အခန်း ၄၉၄
Vol. 50 Ch. 494
လော့ချန်နှင့် သူ၏စွန့်စားခန်းများ
အခန်း (၄၉၄) - နှစ်သိမ့်မှုသက်သက် မဟုတ်သော ကတိစကား
နားထဲတွင် ဖုန်းရှ၏ စကားသံများက ဝေဝေဝါးဝါးထွက်ပေါ်နေလေသည်။
"လော့ချန်က ငါ့အပေါ်မှာလည်း ကောင်းတယ်…. တွမ်ဖုန်းအပေါ်မှာလည်း ကောင်းတယ်…. လူတိုင်းအပေါ်မှာ ကောင်းပါတယ်…. ဒါပေမဲ့ နင့်အပေါ် ပွင့်ပွင့်လင်းလင်း မရှိတာကြီးကတော့ တော်တော်ဆိုးတယ်”
"သူ ညီမအပေါ် ပွင့်ပွင့်လင်းလင်း မရှိတာ မဟုတ်ပါဘူး၊ ညီမကပဲ အရည်အချင်း မရှိလို့ပါ"
"ဘာ အရည်အချင်းလဲ…. ချစ်ရင် ချစ်တယ်၊ မချစ်ရင် မချစ်ဘူးပေါ့…. သူနင့်ကို မချစ်ရင်လည်း ပွင့်ပွင့်လင်းလင်းပြောပေါ့…. သူနဲ့ဟွေ့နန်ကလည်း အဲ့လောက်ကြီး ချစ်နေကြတာ မဟုတ်ဘဲနဲ့…. အမှန်အတိုင်းပြောရရင် သူက....”
"မမရှ.... စကားကို ဆင်ခြင်ပါဦး"
ဖုန်းရှ၏ အသံမှာ ခံစားချက်များကြောင့် အနည်းငယ် တုန်ရီသွားသည်။
"ဘာလို့ ဆင်ခြင်ရမှာလဲ.... သူ့ရှေ့မှာဆိုရင်လည်း ငါ ဒီတိုင်းပဲ ပြောမှာ.... နင်တို့တွေ အစထဲက ခံစားချက်တွေကို ရှင်းရှင်းလင်းလင်း လုပ်ခဲ့ရင် ဒီလိုမျိုးတွေ ဖြစ်လာမှာမဟုတ်ဘူး.... နင့်အစ်ကိုကြီး တွမ်ဖုန်းနဲ့ ငါ့ကိုပဲ ကြည့်လေ.... ငါတို့တွေက တစ်ယောက်နဲ့တစ်ယောက် ပွင့်လင်းကြတယ်.... နင်နဲ့ လော့ချန်က ငါ့အချစ်ဆုံး မောင်တွေ ညီမတွေ.... နင်တို့ ဒီလို လုပ်နေတာတွေက တစ်ယောက်နဲ့ တစ်ယောက် နာကျင်စေရုံပဲရှိမယ်”
ကူချိုင်ယီ သက်ပြင်းချလိုက်ရင်း ‘မမရှက လူသားတွေရဲ့ အမြင်နဲ့ပဲ ပြောနေတာကိုး.... ကျင့်ကြံသူတွေက သာမန်လူတွေနဲ့ ဘယ်တူမလဲ’ ဟု တွေးလိုက်မိသည်။
ထို့နောက် ဖုန်းရှ ဆက်ပြောမည်ကို စိုးရိမ်သဖြင့် သူမ ဟန်ဆောင် ချောင်းဆိုးလိုက်ရသည်။
"ထားလိုက်ပါ…. မမရှ နားတော့နော်"
“အေးပါ.... ငါ မနက်ဖြန် ဆေးကျိုဖို့ ဆေးဖက်ဝင်အပင်တွေ သွားပြင်လိုက်ဦးမယ်…. တော်သေးတယ် လော့ထျန်းအဖွဲ့မှာ ဆေးတွေ မပြတ်လပ်လို့…. ငါ့အထင်တော့ နင် နောက်သုံးလေးနှစ်ဆိုရင် သက်သာသွားမှာပါ…. အားမငယ်နဲ့ ကြားလား”
ထိုသို့ တတွတ်တွတ် ပြောဆိုရင်း ထွက်ခွာသွားသော ဖုန်းရှကို ကြည့်ကာ ကူချိုင်ယီ ပြုံးလိုက်မိသည်။
“မမရှက ဟိုးအရင်က စကားတွေ ဒီလောက် မပြောပါဘူး…. အိမ်ထောင်ပြုပြီးနောက် ပို ပြောလာသလိုပဲ…. လော့ချန် မမရှကို အသံ ပြန်ကောင်းအောင် လုပ်ပေးလို့ ဖြစ်မယ်…. ဟိုးအရင်က မပြောခဲ့ရတာတွေကိုပါ အတိုးချ ပြောနေသလိုပဲ….”
လော့ချန်အကြောင်း တွေးမိသောအခါ သူမ နှုတ်ခမ်းထက်မှ အပြုံးများ ပျောက်ကွယ်သွားပြီး စိတ်ရှုပ်ထွေးသွားရသည်။
‘သူ ပြန်ရောက်လာပြီဆိုတော့ အလုပ်တွေ ရှုပ်နေမှာပေါ့၊ လော့ထျန်းအဖွဲ့ရဲ့ ကိစ္စရပ်တွေလည်း နည်းနည်းနောနောမှ မဟုတ်တာ၊ တန်ချန်ဇီဆိုတဲ့ နာမည်ကလည်း ထျန်းလန်နတ်ဘုရားမြို့တော်မှာ ကျော်ကြားနေတော့ ဧည့်ခံစရာတွေ အများကြီး ရှိနေမှာ သေချာတယ်၊ သူ ငါ့ဆီ လာပါ့မလား....’
‘လာမှာပါ၊ သူက လူ့ကျင့်ဝတ်တွေကို ဂရုစိုက်တတ်တဲ့သူလေ၊ အနည်းဆုံးတော့ ငါက သူ့သူငယ်ချင်းတစ်ယောက်ပဲဥစ္စာ၊ ဒါပေမဲ့ သူ လာရင် ဒီလို ပိန်လှီနေတဲ့ ပုံစံနဲ့ မျက်နှာဘယ်လိုပြရမလဲ၊ သူ့ရှေ့မှာ ငါက အမြဲတောက်ပတဲ့ မိန်းကလေးပဲ ဖြစ်နေချင်တာ၊ ကုတင်ပေါ်မှာ အားအင်မရှိဘဲ လဲနေရတဲ့ လူတစ်ယောက်အဖြစ် မမြင်စေချင်ဘူး၊ အင်း.... မနက်ဖြန် မမရှကို မိတ်ကပ် ပါးပါးလေး လိမ်းခိုင်းရမယ်၊ ပြင်ထားမှန်း မသိလောက်တဲ့ ပုံစံမျိုးပေါ့”
သူမ၏ အတွေးများ ကစဉ့်ကလျား ဖြစ်နေစဉ်မှာပင် အပြင်ဘက်မှ ထွက်ပေါ်လာသော အသံက သူမ နှလုံးသားကို တုန်လှုပ်သွားစေခဲ့သည်။
"အဖွဲ့ချုပ်ခေါင်းဆောင်…."
....
နှင်းမုန်တိုင်းများက မည်သည့်အချိန်ကတည်းက ရပ်တန့်သွားခဲ့သည် မသိရပေ။ ယခုအခါ လပြည့်ဝန်းကြီးသည် ကောင်းကင်ယံထက်တွင် တောက်ပစွာ ထွန်းလင်းနေတော့သည်။
အပြင်သို့ ထွက်လာသော ဖုန်းရှသည် ခြံဝင်းအပြင်ဘက်တွင် တိတ်ဆိတ်စွာ မတ်တပ်ရပ်နေသော ဝတ်ရုံနီဝတ် အမျိုးသားကို ချက်ချင်း မြင်လိုက်ရသည်။
ထိုအမျိုးသားသည် မလှုပ်မယှက် ရပ်နေခဲ့ပြီး သူ၏ မျက်နှာထက်တွင်မူ ခရီးဝေးနှင်လာခဲ့ရခြင်းကြောင့် ပင်ပန်းနွမ်းနယ်မှုအချို့ စွဲထင်နေခဲ့သည်။ သို့သော် သူ၏ မျက်လုံးများမှာမူ စူးရှထင်ရှားလွန်းလှသဖြင့် သူမကိုပင် ဖျတ်ခနဲ လန့်သွားစေခဲ့သည်။
‘သူ ဘယ်တုန်းကတည်းက ဒီကို ရောက်နေတာလဲ.... ငါတို့ စောစောက ပြောခဲ့တာတွေ ကြားသွားလောက်ပြီ....’
ဖုန်းရှ တံတွေးကို ခက်ခဲစွာ မျိုချလိုက်ရင်း
"အဖွဲ့ချုပ်ခေါင်းဆောင်...."
"မမရှ.... မတွေ့ရတာ ကြာပြီဗျာ၊ အဆင်ပြေရဲ့လား"
လော့ချန် ညင်သာသောအပြုံးဖြင့် နှုတ်ဆက်လိုက်သည်။
ဖုန်းရှ အတင်းအကျပ် ပြုံးလိုက်ရင်း
"အဆင်ပြေပါတယ်…. အားလုံး အဆင်ပြေပါတယ်၊ အခုမှ ပြန်ရောက်တာလား"
"အင်း"
လော့ချန် ခေါင်းညိတ်လိုက်ရင်း အခန်းဘက်ဆီသို့ ကြည့်လိုက်မိသည်။
"ချိုင်ယီ အထဲမှာမလား"
"ဟုတ်တယ်"
"အိပ်သွားပြီလား"
"အိပ်.... မအိပ်သေးပါဘူး"
"အင်း…. မမရှ လုပ်စရာရှိတာ ဆက်လုပ်ပါ၊ ကျွန်တော် ချိုင်ယီကို ဝင်နှုတ်ဆက်လိုက်ဦးမယ်"
သူမ၏ ပြန်လည်ဖြေကြားမှုကို စောင့်မနေတော့ဘဲ သူ တံခါးကို ဖွင့်ကာ လှမ်းဝင်သွားခဲ့တော့သည်။
သူ၏ တည်ငြိမ်ပြီး ကျကျနန ရှိလှသော ကျောပြင်ကို ကြည့်ကာ ဖုန်းရှ သက်ပြင်းချမိသည်။ ထိုအချိန်မှသာ သူမ မိမိကိုယ်ကိုယ် အသက်အောင့်ထားမိကြောင်း သတိပြုမိတော့သည်။ လော့ချန်ရှေ့တွင် ပြောစရာရှိသည်များကို ရဲရဲဝံ့ဝံ့ ပြောမည်ဟု ကြွေးကြော်ခဲ့သော်လည်း မျက်နှာချင်းဆိုင် တွေ့လိုက်ရသည့်အခါ သူ၏ အရှိန်အဝါက သူမ၏ စကားလုံးများကို လည်ချောင်းဝတွင်ပင် တစ်ဆို့စေခဲ့သည်။
‘အခြေတည်အဆင့်ချင်း အတူတူပဲကို မောင်က ဘာလို့ ဒီလောက် အရှိန်အဝါ မကြီးတာလဲ၊ အဆင့်ကြောင့်လား၊ ရာထူးကြောင့်လား၊ ကျော်ကြားမှုကြောင့်လား’
ဖုန်းရှ မည်မျှပင် တွေးတောနေပါစေ နားမလည်နိုင်တော့ချေ။
....
"ပြန်ရောက်ပြီလား"
"အင်း.... ပြန်ရောက်ပြီ"
လော့ချန် တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။
သူမ ကုတင်ပေါ်မှ ထထိုင်ရန် ကြိုးစားနေသည်ကို မြင်သောအခါ သူ ခေါင်းယမ်းလိုက်ရင်း
"မထနဲ့လေ.... ငါတို့ကြားမှာ ဒီလောက်အထိ ကျင့်ဝတ်တွေနဲ့ ဆက်ဆံစရာမှ မလိုတာ"
"အားနာပါတယ်၊ ကျန်းမာရေး နည်းနည်းမကောင်းလို့ပါ"
ကူချိုင်ယီက တည်ငြိမ်စွာ ဆိုလိုက်သည်။
လော့ချန် ပတ်ဝန်းကျင်ကို အသေအချာ စစ်ဆေးလိုက်သည်။ ဤအခန်းသည် ဒန်ရှားတောင်၏ ထောင့်တစ်နေရာတွင် ရှိပြီး ချီစွမ်းအင် နည်းပါးလှသည်။ အခန်းထောင့်တွင်မူ မီးဖိုတစ်ခုက တည်ငြိမ်စွာ တောက်လောင်နေပြီး အခန်းတွင်းကို နွေရာသီကဲ့သို့ နွေးထွေးမှုများဖြင့် ပြည့်နှက်နေစေခဲ့သည်။ သာမန်လူတစ်ဦး၏ အမြင်ဖြင့်ဆိုလျှင် ဤအရာမှာ သက်တောင့်သက်သာ ရှိလှသည်ဟု ထင်ရသော်လည်း ကျင့်ကြံသူတစ်ဦးအတွက်မူ ဤအရာမှာ ပုံမှန်မဟုတ်ဘဲ စိတ်အနှောင့်အယှက် ဖြစ်စရာ ကောင်းလှသည်။ သာမန် ချီသန့်စင်အထွတ်အထိပ်ရှိသူ မည်သူမျှ ဤပတ်ဝန်းကျင်တွင် နေထိုင်ရန် ရွေးချယ်မည်မဟုတ်သလို အအေးဒဏ်ကို ကြောက်ရုံမျှဖြင့်လည်း မီးဖိုကို ထွန်းညှိထားလိမ့်မည် မဟုတ်ပေ။
‘သူမရဲ့ ဒဏ်ရာက တကယ်ပဲ ဒီလောက်အထိ ပြင်းထန်နေတာလား’
လော့ချန်၏ အကြည့်က သူမအပေါ်တွင် အတန်ကြာ တည်ရှိနေခဲ့သည်။ ကူချိုင်ယီက သူမ၏ မျက်နှာကို ဆံနွယ်များဖြင့် ကာထားရင်း သူ့အကြည့်ကို ရှောင်လွှဲနေခဲ့သည်။
လော့ချန် သက်ပြင်းချလိုက်မိသည်။ မည်သည့်အကြောင်းကြောင့် ဤသို့ ဖြစ်ရသည်ကို သူကိုယ်တိုင်ပင် မသိတော့ပေ။
သူ အိပ်ရာပေါ် ထိုင်လိုက်ရင်း
"လက်ကို ဆန့်လိုက်...."
"ဟင်"
"ကြည့်ပေးမလို့"
"ဟမ်…. ဆေးမကုတတ်ဘဲနဲ့ ဘာကို…."
"ငါက ဆေးဖော်ဆရာဆိုတာ မင်း မေ့သွားပြီလား.... မမရှရဲ့ အသံကိုလည်း ငါပဲ ကုပေးတာလေ.... ပြီးတော့ ဒေါ်လေးမုရုံ အဆင့်တက်တာ ကျရှုံးတုန်းကလည်း ကုပေးခဲ့သေးတယ်"
ထိုအချိန်မှသာ သူမ သဘောပေါက်သွားခဲ့ပြီး လက်ကို ဆန့်ထုတ်ပေးလိုက်သည်။
သူမ၏ သွယ်လျလှသော လက်ကောက်ဝတ်မှာ သူ၏ လက်ဖဝါးအတွင်း၌ ကျိုးပဲ့လွယ်လှသော သစ်ကိုင်းခြောက်တစ်ခုအလား ရှိနေခဲ့သည်။
လော့ချန် မျက်မှောင်ကြုတ်လိုက်မိသည်။
ကူချိုင်ယီ လက်ကို ပြန်ရုန်းလိုက်သော်လည်း မရပေ။
"ငြိမ်ငြိမ်နေ…."
လော့ချန် အသက်ကို ပြင်းပြင်းရှူလိုက်ရင်း သူမ၏ လက်ကောက်ဝတ်ကို ကိုင်ကာ ချီစွမ်းအားကို ပို့လွှတ်လိုက်သည်။ နူးညံ့လှသော ချီစွမ်းအား အလွှာတစ်ခုသည် သူမ၏ လက်မောင်းအတွင်းရှိ သွေးကြောများမှတစ်ဆင့် သူမ၏ ခန္ဓာကိုယ်အတွင်းသို့ ဖြည်းညှင်းစွာ ဝင်ရောက်သွားခဲ့သည်။ သို့သော် တစ်ဝက်လောက် ရောက်သည်နှင့် ပိတ်ဆို့ခံလိုက်ရတော့သည်။
"ဟင်"
လော့ချန်၏ မျက်ခုံးများ ပိုမိုတွန့်သွားခဲ့ရသည်။ သူ အခြေအနေကို ထဲထဲဝင်ဝင် သိရှိရန် ဝိညာဉ်အာရုံကို ဖြန့်ကျက်လိုက်သည်။ ယခုအခါ သူ၏ ဝိညာဉ်အသိစိတ်နှင့် စွမ်းအင်များသည် အလွန်အမင်း ခက်ခဲနှေးကွေးစွာဖြင့် ရွေ့လျားနေခဲ့ရသည်။ သူ စိတ်ရှည်လက်ရှည်ဖြင့် စစ်ဆေးကြည့်လိုက်ရာ ကူချိုင်ယီ၏ ခန္ဓာကိုယ်အတွင်းပိုင်း အခြေအနေကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။
သူမ၏ ခန္ဓာကိုယ်မှာ ပျက်စီးနေခဲ့သည်။ အကြောများမှာ ပြင်းထန်လှသော မုန်တိုင်းတစ်ခုကြောင့် ကျိုးပဲ့သွားခဲ့ရသည့် သစ်ပင်ပန်းမန်များကဲ့သို့ ကစဉ့်ကလျား ဖြစ်နေခဲ့သည်။ ၎င်းတို့မှာ ကျိုးပဲ့ခြင်း၊ ပျက်စီးခြင်း၊ ညှိုးနွမ်းခြင်းနှင့် ရောင်ရမ်းခြင်းများ ဖြစ်နေခဲ့ရပြီး ကောင်းမွန်သောအရာဟူ၍ တစ်ခုမျှပင် မရှိသလောက် ဖြစ်နေခဲ့သည်။ သူမ၏ ဝမ်းဗိုက်နားရှိ အကြောအချို့သာလျှင် သွေးကြောပြင်ဆင်ဆေးရည်ဖြင့် ကုသထားခဲ့သည့်အလား အနည်းငယ် ပိုမိုကောင်းမွန်သော အခြေအနေတွင် ရှိနေခဲ့သည်။ သို့သော် ဆေး၏ အာနိသင်မှာ ထိုနေရာတွင်ပင် ကုန်ဆုံးသွားခဲ့ခြင်း ဖြစ်သည်။ သွေးကြောအများစုမှာ တစ်ခုနှင့်တစ်ခု ရှုပ်ထွေးကာ ထပ်နေကြပြီး ဖရိုဖရဲဖြစ်လျက် လုံးဝ ပျက်စီးယိုယွင်းနေခဲ့ရသည်။
ပို၍ ဆိုးဝါးသည်မှာ ကြီးမားပြီး ပြင်းထန်လှသော ချီစွမ်းအား ဒီရေလှိုင်းကြီးတစ်ခုသည် သူမ၏ ခန္ဓာကိုယ်အတွင်း၌ ဖရိုဖရဲ စီးဆင်းနေခြင်း ဖြစ်သည်။ ၎င်းမှာ ဆည်ကျိုးသွားသဖြင့် ရေကန်များ၊ လယ်ကွင်းများနှင့် မြို့များကို ရိုက်ခတ်ဖျက်ဆီးနေသည့် မြစ်ရေကြီးမှုကဲ့သို့ပင် ဖြစ်သည်။ ထွက်ပေါက်မရှိသဖြင့် ထိုစွမ်းအင်များမှာ ပိတ်မိနေခဲ့သည်။ ၎င်းမှာ သူမ၏ အတွင်းပိုင်း၌ တည်ရှိနေရင်း စက္ကန့်တိုင်းတွင် သူမ၏ အားနည်းလှသော ခန္ဓာကိုယ်ကို တိုက်စားဖျက်ဆီးနေခဲ့သည်။
ဤအရာအားလုံး၏ အဓိက အကြောင်းအရင်းမှာ အခြားမဟုတ်ဘဲ သူမ၏ လုံးဝနီးပါး ပျက်စီးလုနီးပါး ဖြစ်နေခဲ့ရသော ဒန်ထျန်းကြောင့်ပင် ဖြစ်သည်။
‘ဘာလို့ ဒီလောက်အထိ ဖြစ်သွားရတာလဲ.... စီမာရှန့်တုန်းက အဆိုးဆုံး ဒဏ်ရာတွေကို ရခဲ့တာတောင် ဒီလောက်အထိ ဆိုးဆိုးဝါးဝါး မဖြစ်ခဲ့ဘူး.... ပြီးတော့ ချိုင်ယီက လျှာကပ်ဘေးကိုတောင် ကျော်ဖြတ်နိုင်ပြီးသားလေ.... မူလယင်စွမ်းအင်ကလည်း မပျက်စီးသေးဘူး.... ပြီးတော့ ဒန်ထျန်းရဲ့ အတားအဆီးကလည်း ကျိုးပျက်သွားခဲ့ပြီ ဖြစ်တာကို ဘာလို့ ကျရှုံးခဲ့ရတာလဲ....’
‘ချီစွမ်းအားတွေက အဓိကသွေးကြော ၁၂ ခုနဲ့ ထူးခြားတဲ့ သွေးကြောရှစ်ခုကို ဖြတ်သန်းစီးဆင်းတဲ့ အဆင့်မှာ ကျရှုံးခဲ့တာလား.... မဟုတ်ဘူး.... အဲဒါ မဖြစ်နိုင်ဘူး၊ သူမက ချီလမ်းကြောင်းဆေးလုံးကို သုံးခဲ့တာပဲ.... ဝိညာဉ်အခြေခံက အားမနည်းလှဘူး၊ ပြီးတော့ အဲ့စွမ်းအင်စီးဆင်းမှုကို ထိန်းချုပ်နိုင်ခဲ့သင့်တာ၊ အဲ့အဆင့်က ဒီလောက်အထိ မခက်ခဲသင့်ဘူး’
မေးခွန်းပေါင်းများစွာ လော့ချန်၏ စိတ်ထဲတွင် ထွက်ပေါ်နေသည်။ သူ မျက်မှောင်ကြုတ်ရင်း အတွေးထဲသို့ နစ်မြုပ်သွားခဲ့ရတော့သည်။
တိုးညင်းသော အသံတစ်သံက သူ့နားထဲသို့ တိုးဝင်လာသည်။
"ကျွန်မ.... ကျွန်မ အခြေအနေ ဘယ်လိုရှိလဲ"
"ပြဿနာ သိပ်မရှိပါဘူး၊ ထပ်စစ်ဆေးဦးမယ်"
လော့ချန် တည်ငြိမ်စွာ ပြောလိုက်သည်။
သူ စိတ်ကို ပြန်လည်စုစည်းကာ သူမ၏ ခန္ဓာကိုယ်အတွင်းသို့ ဝိညာဉ်အာရုံကို နောက်တစ်ကြိမ် ထည့်သွင်းလိုက်ပြန်သည်။ ဤအကြိမ်တွင်မူ အထွတ်အထိပ် ကုသခြင်းမှော်အတတ်ကိုပါ အသုံးပြုလိုက်ရင်း ခြောက်သွေ့လှသော မြေပြင်ပေါ်သို့ နွေဦးမိုးရေများ ကျဆင်းလာခဲ့သည့်အလား ပိတ်ဆို့နေသော သွေးကြောများအပေါ်သို့ သူ၏ သန့်စင်လှသော သစ်သားဓာတ် ချီစွမ်းအားများကို စီးဆင်းစေခဲ့သည်။
ကူချိုင်ယီသည် ရုတ်ချည်း ထွက်ပေါ်လာသော လှုံ့ဆော်မှုကြောင့် ခပ်တိုးတိုး ညည်းတွားလိုက်မိသည်။ သို့သော် မကြာမီမှာပင် ညင်သာလှသော နွေးထွေးမှုတစ်ခုက သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့ရသည်။ ၎င်းမှာ နွေးထွေးပြီး သက်တောင့်သက်သာ ရှိလှကာ တစ်စုံတစ်ဦးက သူမ၏ နာကျင်ရောင်ရမ်းနေသော အကြောများကို ညင်သာစွာ နှိပ်နယ်ပေးနေသကဲ့သို့ပင် ဖြစ်သည်။
အချိန်များမှာ တဖြည်းဖြည်း ကုန်ဆုံးသွားသည်။ ဤတစ်ကြိမ် စစ်ဆေးမှုမှာ အတော်လေး ကြာမြင့်ခဲ့သည်။
လော့ချန် နောက်ဆုံး သူ၏လက်ကို ပြန်လည်ရုပ်သိမ်းလိုက်ချိန်၌ သူမ၏ မျက်ဝန်းအစုံက သူ့အပေါ် စိုက်ကြည့်နေဆဲ ဖြစ်သည်ကို တွေ့လိုက်ရသည်။ သူ ထိုအကြည့်ကို တုံ့ပြန်လိုက်ရင်း တည်ငြိမ်စွာ ဆိုလိုက်သည်။
"အခြေအနေက နည်းနည်းတော့ ရှုပ်ထွေးပေမဲ့.... ပြဿနာ မရှိပါဘူး၊ ကုလို့ ရတယ်၊ အများဆုံး တစ်နှစ်ဆိုရင် ပြန်ကောင်းသွားလိမ့်မယ်"
သူ့စကားများမှာ ယုံကြည်မှု ရှိလွန်းနေသည်။
သို့သော် ကူချိုင်ယီ အတွက်မူ ထိုအသံနေအသံထားမှာ စိတ်နာကျင်စရာကောင်းလောက်အောင် ရင်းနှီးလွန်းနေခဲ့သည်။ ဝမ်းသာရိပ်များ ဖြစ်ပေါ်လာမည့်အစား သူမ၏ မျက်နှာထက်တွင် တိတ်ဆိတ်လှသော စိတ်ပျက်မှုများသာ ဖြတ်သန်းသွားခဲ့ရသည်။ လွန်ခဲ့သော တစ်နှစ်တာအတွင်း ဤကဲ့သို့သော စိတ်သက်သာရာရစေမည့် စကားလုံးမျိုးကို သူမ အကြိမ်ကြိမ် ကြားခဲ့ရပြီး ဖြစ်သည်။ လူတိုင်းက ထိုစကားလုံးမျိုးကိုပင် ပြောခဲ့ကြပြီး ယခုအခါ လော့ချန်သည်လည်း ထိုအတိုင်းပင် ပြောဆိုနေခဲ့ခြင်း ဖြစ်သည်။ သူမ၏ နားထဲတွင်မူ ဤအရာမှာ နှစ်သိမ့်ရန် ကြိုးစားမှုသက်သက်ထက် မပိုခဲ့ပေ။
"သေချာ အနားယူလိုက်နော်၊ မနက်ဖြန် ငါ ထပ်လာခဲ့မယ်"
လော့ချန် သူမ၏ လက်ကို စောင်အောက်သို့ ပြန်ထည့်ပေးလိုက်ကာ ပြန်ရန် ပြင်လိုက်သည်။
သို့သော် သူ လှည့်ထွက်ခါနီးမှာပင် သူမ သူ့လက်ကို ဆွဲထားလိုက်သည်။
သူ လှည့်ကြည့်လိုက်ချိန်တွင်မူ ကူချိုင်ယီ၏ မျက်ဝန်းများမှ မျက်ရည်များ စီးကျလာသည်ကို တွေ့လိုက်ရသည်။
သူမ မည်သည့်စကားမျှ မဆိုခဲ့ပေ။ ထိုအစား ငိုနေရင်းနှင့်ပင် တိတ်ဆိတ်လှသော မျက်ဝန်းများဖြင့် သူ့အား ကြည့်နေခဲ့သည်။ သူမ၏ မျက်နှာမှာ တည်ငြိမ်နေဆဲ ဖြစ်သော်လည်း အတွင်းပိုင်းတွင်မူ ပြင်းထန်လှသော ခံစားချက် ဒီရေလှိုင်းကြီးတစ်ခုက ရိုက်ခတ်နေခဲ့သည်။ အချိန်အတော်ကြာအောင် ဖိနှိပ်ထားခဲ့ရသော ခံစားချက်များသည် နောက်ဆုံးတွင် ထွက်ပေါက်တစ်ခုကို ရှာတွေ့သွားခဲ့သည်အလား ပေါက်ကွဲထွက်လာခဲ့သည်။
သူမ ဆုပ်ကိုင်ထားသောအားမှာ အလွန်အားနည်းလှသော်လည်း လော့ချန်အဖို့မူ သူ့နှလုံးသားကို ဆုပ်ကိုင်ထားသလို ခံစားရသည်။
သူ သူမအား တွန်းထုတ်ခြင်း မပြုခဲ့ချေ။