သွေးရောင်စုံမြွေဟောက် (၂)
Vol. 74 Ch. 1162
လင်းရှန်လည်း ရှေ့မျက်နှာစာရှိ သွေးနီရောင်မြူ၏ ဧရိယာအတော်များများတွင် လေဟာနယ်ဇုန်များဖြစ်ပေါ်နေသည်ကို သတိပြုမိပြီးနောက် သူ၏အမြင်အာရုံက စူးရှသွားကာ စိုက်ကြည့်လိုက်သည်။
“အကောင်ကြီးတစ်ကောင်ပဲ မမြင်ရဘူး”
“ဘယ်မှာလဲ”
“ငါတို့ရှေ့တည့်တည့်မှာ”
လင်းရှန်၏ စကားဆုံးသည်နှင့် သူ၏ ထိန်းချုပ်မှုအောက်တွင် ရထား၏ လျှပ်စစ်သံလိုက်အမြောက်သုံးခု၏ အောက်ခြေပလက်ဖောင်းများ လည်ပတ်သွားပြီး ရထားရှေ့ရှိ နေရာတစ်ခုသို့ အားလုံးဦးတည်လိုက်ကြသည်။ အပြာရောင်စွမ်းအင်တန်းများလင်းထိန်သွားပြီး အိုင်းယွန်းဓာတ်ပြုသံနှင့် တုန်ခါမှုများနှင့်အတူ ဖျက်အားပြင်းအလင်းတန်းတစ်ခုကို ချက်ချင်းပစ်လွှတ်လိုက်တော့သည်။
ဘွန်း ရှဲ~
စုစည်းထားသော အလင်းတန်းများသည် လေထုကို ထိုးဖောက်သွားပြီး အဝေးသို့ ပစ်ခတ်ခြင်းမဟုတ်ဘဲ အနန္တရထား၏ ရှေ့မီတာ ၂၀ သို့မဟုတ် ၃၀ခန့်အကွာတွင် လျှပ်စစ်သံလိုက်တုန်ခါမှုများ ရုတ်တရက်ပေါက်ကွဲထွက်သွားသည်။ စွမ်းအားများပေါက်ကွဲထွက်လာသည်နှင့်အမျှ ယခင်က ဗလာဖြစ်နေသော ရထားလမ်းပေါ်တွင် နီရဲနေသည့် သွေးရောင်စုံမြွေဟောက်ကြီးတစ်ကောင် ရုတ်တရက်ပေါ်လာပြီး ၎င်း၏ ကြီးမားလှသော ပါးစပ်ကြီးကို ဟကာ အနန္တရထားဆီသို့ တိုက်ရိုက်ဦးတည်တိုက်ခိုက်လာတော့သည်။
လင်းရှန်၏ မျက်လုံးအိမ်များ ကျုံ့သွားကာ ကောင်းကင်ယံ၌ စူးရှသော နီရဲသည့်အလင်းတန်းများ လက်ခနဲဖြစ်သွားသည်ကို မြင်လိုက်ရသည်။ ဤမျှကြီးမားသော သတ္တဝါကြီးက သူတို့ရှေ့တည့်တည့်တွင် တိတ်တဆိတ်ပေါ်လာလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။ ထိုသွေးရောင်စုံမြွေဟောက်ကြီးသည် သွေးနှင့် အရိုးအကြွင်းအကျန်မျှသာဖြစ်ပြီး ၎င်း၏ အရွယ်အစားမှာ အနန္တရထားနှစ်စီးစာခန့် ထူထဲကာ ထူးဆန်းသောအရိုးကွင်းဆက်များက ပတ်လည်တွင် လွင့်မြောနေသည်။ ၎င်း၏ မြွေခန္ဓာကိုယ်တစ်ခုလုံးသည် အရိုးဖြူဂူကြီးတစ်ခုကဲ့သို့ သံတံတားကြီးကို ရစ်ပတ်ထားသည်။ အကယ်၍ သူတို့သာ အချိန်မီ သတိမထားမိပါက ထိုသတ္တဝါကြီး၏ ဟောင်းလောင်းပွင့်နေသောပါးစပ်ထဲသို့ တိုက်ရိုက်မောင်းနှင်မိသွားပေလိမ့်မည်။
“သတိထား”
ကီကီ၏ မျက်နှာအမူအရာ ချက်ချင်းပြောင်းလဲသွားပြီး ဆန့်ထုတ်ထားသော သူမ၏လက်ကို ရုတ်တရက်ဆုပ်ကိုင်လိုက်ကာ စိတ်စွမ်းအင်ကို ခိုင်မာသော စွမ်းအင်နယ်ပယ်တစ်ခုအဖြစ် တိုက်ရိုက်စုစည်းလိုက်သည်။ ၁၀မီတာခန့်ရှိသော အကွာအဝေးအတွင်း သွေးရောင်စုံမြွေဟောက်ကြီး၏ ကြီးမားသော ခန္ဓာကိုယ်သည် ရွှံ့ညွန်ထဲသို့ ရုတ်တရက် တိုးဝင်သွားသကဲ့သို့ဖြစ်သွားကာ ၎င်း၏ ကြီးမားလှသော ပုံသဏ္ဌာန်ကြီးကို လုံးဝပိတ်ဆို့ထားလိုက်သည်။ တစ်ချိန်တည်းမှာပင် ရထားလမ်းတံတားပေါ်ရှိ ၎င်း၏ ရစ်ပတ်ထားသော မြွေခန္ဓာကိုယ်ကြောင့် သွေးလှိုင်းများ ကောင်းကင်ယံသို့ ထိုးတတ်သွားပြီး ရထားလမ်းတံတားတစ်ခုလုံးကို ခဏချင်းအတွင်း ပြိုကျပျက်စီးသွားစေသည်။
အုန်း၊၊
သံတံတားကြီး ပြိုကျမှုနှင့်အတူ ရထားလမ်းပေါ်ရှိ အနန္တရထားသည်လည်း ရုတ်တရက် အောက်သို့ ထိုးဆင်းသွားသည်။ လင်းရှန်သည် ရှေ့ရှိ ယိမ်းထိုးနေသော တံတားကို ကြည့်ပြီး ချက်ချင်းပြောလိုက်သည်။
“မင်း ရထားကို ထိန်းထား… ငါ ရှင်းလိုက်မယ်”
စကားမဆုံးမီ ဖျတ်ခနဲဖြစ်သွားပြီး လင်းရှန်သည် ရပ်နေသောနေရာမှ ပျောက်ကွယ်သွားကာ စွမ်းအားကူးပြောင်းမှုကို တိုက်ရိုက်အသုံးပြု၍ ပျက်စီးနေသော အဆောက်အအုံတစ်ခု၏ အထက် မီတာရာပေါင်းများစွာ၌ ပေါ်လာသည်။ တီ တီ တီ… စွမ်းအားဝတ်စုံ၏ ဝိညာဉ်တုန်ခါမှုလှိုင်းတန်ဖိုးသတိပေးသံသည် ဆက်တိုက်မြည်ဟီးနေပြီး ပတ်ဝန်းကျင်ရှိ သွေးနီရောင်မြူများ သို့မဟုတ် ထူးဆန်းသော သွေးရောင်စုံမြွေဟောက်ကြီး၏ အဆိပ်သွေးမြူများကြောင့် စွမ်းအားဝတ်စုံတွင် အပေါက်ငယ်လေးတစ်ခုမျှဖြစ်သွားရုံဖြင့် မိနစ်ပိုင်းအတွင်း အသက်အန္တရာယ်ရှိနိုင်ကြောင်းညွှန်ပြနေသည်။
သူသည် အပြင်သို့ ကူးပြောင်းရောက်ရှိသွားသည်နှင့် တစ်ပြိုင်နက် လင်းရှန်သည် ကြီးမားလှသော အာကာသကွာခြားချက်ကို ချက်ချင်းခံစားလိုက်ရသည်။ သူသည် မိမိ၏ လက်မောင်းများကို ငုံ့ကြည့်လိုက်ရာ စွမ်းအားဝတ်စုံ၏ မျက်နှာပြင်မှ ထိုအခိုက်အတန့်တွင် ထူထပ်သော တဖောက်ဖောက်မြည်သံများထွက်ပေါ်နေပြီး မရေမတွက်နိုင်သော စွမ်းအင်ပူဖောင်းများပေါက်ကွဲနေသကဲ့သို့ပင်၊၊ လင်းရှန် မျက်မှောင်ကြုတ်လိုက်ပြီး ပတ်ဝန်းကျင်ပြဿနာများကို စိတ်မပူနိုင်တော့ဘဲ ရထားလမ်းတံတားပေါ်တွင် ရစ်ပတ်နေသော မြွေကြီးကို ကြည့်လိုက်စဥ် သူ့ခေါင်းမှဦးရေပြားများတုန်ခါလာသည်။ အမှောင်ဒီရေများထဲတွင် သူကြုံတွေ့ခဲ့ရသော သန္ဓေပြောင်းသတ္တဝါများသည် ကမ္ဘာမြေရှိ ဇီဝဗေဒဆိုင်ရာပုံသဏ္ဌာန် သို့မဟုတ် သားရဲတိရစ္ဆာန်ပုံစံမျိုးကျန်ရှိနေသေးသော်လည်း ဤနေရာရှိ သွေးနီရောင်သတ္တဝါမှာမူ သာမန်အသွေးအသားသက်ရှိများ၏ ပုံသဏ္ဌာန်မှ လုံးဝသွေဖည်နေပြီး လင်းရှန်၏ လူသားအမြင်နှင့် ကင်းကွာနေပုံရသည်။
သူသည် အဆင့်မြင့်မျှော်စင်ယဉ်ကျေးမှုမှ အိန်ဂျယ်ကို ပြန်လည်အမှတ်ရသွားသည်။ ထိုအရာများသည် လူသားတို့၏ အမြင်ဖြင့် စိတ်ကူးပုံဖော်ထားသော ပြီးပြည့်စုံသည့် လူသားခန္ဓာကိုယ်၊ ခြေလက်နှင့် မျက်နှာအင်္ဂါရပ်များ ရှိသော်လည်း ဤသွေးနီရောင်သတ္တဝါမှာမူ ဇီဝဗေဒဆိုင်ရာစံနှုန်းများမှ အကြီးအကျယ်သွေဖီနေပြီး ပြောမပြတ်အောင် ဖြစ်နေသည်။
ရွံရှာဖွယ်အတွေးများ လျင်မြန်စွာ ဖြတ်သန်းသွားသော်လည်း လင်းရှန်က တုံ့ဆိုင်းမနေဘဲ လက်ကို တိုက်ရိုက်မြှောက်လိုက်ရာ ယန္တရားနှလုံးသား၏ ယန္တရားတံခါးသည် ကောင်းကင်အမြင့်ထက်မှ ပွင့်လာပြီး လျှပ်စီးမုန်တိုင်းတစ်ခုပေါက်ကွဲထွက်လာသည်။ တစ်ခဏအတွင်းမှာပင် ကောင်းကင်ယံထက်မှ ယန္တရားလက်မောင်းကြီး ကျဆင်းလာပြီး ပလာစမာဓားကြီးကို ကိုင်ဆောင်ကာ မြွေကြီးကို တစ်ချက်တည်းဖြင့် ဖြတ်တောက်ပစ်ရန် ပြင်ဆင်လိုက်တော့သည်။
ဝူး~
ပလာစမာဓားကြီး၏ မြင့်မားသောအပူဂျက်လေစီးကြောင်းသည် ရထားလမ်းတံတားဘေးရှိ လမ်းမများကို ထောပတ်ကို ဓားပူပူဖြင့် လှီးဖြတ်သကဲ့သို့ ဖြတ်သန်းသွားပြီး မြေပြင်ကို ပိုင်းဖြတ်ကာ သွေးရောင်စုံမြွေဟောက်ကြီး၏ ခန္ဓာကိုယ်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားသည်။ သို့သော် ဤမြင့်မားစွာ စွမ်းအင်စုစည်းထားသော ပလာစမာဓားကြီးသည် ရွှေနှင့် သံမဏိအလွှာတစ်ခုကို ထိမှန်သွားသကဲ့သို့ ရှိပြီး ကြီးမားသော အမည်းရောင်နှင့် အနီရောင်ရောယှက်နေသည့် ဇီဝစွမ်းအင်ဒိုင်းတစ်ခု ရုတ်တရက်ပေါ်လာကာ သွေးရောင်စုံမြွေဟောက်ကြီး၏ ခန္ဓာကိုယ်ကို တစ်ခဏချင်းအတွင်း နှစ်ဆခန့် ကြီးလာစေသည်။ ယန္တရားလက်၏ ကောင်းကင်ခွဲဓားချက်သည် ၎င်းကို ဘေးသို့ တွန်းထုတ်လိုက်ရုံသာ တတ်နိုင်ခဲ့ပြီး အပူချိန်မြင့်ပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပေါ်သွားခဲ့သည်။
ဝုန်း ဝုန်း ဝုန်း၊၊
သွေးရောင်စုံမြွေဟောက်ကြီးသည် တွန်လိမ်ကောက်ကွေးသွားပြီး ကြီးမားလှသော အရိုးစုမြွေခေါင်းကြီးသည် ရထားလမ်းတံတားပေါ်မှ ပြုတ်ကျကာ အဆောက်အအုံတစ်ခုပေါ်သို့ ဝင်ဆောင့်မိသည်။ အဆောက်အအုံနံရံသည် ချက်ချင်းပြိုကျပျက်စီးသွားပြီး ပြင်းထန်လှသော အရှိန်အဟုန်ကြောင့် ၎င်း၏ ခန္ဓာကိုယ်ကြီးသည်လည်း ရထားလမ်းတံတားကို ဆွဲဖြဲလိုက်သကဲ့သို့ဖြစ်ကာ မီတာရာပေါင်းများစွာမြင့်သော မိုးပျံတံတားကြီးကို ပြိုကျသွားစေသည်။
ထိုအချိန်တွင် ထိန်းချုပ်ခန်းအတွင်း၌ ကီကီ၏ မျက်လုံးများမှ စူးရှသော ခရမ်းရောင်လျှပ်စစ်စီးကြောင်းများပေါက်ကွဲထွက်လာပြီး အနန္တရထားသည် မမြင်နိုင်သော ပြင်ပစွမ်းအားဖြင့် ချက်ချင်း လွှမ်းခြုံသွားကာ ၎င်း၏ သံဘီးများကို လည်ပတ်ခြင်းမရှိဘဲ ပျက်စီးနေသောတံတားပေါ်မှ တိုက်ရိုက်ပျံသန်းမောင်းနှင်ထွက်ခဲ့သည်။ နောက်ဘက်တွဲများသည် ရထားလမ်းပေါ်တွင် မီးပွားများထွက်ကာ တကျွီကျွီမြည်သွားပြီးနောက် အားလုံးလေထဲသို့ ပျံတက်သွားကာ ကျန်ရှိနေသည့် အကောင်းပကတိ ရထားလမ်းဆီသို့ တိုက်ရိုက်ဦးတည်ပျံသန်းလျက် ချိတ်ဆက်ရန် ပြင်ဆင်လိုက်ကြသည်။
ဝူး ဝူး~
သွေးနီရောင်မြူသည် ဟာရီကိန်းမုန်တိုင်းကဲ့သို့ ဝဲလှည့်နေပြီး ထူးဆန်းကျယ်လောင်သော အော်ဟစ်သံနှင့်အတူ သွေးရောင်စုံမြွေဟောက်ကြီးသည် မိုးပျံတံတားကို ဖြိုချကာ မြေပြင်ပေါ်တွင် ပြင်းထန်သော စွမ်းအားများဖြင့် ရုန်းကန်လှုပ်ရှားနေသည်။ ၎င်း၏ အရိုးစုခေါင်းကြီးသည် ရပ်ကွက်တစ်ခုပေါ်သို့ အလျားလိုက်ကျကာ ကီလိုမီတာပေါင်းများစွာ အကွာအဝေးအထိ ပြင်းထန်သော မြေငလျင်များလှုပ်ခတ်သွားစေသည်။
ပင်လယ်ကျောက်ဆောင်ကျွန်းတွင် ကြုံတွေ့ခဲ့ရသော အထူးအဆင့်ထက် များစွာပိုမိုအားကောင်းသည့် ထိုသတ္တဝါကြီး၏ စွမ်းအားကို ခံစားမိရင်း ငလျင်လှိုင်းများနှင့် သွေးနီရောင်ဟာရီကိန်းမုန်တိုင်းများတိုက်ခတ်လာသောအခါ လင်းရှန်သည် ၎င်းတို့ကို ရှောင်ရှားရန် ကောင်းကင်ယံသို့ အလိုလျောက်ပျံတက်မိသွားသည်။ သို့သော် သူ၏အာရုံက သွေးရောင်စုံမြွေဟောက်ကြီးကို ကျရောက်နေစဉ် သူ၏ မျက်လုံးထောင့်မှ တစ်စုံတစ်ခုကို ရုတ်တရက်သတိထားမိသွားသည်၊၊ သွေးနီရောင်ဟာရီကိန်းမုန်တိုင်း တိုက်ခတ်လာသည်နှင့်အမျှ ပတ်ဝန်းကျင်ရှိ အဆောက်အအုံများ၊ နံရံများနှင့် ကျောက်ခဲများပင်လျှင် တီဗီအဟောင်းတစ်ခု လိုင်းမကောင်းဘဲ မျက်နှာပြင်ကွဲအက်သွားသကဲ့သို့ မူမမှန်သောရုပ်ပိုင်းဆိုင်ရာလွဲချော်မှုများကို သိသိသာသာကြုံတွေ့နေရခြင်းပင် ဖြစ်သည်။ တည့်မတ်နေသော အဆောက်အအုံတစ်ခုသည် လျင်မြန်စွာ အကြီးအကျယ်ကွဲအက်သွားပြီး အထက်မှအောက်သို့ ဖုန်မှုန့်များ ပေါက်ကွဲထွက်ကာ သဲနှင့် ကျောက်ခဲများပြိုကျလာသည်။
“ရှူး”
ထိုအခိုက်အတန့်တွင် သူ၏ စွမ်းအားဝတ်စုံမှလည်း တဂျိဂျိမြည်သော သတ္တုသံများထွက်ပေါ်လာပြီးနောက် အတွင်းကလီစာများဆွဲဖြဲခံရသကဲ့သို့ ဘာနှင့်မှမနှိုင်းယှဥ်နိုင်သောနာကျင်မှုကို ခံစားလိုက်ရသည်။ လင်းရှန်၏ ကျောရိုးတစ်လျှောက် စိမ့်တတ်သွားကာ သူလည်း အခြေအနေကို ချက်ချင်းသတိပြုမိပြီးနောက် အထက်သို့ ပျံသန်းရန် စွမ်းအားကူးပြောင်းမှုကို ချက်ချင်းအသက်သွင်းလိုက်သည်။
“လင်း...”
တစ်ခဏအတွင်းမှာပင် ကီကီနှင့် ဆက်သွယ်ထားသော ဆက်သွယ်ရေးလိုင်းက ချက်ချင်းပြတ်တောက်သွားသည်။ လင်းရှန်သည် ထူထပ်လှသော သွေးနီရောင်မြူထဲတွင် ရောက်ရှိနေသည်ကို တွေ့ရှိရပြီး အသက်ပင်ဝအောင်မရှူနိုင်သေးဘဲ သူ၏ စွမ်းအားဝတ်စုံ အကောင်းပကတိရှိမရှိကို ချက်ချင်းစစ်ဆေးလိုက်သည်။
ကံကောင်းထောက်မစွာဖြင့် သူ၏ စွမ်းအားဝတ်စုံသည် နည်းပညာမြင့်ထုတ်လုပ်မှုဖြစ်သောကြောင့် လွဲချော်နေသောစနစ်သည် လျင်မြန်စွာ အလိုအလျောက်ပြန်လည်တည့်မတ်ပေးနေပြီး အတွင်းပိုင်းရှိ ယန္တရားအစိတ်အပိုင်းများကိုလည်း သူ၏ ယန္တရားနှလုံးသားက လျင်မြန်စွာ ပြုပြင်ပေးနေသည်။ သူသည် ပျံ့နှံ့နေသော သွေးနီရောင်မြူထုကြီးကို စိုက်ကြည့်ရင်း မျက်နှာတစ်ခုလုံးသွေးဆုတ်ကာ အလွန်လေးနက်သွားခဲ့သည်၊၊
“ဒီအထဲမှာ... ဒါ သူတို့ရဲ့ ကမ္ဘာပဲ”