အခန်း ၄၉၉
Vol. 50 Ch. 499
လော့ချန်နှင့် သူ၏စွန့်စားခန်းများ
အခန်း (၄၉၉) - ကျောက်စိမ်းအိုးစစ်ပွဲကြီးထဲသို့ ဝင်ပါရတော့မည့် လော့ထျန်းအဖွဲ့
လော့ချန်သည် ထျန်းလန်တောင်ထိပ်ရှိ တတိယအဆင့် ဂူဗိမာန်အတွင်းသို့ ပထမဆုံးအကြိမ် ခြေချလိုက်ခြင်း ဖြစ်သည်။ ဝင်လိုက်သည်နှင့် တပြိုင်နက် တတိယအဆင့် အဆင့်နိမ့် ဝိညာဉ်ကြောနှင့် မခြားနားသော ချီစွမ်းအင်သိပ်သည်းဆကို သူ ခံစားလိုက်ရသည်။ ဤနေရာကား ဧည့်ခန်းမျှသာ ရှိသေးသည်။ အတွင်းဘက်ရှိ ကျင့်ကြံရာအခန်းတွင် မည်မျှ သိပ်သည်းနေမည်ကို သူ တွေးပင်မကြည့်ရဲတော့ပေ။ အကယ်၍ ထိုအခန်းတွင်း၌သာ ကျင့်ကြံခွင့်ရပါက သူ၏ ကျင့်ကြံခြင်းအရှိန်အဟုန်မှာ မည်မျှအထိ မြန်ဆန်လာမည်နည်း။
သူ ထိုသို့ အံ့ဩမှင်သက်နေစဉ်မှာပင် ဘေးနားမှ အေးစက်စက် အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
"မင်း နေနိုင်တယ်နော်"
လော့ချန် သတိဝင်လာသည်။ ဤသည်မှာ သူ ထျန်းလန်သို့ ပြန်ရောက်ပြီးနောက် အချိန်အတော်ကြာသည့်တိုင် လာရောက် ဂါရဝမပြုဘဲ သူမ ခေါ်ယူမှသာ ရောက်လာသည့်အပေါ် ရည်ညွှန်းခြင်း ဖြစ်သည်။ ရွှေအမြုတေ စီရင်စုသခင်တစ်ဦးကို ဤသို့ စောင့်ဆိုင်းခိုင်းခြင်းမှာ သာမန်ကျင့်ကြံသူတစ်ဦးအတွက် မဝံ့ရဲစရာပင်။
သူ ချက်ချင်း လက်သီးဆုပ် ဂါရဝပြုလိုက်သည်။
"ကရုဏာမဲ့နတ်သမီး.... စိတ်မရှိပါနဲ့၊ ကျွန်တော့်ရဲ့ အချစ်ဆုံး သူငယ်ချင်းတစ်ယောက် အဆင့်တက်တာ ကျရှုံးခဲ့တယ်၊ သူမ ဒဏ်ရာပြင်းပြင်းထန်ထန် ရထားတဲ့အတွက် ပြန်ရောက်ကတည်းက သူမကို ကုသပေးနေတာပါ၊ နောက်ပြီး မိတ်ဆွေထန်ထိုက်ကလည်း ကရုဏာမဲ့နတ်သမီး တံခါးပိတ်ကျင့်ကြံနေတယ် ပြောလို့ အချိန်နည်းနည်း နောက်ကျသွားတာပါ၊ ခွင့်လွှတ်ပေးပါခင်ဗျာ"
သူ့အား လျစ်လျူရှုထားသယောင် ရှိသော်လည်း ကရုဏာမဲ့နတ်သမီး၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်။
‘အချစ်ဆုံး သူငယ်ချင်းတဲ့လား’
ခဏအကြာတွင် သူမ၏ အေးစက်တည်ငြိမ်လှသော အသံ ထပ်မံထွက်ပေါ်လာခဲ့သည်။
"မင်း သူငယ်ချင်းမလေးရဲ့ အခြေအနေ အခု ဘယ်လိုရှိလဲ"
လော့ချန် အသေးစိတ် ရှင်းပြလိုက်သည်။
နောက်ဆုံးတွင် သူ သက်ပြင်းချလိုက်ရင်း
“ကျွန်တော်သာ ကရုဏာမဲ့နတ်သမီးနဲ့ အဲ့တုန်းက အတူ ပြန်လိုက်လာခဲ့ရင် သူမ ဒီလိုဖြစ်လာမှာ မဟုတ်ဘူး…. ဒါတွေက ကျွန်တော့်ကြောင့်ပါ…. သူမ ကျင့်ကြံခြင်းလမ်းစဉ်ပေါ် ပြန်လျှောက်လှမ်းနိုင်အောင် ကူညီပေးရမှာက ကျွန်တော့်တာဝန်ပါ”
ကူချိုင်ယီ၏ အခြေတည်အဆင့် ကျရှုံးမှုမှာ ဂိုဏ်းမျိုးဆက်ပြိုင်ပွဲအပြီး တစ်လခန့်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ အကယ်၍ သူသာ အချိန်မီ ပြန်ရောက်လာပြီး စောင့်ရှောက်ပေးနိုင်ခဲ့ပါက သူမ ကျရှုံးခဲ့လျှင်ပင် ယခုကဲ့သို့ ဒုက္ခိတဖြစ်လောက်သည့်အထိ ဖြစ်လာမည် မဟုတ်ပေ။
သူ၏ ရှင်းပြချက်ကို ကြားပြီးနောက် ကရုဏာမဲ့နတ်သမီး၏ မျက်နှာအမူအရာမှာ သိသိသာသာ ပြေလျော့သွားခဲ့ပြီး အသံမှာလည်း ပိုမိုနူးညံ့လာခဲ့သည်။
လော့ချန်သည် လူအကဲခတ် တော်သူပီပီ ထိုအပြောင်းအလဲကို သတိပြုမိလိုက်ပြီး အံ့ဩသွားမိသည်။ သူမ၏ 'ကရုဏာမဲ့နတ်သမီး' ဟူသည့် ဘွဲ့အမည်မှာ အမှန်တရားအားလုံးကို ဖော်ပြနေခြင်း မဟုတ်ပေ။ သူမသည် ကောလာဟလများထက် ပိုမို၍ အကျိုးအကြောင်း နားလည်ပေးနိုင်ပုံရသည်။
နားလည်မှုလွဲခြင်းများ ပြေပျောက်သွားပြီးနောက် သူမ လော့ချန် မလာရသည့် ကိစ္စကို ထပ်မံမေးမြန်းခြင်း မရှိတော့ပေ။ ထိုအစား ဆေးလုံးစိမ်းချိုင့်ဝှမ်း၌ ဂိုဏ်းများက သူ့အား စည်းရုံးရန် ကမ်းလှမ်းခဲ့ကြသည့် ကိစ္စရပ်များဘက်သို့ စကားလမ်းကြောင်း ပြောင်းလိုက်သည်။
"သူတို့ မင်းကို ပေးခဲ့တဲ့ အကျိုးခံစားခွင့်တွေက ဂိုဏ်းတစ်ခုလုံးရဲ့ ကိုယ်စား ကမ်းလှမ်းခဲ့ကြတာ.... ငါ့ရဲ့ ချန်ချင်အနွယ်ကတော့ အဲဒီလောက်အထိ မချမ်းသာဘူး...."
"ကရုဏာမဲ့နတ်သမီး.... စိတ်မပူပါနဲ့"
လော့ချန် ချက်ချင်း ပြန်လည်ဖြေကြားလိုက်သည်။
"ကရုဏာမဲ့နတ်သမီးရဲ့ ကာကွယ်စောင့်ရှောက်မှုကို ရထားတာကတင် သုံးဘဝစာ တန်ဖိုးရှိလှတဲ့ ကောင်းချီးတစ်ခု ဖြစ်နေပါပြီ၊ ကျွန်တော် ဘာကိုမှ ထပ်ပြီးတော့ မတောင်းဆိုရဲပါဘူး...."
သူ့အနေဖြင့် နှိမ့်ချစွာ ပြောဆိုလိုက်သော်လည်း သူ၏ မျက်လုံးများအတွင်းမှ မျှော်လင့်ချက် အရိပ်အယောင်များကိုမူ ဖုံးကွယ်ထားနိုင်ခြင်း မရှိခဲ့ပေ။ သူမ ပေးလာမည့် တစ်ခုခုကို သူ မျှော်လင့်နေဆဲ ဖြစ်သည်။
ကရုဏာမဲ့နတ်သမီး၏ နှုတ်ခမ်းများ အနည်းငယ် တွန့်ကွေးသွားခဲ့သည်။ သူမ လက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်ပြီး ပစ္စည်းနှစ်ခုကို ထုတ်ပေးလိုက်သည်။
တစ်ခုမှာ အက်ကွဲကြောင်းများဖြင့် ပြည့်နှက်နေပြီး အောက်ခြေခြေတိုင်တစ်ဖက် ကျိုးပဲ့နေသော ဆေးအိုးကြီးတစ်လုံး ဖြစ်သည်။ ၎င်းမှာ ဆေးဖော်စပ်သည့် ရတနာတစ်ခုထက်စာလျှင် ဟောင်းနွမ်းနေသော ချက်ပြုတ်အိုးနှင့် ပိုမိုတူညီနေသည်။ အခြားတစ်ခုမှာမူ တောက်ပသော အလင်းရောင်များ ဖြာထွက်နေသည့် သိပ်သည်းလှသော ရတနာလက်ကောက်တစ်ကွင်း ဖြစ်သည်။
"ဒါက ရှန်းရှုဆေးအိုး လို့ ခေါ်တယ်၊ အရင်က ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ဦးရဲ့သက်စောင့်မှော်ရတနာပေါ့"
သူမ၏ မျက်လုံးများထဲတွင် လွမ်းဆွတ်မှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။ သို့သော် မျက်တောင်တစ်ခတ်အတွင်းမှာပင် ထိုခံစားချက်များကို ပြန်လည်မျိုသိပ်လိုက်သည်။
"ဒါက ပျက်စီးနေပေမဲ့ ဆေးဖော်စပ်နိုင်တဲ့ စွမ်းရည်တွေတော့ အပြည့်အဝ ကျန်နေသေးတယ်၊ အဆင့်နိမ့် ဆေးဖော်စပ်တဲ့ မှော်ရတနာတစ်ခုအဖြစ် သုံးလို့ ရပါတယ်"
လော့ချန် မိမိလက်ထဲရှိ အက်ကွဲကြောင်းများဖြင့် ပြည့်နှက်နေသော ခြေတိုင်နှစ်ဖက်ပါ ဆေးအိုးကြီးကို အံ့ဩစွာ စိုက်ကြည့်နေမိသည်။ သူ စိတ်ကူးယဉ်ခဲ့ဖူးသော ထိပ်တန်း ဆေးဖော်ရတနာဆိုသည်မှာ ဆေးဘုရင်ဂိုဏ်း၏ နေလဆေးအိုး သို့မဟုတ် ဆေးလုံးစိမ်းချိုင့်ဝှမ်း၏ ပုလဲပြာဆေးအိုး ကဲ့သို့သော အရာမျိုး ဖြစ်သည်။ ဤအက်ကွဲနေသော အရာကြီးက အမှန်တကယ် ဆေးလုံးများ ဖော်စပ်နိုင်ပါ့မည်လော။ သို့သော် သူမ၏ စကားအရမူ ကျိန်းသေပေါက် လိမ်ညာနေခြင်း မဟုတ်ကြောင်း ထင်ရှားလှပေသည်။
"ကရုဏာမဲ့နတ်သမီး.... လက်ဆောင်အတွက် ကျေးဇူးတင်ပါတယ်"
ကရုဏာမဲ့နတ်သမီးသည် ပျက်စီးနေသော ကြေးအိုးကြီးဆီမှ အကြည့်လွှဲလိုက်ပြီးနောက် အခြားရတနာတစ်ခုအကြောင်း ရှင်းပြလိုက်သည်။
"ဒါကတော့ ရေနဂါးလက်ကောက်လို့ ခေါ်တယ်၊ သူ့ထဲမှာ တတိယအဆင့် ရေနဂါးတစ်ကောင်ရဲ့ ဝိညာဉ်ကို ထည့်သွင်းချုပ်နှောင်ထားတယ်၊ ချီစွမ်းအားတွေ ထည့်သွင်းလိုက်တာနဲ့ အဲဒီရေနဂါးကို ဆင့်ခေါ်နိုင်လိမ့်မယ်၊ သိပ်အဖိုးတန်တဲ့ ရေဓာတ် မှော်ရတနာတစ်ခုပဲ၊ ဒါက မင်းအတွက် မဟုတ်ဘူး၊ မင်းရဲ့ အဲဒီ သူငယ်ချင်းမလေးအတွက်"
လော့ချန် အံ့အားသင့်သွားသည်။ သူမမှာ အလွန် ရက်ရောလှသည်။
"ကျွန်တော့် သူငယ်ချင်းက အဆင့်မတက်သေးတော့ ဒီလက်နက်ကို သုံးနိုင်ပါ့မလားဗျာ"
"ဟော.... မင်းရဲ့ အစွမ်းအစနဲ့ အဲ့ကလေးမကို အဆင့်တက်အောင်တောင် မလုပ်ပေးနိုင်ဘူးလား"
သူမ ချက်ချင်း ပြန်မေးလိုက်သည်။
လော့ချန် ပြုံးလိုက်မိသည်။ မှန်ပေသည်။ သူသည် ယခုအခါ ယခင်ကထက် စည်းစိမ်နှင့် အဆက်အသွယ် ပိုမို ပိုင်ဆိုင်ထားပြီ ဖြစ်ရာ သူမအား အဆင့်တက်ရန် ကူညီပေးနိုင်သည့် စွမ်းအားရှိသည်။ သူ၏ စည်းစိမ်နှင့် အဆက်အသွယ်များမှာ ကန့်သတ်ချက်များစွာ ရှိခဲ့ဖူးသော တွမ်ချန်ခွန်းနှင့် မတူညီတော့ပေ။ အကယ်၍ သူသာ ကုန်ကျစရိတ်ကို အကုန်အကျခံရန် ဆန္ဒရှိပါက ကူချိုင်ယီအား အခြေတည်အဆင့်ရောက်ရှိအောင် လုပ်ဆောင်ပေးရန်မှာ ကျိန်းသေပေါက် ဖြစ်နိုင်ချေ ရှိသည်။ သူ မည်သို့လျှင် ယုံကြည်ချက်မရှိဘဲ နေနိုင်ပါမည်နည်း။
ဤတစ်ကြိမ်တွင်မူ သူ စစ်မှန်သော ရိုသေမှုဖြင့် ထပ်မံဦးညွှတ်လိုက်ရင်း
"ကရုဏာမဲ့နတ်သမီး.... တကယ့်ကို ကျေးဇူးတင်ပါတယ်"
ကရုဏာမဲ့နတ်သမီးက ခေါင်းညိတ်လိုက်သည်။
"နောက်ဆုံးအနေနဲ့၊ ဆေးလုံးစိမ်းချိုင့်ဝှမ်းက အဲ့အဘိုးကြီး ချီတင်းက ၁၀ နှစ်တစ်ကြိမ် တတိယအဆင့် ဝိညာဉ်ကြောကို သုံးခွင့်ပေးမယ် ပြောတယ် မဟုတ်လား"
လော့ချန် မျှော်လင့်ချက်ဖြင့် ကြည့်လိုက်သည်။
"ငါလည်း အဲ့လို ခွင့်ပြုပေးနိုင်ပါတယ်၊ ဒါပေမဲ့...."
ပထမပိုင်း စကားများက လော့ချန်၏ နှလုံးသားကို ခုန်ပေါက်သွားစေခဲ့သော်လည်း 'ဒါပေမဲ့' ဟူသည့် စကားလုံးက ထိုစိတ်လှုပ်ရှားမှုများကို ချက်ချင်း ငြိမ်းသတ်ပစ်လိုက်သည်။ မျှော်လင့်ထားသည့်အတိုင်း ကိစ္စရပ်များမှာ ဘယ်သောအခါမှ လွယ်ကူရိုးရှင်းမနေခဲ့ပေ။
"ထျန်းလန်တောင်ပေါ်က တတိယအဆင့် ဝိညာဉ်ကြောက လူလုပ်ထားတာလေ၊ ကျင့်ကြံဖို့အတွက် သင့်တော်တဲ့ တတိယအဆင့် ချီစွမ်းအားတွေကိုက တတိယအဆင့် ဂူဗိမာန် သုံးခုမှာပဲ ရနိုင်တာ၊ တစ်ခုကို ကျောက်စိမ်းအိုးဓားဂိုဏ်းက ပိုင်တာ၊ အလွတ်အတိုင်း ရှိနေခဲ့ရင်တောင် ဘယ်သူ့ကိုမှ သုံးခွင့်မပြုဘူး၊ ငါ့မှာလည်း အဲ့ဒါကို သုံးနိုင်မယ့် နည်းလမ်းမရှိဘူး...."
၎င်းမှာ သဘာဝကျလှပေသည်။ ထျန်းလန်နတ်ဘုရားမြို့တော်ကို ဂိုဏ်းခုနစ်ခုက ပူးပေါင်းတည်ထောင်ခဲ့ကြခြင်း ဖြစ်သော်လည်း ကျောက်စိမ်းအိုးဓားဂိုဏ်းမှာ ထိုဒေသတွင် အဓိက အစွမ်းထက်ဆုံး အင်အားစုအဖြစ် ရပ်တည်ခဲ့ဖူးသည်။ ၎င်းတို့ ဤကဲ့သို့သော အခွင့်အရေးများကို ထိန်းသိမ်းထားနိုင်ခြင်းမှာ မျှော်လင့်ထားပြီးသား ဖြစ်သည်။
“နောက်တစ်ခုကိုတော့ ရွှေအမြုတေပုဂ္ဂိုလ်တစ်ဦးက ပိုင်တယ်၊ သူက အဲ့မှာ အမြဲနေနေတာ၊ သူက ကျဆုံးသွားခဲ့ပြီဖြစ်တဲ့ ဟောက်ရန်ဂိုဏ်းက အသက်ရှင်ကျန်ရစ်သူတစ်ယောက်လေ၊ အခုတော့ ထျန်းလန်နတ်ဘုရားမြို့တော်ရဲ့ တရားဝင် အစောင့်အရှောက်တစ်ဦးအဖြစ် တာဝန်ယူထားတယ်...."
၎င်းက လော့ချန်ကို အံ့ဩသွားစေသည်။ ထျန်းလန်နတ်ဘုရားမြို့တော်တွင် ကာလကြာရှည်စွာ တာဝန်ယူထားသော အစောင့်အရှောက်တစ်ဦး ရှိကြောင်း သူ ကြားဖူးခဲ့သည်။ ဂိုဏ်းများ၏ အာဏာ အလှည့်ကျ ပြောင်းလဲချိန်များအတွင်း မြို့တော်၌ ရွှေအမြုတေအဆင့် ကျင့်ကြံသူ မရှိသော ကာလတိုလေးအတွင်း ထိုလူက မြို့တော်ကို ကာကွယ်စောင့်ရှောက်ရန် တာဝန်ယူလေ့ရှိသည်။ လော့ချန်အနေဖြင့် ထိုလူသည် ဟောက်ရန်ဂိုဏ်းမှ ဖြစ်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ ရှေးဟောင်းကျမ်းစာများအရ ဟောက်ရန်ဂိုဏ်းသည် လျန်ရှားတောင်တန်းကို အတူတကွ တိုက်ခိုက်ခဲ့ကြသော ဂိုဏ်းတစ်ဆယ့်ခြောက်ဂိုဏ်းထဲမှ တစ်ခု ဖြစ်ခဲ့ဖူးသော်လည်း၊ နတ်တစ္ဆေတောင်ကြားဂိုဏ်းနှင့် မင်ဟွမ်ဓားဂိုဏ်းတို့ကဲ့သို့ပင် သမိုင်းစာမျက်နှာမှ ပျက်စီးပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ သို့သော် မျှော်လင့်မထားဘဲ ၎င်းတို့၏ မျိုးဆက်တစ်ဦးမှာ အသက်ရှင်ကျန်ရစ်နေဆဲဖြစ်ရုံမျှမက ရွှေအမြုတေအဆင့်သို့ပင် ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
“နောက်ဆုံးတစ်ခုကတော့ အခု ငါနေနေတဲ့ ဒီနေရာပေါ့"
ကရုဏာမဲ့နတ်သမီးက တည်ငြိမ်သောအသံဖြင့် နန်းတော်တစ်ခုကဲ့သို့ ကြီးမားလှသော ဂူဗိမာန်ကြီးကို ညွှန်ပြလိုက်သည်။
"ဒီဂူဗိမာန်က ဘယ်ဂိုဏ်းနဲ့မှ မသက်ဆိုင်ဘူး၊ မြို့တော်ကို စီမံခန့်ခွဲခွင့်ရတဲ့ ဂိုဏ်းက သုံးစွဲခွင့်ရတာ၊ တစ်နည်းအားဖြင့် ပြောရရင် အခု ငါ သုံးနေပေမဲ့ အနာဂတ်မှာ ဆက်ပြီး သုံးခွင့်ရချင်မှ ရမှာ...."
လော့ချန်၏ မျက်ခုံးများ တွန့်ကွေးသွားခဲ့ရသည်။ ရေခဲခံတပ်အနေဖြင့် ဤမြို့တော်ကို မည်မျှအထိ ဆက်လက် စီမံခန့်ခွဲနိုင်မည်ကို မည်သူမျှ မသိနိုင်ပေ။ ထို့အပြင် ၎င်းတို့ စီမံခန့်ခွဲနေစဉ် ကာလအတွင်းမှာပင် ကရုဏာမဲ့နတ်သမီးကိုယ်တိုင် ဤဂူဗိမာန်ကို အသုံးပြုရန် လိုအပ်နေသည်။ ဤကဲ့သို့သော အခြေအနေမျိုးအောက်တွင် သူမ သူ့အတွက် နေရာတစ်ခုကို မည်သို့လျှင် ဖယ်ပေးနိုင်ပါမည်နည်း။
သို့သော် အကယ်၍ ထိုသို့သာ ဆိုပါက သူမ ဤကိစ္စကို အဘယ်ကြောင့် စကားစလာမည်နည်း။ သူမတွင် ဂူဗိမာန်တစ်ခုကို ဖယ်ပေးနိုင်မည့် နည်းလမ်း ရှိနေသောကြောင့် ဖြစ်ပေလိမ့်မည်။ လော့ချန် ကရုဏာမဲ့နတ်သမီးအား ဇဝေဇဝါဖြင့် စိုက်ကြည့်လိုက်မိသည်။
ထိုလှပလှသော အမျိုးသမီး၏ နှုတ်ခမ်းထက်တွင် အေးစက်စက် အပြုံးတစ်ခု ပေါ်ထွက်လာခဲ့သည်။
"တတိယအဆင့် ဂူဗိမာန်တစ်ခုကို ပေးနိုင်မယ့် အခွင့်အရေးတစ်ခု ငါ့မှာ ရှိနေတယ်၊ လော့ချန်.... မင်း အဲဒီအခွင့်အရေးကို ဆုပ်ကိုင်နိုင်မလားဆိုတဲ့အပေါ်မှာပဲ မူတည်တယ်...."
လော့ချန် စူးစမ်းလိုစိတ်ဖြင့် မေးလိုက်မိသည်။
"ဘယ်လို အခွင့်အရေးမျိုးလဲ ခင်ဗျာ"
"ရိုးရိုးလေးပါ၊ အဲဒါကတော့ မင်းရဲ့ လော့ထျန်းအဖွဲ့ စစ်ပွဲကြီးထဲဝင်ပြီး ကျောက်စိမ်းအိုးဓားဂိုဏ်းကို ဖျက်ဆီးလိုက်ဖို့ပဲ၊ အဲဒီလို ဖြစ်လာခဲ့ရင် အခု အလွတ်အတိုင်း ရှိနေတဲ့ အဲ့တတိယအဆင့် ဂူဗိမာန်ကို နှစ်ပေါင်း (၁၀၀) မင်း သုံးစွဲခွင့် ရစေရမယ်...."
"မဖြစ်နိုင်တာ…."
လော့ချန် အံ့အားသင့်သွားသည်။
"ကျွန်တော့်အဖွဲ့က ကျောက်စိမ်းအိုးဓားဂိုဏ်းကြီးကို ဘယ်လိုလုပ် နိုင်မှာလဲ…. စနေတာ မဟုတ်ပါဘူးနော်"
"ငါ စနောက်နေတာလို့ မင်း ထင်နေတာလား"
ကရုဏာမဲ့နတ်သမီးက တိုးတိုးလေး ဆိုလိုက်ရင်း မျက်လုံးများ ကျဉ်းမြောင်းသွားခဲ့သည်။
သူမ၏ အေးစက်စက်အသံကို ကြားရသောအခါ လော့ချန်၏ ရင်ထဲတွင် အေးစိမ့်သွားသည်။ သူမ နောက်ပြောင်နေခြင်း မဟုတ်ပေ။ ရွှေအမြုတေအဆင့် အရှင်သခင်တစ်ဦးက မိမိအား နောက်ပြောင်လိမ့်မည်ဟု တွေးမိခဲ့ခြင်းကပင် သူ၏ အမှားတစ်ခု ဖြစ်သည်။
လော့ထျန်းအဖွဲ့အား ဤကဲ့သို့ ကြီးမားလှသော စစ်ပွဲကြီးအတွင်းသို့ ဆွဲသွင်းခြင်းမှာ ကျောက်တုံးကို ကြက်ဥဖြင့် ထုရိုက်ခိုင်းသကဲ့သို့သာ ဖြစ်ပေလိမ့်မည်။ သူ ခက်ခက်ခဲခဲ စုဆောင်းတည်ဆောက်ခဲ့ရသော စည်းစိမ်များနှင့် အရင်းအမြစ်များသည် စစ်ပွဲအတွင်း ဝင်ရောက်လိုက်ပါက မည်မျှအထိ ကျန်ရှိနိုင်ပါဦးမည်နည်း။
လော့ချန်၏ အသံမှာ ခြောက်ကပ်သွားခဲ့ရပြီး
"လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်း ဝိညာဉ်သန္ဓေတည်ဂိုဏ်းနှစ်ခုကြားက တိုက်ပွဲတွေက ငြိမ်သက်သွားခဲ့ပြီ မဟုတ်ဘူးလား ခင်ဗျာ"
ကရုဏာမဲ့နတ်သမီးက အေးစက်စွာ ပြန်ဖြေလိုက်သည်။
"စစ်ပွဲက စတင်နေပြီ....မင်းက ဆေးလုံးစိမ်းချိုင့်ဝှမ်းရဲ့ ဂိုဏ်းမျိုးဆက်စံအိမ်ထဲမှာ တစ်နှစ်ပတ်လုံး ကျင့်ကြံနေခဲ့တာဆိုတော့ အပြင်က အခြေအနေတွေကို ဘယ်သိမှာလဲ၊ ဂိုဏ်းမျိုးဆက်ပြိုင်ပွဲပြီးကတည်းက ထိပ်သီးဂိုဏ်းနှစ်ခုကြားက ညှိနှိုင်းမှုတွေက အပြည့်အဝ ပျက်ပြားသွားခဲ့ပြီ၊ အခုဆိုရင် နှစ်ဖက်စလုံးက အခြေတည်အဆင့် ဂိုဏ်းမျိုးဆက်တွေနဲ့ ရွှေအမြုတေအဆင့် အကြီးအကဲတွေကိုပါ စစ်မြေပြင်ဆီ စေလွှတ်နေကြပြီ၊ သူတို့ရဲ့ မဟာမိတ်တွေနဲ့ လက်အောက်ခံ အင်အားစုတွေအားလုံးလည်း ရှေ့တန်းစစ်မျက်နှာဆီ တဖြည်းဖြည်း ရောက်လာကြပြီ၊ ငါ့ရဲ့ ရေခဲခံတပ်က တိမ်ပြိုဂိုဏ်းရဲ့ မဟာမိတ်ဖြစ်ပြီး၊ မင်းရဲ့ လော့ထျန်းအဖွဲ့က ငါ့ရေခဲခံတပ်ရဲ့ လက်အောက်ခံဖြစ်တာကြောင့် တိမ်ပြိုဂိုဏ်းရဲ့ မဟာမိတ်အဖြစ် စစ်ပွဲကြီးထဲ ဝင်ရောက်ရမှာက လုံးဝ ဖြစ်သင့်တဲ့ ကိစ္စတစ်ခုပဲ...."
လော့ချန်၏ ခန္ဓာကိုယ်မှာ အနည်းငယ် တုန်ယင်သွားခဲ့ရသည်။
‘ဘယ်လိုလုပ် ဒီလိုကိစ္စမျိုး ဖြစ်လာနိုင်ရတာလဲ....’
သူတို့နှစ်ဦးကြား တိတ်ဆိတ်မှုများ လွှမ်းမိုးသွားခဲ့ချိန်တွင် ကရုဏာမဲ့နတ်သမီး၏ နှုတ်ခမ်းထက်တွင် အပြုံးတစ်ခု ပေါ်ထွက်လာခဲ့သည်။
"သေချာတာပေါ့.... မင်းက ငါ အားအကိုးဆုံး ဆေးဖော်ဆရာမို့လို့ မင်းကိုတော့ စစ်တိုက်ခိုင်းမှာ မဟုတ်ပါဘူး၊ ထျန်းလန်တောင်ပေါ်မှာပဲ စိတ်အေးလက်အေး ဆက်ပြီး ကျင့်ကြံနေပါ”
လော့ချန် ခေါင်းမော့လိုက်ပြီး ထိုအပြုံးတုအောက်မှ သူမ၏ အေးစက်လှသော မျက်ဝန်းများကို အတင်းအကျပ် စိုက်ကြည့်လိုက်ရင်း
"ဒါဆို.... ကျွန်တော့်ရဲ့ လော့ထျန်းအဖွဲ့ကရော"
"ချီသန့်စင်အဆင့် (၇) အထက်မှာ ရှိတဲ့ မင်းရဲ့ အဖွဲ့သားတွေအကုန် စစ်ပွဲကြီးထဲ ဝင်ရမယ်၊ ဒန်ရှားတောင်ကို စီမံခန့်ခွဲပေးဖို့အတွက် အခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက်ပဲ မင်းဘေးမှာ ကျန်ရစ်ခွင့်ရှိမယ်...."
"ကရုဏာမဲ့နတ်သမီး.... ဒါက နည်းနည်းတော့ လွန်...."
"ငါက မင်းကို အသိပေးနေတာ၊ ညှိနှိုင်းနေတာ မဟုတ်ဘူး...."
သူမ၏ နူးညံ့လှသော စကားလုံးများမှာ ရွှေအမြုတေအဆင့်၏ ဖိအားများနှင့်အတူ ပြင်းထန်စွာ ကျရောက်လာခဲ့သည်။ ထိုဖိအားများက သူ့အပေါ် လွှမ်းမိုးသွားခဲ့ပြီး ထိုအခိုက်အတန့်တွင် လော့ချန်၏ လက်နှင့် ခြေထောက်များမှာ ရေခဲအလား အေးစက်သွားခဲ့ရတော့သည်။
....
လော့ချန်သည် ထျန်းလန်တောင်ထိပ်မှ မြူမှုန်များကြားထဲ ဖြတ်သန်းကာ လမ်းပျောက်နေသော လူတစ်ယောက်ကဲ့သို့ ယိမ်းယိုင်လျက် ထွက်ခွာလာခဲ့သည်။ သူသည် ဖြူလွလွတိမ်တိုက်တစ်ခုကို စီးနင်းကာ ကောင်းကင်ယံထက်မှ ဖြည်းဖြည်းချင်း ဆင်းသက်လာခဲ့သည်။ သူ၏ အတွေးများမှာ ဖရိုဖရဲ ဖြစ်နေခဲ့ပြီး နှလုံးသားမှာလည်း လေးလံနေခဲ့သည်။
“သူမ ငါ့ကို ဆက်ဆံတဲ့ အမူအရာ ပြောင်းသွားခဲ့တာ.... အဲဒါက လေးစားမှုကို ပြသတာပဲ၊ ဒါပေမဲ့ လော့ထျန်းအဖွဲ့က စစ်ပွဲထဲ ဝင်ရောက်ရမယ်ဆိုတာက....”
သူ ထိုကဲ့သို့သော မြင်ကွင်းမျိုးကို စိတ်ကူးပင် မယဉ်ရဲတော့ပေ။ ဂိုဏ်းကြီးများ၏ တပည့်ရင်းများပင် ဤကဲ့သို့သော စစ်ပွဲကြီးများအတွင်း ကျဆုံးခဲ့ကြရဖူးသည်။ လော့ထျန်းအဖွဲ့မှ ကျင့်ကြံသူများအနေဖြင့် ဤစစ်ပွဲကြီးထဲတွင် မည်မျှအထိ အသက်ရှင်ကျန်ရစ်နိုင်ပါမည်နည်း။ သူသည် ၎င်းတို့အား တာဟဲဈေးမြို့တော်မှ ဦးဆောင်ခေါ်ထုတ်လာခဲ့ပြီး အတူတကွ ရုန်းကန်လှုပ်ရှားခဲ့ကာ၊ သူတို့ ကြီးပြင်းလာပြီး အဆင့်တက်လှမ်းနိုင်ခဲ့သည်ကို စောင့်ကြည့်ခဲ့ရသူ ဖြစ်သည်။ ယခုအခါ သေမင်းတမန် စစ်မီးလျှံများအတွင်းသို့ စတေးရန် စေလွှတ်ရမည် ဆိုပါလား။ ၎င်းမှာ သူ မည်သို့မျှ လက်မခံနိုင်သော ကိစ္စတစ်ခု ဖြစ်သည်။ သူ မွေးထုတ်ထားသည့် အဖွဲ့၊ သူ၏ သူငယ်ချင်းမိတ်ဆွေများ၊ သူ၏ အနာဂတ် အားလုံးကို စစ်မြေပြင်သို့ ပို့လိုက်ရတော့မည်လော။
အမြဲတစေ အကျိုးအမြတ်ကိုသာ ရှေးရှုလေ့ရှိသော လော့ချန်ပင်လျှင် ဤအခိုက်အတန့်တွင် ပြတ်ပြတ်သားသား မဆုံးဖြတ်နိုင်တော့ချေ။ အမှန်စင်စစ် ဆုံးဖြတ်ပိုင်ခွင့်ပင် သူ့တွင် မရှိခဲ့ဟု ဆိုရမည်။ ကရုဏာမဲ့နတ်သမီးသည် သူနှင့် ညှိနှိုင်းဆွေးနွေးခဲ့ခြင်း မဟုတ်ဘဲ၊ လော့ထျန်းအဖွဲ့ သေချာပေါက် စစ်ပွဲသို့ သွားရမည် ဖြစ်ကြောင်းကိုသာ ရိုးရှင်းစွာ အသိပေးခဲ့ခြင်း ဖြစ်သည်။
‘တကယ်လို့ ငါသာ ရေခဲခံတပ်ကို မမှီခိုခဲ့ဘူးဆိုရင်၊ သူတို့ရဲ့ စွမ်းအားကို မချေးငှားခဲ့ဘူးဆိုရင်.... ငါ ဒီလို အခြေအနေမျိုးနဲ့ ကြုံတွေ့ရပါဦးမလား’
ရေခဲခံတပ်သာ မရှိခဲ့ပါက လော့ထျန်းအဖွဲ့သည်လည်း ထျန်းယင်းတောင် သို့မဟုတ် ရှန်ကုန်းဂိုဏ်းတို့ကဲ့သို့ အင်အားစုများ၏ အောက်ခြေတွင်သာ သောင်တင်နေပေလိမ့်မည်။ အင်အားကြီးအဖွဲ့အစည်းများ၏ ဖိနှိပ်မှုအောက်တွင် ထိုထက်ပင် ပိုမို ဆိုးရွားသွားနိုင်ချေ ရှိသည်။ သို့သော်လည်း သူ ကြိုးပမ်းအားထုတ်ခဲ့သမျှ အရာအားလုံး၏ နောက်ဆုံးတွင်မူ ဤကဲ့သို့သော နိဂုံးမျိုးကို အတင်းအကျပ် လက်ခံရန် တွန်းပို့ခြင်း ခံလိုက်ရလေပြီ။ ဤအရာအားလုံး၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ သူ ထျန်းလန်နတ်ဘုရားမြို့တော်တစ်ခုလုံးတွင် တည်ဆောက်ခဲ့သမျှ ဆက်ဆံရေးများကကော ဘာအတွက်နည်း။ ဆေးလုံးစိမ်းချိုင့်ဝှမ်းတွင် သုံးကြိမ်ဆက်တိုက် ပထမနေရာကို ဆွတ်ခူးနိုင်ခဲ့ခြင်းကရော ဘာအတွက်နည်း။
လော့ချန်သည် ငေးမှိုင်လျက်နှင့် အောက်ဘက်သို့ ပျံသန်းလာခဲ့ပြီး သူ၏ ဒုတိယအဆင့် ဂူဗိမာန်ရှိရာ နယ်မြေသို့ ရောက်ရှိလာခဲ့တော့သည်။
ရုတ်တရက်ဆိုသလို လေထုကို ဖြတ်သန်း၍ ရှည်လျားလှသော အော်ဟစ်သံတစ်သံ ပေါ်ထွက်လာခဲ့သည်။
လူရိပ်တစ်ခုသည် ပင်း-၁၃ ဂူဗိမာန်အတွင်းမှ ဝုန်းခနဲ ထွက်ပေါ်လာခဲ့ပြီး တိမ်တိုက်များဆီသို့ ပျံတက်သွားခဲ့တော့သည်။ အခြေတည်အဆင့် (၉) ၏ ပြင်းထန်လှသော ဝိညာဉ်ဖိအားသည် ကောင်းကင်ယံတစ်ခုလုံးတွင် ရမ်းကားစွာ ပျံ့နှံ့သွားခဲ့သည်။ လှိုင်းထလာသော ချီစွမ်းအားများက ထိုအော်ဟစ်လိုက်သောသူသည် မည်မျှအထိ စွမ်းအားကြီးမားကြောင်းကို ပြသနေခဲ့သည်။ ထိုရှည်လျားလှသော အော်ဟစ်သံအတွင်း၌ အတားအဆီးမဲ့ပြီး ပြည့်လျှံနေသော စစ်မှန်လှသည့် ဝမ်းမြောက်မှုများ ကိန်းအောင်းနေခဲ့လေသည်။
ထွက်ခွာသွားသော လူရိပ်ကို ကြည့်ရင်း လော့ချန်၏ နှုတ်ခမ်းထောင့်တွင် စိတ်မသက်မသာဖြစ်မှုတစ်ခု ဖြစ်ပေါ်လာသည်။ တစ်ကိုယ်တော်ကျင့်ကြံသူများသည် မည်သည့်အနှောင်အဖွဲ့မျှ မရှိဘဲ ရှင်သန်ကြသူများ ဖြစ်သည်။ သူတို့သည် ငိုချင်သည့်အခါ ငိုကြပြီး၊ ရယ်ချင်သည့်အခါ ရယ်မောကြကာ၊ ကျင့်ကြံခြင်းလောကအတွင်း၌ လွတ်လပ်စွာ လှည့်လည်သွားလာနိုင်ကြသည် မဟုတ်ပါလော။
သို့သော်လည်း သူ အကြည့်ကို လွှဲလိုက်မည့်အချိန်မှာပင် ထိုလူရိပ်သည် ရုတ်တရက် ပြန်လှည့်လာခဲ့ပြီး သူ့ရှေ့တည့်တည့်သို့ ဆင်းသက်လာခဲ့တော့သည်။
"ဟေး.... ဒါက နာမည်ကျော် တန်ချန်ဇီ မဟုတ်လား"
ချီးကျူးသံကဲ့သို့ ထွက်ပေါ်လာရမည့် ထိုစကားသံအတွင်း၌ ယခုအခါတွင်မူ ထူးဆန်းလှသော ကျီစယ်သံ အရိပ်အယောင်တစ်ခု ကပ်ပါနေခဲ့သည်။ လော့ချန် ငိုမဲ့မဲ့မျက်နှာနှင့် အပြုံးတစ်ခုကို အတင်းအကျပ် ညှစ်ထုတ်လိုက်သည်။
"ဂုဏ်ယူပါတယ် ချူခွေး၊ ဒီလို အဆင့်တက်လှမ်းနိုင်တာကြောင့် ရွှေအမြုတေအဆင့်ဆိုတာ မင်းအတွက် လက်တစ်ကမ်းမှာပဲ ရှိတော့တာ သေချာပါတယ်"
ချူခွေး လှိုက်လှိုက်လှဲလှဲ ရယ်မောလိုက်တော့သည်။ ဆေးလုံးစိမ်းချိုင့်ဝှမ်းသို့ သွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း သူ ပံ့ပိုးပေးခဲ့သော အလောင်းအလျာဖြစ်သူ ဟယ်ယွမ်ချင်းသည် ဂိုဏ်းမျိုးဆက်သစ်ဘွဲ့ကို မဆွတ်ခူးနိုင်ခဲ့သော်လည်း ကတိပြုထားခဲ့သော ဆုလာဘ်များမှာမူ ပထမအဆင့် ပြိုင်ပွဲပြီးဆုံးသည်နှင့် သူ့ထံသို့ ချက်ချင်း ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ အဆုံးစွန်တွင်မူ ဂိုဏ်းမျိုးဆက် စမ်းသပ်မှု ပထမအဆင့်၌ ဒုတိယနေရာကို ရယူနိုင်ရန်အတွက် သူ့ထံမှ အားထုတ်မှု အမြောက်အမြား လိုအပ်ခဲ့သည် မဟုတ်ပါလော။ ထိုအရင်းအမြစ်များကြောင့်ပင် သူ ပြန်လည်ရောက်ရှိလာချိန်တွင် အခြေတည်အဆင့် (၈) မှ (၉) သို့ ဖောက်ထွက်အောင်မြင်နိုင်ခဲ့ခြင်း ဖြစ်၏။ ယခုအခါတွင်မူ သူသည် နောက်ဆုံးအဆင့်ကိုသာ ဆက်လက်ကျော်ဖြတ်ရန် လိုအပ်တော့ပြီး ထို့နောက်တွင်မူ ရွှေအမြုတေအဆင့်သို့ တက်လှမ်းရန် ကြိုးပမ်းနိုင်တော့မည် ဖြစ်သည်။
သူ နှိမ့်ချဟန်ဆောင်လျက် လက်ကို အသာအယာ ဝှေ့ယမ်းလိုက်ရင်း
"အား.... ဒီလမ်းကြောင်းက ရှည်လျားပြီး ကွေ့ကောက်လွန်းပါသေးတယ်၊ အမြုတေဖွဲ့စည်းဖို့လား၊ ဝေးပါသေးတယ်၊ ဘာပဲဖြစ်ဖြစ် ဒီနေ့ ငါ စိတ်အခြေအနေ ကောင်းနေတော့ ငါ့အိမ်မှာ အရက် သောက်ကြမလား"
လော့ချန် ခေါင်းကို ခါယမ်းလိုက်ရင်း ဖိတ်ခေါ်မှုကို ငြင်းပယ်ကာ လှည့်ထွက်လာခဲ့တော့သည်။ သူ၏ ပုံစံမှာ အနည်းငယ် စိတ်ပျက်အားငယ်နေဟန် တူလှပေသည်။ ချူခွေးမှာမူ ဇဝေဇဝါဖြစ်လျက် ကျန်ရစ်ခဲ့၏။ သူသည် လော့ချန်ထံတွင် မည်သည့်အရာ ဖြစ်ပျက်ခဲ့သည်ကို လုံးဝ စဉ်းစား၍ မရနိုင်အောင် ဖြစ်နေခဲ့ရသည်။ ဤကဲ့သို့ စိတ်ဓာတ်ကျနေသော လူတစ်ယောက်မှာ ပြိုင်ပွဲသုံးခုစလုံးကို ဆက်တိုက် လွှမ်းမိုးခဲ့ပြီး ဆေးလုံးစိမ်းချိုင့်ဝှမ်း၏ ပါရမီရှင် ၇ ဦးကို အနိုင်ရခဲ့သော လူနှင့် လုံးဝ တူညီခြင်း မရှိချေ။
သူ ဇဝေဇဝါနှင့် ရပ်တန့်နေစဉ်မှာပင် လော့ချန် ရုတ်တရက် ပြန်လှည့်လာခဲ့ပြီး
"ချူခွေး.... အဲဒီတုန်းက မင်းပြောခဲ့တာ သိပ်မှန်တာပဲ"
ထိုစကားများကို ပြောပြီးနောက် သူသည် အနီးနားရှိ ပင်း-၁၇ ဂူဗိမာန်ဆီသို့ ပျံသန်းသွားခဲ့တော့သည်။
ချူခွေးမှာမူ ကြောင်အန်းအန်းဖြင့် ထိုနေရာတွင်ပင် ကျန်ရစ်ခဲ့တော့သည်။
“ငါ အဲဒီတုန်းက ဘာပြောခဲ့လို့လဲ”
ထိုစဉ်က ဆေးလုံးစိမ်းစျေးကွက်၏ ကောင်းယန်အဆောက်အအုံ အပြင်ဘက် လမ်းမထက်ဝယ် လသာသော ညတစ်ည၌ ချူခွေး နှာခေါင်းရှုံ့ကဲ့ရဲ့ခဲ့ဖူးသည်။
[ ရေခဲခံတပ်က မိန်းမတွေက ဘာလေးစားစရာ ရှိလို့လဲ.... စိတ်ကလည်း ဂနာမငြိမ်၊ စရိုက်လည်း ဘာထူးလဲ ]
ယခုအခါတွင်မူ လော့ချန် ထိုစကားကို အကြွင်းမဲ့ သဘောတူမိတော့သည်။ ရေခဲခံတပ်မှ အမျိုးသမီးများသည် အမှန်ပင် စိတ်ဂနာမငြိမ်သူများ ဖြစ်၏။ ကရုဏာမဲ့နတ်သမီးသည် သူမ၏ ခင်ပွန်းကို ကိုယ်တိုင် သတ်ဖြတ်ခဲ့သဖြင့် ထို ဘွဲ့အမည်ကို ရရှိခဲ့ခြင်း ဖြစ်ကြောင်း သူ တစ်ခါက ကြားဖူးခဲ့သည်။ ထိုစဉ်က သူသည် သူမအား ဆွေးမျိုးသားချင်း သံယောဇဉ်နှင့် သံယောဇဉ်တွယ်တာမှုများကို နားမလည်သော၊ နှလုံးသားမရှိ ရက်စက်တတ်သူတစ်ဦးအဖြစ်သာ မှတ်ယူခဲ့သည်။
သို့သော်လည်း အကြိမ်အနည်းငယ်မျှ ဆက်ဆံပြီးနောက်တွင်မူ သူမ၏ အမူအရာက အေးစိမ့်သော်လည်း ချဉ်းကပ်ရ လွယ်ကူကြောင်း၊ ပိုမိုအရေးကြီးသည်မှာ သူမ သူ့အပေါ် အမြဲ ရက်ရောကြောင်း တွေ့ရှိခဲ့ရသည်။ မကြာသေးမီကပင် သူမသည် အခြားဂိုဏ်းများမှ ရွှေအမြုတေအဆင့် ကျင့်ကြံသူ အမြောက်အမြား၏ ရှေ့မှောက်၌ သူ့အား သက်စောင့်ရေခဲကျောက်စိမ်း တစ်ခုကို ပေးအပ်ခဲ့ဖူးသည်။ ထို့ပြင် ယနေ့စောစောပိုင်းကလည်း မည်သည့်တွန့်ဆုတ်မှုမျှ မရှိဘဲ မှော်ရတနာများကို ပေးခဲ့သေးသည်။ အကယ်၍ သူ ရရှိခဲ့သော တတိယအဆင့် ဆေးဖော်စပ်ခြင်းဆိုင်ရာ အသိပညာများ၊ နှင်းဧကရာဇ်ဆေးအိုး၊ နတ်ဘုရားရေခဲကျောက်စိမ်းနှင့် သူမ၏ အမိန့်အရ ရှီလန်က သူ၏ ဂူဗိမာန်ကို ပြောင်းလဲပေးခဲ့ခြင်းများကိုပါ ထည့်သွင်းရေတွက်မည်ဆိုပါက ကရုဏာမဲ့နတ်သမီးသည် သူ၏ ဘဝသက်တမ်းတစ်လျှောက် ကြုံတွေ့ဖူးသမျှသော အဆင့်မြင့် ကျင့်ကြံသူများထဲတွင် အရက်ရောဆုံး ပုဂ္ဂိုလ်တစ်ဦး ဖြစ်ကြောင်း လော့ချန် ဝန်ခံရပေမည်။ သူ့အနေဖြင့် အရိပ်အယောင်ပြရန် သို့မဟုတ် တောင်းဆိုရန်ပင် မလိုခဲ့ဘဲ သူမ ရိုးရှင်းစွာ ပေးကမ်းခဲ့ခြင်း ဖြစ်၏။
သို့သော်လည်း ယနေ့စောစောပိုင်းက ထွက်ပေါ်လာခဲ့သော ထိုအေးစိမ့်လှသည့် စကားတစ်ခွန်းဖြစ်သော "ငါက မင်းကို အသိပေးနေတာ၊ ညှိနှိုင်းနေတာ မဟုတ်ဘူး...." ဟူသော စကားက အရာအားလုံးကို ရှင်းလင်းသွားစေခဲ့သည်။ ကံကောင်းမှုဟု ထင်ရသည့် အရာတိုင်း၏ နောက်ကွယ်တွင် မမြင်ရသည့် အဖိုးအခတစ်ခု အမြဲရှိနေစမြဲပင်။ အာဏာရှိသူတို့၏ မျက်နှာသာပေးမှုသည် မတည်ငြိမ်နိုင်သကဲ့သို့ အပြောင်းအလဲမြန်သည်။ တစ်ချက်အတွေးဖြင့် မြှင့်တင်ပေးနိုင်သလို တစ်ချက်စကားဖြင့်လည်း ဖျက်ဆီးပစ်နိုင်သည်။
အမှန်တကယ်ပင် လွန်ခဲ့သော ရက်အနည်းငယ်က သူ ရရှိခဲ့သော သဘောပေါက်မှုမှာ မှန်ကန်လှပေသည်။ ကျင့်ကြံခြင်းလောကတွင် သာမန် အခြေတည်အဆင့် (၆) ကျင့်ကြံသူတစ်ဦးမှာ ဘာမျှမဟုတ်ချေ။
ဂူဗိမာန်အတွင်း၌ လော့ချန်သည် ရှည်လျားလှသော သက်ပြင်းတစ်ချက်ကို ချလိုက်သည်။ သူ၏ မျက်ဝန်းများနောက်ကွယ်မှ မုန်တိုင်းမှာ တဖြည်းဖြည်း ငြိမ်သက်သွားခဲ့ပြီး ဆိတ်ငြိမ်လှသော ကြည်လင်ပြတ်သားမှုတစ်ခုအဖြစ်သို့ အခြေချသွားခဲ့တော့သည်။ မိမိကိုယ်ကိုယ် သနားနေခြင်းက အသုံးမဝင်ချေ။ လက်ရှိအခြေအနေကို ဖြေရှင်းနိုင်ရန်ကသာ အဓိက ဖြစ်၏။
လော့ထျန်းအဖွဲ့တစ်ခုလုံးကို သူ စစ်ပွဲထဲသို့ ပို့ပါမည်လော။ လုံးဝ မဖြစ်နိုင်ချေ။ ထိုအဖွဲ့သည် သူ၏ ဘဝဖြစ်ပြီး အဖွဲ့ဝင်များထဲတွင် သူ၏ မိတ်ဆွေသူငယ်ချင်းရင်းချာများ ရှိသည်။ အချို့က အကျိုးအမြတ်အတွက် သူ့နောက်သို့ လိုက်ပါလာခဲ့ကြပြီး၊ အချို့က သစ္စာရှိမှုကြောင့် ဖြစ်ကာ၊ အချို့မှာမူ အကြွေးများကြောင့် ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ သူတို့သည် သူ့အား ယုံကြည်ပြီး ခေါင်းဆောင်အဖြစ် လက်ခံထားကြသည်။ ယခုအခါ သူတို့အား မီးလောင်သည့် စစ်ပွဲထဲသို့ ပို့ရမည်ဆိုသည်မှာ သူ လုံးဝ လက်မခံနိုင်သည့်အရာဖြစ်သည်။
သူမ၏ စကားများကို သူ ပြန်လည်အမှတ်ရမိလိုက်သည်။
"ထွက်ခွာမယ့် အချိန်ကို နောက်ထပ် တစ်လအကြာလို့ သတ်မှတ်ထားတယ်.... ရေခဲခံတပ်၊ ဆေးလုံးစိမ်းချိုင့်ဝှမ်း၊ အိုက်လောင်တောင်၊ တိမ်ပြိုဂိုဏ်းတို့နဲ့ ပတ်သက်နေတဲ့ အင်အားစုတွေအကုန် အတူတူ လှုပ်ရှားကြရလိမ့်မယ်...."
တစ်လဆိုသော အချိန်မှာ မရှည်လျားလှသော်လည်း လုံလောက်လှပေသည်။ ယခုအချိန်တွင် သူ အလိုအပ်ဆုံးအရာမှာ လွန်ခဲ့သည့် တစ်နှစ်အတွင်း မည်သည့်အရာများ ဖြစ်ပျက်ခဲ့သည်ကို အပြည့်အဝ နားလည်သဘောပေါက်ရန် ဖြစ်သည်။
လော့ချန် အသံလွှင့်ကျောက်စိမ်းပြားကို ကိုင်လိုက်ပြီး အရေးကြီးသော အစီအစဉ်များကို စတင် ချမှတ်တော့သည်။