← Chapters

အသက်ရှင်နေသော ယမမင်း (၁)

Vol. 74 Ch. 1159

အသက်ရှင်နေသော ယမမင်း (၁)

Vol. 74 Ch. 1159

“ဒါက သွားရင်းလာရင်း တည်ဆောက်ရာကနေ အသုတ်လိုက်ထုတ်လုပ်ဖို့ ဖြန့်ချိရေးဗဟိုချက်တစ်ခု တည်ဆောက်လိုက်တဲ့ သဘောပေါ့။ ပြီးမှ အားလုံးပြီးစီးတဲ့အခါ စွမ်းဆောင်ရည် အမြင့်ဆုံးဖြစ်အောင် ဖြန့်ခင်းလိုက်တာမျိုးလား”

မိုနီကာက မျက်ခုံးအနည်းငယ်ပင့်ကာ စကားတစ်ခွန်းတည်းဖြင့် အချက်ကျကျထောက်ပြလိုက်၏။

ကျန်းရှု့ဝေက ခေါင်းညိတ်ပြသည်၊၊

“အဲဒီလောက် မရိုးရှင်းပေမဲ့ သဘောတရားကတော့ နီးစပ်ပါတယ်။ ငါ ဒီအစီအစဉ်ကို စဉ်းစားပြီးပါပြီ။ စမ်းကြည့်ရကျိုးနပ်မယ့်ပုံပဲ”

“စမ်းကြည့်ရကျိုးနပ်ဖို့ဆိုတာ ဒီရေလှိုင်းတွေ ငါတို့ကို တိုက်ခိုက်တဲ့ပုံစံကို နားလည်ထားမှ ဖြစ်မယ်”

ချန်ဆီရွှမ်သည် သက်ပြင်းတစ်ချက်လေးပင်စွာချလိုက်သည်၊၊

“ရပ်တန့်လိုက်တယ်ဆိုတာ အဲဒီနေရာမှာတင် စခန်းချလိုက်တာပဲ ။ တကယ်လို့ ဒီသတ္တဝါတွေက ကမ္ဘာ့အဆင့်မွန်းစတားမလာမချင်း ငါတို့ကို အချိန်ဆွဲနေတာဆိုရင်တော့ ငါတို့လုပ်ရပ်က လောင်းကြေးထပ်လွန်းရာ ရောက်လိမ့်မယ်”

“ဟုတ်တယ်။ ပြီးတော့ မျှော်စင်လူသားတွေက ငါတို့ရဲ့ စစ်ဗျူဟာမြောက်ရည်ရွယ်ချက်ကို သိနိုင်၊ မသိနိုင်ဆိုတာလည်း မသေချာဘူး။ ဖောင်ဒေးရှင်းရဲ့ အမှောင်ဂိုဏ်းခွဲက ဒီမှာရှိနေတော့ အဲဒါကလည်း ပုန်းကွယ်နေတဲ့ အန္တရာယ်တစ်ခုပဲ။ အရာရာအဆင်ပြေချောမွေ့သွားရင်တောင် အဲဒီသတ္တဝါတွေ ဘယ်ကလာလဲဆိုတာ သေချာမသိဘူး”

ကျန်းယွမ်က ကောင်းကင်ယံရှိ သွေးနီရောင်မြူများဆီသို့ လှမ်းမျှော်ကြည့်လိုက်သည်၊၊

“ဒါမှမဟုတ်ရင်လည်း...”

“ဘယ်တော့ ရောက်လာမှာလဲ”

…

ကြီးမားလှသော အနီရောင်ဂြိုဟ်ကြီးပေါ်တွင် ဒြပ်ထုဒီရေလှိုင်းများသည် ပြင်းထန်လှသော ဆွဲငင်အားကြောင့် ကီလိုမီတာအတော်များများကျယ်ဝန်းသည့် ရေစီးကြောင်းကြီးတစ်ခုအသွင်ကူးပြောင်းသွားပြီး ကြယ်နက်ယန္တရားဂြိုဟ်ကြီး၏ ဝါးမျိုခြင်းကို ခံရ၏။ ဆွဲငင်အားနယ်ပယ်ပတ်လည်တွင် ဖုန်မှုန့်များလွင့်မျောနေသည်မှာ ဂြိုဟ်ပတ်လမ်းကြောင်းပေါ်တွင် ချိတ်ဆွဲထားသည့် မီးခိုးရောင်လက်စွပ်တစ်ကွင်းနှင့်ပင် တူလှတော့သည်။

လင်းရှန်သည် ဂြိုဟ်စုဝါးမျိုမှုတွင်းဝ၏ အထက်ရှိ ကုန်းပတ်ပေါ်တွင် ထိုင်နေရင်း ကြယ်တာရာများကို ဖမ်းယူကာ ဂြိုဟ်များကို ဖျက်ဆီးပစ်နေသည့် ခမ်းနားကြီးကျယ်လှသော မြင်ကွင်းကို ငေးမောကြည့်ရှုနေမိသည်။

“မင်း ဘယ်လိုကောက်ချက်ချမိလဲ… ဂရေ့စ်”

[နက္ခတ္တရူပဗေဒ သဘောတရားတွေနဲ့ ယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရေးသီအိုရီတွေအရဆိုရင်တော့... ဒီယဉ်ကျေးမှုအဆင့်က ကာဒါရှက်ဗ် အမျိုးအစား-၂ ရဲ့ အလယ်အလတ်အဆင့်ကို ရောက်နေပါပြီ၊၊ ဂြိုဟ်စုတွေကို ဖမ်းယူဖို့ဆိုတာ သီအိုရီထဲမှာပဲ စိတ်ကူးလို့ရသေးတဲ့ ဆွဲငင်အားထိန်းချုပ်တန်းလှိုင်းတွေ၊ ဝပ်ပ်စွမ်းအင်နယ်ပယ် ကျောက်ချရပ်နားမှုတွေနဲ့ ဒြပ်ထုမောင်းနှင်စနစ်တွေလို နည်းပညာမျိုးတွေလိုပါတယ်၊၊ သိပ္ပံစိတ်ကူးယဉ်ဝတ္ထုတွေထဲမှာတော့ ဒီလို ဂြိုဟ်စုတွေကို ရိတ်သိမ်းတဲ့အကြောင်းအရာမျိုးတွေ ခဏခဏ ပါတတ်ပါတယ်။ ဥပမာ ‘ဟိုက်ပရီယွန်’ ထဲက အဝေးကြယ်လိုမျိုးပေါ့။ အဲဒါက သတ္တုရည်စီးကြောင်းတွေကို ထုတ်ယူဖို့အတွက် ဆွဲငင်အား စုပ်ယူတဲ့နည်းပညာကို သုံးထားပါတယ်]

“ဒီယဉ်ကျေးမှုက ငါတို့ထက် ဘယ်လောက်တောင်စောနေတာလဲ”

[လူသားတွေရဲ့ စက်မှုယဉ်ကျေးမှုတိုးတက်ခြင်းဆိုတာ ကြိုတင်ခန့်မှန်းလို့ရတဲ့ ဒါမှမဟုတ် ချောချောမွေ့မွေ့ အပေါ်ကို တက်သွားတဲ့ ကွေးညွှတ်မှုပုံစံအတိုင်း သွားတာမျိုး မဟုတ်ပါဘူး။ အဲဒီဖြစ်စဉ်က လူမှုရေးပညာရေး၊ စွမ်းအင်ဖွံ့ဖြိုးတိုးတက်မှုတွေနဲ့ သက်ဆိုင်တဲ့ ကုန်ထုတ်စွမ်းအားတိုးတက်မှုတွေအပေါ်မှာ မူတည်နေတယ်။ အကယ်၍ အပြာရောင်ဂြိုဟ်ရဲ့ လူသားယဉ်ကျေးမှုတိုးတက်မှုနှုန်းနဲ့သာ တွက်ချက်မယ်ဆိုရင်တော့ အနည်းဆုံး နှစ်ပေါင်း ၂၀၀၀ ဒါမှမဟုတ် အဲဒီထက်မက ပိုပြီး ကြာသွားလိမ့်မယ်]

“နှစ်ပေါင်း ၂၀၀၀ တောင်လား...”

လင်းရှန်သည် ခပ်တိုးတိုးရေရွတ်လိုက်မိရင်း အတွေးနက်သွားလေ၏။ ခဏအကြာတွင် သူက ပြန်မေးလိုက်သည်။

“ဆရာယန်တို့ဘက်က ဆွေးနွေးပွဲရလဒ်ကို အကြောင်းကြားလာပြီလား။ ဒီဂြိုဟ်စုရှိနေတဲ့နေရာကို ရှာဖွေနိုင်မယ့် နည်းလမ်း ရှိလား”

[မလုပ်နိုင်ပါဘူး]

ဂရေ့စ်က ချက်ချင်းပင် တုံ့ပြန်လာ၏။

[ကြယ်တာရာကောင်းကင်ဓာတ်ပုံတွေကို အချက်ပြကုဒ်တွေအဖြစ်ပြောင်းပြီး ပေးပို့ဖို့၊ ဒါမှမဟုတ် စွမ်းအားမြင့် အချက်ပြကိရိယာတွေ သုံးပြီး အချက်ပြမှုတွေ ပေးပို့ဖို့ ရှင်အဆိုပြုတဲ့အချက်က ကြယ်တာရာဓာတ်ခွဲခန်းရဲ့ လက်ရှိနည်းပညာအရမဖြစ်နိုင်ပါဘူး။ မရေရာတဲ့ အချက်တွေ အများကြီးရှိနေပေမဲ့ အဓိကကတော့ အခြေခံအချက်အချို့ကို မဖြည့်ဆည်းနိုင်လို့ပဲ။ ပထမအချက်အနေနဲ့ ကောင်းကင်အကာကွယ်စနစ်က ပြင်ပကလာတဲ့ အချက်ပြလှိုင်းတွေကို တားဆီးထားပြီး ကျွန်မရဲ့ ဘာသာပြန်စွမ်းဆောင်ရည်ကလည်း နိမ့်လွန်းနေတယ်။ ဒါကြောင့် ပြင်ပက ကြယ်တာရာရှာဖွေရေးနည်းလမ်းတွေအားလုံး ပိတ်ဆို့ခံထားရသလိုဖြစ်နေတာက အဓိကအကြောင်းရင်းပဲ။ ဒုတိယအချက်ကတော့ စွမ်းအားမြင့် အချက်ပြကိရိယာကနေ အချက်ပြမှုတွေ ထုတ်လွှင့်နိုင်ခဲ့ရင်တောင် လက်ရှိလူသားတွေရဲ့ သတင်းအချက်အလက်နည်းပညာအရ အခြားဂြိုဟ်စုတွေရဲ့ ပိတ်ဆို့မှုကို ခံရဖို့ ရာခိုင်နှုန်းများတယ်။ အနှောင့်အယှက်မရှိဘူးလို့ ယူဆရင်တောင် မားစ်ဂြိုဟ်ကို လျှပ်စစ်သံလိုက်လှိုင်း ရောက်ဖို့ ကြာချိန်က ၂၂.၄ မိနစ် ရှိတာလေ။ ကွမ်တမ် ဆက်သွယ်ရေးနည်းပညာကို မရှိဘဲနဲ့ ဂလက်ဆီဖြတ်ကျော် အမြန်ဆက်သွယ်ရေးဆိုတာကတော့ မဖြစ်နိုင်ပါဘူး]

“ကောင်းပြီလေ...”

လင်းရှန် သက်ပြင်းချလိုက်မိ၏။ ဤနယ်ပယ်တွင် သူ၏ ပညာရပ်ဆိုင်ရာ ဗဟုသုတမှာ အကန့်အသတ်ရှိနေသော်လည်း ဆရာယန်ဆိုလိုသည်ကိုမူ အကြမ်းဖျင်းနားလည်နိုင်ပေသည်။ ကြယ်နက်ယန္တရားဂြိုဟ်ကြီးတည်ရှိရာနေရာကို ရှာဖွေရန်မှာ မဖြစ်နိုင်တော့မည့်ပုံပင်။

လင်းရှန်၏ မူလစိတ်ကူးမှာ သူ၏ ယန္တရားနှလုံးသားသည် ဂြိုဟ်များနှင့် တုန်ခါမှုနှုန်းချင်း ထပ်တူကျနေပြီဖြစ်၍ သူ၏ ယန္တရားနှလုံးသားဖြင့် ကြယ်နက်ဂြိုလ်ကြီးကို စကင်ဖတ်ပြီး ထိန်းချုပ်နိုင်သည်ဟူသော သဘောပင်ဖြစ်၏။ ယန္တရားတံခါးမှတစ်ဆင့် သူသည် ပစ္စည်းများကို နေရာတစ်ခုနှင့်တစ်ခုကြား သယ်ယူပို့ဆောင်နိုင်ခဲ့သည်။ သို့ဆိုလျှင် သီအိုရီအရ သူ၏ ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ် ဖြတ်သန်းသွားလာနိုင်ရန် ယန္တရားတံခါးကို ဖွင့်၍ ရနိုင်မလား။ သို့မဟုတ်... လူများကိုပါ ပိုမိုသယ်ဆောင်နိုင်မလား…။

ဤအတွေးမှာ ကျင်းဟိုင်ရထားစက်ရုံတွင် ကြယ်နက်ပန်းပဲဖို စတင်နိုးထစဉ်ကတည်းက သူ၏စိတ်ထဲဝင်ရောက်ခဲ့ခြင်း ဖြစ်၏။ ရထားကိုပင် အတွင်းသို့ ထည့်သွင်းနိုင်ခဲ့လျှင် အခြားအရာအများစုအတွက်လည်း သဘောတရားမှာ အတူတူပင်ဖြစ်ပေသည်။ အာရုဏ်ဦးမြို့တော်တွင်မူ သူသည် ချူယန်၏ သေဆုံးလုနီးပါးအခြေအနေဖြစ်နေသော အေးခဲအိပ်စက်အခန်းငယ်ကို ရွှေ့ပြောင်းပေးနိုင်ခဲ့သဖြင့် သက်ရှိများကိုလည်း သယ်ဆောင်နိုင်ကြောင်း သက်သေပြပြီးသားဖြစ်၏။

တစ်ခုတည်းသော ပြဿနာမှာ ကြယ်နက်ပန်းပဲဖို၏ ဟင်းလင်းပြင်သည် ဘယ်လိုနေရာမျိုးလဲဆိုသည်ကို လင်းရှန် မသိရခြင်းပင် ဖြစ်၏။ အဆိုပါနေရာမှာ ကမ္ဘာဦးဂြိုဟ်တစ်ခုခု၏ တည်နေရာမျိုးကဲ့သို့ ရိုးရှင်းလှသည် မဟုတ်ပေ။ သူ့ကို စိုးရိမ်စေသည်မှာ ဤနေရာသည် အပြာရောင်ဂြိုလ်တည်ရှိနေသော သုံးဖက်မြင်ဒိုင်မေးရှင်းထဲ၌ပင် ရှိမနေဘဲ သူကိုယ်တိုင်ကလည်း အသိစိတ်သက်သက်ဖြင့်သာ တည်ရှိနေခြင်းမျိုး ဖြစ်နေမည်ကိုပင်။ အကယ်၍ သူသည် ဤဟင်းလင်းပြင်၏ သဘာဝကို သေချာသိရှိပြီး သက်ရှိများရှင်သန်နိုင်ခြင်း ရှိ၊ မရှိကို အတည်ပြုနိုင်လျှင် ကမ္ဘာကြီးမှာ ချက်ချင်းဆိုသလို အကြီးအကျယ်ပြောင်းလဲသွားလိမ့်မည်။

သက်ရှိလူသားများကို ကြယ်နက်ဂြိုလ်ကြီးထဲ ရွှေ့ပြောင်းကာ သွေးနီရောင်အိပ်မက်ဆိုးကြီးမှ တိုက်ရိုက်ထွက်ပြေးလွတ်မြောက်ပြီး ကောင်းကင်အကာကွယ်၏ ပိတ်ဆို့မှုကို ကျော်ဖြတ်လျက် ကိုဩဒိနိတ်စနစ်အသစ်တစ်ခုသို့ ရောက်ရှိသွားမည့်မြင်ကွင်းကို စိတ်ကူးကြည့်မိ၏။ ထိုသို့ဆိုလျှင် သူက ဟင်းလင်းပြင်တယ်လီပို့ကိရိယာတစ်ခုကဲ့သို့ဖြစ်လာပြီး မျှော်စင်လူသားများထံမှ လွတ်မြောက်ရန်မှာ အလွန်လွယ်ကူသွားမည်။

ဤစိတ်ကူးကို လင်းရှန် ဘယ်သူ့ကိုမျှ မပြောရသေးပေ။ ကြယ်နက်ဂြိုလ်ကြီးတည်ရှိမှုကို နိုးထသိရှိကတည်းက သူသည် ဤကိစ္စကို အမြဲတွေးနေခဲ့ခြင်း ဖြစ်၏။

သူသည် ဤကြယ်နက်ဂြိုလ်ကြီးကို အသုံးပြု၍ လူသားယဉ်ကျေးမှုကို ကယ်တင်ရန် မျှော်လင့်ချက်ကို တကယ်ပဲ ရှာဖွေနိုင်မလား မသိပေ။

ဂျစ် ဂျစ် ကလန် ၊၊

လင်းရှန် ပြန်သတိဝင်လာပြီး ရထားတွဲအတွင်းရှိ နွေးထွေးသော လေထုစနစ်ကြောင့် သူ့မျက်နှာတစ်ခုလုံး ပူနွေးသွားကာ ရထားတွဲပြင်ပရှိ သံချပ်ကာပြားကို ဖုတ်ကောင်များ တိုက်ခိုက်နေသည့် စူးရှသောအသံများက နားထဲသို့ တိုးဝင်လာ၏။ ကုတ်ခြစ်သံများနှင့် ကိုက်ခဲဝါးမြိုသံများ ဆူညံနေသည်။ သူ ထရပ်လိုက်ပြီး ထိန်းချုပ်ခန်းပြတင်းပေါက်၏ လိုက်ကာကို ဖွင့်လိုက်ရာ ထူးဆန်းသော အစိမ်းရောင်အချက်ပြမီးရောင်အောက်တွင် ရထားခေါင်းပိုင်းကို ကုတ်ခြစ်ပြီး ဟိန်းဟောက်နေကြသည့် ရုပ်ဆိုးဆိုးဖုတ်ကောင်တစ်စု၏ ပုံရိပ်များ ပေါ်လာ၏။

ဤဖုတ်ကောင်များသည် သွေးနီရောင်ကြောင့် သန္ဓေပြောင်းသွားကြပြီး ကြီးမားလှသော ခြေလက်များနှင့် ပုံမှန်မဟုတ်သော အစိတ်အပိုင်းများပေါက်ဖွားနေကာ မျှော်စင်လူသားတို့၏ ယဉ်ကျေးမှုထဲမှ ပုံစံတူသက်ရှိခန္ဓာများနှင့် တူလှ၏။ ၎င်းတို့တွင် ဆင့်ကဲပြောင်းလဲမှုပုံစံမရှိဘဲ ထိန်းချုပ်မရအောင် ကြီးထွားနေကြခြင်းဖြစ်သည်။ သို့သော် ထိုထူးဆန်းသော ပုံသဏ္ဌာန်များထဲတွင် လူသား၏ ခန္ဓာကိုယ်ဝိသေသအချို့ ကျန်ရှိနေသေး၏။ ဥပမာအားဖြင့် ပုံပျက်ပန်းပျက်ဖြစ်နေသော မျက်နှာများ၊ တွဲလောင်းကျနေသော ရင်သားများ သို့မဟုတ် ခြေလက်များဖြစ်သည်။ ဤသတ္တဝါများသည် အမှောင်စွမ်းအင်ကြောင့် ဇီဝကမ္မဖြစ်စဉ်တစ်ခုလုံး လုံးဝပြောင်းလဲသွားပုံရပြီး အလွန်အမင်းရန်လိုမှုနှင့် အသက်ပြင်းမှုတို့ကို ပြသနေ၏။ အဲဒါကြောင့် စစ်တပ်သုံးရိုင်ဖယ်သေနတ်များနှင့် ချက်ချင်းပစ်ချရန်ပင် မလွယ်ကူတော့ပေ။ ၎င်းတို့သည် လက်ပစ်ဗုံးများ၏ ပေါက်ကွဲတုန်ခါလှိုင်းများနှင့် ကြုံရသည့်အခါတွင်တောင် ဇီဝစွမ်းအင်ဒိုင်းကာကွယ်ရေးအချို့ကို ထုတ်သုံးနိုင်စွမ်းရှိနေကြသေးသည်။

All Chapters