အသက်ရှင်နေသော ယမမင်း (၂)
Vol. 74 Ch. 1160
အနန္တရထား၏ သံချပ်ကာပြားများပေါ်တွင် သတ္တုချင်းရိုက်ခတ်သံများ မြည်ဟည်းနေသော်လည်း အနန္တရထားသည် သာမန်ကမ္ဘာပျက်ကပ်ရထားတစ်စင်းမဟုတ်ပေ။ ယုံကျန်းဆိပ်ကမ်း၌ စူပါကာဗွန်အလွိုင်းဖြင့် လင်းရှန် ပြန်လည်သွန်းလုပ်ထားသော ပေါင်းစပ်သံချပ်ကာသည် အနန္တရထားအနေဖြင့် တန်ချိန်သောင်းချီသော ရေနက်ပိုင်းဖိအားကိုပင် ကြံ့ကြံ့ခံနိုင်ရန် လုံလောက်ပေ၏။ ပြင်းထန်သောအမှောင်စွမ်းအင် အက်ဆစ်ရည်များနှင့် လေဆာတန်းများကို အသုံးပြုနိုင်သည့် သန္ဓေပြောင်းသတ္တဝါများနှင့် မကြုံရသရွေ့တော့ သေးငယ်သောသန္ဓေပြောင်းသတ္တဝါများမှာ ရထား၏ကာကွယ်ရေးကို အန္တရာယ်တစ်စုံတစ်ရာမပေးနိုင်ချေ။
“သူတို့ကို မရှင်းပစ်ဘူးလား”
ကီကီ၏ အသံသည် ဆက်သွယ်ရေးကိရိယာမှတစ်ဆင့် ထွက်ပေါ်လာ၏။
“ကျွန်မ စောင့်ကြည့်ရေးမျက်နှာပြင်ကနေ သူတို့ကို စောင့်ကြည့်နေတာ ကြာပြီ။ ရှင်က ရထားဦးခေါင်းရဲ့ ပလာစမာကာကွယ်ရေးစနစ်ကိုပါ ပိတ်ထားတယ်ဆိုတော့ ဘာလုပ်မလို့လဲ”
လင်းရှန်က အနည်းငယ်ပြုံးလိုက်သည်၊၊
“လေးငါးကောင်ထဲပါ… အန္တရာယ်မရှိပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့က သံချပ်ကာပြားကို ကိုက်ဖောက်နိုင်မှာမှ မဟုတ်ပဲ… စိတ်ပူစရာမလိုပါဘူး”
တွဲအမှတ် (၂) အတွင်း၌ ကီကီသည် ဆုံလည်ကုလားထိုင်ပေါ်တွင် ပျင်းရိစွာ မှီထိုင်လျက် ခြေထောက်များကို စားပွဲပေါ်တင်ကာ သက်တောင့်သက်သာလှုပ်ခါရင်း ပြောလိုက်၏။
“ရှင်က အပြင်မှာ ဖုတ်ကောင်တွေရှိနေမှ ပိုပြီးအိပ်ပျော်တယ်လို့ ထင်နေတာမလား...”
“ဒါကိုပါ မင်းက ခံစားမိတာလား”
“ဟွန့်...”
ကီကီက စောင့်ကြည့်ရေးမျက်နှာပြင်ပေါ်ရှိ သတ္တဝါအလောင်းများကို ကြည့်ကာ
“ဒါက ကျွန်မတို့ကို ပိုင်ဝမ်မြို့ကနေ ထွက်လာတုန်းက အခြေအနေကို သတိရစေတယ်။ အဲဒီတုန်းက ထန်ဟိုင်က ဖုတ်ကောင်ဒီရေလှိုင်းကြီးတစ်ခုလုံးကို နှိုးဆွပြီး ကျွန်မတို့ရထားကို ဝိုင်းထားတာလေ။ အဲဒီမြင်ကွင်းက တကယ်ကို ကြီးကျယ်တာပဲ… အဲဒီတုန်းက ဝင်ရိုးစွန်းညကနေ ထွက်ပြေးဖို့ မကြိုးစားခဲ့ရင် အခုပြန်စဉ်းစားကြည့်တော့ အဲဒီလောက်ကြောက်ဖို့မကောင်းပါဘူး။ ကျွန်မဆိုလိုတာက သံမဏိခံတပ်ဆိုတာ ဒီအတွက်ပဲမလား”
“ဖုတ်ကောင်အနည်းငယ်ရှိတာနဲ့ ဖုတ်ကောင်ဒီရေလှိုင်းကြီးရှိတာ ဘယ်လိုလုပ်အတူတူဖြစ်မှာလဲ”
ထိန်းချုပိခန်းအတွင်း၌ လင်းရှန်သည် ပြတင်းပေါက်အပြင်ဘက် လက်မအနည်းငယ်အကွာရှိ ရုပ်ဆိုးလှသော ဖုတ်ကောင်မျက်နှာကို လှမ်းကြည့်ရင်း ပြန်ပြောလိုက်၏။
“ဒါ့အပြင် အနားမှာ ဖုတ်ကောင်တွေရှိနေရင် ဒီဒေသရဲ့ စိတ်ဝိဉာဉ်တုန်ခါမှုနှုန်းအတက်အကျက ပိုပြီးတော့တောင် တည်ငြိမ်လာတာကို မင်း သတိမထားမိဘူးလား”
ထိုစကားကြောင့် ကီကီသည် မျက်မှောင်အနည်းငယ်ကြုတ်သွားပြီးနောက် လက်ကိုမြှောက်ကာ လေထုကို ပုတ်လိုက်၏။ သူမသည် စိတ်စွမ်းအင်ကို အသုံးပြု၍ ကီးဘုတ်ကို ရိုက်နှိပ်လျက် ဝိဉာဉ်တုန်ခါမှုတိုင်းတာရေးကိရိယာမှ အချက်အလက်များကို ခေါ်ယူလိုက်သည်။ ထို့နောက် မျက်မှောင်ကြုတ်ကာ စစ်ဆေးကြည့်ရင်း ရုတ်တရက် မျက်လုံးများတောက်ပလာ၏။
“အာ... လင်းရှန်… လင်းရှန်... ရှင့်ရဲ့ဦးနှောက်ကလည်း ယန္တရားနည်းပညာနဲ့ ပြုပြင်မွမ်းမံခံထားရပြီလားလို့ ကျွန်မ စပြီးသံသယဝင်လာပြီ။ ရှင့်ရဲ့ စောင့်ကြည့်လေ့လာမှုနဲ့ ခွဲခြမ်းစိတ်ဖြာမှုတွေက ဒီလောက်အထိ အသေးစိတ်ကျနေတာလား”
လင်းရှန်က ခပ်တိုးတိုးရယ်မောလျက် ပြန်လည်မေးခွန်းထုတ်လိုက်၏။
“ဒါနဲ့ မင်း ဘာတွေ့လို့လဲ”
“ဒါက သိသာနေတာပဲကို...”
ကီကီက ပေါ့ပေါ့ပါးပါးလေသံဖြင့် ပြောလိုက်၏။
“တကယ်လို့ ကျွန်မတို့က သွေးနီရောင်မြူတွေကို ဒိုင်မေးရှင်းကွန်ရက်တစ်ခုလို သဘောထားမယ်ဆိုရင် ကျွန်မတို့ဟာ တကယ်တော့ အဆင့်မြင့်ဒိုင်မေးရှင်းရဲ့ အနက်ပိုင်းဒေသတစ်ခုထဲ ရောက်နေတာပဲ။ အဲဒီသန္ဓေပြောင်းသတ္တဝါတွေက အဲဒီထဲမှာ ရွှေ့ပြောင်းသွားလာနိုင်သလို၊ အမှောင်စွမ်းအင်အတက်အကျမှန်သမျှဟာလည်း ရေလှိုင်းဂယက်တွေကတစ်ဆင့် ကူးစက်ပျံ့နှံ့သွားလိမ့်မယ်။ ကျွန်မအထင်တော့ အဲဒီသွေးနီရောင်တွေထဲက အမဲလိုက်သတ္တဝါတွေက ကွဲပြားတဲ့ဒေသတွေရဲ့ ဂယက်လှိုင်းတွေကို ခံစားသိရှိပြီး ကျွန်မတို့တည်နေရာကို ရှာဖွေနေကြတာလို့ ရှင် တွေးမိတာမလား။ ဒါကြောင့် ရှင်က ဒီသွေးနီရောင်ဖုတ်ကောင်တွေကို ဒီအတိုင်းလွှတ်ထားတာပေါ့၊ ဘာလို့လဲဆိုတော့ သူတို့ကို ပိုသတ်လေ၊ ဒီအမှောင်စွမ်းအင်ရဲ့ လေဟာနယ်ဇုန်က ပိုပြီးသိသာထင်ရှားလာပြီး အာရုံစိုက်မှုကို ဆွဲဆောင်မိလေဖြစ်မှာမို့လို့လား”
လင်းရှန်သည် ခဏမျှ ကြောင်အမ်းသွားပြီးနောက် မျက်မှောင်ကြုတ်ကာ မယုံနိုင်ဟန်ဖြင့် ပြောလိုက်၏။
“သောက်ကျိုးနည်း... ငါ တကယ်တော့… အဲဒီလောက်အထိ အဝေးကြီးမတွေးမိပါဘူး။ ဒါပေမဲ့... အင်း ယေဘုယျအားဖြင့်တော့ အဲဒီသဘောပါပဲ”
“ဟီးဟီး... ကျွန်မက ဒီရထားရဲ့ ဦးနှောက်ပဲလေ၊၊ ဒီလောက်လေးက ကျွန်မကို အခက်တွေ့စေနိုင်မယ်လို့ ရှင်ထင်နေတာလား”
ကီကီ၏ လေသံမှာ အတော်လေးဂုဏ်ယူနေလေ၏။
လင်းရှန်က ယခုအခါတွင် တည်ငြိမ်လေးနက်စွာဖြင့် ပြောလိုက်၏။
“ဒါပေမဲ့ သွေးနီရောင်မြူတွေအပေါ် မင်းရဲ့ခွဲခြမ်းစိတ်ဖြာမှုက အမှန်တရားနဲ့ အတော်လေးနီးစပ်နေပြီလို့ ငါ ခံစားရတယ်။ အမှောင်အမှတ်အသားကလည်း ဒါနဲ့ သက်ဆိုင်နေနိုင်တယ်။ အသေးစိတ်ကိုတော့ ဝင်ရိုးစွန်းခွန်းလွန်မြို့တော်ရဲ့ သုတေသနရလဒ်တွေအပေါ် မူတည်ပြီး ကြည့်ရမှာပဲ”
သူပြောရင်း တစ်ခုခုကို သတိရသွား၏။
“ဒါနဲ့ ဒါရိုက်တာတင်း ဝင်ရိုးစွန်းဒေသကို သွားတုန်းက ကပ်ဘေးအပင်တစ်ခုခု ယူသွားသေးလား”
“သူမက သူမရဲ့ သွေးနွယ်ပင်ကိုပဲ ယူသွားတယ်။ သွေးကပ်ဘေးပန်းနဲ့ ငွေနဂါးဆယ်ဆပန်းကိုတော့ အစ်မချန်တို့ ကာကွယ်ရေးအတွက် သုံးဖို့ ချန်ထားခဲ့တယ်။ ဒါနဲ့ပတ်သက်လို့ ပြောရရင်...” ကီကီက ဆက်ပြော၏။
“ကျွန်မတို့ ချန်းယင်သင်္ဘောပေါ်မှာ မခွဲခွာခင်တုန်းက ဒါရိုက်တာတင်းက သူမရဲ့ စွမ်းအားကိုသုံးပြီး သူတို့ကို ငွေနဂါး ငွေနဂါးဆယ်ဆပန်းအဖူးတစ်ခု ပျိုးထောင်ပေးခဲ့သေးတယ်။ အစ်မချန်တို့က အခုလောက်ဆို အသုံးပြုနေလောက်ပြီ ထင်တယ်”
ထိုစကားကို ကြားရသောအခါ လင်းရှန်က ခေါင်းညိတ်လိုက်ပြီး သူ၏ရင်ထဲတွင် မျှော်လင့်ချက်အချို့နိုးထလာ၏။
“အဲဒါရှိနေတော့ သူတို့အတွက် အသက်ကယ်ဖဲတစ်ချပ် ပိုရသွားတာပေါ့။ ထူးဆန်းသောကုဗတုံးလည်း ရှိနေတော့ သွေးနီရောင်တွေအပေါ် ဖိနှိမ်နိုင်တဲ့စွမ်းရည်တောင် ရှိနိုင်တယ်”
“လင်းရှန်...”
ကီကီက စိတ်စွမ်းအင်ကို အသုံးပြု၍ လေထဲတွင် ဖောင်တိန်တစ်ချောင်းကို ဆော့နေ၏။ သူမ၏မျက်လုံးများ လှုပ်ရှာူသွားပြီး ပုံမှန်စကားစမြည်ပြောနေရာမှ ရုတ်တရက် ပြောလာ၏။
“ကျွန်မ စဉ်းစားနေတာ... တောင်ဘက်ကောင်းကင်ဂိတ်က တိုက်ခိုက်မှုက ကောင်းကင်အကာကွယ်မျက်နှာပြင်ကြီးကို ဖောက်ထွက်နိုင်မလား။ ဖောက်မထွက်နိုင်ရင်တောင် အဲဒါကို သတင်းအချက်အလက်ပေးပို့တဲ့ နည်းလမ်းတစ်ခုအနေနဲ့ သုံးလို့ရမလား”
ထိုစကားကို ကြားလိုက်ရသဖြင့် လင်းရှန်၏မျက်လုံးများ ချက်ချင်းတောက်ပသွားပြီး စိတ်ဝင်စားမှုမြင့်တက်လာ၏။ တောင်ဘက်ကောင်းကင်ဂိတ်၏ စွမ်းအင်မြင့်အမှုန်တန်းလှိုင်းများကို အသုံးပြု၍ လုပ်ဆောင်နိုင်မည့် အဆင့်မြင့်နည်းပညာဆက်သွယ်ရေးနည်းလမ်းမျိုးရှိမလားဟု သူက တွေးမိကာ အလျင်အမြန်ပြောလိုက်၏။
“ဟမ်... အဲဒါ စဉ်းစားသင့်တဲ့ အကြံဉာဏ်ပဲ။ မင်းအကြံကို ပြောကြည့်ပါဦး”
“ဥပမာအားဖြင့်...”
ကီကီသည် စပရိုက်စ်တိုက်တော့မည့် ပုံစံမျိုးဖြင့် ပြောလိုက်၏။
“အဲဒီလေဆာမီးရောင်ကို သုံးပြီး မြေပြင်ပေါ်မှာ စာလုံးအချို့ ရေးလိုက်တာမျိုးပေါ့”
“အသက်ရှင်နေသော ယမမင်း”
လင်းရှန်က ပြောလိုက်၏။
…
အနန္တရထား၏ ရှေ့ဆက်ခရီးမှာ လင်းရှန် မျှော်လင့်ထားသည်ထက် ပိုမိုချောမွေ့နေ၏။ ပထမဆုံးညတွင် အမဲလိုက်သတ္တဝါနှင့် ကြုံတွေ့ခဲ့ရသည်မှအပ ခရီးစဉ်တစ်လျှောက်တွင် သွေးနီရောင်ဖုတ်ကောင်အချို့ သို့မဟုတ် စွမ်းအင်ဝါးမျိုပိုးကောင်များ၏ နှောင့်ယှက်မှုကိုသာ ရင်ဆိုင်ခဲ့ရသည်။ အနန္တရထားတွင် တွဲ ၁၀ကျော် ပါရှိသော်လည်း ထူထပ်သော ကာကွယ်ရေးစနစ်နှင့် ဒရုန်းအမြောက်အမြား ဖြန့်ကျက်ထားမှုအပေါ် အခြေခံထားသဖြင့် ဤသတ္တဝါများမှာ ဖိအားအနည်းငယ်မျှပင် မပေးနိုင်ချေ။
သို့သော် ခရီးစဉ်က ပိုမိုချောမွေ့လေ… လင်းရှန် စိတ်ထဲတွင် ပို၍ထူးဆန်းသည်ဟု ခံစားရလေဖြစ်နေ၏။ သူတို့သည် သွေးနီရောင်မြူထဲသို့ ပိုမိုနက်ရှိုင်းစွာ ဝင်ရောက်လာခဲ့ရာ ယခုအခါ အနန္တရထားသည် မက္ကဆီကိုနိုင်ငံ ဆီအာရာမက်ဒရီတောင်တန်း အရှေ့ဘက်ရှိ တောင်ကုန်းလွင်ပြင်များကို ဖြတ်သန်းမောင်းနှင်နေပြီ ဖြစ်သည်။ ရထားသံလမ်းများမှာ သိပ်ပြီး အဆင်မပြေလှချေ။ ဤတောင်မြောက်ပင်မလမ်းပိုင်းမှာ သက်တမ်း နှစ် ၄၀ နီးပါး ရှိနေပြီဖြစ်ပြီး ဂြိုဟ်ပတ်ရထားလမ်း၏ အဓိကလမ်းကြောင်းတွင်လည်း ပါဝင်ခြင်းမရှိပေ။ ကမ္ဘာပျက်ကပ်နောက်ပိုင်း ပြုပြင်ထိန်းသိမ်းမှုမရှိသည့် သံလမ်းများမှာ ပြတ်တောက်ခြင်း၊ သံချေးတက်ခြင်းနှင့် မြေပြင်ပြိုကျခြင်းစသည့် အခြေအနေများနှင့် ခန့်မှန်းရခက်စွာ ကြုံတွေ့နေရ၏။
မှုံမှိုင်းသော နေ့အလင်းရောင်သည် ထူထပ်လှသော သွေးနီရောင်တိမ်တိုက်များကို ဖောက်ထွက်နိုင်စွမ်းမရှိသဖြင့် ပတ်ဝန်းကျင်ဟင်းလင်းပြင်တစ်ခုလုံးမှာ မြူခိုးထူထပ်သည့်လေထုထဲ ရောက်နေသကဲ့သို့ ဝေဝါးနေလေသည်။ ဟတ်ကိုမှ ထွက်ခွာလာခဲ့သည့် တတိယမြောက်နေ့ မွန်းလွဲပိုင်းတွင် လင်းရှန်နှင့် ကီကီတို့သည် အနန္တရထားကို မက္ကဆီကိုအလယ်ပိုင်းရှိ လီယွန်မြို့အနီးသို့ မောင်းနှင်လာခဲ့ကြ၏။