အခန်း (၂၆၇၁-၂၆၇၂)
Vol. 268 Ch. 2671-2672
အခန်း (၂၆၇၁) - ဘိုးဘေးကြီး ဖြည်းဖြည်းကြွပါ
“မင်း မလုပ်ချင်ဘူးလား။ ကိစ္စမရှိပါဘူး၊ ဘယ်လိုပဲဖြစ်ဖြစ် မင်းတို့ ကရုဏာတောင်ကိုသာ အေးဆေးနေပါ။ ပြဿနာတစ်ခုခု တက်လာရင် မင်းရဲ့ အထက်က ဘိုးဘေးတွေက ငါ့ဆီ လာပြီး ခေါ်လိမ့်မယ်။”
“ငါ ကူညီနိုင်တာကို တတ်နိုင်သလောက် ကူညီပေးမယ်။ ငါ မကူညီနိုင်တဲ့ ကိစ္စဆိုရင်တော့ သူတို့ကို မင်းဆီ လာရှာခိုင်းလိုက်မယ်။”
ဒွမ်ချင်းရှန်းက ဖန့်ချန်၏ ပုခုံးကို ပုတ်လိုက်သည်။
“……”
“ကျွန်တော့်ဆီ လာရှာခိုင်းမလို့လား”
ဖန့်ချန်က ဒွမ်ချင်းရှန်းကို ကြည့်ပြီး မျက်တောင် ခတ်လိုက်သည်။
“မင်းဆီ မလာရင် ဘယ်သူ့ဆီ လာရှာရမှာလဲ။ တချို့ကိစ္စတွေက ငါတို့ ဖမ်းဆီးရေးဌာနအနေနဲ့ ဝင်ပါဖို့ အဆင်မပြေဘူး။ မင်းနောက်ကွယ်မှာ ဟေးဆန်း တို့၊ ဆွေ့ရွှမ်လင် တို့ ရှိနေတာပဲ မဟုတ်လား။”
“ဒီလို ဆက်ဆံရေးမျိုး ရှိနေမှတော့ တစ်ခါတလေကျရင် မင်းက ငါ့ထက်တောင် ပိုပြီး အသုံးဝင်သေးတယ်။”
“ဒါ့အပြင် ဖမ်းဆီးရေးဌာနနဲ့ ပတ်သက်တဲ့ ကိစ္စတွေဆိုရင်လည်း မင်းကပဲ ပိုပြီး အဆင်ပြေတယ်။ ဘာလို့လဲဆိုတော့ ဌာနချုပ်မှူးကြီးက မင်းကို အလေးထားလို့ပဲလေ။”
“မင်း ဒီတစ်ခေါက် ဌာနသုံးခု နဲ့ ဌာနကိုးခုမှာ စွမ်းဆောင်ခဲ့တဲ့ အောင်မြင်မှုတွေက မင်းရဲ့ စွမ်းရည်ကို သက်သေပြပြီးပြီ။ မင်းသာ စနစ်တကျနဲ့ ဆက်လုပ်သွားရင် အနာဂတ်မှာ အောင်မြင်တောက်ပမှာ အသေအချာပဲ။”
ဒွမ်ချင်းရှန်းက ဖန့်ချန်၏ ပုခုံးကို ထပ်ပုတ်သည်။ ပုတ်တာကို စွဲလမ်းနေသလိုပင် အချက်ပေါင်းများစွာ ထပ်ပုတ်ပြီးနောက်မှ-
“ကဲ ဒါပဲ... ဖမ်းဆီးရေးဌာနမှာလည်း ဘာမှ အထူးတလည် မှာစရာ မရှိတော့ပါဘူး။ မင်း ဒီတစ်ခေါက် အပြစ်ရှိသူတော်စင်တွေကို အများကြီး အရေးယူထားတာဆိုတော့ ကာလတစ်ခုအထိတော့ မင်းကို အလုပ်ရှုပ်မခံတော့ဘူး ထင်တယ်။ မင်းအရင် သွားပြီး မျိုးဆက်ငယ်တွေကို စကားသွားပြောလိုက်ပါဦး၊ သူတို့ မင်းကို စောင့်ရတာ စိတ်မရှည်တော့တဲ့ပုံပဲ။”
အနီးအနားတွင် ထိုက်ဟောင်ဟွမ်းယောင် တို့ အုပ်စုက ဤနေရာကို တစိုက်မတ်မတ် ကြည့်နေကြသည်။ ဒွမ်ချင်းရှန်း စကားပြောပြီးသည်နှင့် ပြုံးရွှင်စွာဖြင့် လှည့်ထွက်သွားသည်။
“ဘိုးဘေးကြီး၊ ခဏလေး။”
ဖန့်ချန်၏ အမူအရာ ပြောင်းလဲသွားသည်။
ဒွမ်ချင်းရှန်းက ခြေလှမ်းကို ခဏရပ်လိုက်သည်။
“ဘာဖြစ်လို့လဲ။”
“……”
ဖန့်ချန်သည် စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်သွားပြီးနောက် စိတ်ထဲရှိ အကြံအစည်များကို မျိုသိပ်လိုက်ကာ လက်နှစ်ဖက် ယှက်၍ ဂါရဝပြုလိုက်သည်။
“ဘိုးဘေးကြီး ဖြည်းဖြည်းကြွပါ။”
“ဟဲဟဲ။”
ဒွမ်ချင်းရှန်း ပျော်ရွှင်သွားသည်။ သူက ရယ်မောရင်း ခေါင်းညိတ်ပြပြီး လက်ဝှေ့ယမ်းကာ ခြေလှမ်းကျဲကြီးဖြင့် ထွက်ခွာသွားသည်။
မျက်တောင်တစ်ချက် ခတ်လိုက်ရုံဖြင့် သူ၏ ပုံရိပ်မှာ ပျောက်ကွယ်သွားလေသည်။ ဖန့်ချန်က ဤအတွင်းကမ္ဘာတစ်ခုလုံးမှာ ရှူလုံ ကောင်းကင်အရှင်၏ ပြုပြင်မွမ်းမံမှုကြောင့် အစစ်အမှန် ကမ္ဘာတစ်ခုနှင့် တူနေပြီဟု သံသယဝင်မိသည်။ ဖမ်းဆီးရေးဌာနမှာ ထိုကမ္ဘာ၏ နေရာတစ်ခုခုတွင် ရှိနေလိမ့်မည်။
ဒွမ်ချင်းရှန်း ထွက်ခွာသွားပြီးနောက် ဖန့်ကျစ်ရွှယ် တို့ အုပ်စုက လျှောက်လာကြသည်။ အခြားသော နေမင်းခုနစ်ပါးကျောင်းသားများမှာလည်း ရင်းနှီးသည်ဖြစ်စေ၊ မရင်းနှီးသည်ဖြစ်စေ ဖန့်ချန်ကို လာရောက် နှုတ်ဆက်ကြသည်။
“ဖန့်အစ်ကိုကြီး၊ အခုဆိုရင် သူတို့အားလုံးက သူတော်စင်ဘိုးဘေး စီမံကိန်း ရဲ့ အဖွဲ့ဝင်တွေ ဖြစ်သွားကြပြီ။”
ဝမ်ချုံးစန်း က ဖန့်ချန်ကို တိုးတိုးလေး လှမ်းပြောလိုက်သည်။
“ဒါလည်း ကောင်းတဲ့ အချက်တစ်ခုပါပဲ။”
ဖန့်ချန်က စိတ်ထဲမှ တိတ်တဆိတ် တွေးလိုက်သည်။
အနည်းငယ် စကားပြောပြီးနောက် ထိုင်ဟောက်ဟွမ်းယောင် တို့က ကျင့်စဉ်အကြောင်း မေးမြန်းကြသည်။
“ဖန့်ချန်၊ အဲဒီ အတွင်းကမ္ဘာရတနာ သုံးမျိုးကို မင်း ရခဲ့ပြီလား။”
လွမ်းထိုက်ကူး က စိတ်လှုပ်ရှားစွာဖြင့် မေးသည်။
“ဒီအတွင်းကမ္ဘာရတနာ သုံးမျိုးရဲ့ အကူအညီနဲ့ဆိုရင် နောက်ထပ် နှစ်ပေါင်း တစ်ထောင်၊ တစ်သောင်းလောက်ဆိုရင် ငါတို့ ပထမဆုံးအတွင်းကမ္ဘာကို ပေါင်းစပ်နိုင်တော့မယ် ထင်တယ်။”
“ရခဲ့ပါတယ်၊ ဒါပေမဲ့ မသုံးရသေးဘူး။ အရင်က ဂူပိတ်ကျင့်ကြံနေရတာနဲ့ အချိန်မရလိုက်ဘူး။”
ဖန့်ချန်က ပြောသည်။
လွမ်းထိုက်ကူး က သက်ပြင်းချသည်။
“ဒါဆိုရင်တော့ နှမြောစရာပဲ။ စောစောစီးစီး ရခဲ့ရင် ဒီနှစ်တွေအတွင်းမှာ ပေါင်းစပ်မှု တိုးတက်နှုန်းက အများကြီး ပိုများလာမှာကိုး။”
ဖန့်ချန်က ဒီသက်ကြီးရွယ်အို ဘိုးဘေးတွေကို တစ်ချက်ကြည့်လိုက်သည်။ သူတို့၏ အရှိန်အဝါမှာ အရင်ကထက် ပိုမို အားကောင်းနေသည်မှာ အမှန်ပင်ဖြစ်သည်။ သူတို့က ဒီပစ္စည်းကို သုံးစွဲခဲ့တာ နှစ်ပေါင်း နှစ်ရာ၊ သုံးရာလောက်သာ ရှိသေးသော်လည်း တိုးတက်မှုမှာ များစွာ ရှိနေသည်။ အရင်ကဆိုရင် အတွင်းကမ္ဘာ ပေါင်းစပ်နည်း မရခင် သူတို့ရဲ့ အဆင့်မှာ နောက်ထပ် တိုးတက်ဖို့ ဆိုတာ သူတော်စင်ရာထူးကို ဖောက်ထွက်နိုင်မှသာ ဖြစ်နိုင်တော့မည်။ အခုတော့ ဒီကျင့်စဉ်က သူတို့အတွက် တကယ့် မျှော်လင့်ချက်ကို ပေးလိုက်ခြင်း ဖြစ်သဖြင့် တစ်ယောက်ထက် တစ်ယောက် ပိုပြီး ပျော်ရွှင်နေကြသည်။
လူအများ စကားပြောနေစဉ် ဆွေ့ရှန်းကျီး က သတိပေးလိုက်သည်။
“အကြီးကဲငါးယောက်က ဒီတစ်ခေါက် ကျန်းထန်းဝမ်ခန်းမ ကို တည်ထောင်လိုက်တယ်။ အဖွဲ့ဝင်တွေက သူတော်စင်ဧကရာဇ် စီမံကိန်း ရဲ့ အရင်အဖွဲ့ဝင်တွေပဲ။ သူတို့က ဒီတစ်ခေါက် နိဗ္ဗာန်တားမြစ်နယ်မြေမှာ မင်းကို အောက်ကျို့သွားအောင် လုပ်ဖို့ စီစဉ်ထားကြတယ်။”
ချန်ဖေးဖေး က စကားကြားသည်နှင့် နှာခေါင်းရှုံ့လိုက်သည်။
“အရင်တစ်ခေါက် နိဗ္ဗာန်တားမြစ်နယ်မြေမှာ ဖန့်အစ်ကိုကြီီး ကြောင့် သူတို့လူ သုံးယောက်လောက် အသတ်ခံလိုက်ရတာ မဟုတ်လား။ ဒီတစ်ခါက်ရော သူတို့က ဘာလုပ်နိုင်အုံးမှာလည်း ငါတော့ မကြောက်ဘူး။”
ကရုဏာတောင်မှ ကျောင်းသားများမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး အပြုံးလေးများ ပေါ်လာသည်။ သူတို့သည် နိဗ္ဗာန်တားမြစ်နယ်မြေ၏ အဖြစ်အပျက်များကို ကိုယ်တိုင် မမြင်တွေ့ခဲ့ရသော်လည်း သတင်းစကားများအရ သိရှိထားသည်။ သူတော်စင်ဧကရာဇ် စီမံကိန်း ဆိုသည်မှာ ပေါ်လာပြီး မကြာခင်မှာပင် ဖန့်ချန်ကြောင့် လုံးဝ ပျက်စီးသွားခဲ့ရသည်။
ဆွေ့ရှန်းကျီး က ချန်ဖေးဖေး ကို တစ်ချက်ကြည့်ပြီး ခေါင်းခါသည်။
“ဒီတစ်ခေါက်က အရင်နဲ့ မတူဘူး။ ငါကြားတာတော့ အကြီးကဲငါးပါး က တချို့သော ဆက်သွယ်မှုတွေကြောင့် အဲဒီ အတွင်းကမ္ဘာရတနာ သုံးမျိုးကို ငါတို့ထက် စောပြီး ရခဲ့ကြတယ်။ ဒါကြောင့် ကျန်းထန်းဝမ်ခန်းမ ထဲက အဖွဲ့ဝင်တွေက ငါတို့ထက် တစ်လှမ်း သာနေတယ်။ အရင်က သူတို့က ဖန့်ချန်နဲ့ ယှဉ်ရင် နည်းနည်း လျော့နေပေမဲ့၊ အခု သူတို့ထဲက တစ်ယောက်ယောက်က အတွင်းကမ္ဘာကို ဆယ်ပုံတစ်ပုံ၊ ဒါမှမဟုတ် ဆယ်ပုံနှစ်ပုံလောက် ပေါင်းစပ်ပြီးပြီ ဆိုရင်ရော။ ဒီလို တိုးတက်မှုက အလွန်ကို အန္တရာယ်ကြီးတယ်။”
ထိုက်ဟောင်ဟွမ်းယောင် အပါအဝင် ဘိုးဘေးကြီးများမှာ အလေးအနက် ရှိနေကြသည်။ ဖန့်ချန် ဘေးနားရှိ ဖန့်ကျစ်ရွှယ် တို့လည်း စိုးရိမ်စိတ်ဝင်လာသည်။
“အရေးကြီးတာက နိဗ္ဗာန်တားမြစ်နယ်မြေမှာ ပြိုင်ပွဲတစ်ခု ရှိဦးမှာ မဟုတ်လား။ အဆင့် လေးရာအောက်က နေမင်းခုနစ်ပါးကျောင်းသားတွေ အကုန်လုံးက သူတို့ရဲ့ ဂုဏ်ပုဒ်ကို ဆုံးရှုံးရမယ်။ နောက်ပြီး နှစ်ပေါင်းတစ်ထောင်အတွင်း နေမင်းခုနစ်ပါးကျောင်းသား ပြန်မဖြစ်နိုင်တော့ဘူး။ ဒီပြိုင်ပွဲကို မင်းပဲ တာဝန်ယူရမှာ။”
လွမ်းထိုက်ကူး က ဖန့်ချန်ကို ကြည့်သည်။
“ငါပဲ တာဝန်ယူရမှာလား။”
ဖန့်ချန် အနည်းငယ် အံ့ဩသွားသည်။ ဇောင်ဟွေ နဲ့ တွေ့တုန်းက သူမ ဘာမှ မပြောခဲ့ဘူး။
“ဟုတ်တယ်လေ၊ မင်းက သူတော်စင်ဘိုးဘေး စီမံကိန်းရဲ့ ဖန့်ဘိုးဘေးပဲ၊ မင်း မလုပ်ရင် ဘယ်သူ လုပ်မလဲ။ တခြားသူဆိုရင် သူတော်စင်တွေက လက်မခံဘူးလေ။”
လွမ်းထိုက်ကူး က ပြောသည်။
“ကြားတာတော့ အဲဒီအချိန်ကျရင် ဘယ်သူမဆို မင်းကို အရင် စိန်ခေါ်လို့ ရမယ်တဲ့။”
“ဒါက အနိုင်ကျင့်တာ မဟုတ်ဘူးလား။”
ဝမ်ချုံးစန်း တို့ မျက်နှာပျက်သွားသည်။
“အနိုင်ကျင့်တာတော့ မဟုတ်ပါဘူး။ ဖန့်ချန်ရဲ့ လက်ရှိ အထောက်အထားက ထူးခြားလွန်းတော့ သူတို့ရဲ့ ပါးစပ်တွေကို ပိတ်သွားအောင် လုပ်နိုင်တဲ့ အရည်အချင်း လိုတယ်။”
ဆွေ့ရှန်းကျီး က ပြောသည်။
“ဖန့်ချန် ဒီတစ်ခေါက် ရှုံးလို့ မဖြစ်ဘူး။ ရှုံးသွားရင် သူတော်စင်ဘိုးဘေး စီမံကိန်းကလည်း နာမည်ပဲ ကျန်တော့မှာ။”
“ဘာများလဲလို့။”
ဖန့်ချန် ပြုံးသည်။
“သူတို့က ကမ္ဘာတည်ဆောက်သူ သူတော်စင် တွေကို လွှတ်ပြီး စိန်ခေါ်ခိုင်းမလို့လား။”
ဆွေ့ရှန်းကျီး အနည်းငယ် ကြောင်သွားသည်။
“ဒါတော့ မဖြစ်နိုင်ဘူး။”
“ဒါဆိုရင် အဆင်ပြေတယ်။ ရှုံးစရာ အကြောင်းမရှိဘူး၊ စိတ်ချလက်ချသာ နေကြပါ။”
ဖန့်ချန်က ပြောသည်။
“အကြီးကဲငါးပါးကတော့ ကိစ္စမရှိဘူး၊ အခု နိဗ္ဗာန်တားမြစ်နယ်မြေမှာ မင်းတို့ အဆင့်တစ်ဆင့်လောက် တက်ဖို့ ယုံကြည်မှု ရှိရဲ့လား။”
လွမ်းထိုက်ကူး တို့ အနည်းငယ် ကြောင်သွားသည်။ ဖန့်ချန်က လုံးဝ ဂရုမစိုက်တဲ့ပုံစံကြောင့် သူတို့ အံ့ဩသွားသော်လည်း အမှန်အတိုင်း ပြန်ဖြေသည်။
“နည်းနည်းတော့ ယုံကြည်မှု ရှိပါတယ်။”
အချိန်နှစ်ရက် ကုန်ဆုံးသွားသည်။ ရှူလုံ ကောင်းကင်အရှင်၏ အသံမှာ အတွင်းကမ္ဘာထဲသို့ ထွက်ပေါ်လာသည်။
“ရောက်ပြီ၊ အပြင်ထွက်ခဲ့ကြ။”
ကြီးမားသော တံခါးကြီးမှာ ဖြည်းဖြည်းချင်း ပွင့်လာသည်။ ပတ်ဝန်းကျင်တွင် တိမ်တိုက်များ ဖုံးလွှမ်းနေပြီး ကောင်းကင်တံခါး ပွင့်သွားသကဲ့သို့ပင်။ အတွင်းကမ္ဘာ တံခါးဝမှနေ၍ နိဗ္ဗာန်တားမြစ်နယ်မြေ၏ ပုံရိပ်ကို မြင်တွေ့လိုက်ရသည်။
ဖန့်ချန်က ဦးဆောင်၍ ထွက်သွားသည်။ အခြား သူတော်စင်များကလည်း လိုက်ပါသွားကြသည်။ သူတော်စင် တစ်ယောက်ချင်းစီ၏ အမူအရာမှာ တည်ငြိမ်ပြီး အလေးအနက် ရှိနေသည်။ ဒီ နိဗ္ဗာန်တားမြစ်နယ်မြေကို ရင်ဆိုင်ရာတွင် သူတို့ လုံးဝ ပေါ့ဆ၍ မရပေ။
တစ်ချိန်တည်းမှာပင် အနီးအနားတွင်လည်း အတွင်းကမ္ဘာ တံခါးများ ပွင့်လာပြီး သူတော်စင်များစွာ ထွက်ပေါ်လာကြသည်။ ချက်ချင်းဆိုသလိုပင် ဖန့်ချန်၏ ခုနစ်ပါးသတ်ဖြတ်ရေး သူတော်စင်မျက်လုံးမှာ တုံ့ပြန်လာသည်။
လေဟာနယ်ထဲတွင် သတ်ဖြတ်လိုစိတ်များ ထွက်ပေါ်လာသည်။ ဖန့်ချန်၏ မျက်ဝန်းထဲတွင် မီးခိုးရောင် အငွေ့အသက်များ တစ်ချက်လက်သွားသည်။ ထိုအခိုက်အတန့်တွင် တစ်ဖက်အဖွဲ့ရှိ သူတော်စင်များစွာမှာ ရုတ်တရက် ရင်ဘတ်ကို ဖိကိုင်လိုက်ကြပြီး ဖန့်ချန်ဘက်သို့ ထပ်မကြည့်ရဲတော့ပေ။ ဒီအရှုံးကို သူတို့သာ တိတ်တဆိတ် မြိုသိပ်လိုက်ရသည်။
ဆွေ့ရှန်းကျီး တို့ကတော့ ဒီအသေးစိတ် အချက်လေးကို သတိထားမိလိုက်ပြီး ဖန့်ချန်၏ ကျင့်ကြံမှုမှာလည်း တိုးတက်သွားပြီဖြစ်ကြောင်း သိလိုက်ရသဖြင့် စိတ်ထဲမှ တိတ်တဆိတ် ချီးကျူးလိုက်ကြသည်။
အခန်း (၂၆၇၂) - နင်လည်း ဒီနေ့မျိုးနဲ့ ကြုံရတာပဲလား
နိဗ္ဗာန်တားမြစ်နယ်မြေ။
လူပေါင်း လေးထောင့်ငါးရာနီးပါးခန့်က အစဉ်လိုက် ပေါ်ထွက်လာကြသည်။
ဖန့်ချန်၏ မျက်ဝန်းထဲမှ မီးခိုးရောင် အငွေ့အသက်များမှာ ပျောက်ကွယ်သွားပြီဖြစ်သည်။ သူ၏အပေါ်တွင် သတ်ဖြတ်လိုစိတ် ထားရှိခဲ့သော သူတော်စင် အရေအတွက် ဘယ်လောက်ရှိပြီး၊ သူ့လက်ချက်ဖြင့် ဘယ်နှစ်ယောက် ဒဏ်ရာရသွားသည်ကို သူကောင်းကောင်း သိရှိထားသည်။ ဤသူတော်စင်များသည် ယခုအချိန်တွင်မူ တိတ်တဆိတ် ဒဏ်ရာများကို ကုသနေကြပြီး နောက်ထပ် ဘာမှ ကြံစည်ရန် အားမထုတ်ရဲကြတော့ပေ။
“ဖန့်အစ်ကိုကြီး ”
ရုတ်တရက် စိတ်လှုပ်ရှားစွာ အော်ခေါ်လိုက်သည့် အသံတစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် စွမ်းအင်စုစည်းခြင်း အစောပိုင်း အဆင့် သူတော်စင်အရှိန်အဝါကို ထုတ်လွှတ်နေသော ကျောင်းသားတစ်ဦးက ပြေးလွှားလာပြီး ဖန့်ချန်ကို ပြုံးရွှင်စွာဖြင့် ငေးကြည့်နေသည်။
“အဲဒါ ဖန်ရွှေ ဆိုတဲ့ ကောင်မဟုတ်လား ”
“သူက လူ့ဘဝမှာ ပြန်မဝင်စားတော့ဘဲ ဝိညာဉ်မျိုးနွယ် ဖြစ်သွားတာလား။ ပြီးတော့ ဒီနှစ်ပေါင်း ရာနဲ့ချီတဲ့ အချိန်အတွင်းမှာပဲ စွမ်းအင်စုစည်းခြင်း အဆင့် အစောပိုင်းကို ပြန်ရောက်အောင် ကျင့်ကြံနိုင်သွားတာလား”
“တကယ်ကိုပဲ အရင်က စစ်မှန်သော နေမင်းခုနစ်ပါးကျောင်းသား ပီသပါပေတယ်……”
“စစ်မှန်တာ၊ မစစ်မှန်တာနဲ့ ဘာဆိုင်လို့လဲ၊ ငါတို့က နေမင်းခုနစ်ပါးကျောင်းသား မဟုတ်တော့ဘူးလား။”
“ပြောချင်တာကတော့ ဟုတ်ပါတယ်၊ ဒါပေမဲ့ ငါတို့က အဖွဲ့ဝင်တိုးချဲ့ပြီးမှ ဖြစ်လာတဲ့ နေမင်းခုနစ်ပါးကျောင်းသားတွေလေ။ အဆင့်တစ်ရာအတွင်းမှာရှိတဲ့ သူတွေကိုတော့ ရိုသေမှု ရှိရမှာပေါ့။ ဖန်ရွှေရဲ့ ဒီစွမ်းဆောင်ရည်ကို ကြည့်စမ်း၊ မင်းလုပ်နိုင်ပါ့မလား။”
“သူက မြင့်မြတ်တဲ့ မျိုးရိုးက ဆင်းသက်လာတာလေ၊ လောဘကြီးသော နတ်ဆိုးမျိုးနွယ် ရဲ့ အထောက်အပံ့လည်း ရှိတယ်။ အရင်ကတည်းက နောက်ခံက သန်မာတယ်၊ သူ့နောက်ကွယ်မှာ အားကိုးရမယ့်သူတွေက အများကြီးမို့လို့ ယင်လောက ရောက်တော့လည်း ငါတို့ထက် အရင်းအမြစ်တွေ ပိုများမှာပေါ့……”
ပတ်ဝန်းကျင်တွင် တိုးတိုးတိတ်တိတ် ပြောဆိုနေကြသည့် အသံများ ဆက်တိုက် ထွက်ပေါ်လာသည်။ ဆွေ့ထျန်းဟွမ်၊ ဖူယာယာ၊ ရှန်းရှိုးယွမ် တို့လို လူမျိုးတွေကတော့ သတင်း ကြိုတင်ရထားပြီးသားဖြစ်၍ ဖန်ရွှေကို မြင်ရသည်မှာ အံ့ဩစရာ မရှိပေ။
“ဝိညာဉ်မျိုးနွယ် ဖြစ်သွားတာပေါ့လေ။” ဖန့်ချန်က ပြုံး၍ ပြောသည်။
ဖန်ရွှေက ရယ်မောရင်း
“ပြန်ဝင်စားဖို့ စိတ်မပါတော့လို့ပါ။ ဘာပဲပြောပြော ကောင်းကင်ငါးပါး က အခုမှ စိတ်ဝင်စားဖို့ ကောင်းလာတာကိုး။ လူတိုင်းက ကျင့်စဉ်တွေ ရကုန်ကြပြီ၊ အတွင်းကမ္ဘာကို ပေါင်းစပ်ဖို့ ပြင်နေကြပြီလေ။ ပြီးတော့ အဲဒီ သက်ရှိဘိုးဘေးတွေကလည်း နေရာအနှံ့ ခုန်ပေါက်နေကြတယ်။ ငါသာ ပြန်ဝင်စားလိုက်ရင် အရင်က အရှုံးတွေကို ကိုယ်တိုင် ပြန်မဆပ်နိုင်တော့မှာ စိုးလို့ပါ။”
ခဏရပ်ပြီးနောက် ဖန်ရွှေက လက်နှစ်ဖက်ယှက်၍ ဂါရဝပြုလိုက်သည်။
“ဖန့်အစ်ကိုကြီး၊ ဝူရှီ အစ်ကိုကြီး၊ ကျွန်တော် ဖန်ရွှေ အရင်က သွေးရွာခန်းမ မှာ အမှားတွေ လုပ်မိခဲ့တာ ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော် အရှုံးပေးလိုက်တဲ့အခါ အစ်ကိုကြီးက ကျွန်တော့်ကို ခွင့်လွှတ်ပေးခဲ့ပြီး နောက်ပိုင်းမှာလည်း ကူညီပေးခဲ့လို့ ဖန်ရွှေ စိတ်ထဲကနေ ကျေးဇူးတင်မိပါတယ်။ အရင်တစ်ခေါက် နိဗ္ဗာန်တားမြစ်နယ်မြေမှာ ကျွန်တော်က အသက်ကိုးသက်နဂါးမျိုးနွယ်ဝင် ရှန်းထင်ဖန်း ရဲ့ အရှက်ခွဲတာကို ခံခဲ့ရတယ်။
ဒူးထောက်ပြီး ခေါင်းငုံ့ခဲ့ပေမဲ့ သူမက ကျွန်တော့်အသက်ကို မချမ်းသာပေးခဲ့ဘူး။ ယင်လောကက အကြီးကဲတွေရဲ့ စောင့်ရှောက်မှု မရှိရင် ဖန်ရွှေ တစ်ယောက် ပြန်ဝင်စားပြီး အရင်က အကြောင်းတွေကို မမှတ်မိတော့မှာ အသေအချာပါပဲ။ ဒါပေမဲ့ ကျွန်တော်က မစွန့်လွှတ်နိုင်ဘူး။ အရင်က အကြောင်းတွေကို စွန့်လွှတ်တာမဟုတ်ဘဲ ဖန့်အစ်ကိုကြီးကို စွန့်လွှတ်ရမှာ စိုးလို့ပါ။ ဒီနေ့ခေတ် ကောင်းကင်ငါးပါးလောကမှာ ကျွန်တော့်အတွက််််နဲ့ ရှန်းထင်ဖန်း ရဲ့ အသက်ကိုယူပေးနိုင်တဲ့သူ ဘယ်သူရှိဦးမလဲ။”
ပတ်ဝန်းကျင်မှ တိုးတိုးတိတ်တိတ် စကားပြောသံများ ရုတ်တရက် တိတ်ဆိတ်သွားသည်။ ဆွေ့ထျန်းဟွမ် တို့က ဖန်ရွှေကို အတွေးနက်စွာဖြင့် ကြည့်နေကြသည်။ ကျောင်းသား အများစုမှာမူ ဖန်ရွှေ ပြောလိုက်သည့် စကား၏ အစပိုင်းကို ပြန်လည် ရေရွတ်နေကြသည်။ အမှန်တော့ သူတို့သည် ဖန့်ချန်နှင့် အရင်က သွေးရွာခန်းမ မှ ဝူရှီ တို့မှာ တစ်ယောက်တည်းဖြစ်ကြောင်း ကြားသိခဲ့ဖူးသည်။ ယခုအခါတွင် ဖန်ရွှေ၏ စကားကြောင့် သက်သေပြသလို ဖြစ်သွားသည်။ တွေးကြည့်လေသော်၊ ဖန့်ချန်က ချင်းမင်ဘက်မှာ နာမည်ကြီးလာသည့် အချိန်ကတည်းက ဝူရှီ ဆိုသူမှာ ပေါ်မလာတော့သည်မှာ ကြာပြီမဟုတ်ပါလား။
“ဒီကောင် ဖားယားတဲ့ နေရာမှာတော့ တကယ်တော်ပဲ၊ ငါတောင် နည်းနည်း စိတ်လှုပ်ရှားသွားမိတယ်”
ဟု ဖန်ရုကန် က သက်ပြင်းချရင်း ဆွေ့ကျန့်ယွဲ့ တို့ကို လှမ်းပြောလိုက်သည်။
ဖန့်ချန်က ပြုံးပြီး
“ဒါတွေ အများကြီး ပြောမနေပါနဲ့တော့။ တစ်ခါသေပြီးမှ ပြန်ရှင်လာရတဲ့ ခံစားချက်က ဘယ်လိုလဲ၊ အားလုံးကို ဝေမျှပေးပါဦး”
ဟု ပြောလိုက်သည်။
ဖန်ရွှေက ဟဲဟဲ ရယ်မောရင်း -
“ခံစားချက်ကတော့ မလွယ်ပါဘူး။ အစပိုင်းမှာတော့ အရမ်း စိတ်ဓာတ်ကျတယ်၊ အားငယ်တယ်။ နှစ်ပေါင်းများစွာ ခက်ခက်ခဲခဲ ကျင့်ကြံထားတာတွေ အကုန် ပျောက်သွားတာလေ၊ တစ်လှမ်းချင်းစီ ပြန်စရတာကိုး။ တွေးမိတိုင်း စိတ်မရှည် ဖြစ်မိတယ်။ ဒါပေမဲ့ နောက်ပိုင်းကျတော့ ကျွန်တော်ဝိညာဉ်မျိုးနွယ် ဖြစ်လာတာကတင် သူတော်စင်အများစု မတွေးရဲတဲ့ အရာဆိုတာကို သဘောပေါက်သွားတယ်။ အရင်က မှတ်ဉာဏ်တွေ ရှိနေသေးတယ်၊ ဆက်ပြီး လမ်းလျှောက်လို့ ရနေသေးတယ်ဆိုရင် ကျွန်တော်က သာမန်သူတော်စင်တွေထက် အများကြီး ပိုကောင်းနေတာ မဟုတ်လား။
အဲဒီမှာ ငါ ကြိုးစားကျင့်ကြံရမယ်လို့ စိတ်ကူးမိတယ်။ နိဗ္ဗာန်တားမြစ်နယ်မြေမှာ ဖန့်အစ်ကိုကြီးနဲ့ ပြန်တွေ့နိုင်မလားလို့လေ။ ဒီအတွေးနဲ့တင် ခက်ခက်ခဲခဲ ကျင့်ကြံလိုက်တယ်။ ပြီးတော့ အဲဒီအချိန်မှာ တစ်စုံတစ်ခုကို သဘောပေါက်သွားတယ်။
ငါ နောက်တစ်ခါ အသက်ရှင်ဖို့အတွက် ဘယ်သူ့ရှေ့မှာမှ ဒူးမထောက်တော့ဘူး။ နာမည်ကတော့ ဖန်ရွှေပါပဲ၊ ဒါပေမဲ့ ကျွန်တော်က လောဘကြီးသော နတ်ဆိုးမျိုးနွယ် ဖန်ရွှေ မဟုတ်တော့ဘူး၊ ဝိညာဉ်မျိုးနွယ် ဖန်ရွှေပဲ။ ဘာလို့လဲဆိုတော့ ကျွန်တော် မျိုးနွယ်ရဲ့ ကံကြမ္မာစွမ်းအားကလည်း ပျောက်သွားပြီလေ။”
ကျောင်းသားများ၏ အမူအရာမှာ အနည်းငယ် ပြောင်းလဲသွားသည်။ ထိုနေရာတွင်ရှိသော လောဘကြီးသော နတ်ဆိုးမျိုးနွယ် ကျောင်းသားများမှာ စိတ်ထဲမှ တိတ်တဆိတ် သက်ပြင်းချလိုက်ကြသည်။ ဟုတ်ပေသည်၊ သေပြီးမှ ဝိညာဉ်မျိုးနွယ် ဖြစ်သွားလျှင် သူတို့မျိုးနွယ် မဟုတ်တော့ပေ။ အရင်က မျိုးနွယ်ထဲမှာ အနာဂတ်အရှိဆုံး ပါရမီရှင် ဖြစ်သင့်သည့် သူတစ်ယောက် ဖြစ်သော်လည်း နှမြောစရာပင်။
“ဟုတ်ပြီ၊ အသက်ကိုးသက် နဂါးမျိုးနွယ် ရှန်းထင်ဖန်း ကော။ သူမက အသက်တစ်ချောင်းပဲ ဆုံးရှုံးတာလေ၊ ဒီနေ့ လာမှာ မဟုတ်လား။”
ဖန်ရွှေက ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုရင်း
“ဒီမသာမ ဘယ်မှာ ပုန်းနေတာလဲ။ ထွက်လာခဲ့စမ်း၊ မင်းရဲ့ ဖန်ရွှေဘိုးဘေးနဲ့ တွေ့ဆုံရအောင်၊ ပြောစရာ စကားရှိတယ်”
ဟု အော်ခေါ်လိုက်သည်။
“……”
ကျောင်းသားများမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီးနောက် အကြည့်များမှာ တစ်နေရာတည်းသို့ ရောက်သွားသည်။ ထိုနေရာတွင် လူအများအပြား ရပ်နေကြသည်။ အကြီးကဲ ငါးပါးက ရှေ့ဆုံးတွင် ဦးဆောင်နေသည်။ သူတို့က အရင် သူတော်စင်ဧကရာဇ် စီမံကိန်း၏ အကြီးကဲများဖြစ်ပြီး ယခုတော့ ကျန်းထန်းဝမ်ခန်းမ ၏ အကြီးကဲများ ဖြစ်ကြသည်။ အကြီးကဲငါးပါး အနီးတွင် ရပ်နေသူများမှာ ယခုလက်ရှိ ကျန်းထန်းဝမ်ခန်းမ မှ သူတော်စင်များ ဖြစ်ကြသည်။
သို့သော် အချို့မှာမူ ယခု ကောင်းကင်ငါးပါးလောကမှ ပါရမီရှင်များ ဖြစ်ကြပြီး ကျန်းထန်းဝမ်ခန်းမ သို့ ဝင်ရောက်လာကြခြင်းဖြစ်သည်။ ထိုအချိန်တွင် စီကုကျူး၊ စီကုရှန်း၊ ရှန်းကျီကျန်း တို့က ဖန်ရွှေကို အေးစက်စက် အကြည့်များဖြင့် စိုက်ကြည့်နေကြသည်။
“ဖန်ရွှေ၊ မင်းအတွက် သတင်းကောင်း တစ်ခု ပြောပြမယ်။”
ဖန်လီပန် က အေးဆေးစွာ ပြုံးပြီး -
“မင်း ရှာနေတဲ့ ရှန်းထင်ဖန်း က အခြား အသက််််််််စွမ်းအင်တွေကိုပါ အကုန် အသတ်ခံလိုက်ရပြီ၊ နောက်ဆုံးမှာတော့ အသတ်ခံလိုက်ရတာပဲ။”
“ဘာ ”
ထိုသတင်းမှာ ကျောင်းသား ဆယ်ယောက်တွင် ကိုးယောက်စလုံးကို တုန်လှုပ်သွားစေသည်။ သူတို့၏ မျက်ဝန်းထဲတွင် မယုံနိုင်စရာ အကြည့်များ ပေါ်လာသည်။ ရှန်းထင်ဖန်းမှာ အသက်ကိုးအသက် နဂါးမျိုးနွယ်၏ သက်တော်ရှည် ဘိုးဘေးတစ်ယောက် ဖြစ်သည်။ နောက်ကွယ်က ဆက်ဆံရေးမှာ ရှုပ်ထွေးလှပြီး ဤနေရာတွင် ဆန်းနယဲ့အဆင့် မြင့်မားသည့် ဂုဏ်ပုဒ်ကို ရရှိထားသည်။
ထိုသို့သော နောက်ခံမျိုးနှင့် သူမက လုံးဝ အသတ်ခံလိုက်ရတာလား သူတို့သည် သတိမထားမိဘဲ အနီးအနားမှ လောဘကြီးသော နတ်ဆိုးမျိုးနွယ် ကျောင်းသားများကို ကြည့်လိုက်ကြသည်။ သူတို့၏ စိတ်ထဲတွင် ထိုအရာမှာ လောဘကြီးသော နတ်ဆိုးမျိုးနွယ်၏ ကောင်းကင်အရှင် တစ်ပါးပါး၏ လက်ချက် ဖြစ်မည်ဟု သံသယဝင်မိသည်။
“ဖန်ရုကန်၊ မင်းတို့ လောဘကြီးသော နတ်ဆိုးမျိုးနွယ်က ကောင်းကင်အရှင် လက်ချက်တော့ မဟုတ်လောက်ပါဘူး……”
ချင်ချူ က ဖန်ရုကန်ကို တစ်ချက်ကြည့်လိုက်သည်။
ဖန်ရုကန်၏ အမူအရာမှာ ထူးဆန်းသွားပြီး
“မဖြစ်နိုင်လောက်ပါဘူး” ဟု ပြောသည်။
ဖန်ရွှေလည်း အံ့အားသင့်သွားသည်။ သို့သော် သူ ဝမ်းမသာလာဘဲ မျက်မှောင်ကြုတ်လိုက်သည်။
“ဒီလိုဆိုရင် ငါ ကိုယ်တိုင် လက်စားချေဖို့ အခွင့်အရေး မရတော့ဘူးပေါ့။”
“ဘယ်လိုလုပ် မရမှာလဲ။”
ဖန့်ချန်က ပြုံး၍ တစ်နေရာကို ညွှန်ပြလိုက်သည်။ ထိုနေရာတွင် မျက်နှာဖြူဖျော့ပြီး အသက်ရှူနှုန်း မမှန်ဖြစ်နေသော သူတစ်ယောက်က ဒဏ်ရာကုသနေသည်။
ဖန့်ချန် ညွှန်ပြသည့် နေရာကို ဖန်ရွှေ ကြည့်လိုက်သည့်အခါ အနည်းငယ် ကြောင်သွားပြီးနောက် ကျယ်လောင်စွာ ရယ်မောလိုက်သည်။
“ရှန်းထင်ဖန်း၊ နင်လည်း ဒီနေ့မျိုးနဲ့ ကြုံရတာပဲလား။ အခုတော့ နင် နဲ့ငါနဲ့ စွမ်းအင်စုစည်းခြင်း အဆင့် အစောပိုင်းမှာ တူတူပဲ၊ နင်အရင်က စွမ်းအားတွေလည်း မရှိတော့ဘူးမလား။ အခု နင် ဘာများ လုပ်နိုင်ဦးမှာလဲ မသာမ။ ဟားဟားဟား ”
ကျောင်းသားများက ကြည့်လိုက်သည့်အခါ ရှန်းထင်ဖန်းကို အမှန်ပင် တွေ့လိုက်ရသည်။ သူမက ရှန်းချုံးမဟာမိတ်အဖွဲ့၏ အသက်ကိုးသက် နဂါးမျိုးနွယ် ကျောင်းသားများနှင့်အတူ ရပ်နေပြီး မျက်လုံးမှိတ်ကာ ဒဏ်ရာ ကုသနေသည်။ သို့သော် သူမက အပြင်ဘက်ကို သိရှိနေပုံရပြီး ယခုအချိန်တွင် သူမ၏ မျက်နှာမှာ အလွန်ပင် အရုပ်ဆိုးနေသည်။
ခဏအကြာတွင် ရှန်းထင်ဖန်းက ရုတ်တရက် မျက်လုံးဖွင့်လိုက်သည်။ ခန္ဓာကိုယ်ထဲမှ အရှိန်အဝါများ ငြိမ်သက်သွားပြီးနောက် ဖန်ရွှေကို အေးစက်စက်ဖြင့် ကြည့်လိုက်သည်။
“ခွေးသား သောက်ရူးလို လုပ်မနေနဲ့။”
ဖန့်ချန်သည် အစကတည်းက ရှန်းထင်ဖန်း ရှိနေသည်ကို သိသည်။ သူမကလည်း သူ၏အပေါ် သတ်ဖြတ်လိုစိတ် ထားရှိသူများထဲတွင် တစ်ယောက် အပါအဝင်ဖြစ်သည်။ ရှန်းထင်ဖန်းကို သတ်သည့်အချိန်တွင် သူမကို ဝိညာဥ်မျိုးနွယ်၏ ဝိညာဉ်လမ်းစဉ်သို့ ရောက်အောင် လုပ်ပေးဖို့ စဉ်းစားထားခဲ့ပြီးဖြစ်သည်။ ယခုကြည့်ရသည်မှာ ထိုအတိုင်းပင် ဖြစ်သည်။ ရှန်းချုံး မဟာမိတ်အဖွဲ့က ပါရမီထူးချွန်သော ဘိုးဘေးတစ်ယောက်ကို တကယ်တမ်း စွန့်လွှတ်လိုက်မည် မဟုတ်ပေ။
သို့သော် ဝိညာဉ်မျိုးနွယ် လမ်းကြောင်းကို လျှောက်လိုက်ပြီဖြစ်၍ ယခင်က စုဆောင်းထားသော စွမ်းအားများမှာ အကုန် ပျောက်ကွယ်သွားပြီ ဖြစ်သည်။ သူမက အခုချိန်တွင် တစ်လှမ်းချင်းစီပဲ ပြန်တက်ရတော့မည်။ အသက်ရှူတစ်ချက်ထဲနဲ့ အဆင့်တက်ဖို့ ဆိုတာတော့ မဖြစ်နိုင်တော့ပေ။