ဆွဲငင်အားမှန်ဘီလူး (၂)
Vol. 74 Ch. 1164
လင်းရှန် အံ့အားသင့်သွားရသည်။ ဤသွေးပဲစေ့သည် သူ၏လက်ဖဝါးခန့်ကြီးမားလှသဖြင့် လက်တစ်ဖက်တည်းနှင့် ဆုပ်ကိုင်ရန်ပင် ခက်ခဲလှပြီး ယခင်က ရရှိခဲ့ဖူးသော အဆင့် ၄ သွေးပဲစေ့များထက် သိသိသာသာပိုကြီးမားနေခဲ့သည်။ ဤအချက်က အရေးကြီးဆုံးမဟုတ်ပေ။ ဤသွေးပဲစေ့သည် သာမန်သွေးပဲစေ့များနှင့်မတူဘဲ အတွင်း၌ တွင်းထွက်သလင်းကျောက်ဖွဲ့စည်းမှုပုံစံ ရှိနေသည်ကို လင်းရှန် သတိထားမိလိုက်သည်။ သူသည် စွမ်းအားဝတ်စုံ၏ အမြင်အာရုံစနစ်ကို အသုံးပြု၍ ချက်ချင်းပင် ချဲ့ကြည့်လိုက်ရာ သွေးပဲစေ့အတွင်း၌ တိကျသော စက်မှုဖန်တီးမှုတစ်ခုကဲ့သို့ သိပ်သည်းလှသော ဆဋ္ဌဂံပုံစံ စွမ်းအင်ကွန်ရက်များကို လျင်မြန်စွာ တွေ့ရှိလိုက်ရသည်။
“သလင်းကျောက်စွမ်းအင်ကွန်ရက်ပဲ”
လင်းရှန် အနည်းငယ်တွေးလိုက်မိသည်။ သွေးနီရောင်ကမ္ဘာကြီးထဲမှ ဖန်တီးမှုများသည် မြင့်မားသောယဉ်ကျေးမှုတစ်ခု၏ အကြွင်းအကျန်များနှင့် ပိုမိုတူညီလာနေခဲ့ပြီဖြစ်သည်။ ယခုအခါတွင် သူသည် ဤသန္ဓေပြောင်းသတ္တဝါများကို သာမန်မိစ္ဆာကောင်များကဲ့သို့ သဘောမထားတော့ပေ။ ဒါရိုက်တာတင်း၏ စကားအရ ဆိုရလျှင် ဤသန္ဓေပြောင်းသတ္တဝါများသည် မျှော်စင်လူသားများ၏ အသားစိုင်များမှ သွန်းလုပ်ထားသည့် စစ်သားများဖြစ်ကြသည်။ ၎င်းတို့၏ ပုံစံတူခန္ဓာကိုယ်ဦးတည်ချက်သည် လူသားတို့၏ ယန္တရားဖန်တီးမှုများနှင့် မတူညီဘဲ မည်သည့်ဆီလီကွန်အခြေခံသက်ရှိကိုမဆို ပုံသွင်းနိုင်ကြသည်။ ဖော်ပြရခက်သော မိစ္ဆာမွန်းစတားကောင်များသည် မျှော်စင်လူသားများ၏ အိန်ဂျယ်အဖွဲ့အစည်းမတိုင်မီက ထွက်ပေါ်လာခဲ့သည့် ထုတ်ကုန်များဖြစ်ကြသည်။
“ဒီအရာက ကြီးမားတဲ့ ကြိမ်နှုန်းညှိကိရိယာတစ်ခု ထုတ်လုပ်ဖို့ ဒါမှမဟုတ် တခြားနေရာတွေမှာ အသုံးဝင်နိုင်တယ်”
ယန္တရားထုတ်လုပ်မှု အလင်းတန်းများဖြာထွက်သွားပြီး သတ္တုသေတ္တာငယ်တစ်ခုဖြင့် သွေးပဲစေ့ကို ချက်ချင်းသိမ်းဆည်းလိုက်သည်။
“ရှင်းလင်းပြီးပြီ၊၊ သွေးနီရောင်ဒီရေလှိုင်းတော့ ဖြစ်မလာဘူးထင်တယ်” လင်းရှန်က ဆက်သွယ်ရေးကိရိယာမှတစ်ဆင့် ကီကီကို ပြောလိုက်သည်။
“ရှင်က အတော်မြန်တာပဲ၊၊ ဒါပေမဲ့ ရှင့်ရဲ့ စိတ်ဝိဉာဉ် တုန်ခါမှုနှုန်းက အရင်တိုင်းရှိနေတုန်းပဲမဟုတ်လား… နိုးထလာပြီးနောက်မှာ ဘာလို့ ဒီလောက်တောင် သိသိသာသာသန်မာလာရတာလဲ”
ကီကီက နားကြပ်ထဲမှ မေးလိုက်သည်။
“ဒါကတော့...”
လင်းရှန်သည် အောက်ဘက်ရှိ အနန္တ ရထားကြီးကို ငုံ့ကြည့်လိုက်ပြီး ယခုအခါ သူ၏ခွန်အားသည် စိတ်ဝိဉာဉ်တုန်ခါမှုနှုန်းဆိုသည်များနှင့် လုံးဝသက်ဆိုင်ခြင်းမရှိဘဲ ယန္တရားပဲ့တင်ထပ်ခြင်းကို အသုံးချကာ သူ၏ စွမ်းအားကို ထုတ်ဖော်ရန်အတွက် ယန္တရားစွမ်းအင်ကိုသာ လုံးဝအမှီပြုထားခြင်းဖြစ်သည်ကို တွေးနေခဲ့သည်။
လင်းရှန် စကားပြောပြီးသည်နှင့်တပြိုင်နက် ရှေ့ဘက်အမြင်အာရုံတစ်ခုလုံးသည် အရာအားလုံးကို ဖုံးလွှမ်းသွားသည့် အနက်ရောင်မုန်တိုင်းကြီးတစ်ခုအောက်သို့ ရုတ်တရက်ကျရောက်သွားခဲ့သည်။ ၎င်းသည် အရည်မဟုတ်ဘဲ ကတ္တရာစေးကဲ့သို့ ခဲပျစ်နေသော အနက်ရောင်အငွေ့များဖြစ်ပြီး သက်ရှိသတ္တဝါဘီလီယံပေါင်းများစွာ၏ စေးကပ်သောအရည်များစုပြုံနေသကဲ့သို့ အနန္တရထားနှင့် လင်းရှန်ကိုပါ ဝါးမျိုသွားခဲ့သည်။ တစ်ချိန်တည်းမှာပင် လင်းရှန်၏ စွမ်းအားဝတ်စုံမှ သတိပေးသံများမြည်လာပြီး အလွန်နိမ့်ပါးသော အပူချိန်ကြောင့် ဝတ်စုံ၏ မျက်နှာပြင်သည် ချက်ချင်းခဲသွားကာ အက်ကွဲသံများ ထွက်ပေါ်လာခဲ့သည်။
“ကီကီ”
သူသည် အော်ဟစ်လိုက်ရင်း လွတ်မြောက်ရန် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။ သို့သော်လည်း ရေခဲဒိုင်းကာတစ်လွှာကို ရိုက်ခွဲလိုက်ပြီးနောက်တွင် အလွန်အမင်းအေးစက်သောဂြိုဟ်တစ်ခု၏ မုန်တိုင်းထဲသို့ ကျရောက်သွားသကဲ့သို့ နောက်ထပ်တစ်လွှာ ချက်ချင်းပြန်လည်ခဲသွားခဲ့သည်။
ထိုသို့ ဝါးမျိုခံရသည့် ခဏ၌ အောက်ဘက်မှ ပြင်းထန်သော တိုက်မိသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ အနန္တရထားကြီးသည် အနက်ရောင်မုန်တိုင်းထဲတွင် ပုန်းကွယ်နေသော တစ်စုံတစ်ခုနှင့် တိုက်မိသွားပုံရပြီး ၎င်းနှင့် လင်းရှန်ပါ ဘေးသို့ လွင့်စင်သွားခဲ့သည်။
မကောင်းတော့ဘူး၊၊
အနန္တရထားလွင့်ထွက်သွားသည်နှင့် လင်းရှန်သည် ယန္တရားနှလုံးသားကို ချက်ချင်း အသက်သွင်းလိုက်ပြီး လမ်းချော်သွားသော အနန္တ ရထား၏ နဂါးအဆင့်နှင့် ဝေးလ် 03E အပါအဝင် လေးလံသော ဂတ်စ်တာဘိုင်အင်ဂျင်အားလုံးကို အဝေးမှ ထိန်းချုပ်ကာ တစ်ပြိုင်နက် ဟိန်းဟောက်မောင်းနှင်လိုက်သည်။ လမ်းချော်သွားသောဘီးများသည် အနက်ရောင်မြူထဲတွင် ဟိန်းဟောက်နေသော သားရဲတစ်ကောင်ကဲ့သို့ ပြာလဲ့လဲ့လျှပ်စစ်စွမ်းအင်အလင်းတန်းများကို ဖြစ်ပေါ်စေခဲ့သည်။
ဘစ်ဇ်၊၊
ရထားကို ဗဟိုပြုလျက် လျှပ်စစ်သံလိုက်တုန်ခါလှိုင်းတစ်ခု ပေါက်ကွဲထွက်သွားသည်။ စေးကပ်သော အမှောင်ထုသည် ဆွဲဖြဲခံလိုက်ရသဖြင့် ခဏလစ်ဟာသွားပြီး လင်းရှန်သည် ကီကီထံမှ ဆက်သွယ်မှုကို ချက်ချင်းရရှိလိုက်သည်။
“လင်းရှန်… အပြင်ကို ရုန်းထွက်”
စက္ကန့်အနည်းငယ်မျှ ဝါးမျိုခံရပြီးနောက် ကီကီသည် စိတ်စွမ်းအားနယ်ပည်ကို တိုက်ရိုက်အသုံးပြုကာ အနန္တရထားကြီးကို အနက်ရောင်ဒီရေထဲမှ ဆွဲထုတ်ပြီး ကောင်းကင်ယံမီတာရာပေါင်းများစွာ အထက်သို့ ပျံတက်သွားခဲ့သည်။ လက်တစ်ဖက်က တန်ချိန်ထောင်ပေါင်းများစွာ လေးလံသော အနန္တရထားကြီးကို လေထဲတွင် ဆွဲကိုင်ထားပြီး အခြားလက်တစ်ဖက်ကမူ အောက်ဘက်ရှိ ကျယ်ပြန့်သော ဒီရေထုကြီးကို ဖမ်းဆုပ်ရန် စိတ်စွမ်းအားကို ထိန်းချုပ်နေခဲ့သည်။ အလွန်အေးစက်သော မုန်တိုင်းထုသည် ကီကီ၏ စိတ်စွမ်းအင်နယ်ပယ်အောက်တွင် အမြောက်အမြားလွင့်ပါးသွားသော်လည်း ထိုဒီရေထုကြီးသည် ပျက်စီးနေသော ဧရိယာတစ်ခုလုံးကို လျင်မြန်စွာ ဖုံးလွှမ်းသွားခဲ့သည်။ အကယ်၍ လင်းရှန်သာ အမြန်မလွတ်မြောက်နိုင်ပါက အန္တရာယ်ကြီးစွာ ကြုံတွေ့ရတော့မည် ဖြစ်သည်။
လင်းရှန်သည် အလွန်အေးစက်သော မုန်တိုင်းထုကြီး၏ ဝါးမျိုမှုကို မခံရမီ လမ်းကြောင်းတစ်ခုကို ပေါက်ကွဲတိုက်ခိုက်လိုက်သည်။ ကီကီ၏ ခေါ်သံကို ကြားလိုက်ရပြီး အနန္တရထားကြီး ရွေ့လျားသွားသည်ကို ခံစားမိသည်နှင့် ကီကီ လွတ်မြောက်သွားပြီဖြစ်ကြောင်း သူ ချက်ချင်းသိလိုက်သည်။ ထို့ကြောင့် အပေါ်ပျံတတ်ကာ စွမ်းအင်ကူးပြောင်းခြင်းဟူသော အားအကောင်းဆုံးလွတ်မြောက်မှုနည်းလမ်းကို အသုံးပြုရန် ဗီဇအရ ချက်ချင်းပြင်ဆင်လိုက်တော့သည်။
သို့သော်လည်း ထိုအတွေးပေါ်လာသည်နှင့် တပြိုင်နက် သူ၏ လှုပ်ရှားမှုသည် ရုတ်တရက် ရပ်တန့်သွားခဲ့သည်။ အပေါ်ဘက်မှ အလွန်အေးစက်သောအရာတစ်ခုကြောင့် သူ၏ လှုပ်ရှားနေသော စိတ်အာရုံမှာ ချက်ချင်းပင် ကြည်လင်သွားခဲ့သည်။
ဤအနက်ရောင်မုန်တိုင်း၏ အထက်တွင် တစ်စုံတစ်ခုရှိနေခဲ့သည်။
လင်းရှန်၏ စိတ်ထဲ လေးလံသွားရသည်။ သွေးနီရောင်ကမ္ဘာကြီးထဲတွင် အန္တရာယ်များသည် အဆက်မပြတ်ပေါ်ထွက်လာပြီး လူကို အလစ်အငိုက်မိစေသည်။ အနက်ရောင်မုန်တိုင်းသည် လေထုနှင့် အာကာသကို သီးခြားခွဲထုတ်သည့် အလွန်အေးစက်သော ထူးဆန်းသည့်နယ်မြေတစ်ခုနှင့် တူလှပြီး ကြီးမားသောပိုက်ကွန်ကြီးတစ်ခုကဲ့သို့ပင်၊၊ သူ အမြန်ဆုံးလွတ်မြောက်ရန် အစွမ်းကုန်ကြိုးစားရမည် ဖြစ်သည်။ ဤအချက်ကို သိရှိသွားပြီးနောက် သူသည် တုံ့ဆိုင်းမရှိဘဲ အနက်ရောင်မုန်တိုင်းကို ဆွဲဖြဲရန် အခြားလျှပ်စစ်သံလိုက်တုန်ခါလှိုင်းတစ်ခုကို ထပ်မံလွှတ်ထုတ်လိုက်ပြီး အာကာသကို ဆွဲဖြဲရန်အတွက် ဆွဲငင်အားမှန်ဘီလူးကို ထုတ်ဖော်ရန် အထက်သို့လက်မြှောက်လိုက်သည်။ အကယ်၍ ဤမိစ္ဆာကောင်က နယ်မြေကို ကန့်သတ်ထားနိုင်လျှင် သူက တွင်းနက်ကြီးတစ်ခုဖြင့် အာကာသကို ဆွဲဖြဲပစ်မည် ဖြစ်သည်။
သို့သော်လည်း ထိုအချိန်တွင် အာကာသသည် ကွဲအက်သွားသော ဖန်ခွက်တစ်ခုကဲ့သို့ ရုတ်တရက် အက်ကွဲသွားပြီး အနက်ရောင်ဒီရေသည် ဝဲဂယက်ပုံစံတွန့်လိမ်လျက် အချင်းမီတာရာကျော်ရှိပြီး အဆက်မပြတ်ကျယ်ပြန့်လာနေသော တွင်းနက်ကြီးတစ်ခု၏ ဗဟိုချက်ထဲသို့ စုပ်ယူခြင်းခံလိုက်ရသည်။ မုန်တိုင်းသည် ကြေမွသွားပြီး သွေးနီရောင်မြူထုများနှင့် အနက်ရောင်ဒီရေများကို ဆွဲဖြဲလျက် ကျယ်ပြန့်သောတွင်းနက်ကြီးတစ်ခုဖြစ်ပေါ်လာခဲ့သည်။
ထို့နောက်တွင် လင်းရှန်သည် သူ၏ခေါင်းပေါ်တည့်တည့်တွင် တွင်းနက်ကြီး၏ ဝါးမျိုဖျက်ဆီးခြင်းကို ခံနေရသည့် အခြားအနက်ရောင်Disc ပြားကြီးတစ်ခုကို လှမ်းမြင်လိုက်ရသည်။
၎င်းသည် လေထဲတွင် ပြောင်းပြန်လွင့်မျောနေသည့် ဘောလုံးကွင်းတစ်ခုမျှ ကြီးမားသော အနက်ရောင်စုပ်ခွက်ကြီးတစ်ခု… ၎င်း၏ ဦးထုပ်ပုံသဏ္ဌာန် ခန္ဓာကိုယ်သည် ကြီးမားလှသော နေကြာပန်းကြီးတစ်ပွင့်နှင့် တူလှပြီး သွေးသားမျှင်များကဲ့သို့သော ပင်စည်သည် အခြားဘက်သို့ စောင်းလျက် စိုက်ဝင်နေခဲ့သည်။ အနက်ရောင် မုန်တိုင်းထုကြီး ဆက်လက်ဝဲလည်နေသည်နှင့်အမျှ ဤအပင်ကဲ့သို့ ထူးဆန်းသောသတ္တဝါကြီးသည် ဆွဲငင်အားနယ်ပယ်၏ ဖျက်ဆီးမှုကြောင့် အပိုင်းပိုင်းပြတ်တောက်သွားခဲ့ပြီး ငရဲကမ္ဘာမှ မိုးရွာချသကဲ့သို့ သွေးမိုးများရွာသွန်းလာခဲ့သည်။
“လင်းရှန်”
ကောင်းကင်ယံထက်တွင် လင်းရှန် အောက်ဘက်ရှိ အနက်ရောင်မုန်တိုင်းထဲမှ လွတ်မြောက်လာသည်ကို မြင်လိုက်ရသဖြင့် ကီကီ သက်ပြင်းချနိုင်သွားသည်၊၊
“ရှင် တုံ့ပြန်မှုမြန်လို့ တော်သေးတာပေါ့၊၊ ကျွန်မ ဒီသတ္တဝါကို အရင်က ဟတ်ကိုစစ်မြေပြင်မှာ ကြုံဖူးတယ်၊၊ အဲ့ဒါက တော်တော်လေး ပါးနပ်တယ်၊၊ မြေအောက်ထဲကနေ ထွက်လာတာပဲ”
လင်းရှန်လည်း ပြင်းထန်စွာ အသက်ရှူရင်း အနက်ရောင်ကန့်လန့်ကာကြီး ပြင်းထန်စွာ ဆွဲဖြဲခံလိုက်ရသည်ကို ကြည့်နေခဲ့သော်လည်း သူ၏မျက်နှာမှာ တည်ငြိမ်နေဆဲပင်၊၊
“ဘာဖြစ်လို့လဲ” ကီကီက မေးလိုက်သည်။
လင်းရှန် အောက်ဘက်သို့ ကြည့်ကာ အသက်ကို ပြင်းပြင်းရှူလိုက်ရင်း “ဒီဆွဲငင်အားမှန်ဘီလူးကို ငါထုတ်လိုက်တာ မဟုတ်ဘူး”
“ဘယ်လို” ကီကီလည်း ထိုအချိန်တွင် အောက်ဘက်သို့ ငုံ့ကြည့်လိုက်မိသည်။
ပြောင်းပြန်ဖြစ်နေသော အနက်ရောင်Disc ပြား သတ္တဝါကြီးသည် အပိုင်းပိုင်းပြတ်တောက်ပျက်စီးသွားပြီးနောက် ဆွဲငင်အားမှန်ဘီလူးသည် လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။ ဝဲလည်နေသော မြူထုများနှင့် မိုးသီးကြွေသကဲ့သို့ ကျဆင်းလာသည့် ကြီးမားလှသော အသားစိုင်အကြွင်းအကျန်များသာ ကျန်ရစ်ခဲ့သည်။ ထိုအချိန်တွင် အနက်ရောင် အမှောင်စွမ်းအင်မြူအမြောက်အမြား မြေပြင်သို့ ကျဆင်းလာစဉ် ဝဲလည်နေသော သွေးမိုးများကြားမှ လူရိပ်တစ်ရိပ်သည် လျှောက်လှမ်းလာခဲ့သည်။ စစ်ဖိနပ်က အေးခဲနေသောမြေဆီလွှာနှင့် ရေခဲပွင့်များကို နင်းခြေလိုက်သည့် စူးရှသောအသံသည် သူတို့နှစ်ဦး၏ နှလုံးခုန်သံများကြားတွင် တိကျစွာ ပဲ့တင်ထပ်သွားခဲ့သည်။
ချူယန်၏ ဝတ်စားဆင်ယင်မှုမှာ အကြီးအကျယ်ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ တစ်ချိန်က ရှိခဲ့ဖူးသော ငွေဖြူရောင် စိတ်ဝိဉာဉ်စွမ်းအားဝတ်စုံအစား အရောင်ဖျော့သော အနက်ရောင်ဝတ်စုံတစ်ခုဖြင့် အစားထိုးထားပြီး သူမ၏ ဘယ်ဘက်လက်မောင်းကို စွမ်းအင်ပတ်လမ်းများ ထွင်းထုထားသည့် ယန္တရားလက်တုတစ်ခုဖြင့် လဲလှယ်ထားခဲ့သည်။ ပုခုံးဝတ်စုံပေါ်တွင်မူ တောက်လောင်နေသော ဖီးနစ်၏ တံဆိပ်အသစ်ကို ခတ်နှိပ်ထားသည်။ သူမ၏ ဆံပင်များကို မြင့်မားစွာ မြင်းမြီးပုံစံစည်းနှောင်ထားသဖြင့် နောက်ဘက်တွင် လှုပ်ခါနေခဲ့ပြီး သူမ၏မျက်နှာပေါ်တွင်မူ အနက်ရောင်အသက်ရှူကိရိယာတစ်ခုသာ တပ်ဆင်ထားကာ အခြားမည်သည့်ကာကွယ်ရေးပစ္စည်းမျှ မရှိဘဲ ဤသွေးနီရောင်ကမ္ဘာကြီးထဲတွင် သာမန်အတိုင်း လမ်းလျှောက်နေခဲ့ခြင်း ဖြစ်သည်။
“မတွေ့တာ ကြာပြီနော်”
သူမသည် ယန္တရားလက်မောင်းတွင် ကပ်ငြိနေသော မွန်းစတားကောင်၏ အကြွင်းအကျန်များကို ခါထုတ်လိုက်ရင်း လေထဲရှိ လင်းရှန်နှင့် ကီကီတို့ကို လှမ်းကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။
“နင် အိပ်ပျော်သွားပြီးတဲ့နောက်မှာ ဒီသန္ဓေပြောင်းသတ္တဝါတွေက ကိုင်တွယ်ရတာ ဒီလောက်ခက်ခဲလာလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး”
ချူယန်သည် သူ၏ရှေ့တွင် ယခုကဲ့သို့ မမျှော်လင့်ဘဲ ပေါ်လာလိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ပေ။ ယဉ်ကျေးမှုအကြိုမြင်ကွင်းထဲတွင် အိန်ဂျယ်၏ ဝါးမျိုခြင်းကို မခံရမီ သူ့ကိုယ်သူစွန့်လွှတ်ခဲ့သော အမျိုးသမီးကို ပြန်လည်တွေးမိရင်း မြေပြင်ပေါ်ရှိ ရင်းနှီးသောထိုလူရိပ်ကို ကြည့်ကာ သူ၏ အကြည့်များမှာ ရှုပ်ထွေးလေးလံသွားခဲ့ရသည်။
သူ့ရှေ့တွင် မတ်တပ်ရပ်နေသောသူသည် အမှန်တကယ်ပင်...
ချူယန်ဟုတ်၊မဟုတ်ကို လင်းရှန်လည်း မသိတော့ပေ။