွေးထွေးသော အခန်းထဲဝယ် တိတ်ဆိတ်မှုက လွှမ်းမိုးသွားသည်။
ခဏကြာမှ ဖုန်းရှက ခါးသီးစွာ ရယ်မောလိုက်ရင်း
"နင်က အရင်အတိုင်းပဲ.... သိပ်အကဲခတ်ကောင်းတယ်၊ ငါ့ စကားတွေကို ချက်ချင်း သိသွားတာပဲ"
ကူချိုင်ယီ၏ ဖြူဖျော့လှသော မျက်နှာထက်ဝယ် အပြုံးတစ်ပွင့် ထွက်ပေါ်လာသည်။ ထိုအပြုံးထဲတွင် စိတ်သက်သာရာရမှုအချို့ ပါဝင်နေခဲ့သည်။
‘သူ ပြန်ရောက်လာတာလား၊ ကောင်းတာပေါ့’
သူမ၏ အပြုံးကို မြင်သော် ဖုန်းရှ ဒေါသထွက်သွားရသည်။
"နင် အဲ့လောက် ဉာဏ်ထက်နေလို့ အဆင့်တက်တာမှာ ကျရှုံးခဲ့တာ"
ကူချိုင်ယီ ရယ်မောလိုက်သည်။
"မမရှ.... ညီမ ကျရှုံးတာနဲ့ ဉာဏ်ထက်တာနဲ့ ဘာဆိုင်လို့လဲ"
ဖုန်းရှက မျက်စောင်းတစ်ချက်ထိုးရင်း
"အဘိုးစွန်းက ပြောတယ်…. နင် အောင်မြင်ခါနီးမှာ အာရုံလွင့်သွားလို့ အန္တရာယ် ဖြစ်သွားတာတဲ့"
ကူချိုင်ယီ တိတ်ဆိတ်စွာ နားထောင်ရင်း သူမ၏ အတွေးများသည် အဆင့်တက်လှမ်းရန် ကြိုးပမ်းခဲ့သည့် ထိုအခိုက်အတန့်ဆီသို့ ပြန်လည်ရောက်ရှိသွားသည်။ အမှန်ပင် သူမ အာရုံလွင့်သွားခဲ့ခြင်းဖြစ်သည်။ သူမ သတိပြန်ဝင်လာချိန်တွင်မူ နောက်ပြန်လှည့်၍ မရတော့သည့် အခြေအနေသို့ ရောက်ရှိနေခဲ့ပြီဖြစ်သည်။ ရလဒ်အနေဖြင် ယခု ဤအခြေအနေသို့ ရောက်ရှိသွားခဲ့ရတော့သည်။