ဆွဲငင်အားမှန်ဘီလူး (၁)
Vol. 74 Ch. 1163
ဘန်း၊၊
စွမ်းအားဝတ်စုံ၏ တွန်းကန်အားပေးစနစ်သည် အရှိန်ကုန်ပွင့်လာပြီး လင်းရှန်သည် ကောင်းကင်ယံမှ ထက်ရှသောဓားတစ်စင်းကဲ့သို့ ပျံဆင်းလာကာ သွေးနီရောင်မြူကို လျင်မြန်စွာ ဖြတ်ကျော်လျက် မြို့ပြရထားလမ်းဟောင်းအပျက်စီးများကြားတွင် အရှိန်ပြင်းစွာ မောင်းနှင်နေသော အနန္တရထားကို လှမ်းမြင်လိုက်ရသည်။ ယခုအချိန်တွင် အနန္တရထားသည် ကီကီ၏ စိတ်စွမ်းအင်ဖြင့် ထိန်းချုပ်မောင်းနှင်မှုအောက်တွင် လေထဲ၌ အစွမ်းကုန်ပြေးဆွဲနေခြင်းဖြစ်သည်။ ရထားလမ်းနှင့် နီးကပ်စွာ ရှိနေသော်လည်း ရှေ့တွင် ရထားသံလမ်းအခြေအနေမည်သို့ရှိသည်၊ လမ်းပိတ်နေသလားဆိုသည်ကို ဂရုမစိုက်ဘဲ တည့်တည့်မတ်မတ် အတင်းတိုးဝင်မောင်းနှင်နေခဲ့သည်။
အကွာအဝေးပိုနီးကပ်လာသည်နှင့်အမျှ ဆက်သွယ်ရေးလိုင်းပြန်ပွင့်လာခဲ့သည်။
“လင်းရှန်… ရှင်အဆင်ပြေရဲ့လား”
“ငါအဆင်ပြေတယ်၊၊ သံလမ်းအတိုင်းပဲ ရှေ့ကို ဆက်မောင်း… အပေါ်ကို ပျံမတက်နဲ့”
ရထားလမ်းနှင့် ဝေးကွာသွားပါက လမ်းရှာရန် ခက်ခဲသွားလိမ့်မည်။ အကယ်၍ ယခုကဲ့သို့ သွေးနီရောင်မြူထဲတွင် လိုင်းပြတ်တောက်သွားပါက ဆင်ကန်းတောတိုးသလိုဖြစ်သွားနိုင်သဖြင့် အမှန်တကယ်ဒုက္ခရောက်ပေလိမ့်မည်။
ဝုန်း ဝုန်း ဝုန်း၊၊
လင်းရှန် အနန္တ ရထားအမိုးပေါ်သို့ ဆင်းသက်လိုက်သည်နှင့် တပြိုင်နက် နောက်ဘက်မှ ပြင်းထန်သော တုန်ခါမှုကြီး ဖြစ်ပေါ်လာပြီး အဆောက်အအုံများနှင့် လမ်းမများသည် ရိတ်သိမ်းလိုက်သော ဂျုံခင်းများကဲ့သို့ ညီညာစွာ ပြိုလဲသွားခဲ့သည်။ ကြောက်မက်ဖွယ်ကောင်းသော မြွေကြီးတစ်ကောင်၏ အရိပ်သည် သွေးနီရောင်မြူကြားထဲမှနေ၍ ဦးရေပြားပင် ယားယံလောက်စရာ အရှိန်အဟုန်ဖြင့် ပြင်းထန်စွာ ပြေးဝင်လာရာ ဖုန်မှုန့်များမှာလည်း အလိုအလျောက်လွင့်ပျံတက်လာခဲ့သည်။ ထိုမျှကြီးမားသော သတ္တဝါတစ်ကောင်အတွက် ထိုသို့သော အရှိန်မျိုးမှာ မတွေးဆနိုင်လောက်အောင် မြန်ဆန်လှသည်။ ၎င်း၏ရှေ့တွင် ကွန်ကရစ်မြို့ပြအဆောက်အအုံများသည် ကျောက်ခဲလေးများကဲ့သို့ ကြေမွပျက်စီးသွားရသည်။
သွေးရောင်စုံမြွေကြီး၏ ပတ်ပတ်လည်တွင် သိပ်သည်းဆမြင့် သွေးနီရောင်မုန်တိုင်းများ စုစည်းနေသည်ကို လင်းရှန် မြင်လိုက်ရသည်။ အခြားနေရာများတွင်မူ မြူထုက သိသိသာသာကျဲပါးနေပြီး အနန္တရထားကြီးဆီသို့ သွေးနီရောင်မြူများအလုံးအရင်းဖြင့် အရှိန်ပြင်းစွာ တိုးဝင်လာသကဲ့သို့ပင်၊၊
“ဒီကောင်က သွေးနီရောင်မြူထဲမှာ ကူးခတ်နေတာဆိုတော့ ဘယ်အရာကမှ တားလို့မရဘူး၊၊ သာမန်ရုပ်ပိုင်းဆိုင်ရာ ကာကွယ်ရေးဝတ်စုံတွေနဲ့ဆိုရင် တောင့်ခံနိုင်ဖို့ ခက်လိမ့်မယ်”
ထိန်းချုပ်ခန်းထဲတွင် ကီကီသည် စိုးရိမ်ပူပန်သော မျက်နှာဖြင့် မော်နီတာကို ကြည့်နေသည်၊၊
“လင်းရှန်… ကျွန်မရှင်းလိုက်မယ်”
“မလိုဘူး၊၊ အနားရောက်အောင် စောင့်လိုက်ဦး”
လင်းရှန်၏ အကြည့်များစူးရှသွားခဲ့သည်။ ယန္တရားနှလုံးသားကို လှုပ်ရှားစေပြီး ဒရုန်းများအားလုံးကို သွေးနီရောင်မုန်တိုင်း၏ ဖျက်ဆီးခြင်းမခံရစေရန် ပြန်လည်ရုပ်သိမ်းလိုက်သည်။ တစ်ချိန်တည်းမှာပင် ရထားပေါ်ရှိ အမြောက်ကြီးများကို စေခိုင်းကာ သွေးနီရောင်မြူအထူဆုံးဧရိယာသို့ ချိန်ရွယ်၍ ပစ်ခတ်လိုက်သည်။
ဒက် ဒက် ဒက် ဘွန်း၊၊
CIWS 1130 စက်အမြောက်သုံးခု၏ ပစ်ခတ်မှုလိုင်းများနှင့် လျှပ်စစ်သံလိုက်အမြောက်တို့သည် သတ္တုဒီရေလှိုင်းတစ်ခုကဲ့သို့ မုန်တိုင်းကို ဆွဲဖြဲလျက် သွေးရောင်စုံမြွေကြီး၏ အရိပ်ဆီသို့ ဦးတည်ကာ ထိုဧရိယာတစ်ခုလုံးကို မွှေနှောက်သွားခဲ့သည်။ ပြိုလဲကျနေသော အဆောက်အအုံများနှင့် မြွေကြီး၏ တွန့်လိမ်နေသော အရိုးကိုယ်ထည်များအားလုံး ထိမှန်ကုန်ပြီး အနက်ရောင်နှင့် အနီရောင်ရောယှက်နေသော စွမ်းအင်ဒိုင်းသည် တဖျတ်ဖျတ်တောက်လျက် ပြန်လည်ပြုပြင်နေသော်လည်း ထိုမျှမြန်ဆန်သော ပစ်ခတ်မှုအရှိန်အောက်တွင် ဟာကွက်အချို့ပေါ်ထွက်လာခဲ့သည်။ သတ္တုမိုးရွာသွန်းမှုများကြောင့် မြွေကြီး၏ ခန္ဓာကိုယ်မှ သွေးလှိုင်းကြီးများနှင့် အရိုးအပိုင်းအစများမှာ မိုးရေစက်များကဲ့သို့ လွင့်စင်ကျလာခဲ့သည်။
ရှူး ရှူး၊၊
သွေးရောင်စုံမြွေကြီးသည် အလွန်ဒေါသထွက်သွားသည်မှာ ထင်ရှားပြီး ၎င်း၏အသားစိုင်များမှာ ရူးသွပ်စွာ တွန့်လိမ်လျက် နီရဲသော မြူထုထဲသို့ ငုပ်လျှိုးကာ ပျောက်ကွယ်သွားခဲ့သည်။ လင်းရှန် မျက်မှောင်ကြုတ်လိုက်ပြီး ပစ်ခတ်မှုလိုင်းအားလုံးကို သွေးနီရောင်မြူထုကြားထဲသို့ လှည့်ပတ်ပစ်ခတ်ရာ မကြာမီမှာပင် ကွက်လပ်ဖြစ်နေသော နေရာတစ်ခု၌ ပြန်လည်ထိမှန်သွားပြီး ကြီးမားသော အရိုးများနှင့် အသားစိုင်များပွင့်ထွက်သွားသော်လည်း ၎င်း၏အရှိန်ကို ပို၍မြန်ဆန်စေခဲ့သည်။ သွေးမြူထုသည် ကောင်းကင်ယံရှိ သွေးနီရောင်မုန်တိုင်းနှင့် ချက်ချင်းပင် ရောယှက်ကာ လုံးဝပျောက်ကွယ်သွားတော့သည်။
တဝုန်းဝုန်းမြည်ဟည်းသံများနှင့်အတူ သွေးရောင်စုံမြွေကြီး၏ ကြီးမားလှသော ခန္ဓာကိုယ်သည် ကမ္ဘာပေါ်မှ ထူးဆန်းစွာ ပျောက်ကွယ်သွားခဲ့ပြီး ကောင်းကင်ယံအထက်တွင် ပေါက်ကွဲနေသော နီရဲသည့် လျှပ်စီးကြောင်းများသာ ကျန်ရစ်ခဲ့သည်။
“ပျောက်သွားပြီလား… သတိထားဦး၊၊ အဲ့ဒါ ကျွန်မတို့ဆီကို ချဉ်းကပ်လာနေတာပဲ နေလိမ့်မယ်” ကီကီက တည်ငြိမ်စွာ ပြောလိုက်သည်။
“ငါသိတယ်”
လင်းရှန်သည် ရထားအမိုးပေါ်တွင် မတ်တပ်ရပ်လျက် လေးလံသော အမြောက်ကြီးအားလုံးကို အရပ်မျက်နှာအနှံ့သို့ ချိန်ရွယ်ကာ လေဟာနယ်ကွက်လပ်များကို ပစ်ခတ်နေခဲ့သည်။
စက္ကန့်အနည်းငယ်ကုန်လွန်သွားပြီးနောက် ကောင်းကင်ယံတွင် မိုးခြိမ်းသံများ မြည်ဟည်းလာခဲ့သည်။ ပြင်းထန်သော သွေးနီရောင်လေပြင်းသည် မြေပြင်ပေါ်ရှိ ဖုန်မှုန့်များကို သဲမုန်တိုင်းကဲ့သို့ ကျဆင်းစေပြီး မြို့ပြအပျက်စီးများကို မှေးမှိန်သွားစေရာ အမှောင်ထုကို ထိုးဖောက်နေသော အနန္တရထား၏ ရှေ့မီးကြီးများနှင့် ကောင်းကင်ယံသို့ ဟိန်းဟောက်နေသော အမိုးပေါ်မှ အမြောက်ကြီးများသာ ကျန်ရှိတော့သည်။
ထို့နောက် အပေါ်ဘက်ရှိ သွေးမြူထုထဲတွင် ဖျော့တော့သော အနက်ရောင်တွင်းနက်ကြီးတစ်ခု ဖြည်းညင်းစွာ ပွင့်ဟလာခဲ့သည်။ သွေးရောင်စုံမြွေကြီးသည် အနန္တရထားဆီသို့ ပြေးဝင်မလာဘဲ ၎င်း၏ ထူးဆန်းသော တွင်းနက်ကြီးကဲ့သို့ ပါးစပ်ထဲတွင် လျှပ်စီးကြောင်းတစ်ခုကို စုစည်းနေခြင်း ဖြစ်သည်။
သွေးရောင်စုံမြွေကြီးသည် အမှောင်စွမ်းအင်တိုက်ခိုက်မှုကို စတင်ရန် ပြင်ဆင်နေစဉ်မှာပင် တောက်ပသော ရွှေနီရောင်အလင်းတန်းတစ်ခုသည် ရထားအမိုးပေါ်တွင် ရုတ်တရက်လင်းထိန်သွားခဲ့သည်။
“ငါ မင်းကို စောင့်နေတာ”
ဝူး၊၊
အနန္တ ရထားပေါ်ရှိ အမြောက်ကြီးများအားလုံး တစ်ပြိုင်နက်တည်း ပစ်ခတ်မှု ရပ်တန့်သွားပြီး G3 လျှပ်စစ်သံလိုက်လမ်းအမြောက်သုံးခု၏ စွမ်းအင်တန်းများသည် လျင်မြန်စွာ ပြန်လည်ရုပ်သိမ်းသွားကာ မှိန်ကျသွားခဲ့သည်။ လင်းရှန်၏ စွမ်းအားဝတ်စုံမှ မြင့်မားသော လျှပ်စစ်သံလိုက်စွမ်းအင်မြည်ဟည်းသံများထွက်ပေါ်လာပြီး ကောင်းကင်ယံရှိ အနက်ရောင်ဟင်းလင်းပြင်ဆီသို့ သူ၏လက်ကို မြှောက်လိုက်စဉ် သူ၏ပတ်ပတ်လည်၌ လျှပ်စစ်စီးကြောင်းများ တဖျတ်ဖျတ်တောက်လောင်နေခဲ့သည်။ သူ၏နောက်ကွယ်တွင် စူပါစထရင်းနူဓာတ်ပြုအဆင့်သက်တန့်ကွင်း သုံးခုသည် ချက်ချင်းလင်းထိန်လာခဲ့သည်။
စူပါအလင်းယိုင်ဓား၊၊
ဝူး၊၊
လင်းရှန်၏ ညာလက်မှ ရွှေနီရောင်တုန်ခါဓားတစ်လက်ကို ပြင်းထန်စွာ ထုတ်လွှတ်လိုက်ရာ အာကာသအခြေစိုက်စွမ်းအင်တန်းလက်နက်တစ်ခုကဲ့သို့ အကွာအဝေး မီတာရာပေါင်းများစွာကို ချက်ချင်းထိုးဖောက်သွားပြီး ၎င်း၏ တောက်လောင်နေသော အနားသတ်သည် လေထုကို လောင်ကျွမ်းစေကာ ကောင်းကင်ယံကို လင်းထိန်သွားစေခဲ့သည်။ ၎င်းသည် အပေါ်ဘက်ရှိ နီရဲသော သွေးမြူထုထဲမှ လျှပ်စီးကြောင်း၏ ဗဟိုချက်ဆီသို့ ဟိန်းဟောက်ကာ ဖြတ်သန်းသွားခဲ့သည်။ မိုးခြိမ်းသံကဲ့သို့ ပြင်းထန်သော ပေါက်ကွဲသံတစ်ခု ပဲ့တင်ထပ်သွားပြီး ရွှေနီရောင်စွမ်းအင်တန်း၏ ရှေ့ဦးပိုင်းသည် လွင့်မျောနေသော ဟင်းလင်းပြင်ကို တောက်လောင်စေကာ မြွေကြီး၏ ဇီဝစွမ်းအင်ဒိုင်းကြီးကို ခေတ္တပေါ်ထွက်လာစေခဲ့သည်။ တစ်ချိန်တည်းမှာပင် နီရဲသော သွေးမြူထုထဲတွင် လွင့်မျောနေသော ကြီးမားလှသည့် သွေးရောင်စုံမြွေကြီးသည် ဆန်းကြယ်စွာ ထွက်ပေါ်လာပြီး ၎င်း၏ အရိုးပါးစပ်ကြီးတစ်ခုလုံးကို စူပါအလင်းယိုင်ဓား၏ မြင့်မားသော စွမ်းအင်တန်းဖြင့် အပြည့်အဝလင်းထိန်သွားစေကာ ၎င်း၏ အပူချိန်မှာ နေမင်းထက် အဆပေါင်းများစွာ သာလွန်လျက် ပြင်းထန်သော အပူလှိုင်းတစ်ခုအဖြစ် ပေါက်ကွဲထွက်သွားတော့သည်။
ဓားဖြင့် သွေးရောင်စုံမြွေကြီး၏ ခေါင်းကို ထိုးဖောက်ပြီးနောက် လင်းရှန်သည် တုံ့ဆိုင်းမရှိဘဲ သူ၏ဘယ်လက်ဖြင့် ညာဘက်လက်ကောက်ဝတ်ကို ဆုပ်ကိုင်ကာ ဘေးသို့ဝိုက်ကာ ပိုင်းချလိုက်သည်။
ဝုန်း ဝုန်း ဝုန်း ဝုန်း ဝုန်း၊၊
ရှည်လျားသော ဓားသည် လေထုကို ဖြတ်သန်းလျက် စူးရှတောက်ပသော အလင်းရောင်ကို ထုတ်လွှတ်လိုက်သည်။ ၎င်းသည် မြွေကြီး၏ ခန္ဓာကိုယ်ကို ပိုင်းဖြတ်လိုက်သောအခါ မြင့်မားသော အပူချိန်ကြောင့် လေထဲတွင် ပြင်းထန်သောပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး မြွေကြီး၏ ခန္ဓာကိုယ်တစ်ခုလုံးကို လေထဲတွင် လုံးဝပြိုကွဲပျက်စီးသွားစေကာ ရှေ့ဘက်သုံးပုံနှစ်ပုံသာကျန်ရှိတော့သည်။
“အခုတော့ မင်းသေပြီမလား”
စူပါအလင်းယိုင်ဓားကို ပိတ်လိုက်ပြီးနောက် လင်းရှန်သည် စွမ်းအားဝတ်စုံထဲတွင် အသက်ကို ပြင်းထန်စွာ ရှူလိုက်ရသည်။ ယခုအခါ သူသည် ဤသွေးနီရောင်သတ္တဝါများ၏ တိုက်ခိုက်မှ ပုံစံများကို အတော်အတန်နားလည်သွားခဲ့ပြီ ဖြစ်သည်။ ဤအရာများ၏ တိုက်ခိုက်မှုနည်းလမ်းများကို သာမန်ယုတ္တိဗေဒဖြင့် ဆုံးဖြတ်၍မရနိုင်ပေ။ မြွေတစ်ကောင်၏ ခန္ဓာကိုယ်ကဲ့သို့ ထင်ရသော်လည်း ၎င်းသည် အမှန်တကယ် တွားသွားနေခြင်းမဟုတ်ဘဲ ထိုသို့သော လှုပ်ရှားမှု ပုံစံမှာ ပင်လယ်မြွေတစ်ကောင်ကဲ့သို့ ရေကူးခတ်နေခြင်းမျိုးဖြစ်သည်ကို လင်းရှန် သဘောပေါက်လိုက်သည်။
နီရဲနေသည့် ဤကမ္ဘာကြီးသည် ကျယ်ပြောလှသော သမုဒ္ဒရာပြင်ကြီးနှင့် တူလှပြီး အနန္တရထားမှာမူ ထိုရေနက်ပိုင်းကို ဖြတ်သန်းမောင်းနှင်နေသည့် ရထားတစ်စင်းကဲ့သို့ ဖြစ်နေသည်။ ထို့ကြောင့် ထိုသတ္တဝါကြီး လေထဲတွင် ကူးခတ်နိုင်သည်ကို လင်းရှန် အံ့ဩမနေတော့ပေ။
အမှန်ပင် လင်းရှန် ကောင်းကင်သို့ မော့ကြည့်လိုက်ရာ ကြီးမားလှသော သွေးမြွေကြီးသည် သူ၏ စူပါအလင်းယိုင်ဓားချက်ကြောင့် အပိုင်းပိုင်းပြတ်တောက်လျက် သိပ်သည်းလှသော သွေးမြူထုထဲတွင် ဆွဲငင်အားကင်းမဲ့နေသကဲ့သို့ ဆန်းကြယ်စွာ လွင့်မျောနေသည်ကို မြင်လိုက်ရသည်။ ၎င်းသည် သဘာဝတရား၏ နိယာမနှင့် လုံးဝဆန့်ကျင်နေခဲ့သည်။
တစ်ချိန်တည်းမှာပင် သွေးနီရောင်မြူကြား၌ ကျယ်ပြောလှသော အနက်ရောင်မြူထုကြီးတစ်ခု အရှိန်အဟုန်ဖြင့် တိုးဝင်လာခဲ့သည်။ ထိုမြင်ကွင်းကို မြင်သည်နှင့် သူသည် ချက်ချင်းလက်မြှောက်ကာ ကြယ်နက်ပန်းပဲဖိုကိုဆင့်ခေါ်ပြီး ဒရုန်းများကို အရှိန်ပြင်းစွာ ပျံသန်းသွားစေသည်။
ဒရုန်းများသည် သွေးနီရောင်မုန်တိုင်းအကြွင်းအကျန်များထဲသို့ တိုးဝင်သွားပြီး မကြာမီမှာပင် အမြောက်အမြားပျက်စီးသွားခဲ့ရသည်။ သို့သော်လည်း ကျန်ရစ်သည့် ဒရုန်းအချို့မှာမူ အတွင်းထဲသို့ အတင်းတိုးဝင်သွားပြီးနောက် သိပ်မကြာခင်မှာပင် ပျက်စီးယိုယွင်းနေသောအခြေအနေဖြင့် ယိမ်းထိုးပျံသန်းလာကာ လင်းရှန်၏ရှေ့တွင် ဝဲပျံနေခဲ့ကြသည်။ လင်းရှန် လက်မြှောက်လိုက်ရာ ဒရုန်း၏ ပစ္စည်းသိုလှောင်ခန်းပွင့်သွားပြီး အပူငွေ့များထွက်ပေါ်နေဆဲဖြစ်သော သွေးပဲစေ့တစ်ခုသည် သူ၏လက်ဖဝါးထဲသို့ လိမ့်ဆင်းလာခဲ့သည်။